မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖိနှိပ်ချုပ်ချယ်မှုထမ်းပိုးကို ဧဟုဒ ချိုးဖျက်

ဖိနှိပ်ချုပ်ချယ်မှုထမ်းပိုးကို ဧဟုဒ ချိုးဖျက်

ဖိနှိပ်​ချုပ်ချယ်​မှု​ထမ်းပိုး​ကို ဧ​ဟု​ဒ ချိုးဖျက်

ဤ​ကား ရဲစွမ်းသတ္တိနှင့် ဉာဏ်ဆင်မှု​ဆိုင်ရာ ဖြစ်ရပ်မှန်​ဇာတ်လမ်း​တစ်ပုဒ်​ဖြစ်သည်။ လွန်ခဲ့သော​အနှစ် ၃,၀၀၀ ခန့်​က ဖြစ်ပျက်​ခဲ့​ပါ​သည်။ ကျမ်းစာ​မှတ်တမ်းက ဤသို့​အစပြု​သည်– “တစ်ဖန် ဣသရေလ​အမျိုး​သည် ထာဝရ​ဘုရား​ရှေ့တော်၌ [မကောင်းမှု] ကို​ပြုသော​ကြောင့် မောဘ​ရှင်ဘုရင်​ဧဂလုန်​ကို ဣသရေလ​အမျိုး​တစ်ဖက်၌ ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​၏။ ထို​မင်း​သည် အမ္မုန်​အမျိုးသား၊ အာမလက်​အမျိုးသား​တို့ကို စုဝေး​စေ​လျက်​ချီ​သွား​၍ ဣသရေလလူ​တို့ကို​လုပ်ကြံ​ပြီး​မှ စွန်ပလွံ​မြို့ကို​သိမ်းယူ​သဖြင့်၊ ဣသရေလ​အမျိုးသား​တို့သည် တစ်ဆယ့်​ရှစ်နှစ်​ပတ်လုံး မောဘ​ရှင်ဘုရင်​ဧဂလုန်​မင်း​ထံ​၌ ကျွန်ခံ​ရ​ကြ​၏။”—တရားသူကြီး ၃:၁၂-၁၄

မောဘ​လူမျိုး​တို့၏​နယ်မြေ​သည် ယော်ဒန်​မြစ်နှင့် ပင်လယ်သေ​တို့၏ အရှေ့ဘက်တွင် တည်ရှိ​သည်။ သို့​တိုင် မောဘ​လူမျိုး​တို့သည် မြစ်ကို​ဖြတ်​ပြီး “စွန်ပလွံ​မြို့” တည်း​ဟူသော ယေရိခေါမြို့​အနီးတစ်ဝိုက်​နယ်မြေ​ကို သိမ်းပိုက်ခြင်း​ဖြင့် ဣသရေလ​လူမျိုး​ကို ကျွန်​ပြု​ခဲ့​သည်။ (တရားဟောရာ ၃၄:၃) “အလွန်​ဝ​သော” မောဘ​ရှင်ဘုရင် ဧဂလုန်​သည် ဣသရေလလူ​မျိုး​များ​ထံ​မှ ဆက်ကြေး​များ​ကို အနှစ်​နှစ်​ဆယ်​နီးပါး ခြိမ်းခြောက်​တောင်းယူ​သဖြင့် လူမျိုးတော်​မှာ ဝန်ပိ​ပြီး ချိုးနှိမ်​ခံ​ခဲ့​ရသည်။ (တရားသူကြီး ၃:၁၇) သို့သော် ဆက်ကြေး​ကို သူ​မရ​မ​က​တောင်းဆိုခြင်း​ကြောင့်​ပင် ဤ​မင်းဆိုး​မင်း​ညစ်​ကို သုတ်သင်ပစ်​ရန် အကြောင်း​ပေါ်​စေ​ခဲ့​သည်။

