မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကိုယ်တော်သည် တောင်တို့ထက် ဘုန်းသာ၍ကြီးမြတ်ပေ၏’

‘ကိုယ်တော်သည် တောင်တို့ထက် ဘုန်းသာ၍ကြီးမြတ်ပေ၏’

ယေဟောဝါ​၏ ဖန်ဆင်း​ခြင်း​လက်ရာ ခံ့ညား​ထည်ဝါမှု

‘ကိုယ်တော်​သည် တောင်​တို့​ထက် ဘုန်း​သာ၍​ကြီးမြတ်​ပေ​၏’

ဖူဂျီတောင်​ထိပ်​မှ နေ​ဝန်း​ပြူ​လာပုံ​ကို ရှုစား​ရခြင်း​သည် မမေ့နိုင်​ဖွယ်​အတွေ့အကြုံ​တစ်ခု​ပင်။ ရဲ​ရဲ​တောက်​နေ​ဝန်း​သည် မိုးကုပ်​စက်​ဝိုင်း​အစ​ပ်​တွင် ဘွား​က​နဲ​ပေါ်ထွက်​လာ​ကာ ငွေ​နှင်း​ဖြူ​နှင့် ခဲရောင်​ချော်ကျောက်​တို့ကို အလင်းရောင်​ထိုး​ပေး​လိုက်​လေ​သည်။ နေ့သစ်​တစ်ခု​စ​လိုက်​သည်​နှင့်​အမျှ မိုင်​နှင့်​ချီ​၍​ဝေး​သော တောင်ကုန်း​နှင့် တောင်ကြား​ချိုင့်ဝှမ်း​တို့​အထိ ထင်း​နေသော ဤ​တောင်​၏​အရိပ် မိုး​သွားလေသည်။

“အတုမရှိ” ဟု​အဓိပ္ပာယ်​ရှိသော ဖူဂျီတောင်​ကဲ့သို့​ပင် ခံ့ညား​လှ​သော​တောင်​များ​တို့သည် ကျွန်ုပ်​တို့ကို အစဉ်​အံ့သြ​မိန်းမော​စေပါ​သည်။ အမှန်​မှာ ၎င်းတို့၏​ဧရာမ​အရွယ်အစား​ကြောင့် ကျွန်ုပ်​တို့​မာန်စွယ်​ကျိုး​နိုင်​သည်! တောင်​များ​၏ ခံ့ညား​ထည်ဝါမှု​ကြောင့် မြူ​နှင့် မိုး​သား​တိမ်​တိုက်​တို့ ဖုံးလွှမ်း​နေလေ့​ရှိသော တောင်ထိပ်​များသည် နတ်​ဘုရား​တို့ စံ​ပျော်​ရာ​အရပ်​များ​ဖြစ်သည်ဟု လူအများ​ယုံကြည်​ကြ​လေ​သည်။

တောင်ထိပ်​များ​၏ ချီးမွမ်း​ဂုဏ်တင်​ခြင်း​ခံရ​ပြီး စစ်မှန်​၍ တစ်ဆူတည်း​ဖြစ်သော ဘုရားသခင်​မှာ ၎င်းတို့ကို ဖန်ဆင်း​တော်​မူ​ရှင် ယေဟောဝါ​ဖြစ်သည်။ ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် “တောင်​များ​ကို​ပြုပြင်” သူ​ဖြစ်၏။ (အာမုတ် ၄:၁၃သမ္မာ) ကမ္ဘာ့​မြေမျက်နှာပြင် လေး​ပုံ​တစ်​ပုံ​နီးပါး​မှာ တောင်​ထူထပ်​သော​အရပ်​များ​ဖြစ်သည်၊ ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်​ကို ဖန်ဆင်း​စဉ်​အခါ အံ့မခန်းဖွယ်​တောင်ထိပ်​များနှင့် တောင်တန်း​များ​ဖြစ်ပေါ်​စေနိုင်​သော စွမ်းအား​များ​ကို ကိုယ်တော်​နေရာချ​ထားပြီး​ဖြစ်သည်။ (ဆာလံ ၉၅:၄) ဥပမာ၊ ကမ္ဘာ့​မြေအောက် အတွင်း​နက်​နက်​တစ်​နေရာ​မှ ဧရာမ​ပင့်​ကြွ​လှုပ်ရှားမှု​ကြောင့်​လည်းကောင်း၊ ကမ္ဘာ့​အပေါ်ယံ​ကျောက်လွှာထု​ကြီး​၏ ပြတ်ရွေ့ကြောင်း​များ​တစ်လျှောက် ရွေ့လျား​မှု​ကြောင့်​လည်းကောင်း ဟိ​မ​ဝန္တာ​နှင့် အင်ဒီးစ်​တောင်တန်း​ကြီး​များ ဖြစ်ပေါ်​လာ​ခြင်း​ဖြစ်သည်ဟု ယုံကြည်​ထား​ကြသည်။

