မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာတရားသည် လူ့ပြဿနာများ၏ အရင်းအမြစ်လော

ဘာသာတရားသည် လူ့ပြဿနာများ၏ အရင်းအမြစ်လော

ဘာသာ​တရားသည် လူ့​ပြဿနာ​များ​၏ အရင်းအမြစ်​လော

“ဘာသာ​တရားသည် ခိုက်ရန်​ဖြစ်ပွား​ခြင်း​ကို တွန်းအား​ပေးခြင်း​မပြု​သည့်​အခါ မူးယစ်​ဆေးဝါး​ကဲ့သို့ လူ့​သိစိတ်ကို ထုံထိုင်း​စေပြီး လူ့​ဦးနှောက်ကို စိတ်ကူးယဉ်​အတွေး​များနှင့် နစ်မျော​နေ​စေ​သည်။ ... လူ​တို့ကို အမြင်​ကျဉ်း​သူ၊ အယူသီး​သူ၊ မုန်းတီးမှု၊ ကြောက်ရွံ့​မှု​တို့​နှင့်​ပြည့်နေ​သူများ​ဖြစ်စေ​သည်။” အထက်ပါ​အတိုင်း​ရေးသားခဲ့​သော ယခင်​မက်သဒစ်​ခရစ်ယာန်​သာ​သာ​နာ​ပြု​က ဤသို့​ဖြည့်စွက်​ခဲ့​သည်– “၎င်း​စွပ်စွဲချက်​များ မှန်ပါသည်။ မကောင်းသော​ဘာသာ​နှင့် ကောင်းသော​ဘာသာ​ရှိ၏။”—သင့်ကိုယ်​ပိုင်​ဘာသာ​တရားကို အစပြု။

‘တကယ့်ကို မမျှတ​တဲ့ ဝေဖန်ချက်​ပဲ’ ဟု​အချို့​ပြော​ကြ​ပေမည်။ သို့သော် ထိုသို့​ကောက်ချက်​ချ​စေသည့် သမိုင်း​ဖြစ်ရပ်မှန်များ​ကို မည်သူ​ငြင်းဆို​နိုင်​မည်​နည်း။ များသောအားဖြင့် “ဘုရားသခင်​ကို သို့​မဟုတ် သဘာဝလွန်​စွမ်းအား​ကို ဝတ်ပြု​ကိုးကွယ်​ခြင်း” ဟု​အဓိပ္ပာယ်​ဖွင့်​ထားသော ဘာသာ​တရား​တွင် ရာဇဝင်​ဆိုး တွင်​ရ​စ်​နေသည်။ ယင်းသည် ကျွန်ုပ်​တို့ကို ဉာဏ်​အလင်းဖြာ​ပေး​ပြီး စိတ်အားတက်​ကြွ​စေ​သင့်​သည်။ သို့ရာတွင် များသောအားဖြင့် ယင်းသည် ပဋိပက္ခ၊ တစ်ယူသန်​မှု​နှင့် မုန်းတီးမှု​တို့ကို​သာ ဖြစ်ပေါ်​စေ​သည်။ အဘယ်ကြောင့် ထိုသို့​ဖြစ်​ရသနည်း။

ယေရှု​သွန်သင်​ခဲ့​ရာ​သည် ဘုရားသခင်​ထံ​မှ​ဖြစ်

သမ္မာကျမ်းစာ​အရ အလွန်​ရိုးရှင်း​သော​အဖြေ​တစ်ခု​ရှိပါ​သည်။ စာတန်​သည် “လင်း​သော​ကောင်းကင်တမန်” ဖြစ်ယောင်ဆောင်​ကာ ဘုရားသခင်​၏​သွန်သင်ချက်​များ​အစား မိမိ၏​သွန်သင်ချက်​များ​နောက်လိုက်​ရန် သန်းပေါင်း​များစွာသော​သူတို့ကို လမ်းလွဲ​စေ​ခဲ့ပြီ။ (၂ ကောရိန္သု ၁၁:၁၄) စာတန်​၏​သြဇာလွှမ်း​မှု ကျယ်ပြန့်​လွန်း​သဖြင့် တမန်​တော်​ယောဟန်​က “တစ်လောက​လုံး​သည် [စာတန်] ၏​လက်၌​ရှိသည်” ဟု​ဖော်ပြ​ခဲ့​သည်။ (၁ ယောဟန် ၅:၁၉သမ္မာ) စာတန်​သည် “တစ်လောက​လုံး​ကို​လှည့်ဖြား” နေကြောင်း ယောဟန်​သိရှိ​ခဲ့​သည်။—ဗျာ. ၁၂:၉သမ္မာ။

