မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ကျေးကျွန်များ သစ်ပင်များနှင့်တူ—အဘယ်နည်းများဖြင့်နည်း

ယေဟောဝါ၏ကျေးကျွန်များ သစ်ပင်များနှင့်တူ—အဘယ်နည်းများဖြင့်နည်း

ယေဟောဝါ​၏​ကျေးကျွန်​များ သစ်ပင်​များနှင့်​တူ—အဘယ်​နည်းများဖြင့်​နည်း

ကျမ်းစာ​မူများ​ကို နှစ်သက်​မွေ့လျော်​ပြီး မိမိ​ဘဝ​အသက်တာ​၌ လက်တွေ့​ကျင့်သုံး​သူ​အကြောင်း​ပြောဆို​ရာ​၌ ဆာလံဆရာ​က “ထို​သူသည် မြစ်​နား​မှာ​စိုက်​လျက် မိမိ​အချိန်တန်​မှ​အသီးကို​သီး​၍ အရွက်​မညှိုးနွမ်း​တတ်သော အပင်​နှင့်​တူ​၏။ ပြု​လေ​သမျှ​တို့​၌ အောင်​လိမ့်” မည်​ဟု​ဆို​၏။ (ဆာလံ ၁:၁-၃) ဤ​ခိုင်းနှိုင်း​ချက်​သည် အဘယ်ကြောင့်​သင့်လျော်​သနည်း။

သစ်ပင်​များသည် အသက်ရှည်​ကြသည်။ သာဓက​အနေ​နှင့် မြေထဲပင်လယ်​ဒေသ​ရှိ သံလွင်ပင်​အချို့​၏​သက်တမ်း​မှာ အနှစ်​တစ်ထောင်​မှ နှစ်ထောင်​အထိ​ရှိသည်​ဟု​ဆို​သည်။ ထို​နည်းတူ ဗဟို​အာဖရိက​မှ ဗေ​အို​ဗတ်​အပင်များ​သည် အလွန်​သက်တမ်းရှည်​ပြီး ကယ်လီဖိုးနီးယား​မှ ဗ​ရ​စ်​စ​ယ်လ်​ခုန်း ထင်းရှူး​တစ်ပင်​၏​သက်တမ်း​မှာ အနှစ် ၄,၆၀၀ ခန့်​ရှိပြီ​ဟု ယုံကြည်​ကြသည်။ သစ်တော​တစ်ခု​ရှိ ကြီးရင့်​နေပြီ​ဖြစ်သော သစ်ပင်​များသည် ပတ်ဝန်းကျင်​ကို အကျိုးပြု​လေ့​ရှိသည်။ ဥပမာ၊ မြင့်မားသော​သစ်ပင်​များသည် အပင်ပေါက်​များ​အား အပူဒဏ်​မှ ကာကွယ်​ပေး​သည့် အရိပ်​အာ​ဝါ​သ​ရရှိ​စေပြီး ကြွေကျ​သော​အရွက်​များ​က မြေ​သြဇာ​ကောင်းမွန်​စေ​သည်။

ကမ္ဘာ​ပေါ် အမြင့်​မား​ဆုံး​သစ်ပင်​များသည် အပင်​အချင်းချင်း ထောက်​မပေး​ကြ​သည့် သစ်တော​များ​၌ စုရုံး​ပေါက်​နေသည်​ကို တွေ့​ရလေ့​ရှိသည်။ စုရုံး​ပေါက်​နေသော​သစ်ပင်​များ​၏ အမြစ်များ​သည် ယှက်​ဖြာနေ​တတ်​ရာ မြေပြန့်​၌ ထီးတည်း​ပေါက်​နေသော​သစ်ပင်​ထက် မုန်တိုင်း​ဒဏ်​ကို ပိုမို​ခံရပ်​နိုင်​သည်။ အမြစ်​ဖြာ​စနစ်ကြီး​က​လည်း မြေဆီလွှာ​မှ ရေ​နှင့် အာဟာရဓာတ် အလုံအလောက်​ရရှိစေ​သည်။ အချို့​သစ်ပင်​များ​၏ အမြစ်များ​သည် သစ်ပင်​အမြင့်​ထက် သာ၍​ရှည်လျား​စွာ မြေကြီး​ထဲ​ထိုးဖောက်​ဝင်ရောက်​နိုင်​သည်၊ သို့​မဟုတ် ပင်မြစ်​များသည် ပင်စည်​၏ အရွက်​အခက် ဖြာထွက်မှု​ထက် သာ၍​ကျယ်ပြန့်​စွာ ဖြာထွက်​နိုင်​သည်။

