မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တည်ကြည်သောကျွန် စမ်းသပ်မှုအောင်!

တည်ကြည်သောကျွန် စမ်းသပ်မှုအောင်!

တည်ကြည်သော​ကျွန် စမ်းသပ်မှု​အောင်!

“ဘုရားသခင်​၏ အိမ်တော်သား​တို့ကို ရှေ့​ဦးစွာ စစ်ကြော​စီရင်​ရသော​အချိန်​ရှိပြီ။”—၁ ပေတရု ၄:၁၇

၁။ ယေရှုသည် “ကျွန်” ကို​စစ်ဆေး​သည့်​အခါ မည်သည့်​အရာ​နှင့် တွေ့ကြုံ​ခဲ့​ရသနည်း။

စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ယေရှုသည် မိမိ၏ “အိမ်သူအိမ်သား​တို့” ကို အချိန်တန်​အစာ​ပြင်ဆင်​ပေး​ရန် “ကျွန်” ကို​တာဝန်​ခန့်အပ်​ခဲ့​သည်။ ၁၉၁၄ ခုနှစ်​တွင် ဘုရင်​အဖြစ် ယေရှု​နန်းတင်​ခံရ​ပြီး မကြာမီ​အချိန်​သည် ထို “ကျွန်” ကို​စစ်ဆေး​ရန် အချိန်​ရောက်လာ​ခဲ့​သည်။ အများစု​သည် ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ ဖြစ်​ကြောင်း သက်သေထူ​ခဲ့​သည်ကို ကိုယ်တော်​တွေ့မြင်​ခဲ့​သည်။ ထို့​ကြောင့် ကိုယ်တော်​သည် “မိမိ​ဥစ္စာ​ရှိသမျှ​တို့ကို” အပ်နှင်း​ခဲ့​သည်။ (မဿဲ ၂၄:၄၅-၄၇) သို့သော် တည်ကြည်မှု​မရှိ၊ သတိပညာ​မရှိသော ကျွန်ဆိုး​လည်း ရှိသည်။

“ကျွန်ဆိုး”

၂၊ ၃။ “ကျွန်ဆိုး” သည်​အဘယ်​နေရာ​မှ ပေါ်ထွက်​လာ​ခဲ့​သနည်း၊ မည်သို့​ဖြစ်ပေါ်​လာ​ခဲ့​သနည်း။

‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ အကြောင်း​ဖော်ပြ​ပြီး​သည်​နှင့် ကျွန်ဆိုး​အကြောင်း ယေရှု​ဖော်ပြ​ခဲ့​၏။ ကိုယ်တော် ဤသို့​မိန့်တော်မူ၏– “အ​ကြင်​ကျွန်ဆိုး​က ‘ငါ့​အရှင်​လာ​ခဲ​လိမ့်​မည်’ ဟု​စိတ်ထဲ​၌ အောက်မေ့​သည်​နှင့် ကျွန်ချင်း​တို့ကို​ရိုက်ပုတ်​လျက်၊ သေ​သောက်ကြူး​သော​သူတို့နှင့်​တကွ စားသောက်​လျက်​နေ​၏။ ထို​ကျွန် မကြည့်​မမျှော်​သော​နေ့ရက်၊ မကြား​မသိသော​အချိန်နာရီ​၌ သခင်သည်​ရောက်လာ​လျှင် ထို​ကျွန်​ကို ပြင်းပြ​စွာ​ကွပ်မျက်​ဆုံးမ​၍ ငိုကြွေးခြင်း၊ အံသွား​ခဲ​ကြိတ်​ခြင်း​ရှိရာ​အရပ်၌ လျှို့ဝှက်​သော​သူတို့နှင့်​တကွ နေရာချ​လတ္တံ့။” (မဿဲ ၂၄:၄၈-၅၁) “အ​ကြင်​ကျွန်ဆိုး” ဟူသော​အသုံးအနှုန်း​က အရှေ့ပိုင်း​၌ ယေရှု​မိန့်တော်မူ​ခဲ့​သော တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်​အကြောင်း ကျွန်ုပ်​တို့​စိတ်ထဲ ရောက်ရှိ​လာ​စေ​သည်။ မှန်ပါသည်၊ “ကျွန်ဆိုး” သည် တည်ကြည်သော ကျွန်​အတန်းအစား​ထဲ​မှ ပေါ်ထွက်​လာ​ခြင်း​ဖြစ်သည်။ * မည်သို့​အားဖြင့်​နည်း။

၁၉၁၄ မတိုင်မီ​က တည်ကြည်သော​ကျွန်​အတန်းအစား​ထဲ​မှ များစွာက ထို​နှစ်​တွင် မင်္ဂလာဆောင်​သတို့သား​နှင့် ကောင်းကင်​၌​ဆုံတွေ့​ကြ​ရမည်ဟု ပြင်းပြ​စွာ​မျှော်လင့်​ခဲ့​ကြသော်လည်း သူတို့၏​မျှော်လင့်ချက်များ ဖြစ်​မလာ​ခဲ့​ပါ။ ယင်း​အတွက်​ကြောင့်​နှင့် အခြား​အဖြစ်အပျက်​များ​ကြောင့် များစွာသော​သူတို့သည် စိတ်ဓာတ်ကျ​ခဲ့​ကြ​ပြီး အနည်းငယ်​သော​သူတို့သည် စိတ်​နာကြည်း​လာ​ခဲ့​ကြသည်။ ထို​သူတို့​ထဲ​မှ​အချို့​သည် မိမိတို့၏​ယခင်​ညီအစ်ကို​များ​ကို စကား​အားဖြင့် “ရိုက်ပုတ်” ရန် ခရစ်ယာန်ဘောင် ဘာသာရေး​အုပ်စု​များ​ဖြစ်သော “သေ​သောက်ကြူး​သော​သူတို့” နှင့်​ပူးပေါင်း​ခဲ့​ကြသည်။—ဟေရှာယ ၂၈:၁-၃; ၃၂:၆

၄။ ယေရှုသည် “ကျွန်ဆိုး” နှင့် ထို​စိတ်ဓာတ်​တင်ပြ​သူအား​လုံး​ကို မည်သို့​အရေးယူ​ခဲ့​သနည်း။

ယခင်​က ယင်း​ခရစ်ယာန်​ဖြစ်​ခဲ့​သူများ​သည် “ကျွန်ဆိုး” များ​ဖြစ်သွား​ကြ​ရာ ယေရှု​က သူတို့ကို “ပြင်းပြ​စွာ” ပြစ်ဒဏ်ပေး​ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ သူတို့ကို ကိုယ်တော် ပယ်​လိုက်​သဖြင့် ကောင်းကင်​မျှော်လင့်ချက် ဆုံးရှုံး​သွား​သည်။ သို့သော် သူတို့ကို ချက်ချင်း​မဖျက်ဆီး​ခဲ့​ပါ။ သူတို့သည် ခရစ်ယာန်​အသင်းတော် “ပြင်အရပ်​မှောင်မိုက်” ထဲ​တွင် အချိန်​အတန်ကြာ ငိုကြွေးခြင်း၊ အံသွား​ခဲ​ကြိတ်​ခြင်း​ကို ဦးဆုံး​ခံ​ခဲ့​ကြ​ရသည်။ (မဿဲ ၈:၁၂) ထို​အစောပိုင်း​လူ​တို့​မှ​အစပြု​ကာ အခြား​ဝိညာဉ်​တော်​ဖွား​အနည်းငယ်​သည် ထို​ဆိုးညစ်​သည့်​စိတ်ဓာတ်​မျိုး တင်ပြ​ခဲ့​ကြ​ရာ သူတို့​သည်လည်း “ကျွန်ဆိုး” များ​ဖြစ်​ကြောင်း ပြ​ခဲ့​ကြသည်။ “အခြားသိုး” ထဲ​မှ​အချို့​သည်လည်း သူတို့၏ မတည်​ကြည်​မှု​ကို အတုယူ​ခဲ့​ကြသည်။ (ယောဟန် ၁၀:၁၆) ခရစ်တော်​၏​ရန်သူများ​ဖြစ်သော ထို​သူအား​လုံး​သည် ဝိညာဉ်​ရေး “ပြင်အရပ်​မှောင်မိုက်” ထဲ​တွင် ဇာတ်သိမ်း​ရလေ​သည်။

