မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပုံ

သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပုံ

သင်၏ ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို ဖြည့်ဆည်း​ပေး​နိုင်​ပုံ

“လွန်ခဲ့သော​ဆယ်စုနှစ်​က လုပ်ငန်းခွင်​ဝိညာဉ်​ရေး​စိတ်ထား​အကြောင်း ရေးသား​ဖော်ပြ​ခဲ့​သည့် စာအုပ်​ပေါင်း ၃၀၀ ကျော်—ယေရှု အမှုဆောင်​အရာရှိချုပ်​မှ​သည် တာ​အို ခေါင်းဆောင်မှု​အထိသည် စာအုပ်​ဆိုင်​များ​သို့ စု​ပြုံ​အောတို​က်​ရောက်လာ​ခဲ့​၏” ဟု ယူ.အက်စ်.သတင်း​နှင့် ကမ္ဘာ့​အစီရင်ခံစာ​မဂ္ဂဇင်းက ဆို​သည်။ ဤ​ခေတ်​ရေစီးကြောင်း​မှာ ဘဝတွင် ဝိညာဉ်​ရေး​လမ်းညွှန်ချက်​ဆာငတ်မှု ကြီးမား​လာ​သည့် ရုပ်ပစ္စည်း​ချမ်းသာ​ကြွယ်ဝသော​နိုင်ငံ​များစွာ​တွင် ဖြစ်ပျက်​နေ​မှု​၏ ထင်ဟပ်​ချက်​တစ်ချက်​မျှ​သာ​ဖြစ်သည်။ ဤ​အချက်​ကို​ဝေဖန်​ရာ​၌ လေ့ကျင့်ပေး​မှု​နှင့် ဖွံ့ဖြိုး​တိုးတက်မှု​ဟူ​သည့် စီးပွားရေး​ဂျာနယ်​က ဤသို့​ဆို​သည်– “ကျွန်ုပ်​တို့၏​ဘဝ​ကဏ္ဍ​တိုင်း​ကို နည်း​ပညာ​က ဦးဆောင်​သွား​မည့်​အချိန်တွင် ကျွန်ုပ်​တို့သည် ပိုမို​လေးနက်​သည့်​အဓိပ္ပာယ်၊ ဘဝ​ရည်ရွယ်ချက်​နှင့် ပို​၍​ထူးကဲ​သော​စိတ်​ကျေနပ်မှု​တို့ကို လိုက်လံ​ရှာဖွေ​နေကြ​သည်။”

သို့သော် စိတ်​ကျေနပ်မှု​ပေး​သော ဝိညာဉ်​ရေး​လမ်းညွှန်မှုကို အဘယ်​နေရာတွင် သင်​ရရှိနိုင်​သနည်း။ လွန်ခဲ့သော​အချိန်​က လူတို့သည် “ပိုမို​လေးနက်​သည့်​အဓိပ္ပာယ်” နှင့် ဘဝ “ရည်ရွယ်ချက်” တို့ကို​ရှာတွေ့​ရန် တည်ရှိ​ပြီး​သား ခရစ်ယာန်​ဘာသာ​တရားကို အားကိုးခဲ့​ကြသည်။ ယနေ့​တွင်​ကား လူအများသည် တည်ရှိ​ပြီး​သား​ခရစ်ယာန်​ဘာသာ​တရားကို ကျောခိုင်း​လိုက်ကြပြီ။ အဆင့်မြင့်​မန်နေဂျာ​နှင့် အမှုဆောင်​အရာရှိ အ​ယောက် ၉၀ ကို ဆန်းစစ်​လေ့လာမှု​ပြု​ခဲ့​ရာ “လူတို့သည် ခရစ်ယာန်​ဘာသာ​တရား​နှင့် ဝိညာဉ်​ရေး​စိတ်ထား​တို့ကို သိသိသာသာ ခွဲခြား​ထား​ကြသည်” ဟု လေ့ကျင့်ပေး​မှု​နှင့် ဖွံ့ဖြိုး​တိုးတက်မှု​ဂျာနယ်​က ဆို​သည်။ စစ်တမ်း​ဖြေကြားသူ​များ​က ခရစ်ယာန်​ဘာသာ​တရား​ဟူသည် “အမြင်​ကျဉ်း​ပြီး သဘောထားကွဲ​စေသည့်​အရာ” ဟု​ရှုမြင်​ကြသည်၊ ဝိညာဉ်​ရေးရာ​ကို​မူ “စကြဝဠာ​တစ်ခုလုံး အကျုံးဝင်​သည့်​အရာ” ဟု ယူဆကြ​သည်။

