မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ရှေး​ဣသရေလ​နိုင်ငံ​တွင် လေဝိ​သားတို့​သည် အမွေခံ​ရာ​မြေ မရ​ကြ​ရ​ကား ယေရမိ ၃၂:၇ တွင် တွေ့ရ​သည့်​အတိုင်း လေဝိ​သား ဟာနမေလ​သည် လယ်ကွက်​ကို သူ၏​ဝမ်းကွဲ​ဖြစ်သူ လေဝိ​သား​ယေရမိ​ထံ မည်သို့​ရော​င်း​နိုင်​ပါ​မည်​နည်း။

လေဝိ​သားတို့​နှင့်​စပ်လျဉ်း၍ အာရုန်​အား ယေဟောဝါ​က “ဣသရေလ​အမျိုးသား​တို့​နေရာ​ပြည်​၌ သင့်​အမွေခံ​ရာ​မြေ၊ သူတို့နှင့်​ရော​၍​ပိုင်​သော​အဖို့​မရှိ​ရ” ဟု မိန့်တော်မူ​ခဲ့​၏။ (တောလည်ရာ ၁၈:၂၀) သို့သော်​ငြား​လည်း၊ ကတိထားရာပြည် အနှံ့အပြား​တွင်​တည်ရှိ​သော မြို့​ပေါင်း ၄၈ မြို့​နှင့် မြို့​၏​စားကျက်​များ​ကို​ပါ လေဝိ​သားများ​အား ပေး​ထား​သည်။ ယေရမိ​၏​ဇာတိ​မြို့မှာ “ယဇ်ပုရောဟိတ်​အာရုန်​၏​သားမြေး​တို့အား” ပေး​ခဲ့​သည့် မြို့​တစ်မြို့​ဖြစ်သော အာနသုတ်​မြို့​ဖြစ်သည်။—ယောရှု ၂၁:၁၃-၁၉; တောလည်ရာ ၃၅:၁-၈; ၁ ရာဇဝင်ချုပ် ၆:၅၄၊ ၆၀

ဝတ်ပြုရာကျမ်း ၂၅:၃၂-၃၄ [သမ္မာ]တွင် လေဝိ​သားများ​ပိုင်ဆိုင်ရာ​ကို “ရွေး​ခွင့်” နှင့်​စပ်​လျ​ဉ်း​သည့် သီးသန့်​ညွှန်ကြားချက်​များ​ကို ယေဟောဝါ​ပေး​ထား​ကြောင်း ကျွန်ုပ်​တို့​တွေ့ရှိ​ရသည်။ လေဝိ​မိသားစု​တိုင်း​တွင် ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့်​နှင့် ရောင်းချ​ပိုင်ခွင့်​တို့​ရှိသည့် မြေကွက်​များ​ကို အမွေဆက်ခံ​ပိုင်ခွင့်​များ​ရှိ​မည်။ ယင်း​တို့​ထဲ​တွင် မိမိ​ပိုင်ဆိုင်ရာ​ကို ရော​င်း​ပိုင်ခွင့်​နှင့် ရွေးပိုင်ခွင့်​များ အလိုအလျောက်​ပါရှိ​ပေမည်။ * လေဝိ​သားများ ပိုင်ဆိုင်ပုံ​နှင့် ပိုင်ဆိုင်ရာ​ကို​အသုံးပြုပုံ​များသည် ဣသရေလ​အခြား​အနွယ်​များနှင့် ကဏ္ဍ​အတော်များများ​တွင် ဆင်တူ​ပါ​သည်။

လေဝိ​သား​၏ ဤသို့​သော​ပစ္စည်း​ပိုင်ဆိုင်မှု​ကို မိသားစု​အစဉ်အဆက် အမွေဆက်ခံ​ခဲ့​ခြင်း​လည်း ဖြစ်​နိုင်​ပေ​သည်။ သို့ရာတွင်၊ “ရွေး​ခွင့်” နှင့်​ပတ်သက်​သည့် အရောင်းအဝယ်​ကိစ္စ​များ​ကို လေဝိ​သား​အချင်းချင်း​တွင်​သာ ခွင့်ပြု​ထား​သည်။ ထို့​ပြင် မြေကွက်​ရောင်းချခြင်း၊ ပြန်​ရွေးယူခြင်း​တို့သည် မြို့တွင်း​ရှိ မြေကွက်​နှင့်​သာ​သက်ဆိုင်ပုံ​ရ၏၊ အကြောင်း​မှာ “[သူ]တို့​မြို့ရှိ စားကျက်​တွင်ရှိသော လယ်ယာများ” သည် “အမြဲ​ပိုင်​မြေ​ဖြစ်” သောကြောင့် ရော​င်း​ခွင့်​မရှိပေ။—ဝတ်ပြုရာ ၂၅:၃၂၊ ၃၄သမ္မာ။