၅။ တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်​သည် “ကျွန်ဆိုး” နှင့်​မတူဘဲ မည်သို့​တုံ့ပြန်​ပြုမူ​ခဲ့​သနည်း။

တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်​သည်လည်း ‘ထို​ကျွန်ဆိုး’ ကဲ့သို့​ပင် ထပ်တူ​စမ်းသပ်ခံ​ခဲ့​ရသည်။ သို့သော် သူတို့သည် စိတ်​နာကြည်း​ကြ​မည့်​အစား ပြုပြင်​ပြောင်းလဲ​ခဲ့​ကြသည်။ (၂ ကောရိန္သု ၁၃:၁၁) ယေဟောဝါ​နှင့် ညီအစ်ကို​များ​အပေါ်​ထား​သည့် သူတို့၏​ချစ်ခြင်း​မေတ္တာသည် သန်မာ​လာ​ခဲ့​သည်။ ရလဒ်​အနေ​နှင့် ငြိမ်သက်မှု​မရှိသော ဤ “နောက်ဆုံးသော​နေ့ရက်​များ” အတွင်း သူတို့သည် ‘အမှန်တရား​၏​အ​မှီ​တ​ကဲ၊ အမှန်တရား​၏​တည်ရာ’ ဖြစ်​ခဲ့​သည်။—၁တိ​မော​သေ ၃:၁၅; ၂ တိမောသေ ၃:၁သမ္မာ။

သတိပညာ​ရှိသော သတို့သမီး​များနှင့် မိုက်​သော​သတို့သမီး​များ

၆။ (က) တည်ကြည်သော​ကျွန်​အတန်းအစား​၏ ပညာသတိ​ရှိ​မှု​ကို ယေရှု မည်သို့​ဥပမာ​ပေး​ဖော်ပြ​ခဲ့​သနည်း။ (ခ) ၁၉၁၄ ခုနှစ်​မတိုင်မီ​က ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် အဘယ်​သတင်းကို ကြေညာ​ခဲ့​ကြ​သနည်း။

“ကျွန်ဆိုး” အကြောင်း​ပြော​ပြီး​နောက် ယေရှု​က ပုံ​ဥပမာ​နှစ်ခု​ကို​ပေး​ကာ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​အချို့​သည် တည်ကြည်​ပြီး သတိပညာ​ရှိကြောင်း​ပြသ​ခဲ့​သော်လည်း ကျန်​အချို့​မှာ​မူ ထိုသို့ အဘယ်ကြောင့်​မတင်ပြ​သည်ကို ပြသ​တော်​မူ​ခဲ့​သည်။ * ပညာသတိ​ရှိဖို့လို​ကြောင်း ဖော်ပြ​ရာ​တွင် ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​၏– “ကောင်းကင်​နိုင်ငံတော်​သည်​ကား မင်္ဂလာဆောင်​လုလင်​ကို ခရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီးခွက်ကို​ကိုင်​ယူ၍​ထွက်သွား​သော သတို့သမီး​တစ်ကျိပ်​နှင့် တူ​၏။ ထို​သတို့သမီး​တို့​တွင် ငါး​ယောက်​သည် ပညာသတိ​ရှိကြ​၏။ ငါး​ယောက်​မူ​ကား အမိုက်​ဖြစ်​ကြ​၏။ မိုက်​သော​သူတို့သည် မီးခွက်​တို့ကို​သာ​ယူ၍ ဆီ​ကို​မယူ​ကြ။ ပညာသတိ​ရှိသော​သူတို့မူကား မီးခွက်​နှင့်​တကွ ဘူး​၌​ပါ​သော​ဆီ​ကိုလည်း ယူ​ကြ​၏။” (မဿဲ ၂၅:၁-၄) သတို့သမီး​တစ်ကျိပ်​မှာ ၁၉၁၄ ခုနှစ်​မတိုင်မီ​က ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့အား သတိ​ရစေသည်။ သူတို့သည် မင်္ဂလာဆောင်​သတို့သား၊ ယေရှု​ခရစ် ပေါ်လာ​တော့​မည်​ဟု တွက်ချက်​ထား​ကြသည်။ ထို့​ကြောင့် သူတို့သည် ၁၉၁၄ ခုနှစ်​တွင် ‘တစ်ပါး​အမျိုးသား​တို့၏ အချိန်ကာလ’ ကုန်ဆုံး​မည်​ဖြစ်​ကြောင်း ရဲရင့်စွာ​ဟောပြောခြင်း​အားဖြင့် ကိုယ်တော်​နှင့်​တွေ့ဆုံ​ရန် “ထွက်သွား” ခဲ့​ကြသည်။—လုကာ ၂၁:၂၄

၇။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ပုံဆောင်​သဘော​အရ အဘယ်​အချိန်တွင်​နှင့် အဘယ်ကြောင့် “အိပ်ပျော်” သကဲ့သို့​ဖြစ်သွား​ခဲ့​ကြ​သနည်း။

သူတို့ မှန်​ခဲ့​သည်။ တစ်ပါး​အမျိုးသား​တို့၏ အချိန်ကာလ​သည် ၁၉၁၄ ခုနှစ်​တွင် ကုန်ဆုံး​ခဲ့​ပြီး ခရစ်တော်​ယေရှု​လက်အောက်​ရှိ ဘုရားသခင့်​နိုင်ငံတော် စတင်​အုပ်ချုပ်​ခဲ့​သည်။ သို့သော် ယင်းသည် မျက်မြင်မရ​သော ကောင်းကင်​တွင် ဖြစ်သည်။ မြေကြီးပေါ်​ရှိ လူသားများ​သည် ကြို​ဟောထား​သည့်​အတိုင်း “အမင်္ဂလာ” ကို စတင်​ခံစား​ခဲ့​ရသည်။ (ဗျာ. ၁၂:၁၀၊ ၁၂) စမ်းသပ်​ရာ​ကာလ​တစ်ခု လိုက်ပါ​လာ​ခဲ့​သည်။ အခြေအနေ​အဖြစ်အပျက်​များ​ကို ရှင်းလင်းစွာ နားမလည်​ကြသော​ကြောင့် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​က “မင်္ဂလာဆောင်​သတို့သား​သည် လာ​ခဲ​သည်” ဟု​ထင်မှတ်​ခဲ့​ကြသည်။ စိတ်ရှုပ်​ထွေး​ခဲ့​ကြ​သည့်​အပြင် လောက​မှ​ရန်မူ​မှုများ ကြုံတွေ့​ရသော​ကြောင့် စီစဉ်​ဖွဲ့စည်းထား​သော လူထုရှေ့​ဟောပြောခြင်း​လုပ်ငန်း​တွင် အရှိန်​လျော့​လာ​ခဲ့​ပြီး လုံးဝ​နီးပါး​ရပ်တန့်​ခဲ့​သည်။ ပုံ​ဥပမာ​ထဲ​မှ သတို့သမီး​များ​ကဲ့သို့ ဝိညာဉ်​ရေး​အရ သူတို့သည် “ငိုက်​၍​အိပ်ပျော်​ကြ​၏၊” ယေရှု၏​တမန်​တော်​များ သေဆုံး​ပြီး​နောက် တည်ကြည်မှု​မရှိသော အမည်ခံ​ခရစ်ယာန်​များ​ကဲ့သို့​ပင် ဖြစ်​ခဲ့​ကြသည်။—မဿဲ ၂၅:၅; ဗျာ. ၁၁:၇၊ ၈; ၁၂:၁၇

