မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချာ့ခ်ျများကို ကယ်နိုင်မည်လော

ချာ့ခ်ျများကို ကယ်နိုင်မည်လော

ချာ့ခ်ျ​များ​ကို ကယ်​နိုင်​မည်​လော

“ဗြိတိန်​နိုင်ငံသား​များသည် ဘုရားသခင်​ကို ယုံကြည်​ဆဲ​ဖြစ်သော်လည်း ခရစ်တော်​နှင့် ကတိကဝတ်​မပြု​လို​ကြ” ဟု​ယူ​ဂ​န်​ဒါ​ခရစ်ယာန်​ဓမ္မ​အမှုဆောင် စတီဗင်​ထ​ရာ​အို​မွီ​က ဆို​၏။ လွန်ခဲ့သော​နှစ် ၂၀ ခန့်​က ယူ​ဂ​န်​ဒါ​နိုင်ငံ​ရှိ သူ၏​ချာ့ခ်ျ အကြမ်းဖက်​သုတ်သင်​ရှင်းလင်း​ခံရ​စဉ် သူ​လွတ်မြောက်​ခဲ့​သည်။ ယခု သူသည် အင်္ဂလန်​နိုင်ငံ၊ လိ​ဒ်စ်​မြို့ရှိ အမျိုးသား​ကလပ်​တွင် ဘင်​ဂို​လောင်းကစား​က သူ၏​ပရိသတ်​ကို လုယူ​မသွားမီ ဆယ်မိနစ်​ကြာ​ဟောပြောချက် ပေး​နေသည်။

အတ္တလန္တိတ်​တစ်ဖက်​ကမ်း အမေရိက​ရှိ မကြာသေးမီ​က ဖွဲ့စည်းထား​သော အင်္ဂလီကန်​ခရစ်ယာန်​သာသနာပြု​အဖွဲ့​သည် အလားတူ​ဝိညာဉ်​ရေး​ကပ်​ဆိုက်​မှု​ကို ဆိုင်ပြိုင်​တွန်းလှန်​နေရ​သည်။ အဆိုပါ​ခရစ်ယာန်​သာသနာပြု​အဖွဲ့​၏ တရားဝင် ဝက်ဘ်ဆိုက်​က ဤသို့​ဆို​၏– “ယခု အမေရိကန်​ပြည်ထောင်စု​သည် ကမ္ဘာ​ပေါ်​တွင် ချာ့ခ်ျ​အသင်းသား​အနည်းဆုံး​နှင့် ဝိညာဉ်​ရေး​ကို စိတ်မပါ​သော အင်္ဂလိပ်​စကားပြော လူဦးရေ​အများဆုံး​တို့ မှီတင်း​နေထိုင်ရာ​အရပ်​ဖြစ်နေ​သည်။ ဤ​ဒေသ​သည် ခရစ်ယာန်​သာသနာပြု​လယ်ကွင်း​ဖြစ်လာ​လေ​ပြီ။” ချာ့ခ်ျ​အတွင်း ပြုပြင်​ပြောင်းလဲ​ရန် အားထုတ်မှု​များ​ပျက်ပြား​ခဲ့​ရာ ကြံရာမရ​သည့်​အဆုံး ဖွဲ့စည်းခါစ​ခရစ်ယာန်​သာသနာပြု​အဖွဲ့​သည် အစဉ်အလာ​ကို​ချိုးဖောက်​ကာ “အမေရိကန်​ပြည်ထောင်စု​သို့ ခရီးဆန့်​သော ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​တစ်ခု” စတင်​ရန် အာရှ​နှင့် အာဖရိက​ခေါင်းဆောင်​များနှင့် ပူးပေါင်း​ခဲ့​သည်။

သို့သော် အာဖရိက၊ အာရှ​နှင့် လက်တင်အမေရိက​မှ ခရစ်ယာန်​သာသနာပြု​များသည် အဘယ်ကြောင့် ခရစ်ယာန်​အခေါ်ခံသူ​များ နေထိုင်ရာ​ဒေသ​များ​ဖြစ်သော ဥရောပ​နှင့် မြောက်​အမေရိက​တို့​ရှိ ‘စိုးလ်​များ​ကို​ကယ်တင်’ နေကြ​သနည်း။

