မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လှည့်စားခြင်းကို သတိပြုရှောင်ရှားလော့

လှည့်စားခြင်းကို သတိပြုရှောင်ရှားလော့

လှည့်စားခြင်း​ကို သတိပြု​ရှောင်ရှား​လော့

“အချည်းနှီး​သော​ပရိယာယ်​အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူ​မဖျက်ဆီး​စေခြင်း​ငှာ သတိပြု​ကြလော့။”—ကောလောသဲ ၂:၈

၁-၃။ (က) လှည့်စားခြင်း​သည် နေ့စဉ်​ဘဝ​အသက်တာ​၏ ကဏ္ဍ​အားလုံးနီးပါး​တွင်​ရှိကြောင်း အဘယ်​သာဓက​များ​က ဖော်ပြ​သနည်း။ (ခ) ဤ​လောက​ရှိ​လှည့်စားမှု​များ​ကို အဘယ်ကြောင့် မအံ့သြ​သင့်​သနည်း။

“ခင်ဗျား​တို့​ထဲမှာ အမှုသည်​တစ်ဦး လိမ်ညာ​ပြောဆို​တာ​ကို တစ်ခါ​မှ​မကြုံဖူး​သူ ဘယ်​နှစ်ယောက်​ရှိသလဲ။” လွန်ခဲ့သော​နှစ်​အနည်းငယ်​က ဥပဒေ​ပါမောက္ခ​တစ်ဦး​သည် အဆိုပါ​မေးခွန်း​မေး၍ ဆန်းစစ်​လေ့လာ​ခဲ့​သည်။ အဖြေ​ကား မည်သို့​နည်း။ သူ​ဤသို့​ရှင်းပြသည်– “ထောင်နှင့်ချီ​သော​ရှေ့နေ​များ​ထဲ​တွင် အမှုသည်​၏ လိမ်ညာ​ပြောဆိုခြင်း​မခံရ​ဖူး​သူ တစ်ဦး​သာ​ရှိ၏။” အကြောင်းရင်း​ကား အဘယ်နည်း။ “ထို​ရှေ့နေ​သည် ကုမ္ပဏီ​ကြီး​တစ်ခု​၌ အလုပ်ဝင်​ခါ​စ​ဖြစ်​ပြီး အမှုသည်​တစ်ဦး​နှင့်​မျှ စကား​မပြောဖူး​သေး​ချေ။” ဤ​အဖြစ်အပျက်က ယနေ့ လောကတွင် လိမ်လည်​ခြင်း​နှင့် လှည့်စားခြင်း​သည် အဆန်း​မဟုတ်​တော့​ဟူသော ဝမ်းနည်းဖွယ်​အဖြစ်ကို ဖော်ပြ​ပါ​သည်။

လှည့်စားခြင်း​သည် ပုံစံ​အမျိုးမျိုး​ရှိပြီး မျက်မှောက်ခေတ်​ဘဝ​ကဏ္ဍ အားလုံးနီးပါး​တွင် ရှိသည်။ လူထု​ဆက်သွယ်ရေး​သတင်း​များ​တွင် လှည့်စားခြင်း​ပုံစံ​အမျိုးမျိုး​ဖြစ်သည့် နိုင်ငံရေး​ဆိုင်ရာ​များ​က မိမိတို့၏​လုပ်ရပ်များ​ကို လိမ်လည်​ပြောဆိုခြင်း၊ စာရင်း​ကိုင်​များနှင့် ရှေ့နေ​များ​က ကော်ပိုရေးရှင်း​နှင့်​ဆိုင်သော အမြတ်​ငွေ​များ​ကို ချဲ့ကား​ပြောဆိုခြင်း၊ ကြော်ငြာ​ရှင်​များ​က သုံးစွဲ​သူများကို ယုံမှား​စေခြင်း၊ အမှုသည်​များ​က အာမခံကုမ္ပဏီ​များ​ကို လိမ်လည်​လှည့်ဖြားခြင်း အစ​ရှိသည်​တို့​မှာ အနည်းငယ်​မျှ​ဖြစ်သည်။ ထို့​ပြင် ဝတ်ပြုရေး​လှည့်စားမှု​လည်း ရှိသေး​သည်။ ဓမ္မ​ဆရာများ​သည် မသေ​နိုင်သော​စိုးလ်၊ မီးငရဲ​နှင့်​သုံးပါး​ပေါင်း​တစ်ဆူ​စ​သည့် မှားယွင်းသော​အယူအဆ​များ​ကို သွန်သင်​ပေးခြင်း​ဖြင့် လူထု​ကို လမ်းလွဲ​စေ​ကြသည်။—၂ တိမောသေ ၄:၃၊ ၄

ဤသို့​သော​လှည့်စားမှု​များ​ကို ကျွန်ုပ်​တို့ အံ့သြ​သင့်​သလော။ လုံးဝ​မအံ့သြ​သင့်​ပါ။ ‘နောက်ဆုံး​ကာလ’ နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ဤသို့​သတိပေး​ထား​သည်– “ဆိုးညစ်သော​သူ၊ လှည့်ဖြား​သော​သူတို့မူကား၊ သူတစ်ပါးကို​လည်းကောင်း၊ ကိုယ်ကို​လည်းကောင်း​လှည့်ဖြား​၍ ဆိုးညစ်ခြင်း​၌ တရွေ့ရွေ့​တိုးပွား​ကြလိမ့်မည်။” (၂ တိမောသေ ၃:၁၊ ၁၃) ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် အမှန်တရား​မှ သွေဖည်​သွား​စေနိုင်​သော အထင်အမြင်​မှား​စေသည့် အယူအဆ​များ​ကို သတိထား​ကြ​ရမည်။ သို့ဖြင့် ဤ​မေးခွန်း​နှစ်ခု အလိုအလျောက်​ပေါ်လာ​ပါ​သည်– လှည့်စားခြင်း​သည် ယနေ့ အဘယ်ကြောင့် ဤမျှ​ပျံ့နှံ့​နေရ​သနည်း၊ လှည့်စား​မခံရ​ရန် မည်သို့​သတိပြု​ရှောင်ရှား​နိုင်​သနည်း။

လှည့်စားခြင်း ယနေ့ အဘယ်ကြောင့် ဤမျှ​များ​ရသနည်း

၄။ ဤ​လောက​၌ လှည့်စားမှု​ပျံ့နှံ့​ရသည့်​အကြောင်းရင်းကို သမ္မာကျမ်းစာ​က မည်သို့​ရှင်းပြ​သနည်း။

