မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဤလောက၏ဇာတ်ကွက် ပြောင်းနေသည်”

“ဤလောက၏ဇာတ်ကွက် ပြောင်းနေသည်”

“ဤ​လောက​၏​ဇာတ်ကွက် ပြောင်း​နေသည်”

“ညီအစ်ကို​တို့၊ ငါ​ဆိုသည်ကား ကာလ​အချိန် တို​လာပြီ။”—၁ ကောရိန္သု ၇:၂၉၊ သမ္မာ။

၁၊ ၂။ သင့်​သက်တမ်း​အတွင်း အဘယ်​အပြောင်းအလဲ​များ​ကို မြင်တွေ့ခဲ့​ပြီ​နည်း။

သင့်​သက်တမ်း​အတွင်း အဘယ်အရာ​များ ပြောင်းလဲ​သွား​သည်ကို မြင်တွေ့ခဲ့​ပြီ​နည်း။ တချို့​ကို ပြန်​ရေတွက်​ပြ​နိုင်​သလော။ ဥပမာ၊ ဆေး​သိပ္ပံ​လောကတွင် တိုးတက်​သွား​လေ​ပြီ။ ဤ​နယ်ပယ်​တွင် သုတေသန​ပြု​မှု​၏​ကျေးဇူး​ကြောင့် အချို့​နိုင်ငံ​များ​၌ လူ့​ပျမ်းမျှ​သက်တမ်း​သည် ၂၀ ရာစုနှစ်​ဆန်း​စ​၌ အနှစ် ၅၀ အောက်​ရှိရာ​မှ ယနေ့​ဆိုလျှင် အနှစ် ၇၀ အထက်​သို့ တိုး​သွား​လေ​ပြီ။ ရေဒီယို၊ ရုပ်မြင်သံကြား၊ ဆဲလ်ဖုန်း​နှင့် ဖက်စ်​တို့ကို သင့်လျော်​စွာ​အသုံးပြုခြင်း​ကြောင့် ကျွန်ုပ်​တို့ အကျိုး​ရရှိ​ပုံ​များ​ကိုလည်း စဉ်းစား​ကြည့်​ပါ။ ပညာရေး၊ သယ်ယူ​ပို့ဆောင်​ရေး​နှင့် လူ့​အခွင့်အရေး​တို့​တွင် တိုးတက်လာ​မှု​ကြောင့် သန်းပေါင်း​များစွာ​တို့​ဘဝ တိုးတက်​သွား​သည်ကို​လည်း မျက်ကွယ်​မပြု​နိုင်​ပေ။

သို့သော် အကောင်း​ဘက်​ချည်း ပြောင်းလဲ​သွား​သည် မဟုတ်ပေ။ ရာဇဝတ်မှု​ဖြစ်ပွား​နှုန်း ထိုး​တက်​သွားခြင်း၊ ကျင့်ဝတ်​စံနှုန်း​များ ထိုး​စိုက်​ကျ​လာ​ခြင်း၊ မူးယစ်​ဆေး​အလွဲသုံး​မှုများ မြင့်တက်​လာ​ခြင်း၊ အိမ်ထောင်​ကွာရှင်းမှု​နှုန်း တစ်ဟုန်ထိုး​တက်လာ​ခြင်း၊ ငွေကြေး​ဖောင်းပွ​မှု တ​လိမ့်​လိမ့်​တက်လာ​ခြင်း​နှင့် အကြမ်းဖက်မှု​အန္တရာယ်များ​လာ​ခြင်း​တို့၏ ဆိုးကျိုး​များ​ကိုလည်း လျစ်လျူရှု​ထား​၍​မဖြစ်​နိုင်​ပေ။ မည်သို့​ပင်​ဖြစ်ပါစေ ရှေး​က တမန်​တော်​ပေါလု​ရေးသားခဲ့​သည့် ဤ​စကား​ကို သင်​သဘောတူ​ပေမည်– “ဤ​လောက​၏ ဇာတ်ကွက် ပြောင်း​နေသည်။”—၁ ကောရိန္သု ၇:၃၁က​ဘ။

၃။ “ဤ​လောက​၏ ဇာတ်ကွက် ပြောင်း​နေသည်” ဟု ပေါလု​ရေးသား​စဉ်​က အဘယ်​အဓိပ္ပာယ်​နှင့်​ရေးခဲ့​သနည်း။

ဤ​စကား​ကို ပေါလု​ပြော​စဉ်​တွင် ဤ​လောကကို ဇာတ်ခုံ​တစ်ခု​နှင့် နှိုင်း​ပြ​နေခြင်း​ဖြစ်သည်။ ထို​ဇာတ်ခုံ​ပေါ်​မှ ဇာတ်​ဆောင်​များ​မှာ နိုင်ငံရေး၊ ဘာသာရေး​နှင့် ယဉ်ကျေးမှု​တို့​မှ အကျော်အမော်​များ​ဖြစ်​ကြသည်၊ သူတို့သည် ပရိသတ်​ရှေ့​ထွက်​ကာ မိမိတို့၏​အခန်း​မှ က​ပြသ​ရုပ်​ဆောင်​ကြ​ပြီး​သည့်​နောက် ဤ​ဇာတ်ခုံ​ကို အခြားသူများ​အတွက် ထားရစ်​ခဲ့​ကြ​ရလေ​သည်။ သို့​နှင့် ရာစုနှစ်​နှင့်​ချီ​၍ ဆက်သွား​ပြန်​သည်။ ရှေးခေတ်​တွင် မင်းဆက်​တစ်ဆက်​၏ သက်တမ်း​သည် ဆယ်စုနှစ်​နှင့်​ချီ​၍​ကြာ​နိုင်​သည်၊ ရာစုနှစ်​နှင့်​ချီ​၍​ပင် သက်တမ်းရှည်​နိုင်ရာ အပြောင်းအလဲ နှေးကွေး​လှ​ပေ​သည်။ ယနေ့​မူ ထိုသို့​မဟုတ်၊ လုပ်ကြံ​သူ၏ ကျ​ည်​တစ်​တော​င့်​သည် ပစ်မှတ်​ကို ထိမှန်​သွား​သည်​နှင့် သမိုင်းကြောင်း ရုတ်ခြည်း​ပြောင်း​သွား​နိုင်၏! မှန်ပါသည်၊ ဤ​ဗရုတ်ဗယက်​ခေတ်​ကာလ​ကြီး​တွင် နက်ဖြန် အဘယ်အရာ​ဖြစ်လာ​မည်​ကို ကျွန်ုပ်​တို့ မသိကြ​ပေ။

