မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်နှလုံးကို စောင့်ရှောက်ခြင်းဖြင့် ကိုယ်ကျင့်တရားစင်ကြယ်နေလော့

သင့်နှလုံးကို စောင့်ရှောက်ခြင်းဖြင့် ကိုယ်ကျင့်တရားစင်ကြယ်နေလော့

သင့်​နှလုံးကို စောင့်ရှောက်ခြင်း​ဖြင့် ကိုယ်ကျင့်တရား​စင်ကြယ်​နေလော့

“နှလုံး​သည် အသက်​၏​အခြေအမြစ်​ဖြစ်သော​ကြောင့် သင်၏​နှလုံးကို အထူးသဖြင့်​စောင့်ရှောက်​လော့။”—သု. ၄:၂၃

၁-၃။ (က) မိမိတို့၏​ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​ကို တန်ဖိုး​မထား​ကြောင်း လူ​တို့​မည်သို့​တင်ပြ​လေ့​ရှိ​သနည်း။ ဥပမာ​ပေး​ပါ။ (ခ) ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​၏​တန်ဖိုး​ကို ဆန်းစစ်​ကြည့်​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

ပန်းချီကား​မှာ ခေတ်​နောက်ကျ​နေ​ပုံ​ပေါ်​ပေမည်။ အိမ်အပြင်​အဆင်​နှင့် မလိုက်ဖက်​၍​ဖြစ်​နိုင်​သည်။ မည်သို့​ဆို​စေ ပိုင်ရှင်​ဖြစ်သူ​သည် ထို​ပန်းချီကား​ကို သိပ်​အသုံးမပြု​ချင်​ပုံ​ရသည်။ ထို​ပန်းချီကား​သည် အဟောင်း​ဆိုင်​သို့​ရောက်သွား​ပြီး ဈေးနှုန်း​မှာ ၂၉ ဒေါ်လာ (ယူ.အက်စ်.) ဖြစ်သည်။ သို့သော် နှစ်​အနည်းငယ်​အကြာတွင် ယင်းသည် ဒေါ်လာ​တစ်သန်း​ခန့်​တန်​ကြောင်း သိလိုက်ရ​၏! အမှန်ပင်​ရှားပါး​၍ လက်ရာမြောက်​သော ပန်းချီကား​ဖြစ်နေ​၏။ ထို​ရတနာ​ကို တန်ဖိုး​မထား​မိ​ခဲ့​သော ပိုင်ရှင်​ဟောင်း​၏​ခံစားချက်​ကို တွေးကြည့်​လိုက်ပါ!

အကျင့်အကြံ​သန့်ရှင်း​စင်ကြယ်​ခြင်း​ဖြစ်သော ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​နှင့်​ပတ်သက်​၍​လည်း အလားတူ​ဖြစ်ပျက်​တတ်​ပါ​သည်။ ယနေ့ လူအများသည် ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​ကို တန်ဖိုး​မထားတတ်​ကြ​ချေ။ အချို့​က ယင်းကို ခေတ်​နောက်ကျ​သော​အယူအဆ၊ မျက်မှောက်ခေတ်​ဘဝ​ပုံစံ​နှင့် အံမဝင်​သော​အရာ​ဟု ယူမှတ်​ကြ​၏။ ထို့​ကြောင့် မဖြစ်​စ​လောက်​တုံ့ပြန်​ရရှိ​မှု​အတွက် ယင်းကို စွန့်လွှတ်​ခဲ့​ကြသည်။ အချို့​သည် တဒင်္ဂ​လိင်ဆိုင်ရာ​ကျေနပ်မှု​ရဖို့ မိမိတို့၏ ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​နှင့် လဲလှယ်​ယူ​ကြ​၏။ အခြားသူ​တို့​မူ မိမိတို့​ရွယ်တူချင်း​များ၊ သို့​မဟုတ် လိင်​ခြား​သူ​တစ်ဦးဦး​၏ အထင်ကြီး​ခြင်း​ကို​ခံ​လို​၍ ယင်းကို စွန့်လွှတ်​ကြသည်။—သု. ၁၃:၂၀

ကိုယ်ကျင့်တရား​စင်ကြယ်​နေခြင်း​သည် အမှန်​အားဖြင့် မည်မျှ​အဖိုးထိုက်​ကြောင်း အချိန်နှောင်း​မှ သိလာ​ကြ​သူ များစွာ​ရှိ၏။ သူတို့၏​ဆုံးရှုံးမှု​မှာ ဝမ်းနည်းစရာ​ဖြစ်လေ့​ရှိသည်။ သမ္မာကျမ်းစာ​ဖော်ပြ​သည့်​အတိုင်း အကျင့်​ယိုယွင်းခြင်း​၏ အကျိုးဆက်များ​သည် အဆိပ်​ကဲ့သို့၊ “ဒေါ​န​ကဲ့သို့​ခါး” နိုင်​သည်။ (သု. ၅:၃၊ ၄သမ္မာ) ယနေ့ ကိုယ်ကျင့်တရား​အခြေအနေ ယိုယွင်း​နေသည်​ဖြစ်၍ သင်၏​ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​ကို မည်သို့​တန်ဖိုး​ထား၊ ထိန်းသိမ်း​နိုင်​သနည်း။ ကျွန်ုပ်​တို့​လှမ်း​နိုင်သော သက်ဆိုင်ရာ​ခြေလှမ်း​သုံးခုကို အာရုံစိုက်​ကြ​မည်။