ဤ​လောကတွင် လှည့်စားခြင်း​ပျံ့နှံ့​နေရ​သည့်​အကြောင်းရင်းကို သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​ပါ​သည်။ တမန်​တော်​ယောဟန်​က ‘ဤ​လောက​တစ်ခုလုံး​သည် ဆိုးညစ်သူ​၏​တန်ခိုး​ဩဇာ​အောက်တွင် ရောက်နေ​သည်’ ဟု​ရေးသားခဲ့​သည်။ (၁ ယောဟန် ၅:၁၉က​ဘ) ထို ‘ဆိုးညစ်သူ’ မှာ စာတန်​ဖြစ်၏။ သူနှင့်​စပ်လျဉ်း၍ ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သူ၌ [အမှန်] တရား​မရှိသော​ကြောင့် [အမှန်] တရား၌​မတည်​မနေ။ သူသည် မုသာ​စကား​ကို​ပြော​သောအခါ မိမိ​ပကတိ​အတိုင်း​ပြော​၏။ မုသာ​စကား​၌ ကျင်လည်​သော​သူ​ဖြစ်၏။ မုသာ​၏​အဘ​လည်း​ဖြစ်၏။” သို့​ဖြစ်၍ ၎င်း​အုပ်စိုးရှင်​၏​စိတ်ဓာတ်၊ စံ​များနှင့် လှည့်စား​တတ်​သည့်​ဉာဉ်​များ​ကို ဤ​လောက​ရောင်ပြန်ဟပ်​ခြင်း​သည် အံ့အားသင့်​စ​ရာ​လော။—ယောဟန် ၈:၄၄; ၁၄:၃၀; ဧဖက် ၂:၁-၃

၅။ ဤ​ဆုံးခန်း​ကာလ​တွင် စာတန်​သည် မည်သို့ အားသွန်ခွန်စိုက် လှည့်စား​လျက်​ရှိ​သနည်း၊ အဓိက​အနေ​နှင့် မည်သူ​တို့ကို သူ​ပစ်မှတ်​ထား​သနည်း။

ဤ​ဆုံးခန်း​ကာလ​တွင် စာတန်​သည် အရှိန်အဟုန်ပြင်း​စွာ ကြိုးပမ်း​လျက်​ရှိ၏။ သူသည် မြေကြီးပေါ်​သို့ ပစ်ချ​ခံ​ခဲ့​ရပြီ။ သူ၏​အချိန် တစ်ခဏ​သာ​ကျန်ရှိ​ကြောင်း သူသိ​ထား​ရာ “ပြင်းစွာ​သော​ဒေါသ​အမျက်” ထွက်​နေသည်။ လူများ​နိုင်​သမျှ​များစွာ ပျက်စီး​စေဖို့ သူ​စိတ်ပိုင်းဖြတ်​ထား​ရာ “ဤ​လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား” နေသည်။ (ဗျာ. ၁၂:၈၊ ၉၊ ၁၂) စာတန်​သည် အခါ​အား​လျော်​စွာ လှည့်စား​တတ်​သူ​မဟုတ်ပါ။ ယင်းအစား လူ​တို့ကို​လမ်းလွဲ​စေဖို့ မရပ်မနား​ကြိုးပမ်း​နေ​၏။ * သူသည် မယုံကြည်​သူများ​၏​ဉာဏ်​မျက်စိ​ကို ကွယ်​စေပြီး ဘုရားသခင်​ထံ​မှ ဝေးကွာ​သွား​စေဖို့ ပရိယာယ်​နှင့် သစ္စာဖောက်​မှု​အပါအဝင် သူ၏​လက်နက်​တိုက်​ထဲ​မှ ရှိသမျှ​လှည့်စား​နည်း​များ​ကို သူ​ထုတ်သုံး​ပါ​သည်။ (၂ ကောရိန္သု ၄:၄) ဤ​လှည့်စားသူ​ကြီး​သည် ဘုရားသခင်​အား ‘စိတ်ဖြင့်​လည်းကောင်း၊ အမှန်တရားဖြင့်​လည်းကောင်း’ ဝတ်ပြု​နေကြ​သူများကို​မျို​ရန် အထူး​အာရုံစိုက်​နေ​၏။ (ယောဟန် ၄:၂၄; ၁ ပေတရု ၅:၈) စာတန်​က ‘ကျွန်ုပ်​သည် မည်သူ​ကို​မဆို ဘုရားသခင်​နှင့်​ဝေးကွာ​သွား​စေနိုင်​သည်’ ဟု တစ်နည်း​အားဖြင့် ပြောဆို​ခဲ့​ကြောင်း ဘယ်​သောအခါ​မျှ မမေ့​ပါ​နှင့်။ (ယောဘ ၁:၉-၁၂) စာတန်​၏ “လှည့်စား​တတ်သော​နည်း​ဗျူဟာ” အချို့​နှင့် ၎င်းတို့ကို မည်သို့ သတိပြု​နိုင်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။—ဧဖက် ၆:၁၁ဂျူး​ဓမ္မသစ်​ကျမ်း။

အယူဖောက်ပြန်သူ​များ​၏ လှည့်စားခြင်း​ကို သတိပြု​ရှောင်ရှား​လော့

၆၊ ၇။ (က) အယူဖောက်ပြန်သူ​များသည် မည်သို့​ဆို​တတ်ကြ​သနည်း။ (ခ) အယူဖောက်ပြန်သူ​များသည် အဘယ်အရာကို​အလိုရှိ​ကြောင်း သမ္မာကျမ်းစာ​က မည်သို့​အတိအလင်း​ဖော်ပြ​သနည်း။

စာတန်​သည် အယူဖောက်ပြန်သူ​များ​ကို​အသုံးပြု၍ ဘုရားသခင့်​ကျေးကျွန်​များ​ကို လှည့်ဖြား​ခဲ့​သည်​မှာ ကြာမြင့်​ပေ​ပြီ။ (မဿဲ ၁၃:၃၆-၃၉) အယူဖောက်ပြန်သူ​များသည် ယေဟောဝါ​အား ဝတ်ပြု​ပြီး သမ္မာကျမ်းစာ​ကို ယုံကြည်​သည်​ဟု ဆို​ကြသော်လည်း ကိုယ်တော်​၏​မျက်မြင်ရ​အဖွဲ့အစည်း​ကို​ကား ငြင်းပယ်​ကြသည်။ အချို့​တို့သည် မှားယွင်းသော​ကမ္ဘာ့​အင်ပါယာ၊ ‘မဟာ​ဗာဗုလုန်’ ၏​အယူ​များ​ဖြစ်သော ဘုရားသခင်​ကို​ရှုတ်ချ​သည့် အယူဝါဒ​များ​ကို​ပင် ပြန်​လက်ခံ​ကြသည်။ (ဗျာ. ၁၇:၅; ၂ ပေတရု ၂:၁၉-၂၂) ကျမ်း​ရေးသူ​များသည် ဘုရားသခင့်​မှုတ်သွင်းမှု​အောက် ပြင်းထန်သော​စကားလုံး​များ​ကို​အသုံးပြုပြီး အယူဖောက်ပြန်သူ​များ​၏ ရည်ရွယ်ချက်များ​နှင့် နည်းလမ်းများ​ကို ဖော်ထုတ်​ခဲ့​ကြသည်။

