မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အားချစ်သည့်မေတ္တာကို ကျွန်ုပ်တို့တင်ပြနိုင်ပုံ

ဘုရားသခင်အားချစ်သည့်မေတ္တာကို ကျွန်ုပ်တို့တင်ပြနိုင်ပုံ

ဘုရားသခင်​အား​ချစ်​သည့်​မေတ္တာကို ကျွန်ုပ်​တို့​တင်ပြ​နိုင်​ပုံ

ဘုရားသခင်​အား​ချစ်​သည့်​မေတ္တာကို ပျိုးထောင်​ခြင်း​ဟူသည် ဘုရားသခင်​အကြောင်း သင်ယူခြင်း​မျှ​သာ​မဟုတ်​ချေ။ ကမ္ဘာ​တစ်ဝန်း​မှ​ဘုရားသခင့်​ကျေးကျွန်​များ သက်သေပြ​နိုင်​သကဲ့သို့ပင် လူတစ်ဦး​သည် ကိုယ်တော်​၏​ဥပဓိရုပ်တော်​နှင့် ရင်းနှီး​ကျွမ်းဝင်​လာ​သည်​နှင့်​အမျှ ဘုရားသခင်​အား​ချစ်​သည့်​မေတ္တာ​စစ် တိုးပွား​လာ​မည်​ဖြစ်​ပြီး၊ ကိုယ်တော်​နှစ်သက်ရာ၊ မုန်းတီး​ရာ၊ ဦးစား​ပေး​ရာ​နှင့် ကိုယ်တော်​တောင်းဆိုရာ​များ​ကို သိကျွမ်း​လာ​သည်​နှင့်​အမျှ ယင်း​မေတ္တာသည် ပို​၍​ခိုင်မာ​လာ​မည်။

ယေဟောဝါ​သည် ကိုယ်တော့်​နှုတ်မြွက်တော်​သမ္မာကျမ်းစာ​ကို မေတ္တာ​ရှိ​စွာ ကျွန်ုပ်​တို့​အားပေးထား​တော်​မူ​သည်၊ ယင်း​၌ မိမိ​ကိုယ်တော်တိုင်​အကြောင်း ဖော်ပြ​ထား​တော်​မူ​၏။ အခြေအနေ​အမျိုးမျိုးကို ယေဟောဝါ​မည်သို့​ကိုင်တွယ်​ခဲ့​ကြောင်း ယင်း​မှ​တစ်ဆင့် ကျွန်ုပ်​တို့​လေ့လာ​သိရှိ​ရသည်။ ချစ်​မြတ်နိုး​ရသူ​တစ်ဦးထံ​မှ စာ​တစ်စောင်​သည် ကျွန်ုပ်​တို့အား များစွာ​ပျော်ရွှင်​စေ​သကဲ့သို့ပင် ယေဟောဝါ​၏​ဥပဓိရုပ်တော်​ဆိုင်ရာ အသွင်သဏ္ဌာန်​သစ်​များ​ကို ကျွန်ုပ်​တို့​သိရှိနားလည်​သည်​နှင့်​အမျှ သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့အား ပျော်ရွှင်​ဝမ်းမြောက်​စေ​သည်။