သင်၏​နှလုံးကို စောင့်ရှောက်​လော့

၄။ ပုံဆောင်​နှလုံး​ကား အဘယ်နည်း၊ ယင်းကို အဘယ်ကြောင့် စောင့်ရှောက်​သင့်​သနည်း။

ကိုယ်ကျင့်တရား​စင်ကြယ်​နေဖို့ သော့ချက်​မှာ နှလုံးကို​စောင့်ရှောက်ခြင်း​ဖြစ်သည်။ သမ္မာကျမ်းစာ​က “နှလုံး​သည် အသက်​၏​အခြေအမြစ်​ဖြစ်သော​ကြောင့် သင်၏​နှလုံးကို အထူးသဖြင့်​စောင့်ရှောက်​လော့” ဟု ဆို​၏။ (သု. ၄:၂၃) ဤ​တွင်​ဖော်ပြ​ထားသော “သင်၏​နှလုံး” သည် အဘယ်အရာကို ရည်ညွှန်း​သနည်း။ ပကတိ​နှလုံးကို ရည်ညွှန်း​နေခြင်း​မဟုတ်ပါ။ ပုံဆောင်​နှလုံးကို​ဆိုလို​၏။ သင်၏​အတွေးအခေါ်​များ၊ ခံစားချက်​များနှင့် လှုံ့ဆော်မှု​များ​အပါအဝင် သင်၏​အတွင်းလူ​ကို ရည်ညွှန်း​သည်။ သမ္မာကျမ်းစာ​က “သင်၏​ဘုရားသခင်​ထာဝရ​ဘုရား[သခင်]ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်​လော့” ဟု​ဆို​၏။ (တရားဟောရာ ၆:၅သမ္မာ) ယင်းသည် ပညတ်​တကာ​တို့​တွင် အကြီးမြတ်ဆုံး​ပညတ်​ဖြစ်​ကြောင်း ယေရှု​ထုတ်ဖော်​ပြော​ခဲ့​သည်။ (မာကု ၁၂:၂၉၊ ၃၀) ကျွန်ုပ်​တို့၏​နှလုံး​သည် အလွန်​အဖိုးထိုက်​ကြောင်း ထင်ရှား​ပါ​သည်။ ယင်းကို စောင့်ရှောက်​ထိုက်​ပေ​သည်။

၅။ နှလုံး​သည် အဖိုးထိုက်တန်​ပြီး တစ်ချိန်တည်း​တွင် မည်သို့​အန္တရာယ်​ရှိ​နိုင်​သနည်း။

သို့သော် သမ္မာကျမ်းစာ​က “စိတ်နှလုံး​သည် ခပ်သိမ်း​သော​အရာ​ထက် စဉ်းလဲ​တတ်၏။ အလွန်​ယိုယွင်းသော​သဘော​ရှိ၏” ဟူ၍လည်း​ဆို​သည်။ (ယေရမိ ၁၇:၉) နှလုံး​သည် မည်သို့​စဉ်းလဲ​နိုင်​သနည်း၊ ကျွန်ုပ်​တို့အတွက် မည်သို့​အန္တရာယ်​ရှိ​နိုင်​သနည်း။ ဥပမာ​အနေ​နှင့် မော်တော်ကား​တစ်စီး​သည် အဖိုးတန်​စက်ကိရိယာ​တစ်ခု​ဖြစ်၏၊ အရေးပေါ်​လာ​သည့်​အခါ အသက်​ပင် ကယ်​နိုင်​သည်။ သို့သော် ယာဉ်မောင်း​သည် ကား​ကို​မထိန်း၊ စ​တီ​ယာ​ရင်​ဘီး​ကို အဆက်မပြတ်​ထိန်း​မထား​ပါ​က အဆိုပါ​ကား​သည် သေစေတတ်သော​ကိရိယာ ဖြစ်လာ​နိုင်​သည်။ ထို​နည်းတူ သင်၏​နှလုံးကို မစောင့်ရှောက်​လျှင် သင်သည် အတွင်းစိတ်​ဆန္ဒ​နှင့် စိတ်ဇော​တိုက်တွန်း​ရာ​တို့၏ စေလိုရာ​ကို ခံ​နေရ​ပြီး သင့်​ဘဝ​ခရီးတွင် ဘေးဆိုးများ​ဆိုက်​ပေမည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ဤသို့​ဆို​၏– “မိမိ​စိတ်နှလုံး​ကို ကိုးစား​သော​သူသည် လူ​မိုက်​ဖြစ်၏။ ပညာသတိ​နှင့်​ကျင့်​သော​သူ​မူ​ကား ဘေးလွတ်​တတ်၏။” (သု. ၂၈:၂၆) မှန်ပါသည်၊ ခရီးစဉ်​တစ်ခု မစတင်မီ လမ်းညွှန်​မြေပုံ​တစ်ခု​ကို သင်​ရှာဖွေ​ကြည့်ရှု​မည်​ဖြစ်​သကဲ့သို့ သမ္မာကျမ်းစာ​၏ လမ်းညွှန်မှုကို သင်​ခံယူ​မည်​ဆိုလျှင် ပညာသတိ​နှင့်​ကျင့်​ပြီး ဘေးအန္တရာယ်​ကို​ရှောင်နိုင်​မည်။—ဆာလံ ၁၁၉:၁၀၅

၆၊ ၇။ (က) သန့်ရှင်းခြင်း​ဟူသည် အဘယ်နည်း၊ ယင်းသည် ယေဟောဝါ​၏​ကျေးကျွန်​များ​အတွက် အဘယ်ကြောင့်​အရေးပါ​သနည်း။ (ခ) မစုံလင်သူ​တို့သည် ယေဟောဝါ​၏​သန့်ရှင်းခြင်း​ကို ရောင်ပြန်​နိုင်​ကြောင်း မည်သို့​သိရ​သနည်း။

ကျွန်ုပ်​တို့၏​နှလုံး​သည် ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​ဘက်​သို့ အလိုလို​တိမ်း​ညွတ်​သွား​မည်​မဟုတ်ပါ။ ကျွန်ုပ်​တို့​က ဦးတည်​လမ်းကြောင်း​ပေး​ရမည်။ ထိုသို့​ပြု​ရန် နည်း​တစ်နည်း​မှာ ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​၏ တန်ဖိုး​အမှန်​ကို စေ့စေ့​စဉ်းစား​ဆင်ခြင်ခြင်း​ဖြင့်​ဖြစ်သည်။ ဤ​အရည်အချင်းသည် စင်ကြယ်​ခြင်း၊ ဖြူစင်ခြင်း၊ အပြစ်​နှင့် သီးခြား​ဖြစ်​ခြင်း​တို့ကို​ဆိုလို​သော သန့်ရှင်းခြင်း​နှင့် အနီးကပ်​ဆက်စပ်​နေသည်။ သန့်ရှင်းခြင်း​သည် ယေဟောဝါ​ဘုရားသခင်​၏ ပင်ကို​ဂုဏ်ရည်တော်​တစ်ခု​ဖြစ်သည့် အဖိုးတန်​အရည်အသွေး​တစ်ခု​ဖြစ်၏။ ကျမ်းချက်​ရာ​ပေါင်း​များစွာက ထို​အရည်အသွေးကို ယေဟောဝါ​နှင့်​ဆက်စပ်​၍​ဖော်ပြ​သည်။ အမှန်​မှာ သမ္မာကျမ်းစာ​က ‘သန့်ရှင်းခြင်း​ကို ယေဟောဝါ​ပိုင်ဆိုင်’ သည်​ဟု​ဆို​၏။ (ထွက်မြောက်ရာ ၂၈:၃၆က​ဘ) သို့သော် မြင့်မြတ်​လှ​သော ထို​အရည်အသွေး​သည် မစုံလင်သူ ကျွန်ုပ်​တို့​လူသားများ​နှင့် မည်သို့​ပတ်သက်​ဆက်နွှယ်​သနည်း။

