ဘာသာတရား—ကောင်းကျိုးပြုသလော၊ ဆိုးကျိုးပြုသလော
ဘာသာတရား—ကောင်းကျိုးပြုသလော၊ ဆိုးကျိုးပြုသလော
“ခရစ်ယာန်ဘာသာကိုကျွန်ုပ်ကျေးဇူးဆပ်စရာရှိပါသည်၊သို့ဖြစ်၍ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ အတွင်း ထိုဘာသာ၏အကျိုးကိုခံစားခဲ့ရသည့် ဤကမ္ဘာလောကကြီးသည်လည်းထပ်တူဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။”—ကျမ်းဦးစကား၊နှစ်ထောင်ပြည့်နှစ်—ပထမထောင်စုနှစ်– ခရစ်ယာန်ဘာသာမွေးဖွားခြင်းမှ ခရူးဆိတ်စစ်ပွဲများသို့။
ဤကား အင်္ဂလိပ်စာရေးဆရာနှင့် ရုပ်သံမှအသံလွှင့်သူ မယ်လ်ဗင် ဗရက်ဂ်၏ “ခရစ်ယာန်ဘာသာ” ကိုထောက်ခံပြောဆိုချက်ဖြစ်သည်။ သူ၏စကားများသည် ဘာသာတရားတစ်ခုခုကို အကြီးအကျယ် ကျေးဇူးသစ္စာစောင့်သိရိုသေရန် တာဝန်ရှိသည်ဟုယူမှတ်ကြသော ကမ္ဘာသူကမ္ဘာသား သန်းပေါင်းများစွာ၏ခံစားချက်ကို ရောင်ပြန်ဟပ်ပါသည်။ ဘာသာတရားဟူသည် မိမိတို့ဘဝကို ကောင်းကျိုးပြုသော တန်ခိုးပါသည့်တွန်းအားတစ်ခုဟု သူတို့ခံယူထားကြသည်။ စာရေးဆရာတစ်ဦးက အစ္စလာမ်ဘာသာသည် “ယဉ်ကျေးမှုကြီးတစ်ခုကို ထွန်းကားလာစေပြီး ... [ယင်းက] တစ်လောကလုံးကို ကောင်းကျိုးပြုခဲ့ပြီ” ဟုဆို၏။
ဘာသာတရား၏အခန်းကဏ္ဍ—အကောင်းလော၊ အဆိုးလော
သို့သော် ဗရက်ဂ်၏နောက်ဆက်တွဲစကားများက ဘာသာတရားအများသည်ကောင်းကျိုးပြုသော တွန်းအားတစ်ခု အမှန်ဟုတ်မဟုတ်ဟူသည့်အရေးကြီးသောမေးခွန်းကို ပေါ်ပေါက်စေသည်။ သူဤသို့ဆက်ပြောသည်– “ခရစ်ယာန်ဘာသာကလည်း ကျွန်ုပ်ကို ဖြေရှင်းချက်ပေးဖို့ တာဝန်ရှိသည်။” အဘယ်အတွက် ဖြေရှင်းချက် သူရလိုသနည်း။ “ယင်း၏ ‘သမိုင်းကြောင်း’ ကိုကြည့်လျှင် တစ်ယူသန်မှု၊ ဆိုးသွမ်းမှု၊ လူမဆန်မှုနှင့် တမင်မိုက်မဲစွာပြုမူခြင်းတို့ဖြင့် ထူးခြားထင်ရှားခဲ့သည့်အတွက်ဖြစ်သည်” ဟုသူဆိုသည်။
သမိုင်းတစ်လျှောက် ကမ္ဘာ့ဘာသာတရားအများစုသည် တစ်ယူသန်မှု၊ ဆိုးသွမ်းမှု၊ လူမဆန်မှုနှင့် တမင်မိုက်မဲစွာပြုမူခြင်းတို့ဖြင့် စွန်းထင်းညစ်နွမ်းခဲ့ပြီဟု လူအများဆိုကြပေမည်။ ထိုသူတို့၏ရှုမြင်ပုံမှာ ဘာသာတရားသည် လူသားတို့ကို အကျိုးပြုဟန်သာရှိသည်—အပြင်ပန်းအားဖြင့် ကိုယ်ကျင့်တရားကောင်း၍ သန့်ရှင်းဟန်ရှိသော်လည်း အမှန်အားဖြင့် အရေခြုံမှု၊ လိမ်လည်မှုများနှင့်ပြည့်နေသည့်အတွက်ဖြစ်သည်။ (မဿဲ ၂၃:၂၇၊ ၂၈) ဆင်ခြင်တုံတရားအားထားသူ စွယ်စုံကျမ်းက “ဘာသာတရားသည် ယဉ်ကျေးမှုနှင့်ပတ်သက်၍ အလွန်အဖိုးတန်၏ဟူသော ဖော်ပြချက်သည် ကျွန်ုပ်တို့၏စာစောင်တွင် အမြဲပါရှိနေကျ ဖော်ပြချက်ဖြစ်သည်” ဟုဆို၏။ “သမိုင်းဖြစ်ရပ်များကြောင့် ယင်းလောက် ယုံကြည်ဖွယ်ရာအကြောင်းမရှိသည့် ဖော်ပြချက်လည်း မရှိတော့ပေ” ဟုဆက်ပြောသည်။
ယခုအချိန်တွင် မည်သည့်သတင်းစာကိုမဆို ကောက်ဖတ်ကြည့်လိုက်ပါ၊မေတ္တာတရား၊ ငြိမ်သက်ခြင်းနှင့် သနားကြင်နာခြင်းအကြောင်း ဟောပြောသော်လည်း မုန်းတီးမှုကို မီးထိုးယပ်ခတ်ပေးပြီး ရက်စက်သောတိုက်ပွဲများ တရားဝင်စေရန် ဘုရားသခင်၏နာမတော်ကို အသုံးပြုဆုတောင်းကြသည့် ဘာသာရေးခေါင်းဆောင်များအကြောင်း မဆုံးနိုင်အောင် တွေ့ရပါလိမ့်မည်။ ဘာသာတရားသည် အများအားဖြင့် ဘဝအတွက် အလွန်ကြီးမားသော အဖျက်စွမ်းအားဖြစ်သည်ဟု လူအများယူမှတ်ကြခြင်းကို အံ့အားသင့်စရာမဟုတ်!
ဘာသာမရှိလျှင် ပိုကောင်းမည်လော
အင်္ဂလိပ်အတွေးအခေါ်ပညာရှင် ဘာ ထရန်ဒ် ရပ်ဆဲလ်ကဲ့သို့ လူအချို့က နောက်ဆုံးတွင် “ဘာသာရေးယုံကြည်ချက်အားလုံး မရှိတော့” လျှင် ကောင်းမည်ဟုပင် ကောက်ချက်ချကြသည်။ ဘာသာတရားကို ဖယ်ရှားလိုက်ခြင်းသည်သာ လူ့ပြဿနာအားလုံးအတွက် တည်မြဲသည့်ဖြေရှင်းနည်းဖြစ်သည်ဟု သူတို့မြင်ကြသည်။ သို့သော် ဘာသာတရားကို ငြင်းပယ်သူများလည်း ယင်းကိုထောက်ခံအားပေးသူများကဲ့သို့ပင် မုန်းတီး၍ သည်းမခံတတ်သူများဖြစ်နိုင်ကြောင်းကို သူတို့မေ့ထားလိုကြသည်။ ဘာသာရေးစာရေးဆရာ ခေရဲန် အမ်းစထရောင်းက ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်– “ယုတ်စွအဆုံး လောကရေးကိုသာ ယုံကြည်သောအယူအဆသည် ဘာသာရေးခရူးဆိတ်စစ်ပွဲကဲ့သို့ပင် သေစေ[နိုင်]ကြောင်း မီးလောင်တိုက်သွင်းခြင်းက ဖော်ပြသည်။”ဘုရားသခင်အတွက်တိုက်ပွဲ—ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာရှိ ရှိရင်းစွဲဝါဒ။
ထို့ကြောင့် ဘာသာတရားသည် ကောင်းကျိုးပြုသည့် တွန်းအား အမှန်ဖြစ်သလော သို့မဟုတ် လူ့ပြဿနာများ၏ ရင်းမြစ်ဖြစ်သလော။ ဘာသာအားလုံးကို ဖယ်ရှားပစ်ခြင်းသည် အဆိုပါပြဿနာများ၏ ဖြေရှင်းနည်းလော။ ဤကိစ္စကို သမ္မာကျမ်းစာက မည်သို့ဆိုကြောင်း သုံးသပ်ကြမည်။ ရရှိသည့်အဖြေက သင့်ကို အံ့အားသင့်စေနိုင်ပါသည်။