ထို့​ကြောင့် ဟာနမေလ​ထံ​မှ ယေရမိ​ဝယ်ယူ​ခဲ့​သည့် လယ်ကွက်​မှာ ပြန်​ရွေးပိုင်ခွင့်​ပါ​သည့် မြေ​အမျိုးအစား​ဖြစ်​ကြောင်း ထင်ရှား​သည်။ ၎င်း​လယ်ကွက်​သည် မြို့နယ်​န​မိတ်​အတွင်း​တွင် ရှိခဲ့​မည်။ ယခု​ဆွေးနွေး​နေသော ဟာနမေလ​ပိုင် “လယ်” ကို ယေရမိ ‘ရွေး​ခွင့်’ ရှိကြောင်း ယေဟောဝါ​ကိုယ်တော်တိုင် အတည်ပြု​ပေး​တော်​မူ​ခဲ့​သည်။ (ယေရမိ ၃၂:၆၊ ၇) ဣသရေလ​အမျိုးသား​တို့သည် ဗာဗုလုန်​နိုင်ငံ​တွင် အချိန်​အတန်ကြာ ပြည်နှင်ခံရ​သည့်​နောက်ပိုင်း မိမိတို့၏​အမွေခံ​ရာပြည်​တော်​ကို ပြန်လည်​ရယူ​ကြ​မည်​ဟူသော မိမိ၏​ကတိတော်​ကို​ခိုင်မြဲ​စေရန် ဤ​အရောင်းအဝယ်​ကိစ္စ​ကို ပုံဆောင်​အားဖြင့် ယေဟောဝါ​အသုံးပြု​ခဲ့​၏။—ယေရမိ ၃၂:၁၃-၁၅

ဟာနမေလ​သည် အာနသုတ်​မြို့ရှိ​ပိုင်ဆိုင်ရာ​ကို မ​လျော်​မ​ကန် ရယူခဲ့​သည့် အထောက်အထား​မရှိပေ။ အာနသုတ်​မြို့ရှိ​လယ်ကွက်​ကို​ဝယ်ယူ​ရန် ယေရမိ​အား ကမ်း​လှမ်း​ရာ​တွင် ယေဟောဝါ​၏​ပညတ်​ဥပဒေ​ကို ချိုးဖောက်​ခဲ့​ကြောင်း သို့​မဟုတ် ယေရမိ​သည် အဆိုပါ​လယ်ကွက်​ကို​ဝယ်ယူ​ရန် မိမိ၏​ရွေး​ခွင့်​ကို မ​လျော်​မ​ကန် အသုံးချ​ခဲ့​ကြောင်း အဘယ်အရာကမျှ မဖော်​ပြ​ချေ။—ယေရမိ ၃၂:၈-၁၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 စီ.အီး. ပထမ​ရာစု​တွင် လေဝိ​လူ ဗာနဗ​သည် ယေရုရှလင်​မြို့ရှိ လိုအပ်​နေ​သူ ခရစ်တော်​၏​နောက်လိုက်​များ​ကို ကူညီ​ပေး​ရန် သူ​ပိုင်​သည့်​မြေကွက်​ကို​ရောင်းပြီး ရန်ပုံငွေ​အဖြစ် လှူဒါန်းခဲ့​သည်။ သူ​ပိုင်ဆိုင်​သည့်​မြေကွက်​သည် ပါလက်စတိုင်း၊ သို့​မဟုတ် ကုပရု​ကျွန်း​တွင် ရှိခဲ့​ရ​ပေမည်။ သို့​မဟုတ် ယင်းသည် ယေရုရှလင်​ဒေသ​တွင် ဗာနဗ​ဝယ်ယူ​ထားသော သင်္ချိုင်း​မြေ​သာ ဖြစ်​နိုင်​ပေ​သည်။—တမန်​တော် ၄:၃၄-၃၇