“ယုံကြည်ခြင်းနှင့် ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကိုပြုလော့”
“ယုံကြည်ခြင်းနှင့် ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကိုပြုလော့”
စစ်ကာလအတွင်း “အိမ်ပြန်ပြီး ဇနီး၊ မိသားစုနဲ့အတူ အချိန်အတော်ကြာပြန်နေ” ဟု ညွှန်ကြားခံရလျှင် ဝမ်းမသာမည့်စစ်သည်တစ်ဦးဦး ရှိနိုင်ပါမည်လော။
ဣသရေလဘုရင်ဒါဝိဒ်အချိန်က စစ်သည်တစ်ဦး ထိုသို့ညွှန်ကြားခံခဲ့ရ၏။ ဟိတ္တိလူမျိုး ဥရိယအား အိမ်သို့ပြန်ရန် ဘုရင်ကိုယ်တိုင် အမိန့်ပေးတိုက်တွန်းခဲ့သည်။ သို့တိုင်၊ ဥရိယသည် သူ့အိမ်သို့ပြန်ရန် ငြင်းဆိုခဲ့၏။ သူ၏ထူးခြားသောအပြုအမူနှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ ဥရိယက ဘုရားသခင့်တည်ရှိမှုကို ကိုယ်စားပြုသည့် ပဋိညာဉ်သေတ္တာတော်နှင့် ဣသရေလစစ်တပ်သည် စစ်မြေပြင်တွင်ရှိနေကြ၍ဖြစ်ကြောင်း ပြန်ဖြေကြားခဲ့သည်။ သူက “ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက်၊ မယားနှင့်ပျော်မွေ့လျက် နေသင့်ပါမည်လော” ဟု မေးမြန်းလေသည်။ ဤမျှခဲယဉ်းသည့်အချိန်အခါမျိုးတွင် ထိုသို့သောလုပ်ရပ်သည် ဥရိယအတွက် စိတ်ပင်မကူးသင့်သည့်အရာဖြစ်၏။—၂ ဓမ္မရာဇဝင် ၁၁:၈-၁၁။
ဥရိယ၏အမူအကျင့်က စစ်ကာလအတွင်း အသက်ရှင်နေထိုင်ရသော ကျွန်ုပ်တို့အတွက် အရေးကြီးသည့်မေးခွန်းများ မေးစရာပေါ်လာစေသည်။ လောလောဆယ်ဖြစ်ပွားနေသောစစ်ပွဲသည် ကမ္ဘာ့နိုင်ငံများတိုက်ခိုက်ခဲ့ကြသည့် မည်သည့်စစ်ပွဲနှင့်မျှမတူပေ။ ဤစစ်ပွဲနှင့်နှိုင်းယှဉ်လိုက်လျှင် ကမ္ဘာ့စစ်ပွဲကြီးနှစ်ခုမှာ သေးသိမ်သွားသည်ဟုထင်ရသည့်အပြင် အသင်သည် ဤစစ်ပွဲတွင် ပါဝင်နေ၏။ တိုက်ခိုက်မှု ပြင်းထန်လှသည့်အပြင် ရန်သူ့အင်အားမှာလည်း ကြောက်ခမန်းလိလိပင်။ ဤစစ်ပွဲတွင် လက်နက်ဖြင့်ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းတို့မရှိသော်လည်း စစ်သေနင်္ဂဗျူဟာမှာမူ နှယ်နှယ်ရရမဟုတ်ပေ။