၄။ (က) ကမ္ဘာ့​အခြင်းအရာ​များနှင့်​ပတ်သက်​၍ ခရစ်ယာန်​များ​တွင် အဘယ် ဟန်ချက်ညီ​သော​အမြင် ရှိဖို့လို​သနည်း။ (ခ) ယုံကြည်​နိုင်သော အဘယ်​အထောက်အထား​လမ်းကြောင်း​နှစ်ရပ်​ကို ယခု ကျွန်ုပ်​တို့ သုံးသပ်ကြ​မည်​နည်း။

ဤ​လောကကြီး​ကို ဇာတ်ခုံ​တစ်ခု​အဖြစ်​ထား​၍ ယင်း​၏​ခေါင်းဆောင်​များ​ကို ဇာတ်​ဆောင်​များ​အဖြစ်​ထား​လျှင် ခရစ်ယာန်​များ​မှာ ပွဲ​ကြည့်​ပရိသတ်​ဖြစ်သည်။ * သူတို့သည် “ဤ​လောက​နှင့်​မစပ်ဆိုင်​ကြ” ရာ က​ပြ​တင်ဆက်မှု၊ က​ပြ​ဖျော်ဖြေ​နေ​သူများ​မှာ မည်သူ​မည်ဝါ​ပင်​ဖြစ်​ကြ​ပါစေ သူတို့​သိပ်​အရေးမထား​ကြ​ပေ။ (ယောဟန် ၁၇:၁၆) သူတို့​စိတ်ဝင်တစား စောင့်မျှော်​ကြည့်ရှု​နေကြ​သည်​မှာ ဤ​ပြဇာတ်​၏ ဇာတ်​ရှိန်​အမြင့်ဆုံး​အပိုင်း​ဖြစ်သော ကြေကွဲဖွယ်​ဇာတ်သိမ်း​ခန်း​၏ ဇာတ်ကွက်​ကို ဖြစ်သည်၊ အကြောင်း​မှာ ရှေး​ကတည်းက မျှော်လင့်​စောင့်စား​လာ​ခဲ့​သော ဖြောင့်မတ်​သည့်​ကမ္ဘာသစ်​ကို ယေဟောဝါ ဆောင်ကြဉ်း​မပေး​မီ ဤ​အစီအစဉ်​စနစ် ဇာတ်သိမ်း​သွား​ရမည်ကို သူတို့​သိထားကြ​၍​တည်း။ * ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဆုံးခန်း​ဇာတ်သိမ်း​ပိုင်း​ကာလ​တွင် အသက်ရှင်နေ​ရ​ကြောင်း​နှင့် ကမ္ဘာသစ်​သည် လက်တစ်ကမ်း​တွင်​ရောက်နေ​ကြောင်း ပြသ​သည့် အထောက်အထား​လမ်းကြောင်း​နှစ်ရပ်​ကို ဆန်းစစ်​ကြည့်​ကြ​စို့။ ယင်း​တို့​မှာ (၁)ကျမ်းစာ ဖြစ်ပျက်​မှု​ခုနှစ်​နှင့် (၂) ယိုယွင်း​နေသော ကမ္ဘာ့​အခြေအနေ တို့​ဖြစ်သည်။—မဿဲ ၂၄:၂၁; ၂ ပေတရု ၃:၁၃

လျှို့ဝှက်​နက်နဲရာ​တစ်ခု ရှင်းလင်း​သွား!

၅။ ‘တစ်ပါး​အမျိုးသား​တို့၏​အချိန်ကာလ’ ကား​အဘယ်နည်း၊ ယင်းသည် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့် စိတ်ဝင်စားစရာ​ဖြစ်​ရသနည်း။

ဖြစ်ပျက်​မှု​ခုနှစ်​ဟူသည် ဖြစ်ရပ်​များ​ကို ခေတ်၊ ကာလ သတ်မှတ်​သည့်​ပညာရပ်​ဖြစ်သည်။ ဘုရားသခင့်​နိုင်ငံတော်​၏ ဝင်ရောက်​စွက်ဖက်​မှုမရှိ​ဘဲ ကမ္ဘာ့​ခေါင်းဆောင်​များသည် ကမ္ဘာ့​ဇာတ်ခုံ​အလယ်တွင် ပေါ်လာ​မည့် ခေတ်​ကာလ​တစ်ခု​အကြောင်း ယေရှု မိန့်ကြား​ခဲ့​သည်။ ဤ​ကာလ​ကို ‘တစ်ပါး​အမျိုးသား​တို့၏​အချိန်ကာလ’ ဟု ယေရှု သမုတ်​ခဲ့​သည်။ (လုကာ ၂၁:၂၄) ဤ “အချိန်ကာလ” ကုန်ဆုံး​ချိန်​တွင် ယေရှု​အား ဖြောင့်မှန်​သော​ဘုရင်​အဖြစ်​နန်းတင်​လျက် ဘုရားသခင့် ကောင်းကင်​နိုင်ငံတော် အာဏာ​ရလာ​မည်​ဖြစ်သည်။ ဦးဆုံး​အနေ​ဖြင့် ယေရှုသည် “[မိမိ] ရန်သူ​တို့၏​အလယ်​၌” အုပ်စိုး​တော်​မူ​မည်။ (ဆာလံ ၁၁၀:၂) ထို​နောက်​တွင် ဒံယေလ ၂:၄၄၊ ၄၅ အရ ဤ​နိုင်ငံတော်​သည် လူ့​အုပ်ချုပ်ရေး​အားလုံး​ကို “ချိုးဖဲ့​ဖျက်ဆီး​၍” အစဉ်အမြဲ​တည်​သွား​မည်​ဖြစ်သည်။

၆။ ‘တစ်ပါး​အမျိုးသား​တို့၏​အချိန်ကာလ’ ၏ အစ၊ ကြာရှည်ချိန်​နှင့် အဆုံး​နှစ်​တို့ကို သင်​မည်သို့ သိရှိ​သတ်မှတ်​နိုင်​သနည်း။