၈။ အဘယ်အရာက “မင်္ဂလာဆောင်​လုလင်​သည်​လာပြီ” ဟု​ကြွေးကြော်​စေ​ခဲ့​သနည်း၊ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ အဘယ်အရာ​ပြုလုပ်​ရမည့် အချိန်​နည်း။

ထို့နောက် ၁၉၁၉ ခုနှစ်​တွင် မျှော်လင့်​မထား​သော​အရာတစ်ခု ဖြစ်ပျက်​လာ​ခဲ့​သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “သန်းခေါင်ယံ​၌ ‘ကြည့်​ပါ။ မင်္ဂလာဆောင်​လုလင်​သည်​လာပြီ။ ခရီး​ဦး​ကြို​ပြုခြင်း​ငှာ ထွက်သွား​ကြ​ကုန်’ ဟု​ကြွေးကြော်​လျှင် ထို​သတို့သမီး​အပေါင်းတို့သည်​ထ၍ မီးခွက်​များ​ကို ပြင်ဆင်​ကြ​၏။” (မဿဲ ၂၅:၆၊ ၇) အမှောင်​မိုက်​ဆုံး​ဟု ထင်​ရသော​အချိန်တွင် ထ၍​လှုပ်ရှား​ဆောင်ရွက်ရန် ဖိတ်ခေါ်​ခဲ့​သည်! ၁၉၁၈ ခုနှစ်​တွင် “ပဋိညာဉ်​တမန်​တော်” ဖြစ်သော ယေရှုသည် ဘုရားသခင်​၏ အသင်းတော်ကို စစ်ဆေး​ပြီး သန့်စင်ပေး​ရန် ယေဟောဝါ​၏ ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​သို့ ကြွလာ​ခဲ့​သည်။ (မာလခိ ၃:၁) ယခု ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် မြေကြီးပေါ်​ရှိ ထို​ဝတ်ပြုရာ​အိမ်တော်​၏ ရင်ပြင်​သို့​သွား​ကာ ကိုယ်တော်​နှင့်​တွေ့ဆုံ​ကြဖို့ ဖြစ်သည်။ ထို​အချိန်တွင် သူတို့ ‘အလင်းထွန်းလင်း’ ရမည့်​အချိန်​ဖြစ်သည်။—ဟေရှာယ ၆၀:၁; ဖိလိပ္ပိ ၂:၁၄၊ ၁၅

၉၊ ၁၀။ ၁၉၁၉ ခုနှစ်​တွင် အဘယ်ကြောင့် ခရစ်ယာန်​တချို့​သည် “သတိ​ပညာရှိ” ပြီး တချို့​မှာ​မူ ‘မိုက်မဲ’ ခဲ့​ကြ​သနည်း။

ကြည့်​ပါ! ပုံ​ဥပမာ​ထဲ​မှ မိန်းမပျို​တချို့​တွင် ပြဿနာ​ရှိခဲ့​သည်။ ယေရှု​ဤသို့​ဆက်၍​မိန့်တော်မူ​ခဲ့​၏– “မိုက်​သော​သူတို့က ‘ငါ​တို့​ဆီ​မီး​သေ​ပါ​ပြီ။ သင်တို့​ဆီ​ကို အနည်းငယ်​ပေး​ပါ’ ဟု​ပညာရှိ​သော​သူတို့အား တောင်း​ကြ​၏။” (မဿဲ ၂၅:၈) ဆီ​မရှိသော​ကြောင့် မီးခွက်​သည် အလင်း​မပေးနိုင်​ခဲ့​ပါ။ ထို့​ကြောင့် ဆီ​သည် စစ်မှန်သော​ဝတ်ပြုသူ​များ​ကို အလင်းဆောင်သူ​များ​ဖြစ်စေ​ရန် စွမ်းအင်​ပေး​သည့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် ကိုယ်တော်​၏ သန့်ရှင်းသော​ဝိညာဉ်​တော်​တို့ကို ကျွန်ုပ်​တို့အား အမှတ်ရ​စေ​သည်။ (ဆာလံ ၁၁၉:၁၃၀; ဒံယေလ ၅:၁၄က​ဘ) ၁၉၁၉ ခုနှစ်​မတိုင်မီ​က သတိပညာ​ရှိသော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ခေတ္တ​ခဏ​အားလျော့​ခဲ့​ကြ​လင့်​ကစား မိမိတို့​နှင့်​ပတ်သက်သော​ဘုရားသခင့်​အလိုတော်ကို ခွဲခြား​သိမြင်​ရန် ကြိုးစား​ရှာဖွေခဲ့​ကြသည်။ ထို့​ကြောင့် အလင်းထွန်းလင်း​ရန် ဖိတ်ခေါ်​သောအခါ သူတို့​အဆင်သင့်​ရှိခဲ့​ကြသည်။—၂ တိမောသေ ၄:၂; ဟေဗြဲ ၁၀:၂၄၊ ၂၅

၁၀ သို့သော် ဝိညာဉ်​တော်​ဖွား​တချို့​သည် မင်္ဂလာဆောင်​လုလင်​နှင့် တွေ့ဆုံ​လို​စိတ် ပြင်းပြ​ကြသော်လည်း အနစ်နာခံ ကြိုးစား​အားထုတ်​ကာ ပြင်ဆင်ခြင်း​မျိုး​မရှိခဲ့​ကြ​ပါ။ ထို့​ကြောင့် သတင်းကောင်း​ဟောပြောခြင်း​တွင် လှုပ်ရှား​တက်ကြွ​ရမည့် အချိန်​ရောက်လာသော​အခါ သူတို့သည် အသင့်မရှိ​ခဲ့​ကြ​ပါ။ (မဿဲ ၂၄:၁၄) အမှန်​မှာ၊ သူတို့သည် ထက်သန်​သော သူတို့၏​အပေါင်းပါများ​ထံ​မှ ဆီ​အနည်းငယ်​ပေး​ရန် တောင်းခံ​ကာ လက်​အားလျော့​သွားစေရန်​ပင် ကြိုးစား​ခဲ့​ကြသည်။ ယေရှု၏​ပုံ​ဥပမာ​တွင် သတိပညာ​ရှိသော သတို့သမီး​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ သူတို့​ဤသို့​ဆို​ခဲ့​၏– “သင်တို့​အဖို့​နှင့် ငါ​တို့​အဖို့ ဆီ​မလောက်။ ထို့​ကြောင့် ဆီ​ရော​င်း​သော​သူ​ရှိရာသို့​သွား​၍ ကိုယ်​သုံးဖို့​ဝယ်​လျှင် သာ၍​ကောင်း​သည်။” (မဿဲ ၂၅:၉) အလားတူ​ပင်၊ ၁၉၁၉ ခုနှစ်​တွင် တည်ကြည်သော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် အလင်းထွန်းလင်း​ရန် မိမိတို့၏​စွမ်းရည်​ကို လျော့ပါး​သွား​စေ​မည့် မည်သည့်​အရာ​ကို​မဆို ငြင်းပယ်​ခဲ့​ကြသည်။ ထို့​ကြောင့် သူတို့သည် စစ်ဆေးမှု​ကို အောင်မြင်​ခဲ့​ကြသည်။