လက်နက်စွဲကိုင်၍မတိုက်ခိုက်မီ ဤစစ်ပွဲသည် တရားနည်းလမ်းကျမကျ၊ အဘယ်အတွက် သင်တိုက်ခိုက်ရသည်ကို သိရှိထားရမည်။ ၎င်းသည် အကျိုးနပ်သည့်တိုက်ပွဲလော။ ဤပြိုင်စံရှားသောတိုက်ပွဲ၏ ရည်ရွယ်ချက်ကို တမန်တော်ပေါလုက တိမောသေထံရေးသည့်စာတွင် ဤသို့ရှင်းပြထားသည်– “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့။” မှန်ပါသည်၊ ဤစစ်ပွဲတွင် သင်သည် ခံတပ်ကြီးတစ်ခုကိုမဟုတ်ဘဲ သမ္မာကျမ်းစာတွင်ဖော်ပြထားသော ခရစ်ယာန် အမှန်တရား၏အချုပ်၊ “ယုံကြည်ခြင်း” ကို ခုခံကာကွယ်ရမည်။ သင်သည် ၎င်းကိုတိုက်ခိုက်အောင်မြင်ရန်အတွက် “ယုံကြည်ခြင်း” ကို အကြွင်းမဲ့ ယုံကြည်ထားရမည်မှာ ရှင်းပါသည်။—၁ တိမောသေ ၆:၁၂။
ပညာသတိရှိသောစစ်သည်တစ်ဦးသည် မိမိ၏ရန်သူအကြောင်းသိရှိထားရန် ကြိုးစားအားထုတ်သည်။ တိုက်ခိုက်ရမည့် ရန်သူမှာ စစ်သေနင်္ဂဗျူဟာတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထား၍ ကြောက်မက်ဖွယ်စစ်အင်အားနှင့် လက်နက်အမျိုးမျိုးတပ်ဆင် သုံးစွဲနိုင်သူဖြစ်သည်။ ထို့ပြင် သူသည် လူ့ထက်လည်း အဆင့်မြင့်၏။ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်သည်၊ သူကား စာတန်ပင်တည်း။ (၁ ပေတရု ၅:၈) ဤရန်သူကို ခုခံတိုက်ခိုက်ရန် ပကတိလက်နက်များရော လူ့ပရိယာယ်နှင့် ကလိမ်ဉာဏ်များပါ အသုံးမဝင်ချေ။ (၂ ကောရိန္သု ၁၀:၄) သင်သည် အဘယ်အရာအားကိုးဖြင့် ဤစစ်ပွဲကိုဆင်နွှဲမည်နည်း။
အဓိကအားကိုးလက်နက်မှာ “ဘုရားသခင်၏နှုတ်[မြွက်]တော်တည်းဟူသော ဝိညာဉ်တော်၏ဓား” ဖြစ်သည်။ (ဧဖက် ၆:၁၇) ၎င်းသည် အဘယ်မျှထိရောက်ကြောင်းကို တမန်တော်ပေါလုက ဤသို့ဖော်ပြ၏– “ဘုရားသခင်၏နှုတ်[မြွက်]တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) အလွန်ထက်၍ အလွန်အနုစိတ်တိကျသော ဤလက်နက်သည် လူတစ်ဦး၏ အတွင်းစိတ်သဘောနှင့် ရည်ရွယ်ချက်တို့ကို ထုတ်ချင်းခွင်းနိုင်ရာ ယင်းကို ကျွမ်းကျွမ်းကျင်ကျင်၊ ဂရုတစိုက် အသုံးပြုဖို့လိုသည်။
စစ်တပ်တစ်တပ်တွင် အဆင့်အမြင့်ဆုံးလက်နက်များရှိနေနိုင်သော်လည်း စစ်သားများသည် အဆိုပါလက်နက်များကို ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြုတတ်လျှင် အချည်းနှီးပင်။ ထိုနည်းထပ်တူ အသင်လည်း သင်၏ဓားကို ထိထိရောက်ရောက် အသုံးပြုရန် လမ်းညွှန်ချက်လိုအပ်သည်။ ဝမ်းသာစရာမှာ အတွေ့အကြုံအရှိဆုံး တိုက်ခိုက်ရေးသမားများက သင့်ကို လေ့ကျင့်ပေးနိုင်ခြင်းပင်။ မိမိ၏နောက်တော်လိုက်များအတွက် အချိန်တန်ဝိညာဉ်အစာ၊ သို့မဟုတ် လမ်းညွှန်ချက်ကို စီမံပေးရန် တာဝန်အပ်နှင်းခံရသော အဆိုပါတိုက်ခိုက်နည်း