စစ်မှန်သောခရစ်ယာန်ဘာသာ ပြန့်ပွားတိုးတက်နေ
စစ်မှန်သောခရစ်ယာန်ဘာသာ ပြန့်ပွားတိုးတက်နေ
ယေရှုခရစ်၏ဓမ္မအမှုဆောင်ခြင်းသည် ပထမရာစုတွင် လောကဇာတ်ခုံပေါ် ထူးထူးခြားခြားပေါ်ထွက်လာသည်။ ကိုယ်တော်၏သတင်းတရားသည် လူတို့ အံ့သြမိန်းမောရလောက်အောင် အားအင်ပေးသည်၊ အလင်းဖြာပေးကာ စိတ်လှုပ်ရှားတက်ကြွစေသည်။ ကိုယ်တော့်စကား ကြားခဲ့သူများစွာတို့သည် ကိုယ်တော်မိန့်တော်မူရာများကို အထူးစွဲမှတ်ခဲ့ကြ၏။—မဿဲ ၇:၂၈၊ ၂၉။
ယေရှုသည် ထိုခေတ်အခါရှိ ဖိနှိပ်ချုပ်ချယ်သော ခရစ်ယာန်အသင်းတော်နှင့်လည်းကောင်း၊ နိုင်ငံရေးစနစ်တို့နှင့်လည်းကောင်း မပတ်သက်ဘဲ လူသာမန်တို့ ချဉ်းကပ်ရဲသူဖြစ်အောင် နေခဲ့သည်။ (မဿဲ ၁၁:၂၅-၃၀) မြေကြီးပေါ်တွင် နတ်ဆိုးတို့၏သြဇာလွှမ်းမှု ပျံ့နှံ့နေကြောင်း ကိုယ်တော်ပွင့်လင်းစွာ အသိအမှတ်ပြုခဲ့ပြီး ယင်းတို့အား ဘုရားသခင်ပေးသည့်တန်ခိုးတော်ကို ထုတ်ပြတော်မူခဲ့သည်။ (မဿဲ ၄:၂-၁၁၊ ၂၄; ယောဟန် ၁၄:၃၀) ယေရှုသည် ဆင်းရဲခြင်းဝေဒနာနှင့် အပြစ်တရားအကြားရှိ အခြေခံကျသောဆက်နွှယ်မှုကို ကျွမ်းကျင်စွာ အလင်းဖြာပေးခဲ့ပြီး ဘေးဘယအပေါင်းမှ ထာဝစဉ် ချမ်းသာရာရဖို့ ဘုရားသခင့်နိုင်ငံတော်ကို မေတ္တာဖြင့် ညွှန်ပြပေးခဲ့သည်။ (မာကု ၂:၁-၁၂; လုကာ ၁၁:၂၊ ၁၇-၂၃) ခမည်းတော်၏ဂုဏ်ရည်တော်အမှန်ကို ကြာမြင့်စွာကတည်းက ဖုံးကွယ်ထားသော အမှောင်မျက်နှာဖုံးကို အပြီးအပြတ်ဖယ်ရှားပေးပြီး ခမည်းတော်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေး ရှိလိုသူတိုင်းအား ဘုရားသခင့်နာမတော်ကို ထင်ရှားပြခဲ့သည်။—ယောဟန် ၁၇:၆၊ ၂၆။
ယင်းကြောင့် ယေရှု၏တပည့်များသည် ပြင်းထန်သော ဝတ်ပြုရေးနှင့်နိုင်ငံရေး နှိပ်စက်ညှဉ်းပန်းမှုများကြားမှ တန်ခိုးနှင့်ပြုပြင်တတ်သည့်သတင်းတရားကို အလျင်အမြန်ပျံ့နှံ့စေခဲ့ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ အနှစ် ၃၀ ခန့်မျှနှင့် အာဖရိက၊ အာရှနှင့် ဥရောပတို့တွင် တက်ကြွလှုပ်ရှားသော ခရစ်ယာန်အသင်းတော်များကို ဖွဲ့စည်းထူထောင်ခဲ့ကြသည်။ (ကောလောသဲ ၁:၂၂၊ ၂၃) ယေရှုသွန်သင်ခဲ့သော ရိုးရှင်းသည့်အမှန်တရားသည် ရောမအင်ပါယာတစ်လျှောက်ရှိ စိတ်နှိမ့်ချ၊ ရိုးဖြောင့်သူတို့၏နှလုံးကို အလင်းဖြာပေးခဲ့သည်။—ဧဖက် ၁:၁၇၊ ၁၈။