၁၁။ မိုက်​သော​သတို့သမီး​များ အဘယ်​သို့​ဖြစ်​ခဲ့​သနည်း။

၁၁ ယေရှု ဤသို့​နိဂုံး​ချုပ်​၏– “ထို​သူတို့ [မိုက်​သော​သတို့သမီး​တို့] သည် ဆီ​ဝယ်​သွား​သည့်​အ​ခိုက်​တွင် မင်္ဂလာဆောင်​လုလင်​သည်​လာ၍၊ အသင့်ရှိ​သော​သတို့သမီး​တို့သည် လုလင်​နှင့်အတူ ပွဲ​သို့​ဝင်​ကြ​ပြီး​လျှင် တံခါး​ကို​ပိတ်​ထား​၏။ ထို့နောက် ကြွင်း​သော​သတို့သမီး​တို့သည်​လာ၍ ‘အရှင်၊ အရှင်၊ ကျွန်မ​တို့အား တံခါး​ကို​ဖွင့်ပါ’ ဟု​တောင်းလျှောက်​ကြ​သော် အရှင်​က​လည်း ‘ငါ​အမှန်​ဆိုသည်ကား သင်တို့ကို ငါ​မသိ’ ဟု​ပြန်​ပြော​လေ​၏။” (မဿဲ ၂၅:၁၀-၁၂) မှန်ပါသည်၊ အချို့​သူများ​သည် သတို့သား​ရောက်ရှိ​လာချိန်​အတွက် အသင့်​မ​ပြင်​ထား​ကြ​ပါ။ ထို့​ကြောင့် သူတို့သည် စစ်ဆေးမှု​မအောင်​သောကြောင့် ကောင်းကင်​မင်္ဂလာပွဲ​သို့ တက်ရောက်​ရန် အခွင့်အရေး ဆုံးရှုံး​ခဲ့​ရသည်။ အလွန်​ဝမ်းနည်းစရာပင်!

ငွေ​ခွက်​များ​ပုံ​ဥပမာ

၁၂။ (က) တည်ကြည်မှု​ရှိ​ခြင်း​ကို ပုံဖော်​ပြ​ရာ​တွင် အဘယ်​ဥပမာ​ကို ယေရှု​အသုံးပြု​ခဲ့​သနည်း။ (ခ) “အခြားသော​ပြည်​သို့​သွား” သူ​ကား မည်သူ​နည်း။

၁၂ ပညာသတိ​ရှိ​ရမည်​အကြောင်း ဥပမာ​ဖြင့် ဖော်ပြ​ပြီး​နောက် ယေရှုသည် တည်ကြည်မှု​ရှိ​ရမည့်​အကြောင်း ဆက်​ဥပမာ​ပေး​ခဲ့​၏။ ကိုယ်တော် ဤသို့​မိန့်တော်မူ​ခဲ့​၏– “လူတစ်ဦး​သည် အခြားသော​ပြည်​သို့​သွား​မည်​ဟု အကြံ​ရှိ​လျက်၊ မိမိ​ငယ်သား​တို့ကို​ခေါ်​၍ မိမိ​ဥစ္စာ​များ​ကို အပ်ပေး​၏။ သူတို့သည် အသီးသီး​အစွမ်း​သတ္တိ​ရှိသည်​အတိုင်း တစ်ဦး​၌ ငွေ​အခွက်​ငါးဆယ်၊ တစ်ဦး​၌ အခွက်​နှစ်​ဆယ်၊ တစ်ဦး​၌ အခွက်​တစ်ဆယ်​ကို အပ်ပေး​ပြီး​မှ ချက်ချင်း​သွား​လေ​၏။” (မဿဲ ၂၅:၁၄၊ ၁၅) ထို​ပုံ​ဥပမာ​တွင်​ပါ​သော “အခြားသော​ပြည်​သို့​သွား” သူ​မှာ ယေရှု​ကိုယ်တော်တိုင်​ဖြစ်​ပြီး စီ.အီး. ၃၃ ခုနှစ်​တွင် ကိုယ်တော် ကောင်းကင်​သို့ တက်ကြွ​သွားခဲ့​ခြင်း​ဖြစ်သည်။ သို့သော် ယေရှု​ကောင်းကင်​သို့​မ​တက်​မီ တည်ကြည်သော တပည့်​များ​အား “မိမိ​ဥစ္စာ​များ​ကို” အပ်​ခဲ့​၏။ မည်သို့​အားဖြင့်​နည်း။

၁၃။ ယေရှုသည် ကျယ်ပြော​သော အမှုဆောင်​လယ်ကွင်း​ကို မည်သို့​ပြင်ဆင်​ပေး​ခဲ့​ပြီး မိမိ၏ ‘ကျွန်​များ’ ကုန်သွယ်​ခြင်း​ပြု​ရန် မည်သို့ လွှဲအပ်​ခဲ့​သနည်း။

၁၃ ယေရှု​မြေကြီး​ဓမ္မ​အမှုဆောင်ချိန်​အတွင်း ဣသရေလ​နိုင်ငံတစ်ဝန်း ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း လိုက်လံ​ဟောပြောခြင်း​အားဖြင့် ကျယ်ပြော​သော အမှုဆောင်​လယ်ကွင်း​ကို စတင်​ပြင်ဆင်​ပေး​ခဲ့​သည်။ (မဿဲ ၉:၃၅-၃၈) ကိုယ်တော်​သည် “အခြားသော​ပြည်​သို့” မထွက်ခွာမီ ထို​လယ်ကွင်း​ကို မိမိ၏ တည်ကြည်သော တပည့်​များ​ထံ​အပ်​ကာ ဤသို့​မိန့်မှာ​ခဲ့​၏– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို​ငါ့​တပည့်​ဖြစ်စေ​လျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ ဗတ္တိဇံ​ကို​ပေး​ကြလော့။ ငါသည် သင်တို့​အားပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ [သွန်သင်] ပေး​ကြလော့။” (မဿဲ ၂၈:၁၈-၂၀) ထို​အမှာစကား​များ​ဖြင့် ယေရှုသည် မိမိ၏ ‘ကျွန်​များ’ အား ကိုယ်တော်​ပြန်​မရောက်မချင်း “အသီးသီး​အစွမ်း​သတ္တိ​ရှိသည်​အတိုင်း” ကုန်သွယ်​ခြင်း​ပြု​ကြ​ဟု လွှဲအပ်​ခဲ့​လေ​သည်။