ယင်း​၏​အကျိုးဆက်များ​ကား အဘယ်နည်း။ အပြင်ပန်း​အားဖြင့် သန့်ရှင်း​မြင့်မြတ်​သ​ယောင်​ရှိသော ဘာသာရေး​စနစ်​များ​ကို စာတန်​ဖြစ်ပေါ်​စေ​ခဲ့ပြီ။ ၎င်းတို့သည် “‘ဘာသာ​တရား’ ဗန်း​ပြ” ထား​သော်လည်း သူတို့၏​အကျင့်ဆိုး​များ​က သူတို့၏​အခြေအနေ​မှန်​ကို အထုပ်​ဖြေ​ပြ​နေသည်။ (၂ တိမောသေ ၃:၅ဂျေ. ဘီ. ဖိလစ်; မဿဲ ၇:၁၅-၂၀) လူ့​ပြဿနာ​များ​ကို ကူညီ​ဖြေရှင်း​ပေး​မည့်​အစား ဘာသာ​တရားသည် ပြဿနာ​တစ်ခု​ဖြစ်လာ​လေ​သည်။

ထို​ယူဆချက်​သည် မဖြစ်​နိုင် သို့​မဟုတ် ယုတ္တိမရှိ​ဟု အလျင်အမြန်​မငြင်း​လိုက်ပါ​နှင့်။ လှည့်စားခြင်း​၏ သဘောသဘာဝ​ကိုယ်နှိုက်​က လှည့်စား​ခံရ​သူသည် လှည့်စား​ခံ​နေရ​သည်ကို သတိ​မထား​မိ​ခြင်း​ဖြစ်​ကြောင်း သတိရပါ။ ထို​အချက်​ကို တမန်​တော်​ပေါလု​က ဤသို့​ဥပမာ​ပေး ရေးသားခဲ့​သည်– “[ပြင်]လူတို့သည် ပူဇော်​သော​ယဇ်ကို ဘုရားသခင်​အား​ပူဇော်​ကြသည်​မဟုတ်။ နတ်ဆိုး​တို့အား​ပူဇော်​ကြ​၏။” (၁ ကောရိန္သု ၁၀:၂၀) မိမိတို့သည် နတ်ဆိုး​တို့အား ဝတ်ပြု​နေကြောင်း သိ​နားလည်​ပါ​မူ ထို​သူတို့ ထိတ်လန့်​သွား​ကြ​ပေမည်။ ကောင်းမြတ်သော​ဘုရားသခင်​တစ်ပါး​သို့​မဟုတ် ဘုရားတရား​များ​ကို တစ်နည်း​နည်းဖြင့် မိမိတို့​ဝတ်ပြု​ကိုးကွယ်​နေသည်​ဟု သူတို့​ယူမှတ်​ထား​ကြသည်။ အမှန်​သော်​ကား သူတို့သည် လူ​တို့အား ကြိုးပမ်း​လှည့်ဖြား​နေသည့် စာတန်​၏​အပေါင်းပါ “မိုးကောင်းကင်​၌​နေသော နတ်ဆိုး​တို့” ၏​လှည့်စားခြင်း​ကို ခံ​နေရ​ခြင်း​ဖြစ်သည်။—ဧဖက် ၆:၁၂