သို့သော် စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဝတ်ပြုရေးနောက်ခံ အသီးသီးမှလာသော ဤတပည့်သစ်အားလုံးသည် တမန်တော်ပေါလု၏အဆိုအရ “ယုံကြည်ခြင်းတစ်ပါး” တည်းတွင် မည်သို့စည်းလုံးလာကြသနည်း။ (ဧဖက် ၄:၅) သူတို့ကွဲပြားမသွားစေဖို့ အဘယ်အရာက သူတို့ကို ‘စကားတညီတညွတ်တည်း ပြောဆို’ စေသနည်း။ (၁ ကောရိန္သု ၁:၁၀) မျက်မှောက်ခေတ် အမည်ခံခရစ်ယာန်များအကြားတွင် အကြီးအကျယ်ညီညွတ်မှုမရှိသည်ကိုထောက်၍ ယေရှုသွန်သင်ပေးခဲ့ရာများကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်သင့်သည်။
ခရစ်ယာန်စည်းလုံးမှု၏ အခြေခံအကြောင်း
ပုန္တိပိလတ်မင်းရှေ့ စစ်ဆေးခံရစဉ် ခရစ်ယာန်စည်းလုံးမှု၏ အခြေခံအကြောင်းကို ယေရှုဖော်ပြခဲ့သည်။ ကိုယ်တော်ဤသို့ဆိုခဲ့သည်– ‘အမှန်တရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ အမှန်တရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်။’ (ယောဟန် ၁၈:၃၇) ထို့ကြောင့် ယေရှု၏သွန်သင်ချက်များနှင့်အတူ ကျန်ရှိသော ဘုရားသခင့်မှုတ်သွင်းခံ နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို လက်ခံခြင်းက ခရစ်တော်၏တပည့်စစ်များအား စည်းလုံးစေသည်။—၁ ကောရိန္သု ၄:၆; ၂ တိမောသေ ၃:၁၆၊ ၁၇။
မှန်ပါသည်၊ ယေရှု၏တပည့်များအကြားတွင် စိတ်အရိုးခံဖြင့် မေးချင်သောမေးခွန်းများ သို့မဟုတ် သဘောထားကွဲလွဲမှုများ ရှိခဲ့ပေမည်။ ထိုအခါ အဘယ်အရာက သူတို့ကို ကူညီပေးမည်နည်း။ ယေရှုဤသို့ရှင်းပြခဲ့သည်– ‘အမှန်တရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည်ရောက်လာသောအခါ၊ အမှန်တရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အားဖော်ပြလိမ့်မည်။’ (ယောဟန် ၁၆:၁၂၊ ၁၃) သို့ဖြင့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင် အဆင့်ဆင့်ဖွင့်ပြသော အမှန်တရားကို ယေရှု၏တပည့်စစ်များအား နားလည်စေမည်ဖြစ်သည်။ ထို့ပြင် ၎င်းဝိညာဉ်တော်သည် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းစသည့် ဝိညာဉ်အသီးများကိုသီးပွင့်စေပြီး ယင်းအသီးတို့က တစ်ဖန် သူတို့ကိုစည်းလုံးစေမည်ဖြစ်သည်။—တမန်တော် ၁၅:၂၈; ဂလာတိ ၅:၂၂၊ ၂၃။
မိမိ၏တပည့်များအကြား စိတ်ဝမ်းကွဲပြားဖို့ သို့မဟုတ် ဂိုဏ်းခွဲဖို့ ယေရှုခွင့်မပြုခဲ့ပါ; ကျမ်းစာအမှန်တရားများကို မိမိတို့တွေ့ဆုံသူများ၏ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် ဝိညာဉ်ရေးဆိုင်ရာ အလေ့အထများနှင့် လိုက်လျောညီထွေဖြစ်စေရန် အဓိပ္ပာယ်ကောက်ယူခြင်းမျိုးလည်း ခွင့်မပြုခဲ့ပါ။ ယင်းအစား သူတို့နှင့်အတူရှိခဲ့သော