၁၄။ ယောက်​တိုင်း​သည် တစ်မျိုး​တစ်​ပုံစံ​တည်း​လုပ်ဆောင်ရန် အဘယ်ကြောင့် မမျှော်လင့်​ခဲ့​ကြ​သနည်း။

၁၄ အထက်ပါ​အသုံးအနှုန်း​က ပထမ​ရာစု​ရှိ ခရစ်ယာန်​အားလုံး​သည် အခြေအနေ သို့​မဟုတ် လုပ်ဆောင်​နိုင်စွမ်း မတူ​ခဲ့​ကြ​ကြောင်း ဖော်ပြ​သည်။ ပေါလု​နှင့် တိမောသေ​ကဲ့သို့​သော အချို့​သူများ​သည် ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​တွင် အပြည့်အဝ​ပါဝင်​နိုင်​ခဲ့​ကြသည်။ အခြားသူများ​၏ အခြေအနေ​များ​မှာ​မူ လွတ်လွတ်လပ်လပ်​မလုပ်ဆောင်​နိုင်​ဘဲ ကြီးမား​သည့်​ကန့်သတ်မှု ရှိခဲ့​ပေမည်။ ဥပမာ၊ ခရစ်ယာန်​အချို့​သည် ကျွန်​များ​ဖြစ်​ကြသည်၊ အချို့​မူ ဖျားနာ၊ အိုမင်းမစွမ်း​ဖြစ် သို့​မဟုတ် မိသားစု​တာဝန်​များ ရှိခဲ့​သည်။ မှန်ပါသည်၊ အချို့​သော​အသင်းတော်​အခွင့်အရေး​များသည် တပည့်​ဖြစ်သူ​တိုင်း ရရှိနိုင်​သည့်​အရာ​မဟုတ်ပါ။ ဝိညာဉ်​တော်​ဖွား​အမျိုးသမီးများနှင့် အမျိုးသား​အချို့​သည် အသင်းတော်တွင် သွန်သင်​ခွင့်​မရခဲ့​ကြ​ပါ။ (၁ ကောရိန္သု ၁၄:၃၄; ၁ တိမောသေ ၃:၁; ယာကုပ် ၃:၁) သို့​တိုင် သူတို့၏​ကိုယ်ပိုင်​အခြေအနေ မည်သို့​ပင်​ရှိပါစေ ခရစ်တော်​၏ ဝိညာဉ်​တော်​ဖွား​တပည့်​များ—အမျိုးသား၊ အမျိုးသမီးများ—အားလုံး​သည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် မိမိတို့၏​အခွင့်အရေး​များနှင့် အခြေအနေ​များ​ကို ကောင်းစွာ​အသုံးပြုခြင်း​ဖြင့် ကုန်သွယ်​ခြင်း​ပြု​ရန် တာဝန်ရ​ရှိခဲ့​ကြသည်။ သူတို့၏​မျက်မှောက်ခေတ် အပေါင်းအဖော်​များသည်​လည်း ထို​တာဝန်​ရထား​ကြသည်။

စစ်ဆေးချိန် စတင်!

၁၅၊ ၁၆။ (က) အဘယ်​အချိန်တွင် စာရင်း​ရှင်း​ချိန် ရောက်လာ​သနည်း။ (ခ) တည်ကြည်သော​သူများ “ကုန်သွယ်​ခြင်း​ကို​ပြု​ရန်” အဘယ်​အခွင့်အရေး​အသစ်​ကို အပ်နှင်း​ခံ​ခဲ့​ရသနည်း။

၁၅ ပုံ​ဥပမာ​ကို ဤသို့​ဆက်​ဖော်ပြ​၏– “ကာလ​ကြာမြင့်​ပြီး​မှ ထို​ငယ်သား​တို့၏​အရှင်​သည်​လာ၍ သူတို့ကို စာရင်း​ယူ​လေ​၏။” (မဿဲ ၂၅:၁၉) စီ.အီး. ၃၃ ခုနှစ်​နောက်ပိုင်း ကြာရှည်​သော​အချိန်​ကုန်လွန်​ခဲ့​ပြီး​နောက် ၁၉၁၄ ခုနှစ်​တွင် ခရစ်တော်​ယေရှုသည် ဘုရင်​အဖြစ် စတင်​ရောက်ရှိ​ခဲ့​သည်။ သုံးနှစ်ခွဲ​ကြာပြီးနောက်၊ ၁၉၁၈ ခုနှစ်​တွင် ဘုရားသခင်​၏ ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​သို့ ကိုယ်တော်​ကြွလာ​ခဲ့​ပြီး ပေတရု​၏​ဤ​စကား​များ ပြည့်စုံ​ခဲ့​သည်– “ဘုရားသခင်​၏ အိမ်တော်သား​တို့ကို ရှေ့​ဦးစွာ စစ်ကြော​စီရင်​ရသော​အချိန်​ရှိပြီ။” (၁ ပေတရု ၄:၁၇; မာလခိ ၃:၁) စာရင်း​ရှင်း​ရန်​အချိန်​ဖြစ်​ခဲ့​သည်။

၁၆ ယေရှု၏​ဝိညာဉ်​တော်​ဖွား​ညီတော်​များ​ဖြစ်သော ကျေးကျွန်​များသည် ဘုရင်​အပ်နှံ​ခဲ့​သော ‘ငွေ​များ’ ဖြင့် မည်သို့​ပြု​ခဲ့​ကြ​သနည်း။ စီ.အီး. ၃၃ မှ​စ၍ ၁၉၁၄ ခုနှစ်​သို့​ဦးတည်​ခဲ့​သော နှစ်များ​တစ်လျှောက် များစွာသော​သူတို့သည် ယေရှု​အတွက် ကြိုးစားပမ်းစား “ကုန်သွယ်​ခြင်း​ကို​ပြု” ခဲ့​ကြသည်။ (မဿဲ ၂၅:၁၆) ပထမ​ကမ္ဘာ​စစ်​ကြီး​အတွင်း​၌​ပင် သခင်၏​အမှုတော်​ဆောင်​လို​စိတ်​ပြင်းပြ​ကြောင်း တင်ပြ​ခဲ့​ကြသည်။ ယခု တည်ကြည်သော​သူများ “ကုန်သွယ်​ခြင်း​ကို​ပြု​ရန်” အခွင့်အရေး​အသစ်များ ပေး​သင့်​လေ​ပြီ။ ဤ​အစီအစဉ်​စနစ်​၏ ဆုံးခန်း​ကာလ ရောက်ရှိ​နေပြီ​ဖြစ်သည်။ သတင်းကောင်းကို ကမ္ဘာ​တစ်ဝန်း​တွင် ကြေညာ​ရန် ရှိခဲ့​သည်။ “မြေကြီး​၌​ရိတ်​စ​ရာ​စပါး” ကို ရိတ်သိမ်း​ရန် ရှိခဲ့​သည်။ (ဗျာ. ၁၄:၆၊ ၇၊ ၁၄-၁၆) ဂျုံ​အတန်းအစား​ဝင် နောက်ဆုံး​အဖွဲ့ဝင်​များ​ကို ရှာဖွေ​ရန်​နှင့် အခြားသိုး​အဝင် “လူအုပ်ကြီး” ကိုလည်း စုသိမ်း​ရန်​ရှိခဲ့​သည်။—ဗျာ. ၇:၉က​ဘ; မဿဲ ၁၃:၂၄-၃၀