မည်သည့်​အချိန်တွင် ‘တစ်ပါး​အမျိုးသား​တို့၏​အချိန်ကာလ’ ကုန်ဆုံး​ကာ ဘုရားသခင့်​နိုင်ငံတော် စတင်​အုပ်စိုး​မည်​နည်း။ အဖြေ​သည် “အမှု​ကုန်​ရသည်​ကာလ​တိုင်အောင်​ပိတ်​၍ တံဆိပ်​ခတ်​ထား” ခြင်း​ခံရ​ကာ ကျမ်းစာ​ဖြစ်ပျက်​မှု​ခုနှစ်​နှင့် ပတ်သက်​နေသည်။ (ဒံယေလ ၁၂:၉) ထို “ကာလ” နီး​လာ​သည့်​အခါ ယေဟောဝါ​သည် နှိမ့်ချသော ကျမ်းစာ​ကျောင်းသား​တစ်စု​အား တစ်ဆင့်​ပြီး​တစ်ဆင့် အဖြေ​ဖွင့်ပြခဲ့​သည်။ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီ​ကြောင့် ‘တစ်ပါး​အမျိုးသား​တို့၏​အချိန်ကာလ’ သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ် ယေရုရှလင်​မြို့​ဖျက်ဆီး​ခံရ​ချိန်​တွင် စတင်​ပြီး ဤ “ကာလ” သည် အနှစ် ၂,၅၂၀ ကြာရှည်​ကြောင်း သူတို့ သိရှိ​လိုက်​ကြသည်။ ဤ​အချက်​မှ ၁၉၁၄ ခုနှစ်​သည် ‘တစ်ပါး​အမျိုးသား​တို့၏​အချိန်ကာလ’ ကုန်​သည့်​နှစ် ဖြစ်​ကြောင်း တွက်ချက်​သိရှိ​ရလေ​သည်။ ထို့​အပြင် ဤ ၁၉၁၄ ခုနှစ်​သည်​ပင် ဤ​အစီအစဉ်​စနစ်​၏ ဆုံးခန်း​ကာလ​အစ​နှစ် ဖြစ်​ကြောင်းကို​ပါ သိရှိ​လာ​ကြသည်။ ကျမ်းစာ​သင်ယူ​လျက်​ရှိသော သင်သည် ကျမ်းစာ​အသုံးပြု၍ ၁၉၁၄ ခုနှစ် မည်သို့​ရလာ​သည်ကို တွက်​ပြ​နိုင်​သလော။ *

၇။ ဒံယေလကျမ်း​ပါ “ခုနှစ်​ကာလ” ၏ အစ၊ ကြာရှည်ချိန်​နှင့် အဆုံး​နှစ်​တို့ကို တွက်ချက်​ရန် အဘယ်​ကျမ်းချက်​များ​က အကူအညီ​ပေး​သနည်း။

ဒံယေလကျမ်း​တွင် သဲလွန်စ​တစ်ခု​ကို မြှုပ်​ထား​သည်။ ယေဟောဝါ​သည် “အချိန်ကာလ” အစပြု​သည့် ဘီ.စီ.အီး. ၆၀၇ နှစ်​တွင် ဗာဗုလုန်​ရှင်ဘုရင် နေဗုခဒ်နေဇာ​ကို သုံး​ကာ ယေရုရှလင်​မြို့ကို ဖျက်ဆီး​ပစ်​တော်​မူ​ခဲ့​ခြင်း​ကြောင့် တစ်ပါး​အမျိုးသား​တို့သည် ဘုရားသခင်​၏​ဝင်ရောက်​စွက်ဖက်​မှုမရှိ​ဘဲ ပုံဆောင် ခု​နစ်​ကာလ​လုံးလုံး ဆက်၍​စိုးမိုး​သွား​မည့်​အကြောင်း ထို​ဘုရင်​မှ​တစ်ဆင့် ကိုယ်တော်​မိန့်တော်မူ​ခဲ့​သည်။ (ယေဇကျေလ ၂၁:၂၆၊ ၂၇; ဒံယေလ​၄:၁၆၊၂၃-၂၅) ဤ​ခု​နစ်​ကာလ​သည် မည်မျှ​တာ​ရှည်​သနည်း။ ဗျာ. ၁၁:၂၊ ၃ နှင့် ၁၂:၆၊ ၁၄ အရ သုံး​ကာလ​ခွဲ​သည် ရက်ပေါင်း ၁,၂၆၀ တာ​ရှည်​သည်။ ထို့​ကြောင့် ခု​နစ်​ကာလ​သည် ထို​ကာလ​၏ နှစ်ဆ၊ သို့​မဟုတ် ရက်ပေါင်း ၂,၅၂၀ တာ​ရှည်​သည်။ ဤမျှ​နှင့်​ပြီးသွား​ပြီ​လော။ မပြီးသေး​ပါ၊ အကြောင်း​မှာ ယေဟောဝါ​သည် ဒံယေလ​နှင့်​တစ်ခေတ်​တည်း​သား ပရောဖက် ယေဇကျေလ​အား ဤ​ပုံဆောင်​ကာလ​ကို တွက်ချက်​ရန် “နှစ်​အစား​၌ ရက်ကို ... ထား” ဖို့​စည်းမျဉ်း​တစ်ခု ပေး​တော်​မူ​ခဲ့​သည်။ (ယေဇကျေလ ၄:၆) ထို့​ကြောင့် ခု​နစ်​ကာလ​သည် ပကတိ​အားဖြင့် အနှစ် ၂,၅၂၀ ကြာရှည်​မည်။ ဘီ.စီ.အီး. ၆၀၇ ခုနှစ်​ကို အစ​နှစ်​အဖြစ်​ထား​၍ နှစ်ပေါင်း ၂,၅၂၀ ရေတွက်​လိုက်​လျှင် ထို​ကာလ​၏​အဆုံး​နှစ်​သည် ၁၉၁၄ ခုနှစ်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ သိရှိ​ဆုံးဖြတ်​နိုင်​သည်။

“အမှု​ကုန်​ရသော​ကာလ” အတည်ပြု

၈။ ၁၉၁၄ ခုနှစ်​မှ​စ၍ ကမ္ဘာ့​အခြေအနေ​များ ဆိုး​သည်ထက်​ဆိုး​လာ​ကြောင်း အဘယ်​အထောက်အထားကို သင်​ထောက်ပြ​နိုင်​သနည်း။