သင်ကြားပေးသူများကို ယေရှုက “သစ္စာနှင့်သတိပညာရှိသောကျွန်” ဟုခေါ်ဆိုထားသည်။ (မဿဲ ၂၄:၄၅၊ သမ) ကျွန်ုပ်တို့သည် ၎င်း၏လုံ့လဝီရိယရှိရှိ သွန်သင်ပေးမှုနှင့် ရန်သူ၏နည်းဗျူဟာနှင့်စပ်လျဉ်း၍ အချိန်တန်သတိပေးချက်များကို သတိပြုကြည့်ရှုခြင်းအားဖြင့် ဤစုပေါင်းကျွန်ကို ခွဲခြားသိနိုင်ပေသည်။ ယေဟောဝါသက်သေများ၏ ခရစ်ယာန်အသင်းတော်မှ ဝိညာဉ်တော်ဖွားများဖြစ်ကြောင်း အထောက်အထားက ညွှန်ပြနေသည်။—ဗျာ. ၁၄:၁။
ဤစုပေါင်းကျွန်သည် သွန်သင်ပေးရုံမျှမကပါ။ သက်သာလောနိတ်အသင်းတော်သို့ ဤသို့စာရေးသားခဲ့သူ တမန်တော်ပေါလု၏စိတ်ထားကိုလည်း တင်ပြခဲ့ကြသည်– “သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ သင်တို့ကိုချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကိုနှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏[သတင်းကောင်း]ကိုမျှမက၊ ကိုယ်အသက်ကိုပင်ပေးချင်သော စေတနာစိတ်ရှိကြ၏။” (၁ သက်သာလောနိတ် ၂:၇၊ ၈) ခရစ်ယာန်စစ်သည်တော်တိုင်းသည် မေတ္တာပါစွာ စီမံပေးထားသည့် လေ့ကျင့်သွန်သင်ပေးမှုကို အသုံးပြုရန် တာဝန်ရှိကြသည်။
လက်နက်အပြည့်အစုံ
သင့်ကိုကာကွယ်ပေးရန် ပုံဆောင်လက်နက်အပြည့်အစုံကို ထောက်ပံ့ပေးထားပါသည်။ ဤလက်နက်အပြည့်အစုံ၏စာရင်းကို ဧဖက် ၆:၁၃-၁၈ တွင် တွေ့နိုင်ပေသည်။ သတိဝီရိယရှိသော စစ်သည်တစ်ဦးသည် မိမိ၏ဝိညာဉ်ရေးလက်နက်တချို့ ပျောက်ဆုံးနေလျှင် သို့မဟုတ် ပြုပြင်ဖို့လိုနေလျှင် စစ်တိုက်ထွက်မည်မဟုတ်ချေ။
ခရစ်ယာန်တစ်ဦးသည် မိမိအားအကာအကွယ်ပေးသည့် လက်နက်မှန်သမျှ အကုန်လိုအပ်သော်လည်း ယုံကြည်ခြင်းတည်းဟူသောလွှားကြီးသည် အထူးသဖြင့်အရေးပါသည်။ ထို့ကြောင့်ပင် ပေါလုက ဤသို့ရေးသားခဲ့၏– “[စာတန်]ပစ်ခတ်သောမီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသောလွှားကိုလည်း ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ယူဆောင်ကြလော့။”—ဧဖက် ၆:၁၆။