၁၇။ တည်ကြည်သော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် မည်သို့​အားဖြင့် “အရှင်​၏ ဝမ်းမြောက်ခြင်း​ထဲ​သို့ ဝင်စား” ခဲ့​ကြ​သနည်း။

၁၇ ရိတ်သိမ်းချိန်​သည် ရွှင်လန်းဖွယ်​အခါသမယ​ဖြစ်သည်။ (ဆာလံ ၁၂၆:၆) သို့​ဖြစ်၍ ၁၉၁၉ ခုနှစ်​တွင် ယေရှုသည် မိမိ၏​တည်ကြည်သော ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​အား တိုးများ​လာသော​တာဝန်​များ​ကို အပ်နှင်း​ခဲ့​ချိန်​၌ ဤသို့​မိန့်တော်မူ​ခဲ့​ခြင်း​သည် သင့်လျော်​ပါ​သည်– “သင်သည် အနည်းငယ်​သော​အမှု​များ​၌ သစ္စာစောင့်​လေ​ပြီ။ များစွာသော​အမှုတို့​အပေါ်​၌ သင့်ကို​ငါ​ခန့်​ထား​မည်။ သင့်​အရှင်​၏ ဝမ်းမြောက်ခြင်း​ထဲ​သို့ ဝင်စား​လော့။” (မဿဲ ၂၅:၂၁၊ ၂၃) ထို့​ပြင် ဘုရားသခင့်​နိုင်ငံတော်​၏ နန်းတင်​ခံ​ဘုရင်​အသစ်​ဖြစ်သော အရှင်​၏​ဝမ်းမြောက်မှု​မှာ အတိုင်း​ထက်​အလွန်​ပင်။ (ဆာလံ ၄၅:၁၊ ၂၊ ၆၊ ၇) တည်ကြည်သော ကျွန်​အတန်းအစား​သည် ဘုရင်​ကို​ကိုယ်စား​ပြု​ကာ မြေကြီးပေါ်​ရှိ ကိုယ်တော်​၏​အကျိုး​စီးပွား​ကို တိုးများ​စေခြင်း​အားဖြင့် ထို​ရွှင်လန်း​ဝမ်းမြောက်မှု​တွင် ပါဝင်​ခံစား​ကြ​ရသည်။ (၂ ကောရိန္သု ၅:၂၀) သူတို့၏​ပီတိ​အဟုန်​ကို ဟေရှာယ ၆၁:၁၀ ပါ​ပရောဖက်ပြုချက်​စကား​တွင် တွေ့ရ​သည်– ‘ထာဝရ​ဘုရားသခင်​ကြောင့် ငါသည် အလွန်​ဝမ်းမြောက်​၍ ငါ​၏​ဘုရားသခင်​ကြောင့် ငါ့​ဝိညာဉ်​သည် ရွှင်လန်း​မည်။ အကြောင်း​မူ​ကား ... ကယ်တင်ခြင်း​အဝတ်တန်ဆာ​နှင့် ငါ့ကို​ဝတ်ဆင်​စေ ... တော်​မူ​ပြီ။’

၁၈။ အချို့​သူတို့သည် စစ်ဆေးမှု အဘယ်ကြောင့် မအောင်​ခဲ့​သနည်း၊ အဘယ်​အကျိုးဆက် ခံစား​ခဲ့​ရသနည်း။

၁၈ ဝမ်းနည်းစရာမှာ အချို့​သူတို့သည် စစ်ဆေးမှု မအောင်​ခဲ့​ပါ။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “အခွက်​တစ်ဆယ်​ကို​ခံ​သော​သူသည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ ကိုယ်တော်​သည် ခဲယဉ်း​သော​သူ​ဖြစ်သည်​နှင့် ကိုယ်​မစိုက်​မ​ပျိုး​သော​အရပ်၌​ရိတ်​၍ ကိုယ်​မဖြန့်မကြဲ​သော​အရပ်၌ စုသိမ်း​တတ်​သည်ကို အကျွန်ုပ်​သိ၍ ကြောက်​သောကြောင့် အခြား​သို့​သွား​၍ ကိုယ်တော်​၏ ငွေ​အခွက်​တစ်ဆယ်​ကို မြေ​၌​ဝှက်ထား​ပါ​ပြီ။ ယခု ကိုယ်တော်​၏​ငွေ​ရှိပါ​သည်’ ဟု​လျှောက်​၏။” (မဿဲ ၂၅:၂၄၊ ၂၅) အလားတူ​ပင် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​အချို့​သည် “ကုန်သွယ်” ခြင်း မပြု​ခဲ့​ကြ​ပါ။ ၁၉၁၄ မတိုင်မီ​က သူတို့သည် မိမိတို့၏​မျှော်လင့်ချက်များ​ကို အခြားသူများ​အား စိတ်အား​ထက်​ထ​န်​စွာ မဟောပြော​ခဲ့​ကြ​ပါ၊ ၁၉၁၉ ခုနှစ်​၌​လည်း စ၍​ဟောပြောချင်​စိတ် မရှိကြ​ပါ။ သူတို့၏​ပ​မာ​မ​ခန့်​မှု​ကို ယေရှု မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ သူတို့၏​အခွင့်အရေး​အားလုံး​ကို ကိုယ်တော် ရုပ်သိမ်း​ပစ်လိုက်​သည်။ သူတို့ကို “ငိုကြွေးခြင်း၊ အံသွား​ခဲ​ကြိတ်​ခြင်း​ရှိရာ ပြင်အရပ်​မှောင်မိုက်​ထဲ​သို့ နှင်ထုတ်” လိုက်​သည်။—မဿဲ ၂၅:၂၈၊ ၃၀

ဆက်၍​စစ်ဆေး

၁၉။ အဘယ်​နည်းဖြင့် စစ်ဆေးမှု​လုပ်ငန်း​စဉ် ဆက်သွား​နေသနည်း၊ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​အားလုံး​သည် အဘယ်အရာ​ပြုလုပ်​ရန် စိတ်​ဆုံးဖြတ်ထား​ကြ​သနည်း။