၁၉၁၄ ခုနှစ်​မှ​စ​ဖြစ်လာ​သည့် ကမ္ဘာ့​အခြင်းအရာ​များ​က ကျမ်းစာ​ဖြစ်ပျက်​မှု​ခုနှစ်​အပေါ် အခြေပြု​ထား​သည့် အထက်ပါ​နားလည်မှု​သည် မှန်ကန်ကြောင်း အတည်ပြု​ပေး​သည်။ ‘ဤ​ဒုက္ခ​ကပ်ကမ္ဘာ​ကုန်’ ခြင်း​ကို စစ်မှု၊ အစာ​ငတ်​မှု​နှင့် ကပ်ရောဂါ​ကျရောက်​မှု​တို့​ဖြင့် မှတ်သား​ပြ​ကြောင်း ယေရှု ကိုယ်တော်တိုင် မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၂၄:၃-၈; ဗျာ. ၆:၂-၈) ၁၉၁၄ ခုနှစ်​မှ​စ၍ ဤ​အတိုင်း အမှန်​ဖြစ်ပျက်​လာ​ခဲ့​သည်။ တမန်​တော်​ပေါလု​က လူတို့၏ တစ်ဦး​အပေါ်​တစ်ဦး​ထား​ရှိသော သဘောထား ထူးခြား​စွာ​ပြောင်းလဲ​သွား​မည်​ဟု ထပ်၍ ဖြည့်စွက်​ဖော်ပြ​သည်။ ကျွန်ုပ်​တို့အားလုံး တွေ့မြင်​နေရ​သော သူ​ဖော်ပြ​ခဲ့​သည့် ဤ​အပြောင်းအလဲ​များသည် မ​ချွတ်​မလွဲ​မှန်​နေပါ​သည်။—၂ တိမောသော ၃:၁-၅။

၉။ ၁၉၁၄ ခုနှစ်​မှ​အစပြု​သော ကမ္ဘာ့​အခြေအနေ​များနှင့်​ပတ်သက်​၍ ရှုမြင်​သုံးသပ်​သူများ​က မည်သို့​ပြောဆို​ကြ​သနည်း။

၁၉၁၄ ခုနှစ်​မှ​စ၍ “ဤ​ကမ္ဘာ​၏ ဇာတ်ကွက်” အမှန်ပင် အကြီးအကျယ် ပြောင်း​လဲသွား​ပြီ​လော။ ပါမောက္ခ ရော​ဘက် ဝိုးလ်​က ၁၉၁၄ လူမျိုးဆက် စာအုပ်​တွင် ဤသို့​မှတ်ချက်ချ​လိုက်​သည်– “စစ်​ကြီး​ကို ဖြတ်သန်း​ခဲ့​ကြ​သူများ​က ၁၉၁၄ ခုနှစ် ဩဂုတ်​လ​တွင် ကမ္ဘာ​တစ်ခု ကုန်ဆုံး​သွားပြီး နောက်​ကမ္ဘာ​တစ်ခု စ​ပေါ်လာ​သည်​ဟူသော​ခံယူ​ချက်​ကို မ​ဖျောက်ဖျက်​ပစ်​နိုင်​ကြ​ချေ။” ဤ​အဆိုကို အတည်ပြု​ထောက်ခံသူ ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့​မှ စိတ်​ကျန်းမာ​ရေး​ဒါရိုက်တာ ဒေါက်တာ​ဂျော်​ဂျီ အေ. ကော်​စ​တာ အီး စီ​လ်ဗာ​က ဤသို့​ရေးသား​ထား​သည်– “လူ့​သမိုင်း​တွင် တစ်ခါမျှ​မရှိခဲ့​ဖူး​သည့် စိုးရိမ်​ပူပန်မှု၊ စိတ်ဖိစီးမှု​တို့​ဖြစ်ပေါ်​စေသည့် အင်မတန် အပြောင်းအလဲ​မြန်ဆန်​လှ​သော ခေတ်​ကာလ​တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ရသည်။” သင်​ကိုယ်တိုင် ဤသို့​တွေ့ကြုံ​ခံစား​နေရ​ပါသလော။

၁၀။ ၁၉၁၄ ခုနှစ်​မှ​စ၍ ကမ္ဘာ့​အခြေအနေ​များ ဆိုး​သည်ထက်​ဆိုး​လာ​ရသည့်​အကြောင်းရင်း​နှင့်​ပတ်သက်​၍ ကျမ်းစာ​က မည်သို့ ဖွင့်​ပြပေး​သနည်း။

၁၀ ဆိုး​သည်ထက်​ဆိုး​လာသော ကမ္ဘာ့​အခြေအနေ​များ​၏ ကုလားကာ​နောက်​မှ ရာဇဝတ်သား​ကား မည်သူ​နည်း။ ဗျာ. ၁၂:၇-၉ က ဤ​အဓိက​တရားခံ​၏ မျက်နှာဖုံး​ကို ဤသို့ ခွာချ​ပေး​လိုက်​သည်– “ကောင်းကင်​၌​စစ်​ဖြစ်၏။ မိက္ခေလ [ယေရှု​ခရစ်]နှင့် သူ၏​ကောင်းကင်တမန်​တို့သည် နဂါး [စာတန်]ကို​စစ်တိုက်​ကြ​၏။ နဂါးနှင့်​သူ၏​တမန်​တို့သည် စစ်​တိုက်၍​မ​နိုင်​ကြ။ ကောင်းကင်​၌​လည်း သူတို့​နေစရာ​မရှိ။ ထို​အခါ ဤ​လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား ... သော နဂါး​ကြီး​ကို ... မြေကြီး​သို့​ချ​လိုက်​ကြ​၏။” ထို့​ကြောင့် စာတန်​သည် ဂြိုဟ်​ကောင်​ဖြစ်​ပြီး ၁၉၁၄ ခုနှစ်​တွင် သူ့​အား ကောင်းကင်​မှ နှင်ချ​လိုက်ခြင်း​ကြောင့် “မြေကြီး​နှင့်​ပင်လယ်​သည် အမင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား၊ [စာတန်]သည် မိမိ​ကာလ​တစ်ခဏ​သာ​ရှိသည်​ကို​သိ၍ ပြင်းစွာ​သော​ဒေါသ​အမျက်​နှင့်​တကွ သင်တို့​ရှိရာသို့​ဆင်း​လေ​ပြီ။”—ဗျာ. ၁၂:၁၀၊ ၁၂

နောက်ဆုံး​ပြကွက်​ကို တင်ဆက်​မည့်​ပုံ

၁၁။ (က) စာတန်​သည် အဘယ်နည်း​လမ်းများ​ကို​သုံး​၍ “ဤ​လောက​တစ်နိုင်ငံ​လုံး​ကို” လှည့်ဖြား​သနည်း။ (ခ) စာတန်​၏ အဘယ်​အထူး​အားထုတ်မှုကို တမန်​တော်​ပေါလု အာရုံစိုက်​စေ​သနည်း။