မှတ်တမ်းက ဤသို့​ဆို​၏– “နောက်​တစ်ဖန် ထာဝရ​ဘုရား​ကို အော်ဟစ်​သောအခါ၊ ကယ်တင်​သော​သခင်၊ လက်ယာလက်​ကို မ​သုံး​တတ်သော ဗင်ယာမိန်​အမျိုး၊ ဂေရသား​ဧ​ဟု​ဒ​ကို​ပေါ်ထွန်း​စေတော်မူ​၏။ သူ့​လက်​တွင် ဣသရေလလူ​တို့သည် လက်ဆောင်​ကို မောဘ​ရှင်ဘုရင်​ဧဂလုန်​ထံ​သို့​ပေး​လိုက်​ကြ​၏။” (တရားသူကြီး ၃:၁၅) ဆက်ကြေး​ကို ပေးဆက်​ရန် ဧ​ဟု​ဒ​ကို​ရွေးချယ်​ကြောင်း သေချာ​စေဖို့ ယေဟောဝါ​စီစဉ်​ခဲ့​ရ​ပေမည်။ ထို​တာဝန်​ကို သူ​ယခင်​က ထမ်းဆောင်​ခဲ့​ဖူး​ခြင်း​ရှိမရှိ​ကို မဖော်​ပြ​ထား​ပါ။ သို့ရာတွင် ဘုရင်​နှင့်​တွေ့ဆုံ​ရန် အသေအချာ​ပြင်ဆင်​ထား​ပုံ​နှင့် သူ​အသုံးပြု​ခဲ့​သော​နည်း​ဗျူဟာ​များ​က သူသည် ဧဂလုန်​၏​နန်းတော်​သာမက နန်းတော်​၌​သူ​ကြုံတွေ့​နိုင်ရာ​များ​ကို​ပါ အတော်အတန်​အကျွမ်းတဝင်​ရှိကြောင်း သိရှိ​စေပါ​သည်။ ဤ​အရာများ​အပြင် သူ​ဘယ်​သန်​ဖြစ်နေ​ခြင်း​က​လည်း အရေးပါသည့်​အချက်​ဖြစ်၏။

မသန်မစွမ်း​သူ​တစ်ဦး​လော၊ စစ်သူကြီး​တစ်ဦး​လော

“ဘယ်​သန်” ဟူသော​စကားလုံး​သည် စာသား​အရ ‘ညာလက် ကပ်​နေသည်၊ ဆွံ့​နေသည် သို့​မဟုတ် တု​ပ်​စည်း​နေသည်’ ဟု​အဓိပ္ပာယ်​ရှိသည်။ ယင်းက ဧ​ဟု​ဒ​သည် ညာလက်​ချို့ယွင်း​နေသော မသန်မစွမ်း​သူ​ဖြစ်သည်ဟု ဆိုလို​ပါသလော။ ဗင်ယာမိန်​အမျိုးအနွယ်​မှ ဘယ်​သန် “ယောက်ျား​ကောင်း​ခု​နစ်​ရာ” အကြောင်း သမ္မာကျမ်းစာ အဘယ်​သို့​ဆို​သည်ကို သုံးသပ်ကြည့်​ပါ။ “ထို​လူအပေါင်း​တို့ [သည်] ... ဆံ​ခြည်​တစ်ပင်​ကို လောက်​လွှဲ​နှင့်​မှန်​အောင်​ပစ်​နိုင်” ကြ​၏​ဟု တရားသူကြီး ၂၀:၁၆ က​ဖော်ပြ​သည်။ တိုက်ပွဲ​တွင် သူတို့၏ ပြောင်မြောက်​သော​စွမ်းရည်​ကြောင့် ရွေးချယ်ခံ​ရခြင်း​ဖြစ်​နိုင်​သည်။ ကျမ်း​ပညာရှင်​အချို့​အရ ‘ဘယ်​သန်’ သည် “လက်ဝဲလက်​ကော လက်ယာလက်​ပါ​အသုံးပြုသူ” ကို ဆိုလို​သည်၊ တစ်နည်း​အားဖြင့် ဘယ်သန်ညာသန် ဖြစ်၏။—တရားသူကြီး ၃:၁၅ဒူးဝေး​ဘာသာပြန်​ကျမ်း။