သမ္မာကျမ်းစာ​တွင် တမန်​တော်​ပေါလု​က ခရစ်ယာန်​များသည် “[ခရစ်တော်] ၌​ကျင်လည်​လျက်၊ အမြစ်စွဲလျက်၊ တည်ဆောက်​ခြင်း​ရှိ​လျက်၊ သွန်သင်ခြင်း​ကို​ခံ​ပြီး​သည်​အတိုင်း ယုံကြည်ခြင်း၌​မြဲမြံ​စွာ​စွဲလမ်း​လျက် ... ရှိနေ” သင့်​သည်​ဟု ရှင်းပြ​သောအခါ သစ်ပင်​တစ်ပင်​ကို ရည်ညွှန်း​ပြောဆိုခြင်း​ဖြစ်​ပေမည်။ (ကောလောသဲ ၂:၆၊ ၇သမ္မာ) အမှန်​မှာ ခရစ်ယာန်​များသည် ခရစ်တော်​၌ အခိုင်အမာ​အမြစ်စွဲ​နေ​မှ​သာ ယုံကြည်ခြင်း၌ ကြံ့ကြံ့ခံမြဲမြံ​နိုင်​သည်။—၁ ပေတရု ၂:၂၁

ဘုရားသခင့်​ကျေးကျွန်​များသည် အခြား​အဘယ်​နည်းများဖြင့် သစ်ပင်​များနှင့်​တူ​နိုင်​သနည်း။ တောအုပ်​လေး​တစ်ခု​ရှိ သစ်ပင်​များသည် အနီးတစ်ဝိုက်​သစ်ပင်​များ​မှ ထောက်မမှု​ရရှိ​သကဲ့သို့ ခရစ်ယာန်​အသင်းတော်​နှင့် အနီးကပ်​နေ​သူ​မှန်သမျှ​သည် ယုံကြည်သူချင်း​များ​ထံ​မှ အထောက်အမ​ရရှိ​ကြသည်။ (ဂလာတိ ၆:၂) တည်ကြည်၊ ရင့်ကျက်သော​ခရစ်ယာန်​များ​၏ ဝိညာဉ်​ရေး​အမြစ်များ ဖြာထွက်​နေခြင်း​က မုန်တိုင်း​ကဲ့သို့​သော​အတိုက်အခံ​များ ရင်ဆိုင်​ရ​လျှင်​ပင် ယုံကြည်ခြင်း၌ မြဲမြံ​ခိုင်ခံ့​ရန် ယုံကြည်​ခါ​စ​သူများကို ထောက်ကူ​ပေး​သည်။ (ရောမ ၁:၁၁၊ ၁၂) ခရစ်ယာန်​ဖြစ်​ခါ​စ​သူများ​သည် အတွေ့အကြုံ​ပို​များသော ဘုရားသခင့်​ကျေးကျွန်​များ​၏ အပူဒဏ်​မှ​ကာကွယ်​ပေး​သော “အရိပ်​အာ​ဝါ​သ” အောက် ဖွံ့ဖြိုး​ရင့်သန်​နိုင်​ကြသည်။ (ရောမ ၁၅:၁) ကမ္ဘာ​တစ်ဝန်း​ရှိ ခရစ်ယာန်​အသင်းတော်​သား​အားလုံး​သည် ဝိညာဉ်​တော်​ဖွား​အကြွင်းအကျန်​တည်း​ဟူသော “ဖြောင့်မတ်ခြင်း​သပိတ်ပင်” တို့​ပြင်ဆင်​ပေး​သော အားဖြည့်ပေး​သည့်​ဝိညာဉ်​အစာ​မှ အာဟာရ ရရှိ​ကြသည်။—ဟေရှာယ ၆၁:၃

“ငါ​၏​လူ​တို့​အသက်သည် သစ်ပင်​၏​အသက်​ကဲ့သို့​ဖြစ် ... ကြလိမ့်မည်” ဟူသော ဟေရှာယ ၆၅:၂၂ ပါ​ကတိတော်​ပြည့်စုံ​လာ​ခြင်း​ကို ဘုရားသခင့်​ကျေးကျွန်​အားလုံး တွေ့ကြုံ​ခံစား​ရဖို့ အခွင့်အလမ်း​ရှိသည့်​အတွက် ပီတိ​ဖြစ်စရာ​ပင်။

[Picture Credit Line on page 28]

Godo-Foto