သမ္မာကျမ်းစာ​တွင် ယေဟောဝါ​က “ငါသည်​သန့်ရှင်း​တော်​မူ​သောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်း​ရှိကြလော့” ဟု ကျွန်ုပ်​တို့ကို မိန့်တော်မူသည်။ (၁ ပေတရု ၁:၁၆) မှန်ပါသည်၊ ယေဟောဝါ​၏​သန့်ရှင်းခြင်း​ကို ကျွန်ုပ်​တို့​တုပ​နိုင်၏; ကိုယ်တော့်​မျက်မှောက်​တော်​တွင် အညစ်အကြေး​ကင်းစင်​ပြီး ကျွန်ုပ်​တို့၏​ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​ကို ထိန်းသိမ်း​ထား​နိုင်​ကြ​ပါ​သည်။ ထို့​ကြောင့် မစင်ကြယ်​သော​အပြု​အမူ​များ​ကို ကျွန်ုပ်​တို့​ရှောင်​သည့်​အခါ မြင့်မြတ်​၍ ပီတိ​ဖြစ်ဖွယ်​အခွင့်ထူး—အမြင့်မြတ်ဆုံး​ဘုရားသခင်​၏ လှပ​တင့်တယ်​သော​ဂုဏ်ရည်တော်​တစ်ခု​ကို ရောင်ပြန်ဟပ်​ခွင့်​ရ​ရန် လက်လှမ်း​နေခြင်း​ပင်​တည်း! (ဧဖက် ၅:၁) ယင်းကို ကျွန်ုပ်​တို့ လက်လှမ်းမမီ​နိုင်​ဟု မယူဆ​သင့်​ပါ၊ အကြောင်း​မှာ ယေဟောဝါ​သည် ပညာ​ရှိ၍ အကျိုးသင့်အကြောင်းသင့်​ရှိသည့်​အရှင်ဖြစ်​သောကြောင့် ဘယ်​သောအခါ​မျှ ကျွန်ုပ်​တို့​တတ်နိုင်​သည်ထက် ပို​၍ တောင်းဆို​တော်​မ​မူ။ (ဆာလံ ၁၀၃:၁၃၊ ၁၄; ယာကုပ် ၃:၁၇) မှန်ပါသည်၊ ဝိညာဉ်​ရေး​နှင့် ကိုယ်ကျင့်တရား စင်ကြယ်​နေဖို့ ကြိုးစား​အားထုတ်မှု​လို​သည်။ သို့ရာတွင် တမန်​တော်​ပေါလု​က ‘ခရစ်တော်​ဘက်၌ လုံးလုံး​ဖြူစင်​သော​စိတ်​ရှိ​ထိုက်​၏’ ဟု​ရေးသား​ဖော်ပြ​ခဲ့​သည်။ (၂ ကောရိန္သု ၁၁:၃သမ္မာ) ခရစ်တော်​နှင့် ကိုယ်တော့်​ခမည်းတော်​ကို ကျေးဇူး​တုံ့ပြန်​ရန် ကျွန်ုပ်​တို့​ဘက်​မှ ကိုယ်ကျင့်တရား​စင်ကြယ်​နေဖို့ အစွမ်းကုန်​ကြိုးစား​သင့်​သည်မဟုတ်​ပေ​လော။ အမှန်​မှာ ကိုယ်တော်​တို့​ပြ​ခဲ့​သော​မေတ္တာကို ကျွန်ုပ်​တို့ ကျေးဇူး​ဆပ်​၍ မကုန်နိုင်​ပါ။ (ယောဟန် ၃:၁၆; ၁၅:၁၃) ကျွန်ုပ်​တို့သည် စင်ကြယ်​၍ အကျင့်​သိက္ခာ​ရှိ​စွာ အသက်ရှင်ခြင်း​ဖြင့် ကျေးဇူး​တုံ့ပြန်​ကြောင်း​ဖော်ပြ​ခွင့် ရရှိ​ထား​ကြ​၏။ ကိုယ်ကျင့်တရား​စင်ကြယ်​နေခြင်း​ကို ထိုသို့​မှတ်ယူ​ခြင်း​ဖြင့် ၎င်းကို​တန်ဖိုး​ထား​ကာ ကျွန်ုပ်​တို့၏​နှလုံးကို​စောင့်ရှောက်​ကြ​ပါ​မည်။

၈။ (က) ပုံဆောင်​နှလုံးကို ကျွန်ုပ်​တို့​မည်သို့ အာဟာရ​ဖြည့်တင်း​ပေး​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့၏ အာလာပသလ္လာပ​စကား​က ကျွန်ုပ်​တို့​အကြောင်း အဘယ်အရာ​ဖော်ပြ​နိုင်​သနည်း။

ကျွန်ုပ်​တို့​ကိုယ်ကို အားဖြည့်​ကျွေးမွေး​ပုံ​အားဖြင့်လည်း နှလုံးကို​စောင့်ရှောက်​ကြသည်။ ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို အာဟာရပြည့်​သော ဝိညာဉ်​အစာ မှန်မှန်​ကျွေးမွေး​ပေး​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​အပေါ် အာရုံ​စူးစိုက်​ဖို့​လို​၏။ (ကောလောသဲ ၃:၂) ကျွန်ုပ်​တို့ စကား​လက်ဆုံ​ပြော​ချိန်​တွင်​ပင် ယင်းကို အာရုံ​စူးစိုက်​ကြောင်း ပေါ်လွင်​စေ​သင့်​သည်။ ကျွန်ုပ်​တို့သည် သွေးသား​ဆိုင်ရာ၊ ကိုယ်ကျင့်တရား​ကင်းမဲ့​သော​အကြောင်းအရာများ​ကို ပြောတတ်​သူ​ဟု နာမည်​ရ​နေလျှင် ကျွန်ုပ်​တို့၏​နှလုံး​အခြေအနေ​ကို ဖော်ပြ​သည်။ (လုကာ ၆:၄၅) ထိုသို့​နာမည်​ထွက်​မည့်​အစား ဝိညာဉ်​ရေးရာ တည်ဆောက်မှု​ဖြစ်စေ​သော အကြောင်း​များ​ကို​ပြောဆို​တတ်​သူ​ဟု နာမည်​ရသူ​များ​ဖြစ်​ကြပါစို့။ (ဧဖက် ၅:၃) ကျွန်ုပ်​တို့၏​နှလုံးကို စောင့်ရှောက်​ရန် ကျွန်ုပ်​တို့​ရှောင်​ရမည့် စိုးရိမ်ဖွယ်​အန္တရာယ်များ​ရှိသည်။ အဆိုပါ​အန္တရာယ်​နှစ်ခု​ကို ဆွေးနွေး​ကြည့်​ကြ​စို့။