အဆိုပါ​အယူဖောက်ပြန်သူ​များ​၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ အယူဖောက်ပြန်သူ​အများစု​သည် တစ်ချိန်က အမှန်တရား​ဟု သူတို့​လက်ခံခဲ့​ကြသော ယုံကြည်ခြင်း​တရားကို စွန့်ခွာ​သွား​ရုံ​နှင့် မကျေနပ်​ကြ​ချေ။ အများအားဖြင့် အခြားသူများ​ကိုလည်း သူတို့​နည်းတူ ယုံကြည်​လက်ခံ​စေ​လို​ကြသည်။ ဤ​အယူဖောက်ပြန်သူ​များသည် ကိုယ်တိုင်​တပည့်​များ ထွက်​ရှာ​မည့်​အစား ‘တပည့်​တို့ [တစ်နည်း​အားဖြင့်၊ ခရစ်တော်​၏​တပည့်​များ] ကို မိမိတို့​နောက် ... လိုက်​စေရန် လိမ်လည်​ဟောပြော’ သွေးဆောင်ဖို့ ရှာကြံ​ကြသည်။ (တမန်​တော် ၂၀:၂၉၊ ၃၀သ​မ) ဆရာ​အတုအယောင်​များနှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​က ဤသို့ အရေးတကြီး သတိပေး​ခဲ့​သည်– “ပရိယာယ်​အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူ​မဖျက်ဆီး​စေခြင်း​ငှာ သတိပြု​ကြလော့။” (ကောလောသဲ ၂:၈) ယင်းက အယူဖောက်ပြန်သူ​အများ ကြိုးပမ်း​နေကြ​ရာ​ကို မဖော်​ပြ​ပေ​လော။ ပြန်ပေးဆွဲ​သူ​တစ်ဦး​သည် သတိ​မရှိသူ​တစ်ဦး​ကို သူ၏​မိသားစု​အသိုင်းအဝိုင်း​မှ ဆွဲခေါ်​သွား​တတ်​သကဲ့သို့ အယူဖောက်ပြန်သူ​များသည် ယုံ​လွယ်​လွန်း​သော အသင်းသားများ​ကို သိုးစု​ကြား​မှ လုယူ​ဆွဲထုတ်​တတ်ကြ​သည်။

၈။ အယူဖောက်ပြန်သူ​များသည် မိမိတို့​ရည်ရွယ်ချက်​အောင်မြင်​စေဖို့ အဘယ်နည်း​များ​ကို အသုံးပြု​ကြ​သနည်း။

အယူဖောက်ပြန်သူ​များသည်​သူတို့၏​ရည်ရွယ်ချက် အောင်မြင်​စေဖို့ အဘယ်နည်း​များ​ကို အသုံးပြု​တတ်ကြ​သနည်း။ လို​ရာ​ဆွဲ​၍ မမှန်မကန်​ပြောဆိုခြင်း၊ မမှန်​တစ်ဝက်​မှန်​တစ်ဝက်​စကား​များနှင့် မုသာ​စကား​များ​ကို သူတို့​အသုံးပြုလေ့​ရှိသည်။ ယေရှု၏​နောက်လိုက်​များသည် “မုသာ​ပြစ်တင်ခြင်း​အမျိုးမျိုး” ပြောသူ​တို့၏ လှည့်စားခြင်း​ကို ခံရ​မည်​ဖြစ်​ကြောင်း ကိုယ်တော်​သိ​နှင့်​သည်။ (မဿဲ ၅:၁၁သ​မ) အဆိုပါ မလို​တ​မာ​ဆန့်ကျင်သူ​များသည် အခြား​သူများကို​လှည့်စား​ရန်​အကြံ​ဖြင့် မဟုတ်မမှန်​ပြောဆို​ကြ​ပေမည်။ မိမိတို့​ရည်ရွယ်ချက်​အောင်မြင်​စေရန် ‘ပရိယာယ်​ဆင်​သော​စကား​များ’ အသုံးပြု၍ ‘လှည့်စား​တတ်သော​သွန်သင်ချက်​များ’ ပျံ့နှံ့​စေ​ကာ ‘ကျမ်းစာ​ကို မှောက်လှန်’ ကြ​မည့်​အယူဖောက်ပြန်သူ​များ​အကြောင်း တမန်​တော်​ပေတရု သတိပေး​ခဲ့​သည်။ (၂ ပေတရု ၂:၃၊ ၁၃; ၃:၁၆) ဝမ်းနည်းစရာမှာ ဤ​အယူဖောက်ပြန်သူ​များသည် “အချို့​သော​သူတို့၏​ယုံကြည်ခြင်းကို မှောက်လှန်” နိုင်​ခဲ့​ခြင်း​ဖြစ်သည်။—၂ တိမောသေ ၂:၁၈

၉၊ ၁၀။ (က) အယူဖောက်ပြန်သူ​များ​၏ လှည့်စားခြင်း​ကို ကျွန်ုပ်​တို့ မည်သို့ သတိပြု​ရှောင်ရှား​နိုင်​သနည်း။ (ခ) ဘုရားသခင့်​ရည်ရွယ်ချက်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​သိနားလည်မှုကို ပြုပြင်​ပြောင်းလဲစရာ​လိုလျှင် အဘယ်ကြောင့် စိတ်​အနှောင့်အယှက်​မဖြစ်​ကြ​သနည်း။