၁၉ အမှန်​မှာ ဤ​ဆုံးခန်း​ကာလ​အတွင်း ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား​ကျေးကျွန်​များ ဖြစ်လာ​ခဲ့​ကြ​သူ​အများစု​သည် ၁၉၁၈ ခုနှစ်၊ ယေရှု စတင်​စစ်ဆေးချိန်​တွင် ယေဟောဝါ​၏​အမှုတော်ကို မ​ထမ်းဆောင်​ကြ​သေး​ပါ။ ထို​သူတို့သည် ဤ​စစ်ဆေးမှု​နှင့် လွတ်သွား​သလော။ လုံးဝ မလွတ်​ခဲ့​ကြ​ပါ။ တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်​သည် အတန်းအစား​တစ်ခု​အနေ​ဖြင့် စမ်းသပ်မှု​ကို အောင်မြင်​ခဲ့​သည့် ၁၉၁၈/၁၉ ခုနှစ်​သည် စစ်ဆေးမှု​လုပ်ငန်း​စဉ်​၏ အစ​နှစ်​သာ​လျှင်​ဖြစ်သည်။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တစ်ဦးချင်း​စီ​သည် သူတို့အား အပြီးသတ်​တံဆိပ်​ခတ်မှု မပြီးမချင်း စစ်ဆေးမှု​အောက်တွင် ဆက်​ရှိ​နေသည်။ (ဗျာ. ၇:၁-၃) ယင်းကို​သိရှိ​ထားသော​ကြောင့် ခရစ်တော်​၏ ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များသည် တည်ကြည်မှု​ရှိ​စွာ​ဆက်၍ ‘ကုန်သွယ်​မှု​ပြု’ ရန်​ဆုံးဖြတ်ထား​ကြသည်။ အလင်း​တောက်ပ​စွာ​ထွန်းလင်း​စေဖို့ ဆီ​အလျှံပယ် ဖြည့်တင်း​ထားခြင်း​အားဖြင့် သတိပညာ​ရှိ​သူများ​ဖြစ်​ရန် ဆုံးဖြတ်ထား​ကြသည်။ သူတို့​တစ်ဦးစီ၏ အသက်တာ​လမ်းစဉ်တွင် အဆုံးတိုင်အောင်​တည်ကြည်​မည်​ဆိုလျှင် ယေရှုသည် သူတို့ကို ကောင်းကင်ဘုံ​၌ လက်ခံ​မည်​ဖြစ်​ကြောင်း သူတို့​သိထားကြသည်။—မဿဲ ၂၄:၁၃; ယောဟန် ၁၄:၂-၄; ၁ ကောရိန္သု ၁၅:၅၀၊ ၅၁

၂၀။ (က) ယနေ့ အခြားသိုး​များသည် အဘယ်အရာ​ပြုလုပ်​ရန် စိတ်​ဆုံးဖြတ်ထား​ကြ​သနည်း။ (ခ) အဘယ်အရာကို ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ သိရှိ​ကြ​သနည်း။

၂၀ အခြားသိုး​အဝင် လူအုပ်ကြီးသည် သူတို့၏​ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​ကို အတုယူ​ခဲ့​ကြသည်။ ဘုရားသခင့် ရည်ရွယ်တော်မူချက်​များ​ကို သိကျွမ်း​လာ​သည်​နှင့်​အမျှ ကြီး​လေး​သော​တာဝန်​လည်း လိုက်ပါ​လာ​ကြောင်း သူတို့​သိရှိ​ခဲ့​ကြသည်။ (ယေဇကျေလ ၃:၁၇-၂၁) ထို့​ကြောင့် သူတို့​သည်လည်း ယေဟောဝါ​၏ နှုတ်မြွက်​စကားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​တို့၏ အကူအညီ​နှင့်အတူ လေ့လာမှု​များ၊ ခရစ်ယာန်​ပေါင်းသင်းမှု​များ​အားဖြင့် ဆီ​အလျှံပယ် ဖြည့်တင်း​ထား​ကြသည်။ ထို့​ပြင် သူတို့သည် ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်းများ​တွင် ပါဝင်ခြင်း​အားဖြင့် သူတို့၏​အလင်း​ကို ထွန်းလင်း​ကြ​ပြီး ယင်း​သို့​အားဖြင့် သူတို့၏​ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များနှင့်​အတူ ‘ကုန်သွယ်​ခြင်း​ကို​ပြု’ လျက်​ရှိကြသည်။ သို့သော် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​က ငွေ​အခွက်​များ​ကို မိမိတို့၏​လက်ထဲ​တွင်​ထား​ရှိကြောင်း ကောင်းစွာ​သိရှိ​ထား​ကြသည်။ သူတို့သည် မြေကြီးပေါ်​ရှိ သခင်၏​ပိုင်ဆိုင်ရာ​များ​ကို စီမံ​သုံးစွဲပုံ​နှင့်​စပ်လျဉ်း၍ စာရင်း​ရှင်း​ကြ​ရမည်။ သူတို့သည် အရေအတွက်​နည်း​သော်လည်း မိမိတို့၏​တာဝန်​များ​ကို လူအုပ်ကြီး​ထံ ပခုံး​ပြောင်း​ပေး၍​မရပါ။ ယင်းကို​စိတ်စွဲ​မှတ်​ကာ တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်​သည် မြှုပ်နှံ​လုပ်ဆောင်​လျက်​ရှိသော လူအုပ်ကြီး​အဝင်​တို့၏ ထောက်မမှုကို ကျေးဇူး​တင်​လျက် ဘုရင်​၏​ဥစ္စာ​ကို ကြည့်ရှု​စောင့်ရှောက်ခြင်း​တွင် ဆက်၍​ဦးဆောင်​နေကြ​သည်။ ထို​အဖွဲ့ဝင်​တို့သည် ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​၏ တာဝန်​ဝတ္တရား​ကို အသိအမှတ်ပြု​ကာ သူတို့၏ ကြီးကြပ်​အုပ်ထိန်းမှု​အောက် အမှုဆောင်ခွင့်​ရခြင်း​ကို အခွင့်ထူး​အဖြစ်​ယူမှတ်​ကြသည်။

၂၁။ ၁၉၁၉ ခုနှစ်​မတိုင်မီ​အချိန်​မှ​စ၍ ယနေ့​ကျွန်ုပ်​တို့​ခေတ်​အထိ ခရစ်ယာန်​အားလုံး​နှင့် သက်ဆိုင်​သော တိုက်တွန်း​နှိုးဆော်ချက်​စကား​မှာ အဘယ်နည်း။

၂၁ ထို့​ကြောင့် ထို​ပုံ​ဥပမာ​နှစ်ခု​သည် ၁၉၁၉ ခုနှစ် သို့​မဟုတ် ယင်း​အချိန်​လောက်​တွင် အဖြစ်အပျက်​များ​အပေါ် အလင်း​ထွန်းလင်းပေး​ခဲ့​သော်လည်း နောက်ဆုံး​ကာလ​တစ်လျှောက်​ရှိ စစ်မှန်သော​ခရစ်ယာန်​အားလုံး​နှင့် မူ​အရ​သက်ဆိုင်​သည်။ ထို​နည်း​အတိုင်း​ပင် သတို့သမီး​ဆယ်ယောက်​ပုံ​ဥပမာ နိဂုံးပိုင်း​တွင် ယေရှု​မိန့်တော်မူ​ခဲ့​သော တိုက်တွန်း​နှိုးဆော်ချက်​က ၁၉၁၉ ခုနှစ်​မတိုင်မီ​က ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သက်ဆိုင်​ခဲ့​သော်လည်း ယင်းသည် ခရစ်ယာန်​ယောက်​တိုင်း​နှင့် မူ​အရ သက်ဆိုင်​နေဆဲ​ဖြစ်သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့အားလုံး​သည် ယေရှု၏ ဤ​စကား​များ​ကို နှလုံး​သွင်း​နိုင်​ပါစေ– “ကြွလာအံ့​သော နေ့ရက်​အချိန်နာရီ​ကို သင်တို့သည် မသိသော​ကြောင့် စောင့်နေ​ကြလော့။”—မဿဲ ၂၅:၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဆင်တူချက်​အနေ​နှင့် တမန်​တော်​များ​သေဆုံး​ပြီး​နောက် “ကြမ်းတမ်းသော​တောခွေး​တို့” သည် ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​အကြီးအကဲ​များ​ထဲ​မှ ပေါ်ထွက်​လာ​ခဲ့​သည်။—တမန်​တော် ၂၀:၂၉၊ ၃၀