သို့ရာတွင်၊ လူအများရှေ့​အမှုဆောင်ခြင်း​တွင် ရံဖန်ရံခါ ကျွန်ုပ်​တို့​သတိပြုမိ​ကြ​သည့်​အတိုင်း ဘုရားသခင်​အကြောင်း​လေ့လာ​သင်ယူ​သည်​နှင့် ကိုယ်တော်​အား အမြဲ​ပင် ချစ်​မြတ်နိုး​လာ​မည်​မဟုတ်။ မိမိ​အချိန်​က တန်ဖိုး​မထားတတ်​သည့်​ဂျူး​များ​ကို ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​၏– “ကျမ်းစာ​အားဖြင့် ထာဝရ​အသက်ကို​ရမည်ဟု​စိတ်ထင်​နှင့် သင်တို့သည် ကျမ်းစာ​ကို​စေ့စေ့​ကြည့်ရှု​ကြ​၏။ ... သို့သော်လည်း ဘုရားသခင်​ကို​ချစ်ခြင်း​မေတ္တာသည် သင်တို့၌​မရှိ​သည်ကို ငါ​သိ​၏။” (ယောဟန် ၅:၃၉၊ ၄၂) လူတချို့​သည် နှစ်ပေါင်း​များစွာ ယေဟောဝါ​၏​မေတ္တာပါ​လုပ်ရပ်များ​အကြောင်း သင်ယူ​ခဲ့​ကြသော်လည်း ကိုယ်တော်​အား​ချစ်​သည့်​မေတ္တာ မရှိကြ​ချေ။ အဘယ်ကြောင့်​နည်း။ သူတို့သည် မိမိတို့​သင်ယူခဲ့ရာ​များနှင့်​ပတ်သက်​သည့် သက်ဆိုင်ပုံ​များ​ကို စဉ်းစား​ဆင်ခြင်မှု​မပြု​ခဲ့​ကြသော​ကြောင့်​ဖြစ်၏။ ယင်း​နှင့်​ဆန့်ကျင်​လျက်၊ ကျွန်ုပ်​တို့​နှင့်အတူ ကျမ်းစာ​လေ့လာ​နေကြ​သည့် သန်းနှင့်ချီ​သော စိတ်​ရိုး​ဖြောင့်​သူတို့​မူ ဘုရားသခင်​အား​ချစ်​သည့် ၎င်းတို့၏​မေတ္တာ​မှာ ဆက်၍​တိုးပွား​နေကြ​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့​ကဲ့သို့​ပင် သူတို့သည် အာသပ်​၏​ပုံ​နမူနာကို အတုယူ​ကြ​၍​ဖြစ်သည်။ အဘယ်နည်း​အားဖြင့်​နည်း။

ကျေးဇူး​တင်​လေးမြတ်စိတ်​ဖြင့် တွေးတော​ဆင်ခြင်​ပါ

အာသပ်​သည် သူ၏​နှလုံး​တွင် ယေဟောဝါ​အား​ချစ်​မြတ်နိုးသည့်​စိတ်​ကို ပျိုးထောင်​ဖို့ သန္နိ​ဋ္ဌာန်​ချ​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​၏– “ငါသည် ... ကိုယ့်​စိတ်နှလုံး​နှင့်​ဆွေးနွေး​သဖြင့် ငါ့​ဝိညာဉ်​သည် ဤသို့​စစ်ဆေး​မေးမြန်း​၏။ ထာဝရ​ဘုရား​၏​အမှုတော်များ​ကို နှုတ်မြွက်​၍ ရှေး​ကာလ​၌​ပြု​တော်​မူ​သော​အံ့သြဖွယ်ရာ​များ​ကို အောက်မေ့ပါ​မည်။ ပြု​တော်​မူသမျှ​ကို စဉ်းစား၍ စီရင်တော်မူ​သော​အရာများ​ကို ဆင်ခြင်​ပါ​မည်။” (ဆာလံ ၇၇:၆၊ ၁၁၊ ၁၂သမ္မာ) ဆာလံဆရာ​ပြု​ခဲ့​သည့်​အတိုင်း ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို ဆင်ခြင်​သုံးသပ်​သူ၏​စိတ်နှလုံး​တွင် ဘုရားသခင်​အား​ချစ်​သည့်​မေတ္တာ တိုးပွား​လာ​မည်​ဖြစ်သည်။