အယူဖောက်ပြန်သူ​များ​၏ လှည့်စားခြင်း​ကို ကျွန်ုပ်​တို့ မည်သို့​သတိပြု​ရှောင်ရှား​နိုင်​သနည်း။ “သင်တို့​ခံရ​ပြီး​သော​ဆုံးမ[စကား]နှင့် ဆန့်ကျင်ဘက်​ဖြစ်သော သင်း​ခွဲခြင်း၊ မှားယွင်း​ခြင်း​အကြောင်းကို​ပြု​တတ်သော​သူတို့ကို​မှတ်၍ ရှောင်​ကြလော့”ဟူသော သမ္မာကျမ်းစာ​အကြံပေး​ချက်​ကို​လိုက်နာခြင်း​အားဖြင့်​ဖြစ်သည်။ (ရောမ ၁၆:၁၇) သူတို့​ကိုယ်တိုင် တင်ပြ​ပြောဆို​သည်​ဖြစ်စေ၊ ပုံနှိပ်​စာပေ သို့​မဟုတ် အင်တာနက်​မှ​တစ်ဆင့်​ဖြစ်စေ သူတို့​ဖြန့်​သော ကျိုးကြောင်း​ဆင်ခြင်မှု​များ​ကို ရှောင်ရှား​ခြင်း​ဖြင့် “သူတို့ကို ... ရှောင်​ကြ” သည်။ ထိုသို့ အဘယ်ကြောင့်​ရပ်တည်​ကြ​ရသနည်း။ ပထမ​အကြောင်းရင်း​မှာ ထိုသို့​ပြု​ရန် သမ္မာကျမ်းစာ​က ညွှန်ကြား​ထားပြီး ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အကောင်းဆုံး​အကျိုးကို အစဉ်​လိုလား​ကြောင်း ယုံကြည်​စိတ်ချ​သောကြောင့်​ဖြစ်သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈

၁၀ ဒုတိယ​မှာ ကျွန်ုပ်​တို့ကို မဟာ​ဗာဗုလုန်​နှင့် တ​သီး​တခြား​ဖြစ်စေ​သော အဖိုးတန်​အမှန်တရား​များ သွန်သင်ပေး​သည့်​အဖွဲ့အစည်း​ကို ချစ်သော​ကြောင့်​ဖြစ်သည်။ တစ်ကြိမ်​တည်း​တွင် ဘုရားသခင့်​ရည်ရွယ်ချက်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​သိရှိ​ထားသော​ပညာ​သည် မပြည့်စုံ​သေး​ကြောင်း အသိအမှတ်ပြု​ကြသည်; နှစ်များ​တစ်လျှောက် ကျွန်ုပ်​တို့၏​သိနားလည်မှု​သည် ပြုပြင်​သန့်စင်​ခံ​ခဲ့​ရပြီ။ ယင်း​သို့​သော သန့်စင်မှု​ခပ်သိမ်း​အတွက် တည်ကြည်သော​ခရစ်ယာန်​များသည်​ယေဟောဝါ​အား ကျေနပ်​စွာ စောင့်မျှော်​ကြ​၏။ (သု. ၄:၁၈) ဤ​အတောအတွင်း ဘုရားသခင်​အသုံးပြု​သော​အဖွဲ့အစည်း​အပေါ် ကိုယ်တော်​ကောင်းချီး​ပေး​နေကြောင်း​ထင်ရှား​ရာ ၎င်း​အဖွဲ့အစည်း​ကို ကျွန်ုပ်​တို့​စွန့်ပယ်​မည်​မဟုတ်ပါ။—တမန်​တော် ၆:၇; ၁ ကောရိန္သု ၃:၆

မိမိကိုယ်ကို​လှည့်စားခြင်း သတိပြု ရှောင်ရှား​လော့

၁၁။ မစုံလင်သူ​လူသားများ​သည် မိမိကိုယ်ကို အဘယ်ကြောင့် လှည့်စား​တတ်​သနည်း။

၁၁ မစုံလင်သူ​လူသားများ​တွင် စာတန်​အခွင့်ကောင်း​ယူ အသုံးပြုလေ့​ရှိသော စိတ်သဘောထား​တစ်ခု​မှာ မိမိကိုယ်ကို​လှည့်စားခြင်း​ဖြစ်သည်။ “စိတ်နှလုံး​သည် ခပ်သိမ်း​သော​အရာ​ထက် စဉ်းလဲ​တတ်၏။ အလွန်​ယိုယွင်းသော​သဘော​ရှိ၏” ဟု​ယေရမိ ၁၇:၉ က​ဆို​၏။ ယာကုပ်ကလည်း “မိမိ​တပ်မက်သော​စိတ် ဆွဲငင်​ဖြားယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ အပြစ်​သွေးဆောင်ခြင်း​သို့​ရောက်​တတ်၏” ဟု​ရေးသားခဲ့​သည်။ (ယာကုပ် ၁:၁၄) ကျွန်ုပ်​တို့၏​နှလုံးသား​က ပါသွား​ပြီ​ဆိုလျှင် အပြစ်ပြု​လို​စိတ်​မှာ တ​လိပ်​လိပ်​တက်လာ​ပြီး အန္တရာယ်​လည်း​ရှိ​ပုံ​မရ၊ ပြု​ချင်​စ​ရာ​လည်း ကောင်း​၏​ဟု မြင်လာ​တတ်​သည်။ ထိုသို့​ရှုမြင်ခြင်း​သည် ထင်ယောင်ထင်မှား​ဖြစ်စေ​၏၊ အကြောင်း​မှာ အလျှော့ပေး​လိုက်လျော​ခြင်း​သည် အဆုံး​တွင် ပျက်စီး​စေ​သည်။—ရောမ ၈:၆

၁၂။ ကျွန်ုပ်​တို့သည် အဘယ်​နည်းများဖြင့် မိမိကိုယ်ကို​လှည့်စား​နိုင်​သနည်း။

၁၂ မိမိကိုယ်ကို​လှည့်စားခြင်း​သည် ကျွန်ုပ်​တို့ကို အလွယ်တကူ ကျော့မိ​စေနိုင်​သည်။ စဉ်းလဲ​သော​နှလုံး​သည် ပင်ကို​အားနည်းချက်​ကြီး​တစ်ခု​ကို လျှောချ​လိုက်​နိုင်၏၊ သို့​မဟုတ် ကြီး​လေး​သော​အပြစ်​တစ်ခု​အတွက် ဆင်ခြေပေး​တတ်​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၅:၁၃-၁၅၊ ၂၀၊ ၂၁) ထို့​ပြင် ကျွန်ုပ်​တို့၏ ယိုယွင်းသော​နှလုံး​သည် ဒွိဟ​ဖြစ်ဖွယ်​အမူအကျင့်ကို ရှာကြံ​ဆင်ခြေပေး​တတ်​သည်။ ဥပမာ​အနေ​နှင့် ဖျော်ဖြေမှု​ကိစ္စ​ကို သုံးသပ်ကြည့်​ပါ။ ဖျော်ဖြေမှု​အချို့​သည် သင့်မြတ်​လျော်​ကန်​ပြီး ပျော်ရွှင်စရာ​ကောင်း​၏။ သို့သော် ရုပ်ရှင်​များ၊ ရုပ်မြင်သံကြား​အစီအစဉ်များ​နှင့် အင်တာနက်​မှ ဤ​လောက​တင်ဆက်​သော ဖျော်ဖြေမှု​အများအပြား​သည် ညစ်ညမ်း​၍ အကျင့်ပျက်​၏။ အဘယ်​အန္တရာယ်​မျှ​မရှိဘဲ ယုတ်ညံ့​သော​ဖျော်ဖြေမှု​ကို ရှုစား​နိုင်​ပါ​သည်​ဟု မိမိကိုယ်ကို​လှည့်ဖြား​ဖို့ လွယ်ကူ​သည်။ အချို့​က “ကျွန်တော့်​သိစိတ်​ကမှ အနှောင့်အယှက်​မပေး​တာ၊ ဘာ​မှား​လို့လဲ” ဟု​ပင် ဆင်ခြေပေး​ကြသည်။ သို့သော် ထို​သူတို့သည် ‘မှားယွင်းသော​ကျိုးကြောင်း​ဆင်ခြင်မှု​ဖြင့် မိမိတို့​ကိုယ်ကို​လှည့်စား’ နေကြ​ခြင်း​ဖြစ်၏။—ယာကုပ် ၁:၂၂