ဥပမာ​အနေ​နှင့်၊နတ်ဆိုး​သြဇာ​နှင့်​ပတ်သက်သော တမန်​တော်​ယောဟန်​၏​အဆိုပါ​သတိပေး​ချက်​ကို​တမင်​လျစ်လျူရှု​ကြ​သည့် ခရစ်ယာန်​အခေါ်ခံသူ​များစွာကို စာတန်​မည်သို့​လှည့်​စား၍ လမ်းလွဲ​စေနိုင်​ကြောင်း သုံးသပ်ကြည့်​ပါ​စို့။—၁ ကောရိန္သု ၁၀:၁၂

“ငါ​ဟော​သော[တရား]သည် ငါ​၏[တရား]မဟုတ်။ ငါ့ကို​စေလွှတ်​တော်​မူ​သော​သူ၏ [တရား]ဖြစ်၏” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၇:၁၆) မှန်ပါသည်၊ ကိုယ်တော်​သွန်သင်ပေး​ရာ​များသည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​ထံ​မှ​ဖြစ်သည်။ ထို့​ကြောင့် ယေရှု၏​သွန်သင်ချက်​များသည် တန်ခိုး​ပါ​ပြီး နားဆင်​သူများ​အား စိတ်ဓာတ်​မြှင့်တင်​ပေး​သည်။ ထို​သွန်သင်ချက်​များသည် ‘လူ့​စိတ်​ကို​ထုံထိုင်း​စေခြင်း သို့​မဟုတ် လူ့​ဦးနှောက်ကို စိတ်ကူးယဉ်​အတွေး​များနှင့် နစ်မျော​နေ​စေခြင်း’ မရှိပါ။ ထိုသို့​ဖြစ်​မည့်​အစား ယေရှု၏​သွန်သင်ချက်​များသည် စာတန်​၏​လှည့်စားမှု​ကြောင့် “ဉာဏ်​အလင်းကွယ်” နေသော​လောက​မှ ထွက်ပေါ်​လာ​သည့် မှားယွင်းသော​ဘာသာရေး​အယူဝါဒ​များနှင့် လူ့​အတွေးအခေါ်​များ​မှ လူ​တို့ကို လွတ်မြောက်​စေ​သည်။—ဧဖက် ၄:၁၈; မဿဲ ၁၅:၁၄; ယောဟန် ၈:၃၁၊ ၃၂

စစ်မှန်သော​ခရစ်ယာန်​များ​ကို ဘာသာ​တရား​ကိုင်းရှိုင်း​သည်​ဆို​ရုံ​မျှ​ဖြင့်​မဟုတ်ဘဲ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ လှပ​တင့်တယ်​သော​အရည်အသွေးများ​ကို ရောင်ပြန်ဟပ်​သည့် ယုံကြည်ခြင်း​အားဖြင့် ခွဲခြား​သတ်မှတ်​ခံရ​ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃; ယာကုပ် ၁:၂၂; ၂:၂၆) ဤ​အရည်အသွေးများ​အနက် ထူးခြား​ထင်ရှား​ပြီး စစ်မှန်သော​ခရစ်ယာန်​ဘာသာ​၏ ထင်ရှားသော​အမှတ်အသား​မှာ ချစ်ခြင်း​မေတ္တာ​ဟူသော အ​မွန်မြတ်​ဆုံး​အရည်အသွေး​ဖြစ်သည်။—ယောဟန် ၁၃:၃၄၊ ၃၅

သို့သော်​အရေးပါသော​ဤ​အချက်​ကို​သတိပြုပါ– ခရစ်ယာန်​အသင်းတော်သည်​မူလ​တည်ထောင်​စဉ်​က ပုံစံ​အတိုင်း ဆက်သွား​ရန် ယေရှု​သော်လည်း​ကောင်း၊ ကိုယ်တော်​၏​တမန်​တော်​များ​သော်လည်း​ကောင်း​မမျှော်လင့်​ခဲ့​ကြ​ပါ။ အယူဖောက်ပြန်မှု ဖြစ်ပေါ်​လာပြီး​စစ်မှန်သော​ဘာသာသည် အတန်ကြာ လောင်းရိပ်​မိ​နေ​မည်​ဖြစ်​ကြောင်း သူတို့​သိခဲ့​ကြသည်။