ထို့​ပြင်၊ ယေဟောဝါ​၏​အမှုတော်ကို ကျွန်ုပ်​တို့​ထမ်းဆောင်​နေစဉ် ရင်ဆိုင်​ခံစား​ခဲ့​ရသည့် တွေ့ကြုံမှု​များ​ကို ပြန်ပြောင်း​စဉ်းစားခြင်း​က ကိုယ်တော်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ခိုင်ခံ့​မြဲမြံ​စေ​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏ ‘လုပ်ဖော်ဆောင်ဖက်​များ’ ဖြစ်​ကြ​ပြီး လုပ်ဖော်ဆောင်ဖက်​ချင်း​စပ်ကြား တိုးပွား​လာနိုင်​သည့် ရင်းနှီး​ချစ်ခင်မှု​သည် အလွန်​ထူးခြား​ကြောင်း တမန်​တော်​ပေါလု​ပြောဆို​ခဲ့​သည်။ (၁ ကောရိန္သု ၃:၉သမ္မာ) ယေဟောဝါ​အား​ချစ်​ကြောင်း ကျွန်ုပ်​တို့​ပြသ​ကြသောအခါ ယင်းကို ကိုယ်တော်မြတ်​နိုး​တော်​မူ​ပြီး ကိုယ်တော်​၏​နှလုံးကို ရွှင်ပြုံး​စေ​သည်။ (သု. ၂၇:၁၁) ကျွန်ုပ်​တို့သည် အခက်အခဲ​တစ်ခုခု​ကို ကျော်လွှား​ရန် ယေဟောဝါ​၏​အကူအညီ တောင်းခံ​၍ ကိုယ်တော်​လမ်းပြ​တော်​မူ​သည့်​အခါ ကိုယ်တော်​သည် ကျွန်ုပ်​တို့​နှင့်အတူ​ရှိကြောင်း ကျွန်ုပ်​တို့​သိရှိ​ကာ ကိုယ်တော်​အား ပို​၍​ချစ်​မြတ်နိုး​လာ​သည်။

လူတို့သည် တစ်ဦး​ကိုတစ်​ဦး ခံစားချက်​များ အပြန်အလှန်​ပြောပြ​ရင်း ခင်မင်​ရင်းနှီး​လာ​တတ်​သည်။ ထို​နည်း​ထပ်တူ၊ ယေဟောဝါ​အား ကျွန်ုပ်​တို့​ကိုးကွယ်​ဆည်းကပ်​ရသည့်​အကြောင်းကို ကိုယ်တော့်​အား ကျွန်ုပ်​တို့​ပြောပြ​ကြသောအခါ ကိုယ်တော်​အား​ချစ်​သည့်​မေတ္တာ​ကြောင့် ကျွန်ုပ်​တို့​ခွန်အား​ရ​ကြသည်။ “သင်၏​ဘုရားသခင် ယေဟောဝါ​ကို နှလုံး​အကြွင်းမဲ့၊ ဝိညာဉ်​စိုးလ်​အကြွင်းမဲ့၊ စိတ်​ရှိသမျှ၊ အစွမ်း​ခွန်အား​ရှိသမျှ​နှင့်​ချစ်​လော့” ဟူသော ယေရှု၏​စကား​ကို ကျွန်ုပ်​တို့​ရောင်ပြန်ဟပ်​နေကြ​ပေမည်။ (မာကု ၁၂:၃၀က​ဘ) ကျွန်ုပ်​တို့သည် ယေဟောဝါ​အား နှလုံး​အကြွင်းမဲ့၊ ဝိညာဉ်​စိုးလ်​အကြွင်းမဲ့၊ စိတ်​ရှိသမျှ၊ အစွမ်း​ခွန်အား​ရှိသမျှ​နှင့် ဆက်၍​ချစ်​မည်​ဖြစ်​ကြောင်း သေချာ​စေရန် အဘယ်အရာကို​ပြုလုပ်​နိုင်​သနည်း။

ယေဟောဝါ​အား နှလုံး​အကြွင်းမဲ့​ချစ်ခြင်း

သမ္မာကျမ်းစာ​က ပုံဆောင်​နှလုံး​အကြောင်း ပြောနေခြင်း​ဖြစ်သည်၊ ယင်းသည် ကျွန်ုပ်​တို့၏​အတွင်းလူ​ဖြစ်သော လိုအင်ဆန္ဒ​များ၊ သဘောထားများ​နှင့် ခံစားချက်​များ​ဖြစ်သည်။ ထို့​ကြောင့် ယေဟောဝါ​အား နှလုံး​အကြွင်းမဲ့​ချစ်ခြင်း​ဟူသည် ဘုရားသခင်​၏​နှစ်သက်​လက်ခံမှု​ရခြင်း​ကို ကျွန်ုပ်​တို့​အလိုချင်ဆုံး​ဟု ဆိုလို​သည်။ (ဆာလံ ၈၆:၁၁) ကိုယ်တော်​နှစ်သက်​လက်ခံသည့် ဥပဓိရုပ်​မျိုး မိမိတို့​တွင်​ရှိလာ​စေခြင်း​အားဖြင့် ထိုသို့​သော​မေတ္တာ ကျွန်ုပ်​တို့​၌​ရှိကြောင်း ဖော်ပြ​ကြသည်။ ‘ဆိုးသော​အရာ​ကို စက်ဆုပ်​ရွံရှာ​ကြ​ပြီး ကောင်းသော​အရာ​၌ မှီဝဲ​ဆည်းကပ်​ကြ​ခြင်း’ အားဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို​ကြိုးစား​တုပ​ကြ​၏။—ရောမ ၁၂:၉သမ္မာ။