၁၃၊ ၁၄။ (က) ကျွန်ုပ်​တို့၏​သိစိတ်​သည် အစဉ်​စိတ်ချ​ရသော​လမ်းညွှန်​မဟုတ်​ကြောင်း အဘယ်​ကျမ်းစာ​နမူနာ​က ဖော်ပြ​သနည်း။ (ခ) မိမိကိုယ်ကို​လှည့်စားခြင်း​ကို မည်သို့ သတိပြု​ရှောင်ရှား​နိုင်​သနည်း။

၁၃ မိမိကိုယ်ကို​လှည့်စားခြင်း​ကို မည်သို့ သတိပြု​ရှောင်ရှား​နိုင်​သနည်း။ ဦးဆုံး​သတိရ​ရမည်​မှာ လူ့​သိစိတ်​သည် အစဉ်​ယုံကြည်​စိတ်ချ​၍​မရ​ကြောင်း​ဖြစ်သည်။ တမန်​တော်​ပေါလု​၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ ခရစ်ယာန်​တစ်ဦး​ဖြစ်​မလာ​မီ​က သူသည် ခရစ်တော်​၏​နောက်လိုက်​များ​ကို နှိပ်စက်​ညှဉ်းပန်း​ခဲ့​သည်။ (တမန်​တော် ၉:၁၊ ၂) ထို​စဉ်​က သူ၏​သိစိတ်​သည် သူ့ကို​အနှောင့်အယှက်​ပေး​ခဲ့​မည်​မဟုတ်။ သို့သော် သူ၏​သိစိတ်​သည် တလွဲ​ညွှန်ကြားခံ​ခဲ့​ရ​ကြောင်း ထင်ရှား​သည်။ “ထိုသို့​ငါ​ပြုသော​အခါ ယုံခြင်း​မရှိ၊ အမှန်​မသိဘဲ​ပြု” မိ​သည်​ဟု ပေါလု​ဝန်ခံ​သည်။ (၁ တိမောသေ ၁:၁၃) ထို့​ကြောင့် တစ်စုံတစ်ခု​သော​ဖျော်ဖြေမှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​သိစိတ်​က အနှောင့်အယှက်​မပေး​ရုံ​ဖြင့် ကျွန်ုပ်​တို့၏​လမ်းစဉ် မှန်သည်​ဟု တထစ်ချ မပြော​နိုင်​ချေ။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဖြင့် အသေအချာ လေ့ကျင့်​ထား​သည့် ကျန်း​ခံ့​သော​သိစိတ်​က​သာ​လျှင် စိတ်ချ​ရသော လမ်းညွှန်​ဖြစ်​နိုင်​သည်။

၁၄ မိမိကိုယ်ကို​လှည့်စားခြင်း​ကို ရှောင်နိုင်ဖို့ စိတ်​စွဲမှတ်​ထား​ရမည့် အထောက်အကူ​ပြု အကြံပေး​ချက်​အချို့​ရှိပါ​သည်။ ဆုတောင်း၍ မိမိကိုယ်ကို​ဆန်းစစ်​ကြည့်​ပါ။ (ဆာလံ ၂၆:၂; ၂ ကောရိန္သု ၁၃:၅) မိမိကိုယ်ကို ရိုးရိုးသားသား​ဆန်းစစ်​ကြည့်​ခြင်း​က သင်၏​ရှုမြင်ပုံ သို့​မဟုတ် လမ်းစဉ်​များ​ကို အနည်းငယ်​ပြုပြင်​ပြောင်းလဲ​ဖို့​လို​ကြောင်း သိမြင်​စေနိုင်​သည်။ အခြားသူများ​ပြော​သော​စကား​ကို နားထောင်ပါ။ (ယာကုပ် ၁:၁၉) မိမိကိုယ်ကို​ဆန်းစစ်ခြင်း​သည် မျက်နှာ​လိုက်​တတ်​သဖြင့် ရင့်ကျက်သော​ခရစ်ယာန်​ချင်း​တို့၏ ဘက်မလိုက်​ဘဲ​ပြော​သော​စကား​များ​ကို နားထောင်ခြင်း​သည် ပညာရှိရာ​ရောက်​၏။ မျှတသော​အမြင်​ရှိပြီး အတွေ့အကြုံရင့်​ကျက်​သူ ယုံကြည်သူချင်း​တို့၏​အမြင်​တွင် သင်၏​ဆုံးဖြတ်ချက်​များနှင့် အပြု​အမူ​တို့သည် ယုံမှား​သံသယဖြစ်ဖွယ်​ရှိ​မည်​ဆိုလျှင် မိမိကိုယ်ကို ဤသို့​မေးမြန်း​သင့်​သည်– ‘ကျွန်ုပ်​ရဲ့​သိစိတ်ကို ကောင်းစွာ​လေ့ကျင့်​မထား​လို့လား၊ ဒါမှ​မဟုတ် ကျွန်ုပ်​ရဲ့​နှလုံး​က ကျွန်ုပ်​ကို​လှည့်စား​နေတာ​များလား။’ သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​အခြေပြု​စာပေ​စာတမ်း​များ​ကို မှန်မှန်​ဖတ်ရှု​လေ့လာ​ပါ။ (ဆာလံ ၁:၂) ထိုသို့​ပြုခြင်း​က သင်၏​အတွေးအခေါ်​များ၊ သဘောထားများ​နှင့် စိတ်​အာရုံများ​ကို ဘုရားသခင့်​မူများ​နှင့် ကိုက်ညီ​စေပါ​လိမ့်​မည်။