ဩစတြေးလျ၊ န​ယူးဇီ​လ​န်၊ ယူနိုက်တက်​ကင်း​ဒမ်း​နှင့် ဥရောပ​နိုင်ငံ​အစ​ရှိသည့် လောက​ပို​ဆန်​သော လူမှု​အသိုင်းအဝိုင်း​အတွင်းရှိ လူငယ်များစွာ​တို့သည်​လည်း ခရစ်ယာန်​ဘာသာ​တရား​နှင့် ဝိညာဉ်​ရေးရာ​တို့သည် သီးခြား​စီ​ဖြစ်သည်ဟု ယူမှတ်​ထား​ကြသည်။ လူငယ်​လေ့လာမှု​သြစတြေးလျ (Youth Studies Australia) တွင် ပါမောက္ခ ရုသ် ဝဘ်​ဘာက ဤသို့​ရေးသား​၍ အခိုင်အမာ​ဆို​ခဲ့​သည်– “လူငယ်​အများစု​သည် ဘုရားသခင်၊ သို့​မဟုတ် သဘာဝလွန်​စွမ်းအား​တစ်မျိုး​မျိုးကို ယုံကြည်​ကြသော်လည်း သူတို့၏​ဝိညာဉ်​ရေးရာ​ကို ထုတ်ဖော်​ပြ​ရာ​၌ ချာ့ခ်ျ​သည် အရေးပါသော​အရာ သို့​မဟုတ် အထောက်အကူ​ပြု​ရာ​ဖြစ်သည်ဟု မ​ရှုမြင်ကြ​ချေ။”

စစ်မှန်သော​ခရစ်ယာန်​ဘာသာ​တရား​က ဝိညာဉ်​ရေး​ကောင်း​စေ

ခရစ်ယာန်​ဘာသာ​တရား​အပေါ် ဤသို့​သံသယဝင်​မည်​ဆို​လည်း ဝင်​လောက်​ပေ​သည်။ ခရစ်ယာန်​ဘာသာရေး​အဖွဲ့အစည်း​များစွာ​သည် နိုင်ငံရေး​နှင့် ရှုပ်ထွေး​ကြ​ပြီး ကိုယ်ကျင့်တရား​တွင် အရေခြုံ​ကြ​သည့်​အပြင် မရေမတွက်​နိုင်သော ခရစ်ယာန်​ဘာသာရေး​စစ်ပွဲ​များ​တွင် အပြစ်မဲ့​သူများ​အား သတ်ဖြတ်​ရာ​၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်​ပါဝင်​ခဲ့​ကြသည်။ သို့ရာတွင်၊ လူအများသည် အရေခြုံမှု​နှင့် လှည့်စားမှု​တို့​ဖြင့် ညစ်ညူး​နေသည့် ခရစ်ယာန်​ဘာသာရေး​အဖွဲ့အစည်း​များ​ကို ငြင်းပယ်​နေကြ​စဉ် ထိုသို့​သော​အမူအကျင့်​ဆိုး​များ​ကို ခွင့်ပြု​ထား​သည်​ဟု သူတို့​ယူဆကြ​သည့် သမ္မာကျမ်းစာ​ကိုလည်း မှားယွင်းစွာ ငြင်းပယ်​ခဲ့​ကြ​လေ​သည်။