ဘုရားသခင်​အား​ချစ်​သည့်​မေတ္တာသည် အရာရာတိုင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​ခံစားချက်​များ​တွင် သက်ရောက်မှု​ရှိသည်။ ဥပမာ​အနေ​နှင့်၊ ကျွန်ုပ်​တို့သည် မိမိတို့၏​အလုပ်​တွင် စိတ်ဝင်စား​နေ​မည် သို့​မဟုတ် အလွန်အမင်း​အာရုံစိုက်​နေ​မည်​ဖြစ်သော်လည်း ယင်း​တွင် ကျွန်ုပ်​တို့၏​စိတ်နှလုံး ရောက်နေ​ခြင်း​ဖြစ်သလော။ မဟုတ်ပါ။ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား နှလုံး​အကြွင်းမဲ့​ချစ်​မြတ်နိုး​သည်​ဖြစ်​ရာ ကျွန်ုပ်​တို့အတွက် အရေး​အကြီးဆုံး​အရာ​မှာ ဘုရားသခင်​၏​အမှုတော်​ဆောင်​များ​ဖြစ်​ရေး​တည်း။ အလားတူ၊ ကျွန်ုပ်​တို့သည် မိဘများ၊ အိမ်ထောင်ဖက်​များနှင့် ကျွန်ုပ်​တို့​အလုပ်ရှင်​၏ နှစ်သက်​လက်ခံမှုကို ရယူလို​ကြသော်လည်း ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​ရန် ဦးဆုံး​ကြိုးစား​ရှာဖွေခြင်း​ဖြင့် ကိုယ်တော်​အား ကျွန်ုပ်​တို့ နှလုံး​အကြွင်းမဲ့​ချစ်​ကြောင်း သက်သေပြ​ကြသည်။ အမှန်​မှာ၊ ကိုယ်တော့်​ကို ကျွန်ုပ်​တို့၏​စိတ်နှလုံး​တွင် ဦးထိပ်​ထား​ထိုက်​သည်။—မဿဲ ၆:၂၄; ၁၀:၃၇

ယေဟောဝါ​အား ဝိညာဉ်​စိုးလ်​အကြွင်းမဲ့​ချစ်ခြင်း

သမ္မာကျမ်းစာ​တွင် “ဝိညာဉ်​စိုးလ်” ဟူသော​စကားလုံး​သည် အခြေခံ​အားဖြင့် ကျွန်ုပ်​တို့ တစ်ကိုယ်လုံး​အပြင် ကျွန်ုပ်​တို့​ပိုင်ဆိုင်​သည့်​အသက်တာကို​ပါ ရည်ညွှန်း​သည်။ ထို့​ကြောင့် ယေဟောဝါ​အား ဝိညာဉ်​စိုးလ်​အကြွင်းမဲ့​ချစ်ခြင်း​ဟူသည် ကိုယ်တော်​အား​ချီးမွမ်း​ရန်​နှင့် ကိုယ်တော်​အား​ချစ်​ကြောင်း သက်သေပြ​ရန် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာကို အသုံးပြုခြင်း​ကို​ဆိုလို​သည်။