စစ်မှန်သော​ဘာသာ​တရား အတန်ကြာ​တိမ်​မြုပ်​ခဲ့

ဂျုံ​စပါး​နှင့်​တော​မျိုးစေ့ ပုံ​ဥပမာ​တွင် ယေရှု​က စစ်မှန်သော​ဘာသာ​တရားသည် အတန်ကြာ​မှေးမှိန်​နေ​လိမ့်​မည်​ဟု ကြို​ဟောခဲ့​သည်။ မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃ ပါ​မှတ်တမ်း​ကို သင်​ကိုယ်တိုင်​ဖတ်ရှု​ကြည့်​ပါ။ လယ်​၌ ယေရှု​ကြဲ​သည့် ဂျုံ​စပါး “ကောင်းသော​မျိုးစေ့” သည် ကနဦး​ခရစ်ယာန်​အသင်းတော်တွင် ပါဝင်​ကြ​မည့် ကိုယ်တော်​၏ တည်ကြည်သော​တပည့်​များ​ကို ပုံ​တင်ပြ​သည်။ အချိန်တန်သော် “ရန်သူ” တည်း​ဟူသော စာတန်​သည် ဂျုံ​စပါး​အထဲ​၌ “တော​မျိုးစေ့”—ယေရှု​ခရစ်​နောက်လိုက်​သည်​ဆို​သော်လည်း အမှန်​အားဖြင့် ကိုယ်တော့်​သွန်သင်ချက်​များ​ကို ငြင်းပယ်​ကြ​သူများ—ကို ကြဲ​လိမ့်​မည်​ဖြစ်​ကြောင်း ကိုယ်တော်​သတိပေး​ခဲ့​သည်။

ယေရှု၏​တမန်​တော်​များ သေဆုံး​ပြီး မကြာမီ ‘ထာဝရ​ဘုရားသခင်​၏​နှုတ်မြွက်​တရားတော်’ နေရာတွင် ဖောက်ပြန်သော​လူ့​သွန်သင်ချက်​များ​ကို ထောက်ခံ​အားပေး​ကြသော “တော​မျိုးစေ့” ဖြစ်သူ​တို့ ပေါ်ပေါက်​ခဲ့​သည်။ (ယေရမိ ၈:၈၊ ၉; တမန်​တော် ၂၀:၂၉၊ ၃၀) ယင်းကြောင့် ကမ္ဘာ့​ဇာတ်ခုံ​ပေါ်​တွင် အယူဝါဒ​ဖောက်ပြန်သော၊ အရေခြုံ​ခရစ်ယာန်​ဘာသာ ပေါ်ပေါက်​ခဲ့​သည်။ ယင်းကို “အဓမ္မ​လူ” ဟု​သမ္မာကျမ်းစာ​ခေါ်ဆို​သော “မတရားသော​လှည့်ဖြားခြင်း​အမျိုးမျိုး” ပြည့်လျှံ​နေသည့် ဖောက်ပြန်သော​ဓမ္မ​ဆရာ​အတန်းအစား​က ချုပ်ကိုင်​ထား​သည်။ (၂ သက်သာလောနိတ် ၂:၆-၁၀) “ဤ​ကမ္ဘာ​ကုန်​သော​ကာလ” ၌ အခြေအနေ​ပြောင်းလဲ​သွား​မည်​ဟု ယေရှု​ကြို​ဟောခဲ့​သည်။ ဂျုံပင်​နှင့်​တူသော​ခရစ်ယာန်​များသည် စုသိမ်း​ခံရ​ပြီး “တော​မျိုးစေ့” တို့​မူ​ကား အဆုံး​တွင် ဖျက်ဆီး​ခံရ​ပါ​လိမ့်​မည်။