နောက်ဆုံးညတွင် ကိုယ်တော်ဤသို့ထက်သန်စွာ ဆုတောင်းခဲ့သည်– ‘ထိုသူတို့အဖို့ကိုသာ အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ သူတို့ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကိုယုံကြည်သောသူတို့အဖို့ကိုလည်း ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကသားတို့သည် ယုံကြမည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ ဆုတောင်းပါ၏။’ (ယောဟန် ၁၇:၂၀၊ ၂၁) သို့ဖြစ်၍ စိတ်၌လည်းကောင်း၊ အမှန်တရား၌လည်းကောင်း စစ်မှန်သောစည်းလုံးမှုရှိခြင်းသည် ခရစ်ယာန်ဘာသာအစပြုချိန်မှသည် ကျွန်ုပ်တို့အချိန်အထိ ခရစ်တော်၏တပည့်များကို ခွဲခြားဖော်ပြသောအမှတ်အသားတစ်ခုဖြစ်ရမည် ဖြစ်သည်။ (ယောဟန် ၄:၂၃၊ ၂၄) သို့ရာတွင် မျက်မှောက်ခေတ်ချာ့ခ်ျများသည် စည်းလုံးမှုမရှိဘဲ ကွဲပြားနေသည်။ ထိုသို့အဘယ်ကြောင့်ဖြစ်ရသနည်း။
ချာ့ခ်ျများကွဲပြားရသည့်အကြောင်း
ယနေ့ ခရစ်ယာန်ဆိုသူများအကြား ယုံကြည်ချက်များ အကြီးအကျယ်ကွဲပြားခြားနားရခြင်းကို ပွင့်ပွင့်လင်းလင်းပြောရလျှင် ယေရှု၏သွန်သင်ချက်များကို သူတို့မလိုက်နာကြသောကြောင့်သာဖြစ်သည်။ စာရေးဆရာတစ်ဦး ဤသို့ရေးသားခဲ့သည်– “အတိတ်ကကဲ့သို့ပင် ယနေ့ခရစ်ယာန်များသည် သမ္မာကျမ်းစာကို မိမိတို့လိုအပ်ချက်များနှင့် ကိုက်ညီသမျှကိုသာ လက်ခံယူကြပြီး မိမိတို့ဒေသမှ ဝတ်ပြုရေးထုံးတမ်းများနှင့် မညီသည့်ကျမ်းချက်မှန်သမျှကိုမူ ပစ်ပယ်ကြသည်။” ယေရှုနှင့် ကိုယ်တော်၏တမန်တော်များ တင်ကူးဟောထားနှင့်သည့်အတိုင်း အတိအကျဖြစ်ပျက်နေပါသည်။
သာဓကအနေနှင့်၊ မှုတ်သွင်းခံရသော တမန်တော်ပေါလုသည် သူ၏လုပ်ဖော်ဆောင်ဖက် ကြီးကြပ်မှူးတိမောသေထံ ဤသို့ရေးသားခဲ့သည်– ‘နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသွန်သင်ချက်ကိုနားမခံနိုင်ဘဲ၊ ယားတတ်သောနားရှိလျှင် မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့လိုက်ကြလိမ့်မည်။ အမှန်တရားကိုနားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့်မည်။’ ခရစ်ယာန်အားလုံး လမ်းလွဲသွားမည်လော။ မဟုတ်ပါ။ ပေါလုဤသို့ဆက်ပြောသည်– ‘သင်မူကား၊ အရာရာ၌ ... သတိရှိစေလော့။ ဆင်းရဲခြင်းကိုသည်းခံလော့။ [ခရစ်ယာန်] သာသနာပြုဆရာဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ... ဆရာအရာ၌ခန့်ထား၍ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။’ (၂ တိမောသေ ၄:၃-၅; လုကာ ၂၁:၈; တမန်တော် ၂၀:၂၉၊ ၃၀; ၂ ပေတရု ၂:၁-၃) တိမောသေနှင့် အခြားတည်ကြည်သောခရစ်ယာန်များသည် အဆိုပါမှုတ်သွင်းခံအကြံပြုချက်အတိုင်း နေထိုင်ကျင့်ကြံခဲ့ကြသည်။