ဘဝ​အသက်တာတွင် အလုပ်​တစ်ခု​ကို​သင်ယူခြင်း၊ စီးပွားရေး​လုပ်ငန်း​တစ်ခု​ကို စီမံ​ဆောင်ရွက်ခြင်း၊ သို့​မဟုတ် မိသားစုကို ကျွေးမွေး​ပြုစု​ခြင်း​ကဲ့သို့​သော အခြား​စိတ်ဝင်စားစရာ​များ ကျွန်ုပ်​တို့​၌​ရှိ​ပေမည်။ သို့သော် တစ်ချိန်တည်း​တွင် ကိုယ်တော့်​နည်းလမ်းတော်​အတိုင်း လုပ်ဆောင်ခြင်း၊ အသက်တာတွင် အခြား​အရာများ​ကို သူ့​နေရာ​နှင့်​သူ​ထားခြင်း​တို့​ဖြင့် ယေဟောဝါ​အား ဝိညာဉ်​စိုးလ်​အကြွင်းမဲ့​ချစ်​ကြောင်း သက်သေပြ​ကြသည်၊ ဤသို့ဖြင့် “[ဘုရားသခင်]၏​နိုင်ငံတော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး” ထား​ကြသည်။ (မဿဲ ၆:၃၃သမ္မာ) ဝိညာဉ်​စိုးလ်​အကြွင်းမဲ့​ဝတ်ပြုခြင်း​သည် ဇွဲ​ထက်သန်​နေခြင်း​ကို​ဆိုလို​သည်။ ယေဟောဝါ​အား​ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ကြောင်းကို ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို ဇွဲရှိ​ရှိ​ဟောပြောခြင်း၊ အစည်းအဝေး​များ​တွင် တည်ဆောက်မှု​ဖြစ်စေ​သော​မှတ်ချက်များ​ပေးခြင်း၊ သို့​မဟုတ် ကျွန်ုပ်​တို့၏ ခရစ်ယာန်​ညီအစ်ကို​ညီအစ်မ​များ​ကို ကူညီ​ပေးခြင်း​အားဖြင့် ဖော်ပြ​ကြသည်။ အရာရာတိုင်းတွင် ကျွန်ုပ်​တို့သည် ‘စိုးလ်​အကြွင်းမဲ့ ဘုရားသခင်​၏​အလိုတော်ကို​ဆောင်’ ကြသည်။—ဧဖက် ၆:၆

ယေရှုသည် မိမိကိုယ်ကို ငြင်းပယ်​ခြင်း​အားဖြင့် ဘုရားသခင်​အား စိုးလ်​အကြွင်းမဲ့​ချစ်​ကြောင်း ပြသ​ခဲ့​၏။ ကိုယ်တော်​သည် ဘုရားသခင့်​အလိုတော်ကို ပထမ​နေရာ​ထားပြီး မိမိ၏​လိုအပ်ရာ​ကို ဒုတိယ​နေရာ​ထားခဲ့​သည်။ ယေရှုသည် မိမိ၏​ပုံသက်သေ​နောက်လိုက်​လျှောက်​ရန် ကျွန်ုပ်​တို့အား​ကမ်း​လှမ်း​ခဲ့​သည်။ ကိုယ်တော်​က “ငါ​၌ ဆည်းကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်ကို​ကိုယ်​ငြင်းပယ်​ရမည်။ ကိုယ်လက်​ဝါး​ကပ်တိုင်​ကို​ထမ်း၍ ငါ့​နောက်သို့​လိုက်ရမည်” ဟု မိန့်ဆို​တော်​မူ​ခဲ့​၏။ (မဿဲ ၁၆:၂၄၊ ၂၅) မိမိတို့​ကိုယ်ကို​ငြင်းပယ်​ခြင်း​ဟူသည် ဆက်ကပ်​အပ်နှံခြင်း​ကို​ဆိုလို​သည်။ သမ္မာကျမ်းစာ​ခေတ်​က ဣသရေလ​လူမျိုး​တစ်ဦး​သည် မိမိ​သခင်​ကို အလွန်​ချစ်​မြတ်နိုး​သဖြင့် သခင်​ထံ အမြဲတမ်း​ကျွန်ခံ​သွား​မည်​ဟု ကတိ​ခံဝန်ချက်​ပေး​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ဘုရားသခင်​ကို အလွန်​ချစ်​မြတ်နိုး​သဖြင့် မိမိတို့ကို ကိုယ်တော်​ပိုင်ဆိုင်​ကြောင်း လွှဲအပ်​လိုက်​ကြသည်။ (တရားဟောရာ ၁၅:၁၆၊ ၁၇) ယေဟောဝါ​ထံ​ကျွန်ုပ်​တို့​ဆက်ကပ်​အပ်နှံခြင်း​က ကိုယ်တော်​အား​ကျွန်ုပ်​တို့​ချစ်​ကြောင်း ယုံကြည်​စိတ်ချ​လောက်​သော သက်သေ​သာဓက​ဖြစ်စေ​သည်။