မတရားမေထုန်​ပြုခြင်း​မှ ထွက်ပြေး​ကြလော့

၉-၁၁။ (က) ၁ ကောရိန္သု ၆:၁၈ ပါ​သွန်သင်ချက်​ကို လျစ်လျူရှု​သူများ​သည် ကြီး​လေး​သော​အပြစ်​ယိုယွင်း​မိဖို့​အကြောင်း အဘယ်ကြောင့်​ပို​များ​သနည်း။ ဥပမာ​ပေး​ပါ။ (ခ) မတရားမေထုန်​ပြုခြင်း​မှ ကျွန်ုပ်​တို့ ထွက်ပြေး​နေကြ​မည်​ဆိုလျှင် အဘယ်အရာကို ရှောင်ကြဉ်​မည်​နည်း။ (ဂ) တည်ကြည်သူ​ယောဘသည် အဘယ်​ထူးခြားသော​ပုံသက်သေ တင်ပြ​ခဲ့​သနည်း။

မိမိတို့၏​နှလုံးကို စောင့်ရှောက်​၍ ကိုယ်ကျင့်တရား​စင်ကြယ်​နေ​စေရန် လူများစွာ​အတွက် အထောက်အကူ​ပြု​သွန်သင်ချက်​ကို တမန်​တော်​ပေါလု ရေးသား​ရန် ယေဟောဝါ​မှုတ်သွင်း​ပေး​ခဲ့​သည်။ ပေါလု​က “မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင် [“မတရားမေထုန်​ပြုခြင်း​မှ ထွက်ပြေး၊” က​ဘ] ကြလော့” ဟု​ဆို​၏။ (၁ ကောရိန္သု ၆:၁၈) သူက “မတရားမေထုန်​ကို ကြ​ဉ်​ရှောင်​ကြလော့” ဟူ၍​သာ မပြောခဲ့​ချေ။ ခရစ်ယာန်​များသည် ယင်း​ထက်​ပို​၍​လုပ်ဆောင်​သင့်​သည်။ သူတို့သည် အသက်​အန္တရာယ်​ရှိသော ဘေး​တစ်ခုခု​မှ ထွက်ပြေး​တတ်ကြ​သကဲ့သို့ ယင်း​သို့​သော အကျင့်ပျက်မှု​များ​မှ ထွက်ပြေး​သင့်​သည်။ အဆိုပါ​သွန်သင်ချက်​ကို ကျွန်ုပ်​တို့​လျစ်လျူရှု​ကြ​မည်​ဆိုလျှင် အကြီးအကျယ်​ကိုယ်ကျင့်တရား ယိုယွင်း​မိ​ပြီး ဘုရားသခင့်​မျက်နှာသာတော်​ကို ဆုံးရှုံး​ရဖို့​အကြောင်း တိုးများ​စေ​သည်။

၁၀ ဥပမာ​ပေး​ရ​လျှင်၊ မိခင်​တစ်ဦး​သည် အရေးပါသော အခမ်းအနား​တစ်ခု​တက်ရောက်​ဖို့ သူ၏​သားငယ်ကို ကိုယ်လက်​မျက်နှာ​သန့်စင်ပေး​၍ အဝတ်အစား ပြင်ဆင်​ပေး​ပြီး​ဖြစ်သည်။ သားငယ်​ဖြစ်သူက မိသားစု​လိုက် အပြင်​မထွက်မီ အိမ်ပြင်​တွင်​ကစား​နေလို့​ရမည်​လော​ဟု မိခင်​အား​မေး​ရာ မိခင်​က သတ်မှတ်ချက်​တစ်ခု​ဖြင့် သဘောတူ​လိုက်​သည်။ “အဲဒီ​ရွှံ့​အိုင်​အနားကို မသွား​နဲ့။ ရွှံ့​ပေ​သွား​ရင် ဒဏ်ပေး​ခံရ​မယ်” ဟု​ဆို​၍ ခွင့်ပြု​လိုက်​၏။ သို့သော် မိနစ်​အနည်းငယ်​အကြာတွင် ကလေးငယ်​သည် ရွှံ့​အိုင်​စပ်​တွင် ခြေဖျား​ထောက်၍​သွား​နေသည်​ကို တွေ့​လိုက်ရ​၏။ သူ ရွှံ့​မ​ပေ​သေး​ပါ။ သို့​တိုင် ရွှံ့​အိုင်​အနီး​သို့​မသွားဖို့ မိခင်၏​သတိပေး​ချက်​ကို သူ​အရေးမစိုက်​သဖြင့် ဒဏ်ပေး​ခံရ​ဖို့ သေချာ​သလော​က်​ဖြစ်နေ​ပြီ။ (သု. ၂၂:၁၅) ထို​ထက်​ပို​၍​သတိရှိ​သင့်​သော လူငယ်​နှင့်​လူကြီး​များစွာ​သည် အလားတူ အမှား​မျိုး​ပြု​ကြ​၏။ မည်သို့​နည်း။