စစ်မှန်သောခရစ်ယာန်များ စည်းလုံးနေကြဆဲ
တိမောသေကဲ့သို့ပင် ယနေ့ ခရစ်ယာန်စစ်များသည် လူ့ကျိုးကြောင်းဆင်ခြင်မှုကို ငြင်းပယ်ပြီး ကျမ်းစာအထောက်အထားရှိသော အယူဝါဒပိုင်းဆိုင်ရာ ယုံကြည်ချက်များကိုသာ လက်ခံခြင်းအားဖြင့် သတိရှိလျက်နေကြသည်။ (ကောလောသဲ ၂:၈; ၁ယောဟန် ၄:၁) ပထမရာစုခရစ်ယာန်များကို တုပသည့်အနေနှင့် ယေဟောဝါသက်သေများသည် နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းတည်းဟူသော ယေရှု၏မူလသတင်းတရားကို အရပ်ရပ်ရှိလူတို့ထံ ရောက်ရှိစေခြင်းဖြင့် သူတို့၏ဓမ္မအမှု ပြီးမြောက်အောင် ဆောင်ရွက်နေကြပါသည်။ ယေရှုကို စည်းလုံးစွာတုပစေပြီး အဘယ်အရပ်၌ နေထိုင်စေကာမူ စစ်မှန်သောခရစ်ယာန်ဘာသာကို လိုက်စားစေသည့် အရေးပါသောနည်းလေးနည်းကို သုံးသပ်ကြည့်ပါ။
သူတို့၏ယုံကြည်ချက်များသည် သမ္မာကျမ်းစာအပေါ် အခြေပြုသည်။ (ယောဟန် ၁၇:၁၇) အီတလီနိုင်ငံ၊ မီလန်အစိုးရတက္ကသိုလ်မှ ခရစ်ယာန်ဘာသာသမိုင်းပါမောက္ခ အက်တီလီယို အဲညိုးလက်တိုက ယေဟောဝါသက်သေတို့၏ လှုပ်ရှားမှုသည် “ခိုင်မာ ထက်သန် သမ္မာကျမ်းစာနှင့်ညီညွတ်ပြီး လုံးလုံးတရားဝင်သည်၊ ခရစ်ယာန်မဆန်သည့်အရာ စိုးစဉ်းမျှမပါ” ဟု ထုတ်ဖော်ပြောခဲ့သည်။
ကမ္ဘာချီပြဿနာအပေါင်းမှ ချမ်းသာရာရဖို့ ဘုရားသခင့်နိုင်ငံတော်ကို သူတို့မျှော်ကိုးကြသည်။ (လုကာ ၈:၁) ကိုလံဘီယာနိုင်ငံ၊ ဘာရန်ကီယာမြို့မှ သက်သေခံတစ်ဦးသည် နိုင်ငံရေးလှုပ်ရှားမှုတစ်ခုကို တက်ကြွစွာထောက်ခံသူ အန်တိုနီယိုနှင့် စကားပြောခဲ့သည်။ သက်သေခံသည် ထိုသူဘက်တွင် မနေသကဲ့သို့ အခြားနိုင်ငံရေးဝါဒတစ်ခုခုကိုလည်း ထောက်ခံအားပေးခြင်းမပြုပေ။ ယင်းအစား အန်တိုနီယိုနှင့် သူ၏ညီမများအား အခမဲ့ကျမ်းစာသင်အံမှု ကမ်းလှမ်းခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်သည် ကိုလံဘီယာနှင့် ကျန်ကမ္ဘာ့ဒေသအသီးသီးရှိ ဆင်းရဲသားများအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်း မကြာမီ အန်တိုနီယိုသိရှိသွားလေသည်။