၁၁ မိမိ​ပျက်​သု​ဉ်း​ချိန်​နီးနေပြီ​ဖြစ်​ကြောင်း သိရှိ​ထားသော စာတန်​သည် ၁၉၁၄ ခုနှစ်​မှ​စ၍ “ဤ​လောက​တစ်နိုင်ငံ​လုံး​ကို” လှည့်ဖြား​ရန် အားကုန်​ထုတ်သုံး​လာ​လေ​ပြီ။ မဟာ​လှည့်စားသူ​ကြီး စာတန်​သည် ကမ္ဘာ့​ဇာတ်ကွက်​များ​၏ နောက်ကွယ်​မှ အမြဲတစေ စီမံ​ညွှန်ကြား​နေ​ကာ ကမ္ဘာ့​ခေါင်းဆောင်​များနှင့် ဆန်းသစ်​တီထွင်သူ​များ​ကို ဇာတ်ခုံ​ပေါ်​တင်​ပေး​ပြီး အဓိက​ဇာတ်ကောင်​များ​အဖြစ် သရုပ်ဆောင်​စေ​သည်။ (၂ တိမောသေ ၃:၁၃; ၁ ယောဟန် ၅:၁၉) သူ၏​ရည်ရွယ်ချက်​တစ်ခု​မှာ သူ၏​စီမံ​အုပ်ချုပ်နည်း​သည် လူ​တို့အား အမှန်​ငြိမ်သက်မှု​ပေး​သည်​ဟု လူ​တို့​ယူဆ​စေရန် လှည့်စားဖို့​ဖြစ်သည်။ ယေဘုယျ​ကြည့်​လျှင် သူ၏​ဝါဒဖြန့်မှု​သည် အောင်မြင်​လျက်​ရှိသည်၊ အကြောင်း​မှာ အခြေအနေ​များ ဆိုး​သည်ထက်​ဆိုး​လာ​နေကြောင်း အထောက်အထား တောင်ပုံရာပုံ​ရှိ​လျက်​ကယ် လူတို့သည် ကောင်း​လာ​မည်​ဟု မျှော်နေ​ကြ​၍​ဖြစ်သည်။ ဤ​အစီအစဉ်​စနစ် ဖျက်ဆီး​မခံရမီ​လေး​တွင် မှတ်သားလောက်ဖွယ်​ကောင်းသော စာတန်​၏​ဝါဒဖြန့်​စကား​များ​ကို ကြား​ရမည့်​အကြောင်း တမန်​တော်​ပေါလု ကြို​ဟောထား​သည်။ သူ ဤသို့​ရေးသား​ထား​သည်– “ငြိမ်ဝပ်ခြင်း​ရှိ၏၊ ဘေးအန္တရာယ်​နှင့်​ကင်းလွတ်​၏​ဟု​ဆို​စဉ်​တွင်၊ ကိုယ်ဝန်ဆောင်​သော​မိန်းမ​၌ သားဖွားခြင်း​ဝေဒနာ​ရောက်​သကဲ့သို့၊ သူတို့​အပေါ်​၌ လျင်မြန်​စွာ​သော​ပျက်စီးခြင်း​ရောက်​၍ လွတ်ခြင်း​အခွင့်​မရှိ​ရ​ကြ။”—၁ သက်သာလောနိတ် ၅:၃; ဗျာ. ၁၆:၁၃၊ ၁၄

၁၂။ ကျွန်ုပ်​တို့​ခေတ်တွင် ငြိမ်းချမ်းရေး​ဆောင်ကြဉ်း​ပေး​ရန် အဘယ်​ဆက်တိုက်​အားထုတ်မှု​များ ရှိလာ​ခဲ့​သနည်း။

၁၂ မကြာသေးမီ​က နှစ်များ​တွင် နိုင်ငံရေးသမား​များသည် လူတို့၏​ကြံရွယ်ချက်​အမျိုးမျိုးကို ဖော်ပြ​ရန် “ငြိမ်းချမ်းရေး​နှင့် လုံခြုံရေး” ဟူ​သည့် စကားစု​များ​ကို မကြာမကြာ အသုံးပြု​လာကြပြီ။ သူတို့သည် ၁၉၈၆ ခုနှစ်​ကို​ပင် အပြည်ပြည်ဆိုင်ရာ​ငြိမ်းချမ်းရေး​နှစ်​အဖြစ် အမည်တပ်​လိုက်​သေး​သည်၊ သို့သော် ဤ​အမည်​နှင့် လုံးဝ​မအပ်စပ်​ခဲ့​ပေ။ ကမ္ဘာ့​ခေါင်းဆောင်​တို့၏ အဆိုပါ​အားထုတ်မှု​များသည် ၁ သက်သာလောနိတ် ၅:၃ ၏ လုံးလုံးလျားလျား​ပြည့်စုံမှု​ကို ဖော်ဆောင်​သလော၊ သို့​မဟုတ် တစ်ကမ္ဘာ​လုံး​က အာရုံစိုက်​လာ​လောက်​သည့် ထူးခြားသော​အခြင်းအရာ​တစ်ခု​ကို ပေါလု​ရည်ညွှန်း​နေခြင်း​လော။

၁၃။ “ငြိမ်ဝပ်ခြင်း​ရှိ၏၊ ဘေးအန္တရာယ်​နှင့်​ကင်းလွတ်​၏” ဟု​ကြွေးကြော်​မည်​ကို ပေါလု ကြိုဟော​သည့်​အခါ လိုက်ပါ​လာ​မည့် ဖျက်ဆီးခြင်း​ကို အဘယ်အရာ​နှင့် နှိုင်းယှဉ်​ပြ​ခဲ့​သနည်း၊ ယင်း​အချက်​မှ ကျွန်ုပ်​တို့​အဘယ်အရာ သိရှိ​နိုင်​သနည်း။