၁၁ “ရှက်ကြောက်​ဖွယ်​သော​ကိ​လေ​သာ​လက်​သို့” မိမိတို့​ကိုယ်ကို​အပ်​သူများစွာ​ရှိသည့် ဤ​အချိန်တွင် တရား​မဝင်​လိင်ဆက်ဆံမှု​များ​ကို အားပေး​အား​မြှောက်​ပြု​သည့် စီးပွားရေး​လုပ်ငန်းကြီး​တစ်ခု ဖြစ်ထွန်း​နေသည်။ (ရောမ ၁:၂၆၊ ၂၇) မဂ္ဂဇင်း​များ၊ စာအုပ်​များ၊ ဗီဒီယိုများ​နှင့် အင်တာနက်​ပေါ်​တွင် အ​ပြာ​စာပေ၊ ရုပ်ပုံများ ကပ်​ဆိုက်​လျက်​ရှိ၏။ ဤသို့​သော​ရုပ်ပုံများ​ကို စိတ်ထဲ​ထည့်သွင်း​နေသူတို့​သည် မတရားမေထုန်​ပြုခြင်း​မှ ထွက်ပြေး​သူများ​မဟုတ်​နိုင်​ချေ။ ယင်းကို သူတို့​ပေါ့ပေါ့ဆဆ သဘောထား​ပြီး အစွန်အဖျား​တွင် ခြေဖျား​ထောက်​လျှောက်​နေ​ဟန်​တူ​ပြီး သမ္မာကျမ်းစာ​သတိပေး​ချက်​ကို လျစ်လျူရှု​ရာ​ကျ​သည်။ ဤ​သူတို့သည် နှလုံးကို​စောင့်ရှောက်​မည့်​အစား နှစ်ချီ၍​မှတ်မိ​နေနိုင်​သည့် ထင်ရှားသော​ပုံရိပ်​များ​ဖြင့် နှလုံးကို အဆိပ်သင့်​နေ​စေ​ကြ​၏။ (သု. ၆:၂၇) မှားယွင်း​ရန် သွေးဆောင်​ခံရ​မည့် အခြေအနေ​တွင် မိမိကိုယ်ကို​မ​ရောက်​စေရန် သူ၏​မျက်စိ​နှင့်​ပဋိညာဉ်​ပြု​ခဲ့​သူ၊ တည်ကြည်သော​ယောဘ​ထံ​မှ နည်းခံ​ကြပါစို့။ (ယောဘ ၃၁:၁) သူသည် ကျွန်ုပ်​တို့​အတုယူ​စ​ရာ​ပုံသက်သေ အမှန်​ဖြစ်၏!

၁၂။ ခရစ်ယာန်​မောင်နှံစုံများ​သည် ပိုးပန်း​ချိန်​အတွင်း မည်သို့ ‘မတရားမေထုန်​ပြုခြင်း​မှ ထွက်ပြေး’ နိုင်​ကြ​သနည်း။

၁၂ ပိုးပန်း​ချိန်​အတွင်း ‘မတရားမေထုန်​ပြုခြင်း​မှ ထွက်ပြေး’ ရန် အထူး​အရေးကြီး​၏။ ပိုးပန်း​ချိန်​ကာလ​သည် မျှော်လင့်ချက်​အပြည့်​ရှိသော ပျော်ရွှင်ဖွယ်​အချိန်​ဖြစ်​သင့်​သော်လည်း လူငယ်​စုံတွဲ​အချို့​သည် အကျင့်​ယိုယွင်းမှု​နှင့် ဆော့​ကစား​ခြင်း​ဖြင့် ယင်းကို ဖျက်ဆီး​ပစ်​ကြသည်။ ဤသို့​ပြုခြင်း​ဖြင့် ကိုယ်ကျိုး​စွန့်​မေတ္တာ၊ ချုပ်တည်း​ခြင်း​နှင့် ယေဟောဝါ​ဘုရားသခင်​ကို နာခံခြင်း​အပေါ်​အခြေပြု​သော ဆက်ဆံ​ရေး​ဖြစ်သည့် သာယာ​ချမ်းမြေ့​သော​အိမ်ထောင်ရေး​၏ အကောင်းဆုံး​အုတ်မြစ် မရှိစေ​ပါ။ ခရစ်ယာန်​စုံတွဲ​တစ်တွဲ​သည် ပိုးပန်း​ချိန်​အတွင်း ကိုယ်ကျင့်တရား​မ​စောင့်စည်း​မိ​ခဲ့​ကြ​ချေ။ သူတို့​အိမ်ထောင်​ပြုပြီး​နောက် ဇနီး​ဖြစ်သူက မင်္ဂလာဆောင်​သည့်​နေ့တွင်​ပင် မပျော်​နိုင်​သည့်​အထိ သူ၏​သိစိတ်​က သူ့ကို​စိတ်သောက​ရောက်​စေ​ကြောင်း ဝန်ခံခဲ့​သည်။ သူ​ဤသို့​ဝန်ခံ​သည်– “ယေဟောဝါ​ရဲ့​ခွင့်လွှတ်​မှု​ကို ကျွန်မ အကြိမ်ကြိမ်​တောင်းခံ​ခဲ့​ပါ​တယ်၊ အဲလို​ဖြစ်​ခဲ့​တာ ခု​နစ်​နှစ်​လွန်​ခဲ့​တာ​တောင် ကျွန်မ​ရဲ့​သိစိတ်​က ကျွန်မ​ကို အနှောင့်အယှက်​ပေး​နေတုန်းပဲ။” ဤ​အပြစ်​မျိုး ကျူးလွန်​ခဲ့​သူများ​သည် ခရစ်ယာန်​အကြီးအကဲ​များ​၏ အကူအညီကို​တောင်းခံ​ဖို့ အရေးကြီး​သည်။ (ယာကုပ် ၅:၁၄၊ ၁၅) သို့ရာတွင် ခရစ်ယာန်​မောင်နှံစုံများ​စွာ​တို့သည် ပညာရှိ​စွာ​ပြုမူ​ကျင့်ကြံ​ပြီး ပိုးပန်း​ချိန်​အတွင်း အဆိုပါ​အန္တရာယ်များ​ကို ရှောင်​ခဲ့​ကြသည်။ (သု. ၂၂:၃) တစ်ဦး​ကိုတစ်​ဦး ချစ်​မြတ်နိုး​ကြောင်း အကန့်အသတ်​နှင့်​တင်ပြ​ကြသည်။ အဖော်​လိုက်​ပေး​သူ​ရှိ​မှ အတူ​သွားလာ​ကြ​ပြီး သီးခြားနေ​ရာ​များ​တွင် နှစ်ယောက်​တည်း​မရှိဖို့ သတိပြု​ကြသည်။