အမှန်​မှာ ဗင်ယာမိန်​အမျိုး​သည် ဘယ်​သန်​အမျိုးသားများ​ဖြင့် ထင်ပေါ်​ကျော်ကြား​ခဲ့​၏။ ရာဇဝင်ချုပ်​ပထမ​စာစောင် ၁၂:၁၊ ၂ (သမ္မာ) က “စစ်ကူ​ဝင်လာ​သော​သူ၊ လေးလက်​နက်​ကို​ဆောင်​၍ လက်ယာလက်၊ လက်ဝဲလက်​မရွေး၊ ခဲ​နှင့်​မြား​ကို​ပစ်​တတ်သော သူရဲကောင်း” ဗင်ယာမိန်​အမျိုး​အကြောင်း ပြောပြ​သည်။ “ကလေးငယ်​များ​၏ ညာဘက်​လက်မောင်း​များ​ကို ချည်နှောင်—‘သူ၏​ညာလက်​ကို​ချည်နှောင်​ထား’—ပြီး ဘယ်ဘက်​လက်​ကျွမ်းကျင်​ရန် လေ့ကျင့်​ပေးခြင်း​ဖြင့် ဤ​စွမ်းရည်​ရရှိ​လာနိုင်​သည်” ဟု စာအုပ်​တစ်အုပ်​က​ဆို​၏။ ဣသရေလ​လူမျိုး၏​ရန်သူများ​သည် ပုံမှန်​အားဖြင့် ညာ​သန်​စစ်သည်​များ​ဖြစ်​ဖို့ လေ့ကျင့်​ခံရ​ပေမည်။ ထို့​ကြောင့် ရန်သူ​တစ်ဦး​သည် မမျှော်လင့်​ဘဲ ဘယ်​သန်​စစ်သည်​တစ်ဦး​နှင့် ဆုံတွေ့​မည်​ဆိုလျှင် သူ​လေ့ကျင့်​ထား​သမျှ အချည်းနှီး​ဖြစ်သွား​နိုင်​သည်။

ရှင်ဘုရင်​အတွက် “တိတ်ဆိတ်​စွာ​လျှောက်​စ​ရာ​အကြောင်း”

ဧ​ဟု​ဒ​၏​ပထမ​ခြေလှမ်း​မှာ ‘သူ့​အတွက် သံ​လျက်​တစ်ချောင်း’ ကို​အသင့်ပြင်​ခဲ့​သည်၊ သူ၏​ဝတ်လုံ​လောက်​တွင် ဝှက်ထား​နိုင်​မည့် အသွား​နှစ်ဖက်​ရှိ ဓား​တို​တစ်လက်​ဖြစ်သည်။ သူ့မှာ လက်နက်​ပါ​မပါ ရှာဖွေ​ခံရ​နိုင်​သည်။ ညာ​သန်​များသည် လက်နက်များ​ကို ချက်ချင်း​ဆွဲ​ယူ​အသုံးပြုနိုင်​သည့် ဘယ်ဘက်​တွင် တပ်ဆင်​လေ့​ရှိသည်။ ဧ​ဟု​ဒ​သည် ဘယ်​သန်​ဖြစ်​ခြင်း​ကြောင့် သူ၏​လက်နက်ကို ဘုရင်​၏​အစောင့်အကြပ်​များ ရှာဖွေ​ဖို့​အကြောင်း​နည်း​သည့် “လက်ယာ​ပေါင်​အဝတ်​တွင်း​၌” ဝှက်ထား​ခဲ့​သည်။ ထို့​ကြောင့် အတားအဆီး​မရှိဘဲ “မောဘ​ရှင်ဘုရင်​ဧဂလုန်​ထံ​သို့ လက်ဆောင်​ကို​ဆောင်​ခဲ့​လေ​၏။”—တရားသူကြီး ၃:၁၆၊ ၁၇