ကိုယ်ခန္ဓာတစ်ခုလုံးကို ကာထားနိုင်သည့် လွှားကြီးသည် ယုံကြည်ခြင်း၏အရည်အသွေးကို တင်စားသည်။ သင်သည် ယေဟောဝါ၏ညွှန်ကြားချက်ကို အခိုင်အမာယုံကြည်ရမည်၊ ကိုယ်တော်၏ကတိတော်များအားလုံး ပြည့်စုံလာမည်ကို ယုံမှားခြင်းမရှိ လက်ခံရမည်။ သင်သည် အဆိုပါကတိတော်များအား ပြည့်စုံပြီးနှင့်သကဲ့သို့ ခံစားနေသင့်သည်။ စာတန့်လောကစနစ်တစ်ခုလုံးသည် မကြာမီ ဖျက်ဆီးခံရတော့မည်ဖြစ်ကြောင်း၊ ကမ္ဘာမြေကြီးသည် ပရဒိသုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ဘုရားသခင့်အပေါ်တည်ကြည်သူတို့သည်စုံလင်လာကြမည်ဖြစ်ကြောင်းတို့ကို လုံးဝယုံမှားသံသယ မဖြစ်ပါလေနှင့်။—ဟေရှာယ ၃၃:၂၄; ၃၅:၁၊ ၂; ဗျာ.၁၉:၁၇-၂၁။
သို့ရာတွင်၊ လက်ရှိဆင်နွှဲနေသည့် သာမန်မဟုတ်သောတိုက်ပွဲတွင် တစ်စုံတစ်ရာထပ်လိုနေသည်၊ ယင်းမှာ မိတ်ဆွေတစ်ဦးဖြစ်၏။ စစ်ကာလတွင် တိုက်ခိုက်သူချင်းများသည် အားပေး၍ အပြန်အလှန်ကာကွယ်ပေးကာ တစ်ခါတစ်ရံ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရလျှင်ပင် အချင်းချင်း ကယ်တင်ပေးတတ်ကြသည့် ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေရောင်းရင်းများဖြစ်ကြသည်။ အဖော်အဖက်များက အရေးပါသော်လည်း ဤတိုက်ပွဲတွင် အသက်ရှင်ကျန်ရစ်ရန် တခြားမည်သူထက်မဆို ယေဟောဝါနှင့်မိတ်ဆွေဖွဲ့ဖို့လိုအပ်သည်။ ထို့ကြောင့် ပေါလုက လက်နက်စုံတွင်ပါဝင်သည့်စာရင်းကို ဤစကားများဖြင့် နိဂုံးချုပ်လိုက်သည်– “ကာလအစဉ် ဆုတောင်း ... ခြင်းအမျိုးမျိုးဖြင့် ဝိညာဉ်တော်၌ ဆုတောင်းကြလော့။”—ဧဖက် ၆:၁၈၊ သမ္မာ။
ကျွန်ုပ်တို့သည် ရင်းနှီးသည့်မိတ်ဆွေနှင့် အတူရှိနေရခြင်းကို ပျော်မွေ့ကြသည်။ သူနှင့်အတူ အချိန်ကုန်ခံပေါင်းသင်းရန် ကျွန်ုပ်တို့ကြိုးစားကြသည်။ ဆုတောင်း၍ ယေဟောဝါထံမှန်မှန်စကားပြောဆိုခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်တော်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာ၍ ယုံကြည်စိတ်ချထိုက်သော မိတ်ဆွေတစ်ဦးဖြစ်လာလေသည်။ တပည့်ဖြစ်သူယာကုပ်က “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟု အားပေးတိုက်တွန်းသည်။—ယာကုပ် ၄:၈။
ရန်သူ၏နည်းပရိယာယ်များ
ဤလောကကိုရင်ဆိုင်ရာတွင် တစ်ခါတစ်ရံ မြေမြှုပ်မိုင်းများရှိနေသည့် နယ်မြေတွင် ဖြတ်သန်းသွားရခြင်းနှင့်တူနိုင်သည်။ တိုက်ခိုက်မှုသည် အဘက်ဘက်မှလာနိုင်ပြီး ရန်သူကလည်း သင့်အား အငိုက်ဖမ်းဖို့ကြိုးစားပေမည်။ သို့သော် သင်လိုအပ်သည့် အကာအကွယ်မှန်သမျှကို ယေဟောဝါထောက်မပေးထားကြောင်း ယုံကြည်စိတ်ချပါ။—၁ ကောရိန္သု ၁၀:၁၃။