မည်သူက မည်​သူ့ကို ကယ်တင်​နေသနည်း

လွန်ခဲ့သော​အနှစ်​လေး​ရာ​ကျော်​က ဘာသာ​တရား​ကြည်ညို​သော ဥရောပ​ခရစ်ယာန်​သာသနာပြု​တ​သီ​တ​တန်း​ကြီး​သည် ကိုလိုနီနယ်​ချဲ့ထွင်​ရေး လမ်းကြောင်း​အတိုင်း အာဖရိက၊ အာရှ၊ ပစိဖိတ်​သမုဒ္ဒရာ​နှင့် တောင်​အမေရိက​စ​သည့်​နိုင်ငံ​များ​သို့ အလုံးအရင်း​နှင့် ထက်​ကြပ်​မ​ကွာ လိုက်ပါ​ချီတက်​သွားခဲ့​ကြသည်။ သူတို့၏​ရည်ရွယ်ချက်မှာ အဆိုပါ​နိုင်ငံ​များ​ရှိ မယုံကြည်​သူတို့ကို မိမိတို့​ဘာသာ​ထဲ သိမ်းသွင်း​ဖို့​ဖြစ်သည်။ အချိန်တန်သော် ခရစ်ယာန်မူ​များ​အပေါ် အခြေ​စိုက်​ထား​သည်​ဟု​ဆို​သော အမေရိကန်​ကိုလိုနီ​တို့သည် ဥရောပ​ခရစ်ယာန်​သာသနာပြု​တို့​နှင့်​ပူးပေါင်း​လာပြီး​နောက် ထို​သူတို့သည် ကမ္ဘာ​တစ်ဝန်း​တွင် မိမိတို့​ပိုင် ခရစ်ယာန်​သာသနာပြု​အုပ်စု​များ​ကို ထူထောင်​ရာ​၌ ဥရောပ​ခရစ်ယာန်​သာသနာပြု​များ​ထက် ခြေလှမ်း​သာ​သွားခဲ့​ကြသည်။ ယခု​မူ အခြေအနေ​မှာ ပြောင်းပြန်​ဖြစ်သွား​လေ​သည်။

အနောက်​တိုင်း​မဟုတ်သော​နိုင်ငံ​များ​တွင် ခရစ်ယာန်​ဘာသာ​ကို လေ့လာ​သည့် ဗဟို​ဌာန​ကို တည်ထောင်သူ ဒါရိုက်တာ အင်ဒရူး​ဝေါ​လ်စ်​က “[ခရစ်ယာန်​အမည်ခံ​သူတို့၏] ဗဟို​ဌာန​တည်ရာ​အရပ် ပြောင်း​သွားပြီ” ဟု​ဆို​၏။ ၁၉၀၀ ပြည့်နှစ်​တွင် ခရစ်ယာန်​ဟု​ဆို​သူ ၈၀ ရာခိုင်နှုန်း​မှာ ဥရောပ​သားများ သို့​မဟုတ် မြောက်​အမေရိကန်​သားများ​ဖြစ်​ကြသည်။ သို့သော် ယနေ့ ခရစ်ယာန်​ဟု​အမည်ခံ​သူ ၆၀ ရာခိုင်နှုန်း​မှာ အာဖရိက၊ အာရှ​နှင့် လက်တင်အမေရိက​တွင် နေထိုင်ကြ​သည်။ မကြာသေးမီ​က သတင်း​တစ်ပုဒ်​တွင် ဤသို့​ဖော်ပြ​သည်– “ဥရောပ​ရှိ​ကက်သလစ်​ချာ့ခ်ျ​များသည် ဖိလစ်ပိုင်​နိုင်ငံ​နှင့် အိန္ဒိယ​နိုင်ငံ​မှ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များ​ကို အမှီပြု​နေရ” ပြီး “အမေရိကန် ကက်သလစ်​ခရစ်ယာန်​သာသနာ​နယ်ပယ်​များ​၌ အမှုထမ်း​နေသော ခရစ်ယာန်​ဓမ္မ​အမှုဆောင်​ခြောက်​ဦး​တွင် တစ်ဦး​မှာ တိုင်းတစ်ပါး​မှ​လာ​သူ​ဖြစ်သည်။” အများအားဖြင့် ဂါနာ​နိုင်ငံ​မှ​လာသော၊ နယ်သာလန်​နိုင်ငံ​ရှိ အာဖရိကန် ဧဝံဂေလိ​အသင်းသားများ​က မိမိတို့​ကိုယ်ကို “လောက​ရေးရာ​စိုးမိုး​သည့် တိုက်ကြီး​ပေါ်​ရှိ ခရစ်ယာန်​သာသနာပြု​ချာ့ခ်ျ” အဖြစ် ရှုမြင်​ကြသည်။ ထို့​ပြင် ယခု​အခါ ဗြိတိန်​နိုင်ငံ​၏​ဒေသ​အသီးသီး​တွင် ဘရာဇီး​လ်​နိုင်ငံ​မှ​လာသော ဧဝံဂေလိ​ဟောပြောသူများ​က ဝတ်ပြုရေး​ကင်ပိန်း​များ လုပ်ဆောင်​လျက်​ရှိသည်။ စာရေး​ဆရာ​တစ်ဦး​က “ခရစ်ယာန်​သာသနာပြု ယာဉ်​သည် နောက်​ပြန်​ဂီယာ​ထိုး​ထား​လေ​ပြီ” ဟု​မှတ်ချက်ချ​သည်။