ဧဂလုန်​၏​နန်းတော်​တွင်း ဝင်ရောက်​ခါ​စ​တွင် ဖြစ်ပျက်​ခဲ့​ရာ​များ​ကို ဖော်ပြ​မထား​ပါ။ သမ္မာကျမ်းစာ​က “ဧ​ဟု​ဒ​သည် လက်ဆောင်​ကို​ဆက်​ပြီး​လျှင် လက်ဆောင်​ကို​ထမ်း​သော​သူတို့ကို​လွှတ်လိုက်” သည်​ဟု​သာ ရိုးရိုးရှင်းရှင်း​ဖော်ပြ​ထား​သည်။ (တရားသူကြီး ၃:၁၈) ဆက်ကြေး​ကို ပေးဆက်​ပြီး​နောက် ဧ​ဟု​ဒ​သည် ဧဂလုန်​၏​နန်းတော်​မှ လုံခြုံ​သော​အကွာအဝေး​နေရာသို့ ဆက်ကြေး​ထမ်း​သူများ​နှင့်အတူ​ပြန်လာ​ကာ သူတို့ကို​လွှတ်လိုက်​ပြီး​နောက် နန်းတော်​သို့ ပြန်သွား​လေ​သည်။ အဘယ်ကြောင့် ဤ​သူများ​ပါ​လာ​သနည်း။ သူ့​အား အကာအကွယ်​ပေး​ရန် သူတို့အား အတူ​ရှိနေ​စေခြင်း​လော၊ သို့​မဟုတ် သံ​ခင်း​တမန်​ခင်း​တွင် လိုက်နာ​အပ်သော လုပ်ထုံး​လုပ်​နည်း​ဖြစ်သော​ကြောင့်​လော သို့​မဟုတ် သူတို့သည် ဆက်ကြေး​အ​ထမ်း​သ​မား​သက်​သက်​ဖြစ်​ကြ​သလော။ ထို့​အပြင် သူ၏​အကြံအစည်​ကို အကောင်အထည်​မဖော်​မီ သူတို့ကို ဘေးကင်း​လုံခြုံ​ရာ​သို့ ရောက်​စေလို၍​လော။ သူ​မည်သို့​စဉ်းစား​တွေးတော​ခဲ့​သည်​ဖြစ်စေ ဧ​ဟု​ဒ​သည် ရဲစွမ်းသတ္တိ​ဖြင့် တစ်ကိုယ်တည်း ပြန်​လှည့်လာ​သည်။

“[ဧ​ဟု​ဒ​သည်] ဂိလဂါလ​မြို့​နား​၌​ရှိသော ကျောက်တိုင်​တို့​မှ ကိုယ်တိုင်​ပြန်​လာ၍ ဘုရား​ကျွန်တော်​သည် တိတ်ဆိတ်​စွာ​လျှောက်​စ​ရာ​အကြောင်း​ရှိပါ​သည် အရှင်​မင်းမြတ်​ဟု​ဆို ... ၏။” ဧဂလုန်​ရှေ့မှောက် သူ​မည်သို့​ပြန်ဝင်​ရောက်​နိုင်​ခဲ့​ကြောင်း သမ္မာကျမ်းစာ​က မရှင်းပြ​ပါ။ အစောင့်အကြပ်​များ သံသယ​မဖြစ်ခဲ့​ကြ​ပေ​လော။ ဣသရေလလူ​တစ်ဦးတည်း ရှေ့တော်​ဝင်ရောက်ခြင်း​က မိမိတို့​အရှင်သခင်​အတွက် အန္တရာယ်​မရှိ​ဟု သူတို့​ယူဆ​ခဲ့​ကြ​သလော။ ဧ​ဟု​ဒ​တစ်ယောက်တည်း​ပြန်လာ​ခြင်း​က ကိုယ့်​လူမျိုး​ကို ပြန်၍​သစ္စာဖောက်​မည်​ဟု​ထင်မှတ်​စေရန် ဖန်တီး​လိုက်ခြင်း​လော။ မည်သို့​ပင်​ဖြစ်စေ ဧ​ဟု​ဒ​သည် ဘုရင်​နှင့် နှစ်ဦး​ချင်း​တွေ့​ဖို့ ရှာကြံ​ခဲ့​ရာ သူ​အောင်မြင်​ခဲ့​သည်။—တရားသူကြီး ၃:၁၉