၁၃။ ယေဟောဝါ​အား ဝတ်မပြု​သူကို ခရစ်ယာန်​တို့ အဘယ်ကြောင့် မ​ပိုးပန်း​သင့်​သနည်း။

၁၃ ယေဟောဝါ​ကို​ဝတ်မပြု​သူများ​နှင့်​ချစ်​ကြိုက်​သော ခရစ်ယာန်​များသည် အခက်အခဲ​များစွာ ကြုံတွေ့​ရဖို့ အကြောင်း​များသည်။ ဥပမာ၊ ယေဟောဝါ​ဘုရားသခင်​ကို မချစ်​သူ​တစ်ဦး​နှင့် သင်​မည်သို့​ပေါင်းဖက်​နိုင်​မည်​နည်း။ ခရစ်ယာန်​များသည် ယေဟောဝါ​ကို​ချစ်​ပြီး ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​ဆိုင်ရာ ကိုယ်တော်​၏​စံနှုန်း​များ​ကို လေးစား​သူတို့နှင့်​သာ စုံဖက်​ဖို့​အရေးကြီး​၏။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “မယုံကြည်​သော​သူတို့နှင့်​တွဲဖက်​၍ ဆန့်ကျင်ဘက်​ဖြစ်သော​ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်။ တရားသော​အမှုသည် မတရားသော​အမှုကို အဘယ်​သို့​လက်ခံ​နိုင်​မည်​နည်း။ အလင်း​သည် မှောင်မိုက်​နှင့် အဘယ်​သို့​ဆက်ဆံ​နိုင်​မည်​နည်း။”—၂ ကောရိန္သု ၆:၁၄

၁၄၊ ၁၅။ (က) ‘မတရားမေထုန်​ပြုခြင်း’ ၏​အဓိပ္ပာယ်​ကို အချို့ မည်သို့ တလွဲ​ယူမှတ်​ကြ​သနည်း။ (ခ) ‘မတရားမေထုန်​ပြုခြင်း’ တွင် အဘယ်​အပြု​အမူ​များ ပါဝင်​သနည်း၊ ခရစ်ယာန်​များသည် မည်သို့ ‘မတရားမေထုန်​ပြုခြင်း​မှ ထွက်ပြေး’ နိုင်​ကြ​သနည်း။

၁၄ အသိပညာ​လည်း မရှိမဖြစ်​ပါ။ မတရားမေထုန်​ပြုခြင်း​သည် အမှန်​အားဖြင့် အဘယ်အရာ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​မသိ​ပါ​က ၎င်း​မှ ထွက်ပြေး​နိုင်​မည်​မဟုတ်။ မျက်မှောက်​လောကတွင် ‘မတရားမေထုန်​ပြုခြင်း’ ကို မှားယွင်းစွာ အဓိပ္ပာယ်​ကောက်​သူ အချို့​ရှိ၏။ တကယ် ကိုယ်လက်​နှီးနှော​မှု​ကို ရှောင်​နေ​သမျှ​ကာလပတ်လုံး အိမ်ထောင်​မပြု​ဘဲ ရာဂစိတ်​ဖြေနိုင်​သည်​ဟု သူတို့​ယူဆကြ​သည်။ ကိုယ်ဝန်​မရ​လို​သော ဆယ်ကျော်သက်​ကိုယ်ဝန်​သည်​များ အရေအတွက်​လျော့နည်း​သွား​စေဖို့ လေးစား​ခံရ​သည့် ဆေး​ဘက်​ဆိုင်ရာ အဖွဲ့အစည်း​အချို့​ပင်​လျှင် ကိုယ်ဝန်​မရ​စေသော မူမမှန်​သည့် လိင်​အမူအကျင့်များ​ပြုမူ​ရန် အားပေးနေ​သည်။ ဤသို့​အကြံပေး​ခြင်း​သည် အကြီးအကျယ်​လွဲမှား​နေပါ​သည်။ လက်မ​ထပ်​ဘဲ ကိုယ်ဝန်​ရခြင်း​ကို ရှောင်ခြင်း​သည် ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​နှင့် တခြား​စီ​ပင်၊ ‘မတရားမေထုန်​ပြုခြင်း’ ၏ အဓိပ္ပာယ်​အမှန်​သည် ဤမျှ​နယ်​မ​ကျဉ်း​ချေ။

၁၅ ‘မတရားမေထုန်​ပြုခြင်း’ ဟု​ဘာသာ​ပြန်ဆို​ကြသော ဂရိ​စကားလုံး ပေါ်နီယာ​သည် အဓိပ္ပာယ်​အတော်ပင်​ကျယ်ဝန်း​သည်။ ယင်းသည် မ​ထိမ်းမြား​ထား​သူ​အချင်းချင်း​ပြု​သည့် လိင်ဆက်ဆံမှု​များနှင့် ဆက်နွှယ်​ပြီး လိင်​အင်္ဂါများ တလွဲ​အသုံးပြုခြင်း​အပေါ် အဓိက​အာရုံစိုက်​စေ​သည်။ ပေါ်နီယာ​တွင် ပါးစပ်​ဖြင့်၊ စအို​ဝ​ဖြင့် လိင်ဆက်ဆံခြင်း၊ မိမိ​လက်​ဖြင့် အခြားသူ​ကို အာသာဖြေ​ပေးခြင်း​စ​သည့် ပြည့်တန်ဆာ​အိမ်များ​နှင့် ဆက်နွှယ်​လေ့​ရှိသော အပြု​အမူ​များ​ပါဝင်​သည်။ ထိုသို့​သော​အမူအကျင့်များ​သည် ‘မတရားမေထုန်​ပြုခြင်း’ မဟုတ်​ဟု ယူမှတ်​ကြ​သူတို့သည် မိမိတို့​ကိုယ်ကို​လှည့်စား​နေကြ​ပြီး စာတန့်​ထောင်ချောက်​တစ်ခု​ထဲ ကျနေ​ကြပြီ။ (၂ တိမောသေ ၂:၂၆) ထို့​ပြင် ကိုယ်ကျင့်တရား​စင်ကြယ်​နေခြင်း​ဟူသည် မတရားမေထုန်​ပြုခြင်း​နှင့်​ပတ်သက်သော အကျင့်​တစ်ခုခု​ကို ရှောင်ကြဉ်​ရုံ​မျှ​မ​က​ပေ။ ‘မတရားမေထုန်​ပြုခြင်း​မှ ထွက်ပြေး’ ရန် ကျွန်ုပ်​တို့သည် ပေါ်နီယာ​ဟူ​သည့် ကြီး​လေး​သော​အပြစ်​ဖြစ်စေ​နိုင်သော လိင်ဆိုင်ရာ မသန့်ရှင်းမှု​နှင့် အကျင့်​လျော့ရဲမှု ပုံစံ​အားလုံး​ကို ရှောင်​ရ​ကြ​မည်။ (ဧဖက် ၄:၁၉) ဤနည်းဖြင့် ကိုယ်ကျင့်တရား​စင်ကြယ်​သူများ ဖြစ်​နိုင်​ကြသည်။

ပရောပရည်​ပြုလုပ်ခြင်း​အန္တရာယ်များ​ကို ရှောင်​လော့

၁၆။ အဘယ်​အခြေအနေ​၌ ချစ်​ကြိုက်​သည့်​အမူအရာ​ပြ​ခြင်း​သည် သင့်လျော်​သနည်း၊ အဘယ်​ကျမ်းစာ​ပုံ​နမူနာ​က ဖော်ပြ​သနည်း။

