မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝေဒနာခံစားရသူများအတွက်နှစ်သိမ့်မှု

ဝေဒနာခံစားရသူများအတွက်နှစ်သိမ့်မှု

ဝေဒနာ​ခံစားရ​သူများ​အတွက်​နှစ်သိမ့်မှု

အတိတ်​မှ တည်ကြည်သော​အမျိုးသား၊ အမျိုးသမီးများ​သည် ဘေးရောက်​ချိန်​တွင် လမ်းညွှန်မှု​အတွက် ဘုရားသခင်​ထံ စိတ်အား​ထက်သန်​စွာ ဆုတောင်း​ခဲ့​ကြသည်။ သို့​တိုင် သူတို့သည် ထို​ဘေး​မှ​လွတ်​စေဖို့ ပြုလုပ်​နိုင်ရာ​များ​ကို ကိုယ်တိုင်​အစပြု လုပ်ဆောင်ခဲ့​ကြသည်၊ ဖိနှိပ်​သူများ​လက်​မှ လွတ်မြောက်​ရန် ထိုးထွင်း​ဉာဏ်​ကို​အသုံးပြုခြင်း​ကဲ့သို့​သော လုပ်ဆောင်မှုများ​ဖြစ်သည်။ သာဓက​အနေ​နှင့် ယေဟောဝါ​ကို​မှီခို​အားထား​ပြီး ကိုယ်တိုင်​လုံ့လ​စိုက်ထုတ်​ခြင်း​တို့​ဖြင့် ဒါဝိဒ်​သည် သူ​ခံရ​သည့်​ဘေးဆိုးများ​ကို ခံရပ်​နိုင်​ခဲ့​သည်။ ယနေ့ ကျွန်ုပ်​တို့​ကော အသို့နည်း။

သင်သည် ဘေး​နှင့်​တွေ့သော​အခါ ကိုယ်​က​အစ​ပြုပြီး ပြဿနာ​များ​ကို​ဖြေရှင်း​ပေမည်။ ဥပမာ​အနေ​နှင့် သင်သည် အလုပ်​လက်မဲ့​ဖြစ်သွား​လျှင် သင်​နှင့် သင့်​မိသားစုကို​ထောက်ပံ့​နိုင်​မည့် သင့်လျော်​သော​အလုပ်​တစ်ခု​ကို ကြိုးစား​ရှာဖွေ​မည်​မဟုတ်ပေ​လော။ (၁ တိမောသေ ၅:၈) သို့​မဟုတ် သင်သည် ရောဂါ​တစ်ခု​ခံစား​နေရ​လျှင် ဆေး​ကုသမှု​ကောင်းကောင်း ခံယူ​မည်​မဟုတ်ပေ​လော။ ဖျားနာ​မှု​အမျိုးမျိုးကို ကုသ​ရန် ဘုရားသခင်​ထံ​မှ တန်ခိုး​ရရှိခဲ့​သူ ယေရှု​ပင်​လျှင် ‘နာ​သော​သူတို့သည် ဆေးသမား​ကို​လိုအပ်’ ကြောင်း အသိအမှတ်ပြု​ခဲ့​သည်​မှာ စိတ်ဝင်စားစရာ​ဖြစ်သည်။ (မဿဲ ၉:၁၂) သို့သော် သင်​တွေ့ကြုံ​နေရ​သည့်​ဘေးဆိုးများ​ကို အမြဲ​ဖယ်ရှားပစ်​နိုင်​ချင်​မှ ဖယ်ရှားပစ်​နိုင်​ပေမည်; ၎င်းတို့ကို အတိုင်းအတာ​တစ်ခု​အထိ ဆက်၍​ခံရပ်​သွား​ရနိုင်​သည်။