အမှန်​မှာ အရေခြုံမှု​နှင့် တရား​မဲ့​မှု​တို့ကို သမ္မာကျမ်းစာ​က ပြစ်တင်​ရှုတ်ချ​၏။ မိမိ​အချိန်​က ဂျူး​ခေါင်းဆောင်​များ​ကို ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “လျှို့ဝှက်​သော​ကျမ်း​ပြု​ဆရာ၊ ဖာရိရှဲ​တို့၊ သင်တို့သည် အမင်္ဂလာ​ရှိကြ​၏။ အဖြူ​သုတ်​သော​သင်္ချိုင်းတွင်း​နှင့် တူ​ကြ​၏။ ထို​တွင်း​သည် အပြင်​၌ တင့်တယ်​စွ​တကား။ အတွင်း​၌​ကား လူသေ​အရိုး၊ အညစ်အကြေး​အမျိုးမျိုး​တို့​နှင့် ပြည့်လျက်​ရှိ၏။ ထို့​အတူ သင်တို့သည် အပြင်​၌ လူ​တို့​ရှေ့မှာ ဖြောင့်မတ်​ဟန်​ရှိ၏။ အတွင်း​၌​ကား လျှို့ဝှက်​ခြင်း၊ မတရား​သဖြင့်​ကျင့်​ခြင်း​နှင့် ပြည့်လျက်​ရှိကြ​၏။”—မဿဲ ၂၃:၂၇၊ ၂၈

ထို့​အပြင်၊ ခရစ်ယာန်​တို့သည် နိုင်ငံရေး​ကိစ္စ​များ​တွင် ကြားနေ​ကြ​ရမည်ဟု သမ္မာကျမ်းစာ​က တိုက်တွန်း​ထား​သည်။ ယုံကြည်သူ​အချင်းချင်း သတ်ဖြတ်​ဖို့ တိုက်တွန်း​မည့်​အစား အချင်းချင်း​အတွက် အသေခံရန် တလိုတလား​ရှိ​သင့်​သည်​ဟု ကျမ်းစာ​က ညွှန်ကြား​ထား​သည်။ (ယောဟန် ၁၅:၁၂၊ ၁၃; ၁၈:၃၆; ၁ ယောဟန် ၃:၁၀-၁၂) ကျမ်းစာ​ကို​အခြေခံ​သည့် စစ်မှန်သော​ခရစ်ယာန်​ဘာသာ​တရားသည် “အမြင်​ကျဉ်း​ပြီး သဘောထားကွဲ​စေသည့်​အရာ” ဖြစ်​မည့်​အစား “အားလုံး​အကျုံးဝင်​သည့်​အရာ” ဖြစ်သည်။ တမန်​တော်​ပေတရု​က “ဘုရားသခင်​သည် လူ​မျက်နှာကို​မှတ်​တော်​မ​မူ။ လူအမျိုးမျိုး​တို့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ တရား​သဖြင့်​ကျင့်ဆောင်​သော​သူသည် အထံတော်​၌​မျက်နှာ​ရသည်” ဟု ပြောဆို​ခဲ့​သည်။—တမန်​တော် ၁၀:၃၄၊ ၃၅

သမ္မာကျမ်းစာ—ဝိညာဉ်​ရေး​ကျန်းမာ​စေရန် အားထား​နိုင်သော​လမ်းညွှန်မှု

လူသား​တို့သည် ဘုရားသခင့်​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံရ​သည်​ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) လူတို့သည် ရုပ်ပိုင်း​အရ ဘုရားသခင်​နှင့်​ဆင်တူ​သည်​ဟု ယင်းက မဆိုလို​သော်လည်း ဝိညာဉ်​ရေး​အရည်အသွေးများ သို့​မဟုတ် ဝိညာဉ်​ရေး​စိတ်ထား​အပါအဝင် ဘုရားသခင့်​ဥပဓိရုပ်တော်​ကို ထင်ဟပ်​နိုင်စွမ်း လူသား​တို့​တွင်​ရှိ​ခြင်း​ကို ဆိုလို​ပေ​သည်။