စာတန်​၏​လိမ်လည်မှု​များ​ကို သတိပြု​ရှောင်ရှား​လော့

၁၅၊ ၁၆။ (က) ကျွန်ုပ်​တို့ကို​လှည့်စားဖို့​ကြိုးပမ်း​ရာ​၌ အဘယ်​မုသာ​စကား​များ​ကို စာတန်​အသုံးပြု​သနည်း။ (ခ) ထိုသို့​လိမ်လည်​လှည့်စား​မခံ​ရဖို့ ကျွန်ုပ်​တို့ မည်သို့​ရှောင်နိုင်​မည်​နည်း။

၁၅ စာတန်​သည် လိမ်လည်မှု​အမျိုးမျိုး​သုံးပြီး ကျွန်ုပ်​တို့ကို လှည့်စားဖို့​ကြိုးစား​သည်။ စည်းစိမ်ဥစ္စာ​သည် ပျော်ရွှင်မှု​နှင့် ကျေနပ်မှု​ပေး​သည်​ဟု ကျွန်ုပ်​တို့ကို​ယုံကြည်​စေ​၏၊ သို့သော် ထိုသို့​ဖြစ်လေ့​မရှိ​ချေ။ (ဒေ. ၅:၁၀-၁၂) ကျွန်ုပ်​တို့သည် ‘နောက်ဆုံး​ကာလ’ ၌ အသက်ရှင်နေ​ကြောင်း သိသာ​ထင်ရှား​လျက်​ပင် ဆိုးသွမ်း​သော​ဤ​လောက ထာဝစဉ်​တည်ရှိ​မည်​ဟု ကျွန်ုပ်​တို့ကို ယုံကြည်​စေ​လို​သည်။ (၂ တိမောသေ ၃:၁-၅) အပျော်အပါး​လိုက်စားသူ​များသည် ဝမ်းနည်းဖွယ်​ဆိုးကျိုး​များ ရိတ်သိမ်း​ရလေ့​ရှိ​လျက်​နှင့် အကျင့်​ယိုယွင်းသော​ဘဝ​ပုံစံ​သည် အန္တရာယ်​မရှိ​ဟု စာတန်​က ယူဆ​စေ​လို​သည်။ (ဂလာတိ ၆:၇) ဤသို့​သော​မုသာ​စကား​များ​ဖြင့် လှည့်စား​မခံ​ရဖို့ မည်သို့​ရှောင်နိုင်​မည်​နည်း။

၁၆ ကျမ်းစာ​ပုံ​နမူနာ​များ​မှ အကျိုးကျေးဇူး​ရယူပါ။ စာတန်​၏​လိမ်လည် လှည့်စားခြင်း​ခံ​ခဲ့​ရသူ​တို့၏ သတိပေး​ပုံ​နမူနာ​များစွာ သမ္မာကျမ်းစာ​တွင် ပါရှိ​သည်။ သူတို့သည် စည်းစိမ်ဥစ္စာ​ကို တပ်မက်​ခဲ့​ကြ​၏၊ မိမိတို့​အသက်ရှင်နေ​ရချိန်​ကို မျက်ခြည်ပြတ်​သွား​ကြ​၏၊ အကျင့်​ယိုယွင်း​သွား​ကြ​၏၊ သူတို့​အားလုံး ဆိုးကျိုး​များ​ခံစား​ခဲ့​ကြ​ရသည်။ (မဿဲ ၁၉:၁၆-၂၂; ၂၄:၃၆-၄၂; လုကာ ၁၆:၁၄; ၁ ကောရိန္သု ၁၀:၈-၁၁) မျက်မှောက်ခေတ်​ပုံ​နမူနာ​များ​မှ သင်ခန်းစာ​ယူပါ။ ဝမ်းနည်းစရာ​ကား ခရစ်ယာန်​အချို့​သည် သူတို့၏​အရေးတကြီး​သဘောထား ရံဖန်ရံခါ ပျောက်ဆုံး​သွားပြီး ဘုရားသခင့်​အမှုတော်​ဆောင်​ကြ​ခြင်း​ကြောင့် မိမိတို့ ဆုံးရှုံး​နစ်နာ​သည်​ဟု ယူမှတ်​လာ​ကြ​ခြင်း​ဖြစ်သည်။ ထို​အခါ ပျော်စရာ​ဟု​ယူမှတ်​သော​ဘဝကို လိုက်စားဖို့ အမှန်တရားကို သူတို့​စွန့်ခွာ​သွား​နိုင်​သည်။ သို့သော် ဤ​သူတို့သည် “ချော​သော​အရပ်၌” ရှိနေကြ​၏၊ အကြောင်း​မှာ ဘုရားသခင်​ရေးရာ​မ​ဆန်​သော အမူအကျင့်များ​၏ ဆိုးကျိုး​များ​ကို နောက်ဆုံး​ခံစား​ကြ​ရသော​ကြောင့်​ဖြစ်၏။ (ဆာလံ ၇၃:၁၈၊ ၁၉) သူတစ်ပါး​၏​အမှား​မှ သင်ခန်းစာယူ​ခြင်း​သည် ပညာရှိ​လမ်းစဉ်​ဖြစ်သည်။—သု. ၂၂:၃

၁၇။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ချစ်​လည်း​မချစ်၊ တန်ဖိုး​လည်း​မထား ဟူသော မုသာ​စကား​ကို စာတန် အဘယ်ကြောင့်​မြေ​တောင်​မြှောက်​ပေး​သနည်း။

၁၇ စာတန် ထိရောက်​စွာ​အသုံးပြုလျက်​ရှိသော မုသာ​စကား​နောက်တစ်ခု​မှာ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို​ချစ်​လည်း​မချစ်၊ တန်ဖိုး​လည်း​မထား​ဟူ၍​ဖြစ်၏။ စာတန်​သည် မစုံလင်သူ​လူသားများ​ကို နှစ်ပေါင်း​ထောင်ချီ လေ့လာ​သုံးသပ်​ခဲ့ပြီ။ စိတ်ဓာတ်ကျ​ဆင်း​မှု​သည် ကျွန်ုပ်​တို့ကို ပျော့​ညံ့​စေနိုင်​ကြောင်း သူ​ကောင်းကောင်း​သိထား​သည်။ (သု. ၂၄:၁၀) ထို့​ကြောင့် ကျွန်ုပ်​တို့ကို ဘုရားသခင်​တန်ဖိုး​မထား​ဟူသော​မုသာ​ကို သူ​မြေ​တောင်​မြှောက်​ပေး​၏။ ကျွန်ုပ်​တို့သည် “အောက်​သို့​လှဲ​ခြင်း​ကို​ခံရ” သဖြင့် ကျွန်ုပ်​တို့ကို ယေဟောဝါ​ဂရုမစိုက်​ဟု ယူမှတ်​လာ​ပါ​က လက်လျှော့​အရှုံးပေး​လို​ပေမည်။ (၂ ကောရိန္သု ၄:၉) ထိုသို့​ပင် မဟာ​လှည့်စားသူ​ကြီး ဖြစ်စေ​လို​၏! သို့​ဖြစ်၍ စာတန်​၏ ဤ​မုသာ​စကား​ဖြင့် လှည့်စား​ခံရ​ခြင်း​ကို ကျွန်ုပ်​တို့ မည်သို့​ရှောင်နိုင်​မည်​နည်း။