၁၃ ကျမ်းစာ​ပရောဖက်ပြုချက်​များသည် ပြည့်စုံ​သွားပြီး​မှ​သာ သို့​မဟုတ် စ၍​ပြည့်စုံ​လာ​မှ​သာ အပြည့်အဝ​နားလည်​နိုင်​လေ့​ရှိသောကြောင့် ကျွန်ုပ်​တို့ စောင့်ကြည့်​နေ​ရန်​သာ​ဖြစ်သည်။ သို့သော် ပေါလု​က “ငြိမ်ဝပ်ခြင်း​ရှိ၏၊ ဘေးအန္တရာယ်​နှင့်​ကင်းလွတ်​၏” ဟု​ဆို​စဉ် ရုတ်တရက်​ဖြစ်​မည့်​ဖျက်ဆီးခြင်း​ကို ကိုယ်ဝန်ဆောင်​အမျိုးသမီး မွေးဖွား​ရန်​ဗိုက်​နာ​လာ​ခြင်း​နှင့် နှိုင်းယှဉ်​ထားခြင်း​သည် စိတ်ဝင်စားစရာ​ဖြစ်သည်။ ကိုး​လ​ခန့်​ကာလ​အတွင်း မိခင်​လောင်း​သည် မိမိ​ဝမ်း​တွင်း​၌ ကလေးငယ်​လေး ကြီးထွား​လာ​သည်ကို ပို​၍​ပို​၍​သတိထား​မိ​လာ​သည်။ ကလေးငယ်​၏ နှလုံးခုန်​သံ​ကို ကြား​လာနိုင်​မည်၊ သို့​မဟုတ် သား​အိမ်တွင်း လှုပ်ရှား​နေသည်​ကို သိရှိခံစား​လာနိုင်​သည်။ ခြေ​ဖြင့်​ကန်​သည့်​အခါ​ပင် ရှိ​နိုင်​သည်။ မျှော်လင့်​ထား​သည့် အခြင်းအရာ​ဖြစ်သော မွေးဖွား​တော့​မည်​အရိပ်အယောင်​မှာ ပို​၍​ပို​၍​သိသာ​လာပြီး​နောက် အကြီးအကျယ်​နာကျင်မှု​ဝေဒနာ​ကို ခံစားရ​ကာ မီးဖွား​လေ​တော့​သည်။ ထို့​ကြောင့် “ငြိမ်ဝပ်ခြင်း​ရှိ၏၊ ဘေးအန္တရာယ်​နှင့်​ကင်းလွတ်​၏” ဟူ​သည့် ပရောဖက်ပြု​ထားသော ကြွေးကြော်​ခြင်း​သည် မည်သို့​ပင်​ပြည့်စုံ​ပါစေ ၎င်း​သည် ရုတ်တရက်​နာကျင်မှု​ဝေဒနာ​ခံရ​ခြင်း​မှ နောက်ဆုံး မင်္ဂလာ​ရှိသော​အခြင်းအရာ​ဖြစ်သည့် ဆိုးညစ်မှု​ပပျောက်​ပျက်စီး​သွားပြီး ကမ္ဘာ့​စနစ်သစ် စတင်ခြင်း​သို့ ဦးတည်​သွား​မည်​ဖြစ်သည်။

၁၄။ အနာဂတ်​အခြင်းအရာ​များသည် အဘယ် ယေဘုယျ​အစီအစဉ်​အတိုင်း ဖြစ်ပျက်​လာ​မည်​နည်း၊ အဘယ်​ဆီ​သို့ ဦးတည်​သွား​မည်​နည်း။

၁၄ လာ​မည့်​ဖျက်ဆီးခြင်း​သည် ပွဲ​ကြည့်​ပရိသတ် သစ္စာရှိ​ခရစ်ယာန်​များ​အတွက် စိုးရွံ့​ထိတ်လန့်ဖွယ်​မြင်ကွင်း​ဖြစ်​လိမ့်​မည်။ ဦးဆုံး၊ လောက​ရှင်ဘုရင်များ (စာတန့်​အဖွဲ့အစည်း​၏ သားရဲ​အုပ်စု) သည် မဟာ​ဗာဗုလုန် (ဘာသာရေး​အုပ်စု) အား​ထောက်ခံသူ​များ​ဘက်​လှည့်​ကာ ဖျက်ဆီး​ပစ်​မည်။ (ဗျာ. ၁၇:၁၊ ၁၅-၁၈) သို့​နှင့် ဇာတ်ကွက်​မှာ ရုတ်တရက် ရှုပ်ယှက်​ခတ်​သွားပြီး စာတန်​၏​နိုင်ငံ​သည် အချင်းချင်း​ပြန်​တိုက်​ကာ ကွဲ​ပျက်​သွားလေသည်၊ စာတန်​က​လည်း ယင်းကို တားဆီး​နိုင်​မည်​မဟုတ်ပေ။ (မဿဲ ၁၂:၂၅၊ ၂၆) ယေဟောဝါ​သည် ခရစ်ယာန်​ဘာသာရေး​ရန်သူများ​ကို ဤ​ကမ္ဘာ​ပေါ်​မှ သုတ်သင်​ရှင်းလင်း​ပစ်​မည့် ‘ကိုယ်တော်​၏​အလိုတော်ကို​ပြုခြင်း​ငှာ’ လောက​ရှင်ဘုရင်​တို့၏​စိတ်​ကို တွန်း​အားပေး​မည်​ဖြစ်သည်။ အယူမှား​ဘာသာ​တရား ဖျက်ဆီး​ခံရ​ပြီး​နောက် ယေရှု​ခရစ်​သည် စာတန်​၏​လက်ကျန်​အဖွဲ့အစည်း​များ​ဖြစ်သော စီးပွားရေး​နှင့် နိုင်ငံရေး​အင်အားစု​များ​ကို ကျူပင်​ခုတ်​ကျူ​ငုတ်​မကျန် သုတ်သင်ပစ်​ရန် မိမိ၏​ကောင်းကင်​တပ်​များ​ကို ဦးစီး​တော်​မူ​မည်။ နောက်ဆုံး​တွင် စာတန်​ကိုယ်တိုင်​ပင် မလှုပ်မရှား​နိုင်​သည့်​ဘဝ ရောက်သွား​မည်။ ဤသို့ဖြင့် ကား​လိပ်​ချ​ကာ ပြဇာတ်​ရှည်​ကြီး ဇာတ်သိမ်း​သွား​မည်။—ဗျာ. ၁၆:၁၄-၁၆; ၁၉:၁၁-၂၁; ၂၀:၁-၃

၁၅၊ ၁၆။ “ကာလ​အချိန်တို​လာပြီ” ဟူ​သည့် သတိပေး​ချက်​သည် ကျွန်ုပ်​တို့​အသက်တာအပေါ် အဘယ်​အကျိုး​သက်ရောက်​သင့်​သနည်း။

