မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ထွက်မြောက်ရာ​၄:၂၄-၂၆မှ​ဖြစ်ရပ်​တွင်​အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း၊ မည်သူ​အသက်​အန္တရာယ်​ကြုံ​ခဲ့​ရသနည်း။

မောရှေ​သည် သူ၏​ဇနီး​ဇိပေါရ၊ သား​နှစ်ဦး​ဖြစ်သော ဂေ​ရ​ရှုံ၊ ဧ​လျေ​ဇာ​တို့​နှင့်အတူ အီဂျစ်​ပြည်​သို့ အသွား​လမ်း​တွင် အောက်ပါ​ဖြစ်ရပ်​ဖြစ်ပျက်​ခဲ့​သည်– ‘ခရီး​သွားစဉ်​တွင် စခန်း​၌ ယေဟောဝါ​သည် သူ့ကို​တွေ့​၍ ကွပ်မျက်ခြင်း​ငှာ​ရှာကြံ​တော်​မူ​၏။ ထို​အခါ ဇိပေါရ​သည်​ကျောက်​ဓားကို​ယူ၍ သား​၏​အရေဖျား​ကို​လှီးဖြတ်​ပြီး​မှ ၎င်းနှင့် သူ၏​ခြေ​ကို​တို့​လျက် သင်သည်​ကျွန်မ​၌ အသွေး​နှင့်ယှဉ်သော​လင်​ဖြစ်သည်ဟု​ဆို​၏။ ထို​အခါ ထို​သူသည် သူ့​အား​လွှတ်လိုက်​လေ​သည်။ မယား​က​လည်း အရေဖျားလှီး​မင်္ဂလာ​ကြောင့် သင်သည်​ကျွန်မ​၌ အသွေး​နှင့်ယှဉ်သော​လင်​ဖြစ်၏​ဟု​ဆို​သတည်း။’ (ထွက်မြောက်ရာ ၄:၂၀၊ ၂၄-၂၆က​ဘ) ဤ​ကျမ်းပိုဒ်​သည် မရှင်းမလင်း​ဖြစ်​နေ၍ အတိအကျ​အဓိပ္ပာယ်​မ​ဖွင့်​နိုင်​သော်လည်း သမ္မာကျမ်းစာ​က ၎င်း​အခန်းငယ်​များ​ကို အနည်းငယ်​အလင်းဖြာ​ပေး​ပါ​သည်။

မည်သူသည် အသက်​အန္တရာယ်​ကြုံတွေ့​နေရ​ကြောင်း မှတ်တမ်းက တပ်အပ်​မဖော်ပြပါ။ သို့သော် မောရှေ​မဟုတ်​ဟု ကျွန်ုပ်​တို့ ကျိုးကြောင်း​ဆီလျော်​စွာ ကောက်ချက်​ချ​နိုင်​ပါ​သည်၊ အကြောင်း​မှာ ဣသရေလ​လူမျိုး​ကို အီဂျစ်​ပြည်​မှ နုတ်ဆောင်​ရန် သူ့ကို ဘုရားသခင်​တာဝန်​ပေး​ပြီး​ခါ​စ​အချိန်​ဖြစ်သည်။ (ထွက်မြောက်ရာ ၃:၁၀) ထို​တာဝန်​ကို ထမ်းဆောင်​ဖို့ အသွား​လမ်း​တွင် ဘုရားသခင့်​ကောင်းကင်တမန်​သည် မောရှေ​ကို အသက်​အန္တရာယ်​ပြု​ဖို့ အကြောင်း​မရှိ​ချေ။ သို့​ဖြစ်၍ သူ၏​သား​တစ်ဦး အသက်​အန္တရာယ်​ကြုံရခြင်း​ဖြစ်​မည်။ အစောပိုင်း​တွင် အရေဖျားလှီး​ခြင်း​နှင့်​ပတ်သက်​၍ အာဗြဟံ​ကို​ပေး​ခဲ့​သော​ပညတ်​က ဤသို့​ဆို​၏– “အရေဖျား​မ​လှီး၊ အရေဖျားလှီး​မင်္ဂလာ​ကို​မခံ​သော​သား​ယောက်ျား​ကို သူ၏​အမျိုး​မှ​ပယ်ရှင်း​ရ၏။ ထို​သူသည် ငါ့​ပဋိညာဉ်​ကို​ဖျက်​လေ​ပြီ။” (ကမ္ဘာဦး ၁၇:၁၄) မောရှေ​သည် သူ၏​သားကို အရေဖျားလှီး​ပေး​ဖို့ ပျက်ကွက်​ခဲ့​ပုံ​ရ​သဖြင့် ယေဟောဝါ​၏​ကောင်းကင်တမန်​ကြောင့် ကလေး​အသက်​အန္တရာယ်​ကြုံ​ခဲ့​ရသည်။