သို့​ဖြစ်​ရ​ကား​ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​သည့် နည်းလမ်းများ​အပြင် ဝိညာဉ်​ရေး​ကို အကျိုး​ရှိစေ​မည့်​အရာ​နှင့် ထိခိုက်​စေ​မည့်​အရာ​တို့ကို ကျွန်ုပ်​တို့​ပိုင်းခြား​သိမြင်​တတ်​ရန် လျောက်ပတ်​သော​လမ်းညွှန်ချက်ကို​ပါ ဘုရားသခင်​ပေးသနား​တော်​မူ​မည်​ကို ယုံကြည်ခြင်း​သည် ကျိုးကြောင်း​ဆီလျော်​ပါ​သည်။ ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ကိုယ်ခန္ဓာ​တွင် ရောဂါ​တိုက်ဖျက်​ပေး​သည့် ကိုယ်ခံအား​စနစ်​ကို အထူး​ကောင်းမွန်​စွာ ပုံစံ​ပြု​ဖန်ဆင်း​ပေး​ထားပြီး ကျန်းမာ​နေ​စေရန် ဖန်တီး​ထား​ပေး​သကဲ့သို့၊ ဆုံးဖြတ်ချက်​မှန်မှန်ကန်ကန်​ချ​နိုင်​ပြီး ကာယပိုင်း​နှင့်​ဝိညာဉ်​ရေး​ပိုင်း​တို့ကို ထိခိုက်​စေသည့် အမူအကျင့်များ​ကို​ရှောင်ကြဉ်​နိုင်​ရန် သိစိတ်၊ သို့​မဟုတ် ခန္ဓာတွင်း​အသံကို​လည်း ကိုယ်တော်​ပေး​ထား​တော်​မူ​၏။ (ရောမ ၂:၁၄၊ ၁၅) ကျွန်ုပ်​တို့​သိ​ကြ​သည့်​အတိုင်း၊ ကျွန်ုပ်​တို့၏​ကိုယ်ခံအား​စနစ် အလုပ်​လုပ်နိုင်​ရန်​အတွက် သင့်တော်​သော​အာဟာရ ပြည့်ဝ​နေ​စေ​ရမည်။ ထပ်တူ​ပင် ကျွန်ုပ်​တို့၏​သိစိတ်ကိုလည်း အာဟာရ​ပြည့်ဝသော ဝိညာဉ်​အစာ ကျွေးမွေး​ဖို့​လို​ပေ​သည်။

ဝိညာဉ်​ရေး​ကျန်းမာ​နေ​စေ​မည့်​အစာကို ကျွန်ုပ်​တို့​ခွဲခြား​သတ်မှတ်​နိုင်​ရန် ယေရှု​က “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်” ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၄:၄) ယေဟောဝါ​၏​နှုတ်​တော်​ထွက်​စကား​များ​ကို သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​ရာ ၎င်းတို့သည် “သွန်သင်ပေး​၍ အပြစ်​ဖော်ပြ​ဆုံး​မပေး​ကာ ပဲ့ပြင်​တည့်မတ်​ပေး” လေ​သည်။ (၂ တိမောသေ ၃:၁၆က​ဘ) ထို့​ကြောင့် အဆိုပါ​ဝိညာဉ်​အစာ​အာဟာရကို ကြိုးစား စားသုံး​ရန်​မှာ ကျွန်ုပ်​တို့၏​တာဝန်ဖြစ်​သည်။ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကို သိရှိ​လာပြီး ၎င်း​မူများ​ကို ဘဝ​အသက်တာတွင် အားထုတ်​ကျင့်သုံး​လေ​လေ၊ ဝိညာဉ်​ရေး​ရော ကာယရေး​ပါ ကျွန်ုပ်​တို့​အကျိုး​ခံစားရ​လေ​ဖြစ်​မည်။—ဟေရှာယ ၄၈:၁၇၊ ၁၈

ကြိုးစား​ရကျိုးနပ်​ပါသလော

ကျွန်ုပ်​တို့ ကျမ်းစာ​လေ့လာခြင်း​ဖြင့် ဝိညာဉ်​ရေး​ကျန်းမာ​မှု တိုးတက်လာ​စေရန် အချိန်​ယူရ​သည်​မှာ​မှန်​၏။ အချိန်​သည် ရှားပါး​ပစ္စည်း ဖြစ်​ပုံ​ပေါ်​နေ​သော်လည်း ရရှိ​သည့်​အကျိုးကျေးဇူးများ​မှာ ကြိုးစား​ရကျိုးနပ်​လှ​ပေ​သည်။ မိမိတို့၏ ဝိညာဉ်​ရေး​ကျန်းမာ​နေ​စေရန် အချိန်​ယူ​ဂရုစိုက်​ပေးခြင်း​က သူတို့​အတွက် အဘယ်ကြောင့် အရေးကြီးရ​ကြောင်း အလုပ်များ​သော​အတတ်ပညာ​ရှင်​တချို့ ရှင်းပြ​ကြသည်​ကို နားထောင်​ကြည့်​ပါ။