၁၆ ကိုယ်ကျင့်တရား​စင်ကြယ်​နေဖို့ ကျွန်ုပ်​တို့​သတိပြု​ရမည့် အန္တရာယ်​နောက်တစ်ခု​မှာ ပရောပရည်​ပြုလုပ်ခြင်း​ဖြစ်သည်။ လိင်​ခြား​သူ​အချင်းချင်း ပရောပရည်​ပြုခြင်း​သည် အပျော်​အ​ပြ​က်​သာ​ဖြစ်၍ အန္တရာယ်​မရှိ​ဟု အချို့​က အခိုင်အမာ​ပြောဆို​ပေမည်။ ချစ်​ကြိုက်​သည့်​အမူအရာ​များ​ပြဖို့ အချိန်​နှင့် လျော်​ကန်​သော​နေရာ အမှန်​ရှိ၏။ ဣဇာက်​နှင့် ရေဗက္က​တို့ “ပျော်ရွှင်​နေသည်​ကို” တွေ့မြင်​သူတို့သည် သူတို့ မောင်နှမ​မဟုတ်​ကြောင်း သိခဲ့​ကြ​၏။ (ကမ္ဘာဦး ၂၆:၇-၉သမ္မာ) သူတို့သည် ဇနီး​မောင်နှံ​ဖြစ်​ကြ​ရာ တစ်ဦး​ကိုတစ်​ဦး ချစ်​မြတ်နိုး​ကြောင်း ဖော်ပြခြင်း​သည် သင့်လျော်​ပေ​၏။ သို့သော် ပရောပရည်​ပြုခြင်း​မှာ​မူ ထိုသို့​မဟုတ်​ချေ။

၁၇။ ပရောပရည်​ပြုလုပ်ခြင်း​ကား အဘယ်နည်း၊ ထို​ပြဿနာ​ကို မည်သို့​ထိန်းချုပ်​နိုင်​သနည်း။

၁၇ ပရောပရည်​ပြုလုပ်ခြင်း​ကို ဤသို့​အဓိပ္ပာယ်​ဖွင့်ဆို​နိုင်​သည်– လက်ထပ်​ဖို့ ရည်ရွယ်ချက်​မရှိဘဲ ချစ်​ကြိုက်​သည့်​အမူအရာ​များ​ပြ​ခြင်း​ဖြစ်သည်။ လူ​ဟူသည် နားလည်​ရ​ခက်​သော​သတ္တဝါများ​ဖြစ်​ကြ​ရာ ပရောပရည်​ပြုလုပ်​နည်း အမျိုးမျိုး​ရှိသည်​မှန်​၏၊ ထို​နည်း​အချို့​မှာ မသိသာ​မထင်ရှား​ချေ။ (သု. ၃၀:၁၈၊ ၁၉) သို့​ဖြစ်၍ ယင်း​ကိစ္စ​ကို ပုံသေ​ကား​ကျ​စည်းမျဉ်း​မ​ထုတ်​နိုင်​ပါ။ ယင်းအစား စည်းမျဉ်း​ထက် သာလွန်​သည့်​အရာ​ဖြစ်သော မိမိကိုယ်ကို ရိုးသား​စွာ​ဆန်းစစ်​ကြည့်​ခြင်း​နှင့် ကျမ်းစာ​မူများ​ကို အသိစိတ်​ရှိ​ရှိ လက်တွေ့​ကျင့်သုံး​ခြင်း​ပြု​ဖို့​လို​သည်။

၁၈။ လူ​အချို့ အဘယ်ကြောင့် ပရောပရည်​ပြုလုပ်​ကြ​သနည်း၊ ပရောပရည်​ပြုလုပ်ခြင်း​သည် အဘယ်ကြောင့်​အန္တရာယ်​ရှိ​သနည်း။

၁၈ ကျွန်ုပ်​တို့ ကိုယ့်​ကိုယ်ကို ရိုးရိုးသားသား​ဆန်းစစ်​ကြည့်​လျှင် လိင်​ခြား​သူ​တစ်ဦး​က ချစ်​ကြိုက်​သည့်​သဘော​မျိုး​ဖြင့် မိမိကို စိတ်ဝင်စား​သည်​ဟု​သိ​သည့်​အခါ လူအများသည် သဘောကျ​တတ်​ကြောင်း ဝန်ခံ​ရ​ပေမည်။ ထိုသို့​ဖြစ်​ခြင်း​သည် သဘာဝ​ပင်​ဖြစ်၏။ သို့သော် ထိုသို့​စိတ်ဝင်စား​လာစေဖို့၊ မိမိ​စိတ်ဓာတ်​ကို အနည်း​အကျဉ်း​မြှင့်တင်​ပေး​ဖို့၊ အခြားသူ​တစ်ဦး​က ထိုသို့​တုံ့ပြန်​လာစေဖို့ ကျွန်ုပ်​တို့ ပရောပရည်​ပြုလုပ်​တတ်​သလော။ ထိုသို့​ပြုလုပ်​နေလျှင် ဖြစ်ပေါ်​လာနိုင်​သော စိတ်နာ​စ​ရာ​တို့ကို ထည့်​စဉ်းစား​ကြည့်​ပါသလော။ ဥပမာ၊ နယပုံပြင် ၁၃:၁၂ က “မျှော်လင့်​သော​အရာ​သည် ဖင့်နွှဲ​လျှင် စိတ်နှလုံး​ကို​ပူပန်​စေ​တတ်၏” ဟု​ဆို​၏။ တစ်စုံ​တစ်ဦး​နှင့် ကျွန်ုပ်​တို့ တမင်​ပရောပရည်​ပြုလုပ်​နေ​မည်​ဆိုလျှင် ထို​သူ မည်သို့​ခံစား​နေရ​ကြောင်း သိချင်​မှ​သိမည်။ သူ့ကို​ချစ်​ကြိုက်​စကားပြော​တော့​မည်၊ နောက်ဆုံး​လက်ထပ်​ယူ​မည်​ဟူ၍ပင် မျှော်လင့်​နေနိုင်​သည်။ ဖြစ်ပေါ်​လာနိုင်​သော အကြီးအကျယ်​စိတ်ဓာတ်ကျ​မှု​သည် ဝမ်းနည်း​ပက်လက်​ဖြစ်စေ​နိုင်၏။ (သု. ၁၈:၁၄) သူတစ်ပါး​၏​ခံစားချက်​များနှင့် တမင်​ကစား​ခြင်း​သည် ရက်စက်​ရာ​ရောက်​ပါ​သည်။