သင်၏​ပြဿနာ​ကို ယေဟောဝါ​ထံ ဆုတောင်း​ပြီး တင်ပြ​ကြည့်​ပါ။ ဥပမာ​အနေ​နှင့် အလုပ်​ရှာဖွေ​သောအခါ ဆုတောင်း၍ ဘုရားသခင်​ကို​မှီခို​အားထားခြင်းက ကျမ်းစာမူ​များနှင့် ဆန့်ကျင်​သော​အလုပ်ကို လက်မခံ​မိ​စေရန် ကျွန်ုပ်​တို့ကို ကူညီ​ပေး​လိမ့်​မည်။ အလို​ကြီးခြင်း သို့​မဟုတ် ငွေ​ကို​တပ်မက်​ခြင်း​ကြောင့် “ယုံကြည်ခြင်း​တရားလမ်း​မှ​လွဲသွား” သည့်​အဖြစ်ကိုလည်း ကျွန်ုပ်​တို့​ရှောင်ရှား​ရမည်။ (၁ တိမောသေ ၆:၁၀) အမှန်​သော် အလုပ်အကိုင်​နှင့်​ပတ်သက်​၍​ဖြစ်စေ၊ မိသားစု သို့​မဟုတ် ကျန်းမာ​ရေး​ကိစ္စ​နှင့်​ပတ်သက်​၍​ဖြစ်စေ အရေးကြီး​သည့်​ဆုံးဖြတ်ချက်​များ​ချ​သောအခါ ဒါဝိဒ်​၏ ဤ​တိုက်တွန်းချက်​ကို ကျွန်ုပ်​တို့​လိုက်နာ​နိုင်​ပါ​သည်– “ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရား[သခင်]၌​ချထား​လော့။ သင့်ကို​မစ​တော်​မူ​မည်။ ဖြောင့်မတ်​သော​သူကို အစဉ်အမြဲ​လှုပ်ရှား​စေ​တော်​မ​မူ​ရာ။”—ဆာလံ ၅၅:၂၂

နှလုံးပါပါ​ဆုတောင်းခြင်း​က​လည်း စိတ်​တည်ငြိမ်မှု​ရှိစေရန် ကူညီ​ပေး​သဖြင့် ကျွန်ုပ်​တို့​ခံစား​နေရ​သည့် ဘေး​ကြောင့် သောက​ပိ​မနေ​တော့​ချေ။ ခရစ်ယာန်စစ်​တစ်ဦး​ဖြစ်သော တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း ... သော​အားဖြင့်၊ သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။” စိတ်ရင်းမှန်​နှင့်​တောင်း​သော ကျွန်ုပ်​တို့၏​ဆုတောင်းချက်​က အဘယ်​နည်းဖြင့် နှစ်သိမ့်​ပေး​နိုင်​သနည်း။ “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး [နှင့် စိတ်စွမ်း​အား] တို့ကို စောင့်မ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင်​၏​ငြိမ်သက်ခြင်း​ကို “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်” ချေ။ ထို့​ကြောင့် ပူ​ပင်​သောက​များ​ဖြင့် ကျွန်ုပ်​တို့​ဝန်ပိနေ​ချိန်​များ​တွင် ယင်းက ကျွန်ုပ်​တို့ကို တည်ငြိမ်​စေနိုင်​သည်။ ယင်းသည် ‘ကျွန်ုပ်​တို့၏​နှလုံး​နှင့် စိတ်စွမ်း​အား​တို့ကို စောင့်မ’ လိမ့်​မည်​ဖြစ်​ရာ တစ်​ပူ​ပေါ်​နှစ်​ပူ​ဆ​င့်​ဖြစ်စေ​နိုင်​သည့် စိတ်​လိုက်​မာန်​ပါ ပညာ​မဲ့​စွာ​လုပ်ဆောင်ခြင်း​ကို ရှောင်ရှား​ရန် ကူညီ​ပေး​သည်။

ဆုတောင်းခြင်း​က လက်ရှိ​အခြေအနေ​ကို​ပင် ထူးခြား​သွား​စေနိုင်​ပါ​သည်။ တမန်​တော်​ပေါလု​သည် ရောမ​၌ အကျဉ်း​ကျနေ​စဉ် မိမိ​အတွက်​ဆုတောင်းပေး​ကြ​ရန် ခရစ်ယာန်​ချင်း​တို့အား နှိမ့်ချစွာ သူ​တိုက်တွန်း​ခဲ့​သည်။ အဘယ်ကြောင့် ပေါလု ဤသို့​တောင်းဆို​ခဲ့​သနည်း။ သူက “ငါသည် သင်တို့​ရှိရာသို့ အလျင်အမြန်​ပြန်​ရသော​အခွင့်​ရှိစေ​ခြင်း​ငှာ၊ ငါ​တို့​အဖို့​ဆုတောင်း​မည်​အကြောင်း ငါသည် သာ၍​နှိုးဆော်​တောင်းပန်​၏”ဟု သူတို့​ထံ​ရေးသားခဲ့​သည်။ (ဟေဗြဲ ၁၃:၁၉) တစ်နည်း​အားဖြင့် ယုံကြည်သူချင်း​တို့၏ စွဲမြဲ​သော​ဆုတောင်းချက်​များ​ကို ယေဟောဝါ​နားညောင်း​ခြင်း​က အဘယ်​အချိန်တွင် မိမိ​လွတ်​လိမ့်​မည်​နှင့်​ပတ်သက်​၍ ထူးခြားမှု​ရှိစေ​နိုင်​ကြောင်း ပေါလု​သိထား​သည်။—ဖိလေမုန် ၂၂