တောင်​များ မည်သို့​ဖြစ်တည်​လာ​ကြောင်း၊ အဘယ်ကြောင့်​ဖြစ်တည်​လာ​ကြောင်းကို ကျွန်ုပ်​တို့ အပြည့်အဝ​နားမလည်​ကြ​ပါ။ အမှန်​မှာ ဖြောင့်မတ်​သူ​ယောဘ​အား မေးခဲ့​သော ဤ​မေးခွန်းများကို ကျွန်ုပ်​တို့​မဖြေနိုင်​ကြ​ပါ– “မြေကြီး​အမြစ်​ကို ငါ [ယေဟောဝါ] တည်​သောအခါ သင်သည် အဘယ်​မှာ​ရှိ​သနည်း။ ... မြေကြီး​တိုက်မြစ်​ကို အဘယ်​အရပ်၌​စွဲ​စေ​သနည်း။”—ယောဘ ၃၈:၄-၆

ကျွန်ုပ်​တို့၏​အသက်သည် တောင်​များ​ပေါ် မှီ​တည်​နေကြောင်း​ကို​မူ ကျွန်ုပ်​တို့​သိ​ကြသည်။ ၎င်းတို့ကို သဘာဝ​ရေစင်​များ​ဟူ၍လည်း ခေါ်​သည်၊ အကြောင်း​မှာ အဓိက​မြစ်​ကြီး​အားလုံး​သည် တောင်​များ​တွင် မြစ်ဖျားခံ​ပြီး ကမ္ဘာ​သား​ထက်ဝက်​မှာ ရေ​ရရှိဖို့ တောင်​များ​ကို​မှီခို​နေရ​သည်။ (ဆာလံ ၁၀၄:၁၃) န​ယူး​ဆိုင်း​ယင်း​တစ် မဂ္ဂဇင်း​အရ “ကမ္ဘာ့​အဓိက​စား​နပ်​ရိက္ခာ​ပင် ၂၀ မျိုး​ထဲ​မှ ခြောက်​မျိုးမှာ တောင်တန်း​များ​၌ ပေါက်ရောက်​သော​အပင်များ​ဖြစ်သည်။” ဘုရားသခင်​ကတိထားရာ ကမ္ဘာသစ်​တွင် ဂေဟစနစ် မျှတသော ပတ်ဝန်းကျင်​အခြေအနေ​များ​အောက် “ပြည်တော်​၌ များစွာသော​စပါး​ရှိ၍ အသီးအနှံ​သည် လေဗနုန်​တော​ကဲ့သို့ တောင်ထိပ်​ပေါ်မှာ​လှုပ်ရှား​လိမ့်​မည်။”—ဆာလံ ၇၂:၁၆; ၂ ပေတရု ၃:၁၃