ယေဟောဝါ​အား စိတ်​ရှိသမျှ​နှင့်​ချစ်ခြင်း

ယေဟောဝါ​အား စိတ်​ရှိသမျှ​နှင့်​ချစ်ခြင်း​ဟူသည် ယေဟောဝါ​၏​ဥပဓိရုပ်တော်၊ ရည်ရွယ်တော်မူချက်​များနှင့် တောင်းဆိုချက်​များ​ကို​နားလည်​ရန် အစွမ်းကုန် ကြိုးပမ်း​အားထုတ်​ကြ​မည်​ကို​ဆိုလို​သည်။ (ယောဟန် ၁၇:၃; တမန်​တော် ၁၇:၁၁) အခြားသူများ​လည်း ယေဟောဝါ​ကို​ချစ်​လာရန် ကျွန်ုပ်​တို့၏​စိတ်ပိုင်း​ဆိုင်ရာ​စွမ်းအား​ရှိရှိသမျှကို အသုံးပြု၍ ကူညီ​ပေးခြင်း​နှင့် ကျွန်ုပ်​တို့၏​သွန်သင်ခြင်း​အတတ်ပညာ​ကို တိုးတက်​စေခြင်း​တို့အား​ဖြင့် ယေဟောဝါ​အား ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​ကြသည်။ တမန်​တော်​ပေတရု​က ‘လုပ်ဆောင်မှု​အတွက် သင့်​စိတ်​ကို အားဖြည့်ပေး​လော့’ ဟု တိုက်တွန်း​ခဲ့​၏။ (၁ပေတရု ၁:၁၃) ထို့​ပြင်၊ အခြားသူများ အထူးသဖြင့် ဘုရားသခင့်​ကျေးကျွန်​ချင်း​များ​ကို စိတ်ဝင်စား​ရန် ကျွန်ုပ်​တို့​ကြိုးပမ်း​ကြသည်။ သူတို့၏​အခြေအနေ​ကို​သိရှိ​ကာ အဘယ်​အချိန်တွင် ချီးမွမ်း​စကား​ဆို​ခြင်း​က သင့်လျော်​သည်၊ အဘယ်​အချိန်တွင် နှစ်သိမ့်​ပေး​ဖို့​လို​သည်​တို့ကို သိမြင်​တတ်ကြ​သည်။

ကျွန်ုပ်​တို့သည် ယေဟောဝါ​ထံ စိတ်ပိုင်း​အရ လက်အောက်ခံခြင်း​အားဖြင့် ကိုယ်တော့်​ကို စိတ်​ရှိသမျှ​နှင့်​ချစ်​ကြောင်း ဖော်ပြ​ကြသည်။ ကျွန်ုပ်​တို့သည် အရာရာကို ကိုယ်တော်​မြင်​သကဲ့သို့ မြင်တတ်​ရန် ကြိုးစား​ကြသည်၊ ဆုံးဖြတ်ချက်​များ​ချ​ရာ​တွင် ကိုယ်တော်​ကို အာရုံထား​ကြ​ပြီး ကိုယ်တော်​၏​နည်းလမ်းတော်​သည် အကောင်းဆုံး​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ကြသည်။ (သု. ၃:၅၊ ၆; ဟေရှာယ ၅၅:၉; ဖိလိပ္ပိ ၂:၃-၇) သို့သော် ဘုရားသခင်​အား​ချစ်​သည့်​မေတ္တာကို ကျွန်ုပ်​တို့​ဆက်လက်​တင်ပြ​သည့်​အခါ ကျွန်ုပ်​တို့၏​အစွမ်း​ခွန်အား​ကို မည်သို့​အသုံးပြုနိုင်​မည်​နည်း။