တိုက်ခတ်​တော့​မည့် မုန်တိုင်း

လောက​ရေးရာ​စိုးမိုး​သည့် ဥရောပ​နှင့် မြောက်​အမေရိက​တိုက်ကြီး​များ​တွင် ခရစ်ယာန်​သာသနာပြု​များ ပိုမို​လိုအပ်​နေ​ပုံ​ရှိသည်။ သတင်း​မဂ္ဂဇင်း​တစ်စောင်​က “စကော့တလန်​နိုင်ငံ​တွင် ချာ့ခ်ျ​မှန်မှန်​တက်​သည့် ခရစ်ယာန် ၁၀ ရာခိုင်နှုန်း​ပင် မရှိတော့” ဟု​ဆို​၏။ ပြင်သစ်​နှင့် ဂျာမနီ​နိုင်ငံ​တွင် ထို​ထက်​ပင် နည်း​သည်။ စာရင်း​ကောက်ယူ​ကြည့်​သောအခါ “အမေရိကန်​နိုင်ငံသား ၄၀ ရာခိုင်နှုန်း​ခန့်​နှင့် ကနေဒါ​နိုင်ငံသား ၂၀ ရာခိုင်နှုန်း​က မိမိတို့​ချာ့ခ်ျ​မှန်မှန်​တက်​သည်​ဟု​ဆို​ကြောင်း” အခြား​သတင်း​တစ်ပုဒ်​က ဖြည့်စွက်​သည်။ ယင်း​နှင့်​ခြားနား​လျက် ဖိလစ်ပိုင်​နိုင်ငံ​တွင် ချာ့ခ်ျ​တက်​သူ ၇၀ ရာခိုင်နှုန်း​နီးပါး​ရှိသည်​ဟု​ဆို​၏၊ အခြား​ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​တွင်​လည်း အလားတူ​ဖြစ်သည်။