ဆရာဝန် မ​ရီး​နာ​က ဤသို့​ဆို​သည်– “ဆေးရုံ​မှာ အလုပ်​စ​ဝင်ပြီး လူတွေ အလူးအလဲ ဝေဒနာ​ခံစား​နေရ​တာတွေကို မ​တွေ့ရှိ​ခင်​အချိန်အထိ ကျွန်မ​ရဲ့​ဝိညာဉ်​ရေး​အကြောင်း တစ်ခါ​မှ မစဉ်း​စား​ခဲ့​ဖူး​ဘူး။ လူတွေရဲ့​ဘဝ​ပုံစံ၊ သူတို့ရဲ့​စိုးရိမ်​ပူပန်မှု​တွေ​ကို ကူညီ​ဖြည့်ဆည်း​ပေးခြင်း​ဟာ ကျွန်မ​ရဲ့​အလုပ်မှာ​ရှိတဲ့​သူ​တစ်ယောက်ယောက်​ကို ထိန်းချုပ်​စိုးမိုး​ထား​နိုင်​တဲ့​အတွက် ဘဝမှာ ရောင့်ရဲမှု၊ စိတ်​တည်ငြိမ်​အေးချမ်းမှု​ရချင်တယ်​ဆိုရင် မိမိမှာ ဝိညာဉ်​ရေး​လိုအပ်​နေကြောင်း​နဲ့ ဖြည့်ဆည်း​ပေး​ဖို့​လို​ကြောင်း​တို့ကို အသိအမှတ်ပြု​ရမယ်ဆိုတာ အဲ့ဒီ​တော့​မှ သိမြင်​လာတယ်။

“အခု ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်မ​ကျမ်းစာ​လေ့လာ​နေတယ်။ ဒီ​လေ့လာမှု​က ကျွန်မ​ရဲ့​အပြုအမူတွေ​နဲ့ ရည်ရွယ်ချက်​တွေ​ကို အပြုသဘော​နဲ့ စစ်ဆေး​စေပြီး ကျွန်မ​ရဲ့​တွေးတောမှု​တစ်ခုလုံး​ကို အကောင်းမြင်​သဘော​ရှိလာဖို့ လေ့ကျင့်ပေး​တယ်၊ အဲ့​ဒါ​ကြောင့် မျှတတဲ့​ဘဝ​ပုံစံ​ဖြစ်အောင် ကျွန်မ​ဆက်​ထိန်းထား​နိုင်တယ်။ ကျွန်မ​ရဲ့​လောက​အလုပ်ကို အရမ်း​ကျေနပ်​မိ​ပါ​တယ်။ ဒါပေမဲ့ ကျမ်းစာ​လေ့လာမှု​က ကျွန်မ​ရဲ့ စိတ်ပိုင်း​ကျန်းမာ​ရေး​ကို တိုးတက်စေ​ခဲ့​တယ်၊ အပျက်​သဘောထားတွေကို ထိန်းချုပ်​စေ​ခဲ့​တယ်၊ စိတ်​တင်းကျပ်​မှု​ကို လျော့နည်းစေတဲ့​အပြင် ပို​စိတ်ရှည်​လာပြီး လူတွေကို ပို​ပြီး​စာနာ​ပေး​တတ်လာ​စေတယ်။ ကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်သုံး​ခြင်း​က​လည်း ကျွန်မ​ရဲ့​အိမ်ထောင်ရေး​ကို အကျိုးပြု​ခဲ့​တယ်။ အရေးကြီးဆုံး​က ယေဟောဝါ​ကို ကျွန်မ​သိကျွမ်း​လာတယ်၊ ပြီး​တော့ အတားအဆီး​မရှိတဲ့ ကိုယ်တော်​ရဲ့​ဝိညာဉ်​တော်​က ကျွန်မ​ရဲ့​ဘဝကို ပို​ပြီး​အဓိပ္ပာယ်​ရှိစေခဲ့တယ်။”

