မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ရေလွှမ်းမိုး​ပြီး​နောက် နောဧ​သည် ချိုးငှက်​တစ်ကောင်​ကို သင်္ဘော​မှ လွှတ်လိုက်​ရာ “သံလွင်​ရွက်” ကို ဆိတ်​ယူ၍ ပြန်လာ​ခဲ့​သည်။ ချိုးငှက်​သည် သစ်​ရွက်​ကို အဘယ်​နေရာ​မှ ရခဲ့​သနည်း။

“ရေ​သည် မြေကြီး​ပေါ်မှာ​အလွန်​အားကြီး​သဖြင့် မိုးကောင်းကင်​အောက်​၌​ရှိသမျှ​သော တောင်ကြီး​အပေါင်းတို့သည်​မြုပ်​ကြ​၏” ဟု ကျမ်းစာ​က​ဆို​သည်။ (ကမ္ဘာဦး ၇:၁၉) ရေ​ကျ​သွားသော​အခါ နောဧ​သည် ချိုးငှက်​တစ်ကောင်​ကို တစ်ပတ်​ခြား​စီ သုံးကြိမ် စေလွှတ်ခဲ့​၏။ ဒုတိယ​အကြိမ်​တွင် ချိုးငှက်​သည် “သံလွင်​ရွက်​ကို မိမိ​နှုတ်သီး​ဖြင့်​ဆောင်​ခဲ့​သောကြောင့်၊ မြေကြီး​ပေါ်မှာ ရေ​ကုန်​ကြောင်းကို နောဧ​သိ​လေ​၏။”—ကမ္ဘာဦး ၈:၈-၁၁

ကမ္ဘာ​မြေကြီး​၏​အစိတ်အပိုင်း​တစ်ခု​သည် မည်မျှ​ကြာကြာ ရေ​လွှမ်း​ခံရ​ကြောင်းကို ယခု​လောလောဆယ်တွင် မည်သို့​မျှ​မပြော​နိုင်​ပါ၊ အကြောင်း​မှာ ကမ္ဘာ့​မြေ​မျက်နှာ​သွင်ပြင်​သည် ရေလွှမ်းမိုး​ဘေး​ကြောင့် ပြောင်းလဲ​သွားခဲ့သည်​မှာ သေချာ​သည်။ မည်သို့​ပင်​ဖြစ်စေ၊ ရေ​သည် သစ်ပင်​အမြောက်အမြား သေသွား​လောက်​သည်​အထိ ဒေသ​အများစုကို အချိန်ကြာကြာ ဖုံးလွှမ်း​သွားခဲ့​ပုံ​ရ၏။ သို့​တိုင်၊ တချို့​သစ်ပင်​တို့သည် ရေ​ကျ​သွားသော​အခါ အတက်​များ ပြန်​ပေါက်​ရန် ခံနိုင်ရည်​ရှိ​ပုံ​ရသည်။

သံလွင်ပင်​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​အဘိဓာန်​သစ်​က ဤသို့​ဆို​၏– “အပင်ကို​ခုတ်​လိုက်​မည်​ဆိုလျှင် အမြစ်​မှ​နေ၍ အတက်​ပေါက်​လာ​သည်၊ သို့​နှင့် ပင်စည်​သစ် ငါး​ခု​ထက်မက ထပ်​ပေါက်​လာနိုင်​ပေ​သည်။ သေခါနီး သံလွင်ပင်များ​သည် ဤ​နည်း​အားဖြင့် အတက်​ထွက်​လေ့​ရှိကြ​၏။” ယင်းက “၎င်း​၏​ခံနိုင်ရည်​ကို ဖျက်ဆီး​ပစ်​၍​မရနိုင်​သည့်​အလား” ဖြစ်စေ​၏​ဟု ဘာသာရေး​အသိပညာ​ဆိုင်ရာ သည်​န​ယူး​ရှ​ဖ်​အက်​စော့ဖ်​စွယ်စုံ​ကျမ်း​က ဆို​သည်။ လွှမ်းမိုး​သော​ရေ​နှင့်​စပ်လျဉ်း၍ ဆား​ဓာတ်​မည်မျှ​ပါ​သည်၊ အပူချိန်​မည်မျှ​ရှိသည်​ကို​ကား ယနေ့​မည်သူမျှ အသေးစိတ်​မသိကြ​ချေ။ ထို့​ကြောင့်၊ သံလွင်ပင်များ​နှင့် အခြား​သစ်ပင်​မြက်​ပင်​တို့​အပေါ် ဖြစ်ပေါ်​လာနိုင်​မည့် ရေလွှမ်းမိုးခြင်း​၏​အကျိုး​သက်ရောက်မှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ အသေအချာ​မသိ​ရှိ​နိုင်​ကြ​ချေ။

သို့ရာတွင်၊ သံလွင်ပင်​အ​ရိုင်း​သည် ပို​၍​မြင့်မားသော​တောင်တန်း​များ​ပေါ်​တွင် တွေ့ရှိ​ရသည့်​အပင်များ​ကဲ့သို့ အအေးဓာတ်​များ​သည့်​ဒေသ​တွင် အသက်မရှင်​နိုင်​ပေ။ သံလွင်ပင်​သည် အမြင့်ပေ ၃,၀၀၀ အောက်​ရှိ ပျမ်းမျှ​အပူချိန် ၅၀ ဒီဂရီ ဖာရင်ဟိုက်​အထက်​ရှိသည့် ဒေသ​များ​တွင် အနှံ့အပြား​ပေါက်ရောက်​သည်။ “သို့​ဖြစ်၍၊ လတ်​လတ်ဆတ်​ဆ​တ် ခူးခြွေ​ခဲ့​သည့် သစ်​ရွက်​ကို​ကြည့်​၍ အနိမ့်ပိုင်း​လျှိုမြောင်​ဒေသ​များ​တွင် ရေ​ကျ​သွားပြီ​ဟု နောဧ​တွက်ဆ​နိုင်​ခဲ့​သည်” ဟု ပြန်လည်​သုံးသပ်​ခံရ​သည့် ရေလွှမ်းမိုး​ဘေး​စာအုပ်​က​ဆို​သည်။ နောဧ​သည် ချိုးငှက်​ကို သီတင်း​တစ်ပတ်​ကြာပြီးနောက် လွှတ်​ပေး​လိုက်​သည့်​အခါ ၎င်း​သည် ပြန်​မလာ​တော့​ချေ၊ ယင်းကို​ကြည့်​ခြင်း​အားဖြင့် သစ်ပင်​မြက်​ပင်​များ လှိုင်လှိုင်​ပေါက်​ရောက်နေ​ကြ​ပြီး ချိုးငှက်​အတွက် နား​ရန် နေရာ​အတည်တကျ​ရရှိ​သွားပေ​ပြီ။—ကမ္ဘာဦး ၈:၁၂