ထို့​ထက်​ထူးခြား​သည်​မှာ ကမ္ဘာ့​တောင်ဘက်​ခြမ်း​ရှိ ချာ့ခ်ျ​တက်​သူများ​သည် ကမ္ဘာ့​မြောက်ဘက်​ခြမ်း​ရှိ ချာ့ခ်ျ​တက်​သူများ​ထက် သာ၍​ထုံးတမ်း​စဉ်​လာ လိုက်နာသူ​များ​ဖြစ်လာ​ခြင်း​ပင်​တည်း။ ဥပမာ၊ အမေရိကန်​ပြည်ထောင်စု​ရှိ ကက်သလစ်​များ​၏​သဘောထားကို စစ်တမ်း​ကောက်ယူ​သောအခါ ခရစ်ယာန်​ဘုန်းကြီး​များ​၏​အခွင့်အာဏာကို မိမိတို့ အယုံအကြည်မဲ့​လာ​ကြောင်း တညီတညွတ်​တည်း​ဖော်ပြ​ကြ​ပြီး ချာ့ခ်ျ​ဆုံးဖြတ်ချက်​များ​တွင် လူ​ဝတ်​ကြောင်​များ ပိုမို​ပါဝင်ခွင့်​ရဖို့​နှင့် အမျိုးသမီးများ တန်းတူ​အခွင့်အရေး​ရဖို့ ထောက်ခံကြ​သည်။ ကမ္ဘာ့​တောင်ဘက်​ခြမ်း​ရှိ ကက်သလစ်​များ​မူ အဆိုပါ​ကိစ္စ​များ​တွင် ချာ့ခ်ျ​၏​ထုံးတမ်း​စဉ်​လာ​ရပ်တည်မှု​ကို သောင်းသောင်းဖြဖြ လက်ခံ​ကြသည်။ ချာ့ခ်ျ​လူဦးရေ​စာရင်း​ပြောင်းလဲမှု​သည် တောင်ဘက်​ပိုင်း​သို့ ဆက်၍​အလေးသာ​လျက်​ရှိရာ အနာဂတ်​တွင် ထိပ်တိုက်​ရင်ဆိုင်​မှု​ပေါ်ပေါက်​ရန် ခိုင်လုံ​သော​အကြောင်းရင်း ရှိ​နှင့်​ပြီ​ဖြစ်သည်။ ဘာသာရေး​နှင့် သမိုင်း​ပညာရှင် ဖိလစ်​ဂျဲ​ဂ​င်​က ဤသို့​ကြိုပြော​သည်– “ဆယ်နှစ် သို့​မဟုတ် အနှစ်​နှစ်​ဆယ်​အတွင်း ဤ​ခရစ်ယာန်​ဘာသာရေး​အုပ်စု​နှစ်စု​သည် တစ်စု​ကိုတစ်​စု အပြည့်အဝ သို့​မဟုတ် ခရစ်ယာန်စစ်​အဖြစ် အသိအမှတ်​မပြု​တော့​ဖို့ အကြောင်း​များသည်။”

ဤ​ခေတ်​ရေစီးကြောင်း​ကို​ထောက်၍ “အာဖရိက၊ အာရှ၊ လက်တင်အမေရိက၊ မြောက်​အမေရိက​နှင့် ဥရောပ​နိုင်ငံသား ခရစ်ယာန်​များသည် ချာ့ခ်ျ​တစ်ခု​တည်း​တွင် အတူ​နေပြီး ယုံကြည်ခြင်း​တစ်ပါး​တည်း​ကို မည်သို့​တင်ပြ​နိုင်​မည်​နည်း” ဟူသည် အရေးပါသော​မေးခွန်း​တစ်ခု​ဖြစ်၏​ဟု ဝေါ​လ်စ်​က​ဆို​သည်။ သင် မည်သို့​ထင်​သနည်း။ တိုး၍​တိုး၍​ကွဲပြား​လာသော လောကတွင် ချာ့ခ်ျ​များ​ကို ကယ်တင်​နိုင်​မည်​လော။ စစ်မှန်သော​ခရစ်ယာန်​စည်းလုံးမှု​အတွက် အခြေခံ​ကား အဘယ်နည်း။ ကမ္ဘာ​တစ်ဝန်း​တွင် စည်းလုံး​သော ခရစ်ယာန်​အသိုင်းအဝိုင်း​တစ်ခု ဖွံ့ဖြိုး​တိုးတက်​နေပြီ​ဖြစ်​ကြောင်း ထင်ရှားသော​အထောက်အထား​နှင့်အတူ ကျမ်းစာ​ဆိုင်ရာ​အဖြေ​များ​ကို နောက်​ဆောင်းပါး​က ဖော်ပြ​ပါ​မည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ယခင်​က ချာ့ခ်ျ​တစ်ခု​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ ဂီတ​သံလွင်​နေသော က​ဖေး​ဖြစ်နေ​ပြီ

[Credit Line]

AP Photo/Nancy Palmieri