၁၅ အဘယ်​အချိန်တွင် ဤ​အခြင်းအရာ​များ ဖြစ်လာ​မည်​နည်း။ နေ့ရက်၊ နာရီ​ကို ကျွန်ုပ်​တို့​မသိကြ​ပါ။ (မဿဲ ၂၄:၃၆) သို့သော် “ကာလ​အချိန်တို​လာပြီ” ကို​မူ ကျွန်ုပ်​တို့ သိ​ကြသည်။ (၁ ကောရိန္သု​၇:၂၉၊ သမ္မာ) ထို့​ကြောင့် ကျန်ကြွင်း​သည့်​အချိန်ကို ပညာရှိရှိ​အသုံးပြု​ဖို့ အရေးကြီး​သည်။ မည်သို့​အသုံးပြု​မည်​နည်း။ တမန်​တော်​ပေါလု ရှင်းပြချက်​အရ ကျွန်ုပ်​တို့သည် သိပ်​အရေး​မကြီး​သည့်​အရာများ​ကို ဖယ်​ပြီး သာ၍​အရေးပါသော​အရာများ​အတွက် “အချိန်ကို ရွေးနုတ်” ရမည်၊ နေ့တိုင်း​ကို တန်ဖိုး​ရှိ​နေ့ရက် ဖြစ်စေ​ရမည်။ အကြောင်းရင်း​ကား အဘယ်နည်း။ “ယခု​နေ့ရက်​ကာလ​သည် ဆိုးသော​ကြောင့်” ဖြစ်သည်။ ‘ဘုရားသခင်​၏​အလိုတော်​ရှိရာ​ကို ပိုင်းခြား​၍​သိ’ လျှင် ကျန်ကြွင်း​သော တန်ဖိုး​ရှိ​အချိန်ကို ဖြုန်းတီး​ပစ်​ကြ​မည်​မဟုတ်ပေ။—ဧဖက် ၅:၁၅-၁၇သမ္မာ; ၁ ပေတရု ၄:၁-၄

၁၆ ဤ​လောက​အစီအစဉ်​တစ်ရပ်လုံး​ကို ဖျက်သိမ်း​ပစ်​ဖို့​သာ​ရှိကြောင်း သိထားခြင်းက ကျွန်ုပ်​တို့ တစ်ဦးချင်း​စီ​အပေါ် မည်သို့​အကျိုး​သက်ရောက်မှု​ရှိ​သနည်း။ ကျွန်ုပ်​တို့၏​အကျိုးကို ရှေ့ရှု​လျက် တမန်​တော်​ပေတရု​က ဤသို့​ရေးသား​လိုက်​သည်– ‘အရာရှိသမျှ ပြယ်ပျောက်​ရမည်ကို သိမြင်​ကြ​သည့်​အလျောက် ဘုရားသခင်​အား​ကြည်ညို​လျက် သန့်ရှင်း​စွာ​နေ​သင့်​ကြသည်​တကား။’ (၂ ပေတရု ၃:၁၁၊ ၁၂သ​မ) ကျွန်ုပ်​တို့သည် ဤ​ကဲ့သို့​သော​သူ​မျိုး ဖြစ်​သင့်​သည်! ပေတရု​၏ အကြံဉာဏ်​ကောင်း​နှင့်​အညီ ကျွန်ုပ်​တို့သည် (၁) မိမိတို့​အကျင့်အကြံ သန့်ရှင်း​နေ​ရန် မပြတ်​ဂရုစိုက်​ရမည်၊ (၂)ယေဟောဝါ​၏​အမှုတော်​ဆောင်​ရာ​တွင် ဇွဲ​န​ပဲ​နှင့်​လုပ်ဆောင်ခြင်း​သည် ကိုယ်တော်​ကို နှစ်နှစ်ကာကာ​ချစ်၍​ဖြစ်ပါစေ။

၁၇။ စာတန်​၏​အဘယ်​ထောင်ချောက်များ​ကို သစ္စာရှိ​ခရစ်ယာန်​များ သတိထား​ရမည်​နည်း။

၁၇ ဘုရားသခင်​ကို ချစ်​သည့်​မေတ္တာသည် ဤ​လောက​၏​ဆွဲဆောင်​မှုများ​နောက် ပါ​မသွား​စေရန် တားဆီး​ကာကွယ်​ပေး​သည်။ ဤ​အစီအစဉ်​စနစ်​၏​အနာဂတ် အဘယ်​သို့​ရှိသည်​ကို ထောက်ရှု၍ ဖိတ်ဖိတ်တောက်​ကာ စွဲမက်​စ​ရာ​ကောင်း​လောက်​အောင် အစွမ်းကုန်​ပျော်ပါး​နိုင်​သည့်​ဘဝမျိုးကို စွဲမက်​နှစ်သက်​သွား​မိ​လျှင် အလွန်​အန္တရာယ်​ရှိသည်။ ဤ​လောကတွင် ကျွန်ုပ်​တို့​နေထိုင်​လုပ်ကိုင်​နေကြ​ရသည်​မှန်​သော်လည်း ဤ​လောကကို အပြည့်အဝ​မ​သုံး​နှင့်​ဟူ​သည့် ပညာရှိ​ဆုံးမ​စကား​ကို အလေးထား​လိုက်နာသင့်​သည်။ (၁ ကောရိန္သု ၇:၃၁) အမှန်ဆိုလျှင် ဤ​လောက​၏​ဝါဒဖြန့်မှု​များ​ကြောင့် လမ်းလွဲ​မသွား​ရန် ကျွန်ုပ်​တို့ အစွမ်းကုန်​ကြိုးစား​ကြ​ရမည်။ ဤ​လောကသည် မိမိ၏​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​မည်​မဟုတ်၊ မိမိကိုယ်ကို​ပင် ဆက်၍​ရပ်တည်​စေနိုင်​မည်​မဟုတ်ပါ။ အဘယ်ကြောင့် ဤသို့​တပ်အပ်ပြော​နိုင်​သနည်း။ မှုတ်သွင်းခံ​ဘုရားသခင့်​ကျမ်း​စကား​က ‘လောက​နှင့်​လောက​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ ထာဝရ​တည်​၏’ ဟု​ဆို​ထားသော​ကြောင့်​ဖြစ်သည်။—၁ ယောဟန် ၂:၁၇

အကောင်းဆုံး​ပြကွက် ထွက်​လာ​ဦး​မည်!

၁၈၊ ၁၉။ ကမ္ဘာသစ်​တွင် အဘယ်​အပြောင်းအလဲ​များ​ရှိ​မည်​ကို သင်​မျှော်လင့်​စောင့်စား​နေသနည်း၊ ယင်းသည် အဘယ်ကြောင့် စောင့်မျှော်​ရကျိုးနပ်​မည်​နည်း။