၁၉။ ပရောပရည်​ပြုလုပ်ခြင်း​သည် ခရစ်ယာန်​အိမ်ထောင်များ​ကို မည်သို့​အန္တရာယ်​ပြု​နိုင်​သနည်း။

၁၉ အိမ်ထောင်သည်​များ​အနေ​နှင့် ပရောပရည်​ပြုလုပ်ခြင်း​ကို သတိထားဖို့ အထူး​အရေးကြီး​ပါ​သည်။ အိမ်ထောင်သည်​တစ်ဦး​ကို ချစ်​ကြိုက်​သည့်​အမူအရာ​ပြ​ခြင်း၊ သို့​မဟုတ် အိမ်ထောင်သည်​တစ်ဦး​က မိမိ၏​အိမ်ထောင်ဖက်​မဟုတ်​သူအား ထို​အမူအရာ​များ​ပြ​ခြင်း​သည် မှား​၏။ ဝမ်းနည်းစရာမှာ ခရစ်ယာန်​အချို့​သည် မိမိတို့​အိမ်ထောင်ဖက်​မဟုတ်သော လိင်​ခြား​သူများ​နှင့် အချစ်ဇာတ်​လမ်းဖွင့်​ခြင်း​သည် မမှား​ပါ​ဟု တလွဲ​ယူဆ​ခဲ့​ကြ​၏။ အချို့​တို့သည် မိမိတို့၏​အိမ်ထောင်ဖက်​ကို​ပင် မပြောပြ​သော မိမိတို့၏​အတွင်းရေး​များ​ကို ထို“သူငယ်ချင်း” အား ရင်ဖွင့်​ပြောပြ​တတ်ကြ​သည်။ ယင်းကြောင့် ချစ်စိတ်​များ​မှ​တစ်ဆင့် စိတ်ပိုင်း​ဆိုင်ရာ စွဲလမ်း​ငြိတွယ်​မှု​ရှိလာ​ရာ အိမ်ထောင်ရေး​၏​အခြေအမြစ်​ကို ပြိုကွဲ​ပျက်ပြား​သွား​စေနိုင်​သည်။ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​သည် နှလုံး​ထဲ​မှ​အစပြု​သည်​ဟူသော ယေရှု​မိန့်မှာ​ခဲ့​သည့် ပညာရှိ​သတိပေး​ချက်​ကို အိမ်ထောင်သည်​ခရစ်ယာန်​များ သတိ​ရဖို့​ကောင်း​သည်။ (မဿဲ ၅:၂၈) သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​နှလုံးကို စောင့်ရှောက်​ပြီး ဆိုးကျိုး​များ​ရစေ​နိုင်သော အခြေအနေ​များ​ကို ရှောင်ကြပါ​စို့။

၂၀။ မိမိတို့၏​ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​ကို မည်သို့​ရှုမြင်​ရန် ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​သင့်​သနည်း။

၂၀ မှန်ပါသည်၊ မျက်မှောက်ခေတ် အကျင့်​ယိုယွင်းသော​လောကတွင် ကိုယ်ကျင့်တရား​စင်ကြယ်​နေဖို့ မလွယ်ကူ​ပါ။ သို့ရာတွင် ယင်းကို​ဆုံးရှုံး​ပြီး​မှ တစ်ခါ​ပြန်​ရဖို့​ထက် ဆက်လက်​ထိန်းသိမ်း​ထားခြင်း​က ပို​လွယ်ကူ​ကြောင်း သတိရပါ။ ယေဟောဝါ​သည် ‘ကြွယ်ဝ​စွာ​ခွင့်လွှတ်’ နိုင်​တော်​မူ​ပြီး အမှန်တကယ်​နောင်တ​ရသူ​တို့ကို လုံးလုံး​စင်ကြယ်​စေနိုင်​သည်​မှာ မှန်​ပါ​၏။ (ဟေရှာယ ၅၅:၇) သို့သော် မိမိတို့​လုပ်ရပ်များ​၏​အကျိုးဆက်များ မခံစား​ရစေ​ရန် အကျင့်​ယိုယွင်း​သူများကို ယေဟောဝါ ကာကွယ်​မပေး​ပါ။ ထို​အကျိုးဆက်များ​သည် နှစ်ချီ​မ​က တစ်သက်လုံး​ဆိုးကျိုး​ပေး​နိုင်​သည်။ (၂ ဓမ္မ​ရာဇဝင် ၁၂:၉-၁၂) သို့​ဖြစ်၍ သင်၏​နှလုံးကို စောင့်ရှောက်ခြင်း​အားဖြင့် ကိုယ်ကျင့်တရား​စင်ကြယ်​ဖို့ ကြိုးစား​ပါ။ ယေဟောဝါ​ဘုရားသခင်​ရှေ့ သင်၏​သန့်ရှင်း​စင်ကြယ်သော​အနေအထား​ကို အဖိုးတန်​ရတနာ​တစ်ခု​အဖြစ် ရှုမြင်​ကာ ဘယ်​သောအခါ​မျှ လက်မလွတ်​သွား​စေပါ​နှင့်!

သင်​မည်သို့​ဖြေဆို​မည်​နည်း

ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​ကား အဘယ်နည်း၊ အဘယ်ကြောင့် အလွန်​အရေးကြီး​သနည်း။

ကျွန်ုပ်​တို့၏​နှလုံးကို မည်သို့​စောင့်ရှောက်​နိုင်​သနည်း။

မတရားမေထုန်​ပြုခြင်း​မှ ထွက်ပြေး​ခြင်း​တွင် အဘယ်အရာ ပါဝင်​သနည်း။

ပရောပရည်​ပြုလုပ်ခြင်း​ကို အဘယ်ကြောင့် ရှောင်သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ကား​တစ်စီး​ကို ကောင်းစွာ​ထိန်း​၍ မမောင်း​နှင်​လျှင် အန္တရာယ်​ရှိ​နိုင်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သတိပေး​ချက်​များ​ကို ဂရုမစိုက်​လျှင် မည်သို့ ဖြစ်​နိုင်​သနည်း

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကိုယ်ကျင့်တရား​စင်ကြယ်သော ပိုးပန်း​ချိန်​ကာလ​သည် ပျော်ရွှင်စရာ​ဖြစ်​ပြီး ဘုရားသခင်​ကို ဂုဏ်တင်