တောင်​များ​အကြောင်း​ပြောလိုက်​သည်​နှင့် လူအများသည် ဥရောပတိုက်​ရှိ အဲ့လ်ပ်​တောင်တန်း​များ​ကို ပြေးမြင်​မိ​သည်။ ဤ​တွင်​ဖော်ပြ​ထားသော စီ​ဗက်​တာ​တောင်​အပါအဝင် ၎င်း​တောင်ထိပ်​များသည် ဖန်ဆင်း​ရှင်​ရှိကြောင်း သက်သေထူ​သည်။ (ဆာလံ ၉၈:၈) ၎င်းတို့သည် “တန်ခိုးတော်​အားဖြင့် တောင်​များ​ကို​တည်​တော်​မူ” သော​အရှင်၊ ယေဟောဝါ​ကို ချီးမွမ်း​ဂုဏ်တင်​ကြ​၏။—ဆာလံ ၆၅:၆သမ္မာ။ *

ရေခဲ​နေသော​တောင်​ထွ​တ်​များနှင့် တောင်ရိုး​များ၊ နှင်းဖုံး​လွှမ်း​နေသော​တောင်စောင်း​များ၊ ၎င်းတို့၏ ချိုင့်ဝှမ်း​များ၊ အိုင်​များနှင့် မြက်ခင်းပြင်​များ​ရှိသော အဲ့လ်ပ်​တောင်တန်း​များ​၏ ခံ့ညား​ထည်ဝါမှု​သည် အမှန်​အံ့မခန်းဖွယ်​ဖြစ်သည်။ ယေဟောဝါ​ကို “တောင်​များ​ပေါ်မှာ မြက်​ပင်ကို​ပေါက်​စေ” သော​အရှင်​ဟု ဒါဝိဒ်​မင်း​ဖော်ပြ​ခဲ့​သည်။—ဆာလံ ၁၄၇:၈

တရုတ်​ပြည်၊ ကွေ့​လင်​မြို့ရှိ ဤ​တောင်ကုန်း​များ​ကဲ့သို့​သော တောင်​စဉ်​တောင်တန်း​များသည် အဲ့လ်ပ်​တောင်တန်း​များ​လောက် ခံ့ညား​ထည်ဝါမှု​မရှိ​ပုံ​ရ​သော်လည်း အလှ​ထူး​ကြသည်။ လီ​မြစ်​ကြော​တစ်လျှောက် အနှံ့အပြား​တွင် ထိုး​ထွက်​နေသော ထုံး​ကျောက်​တောင်​ထွ​တ်​များ​၏ အလှအပ​က ဧည့်သည်​များ​ကို စွဲမှတ်စေ​သည်။ ဆီးနှင်း​ဖုံးလွှမ်း​နေသော ဤ​တောင်ကုန်း​များ​မှ စီးဆင်းလာ​သည့် ကြည်လင်​သော​ရေ​ကို တွေ့မြင်​ရခြင်း​က “[ယေဟောဝါ] သည် ချိုင့်​များ​ထဲ​သို့ စမ်းရေ​ကို​လွှတ်တော်​မူ​၍ ရေ​သည်​တောင်​တို့​တွင်​စီး ... ၏” ဟူသော ဆာလံဆရာ​၏​စကား​များ​ကို သတိ​ရစေ​ပေမည်။—ဆာလံ ၁၀၄:၁၀