ရန်သူသည် သင့်ယုံကြည်ခြင်းအတွက် ပဓာနကျသည့် ကျမ်းစာအမှန်တရားများကို တိုက်ခိုက်ပြောဆိုခြင်းအားဖြင့် အလဲထိုးရန် ကြိုးပမ်းပေမည်။ အယူဖောက်ပြန်သူများသည် ချောမွေ့သောစကားများ၊ မြှောက်ပင့်ပြောဆိုမှုများနှင့် ကောက်ကျစ်သောအတွေးအခေါ်တို့ကိုအသုံးပြု၍ သင့်ကို အနိုင်တိုက်ဖို့ ကြိုးစားပေမည်။ သို့သော် အဆိုပါအယူဖောက်ပြန်သူသည် သင့်ကောင်းကျိုးကို ဂရုမစိုက်ချေ။ နယပုံပြင် ၁၁:၉ က “[အယူဖောက်ပြန်]သူသည် နှုတ်ဖြင့် မိမိအပေါင်းအဖော်ကို ဖျက်ဆီးလိုသောစိတ်ရှိ၏။ ဖြောင့်မတ်သောသူတို့မူကား အသိပညာအားဖြင့် လွတ်မြောက်တတ်ကြ၏” ဟုဆိုသည်။
အယူဖောက်ပြန်သူတို့၏စကားကို နားထောင်ဖို့ သို့မဟုတ် ၎င်းတို့၏ဆင်ခြေဆင်လက်များကိုချေပရန် ၎င်းတို့၏စာပေများကို ဖတ်ရှုဖို့လိုသည်ဟု သင်စဉ်းစားခြင်းသည် မှားပေမည်။ ၎င်းတို့၏ လိမ်လည်၍ အဆိပ်အတောက်ပြင်းသော စဉ်းစားဆင်ခြင်ပုံသည် ဝိညာဉ်ရေးကိုထိခိုက်စေနိုင်ပြီး လျင်မြန်စွာပျံ့နှံ့သွားသော ခူနာကဲ့သို့ သင်၏ယုံကြည်ခြင်းကို စားသွားနိုင်သည်။ (၂ တိမောသေ ၂:၁၆၊ ၁၇) သို့အစား အယူဖောက်ပြန်သူတို့အပေါ် ဘုရားသခင်၏တုံ့ပြန်ပုံကို အတုယူပါ။ ယေဟောဝါနှင့်ပတ်သက်၍ ယောဘက “[အယူဖောက်ပြန်သူ]သည် အထံတော်သို့မဝင်ရ” ဟုဆိုခဲ့သည်။—ယောဘ ၁၃:၁၆။
ရန်သူသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရထားသည့် ခြားနားသောနည်းပရိယာယ်တစ်ခုကို လက်တည့်စမ်းပေမည်။ ချီတက်လာသော စစ်တပ်တစ်တပ်ကို ချီတက်ရာလမ်းကြောင်းမှထွက်ကာ စည်းမဲ့ကမ်းမဲ့ကိုယ်ကျင့်တရားဖောက်ပြန်ရန် ဖြားယောင်းသွေးဆောင်နိုင်မည်ဆိုလျှင် ချီတက်မှု ဖရိုဖရဲဖြစ်သွားနိုင်လေသည်။
အကျင့်ပျက်ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားပြကွက်များ၊ ဆူပူကြမ်းတမ်းသောတေးဂီတကဲ့သို့သော လောကဖျော်ဖြေမှုသည် အင်မတန် ဟပ်ရလွယ်သော ငါးစာဖြစ်သည်။ ထိခိုက်မှုမရှိဘဲ အကျင့်ပျက်ဇာတ်ကွက်များကို ကြည့်ရှုနိုင်သည် သို့မဟုတ် အကျင့်ပျက်စာပေကို ဖတ်ရှုနိုင်သည်ဟု တချို့က ဆိုကြသည်။ သို့သော် လိင်ကိုကွက်ကွက်ကွင်းကွင်းဖော်ပြသည့် ရုပ်ရှင်များကို မှန်မှန်ကြည့်ရှုခဲ့သူတစ်ဦးက ဤသို့ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်– “အဲဒီပြကွက်တွေကို