၁၈။ ယေဟောဝါ​၏​မေတ္တာတော်ကို သမ္မာကျမ်းစာ​က မည်သို့​စိတ်ချ​စေ​သနည်း။

၁၈ ကျွန်ုပ်​တို့​အပေါ်​ထား​ရှိသည့် ဘုရားသခင့်​မေတ္တာ​အကြောင်း သမ္မာကျမ်းစာ​အဆိုကို တွေးတော​ဆင်ခြင်​ပါ။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဂရုစိုက်​တော်​မူ​ပြီး တစ်ဦးချင်း​စီ​ကို ချစ်​မြတ်နိုး​ကြောင်း စိတ်ချ​စေရန် သမ္မာကျမ်းစာ​က ထိမိ​စွာ စာ​ဖြင့်​ပုံဖော်​ထား​သည်။ ကိုယ်တော်​သည် သင်၏​မျက်ရည်​တို့ကို “ဘူး” ထဲ​ထည့်​ထားခြင်း​က ကိုယ်တော်​အား​တည်ကြည်​ဖို့ သင်​ကြိုးစား​ရာ​၌ ကျ​သမျှ​မျက်ရည်​တို့ကို ကိုယ်တော်​မြင်​၍ သတိရ​တော်​မူ​၏​ဟု​ဆိုလို​သည်။ (ဆာလံ ၅၆:၈) သင် “နှလုံး​ကြေကွဲ” သည့်​အခါ ကိုယ်တော်​သိတော်မူပြီး ထို​အချိန်​အခါ​မျိုး​တွင် သင့်​အနီးအပါး​၌​ရှိ​တော်​မူ​၏။ (ဆာလံ ၃၄:၁၈သမ္မာ) ‘သင့်​ဆံပင်’ ၏​အရေအတွက်​ကို​သိ​သည့်​အထိ သင့်ကို ကိုယ်တော်​အတွင်းကျကျ​သိတော်မူ၏။ (မဿဲ ၁၀:၂၉-၃၁) ထို​ထက်မက ဘုရားသခင်​သည် သင့်အတွက် “မိမိ​၌ တစ်ပါး​တည်း​သော သားတော်ကို စွန့်​တော်​မူ” ခဲ့ပြီ။ (ယောဟန် ၃:၁၆; ဂလာတိ ၂:၂၀) အဆိုပါ​ကျမ်းချက်​များသည် အသင်​ကိုယ်တိုင်​နှင့်​သက်ဆိုင်​ကြောင်း ယုံကြည်ဖို့ တစ်ခါတစ်ရံ ခဲယဉ်း​ပေမည်။ သို့သော် ယေဟောဝါ​မိန့်မြွက်​သော​စကား​ကို ကျွန်ုပ်​တို့​ယုံကြည်​ရ​ကြ​မည်။ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို အုပ်စု​လိုက်​အနေ​နှင့် သာမက တစ်ဦးချင်း​စီ​ကို​ပါ ချစ်တော်မူ​ကြောင်း ယုံကြည်​စိတ်ချ​စေ​လို​သည်။

၁၉၊ ၂၀။ (က) သင့်ကို ယေဟောဝါ​ချစ်​တော်​မ​မူ​ဟူသော စာတန့်​လိမ်ညာမှု​ကို သိရှိပြီး ငြင်းပယ်​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။ (ခ) နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး​သည် စိတ်​ညှိုးငယ်​နေ​သူများကို မည်သို့ ကူညီ​ပေး​ခဲ့​သနည်း။

၁၉ မုသာ​စကား​ကို​သိရှိပြီး ငြင်းပယ်​ပါ။ သင့်ကို တစ်ဦး​တစ်ယောက် လိမ်ပြော​နေသည်​ကို သင်​သိမည်​ဆိုလျှင် လှည့်စား​မခံ​ရဖို့ မိမိကိုယ်ကို ကာကွယ်​နိုင်​သည်။ ထို​နည်းတူ သင့်ကို ယေဟောဝါ​မချစ်​ပါ​ဟူသော မုသာ​စကား​ကို စာတန်​ယုံကြည်​စေ​လို​ကြောင်း သိထားခြင်းက​ပင် များစွာ​အထောက်အကူ​ပြု​နိုင်​သည်။ စာတန်​၏​နည်း​ဗျူဟာ​များ​အကြောင်း သတိပေး​သော ကင်းမျှော်စင်​ဆောင်းပါး​တစ်ခု​ကို ခရစ်ယာန်​တစ်ဦး ဤသို့​တုံ့ပြန်​ခဲ့​သည်– “ကျွန်မ​ရဲ့​ခံစားချက်​တွေ​ကို​အသုံးပြုပြီး စိတ်ပျက်​သွား​ရအောင် စာတန်​ကြိုးစား​တယ်​ဆိုတာ​ကို ကျွန်မ မသိခဲ့ဘူး။ ခုလို​သိထားတော့ အဲဒီ​ခံစားချက်​တွေ​ကို တိုက်ထုတ်​ချင်စိတ်​ရှိ​လာတယ်။”