လူ​တို့ကို ကောင်းကျိုး​ပြုပြီး ပျော်ရွှင်​စေရန် ဖန်ဆင်း​ရှင်​၏​မေတ္တာပါ​သော ပြင်ဆင်​ပေး​ချက်​တစ်ခု​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိထား​သောကြောင့် တောင်​များ​ကို ကျွန်ုပ်​တို့ အမှန်ပင်​အထင်ကြီး​စွဲမှတ်​ကြ​ပါ​သည်။ တောင်​များသည် မည်မျှ​ပင် အံ့ဖွယ်ကောင်း​သော်လည်း ယေဟောဝါ​၏​ဘုန်း​တန်ခိုး​ကြီးမြတ်မှု​နှင့် မယှဉ်နိုင်​ပါ။ ကိုယ်တော်​သည် အမှန်ပင် “တောင်​တို့​ထက် ဘုန်း​သာ၍​ကြီးမြတ်​ပေ​၏။”—ဆာလံ ၇၆:၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​များ​၏ ၂၀၀၄ ပြက္ခဒိန် မတ်/ဧပြီလ​ကို​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ကမ္ဘာ့​လူဦးရေ ဆယ်​ရာခိုင်နှုန်း​သည် တောင်တန်း​ဒေသ​များ​၌ နေထိုင်ကြ​သည်။ သို့သော် ယင်းသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ကြေညာ​နေ​သူများ​အတွက် မ​ကျော်လွှား​နိုင်သော အတားအဆီး​တစ်ခု​မဟုတ်ပါ။ ဤ​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များသည် မြင့်မားသော​အရပ်ဒေသ​များ​၌ အလွန်​အလုပ်များ​နေကြ​သည်။ “ငြိမ်သက်ခြင်း​၏​ဝမ်းမြောက်စရာ​သတင်းကို ကြား​ပြော​သော​သူ၊ ကယ်တင်ခြင်း​ကောင်းကျိုး​ချမ်းသာ​၏ ဝမ်းမြောက်စရာ​သတင်းကို​ကြား​ပြော​သော​သူ၊ သင်၏​ဘုရားသခင်​စိုးစံ​တော်​မူ​၏​ဟု ဇိအုန်​မြို့​အား​ပြော​သော​သူ၏​ခြေ​တို့သည် တောင်ပေါ်​မှာ အလွန်​တင့်တယ်လှ​စွ​တကား။”—ဟေရှာယ ၅၂:၇

‘မြင့်သော​တောင်​တို့သည် တောင်ဆိတ်​များ​မှီခို​ရာ ဖြစ်​ကြ​၏’ ဟု​ဆာလံဆရာ​သီဆို​ခဲ့​သည်။ (ဆာလံ ၁၀၄:၁၈) တောင်ပေါ်​နေထိုင်​သော သတ္တဝါများ​အနက် ခြေ​အမြဲဆုံး​သတ္တဝါ​တစ်မျိုး​မှာ ခံ့ညား​သော ဦးချို​ရှိ နူဗီယန်​တောင်ဆိတ်​ကဲ့သို့​သော တောင်ဆိတ်​များ​ဖြစ်သည်။ ၎င်းတို့သည် ဖြတ်သန်း​သွားလာ​ရန် မဖြစ်​နိုင်​ပုံ​ရှိသော အလွန်​ကျဉ်း​မြောင်း​သည့် တောင်​စွန်း​များ​တစ်လျှောက် ဖြတ်လျှောက်​ရဲ​ကြသည်။ ဤ​တောင်ဆိတ်​သည် လူ​သူ​အရောက်​အပေါက်​နည်းသော​အရပ်​များ​တွင် ကျက်စား​နိုင်​ကြသည်။ သို့​ဖြစ်​ရသည့် အကြောင်းရင်း​တစ်ခု​မှာ ၎င်းတို့၏ ခွာ​များ​တည်ဆောက်​ပုံ​ကြောင့်​ဖြစ်သည်။ ခွာ​ကြား​သည် ဆိတ်​၏​ကိုယ်​အလေးချိန်​ပေါ်​မူတည်ပြီး ကျယ်​လာနိုင်​သဖြင့် ကျဉ်း​မြောင်း​သည့် ကျောက်ဆောင်​စွန်း​များ​ပေါ်​တွင် ရပ်နေ​သည့်​အခါ သို့​မဟုတ် သွားလာ​လှုပ်ရှား​သည့်​အခါ ခြေကုပ်​ခိုင်မြဲ​စေပါ​သည်။ ဤ​တောင်ဆိတ်​သည် အလွန်​လက်ရာမြောက်​သော ဒီဇိုင်း​တစ်ခု​ဖြစ်သည်​မှာ ဧကန်​အမှန်ပင်!

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဂျပန်​နိုင်ငံ၊ ဟွန်​ရှူး​ကျွန်း​ရှိ ဖူဂျီတောင်