^ အပိုဒ်၊ 6 ယေရှု၏​ပုံ​ဥပမာ​နှင့်​ပတ်သက်​၍ အခြား​ရှင်းပြချက်​အတွက် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော “ငြိမ်းချမ်းရေး​မင်းသား” လက်အောက် ကမ္ဘာချီ​လုံခြုံမှု စာအုပ် [လိပ်]၊ အခန်း ၅ နှင့် ၆ ကို​ရှု။

သင်​ရှင်းပြ​နိုင်​သလော

• ယေရှုသည် မိမိ၏​နောက်လိုက်​များ​ကို အဘယ်​အချိန်တွင် စစ်ဆေး​ခဲ့​သနည်း၊ အဘယ်အရာကို ကိုယ်တော်​တွေ့မြင်​ခဲ့​သနည်း။

• ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​အချို့​သည် “ကျွန်ဆိုး” ၏​စိတ်ဓာတ်​ကို အဘယ်ကြောင့် မွေးမြူ​ခဲ့​ကြ​သနည်း။

• ကျွန်ုပ်​တို့သည် ဝိညာဉ်ရေးတွင် သတိပညာ​ရှိကြောင်း မည်သို့ တင်ပြ​နိုင်​သနည်း။

• ယေရှု၏ တည်ကြည်သော ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​ကို အတုယူ​ကာ ကျွန်ုပ်​တို့သည် “ကုန်သွယ်​ခြင်း​ကို” အဘယ်​နည်းဖြင့် ဆက်​လုပ်ဆောင်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

ယေရှု အဘယ်​အချိန်တွင် ကြွလာ​သနည်း

မဿဲ​အခန်းကြီး ၂၄ နှင့် ၂၅ တို့​၌ မတူညီ​သော သဘော​များ​ဖြင့် ယေရှု “ကြွလာ” ခြင်း​အကြောင်း ဖော်ပြ​ထား​သည်။ ကိုယ်တော် “ကြွလာ” ရန်​အ​လို့​ငှာ ပကတိ ရွေ့​ရှား​ရန် မလို​အပ်​ပါ။ ယင်းအစား ကိုယ်တော်​သည် အများအားဖြင့် တရား​စီရင်​ရန်​အတွက် လူသားများ သို့​မဟုတ် မိမိ၏​တပည့်​များ​အပေါ် အာရုံလှည့်​လိုက်ခြင်း​သဘောဖြင့် “ကြွလာ” တော်​မူ​သည်။ သို့​ဖြစ်၍ ၁၉၁၄ ခုနှစ်​တွင် နန်းထိုင်​ဘုရင်​အဖြစ် ကိုယ်တော်​၏​ရောက်ရှိခြင်း​ကို အစပြု​ရန် “ကြွလာ” ခဲ့​သည်။ (မဿဲ ၁၆:၂၈; ၁၇:၁; တမန်​တော် ၁:၁၁) ၁၉၁၈ ခုနှစ်​တွင် ပဋိညာဉ်​တမန်​တော်​အဖြစ် ကိုယ်တော် “ကြွလာ” ခဲ့​ပြီး ယေဟောဝါ​၏​အမှုတော်​ဆောင်​သည်​ဟု ဆို​ကြ​သူများကို စတင် စစ်ကြော​ခဲ့​သည်။ (မာလခိ ၃:၁-၃; ၁ ပေတရု ၄:၁၇) အာမဂေဒုန်​တွင် ယေဟောဝါ​၏​ရန်သူများ​ကို တရား​စီရင်​ရန် ကိုယ်တော် “ကြွလာ” တော်​မူ​လိမ့်​မည်။—ဗျာ. ၁၉:၁၁-၁၆

မဿဲ ၂၄:၂၉-၄၄ နှင့် ၂၅:၃၁-၄၆ တို့​တွင် အကြိမ်​များစွာ​ဖော်ပြ​ထား​သည့် ကြွလာခြင်း (သို့​မဟုတ်၊ ရောက်ရှိ​နေခြင်း) သည် ‘ကြီးစွာ​သော ဆင်းရဲခြင်း’ တွင်​ဖြစ်သည်။ (ဗျာ. ၇:၁၄) သို့သော် မဿဲ ၂၄:၄၅ မှ ၂၅:၃၀ တွင် အကြိမ်ကြိမ်​ဖော်ပြ​ထားသော ကြွလာခြင်း​မူ တပည့်​ဟု အခေါ်ခံသူ​များ​အား ၁၉၁၈ ခုနှစ်​မှ​စ​တင်၍ တရား​စီရင်ခြင်း​နှင့် သက်ဆိုင်​သည်။ ဥပမာ၊ တည်ကြည်သော​ကျွန်​ကို ဆုချခြင်း၊ မိုက်မဲ​သော​သတို့သမီး​တို့အတွက် တရား​စီရင်မှု​နှင့် သခင်၏​ငွေ​များ​ကို​ဝှက်ထား​သော ပျင်းရိ​သော​ကျွန်​အား တရား​စီရင်မှု စ​သည်​တို့သည် ကြီးစွာ​သော​ဆင်းရဲခြင်း​ဖြစ်သော ယေရှု “ကြွလာ” ချိန်​၌ ဖြစ်ပျက်​မည်​ဟု​ဆို​ခြင်း​သည် ကျိုးကြောင်း​ညီညွတ်​မည်​မဟုတ်​ချေ။ ထိုသို့​သာ​ဖြစ်​ခဲ့​မည်​ဆိုလျှင် ကြီးစွာ​သော​ဆင်းရဲခြင်း​ရောက်ချိန်​တွင် ဝိညာဉ်​တော်​ဖွား​အများစု တည်ကြည်မှု​မရှိ​သည်ကို တွေ့ရှိ​ကြ​ရပြီး အစားထိုး​ခံရ​မည်​ဟူ​သည့် အဓိပ္ပာယ်​ဖြစ်နေ​သည်။ သို့သော် ဗျာ. ၇:၃ က ထို​အချိန်တွင် ခရစ်တော်​၏ ဝိညာဉ်​တော်​ဖွား​ကျေးကျွန်​အားလုံး​ကို အပြီးသတ် ‘တံဆိပ်​ခတ်​ပြီး’ ပြီ​ဖြစ်​ကြောင်း ဖော်ပြ​ထား​သည်။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

“ကျွန်ဆိုး” သည် ၁၉၁၉ ခုနှစ်​တွင် ကောင်းချီး​မရခဲ့​ပါ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ပညာ​ရှိသော​သတို့သမီး​များသည် သတို့သား​ရောက်ရှိချိန်​တွင် အသင့်​ရှိခဲ့​ကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

တည်ကြည်သော​ကျွန်​များသည် “ကုန်သွယ်​ခြင်း​အမှု​ပြု”

ပျင်းရိ​သော​ကျွန်​မူ ထိုသို့​မပြု

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဝိညာဉ်​တော်​ဖွား​နှင့် “လူအုပ်ကြီး” တို့သည် မိမိတို့​အလင်း​ကို ဆက်၍​ထွန်းလင်း​ကြ