၁၈ ယေဟောဝါ​ရှင်​သည် မကြာမီ စာတန်​နှင့်​သူ့​အား​ထောက်ခံသူ​တို့၏​ပြကွက်​ကို ကား​လိပ်​ချ​လိုက်​တော့​မည်။ ထို့နောက် ဘုရားသခင့်​ကောင်းချီး​မင်္ဂလာ​ကြောင့် ဤ​အစီအစဉ်​စနစ်​၏​အဆုံး​မှ ကပ်ကျော်​လာသော သစ္စာရှိ​သူများ​သည် ထာဝစဉ်​တည်တံ့​သွား​မည့် “ဇာတ်ကွက်” အဆင်အယင် အပြောင်းအလဲ​များ​ကို စတင်​လုပ်ဆောင်ကြ​မည်။ စစ်​ကြောင့် ဇာတ်ကွက်​ကို အကျည်းတန်​စေ​တော့​မည်​မဟုတ်; ဘုရားသခင်​သည် “မြေကြီးစွန်း​တိုင်အောင် စစ်မှု​ကို​ငြိမ်း​စေတော်မူ” မည်။ (ဆာလံ ၄၆:၉) အစားအသောက်​ရှားပါးမှု​အစား “ပြည်တော်​၌ များစွာသော​စပါး​ရှိ၍ အသီးအနှံ​သည် ... တောင်ထိပ်​ပေါ်မှာ​လှုပ်ရှား​လိမ့်​မည်။” (ဆာလံ ၇၂:၁၆) အကျဉ်းထောင်​များ၊ ရဲစခန်း​များ၊ လိင်​မှ​တစ်ဆင့်​ကူးစက်​ရောဂါ​များ၊ ဘိန်း​ဘုရင်​များ၊ ကွာရှင်း​တရားရုံး​များ၊ ဒေဝါလီ​ခံ​မှုများ​နှင့် အကြမ်းဖက်မှု​များ အစ​ရှာ၍ ရတော့မည်​မဟုတ်။—ဆာလံ ၃၇:၂၉; ဟေရှာယ ၃၃:၂၄; ဗျာ. ၂၁:၃-၅

၁၉ သင်္ချိုင်းဂူ​များသည် ဗလာကျင်း​ပြီး ရှင်ပြန်ထမြောက်​လာ​မည့် ဇာတ်​ဆောင် သန်း​ကုဋေ​တို့ တိုးများ​လာ​မည်။ သားစဉ်မြေးဆက် အဆက်ဆက် ပြန်လည်​ပေါင်းစည်း​သွားပြီး ကြာရှည်​စွာ​ကွဲကွာ​နေခဲ့​ကြ​သည့် ချစ်​မြတ်နိုး​ရသူ​များ တစ်ဦး​ကိုတစ်​ဦး အားပါးတရ ပွေ့ဖက်​နေသည်​ကို မြင်ရ​ခြင်း​သည် အမှန်​ရွှင်မြူး​စ​ရာ​ပင်။ နောက်ဆုံး​တွင် သက်ရှိ​အားလုံး ယေဟောဝါ​ကို ဝတ်ပြု​ကြ​မည်။ (ဗျာ. ၅:၁၃) ဇာတ်ကွက်​အဆင်အယင်​ပြောင်း​ပြီးသွား​သောအခါ ကမ္ဘာ​တစ်ခွင် ပရဒိသု​ဇာတ်ကွက် ကား​လိပ်​ပွင့်​လာ​မည်။ ဤ​ဇာတ်ကွက်​ကို သင်​ရှုစား​လိုက်ရ​သောအခါ မည်သို့​ခံစားရ​မည်​နည်း။ ‘ဒီ​အချိန်​ရောက်​ဖို့ စောင့်​လိုက်ရ​တာ၊ စောင့်မျှော်​ရကျိုးနပ်​သ​ဟေ့!’ ဟု သင်​ဟစ်ကြွေး​မိ​မည်​မှာ မလွဲဧကန်​ပင်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ခြားနား​သော​စကားစပ်​တစ်ခု​တွင် ပေါလု​က ကောင်းကင်​အတန်းအစား ခရစ်ယာန်​တို့သည် ‘လောကသား​များနှင့် ကောင်းကင်တမန်​များ​မျက်မှောက်​၌ ပွဲဝင်​သော​သူ​ဖြစ်​ကြ​၏’ ဟု​ဆို​ထား​သည်။—၁ ကောရိန္သု ၄:၉

^ အပိုဒ်၊ 4 နမူနာ​အနေ​နှင့် ဒံယေလ ၁၁:၄၀၊ ၄၄၊ ၄၅ ပါ “မြောက်ဘုရင်” သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​နှင့်​ပတ်သက်​၍ ဒံယေလ​၏​ပရောဖက်ပြုချက်​ကို ဂရုပြု​လော့​စာအုပ် စာမျက်နှာ ၉၉ ကို​ရှု။

^ အပိုဒ်၊ 6 နယ်နှင်ခံ​ဘဝ​မှ ဂျူး​များ ပြည်တော်ပြန်​သည့် ဘီ.စီ.အီး ၅၃၇ ခုနှစ်​မတိုင်မီ အနှစ် ၇၀ က ယေရုရှလင်​မြို့ ပျက်စီး​ခဲ့​ကြောင်း သမ္မာကျမ်းစာ​ထဲ​တွင် ဖော်ပြ​ထား​သည်။ (ယေရမိ ၂၅:၁၁၊ ၁၂; ဒံယေလ ၉:၁-၃) ‘တစ်ပါး​အမျိုးသား​တို့၏​အချိန်ကာလ’ နှင့်​ပတ်သက်​၍ အသေးစိတ်​ဆွေးနွေးချက်​ကို ယေဟောဝါသက်သေ​တို့ ထုတ်ဝေ​သော ကျမ်းစာ​ဖြင့် ကျိုးကြောင်း​ဆင်ခြင်ခြင်း​စာအုပ် စာမျက်နှာ ၃၃၇-၉ တွင်​ရှု။

သင် မည်သို့​ဖြေဆို​မည်​နည်း

“ဤ​လောက​၏ ဇာတ်ကွက် ပြောင်း​နေသည်” ဟူ​သည့် တမန်​တော်​ပေါလု​၏​စကား​သည် ကျွန်ုပ်​တို့​ခေတ်တွင် မည်သို့ မှန်ကန်​ခဲ့ပြီ​နည်း။

ကျမ်းစာ​ခုနှစ်​သည် ‘တစ်ပါး​အမျိုးသား​အချိန်ကာလ’ ၏​အဆုံးကို မည်သို့ အတိအကျ​ထောက်ပြ​သနည်း။

ပြောင်းလဲ​နေသည့် ကမ္ဘာ့​အခြေအနေ​များ​က ၁၉၁၄ ခုနှစ်​သည် “အမှု​ကုန်​ရသော​ကာလ” အစ​နှစ်​ဖြစ်​ကြောင်း မည်သို့ အတည်ပြု​ပေး​သနည်း။

“ကာလ​အချိန်တို​လာပြီ” ဟူ​သည့်​အချက်​က ကျွန်ုပ်​တို့​အပေါ် မည်သည့်​အကျိုး​သက်ရောက်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

နောက်ဆုံး​၌—လျှို့ဝှက်​နက်နဲရာ ရှင်းလင်း​သွား!