ဘယ်တော့မှ မေ့မသွားဘူး။ အဲဒါတွေကို တွေးကြည့်လေလေ၊ မြင်ခဲ့တဲ့အတိုင်း လုပ်ချင်လာလေလေပဲ ... အဲ့ဒီရုပ်ရှင်က မိမိဟာ တကယ်ပဲ လက်လွှတ်ဆုံးရှုံးနေပြီလို့ ယူမှတ်စေတယ်။” ဤသိမ်မွေ့သော တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခံခြင်းသည် တန်ပါသလော။
ရန်သူ့လက်နက်တိုက်မှ ပစ်လွှတ်လိုက်သည့် နောက်ဒုံးကျည်တစ်ခုမှာ ရုပ်ဝါဒဖြင့်ဆွဲဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ရုပ်ပစ္စည်းလိုအပ်မှုများရှိနေသောကြောင့် အန္တရာယ်ကို ခွဲခြားရခက်တတ်သည်။ ကျွန်ုပ်တို့သည် အိမ်၊ အစားအစာနှင့် အဝတ်အစားလိုအပ်ကြသည်၊ ကောင်းသောအရာများရှိခြင်းက မမှားပါ။ သို့သော် အန္တရာယ်မှာ ရုပ်ပစ္စည်းအပေါ် လူတစ်ဦး၏ရှုမြင်ချက်ဖြစ်သည်။ ငွေသည် ဝိညာဉ်ရေးရာများထက် ပို၍အရေးပါလာပေမည်။ ကျွန်ုပ်တို့သည် ငွေကိုတပ်မက်သူများဖြစ်လာနိုင်သည်။ ချမ်းသာကြွယ်ဝမှု၏ အကန့်အသတ်ဖြစ်မှုများနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို ပြန်သတိပေးသင့်သည်။ ရုပ်ပစ္စည်းကြွယ်ဝမှုသည် ပျောက်လွင့်သွားတတ်သည်၊ ဝိညာဉ်ရေးကြွယ်ဝမှုမှာ အမြဲထာဝရတည်သည်။—မဿဲ ၆:၁၉၊ ၂၀။
စစ်တပ်၏စိတ်ဓာတ် ပျော့ညံ့နေမည်ဆိုလျှင် အောင်မြင်မှုအခွင့်အလမ်း နည်းသည်။ “သင်သည်အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။” (သု. ၂၄:၁၀) စိတ်ပျက်အားလျော့ခြင်းသည် စာတန် ထိရောက်စွာအသုံးပြုခဲ့သည့် လက်နက်တစ်မျိုးဖြစ်၏။ “ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်” ကိုဆောင်းထားခြင်းက စိတ်ပျက်အားလျော့မှုကို တွန်းလှန်ဖို့ သင့်အား အကူအညီပေးပါလိမ့်မည်။ (၁ သက်သာလောနိတ် ၅:၈၊ သမ္မာ) သင်၏မျှော်လင့်ခြင်းကို အာဗြဟံ၏မျှော်လင့်ခြင်းကဲ့သို့ ခိုင်မာစေရန် ကြိုးစားပါ။ မိမိ၏တစ်ဦးတည်းသောသားကို ယဇ်ပူဇော်ဖို့ တောင်းဆိုခံရသောအခါ အာဗြဟံမတွန့်ဆုတ်ခဲ့ချေ။ သူ၏သားစဉ်မြေးဆက်မှတစ်ဆင့် လူမျိုးအပေါင်းကို ကောင်းချီးပေးမည်ဟူသောကတိတော်ကို ဘုရားသခင်ပြည့်စုံစေမည်ဖြစ်ကြောင်း၊ အဆိုပါကတိတော်ကို ပြည့်စုံစေရန် လိုအပ်မည်ဆိုလျှင် ဣဇာက်ကို သေရာမှ ထမြောက်စေနိုင်ကြောင်း အာဗြဟံယုံကြည်စိတ်ချသည်။—ဟေဗြဲ ၁၁:၁၇-၁၉။