ဗိသုကာ​ဒီဇိုင်း​ပညာရှင် နီ​ကိုး​လ​ပ်စ်​က ဤသို့​ဆို​သည်– “ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ​မ​လေ့လာ​ခင်​တုန်း​က ဝိညာဉ်​ရေး​ကို ကျွန်တော် စိတ်မဝင်စား​ခဲ့​ဘူး။ ကျွန်တော့်​ရဲ့ တစ်ခု​တည်း​သော ဘဝ​ရည်ရွယ်ချက်​က ကျွန်တော်​ရွေးချယ်​ထား​တဲ့​လုပ်ငန်းမှာ အောင်မြင်​ဖို့​ပဲ​ဖြစ်တယ်။ ကျမ်းစာ​လေ့လာမှု​ကနေ ဘဝမှာ အလုပ်အကိုင်​အပြင် တခြား​အရာ​တွေ​လည်း​ပါဝင်​တယ်၊ ယေဟောဝါ​ရဲ့​အလိုတော် ထမ်းဆောင်ခြင်း​က စစ်မှန်​ပြီး တည်မြဲ​တဲ့ ပျော်ရွှင်မှု​ရစေတယ်​ဆို​တဲ့​အကြောင်း ကျွန်တော့်​ကို သွန်သင်​ပေး​ခဲ့​တယ်။

“ကျွန်တော့်​ရဲ့​လောက​အလုပ်​က စိတ်​ကျေနပ်မှု​ပေး​ပါ​တယ်၊ ဒါပေမဲ့ သမ္မာကျမ်းစာ​က ဝိညာဉ်​ရေးရာ​တွေ​အပေါ် အဓိက​အာရုံစိုက်​စေပြီး ဘဝကို ရိုးရှင်း​စွာ​ထားခြင်း​က အရေးကြီးတယ်လို့ သွန်သင်​ပေး​ခဲ့​တယ်။ အဲဒီလိုလုပ်တဲ့​အတွက် ကျွန်တော့်​ဇနီး​နဲ့ ကျွန်တော်​တို့​ဟာ စည်းစိမ်ဥစ္စာ​ကို အဓိက​ထား​တဲ့​ဘဝ​ပုံစံ​ကနေ​ရလာတဲ့ ဖိစီးမှု​အတော်များများကို ရှောင်ကြဉ်​နိုင်​ခဲ့​ကြတယ်။ လူ့​ဘဝကို ဝိညာဉ်​ရေး​ဘက်က​နေ ထပ်တူ​ရှုမြင်ကြ​တဲ့​သူတွေနဲ့ ပေါင်းသင်း​တဲ့​အတွက် ကျွန်တော်​တို့ စစ်မှန်​တဲ့​မိတ်ဆွေ​တွေ အများကြီး​ဖွဲ့​နိုင်​ခဲ့​ကြတယ်။”

ရှေ့နေ ဗင်​ဆင်​က ဤသို့​ဆို​သည်– “လောက​အလုပ်​ကောင်းကောင်း​တစ်ခု​က အတိုင်းအတာ​တစ်ခု​အထိ စိတ်​ကျေနပ်မှု​ပေး​နိုင်​ပါ​တယ်။ ဒါပေမဲ့ ပျော်ရွှင်မှု​နဲ့ ရောင့်ရဲမှု​ရရှိဖို့ ဒီထက်မက​လိုအပ်​တယ်​ဆိုတာ ကျွန်တော်​သဘောပေါက်​လာတယ်။ အဲဒီ​အရာ​တွေ​နဲ့​ပတ်သက်​တဲ့ ကျမ်းစာ​သွန်သင်ချက်​ကို မသိ​ရှိ​ခင်​က ဘဝဟာ အဓိပ္ပာယ်​မရှိဘူး၊ မွေးဖွား​ကြီးပြင်း​လာပြီး အိမ်ထောင်ပြု၊ သားသမီးတွေကို ကျွေးမွေး​ပြုစု​ဖို့ ဥစ္စာ​ရှာ၊ ကလေး​တွေ​ကို ဒီ​ဘဝ​သံသရာ​ကိုပဲ ထပ်​ကြပ်​မ​ကွာ​လိုက်​ဖို့ သင်ကြား​ပေး၊ နောက်ဆုံး သူတို့လည်း အသက်ကြီး​လာပြီး သေသွား​ကြ​မှာပဲ​ဆိုပြီး ကျွန်တော့်​စိတ်​ထဲမှာ ပေါ်​ပေါ်​လာတာ ပြန်​မှတ်မိ​သေး​တယ်။

“ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​ပြီး​တဲ့​နောက်​မှ ဘဝ​ရည်ရွယ်ချက်​နဲ့​ဆိုင်​တဲ့ မေးခွန်းတွေ​အတွက် ကျေနပ်​လောက်​တဲ့​အဖြေတွေကို ကျွန်တော်​ရရှိခဲ့တယ်။ ကျမ်းစာ​လေ့လာမှု​က ယေဟောဝါ​ကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် သိကျွမ်း​လာ​စေပြီး ပို​ပြီး​ချစ်​မြတ်နိုး​လာ​စေတယ်။ ကျွန်တော့်​ဘဝကို ကိုယ်တော်​ရဲ့​ရည်ရွယ်ချက်​အတိုင်း​ဖြစ်​ဖို့ ကြိုးစား​အားထုတ်​တာ​နဲ့​အမျှ ကျန်း​ခံ့​တဲ့ ဝိညာဉ်​ရေး​အမြင် ထိန်းသိမ်း​ထား​ဖို့ အခြေအမြစ်​ကိုလည်း ပေး​ပါ​တယ်။ အခု ကျွန်တော့်​ဇနီး​နဲ့ ကျွန်တော်​တို့​နှစ်ယောက်စလုံး​ဟာ အတတ်နိုင်ဆုံး အဓိပ္ပာယ်​အရှိဆုံး​နည်းနဲ့ အသက်ရှင်နေ​ထိုင်တယ်​ဆို​တဲ့​အသိ​နဲ့ စိတ်​ကျေနပ်​နေကြ​တယ်။”

အသင်​လည်း သမ္မာကျမ်းစာ​လေ့လာခြင်း​အားဖြင့် ရည်ရွယ်ချက်​ရှိပြီး အဓိပ္ပာယ်​ပြည့်ဝ​သည့် ဘဝကို ရရှိနိုင်​ပါ​သည်။ သင့်​အား ယေဟောဝါသက်သေ​များ​က အကူအညီ​ပေး​လို​ကြသည်။ မ​ရီး​နာ၊ နီ​ကိုး​လ​ပ်စ်​နှင့် ဗင်​ဆင်​တို့​ကဲ့သို့​ပင် ယေဟောဝါ​အကြောင်း၊ လူသား​အားလုံး​နှင့် သင့်အတွက် ကိုယ်တော်​ရည်ရွယ်​ထား​ရာ​အကြောင်း​များ​ကို သိရှိခြင်း​မှ ရလာ​သည့် ကျေနပ်​ရောင့်ရဲမှု​ကို အသင်​လည်း ရယူ​နိုင်​ပါ​သည်။ ယခု​ပင် သင်၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ ပြည့်စုံ​သွား​သည့်​အတွက် သင်​ဝမ်းမြောက်​ရမည်​သာမက ကာယရေး​ကျန်းမာ​မှု​စုံစုံလင်လင်​ဖြင့် အဆုံးမဲ့​အသက်တာကို ခံစားရ​မည့်​အလားအလာ—“မိမိ​၌ ဝိညာဉ်​ရေး​လိုအပ်ချက်​ရှိ​နေသည်​ကို သတိ​မလ​စ်​သော” သူတို့​အတွက် ဖွင့်ပေး​ထား​သည့်​အလားအလာ—ကိုလည်း သင်​ရရှိ​ပေ​လိမ့်​မည်။—မဿဲ ၅:၃က​ဘ။

လူတစ်ဦး​၏​ဝိညာဉ်​ရေး​ကို ဖွံ့ဖြိုး​တိုးတက်စေ​သည့်​နည်း​တစ်နည်း​မှာ ဆုတောင်းခြင်း​ဖြစ်သည်။ ယေရှုသည် မိမိ၏​တပည့်​နောက်လိုက်​များ​အား မည်သို့​ဆုတောင်း​ရမည်ကို အချိန်​ယူ၍​သွန်သင်ပေး​ကာ အများ​ခေါ်ဆို​ကြ​သည့် သခင့်​ဆုတောင်းနည်း​ကို သူတို့အား သင်ပေးခဲ့​သည်။ ယနေ့ အဆိုပါ​ဆုတောင်းနည်း​သည် သင့်အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ယင်း​မှ သင်​မည်သို့​အကျိုး​ရနိုင်​သနည်း။ အဖြေ​များ​ကို နောက်​ဆောင်းပါး​နှစ်ခု​တွင် သင်​ရှာတွေ့​ပါ​လိမ့်​မည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

မ​ရီး​နာ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

နီ​ကိုး​လ​ပ်စ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဗင်​ဆင်