ဇိပေါရ​သည် ကိစ္စရပ်​ကို​ဖြေရှင်းဖို့ သား​၏​အရေဖျား​ကို လှီး​ယူပြီး​နောက် မည်သူ​၏​ခြေ​ကို တို့​ခဲ့​သနည်း။ အရေဖျားလှီး​ခြင်း​မခံ​သော သား​ယောက်ျား​ကို သတ်ပစ်ဖို့ အစွမ်း​တန်ခိုး​ရရှိ​ထား​သည့် ယေဟောဝါ​၏​ကောင်းကင်တမန်​ကို ဖြစ်သည်။ သို့​ဖြစ်၍ ပဋိညာဉ်​ကို​လိုက်နာ​ကြောင်း အထောက်အထား​ပြ​သည့်​အနေ​နှင့် ဇိပေါရ​သည် အရေဖျား​ကို​ယူ၍ ကောင်းကင်တမန်​၏​ခြေ​ကို တို့​လိုက်ခြင်း​သည် ကျိုးကြောင်း​ဆီလျော်​ပါ​သည်။

“သင်သည် ကျွန်မ​၌ အသွေး​နှင့်ယှဉ်သော​လင်​ဖြစ်သည်” ဟူသော ဇိပေါရ​၏​အသုံးအနှုန်း​က တစ်မူထူး​၏။ ယင်းက သူနှင့်​ပတ်သက်​၍ အဘယ်အရာ​ဖော်ပြ​သနည်း။ အရေဖျားလှီး​ခြင်း​ပဋိညာဉ်​၏ တောင်းဆိုချက်​များ​ကို လိုက်နာခြင်း​ဖြင့် ဇိပေါရ​သည် ယေဟောဝါ​နှင့် ပဋိညာဉ်​ဆိုင်ရာ​ဆက်ဆံ​ရေး​ရှိကြောင်း အသိအမှတ်ပြု​ခဲ့​သည်။ ပဋိညာဉ်​ဆိုင်ရာ​ဆက်ဆံ​ရေး​တွင် ယေဟောဝါ​ကို လင်ယောက်ျား​အဖြစ် အခြား​တစ်ဖက်​ကို ဇနီး​အဖြစ် သဘောထား​နိုင်​ကြောင်း နောက်ပိုင်း​တွင် ဣသရေလ​လူမျိုး​နှင့်​ဖွဲ့​ခဲ့​သော ပညတ်ပဋိညာဉ်​က​ဖော်ပြ​သည်။ (ယေရမိ ၃၁:၃၂) ထို့​ကြောင့် (ကိုယ်စားလှယ်​ကောင်းကင်တမန်​မှ​တစ်ဆင့်) ယေဟောဝါ​ကို “အသွေး​နှင့်ယှဉ်သော​လင်” ဟု​ခေါ်ဆို​ရာ​၌ ဇိပေါရ​သည် ထို​ပဋိညာဉ်​၏​စည်းကမ်း​ကို မိမိ​ကိုယ်တိုင် လက်အောက်ခံ​လိုက်နာ​ကြောင်း ဝန်ခံခြင်း​ဖြစ်​ဟန်​ရှိသည်။ အရေဖျားလှီး​ပဋိညာဉ်​တွင် မိမိသည် ဇနီးသည်​အလား​ဖြစ်​ပြီး ယေဟောဝါ​ဘုရားသခင်​ကို ခင်ပွန်း​အလား လက်ခံ​လိုက်​သည့်​သဘော​ဖြစ်သည်။ မည်သို့​ပင်​ဖြစ်စေ ဘုရားသခင့်​တောင်းဆိုချက်​ကို နာခံ​ကြောင်း ပြတ်ပြတ်သားသား​လုပ်ဆောင်မှု​ကြောင့် သူ၏​သား အသက်​အန္တရာယ်​မရှိတော့​ချေ။