ဤ​အရေခြုံ​ခရစ်ယာန်​ဘာသာသည် “ကမ်းကုန်​အောင်​ရက်စက်​ကြမ်းကြုတ်​သည့် ရာစုနှစ်များ” နှင့် နောက်ပိုင်း​ရာစုနှစ်များ​အတွင်း ခရစ်ယာန်ဘောင်​ကို လွှမ်းခြုံ​လာ​သည့် ဝိညာဉ်​ရေး​အမှောင်ထု​အတွက် တာဝန်​ရှိသူ​ဖြစ်သည်။ ထို​အချိန်​မှ​စ၍ ဘာသာရေး​အာဏာ​ဖြင့် ပြုလုပ်​ခဲ့​သော အကျင့်ပျက်၊ အကြမ်းဖက်​လုပ်ရပ်​အားလုံး​ကို တင်ကူး​မြင်ယောင်​သဖြင့် တမန်​တော်​ပေတရု​က ဤသို့​အတိအလင်း​ကြို​ဟောခဲ့​သည်– “[ခရစ်ယာန်​အမည်ခံ​သူတို့] အားဖြင့် သမ္မာတရား​လမ်း​သည် ကဲ့ရဲ့​ခြင်း​ခံရ​လိမ့်​မည်။”—၂ ပေတရု ၂:၁၊ ၂

“အမျက်​ဒေါသ​နှင့် မုန်းတီးမှု​တို့ကို သွေးထိုး​ပေး​သည့် ဘာသာ​တရား”

ခရစ်ယာန်ဘောင်​တစ်ခု​တည်း​က​သာ ဘာသာ​တရား​၏ ဂုဏ်​ရော​င်​ကို ညှိုးမှိန်​စေ​သည် မဟုတ်​ချေ။ ဥပမာ၊ ယခင်​က ခရစ်ယာန်​သီလရှင်​တစ်ဦး​ဖြစ်​ခဲ့​ဖူး​သူ ခေ​ရဲ​န် အမ်း​စထရောင်း​ပြော​သည့် “အဓိကကျ​သော ဘာသာရေး​ထုံးတမ်း​စဉ်​လာ” မှ​ပေါက်ဖွား​လာသော“ဘာသာရေး​ရန်လိုမှု” ဆိုင်ရာ တင်းကျပ်​သည့်​ဘာသာရေး​အခြေခံ​မူများ​ကို​စဉ်းစား​ကြည့်​ပါ။ အမ်း​စထရောင်း​၏​အဆို​အရ မည်သည့်​ဘာသာ​တရား​မဆို​ကို အဆုံးအဖြတ်​ပေး​သော​စမ်းသပ်မှု​တစ်ခု​မှာ “လက်တွေ့ကျကျ​အကြင်နာ​ပြ​ခြင်း” ဖြစ်​သင့်​သည်။ ဤ​ကိစ္စ​တွင် တင်းကျပ်သော​ဘာသာရေး​မူကို​လိုက်နာ​သည့် ဘာသာ​တရား​များ​၏​မှတ်တမ်း မည်သို့​ရှိ​သနည်း။ သူ​ဤသို့​ရေး​သည်– “တင်းကျပ်သော​ဘာသာရေး​ဝါဒီ​၏​ယုံကြည်ချက်​သည် ဂျူး​ဘာသာ၊ ခရစ်ယာန်​ဘာသာ သို့​မဟုတ် ... မှ​ဖြစ်စေ အမျက်​ဒေါသ​နှင့် မုန်းတီးမှု​တို့ကို သွေးထိုး​ပေး​သည့် ဘာသာ​တရား​ဖြစ်​ခဲ့​လျှင် အဆုံးအဖြတ်​ပေး​သော အဆိုပါ စမ်းသပ်မှု​ကို မအောင်မြင်​ပေ။” (ဘုရားသခင်​အတွက်​တိုက်ပွဲ—ဂျူး​ဘာသာ၊ ခရစ်ယာန်​ဘာသာ​နှင့် အစ္စလာမ်​ဘာသာ​ရှိ တင်းကျပ်သော​ဘာသာရေး​ဝါဒ) သို့သော် “တင်းကျပ်သော​ဘာသာရေး​ဝါဒီ” ဘာသာ​တရား​အုပ်စု​မျိုး​သာ​လျှင် အဆိုပါ​စမ်းသပ်မှု​ကို ရှုံးနိမ့်​ပြီး “အမျက်​ဒေါသ​နှင့် မုန်းတီးမှု​တို့ကို သွေးထိုး​ပေး​သည့် ဘာသာ​တရား” ဖြစ်သွား​သလော။ အခြား​အုပ်စု​များလည်း ထိုသို့​ဖြစ်သွား​ကြောင်း သမိုင်းက​ဖော်ပြ​ပါ​သည်။

