မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေများ သင့်ထံ အဘယ်ကြောင့် မကြာခဏ လာရသနည်း

ယေဟောဝါသက်သေများ သင့်ထံ အဘယ်ကြောင့် မကြာခဏ လာရသနည်း

ယေဟောဝါသက်သေ​များ သင့်ထံ အဘယ်ကြောင့် မကြာခဏ လာ​ရသနည်း

ကမ္ဘာ​တစ်ဝန်း​တွင် ယေဟောဝါသက်သေ​များသည်​တစ်အိမ်​မှ​တစ်အိမ်​ဓမ္မ​အမှု​တွင် ဇွဲရှိ​ရှိပါ​ဝင်​ခြင်း​အတွက်​လူသိ​များ​ပါ​သည်။ သက်သေခံ​များ မကြာခဏ​လာ​ရသည့်​အကြောင်းရင်းကို သိ​လို​သူ​အချို့​ရှိ၏၊ အထူးသဖြင့် သက်သေခံ​များ​၏​သတင်းတရားကို ယခင်​က စိတ်ဝင်စားမှု​သိပ်​မပြ​ခဲ့​လျက်​နှင့် ပြန်လာ​လျှင်​ဖြစ်သည်။ သူတို့​လာ​ရသည့်​အကြောင်းရင်းကို ရုရှား​နိုင်ငံ​မှ စာ​နှစ်စောင်​က အဖြေပေး​ပါ​သည်။

ခါ​ဘာ​ရော့စ်​မြို့မှ မာ​ရှာ​ဟူသော ၁၉ နှစ်အရွယ်​မိန်းကလေး​က “ရိုးရိုးသားသား​ပြော​ရ​ရင် အရင်တုန်းက ယေဟောဝါ​သက်သေတွေကို ရောဂါ​တစ်ခု​လို ကျွန်မ​ဝေးဝေးရှောင်​ခဲ့​တယ်” ဟု​ဝန်ခံ​သည်။ သို့သော် သက်သေခံ​များ​ထုတ်ဝေ​သော မဂ္ဂဇင်း​အချို့​ကို​ဖတ်ရှု​ပြီး​နောက် သူ​သဘောထား​ပြောင်း​သွား​သည်။ မာ​ရှာ​က “ကျွန်မ​ဖတ်​ရတာတွေ​အားလုံး တော်​တော့်​ကို စိတ်ဝင်စားစရာ​ကောင်းပြီး အသိ​လည်း​ကြွယ်​စေပါ​တယ်၊ အရေး​အကြီးဆုံး​က​တော့ လောကကြီး​ကို အမြင်​တစ်မျိုး​နဲ့​ကြည့်မြင်​စေတယ်။ လူတွေကို ဘာကြောင့် အသက်ရှင်ခွင့်​ပေး​ထား​သလဲ​ဆိုတာ​ကို ကျွန်မ​တဖြည်းဖြည်း​နားလည်​လာတယ်။”

ဗလာဒီဗော့စ်တော့မြို့​၏​မြောက်ပိုင်း မိုင် ၅၀ အကွာ​ရှိ ယူ​ဇူ​ရ​စ်ခ်​မြို့မှ ဇ​ဗက်​လာ​နာ​က ဤသို့​ရေးသားခဲ့​သည်– “ကင်းမျှော်စင်​နဲ့ နိုးလော့! ကို မကြာသေး​ခင်​က ကျွန်မ​စ​ဖတ်​ခဲ့​တယ်။ ခုခေတ်​ခု​အခါ​ကြီး​မှာ ဒီလို​မဂ္ဂဇင်း​တွေ​ကို ကျွန်မ​တို့ အရမ်း​လိုအပ်​နေပြီ။ ဆောင်းပါး​အားလုံး ဖတ်​လို့​သိပ်​ကောင်း​တာ​ပဲ။ တကယ်​စိတ်ဝင်စားစရာ​ဖြစ်​ပြီး ဗဟုသုတ​တိုး​စေ၊ အသိ​လည်း​ကြွယ်​စေပါ​တယ်။ ကျေးဇူး​တင်​ပါ​တယ်! ဒီ​လောကမှာ​နေပြီး ဒီလို​ကြင်နာ​တဲ့ မရှိမဖြစ်​လိုအပ်​တဲ့​လုပ်ငန်း​ကို လုပ်ဆောင်​နေတဲ့​အတွက် သင်တို့ကို ကျေးဇူး​တင်​လို့​မဆုံး​ပါ​ဘူး။”

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် “ဟောပြောသော​သူ​မ​ရှိလျှင် အဘယ်​သို့ [လူ​တို့] ကြား​နိုင်​မည်​နည်း” ဟူသော တမန်​တော်​ပေါလု​၏ စဉ်းစား​တွေးတော​စေသည့်​မေးခွန်း​ကို အလေးထား​ကြသည်။ (ရောမ ၁၀:၁၄) သက်သေခံ​များ သင့်ထံ​သို့ နောက်​တစ်ကြိမ်​လာသော​အခါ မိနစ်​အနည်းငယ် အချိန်ပေး​နားထောင်​ကြည့်​ပါ​လေ။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာ​ကျမ်းစာ​ပါ နှစ်သိမ့်မှု​ပေး​သော​သတင်းတရားကို အသင်​လည်း နှစ်ခြိုက်​သွားပေ​မည်။