တိုက်လှန်ခြင်းကို ဒူးထောက်အညံ့မခံလေနှင့်
အချိန်ကြာမြင့်စွာကတည်းက ရဲရဲရင့်ရင့် တိုက်လှန်ခဲ့ကြသူတချို့သည် စစ်ပန်းလာကြသဖြင့် ထပ်တူသတိဝီရိယမျိုးဖြင့် တိုက်ခိုက်ခြင်းမရှိတော့ချေ။ ဤဆောင်းပါး၏အစတွင်ဖော်ပြခဲ့သည့် ဥရိယ၏ပုံနမူနာက တိုက်ပွဲဝင်နေရသူအားလုံး မှန်ကန်သောရှုမြင်ပုံကို ဆက်ရှိနေစေရန် ကူညီပေးနိုင်ပါသည်။ များစွာသော ကျွန်ုပ်တို့၏ ခရစ်ယာန်စစ်သည်ချင်းများသည် ဘေးအန္တရာယ်ကြုံနေကြရသည်၊ သို့မဟုတ် အချမ်းဒဏ်နှင့် ငတ်မွတ်မှုကိုခံကာ ခက်ခဲဆင်းရဲမှုများကို ကြံ့ကြံ့ခံနေကြရမည်။ ဥရိယနည်းတူ ကျွန်ုပ်တို့လည်း ယခုပင်ခံစားရနိုင်သည့် သာယာချမ်းမြေ့စရာအားလုံးအကြောင်း မတွေးတောလိုကြ သို့မဟုတ် သက်သောင့်သက်သာနေလိုစိတ်မရှိကြချေ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကမ္ဘာချီ တည်ကြည်သောတိုက်လှန်သူများနှင့် အတူနေချင်ကြပြီး ကျွန်ုပ်တို့အတွက် သိုမှီးထားသော ထူးမြတ်လှသည့်ကောင်းချီးများ ခံစားရနိုင်သည်အထိ ဆက်၍တိုက်ပွဲဝင်သွားလိုကြသည်။—ဟေဗြဲ ၁၀:၃၂-၃၄။
အဆုံးသတ်တိုက်ပွဲသည် အဝေးကြီးလိုပါသေးသည် ဟူ၍ တွေးတောကောင်းတွေးတောကာ သတိလျှော့လိုက်မည်ဆိုလျှင် အန္တရာယ်ရှိသည်။ ဘုရင်ဒါဝိဒ်၏ပုံနမူနာက အဆိုပါအန္တရာယ်ကို မီးမောင်းထိုးသည်။ အကြောင်းရင်းတချို့ကြောင့် သူသည် တိုက်ပွဲတွင် သူ၏စစ်တပ်နှင့်အတူမရှိခဲ့ချေ။ ယင်းကြောင့်ပင် ဒါဝိဒ်သည် သူ၏ကျန်ရှိသည့်အသက်တာတွင် သူ့အား ကိုယ်စိတ်ဆင်းရဲမှုဖြစ်စေခဲ့သည့် ဆိုးရွားလှသောအပြစ်ကို ကျူးလွန်မိလေသည်။—၂ ဓမ္မရာဇဝင် ၁၂:၁၀-၁၄။
ဤတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခြင်း၊ တိုက်ပွဲ၏အခက်အခဲကိုရင်ဆိုင်ခြင်း၊ ပြက်ရယ်ပြုမှုကိုခံနိုင်ခြင်းနှင့် ဒွိဟဖြစ်ဖွယ်လောကဖိအားများကို စွန့်လွှတ်ခြင်းတို့က အကျိုးနပ်ပါသလော။ အဆိုပါတိုက်လှန်မှုတွင် အောင်မြင်စွာ ဆက်လက်ပါဝင်တိုက်ခိုက်နေသူတို့က ဤလောကကမ်းလှမ်းသည့်အရာသည် ပြိုးပြိုးပြက်ပြက် ရောင်ပြားကဲ့သို့ ဆွဲဆောင်အားကောင်းနိုင်သော်လည်း ယင်းကို အနီးကပ်စစ်ဆေးကြည့်သည့်အခါ တန်ဖိုးမရှိကြောင်း သဘောတူကြသည်။ (ဖိလိပ္ပိ ၃:၈) ထို့အပြင် အဆိုပါပျော်မွေ့စရာများသည် အဆုံးတွင် နာကျင်မှုနှင့် စိတ်ပျက်ရမှုတို့နှင့်သာ စခန်းသိမ်းရလေ့ရှိ၏။