အမှန်​မှာ စာတန်​သည် အမျက်​ဒေါသ၊ မုန်းတီးမှု​နှင့် မဆုံး​နိုင်​သည့်​သွေးသွန်းမှု​တို့​ဖြင့် ခွဲခြား​သိမြင်​နိုင်သော မှားယွင်းသော​ဘာသာရေး​ကမ္ဘာ့​အင်ပါယာ​တစ်ခု​ကို တည်ထောင်​ထား​ပေ​ပြီ။ သမ္မာကျမ်းစာ​က ၎င်း​အင်ပါယာ​ကို “ဗာဗုလုန်​မြို့ကြီး ... မြေ​၌​စက်ဆုပ်​ရွံရှာဖွယ်​သော​အရာများ​၏​အမိ” ဟု ခေါ်ဆို​ထားပြီး သားရဲ​နှင့်​တူသော နိုင်ငံရေး​စနစ်​အပေါ်​ထိုင်​နေသည့် ပြည့်တန်ဆာ​တစ်ဦး​အဖြစ် ပုံဖော်​ထား​သည်။ သူသည် “မြေကြီး​ပေါ်မှာ​ကွပ်မျက်ခြင်း​ခံရ​သော​သူ အပေါင်း​တို့၏​အသွေး” အတွက် တာဝန်​ရှိသူ​ဖြစ်နေ​ခြင်း​သည် မှတ်သား​စ​ရာ​ပင်။—ဗျာ. ၁၇:၄-၆; ၁၈:၂၄သမ္မာ။

လူတိုင်း​လှည့်စား​ခံရ​သည်မဟုတ်

သို့ရာတွင် လူတိုင်း​လှည့်စား​ခံရ​ခြင်း​မဟုတ်​ကြောင်း သမိုင်းက သက်သေထူ​ပါ​သည်။ အမှောင်​မိုက်​ဆုံး​ခေတ်တွင်​ပင် “မိမိတို့​ဝန်းကျင်ရှိ လူအများစု ဆိုးသွမ်း​နေချိန်​၌ ကောင်းမှု​ပြုခဲ့ကြသူ​များစွာ​ရှိ” သည်​ဟု မယ်​လ်ဗင် ဗ​ရက်​ဂ်​မှတ်ချက်ချ​သည်။ စစ်မှန်သော​ခရစ်ယာန်​များသည် ‘[ဘုရားသခင်] ကို စိတ်ဖြင့်​လည်းကောင်း၊ အမှန်တရားဖြင့်​လည်းကောင်း ဝတ်ပြု’ နေ​မြဲ​ဖြစ်သည်။ (ယောဟန် ၄:၂၁-၂၄) ... သူတို့​သီးခြားခွဲ​နေကြ​သည်။ သူတို့သည် “နာဇရက်​မြို့သား​ယေရှု​က​မဟုတ်ဘဲ စာတန်​က ဖန်တီး​သည့် ပဋိညာဉ်​ပြု​မှု” ဟု သမိုင်းက​ဖော်ပြ​သော ... လုပ်ငန်း​သဘော ဆက်ဆံမှု​တွင် ပတ်သက်​စပ်ယှက်​ရန် ငြင်းဆို​ကြသည်။—နှစ်ထောင်​ပြည့်နှစ်—ဒုတိယ​ထောင်စုနှစ်– အလယ်ခေတ်​ခရစ်ယာန်ဘောင်​မှ ကမ္ဘာချီ​ခရစ်ယာန်​ဘာသာ​တရား​အထိ။