ယေဟောဝါ​အား အစွမ်း​ခွန်အား​ရှိသမျှ​နှင့်​ချစ်ခြင်း

ခရစ်ယာန်​အသင်းတော်​ရှိ များစွာသော​လူငယ်တို့​သည် ၎င်းတို့၏​အစွမ်း​ခွန်အား​ကို ယေဟောဝါ​အား​ချီးမွမ်း​ရန် အသုံးပြု​ကြသည်။ (သု. ၂၀:၂၉; ဒေ. ၁၂:၁) ယေဟောဝါ​အား အစွမ်း​ခွန်အား​ရှိသမျှ​နှင့်​ချစ်​ကြောင်း ခရစ်ယာန်​လူငယ်​အမြောက်အမြား တင်ပြ​ကြ​သည့် နည်း​တစ်နည်း​မှာ အချိန်ပြည့်​ဓမ္မ​အမှု​ဖြစ်သည့် ရှေ့ဆောင်​လုပ်ငန်း​တွင် ပါဝင်ခြင်း​အားဖြင့်​ဖြစ်သည်။ များစွာသော​မိခင်​တို့သည် သူတို့၏​သားသမီး​များ ကျောင်းတက်​နေစဉ် ဤ​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်​ကြ​၏။ မိမိတို့၏​မိသားစု​ကောင်းကျိုး​ကို ကြည့်ရှု​စောင့်ရှောက်​ပေး​သည့်​အပြင် သိုးထိန်း​လည်ပတ်မှုများ​ပြု​ကြ​သည့် တည်ကြည်သော​အကြီးအကဲ​များသည် ယေဟောဝါ​အား အစွမ်း​ခွန်အား​ရှိသမျှ​နှင့်​ချစ်​ကြောင်း တင်ပြ​ကြသည်။ (၂ ကောရိန္သု ၁၂:၁၅) ယေဟောဝါ​သည် မိမိ​အား​မျှော်လင့်​သူတို့ကို စွမ်း​အားပေး​တော်​မူ​သည်၊ ထို့​ကြောင့် သူတို့သည် ရှိရှိသမျှ​အစွမ်း​ခွန်အား​ကို​အသုံးပြု၍ ကိုယ်တော်​အား​ချီးမွမ်း​ခြင်း​အားဖြင့် မိမိတို့၏​မေတ္တာကို ပြသ​နိုင်​ကြသည်။—ဟေရှာယ ၄၀:၂၉; ဟေဗြဲ ၆:၁၁၊ ၁၂

လျောက်ပတ်​စွာ ပြုစု​ပျိုးထောင်​မည်​ဆိုလျှင် မေတ္တာသည် တိုးပွား​လာ​တတ်​သည်။ ထို့​ကြောင့်၊ ကျွန်ုပ်​တို့သည် ဆက်၍​အချိန်​ယူ​ကာ ဆင်ခြင်​တွေးတော​ကြသည်။ ကျွန်ုပ်​တို့အတွက် ယေဟောဝါ​ပြု​လုပ်ပေးခဲ့​သည့်​အရာ​နှင့် ကျွန်ုပ်​တို့၏ ကိုးကွယ်​ဆည်းကပ်မှု​ကို ယေဟောဝါ​ရထိုက်​ကြောင်း ကျွန်ုပ်​တို့​သတိရ​ကြသည်။ အာဒံ​၏ မစုံလင်​သည့် သားစဉ်မြေးဆက်​များ​ဖြစ်​ကြသော​ကြောင့် “ဘုရားသခင်​ကို​ချစ်သော သူတို့​အဖို့​အ​လို့​ငှာ၊ ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော​အရာ​တို့” နှင့် ဘယ်တော့​မျှ မထိုက်တန်​သော်လည်း ကျွန်ုပ်​တို့​တစ်ကိုယ်လုံး​တွင် ရှိရှိသမျှ​နှင့် ယေဟောဝါ​အား​ချစ်​ကြောင်း ကျွန်ုပ်​တို့​တင်ပြ​နိုင်​ကြ​ပါ​သည်။ ကျွန်ုပ်​တို့ ထိုသို့​ဆက်လုပ်​ဆောင်​ကြပါစို့!—၁ ကောရိန္သု ၂:၉

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဘုရားသခင်​အား​ချစ်​ကြောင်း လုပ်ရပ်များ​အားဖြင့်​ဖော်ပြ