ဆုတောင်းခြင်း​က ကျွန်ုပ်​တို့​ခံစားရ​သည့် ဘေး​၏​အကျိုးဆက်ကို ပြောင်းလဲ​ပေး​ပါ​မည်​လော။ ပြောင်းလဲ​ပေး​တန်​ကောင်း​သည်။ သို့သော် ယေဟောဝါ​သည် ဆုတောင်းချက်​များ​ကို ကျွန်ုပ်​တို့​မျှော်လင့်သည့်​နည်းဖြင့် အမြဲ​ဖြေကြား​ပေး​ချင်​မှ​ပေး​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိထားသင့်​သည်။ ပေါလု​သည် ကာယရေး​ပြဿနာ​ဖြစ်​နိုင်​ဖွယ်​ရှိသော“ကိုယ်​၌​စူးသော​ဆူး” နှင့်​ပတ်သက်​၍ ကြိမ်ဖန်​များစွာ ဆုတောင်း​ခဲ့​သည်။ သို့သော် ဘုရားသခင်​သည် သူ​ခံ​နေရ​သည့်​ဘေး​ကို ဖယ်ရှား​ပေး​မည့်​အစား “ငါ့​ကျေးဇူး​သည် သင့်​အဖို့​လောက်​ပေ​၏။ ငါ့​တန်ခိုး​သည် အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်​သည်” ဟု ပေါလု​ကို​မိန့်ဆိုခဲ့သည်။—၂ ကောရိန္သု ၁၂:၇-၉

သို့​ဖြစ်၍ ကျွန်ုပ်​တို့​ခံရ​သည့်​ဘေးများ​သည် ချက်ချင်း​ပျောက်လွင့်​သွား​ချင်​မှ ပျောက်လွင့်​သွား​မည်။ သို့သော် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ကို မှီခို​အားထား​ကြောင်း သက်သေထူ​ခွင့် ရရှိ​ပေမည်။ (ယာကုပ် ၁:၂-၄) ကျွန်ုပ်​တို့​ခံရ​သည့်​ဘေးများ​ကို ယေဟောဝါ ဖယ်ရှား​မပေး​သည့်​တိုင် “[ကျွန်ုပ်​တို့] သည် ခံနိုင်​မည်​အကြောင်း ... ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်” ပေး​နိုင်​သည်ကို စိတ်ချ​ပါ​လေ။ (၁ ကောရိန္သု ၁၀:၁၃) ယေဟောဝါ​ကို “နှစ်သိမ့်ခြင်း​ရှိသမျှ​၏​အရှင်​တည်း​ဟူသော ... ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​၌ ... ငါ​တို့အား​နှစ်သိမ့်” ပေး​သူ​ဟု ခေါ်ဆို​ထားခြင်း​က မှတ်သားဖွယ်​ဖြစ်၏။ (၂ ကောရိန္သု ၁:၃၊ ၄သမ္မာ) ကိုယ်တော်​သည် ကျွန်ုပ်​တို့​ခံရပ်​နိုင်​ရန် လိုအပ်ရာ​ကို ပေး​နိုင်​ပြီး ထာဝရ​အသက်​မျှော်လင့်ချက်ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။

ယေဟောဝါ​သည် “မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ” ဟု ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​က ကတိပြု​ပါ​သည်။ (ဗျာ. ၂၁:၃၊ ၄) ဘေး​ဘ​ယ​မရှိတော့​သည့်​ကမ္ဘာ​ဟူသည် ယုံရခက်​ကြီး​ဖြစ်​မနေပေလော။ ကျွန်ုပ်​တို့သည် သောက​ဝေဒနာ​နှင့် အသက်ရှင်​ရသည်မှာ ကျင့်​သား​ရ​နေပြီ​ဖြစ်ပါ​က ယင်းသည် မယုံနိုင်​စ​ရာ​ဖြစ်​ပေမည်။ သို့သော် ကြောက်ရွံ့​မှု​နှင့် ဘေးဆိုး​တို့​မှ လွတ်မြောက်ခြင်း​ဟူသည် ဘုရားသခင်​ကတိထားရာ​ဖြစ်​ပြီး ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​သည် မလွဲဧကန်​ပြည့်စုံ​ပါ​လိမ့်​မည်။—ဟေရှာယ ၅၅:၁၀၊ ၁၁

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

စိတ်ပျက်​အားလျော့ခြင်း​မှ စိတ်သက်သာ​ခြင်း​သို့