ဤဝိညာဉ်ရေးတိုက်ပွဲဝင်ခရစ်ယာန်တစ်ဦးသည် မိတ်ဆွေစစ်များနှင့် ရင်းရင်းနှီးနှီးပေါင်းဖော်ရသည်၊ ကြည်လင်သောသိစိတ်နှင့် ထူးမြတ်သောမျှော်လင့်ချက်တို့ကို ခံစားရသည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်တို့သည် ခရစ်တော်ယေရှုနှင့်အတူ မသေနိုင်သောကောင်းကင်အသက်တာ စောင့်စားကြသည်။ (၁ ကောရိန္သု ၁၅:၅၄) ခရစ်ယာန်တိုက်ခိုက်ရေးသမားအများစုက မြေကြီးပရဒိသုတွင် စုံလင်သောလူ့အသက်တာကို မျှော်လင့်ကြသည်။ ဤသို့သောဆုကျေးဇူးများသည် မည်မျှပင်ပေးရပါစေ တန်ပါသည်။ ထို့ပြင် လောကစစ်ပွဲများနှင့်မတူဘဲ ကျွန်ုပ်တို့တည်ကြည်နေသ၍ ဤတိုက်ခိုက်မှုတွင် ကျွန်ုပ်တို့အောင်မြင်မည်ဟု အာမခံထားသည်။ (ဟေဗြဲ ၁၁:၁) သို့ရာတွင်၊ စာတန်ထိန်းချုပ်ထားသည့် ဤစနစ်အတွက် ရလဒ်မှာ လုံးလုံးလျားလျား ဖျက်ဆီးပစ်ခြင်းပင်ဖြစ်၏။—၂ ပေတရု ၃:၁၀။
သင်သည် ဤတိုက်ပွဲတွင် ဆက်ပါဝင်နေသည်နှင့်အမျှ ယေရှု၏ ဤစကားများကို သတိရပါလေ– “အားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီ။” (ယောဟန် ၁၆:၃၃၊ သမ္မာ) ကိုယ်တော်သည် စမ်းသပ်မှုအောက်တွင် သတိဝီရိယရှိရှိနှင့် သစ္စာစောင့်သိခြင်းအားဖြင့် အောင်မြင်ခဲ့လေသည်။ ကျွန်ုပ်တို့လည်း ထပ်တူအောင်မြင်နိုင်ကြပါသည်။
[စာမျက်နှာ ၂၇ ပါ အကျဉ်းဖော်ပြချက်]
လက်နက်ဖြင့်ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်း မရှိသော်လည်း စစ်သေနင်္ဂဗျူဟာမှာမူ နှယ်နှယ်ရရမဟုတ်
[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]
ကျွန်ုပ်တို့တည်ကြည်နေသ၍ ဤတိုက်လှန်မှုတွင် ကျွန်ုပ်တို့ အောင်မြင်မည်ဟု အာမခံထား
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကယ်တင်ခြင်းတည်းဟူသော သံခမောက်က စိတ်ပျက်အားလျော့ မှုကို တွန်းလှန်စေနိုင်
စာတန် “ပစ်ခတ်သော မီးစက်လက်နက်” ကို ကာကွယ်ရန် ယုံကြည်ခြင်းတည်းဟူသော လွှားကြီးကို အသုံးပြုပါလေ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
“ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်”
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ဘုရားသခင့်ကတိတော်များ ပြည့်စုံလာမည်ကို ကျွန်ုပ်တို့ ယုံကြည်ထားသင့်