များ​မကြာသေးမီ​က​ယေဟောဝါသက်သေ​များ​၏ ဩဇာ​သည် လူ​တို့ကို​ကောင်းကျိုး​ပြု​ခဲ့​ကြောင်း​လူသိ​များ​လာ​ကြသည်။ မှားယွင်းသော​ဘာသာရေး စွန်းထင်းမှု​မှန်သမျှ​နှင့် ကင်းရှင်း​နေ​ရန် သူတို့၏​ယုံကြည်ချက်များ​နှင့် လုပ်ဆောင်မှုများ​ကို ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​အပေါ်​၌​သာ​အခြေပြု​ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) “လောက​နှင့်​မဆက်ဆံ” နှင့်​ဟူသော ယေရှု၏​မိန့်မှာချက်ကို ပထမ​ရာစု​ခရစ်ယာန်​များ​နည်းတူ သူတို့​လိုက်နာ​ကြသည်။ (ယောဟန် ၁၅:၁၇-၁၉; ၁၇:၁၄-၁၆) သာဓက​အနေ​နှင့် နာဇီ​ဂျာမနီ​တွင် ခရစ်ယာန်မူ​များ​ကို အလျှော့ပေး​ဖို့​ငြင်းဆို​သောကြောင့် နာဇီ​ဝါဒ​အရ သူတို့ကို လက်​သင့်​မခံ​စ​ရာ​ဖြစ်​ခဲ့​သည်။ ယင်းကြောင့် ဟစ်တလာ​၏​မုန်းတီးခြင်း​ခံ​ခဲ့​ရသည်။ ကျောင်း​သုံး​စာအုပ်​တစ်အုပ်​က ဤသို့​ဆို​၏– “မည်သည့်​အကြောင်း​ဖြင့်​မျှ လက်နက်များ​မကိုင်​ဆောင်​နှင့်​ဟူသော သမ္မာကျမ်းစာ​သွန်သင်ချက်​ကို ယေဟောဝါသက်သေ​များ လိုက်နာ​ကြသည်။ ထို့​ကြောင့် စစ်မှုထမ်း​ရန် သို့​မဟုတ် နာဇီ​နှင့်​ပတ်သက်​ရန် သူတို့​ငြင်းဆို​ခဲ့​ကြသည်။ လက်တုံ့ပြန်​သည့်​အနေ​နှင့် အက်စ်​အက်စ်​တို့သည် ယေဟောဝါသက်သေ​မိသားစု​အားလုံး​ကို အကျဉ်း​ချ​ခဲ့​ကြသည်။” (ဂျာမနီ၁၉၁၈၄၅) အမှန်​မှာ နာဇီ​တို့၏ နှိပ်စက်​ညှဉ်းဆဲ​မှု​ကြောင့် ဂျာမနီ​နိုင်ငံ​ရှိ ယေဟောဝါသက်သေ ရာ​နှင့်​ချီ​၍ သေကျေ​ခဲ့​ရသည်။

ဘာသာ​တရား​အသီးသီး​ရှိ ရဲရင့်သူ​များလည်း သူတို့၏​ယုံကြည်ချက်​အတွက် ဝေဒနာ​ခံ​ခဲ့​ကြ​ရသည်မှာ မှန်ပါသည်။ သို့သော် ယေဟောဝါသက်သေ​များ​မူ စည်းလုံး​သော​ဘာသာရေး​အဖွဲ့အစည်း​လိုက် ယင်းကို လုပ်ဆောင်ခဲ့​ကြသည်။ သူတို့​အများစု​သည် “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို​နားထောင်” ပါ​ဟူသော အခြေခံ​ကျမ်းစာမူ​ကို စွဲကိုင်​ထား​ကြသည်။—တမန်​တော် ၅:၂၉; မာကု ၁၂:၁၇