ဘုရားသခင့်နာမတော်ကို သူတို့ဂုဏ်တင်ကြသည်။ (မဿဲ ၆:၉) ဩစတြေးလျနိုင်ငံမှ စိတ်ရင်းမှန်သည့်ကက်သလစ်တစ်ဦးဖြစ်သူ မာရီယာသည် ယေဟောဝါသက်သေများနှင့် ပထမအကြိမ်တွေ့ဆုံသောအခါ သက်သေခံများက ဘုရားသခင်၏နာမတော်ကို ကျမ်းစာထဲမှ ပြသပေးမည်ဟုဆိုလှာသည်ကို လက်ခံလိုက်သည်။ သူမည်သို့တုံ့ပြန်ခဲ့သနည်း။ “ဘုရားသခင့်နာမတော်ကို သမ္မာကျမ်းစာမှာ ပထမဆုံးအကြိမ်မြင်တွေ့ရတဲ့အခါ ကျွန်မမျက်ရည်ကျမိတယ်။ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို အမှန်သိရှိပြီး အသုံးပြုနိုင်တယ်ဆိုတာသိရလို့ အရမ်းစိတ်လှုပ်ရှားမိခဲ့တယ်။” မာရီယာသည် သမ္မာကျမ်းစာကို ဆက်လေ့လာခဲ့ရာ သူ့ဘဝတွင် ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် ပထမဆုံးအကြိမ် သိလာပြီး ကိုယ်တော်နှင့် တည်မြဲသောဆက်ဆံရေးကို ပျိုးထောင်နိုင်ခဲ့သည်။
ချစ်ခြင်းမေတ္တာဖြင့် သူတို့စည်းလုံးကြသည်။ (ယောဟန် ၁၃:၃၄၊ ၃၅) ကနေဒါနိုင်ငံမှ သည်လေဒီစမိသ်-ရှာမေနီယက်စ် ခရော်နီကယ်လ်သတင်းစာမှ အယ်ဒီတာအာဘော်က ဤသို့မှတ်ချက်ချခဲ့သည်– “သင့်မှာ ဝတ်ပြုရေးယုံကြည်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လွန်ခဲ့သောတစ်ပတ်ခွဲလောက်က ခက်စီဒီမြို့တွင် စတုရန်းပေ ၂၅,၀၀၀ ရှိအဆောက်အအုံတစ်ခုကို နေ့ရောညပါဆောက်လုပ်ခဲ့ကြသော ယေဟောဝါသက်သေ ၄,၅၀၀ ကို သင်ချီးမွမ်းသင့်ပါသည်။ ... ငြင်းခုံမှု၊ သဘောထားကွဲလွဲမှု သို့မဟုတ် ဂုဏ်တုဂုဏ်ပြိုင်တို့မရှိဘဲ ပျော်ရွှင်စွာ ဤသို့လုပ်ဆောင်ခြင်းသည် စစ်မှန်သောခရစ်ယာန်ဘာသာ၏ အမှတ်အသားတစ်ခုဖြစ်၏။”
သို့ဖြစ်၍ အထောက်အထားကို သုံးသပ်ကြည့်ပါ။ ခရစ်ယာန်ဘောင်၏ ဓမ္မပညာရှင်များ၊ ခရစ်ယာန်သာသနာပြုများနှင့် ချာ့ခ်ျတက်သူများသည် မိမိတို့ချာ့ခ်ျများအတွင်း တိုက်ခတ်အံ့ဆဲဆဲ အငြင်းပွားမှုမုန်တိုင်းနှင့် ဆက်၍နပန်းလုံးနေရစဉ် စစ်မှန်သောခရစ်ယာန်ဘာသာမူကား ကမ္ဘာတစ်ဝန်း၌ တိုးတက်ဖြစ်ထွန်းနေပါသည်။ အမှန်မှာ စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဟောပြော၊ သွန်သင်ခြင်းဆိုင်ရာ ခန့်အပ်ခံဓမ္မအမှုကို သယ်ပိုးလျက်ရှိနေကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) အသင်သည် ယခုဖြစ်ပျက်နေသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် “ညည်းတွားငိုကြွေး” နေပြီး ခရစ်ယာန်ဘောင်၏ဘာသာတရားများ စည်းလုံးမှုမရှိသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသူတစ်ဦးဖြစ်လျှင် တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင်၊ ယေဟောဝါကို စည်းလုံးစွာဝတ်ပြုကိုးကွယ်နေကြသော ယေဟောဝါခရစ်ယာန်သက်သေများနှင့် ပူးပေါင်းရန် သင့်ကိုဖိတ်ခေါ်ပါသည်။—ယေဇကျေလ ၉:၄; ဟေရှာယ ၂:၂-၄။