၂၀ တောင်​အမေရိက​နိုင်ငံ​တစ်ခု​မှ နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး၏​တွေ့ကြုံမှု​ကို သုံးသပ်ကြည့်​ပါ။ စိတ်​ညှိုးငယ်​နေသော ယုံကြည်သူချင်း​များ​ထံ သိုးထိန်း​လည်ပတ်မှု​ပြုလုပ်​သောအခါ ‘သုံးပါး​ပေါင်း​တစ်ဆူ​ကို ခင်ဗျား​ယုံသလား’ ဟု​သူ​မေးလေ့​ရှိသည်။ စိတ်ပျက်​အားလျော့​နေ​သူက ယင်းသည် စာတန်​၏​မုသာ​စကား​တစ်ခု​ဖြစ်​ကြောင်း သိထား​ရာ များသောအားဖြင့် ‘ဘယ်​ယုံပါ့မလဲ’ ဟု ဖြေ​တတ်​သည်။ ထို့နောက် နယ်လှည့်​အကြီးအကဲ​က ‘မီးငရဲ​ကို​ကော ယုံသလား’ ဟု​မေး​၏။ ‘ဘယ်​ယုံပါ့မလဲ!’ ဟု​ဖြေ​ပြန်​သည်။ ထို​အခါ နယ်လှည့်​အကြီးအကဲ​က မုသာ​စကား​အဖြစ် လူအများ​အသိအမှတ်​မပြု​ကြသော စာတန့်​မုသာ​တစ်မျိုး​ရှိသေး​သည်​ဟု သူတို့ကို​ပြောပြ​သည်။ ၎င်းနောက် ယေဟောဝါ​ထံ​ချဉ်းကပ်​လော့ * စာအုပ်၊ အခန်း ၂၄၊ စာပိုဒ် ၂၁ ကို​သူ​ညွှန်ပြ​ပြီး ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​ကို ယေဟောဝါ​ချစ်​တော်​မ​မူ​ဟူသော စာတန်​၏​လိမ်ညာမှု​ကို ဂရုပြု​စေ​သည်။ ဤနည်းဖြင့် စိတ်ဓာတ်ကျ​နေ​သူများ​အား စာတန်​၏​အဆိုပါ မုသာ​စကား​ကို သိရှိ​စေပြီး ငြင်းပယ်​ကြ​ရန် ကူညီ​ပေး​ခဲ့​ရာ​၌ နယ်လှည့်​ကြီးကြပ်မှူး​သည် အောင်မြင်​ခဲ့​ကြောင်း ပြောပြ​သည်။

လှည့်စားမှု​များ​မှ သင့်ကိုယ်​သင် သတိ​နှင့်​ကာကွယ်​လော့

၂၁၊ ၂၂။ စာတန်​၏​လှည့်စား​တတ်သော နည်း​ဗျူဟာ​များ​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် မသိဘဲ မနေ​သနည်း၊ ကျွန်ုပ်​တို့ မည်သို့​စိတ်ပိုင်းဖြတ်​ထား​သင့်​သနည်း။

၂၁ နောက်ဆုံး​ကာလ​၏ နိဂုံးပိုင်း​အတွင်း စာတန်​သည် လိမ်လည်​လှည့်ဖြားမှု တစ်​ပြုံ​တစ်​ခေါင်း​ဖြန့်​လိမ့်​မည်​ဟု မျှော်လင့်​စ​ရာ​ရှိ၏။ ယေဟောဝါ​သည် စာတန်​၏​လှည့်စား​တတ်သော နည်း​ဗျူဟာ​များ​ကို ကျွန်ုပ်​တို့အား​သိရှိ​စေသည့်​အတွက် ကျေးဇူး​တင်စရာ​ပင်။ သမ္မာကျမ်းစာ​နှင့် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ၏ ကျမ်းစာ​အခြေပြု စာပေ​စာတမ်း​များ​က စာတန်​၏​ပရိယာယ်​များ​ကို ရှင်းရှင်းလင်းလင်း​ဖော်ပြ​သည်။ (မဿဲ ၂၄:၄၅) ဘေးအန္တရာယ်​ကို ကြိုတင်​သိရှိ​ရခြင်း​ဖြင့် ကျွန်ုပ်​တို့ ကြိုတင်​ပြင်ဆင်​နိုင်​ကြသည်။—၂ ကောရိန္သု ၂:၁၁

၂၂ သို့​ဖြစ်၍ အယူဖောက်ပြန်သူ​များ​၏ ကျိုးကြောင်း​ဆင်ခြင်မှု​များ​ကို ဆက်၍​သတိပြု​ကြ​စို့။ မသိမသာ​ကျော့မိ​သွား​စေနိုင်​သည့် မိမိကိုယ်ကို​လှည့်စားခြင်း​ကို​ရှောင်ရန် စိတ်ပိုင်းဖြတ်​ထား​ကြပါစို့။ ထို့​ပြင် စာတန်​၏​မုသာ​ရှိရှိသမျှကို သိရှိပြီး ငြင်းပယ်​ကြ​စို့​လေ။ သို့​ပြုခြင်း​ဖြင့် လှည့်စားခြင်း​ကို စက်ဆုပ်​ရွံရှာ​တော်​မူ​သော ‘အမှန်တရား​၏ ဘုရားသခင်’ နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ထိန်းသိမ်း​ကာကွယ်​ထား​ကြ​ပါ​မည်။—ဆာလံ ၃၁:၅; သု. ၃:၃၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဗျာ. ၁၂:၉ တွင် ‘လှည့်ဖြား​နေ’ ဟု​ဘာသာ​ပြန်ဆို​ထားသော ကြိယာ​ပုံစံ​နှင့်​စပ်လျဉ်း၍ အကိုးအကား​စာအုပ်​တစ်အုပ်​က ယင်းသည် “ပင်ကိုစရိုက်​တစ်ခု​ဖြစ်လာ​သော ဆက်တိုက်​လုပ်ရပ်​တစ်ခု​ကို ဖော်ပြ​သည်” ဟု​ဆို​၏။

^ အပိုဒ်၊ 20 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။

သင်​မှတ်မိ​သလော

ယနေ့ လောကတွင် လှည့်စားခြင်း အဘယ်ကြောင့် ဤမျှ များ​ရသနည်း။

အယူဖောက်ပြန်သူ​များ​၏ လှည့်စားခြင်း​ကို ကျွန်ုပ်​တို့ မည်သို့ သတိပြု​ရှောင်ရှား​နိုင်​သနည်း။

မိမိကိုယ်ကို​လှည့်စား​တတ်​သည့် စိတ်သဘောထား​မှန်သမျှကို မည်သို့ သတိပြု​ရှောင်ရှား​နိုင်​သနည်း။

စာတန့်​မုသာ​စကား​၏ လှည့်စားမှု​ကို ကျွန်ုပ်​တို့ မည်သို့ ရှောင်နိုင် မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဖျော်ဖြေမှု​နှင့်​ပတ်သက်​၍ သင့်ကိုယ်​သင် မလှည့်စား​ပါ​နှင့်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မိမိကိုယ်ကို​မလှည့်စား​မိ​ရန် ဆုတောင်း​ပြီး မိမိကိုယ်ကို​ဆန်းစစ်​ပါ၊ အခြားသူများ​ပြော​သော​စကား​ကို နားထောင်ပြီး သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​လေ့လာ​ပါ