ပြဿနာ​၏​ရင်းမြစ်

ထို့​ကြောင့် ဘာသာ​တရားသည် လူ့​ပြဿနာ​အားလုံး​၏ ရင်းမြစ်​ဖြစ်သည်​ဟူသော​အဆို​သည် တစ်စိတ်​တစ်ပိုင်း​သာ​မှန်သည်။ အယူမှား​ဘာသာ​တရား​သာ​လျှင် တရားခံ​ဖြစ်သည်။ သို့သော် များ​မကြာမီ မှားယွင်းသော​ဘာသာ​တရား​အားလုံး​ကို ဖယ်ရှားပစ်​ဖို့ ဘုရားသခင်​ရည်ရွယ်​ထား​ပါ​သည်။ (ဗျာ. ၁၇:၁၆၊ ၁၇; ၁၈:၂၁) တရား​မျှတခြင်း​နှင့် ဖြောင့်မတ်ခြင်း​ကို ချစ်​မြတ်နိုးသူ​မည်သူ​မဆို​ကို ကိုယ်တော်​ဤသို့​မိန့်မှာ​ပါ​သည်– “ငါ​၏​လူမျိုး​တို့၊ သူ၏​အပြစ်​တို့ကို​ဆက်ဆံခြင်း​နှင့်​လည်းကောင်း၊ သူ၏​ဘေးဒဏ်​များ​ကို​ခံ​ခြင်း​နှင့်​လည်းကောင်း ကင်းလွတ်​အံ့​သော​ငှာ၊ သူ [တစ်နည်း​အားဖြင့်၊ မဟာ​ဗာဗုလုန်၊ အယူမှား​ဘာသာရေး​ကမ္ဘာ့​အင်ပါယာ] ၏​အထဲက​ထွက်ကြ​လော့။ သူ၏​အပြစ်​တို့သည် ကောင်းကင်ဘုံ​တိုင်အောင်​မီ​ကြသည်​ဖြစ်၍ သူ၏​မတရားသော​အမှုတို့​ကို ဘုရားသခင်​သတိရ​တော်​မူ​ပြီ။” (ဗျာ. ၁၈:၄၊ ၅) ‘ခိုက်ရန်​ဖြစ်ပွား​ခြင်း​ကို တွန်း​အားပေး​သော၊ လူ့​သိစိတ်ကို​ထုံထိုင်း​စေသော၊ လူ့​ဦးနှောက်ကို စိတ်ကူးယဉ်​အတွေး​များနှင့် နစ်မျော​စေ​၍ လူ​တို့ကို အမြင်​ကျဉ်း​သူ၊ အယူသီး​သူ၊ မုန်းတီးမှု​နှင့် ကြောက်ရွံ့​မှု​ပြည့်နေ​သူများ​ဖြစ်စေ​သော’ ဘာသာ​တရားကို ဘုရားသခင် အလွန်​စိတ်နာ​တော်​မူ​၏!

ထို​အချိန်​အတောအတွင်း ဘုရားသခင်​သည် အမှန်တရားကို​ချစ်​မြတ်နိုးသူ​များ​အား မှန်သော​ဘာသာ​သို့ စုသိမ်း​နေပါ​သည်။ ယင်းသည် မေတ္တာ​ရှိသော၊ တရား​မျှတ​၍ သနား​ကြင်နာ​တတ်သော​ဖန်ဆင်း​ရှင်​၏ မူများ​နှင့် သွန်သင်ချက်​များ​ကို လိုက်နာ​စောင့်ထိန်း​သော ဘာသာ​တရား​ဖြစ်၏။ (မိက္ခာ ၄:၁၊ ၂; ဇေဖနိ ၃:၈၊ ၉; မဿဲ ၁၃:၃၀) အသင်​သည် ထို​ဘာသာဝင်​တစ်ဦး ဖြစ်​နိုင်​ပါ​သည်။ မှန်သော​ဘာသာ​ကို မည်သို့​ခွဲခြား​သိမြင်​နိုင်​ကြောင်း ပိုမို​သိရှိ​လို​ပါ​က ဤ​မဂ္ဂဇင်း​ထုတ်ဝေ​သူများ​ထံ လွတ်လပ်​စွာ စာရေး​ဆက်သွယ်​ပါ သို့​မဟုတ် အကူအညီ​အတွက် ယေဟောဝါသက်သေ​တစ်ဦးဦး​ကို မေးမြန်း​ကြည့်​ပါ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

နောက်ခံ​အသီးသီး​မှ​လူတို့သည် စစ်မှန်သော​ဘာသာ​တရား​တွင် ပျော်ရွှင်​ကြ