မှုတ်သွင်းခံ​မှတ်တမ်းက ဤသို့​ဆက်​ပြော​သည်– “ရှင်ဘုရင်​သည် ကိုယ်တိုင်​တစ်ယောက်တည်း​နေတတ်​သော နွေ​နန်းဆောင်​၌​ထိုင်​နေစဉ် ဧ​ဟု​ဒ​သည်​ချဉ်းကပ်​၍ ကိုယ်တော်​နှင့်​ဆိုင်သော ဘုရားသခင်​၏​အမိန့်တော်​ပါ​ပါ​၏​ဟု​လျှောက် ... လေ​၏။” ဘုရားသခင်​ထံ​မှ သတင်းစကားကို ဧ​ဟု​ဒ​ရည်ညွှန်း​နေခြင်း​မဟုတ်ပါ။ ဧ​ဟု​ဒ​စိတ်ထဲ​ရှိသည်​မှာ သူ၏​ဓားကို​အသုံးပြု​ဖို့​ဖြစ်သည်။ ရှင်ဘုရင်​သည် ခေမုရှ​နတ်​ဘုရားထံ​မှ သတင်း​စကား​ကြား​ရဖို့ မျှော်လင့်​လျက် “ထ​လေ​၏။” ဧ​ဟု​ဒ​သည် သူ၏​ဓားကို လျှပ်​တစ်​ပြ​က်​ဆွဲထုတ်​လိုက်ပြီး ဧဂလုန်​၏​ဝမ်း​ကို ထိုး​စိုက်​လိုက်​သည်။ ဓား​လက်ကိုင်​တွင် အ​ထ​စ်​ပါ​ဟန်​မတူ​ပေ။ ထို့​ကြောင့် “လက်ကိုင်​အရိုး​နှင့်​တကွ​သန်လျက်​မြုပ်​ဝင်၍ ... ဆီ​ဥ​သည်​သန်လျက်​ကို​လွှမ်း​လျက် ချေး​နု​လည်း​ထွက်​လျက်​ရှိ​လေ​၏၊” ဒဏ်ရာ​ရသည့်​နေရာ​မှ​သော်လည်း​ကောင်း၊ ဧဂလုန်​၏​ဝမ်း​မှ အလိုအလျောက် ထွက်​လာ​ခြင်း​သော်လည်း​ကောင်း ဖြစ်​နိုင်​သည်။—တရားသူကြီး ၃:၂၀-၂၂

ချောချောမောမော​လွတ်မြောက်ခြင်း

သူ၏​ဓားကို ပြန်​ဆွဲထုတ်​မနေ​တော့​ဘဲ “ဧ​ဟု​ဒ​သည် အဆောင်​ဦး​သို့​ထွက်​ပြီး​လျှင် အခန်းတံခါး​များ​ကို​ပိတ်​လျက် သော့ခတ်​၍၊ ထွက်သွား​ပြီး​နောက် [ဧဂလုန်​၏] ကျွန်တော်​မျိုး​တို့သည်​လာ၍ အခန်းတံခါး​၌ သော့ခတ်​လျက်​ရှိသည်​ကို​မြင်လျှင် လေ​သာ​ခန်း​တွင် အ​ခင်း​သွား​သည်​ဟု​ဆို” ကြ​၏။—တရားသူကြီး ၃:၂၃၊ ၂၄သမ္မာ။

ဧ​ဟု​ဒ​ထွက်​လာသော “အဆောင်​ဦး” ကား အဘယ်နည်း။ “[ဟေဗြဲ​စကားလုံး​၏] အဓိပ္ပာယ်​ကို အတိအကျ​မသိ​ရ​ပါ” သို့သော် “‘စင်္ကြံ​တစ်ဖက်တစ်ချက်​တွင် တိုင်​လုံး​အစဉ်​ရှိသော’ ‘ဆင်ဝင်​ဆောင်’ ဖြစ်​နိုင်​သည်” ဟု​အကိုးအကား​စာအုပ်​တစ်အုပ်​က​ဆို​၏။ ဧ​ဟု​ဒ​သည် အထဲ​မှ​တံခါးများ​ကို​သော့ခတ်​ပြီး အခြား​လမ်း​မှ ထွက်ပြေး​ခဲ့​ခြင်း​လော။ သို့​မဟုတ် သေဆုံး​နေသော​ရှင်ဘုရင်​ထံ​မှ သော့​ကို​ယူပြီး အပြင်ဘက်​မှ​တံခါးများ​ကို သော့ခတ်​ခဲ့​ခြင်း​လော။ ထို့နောက် အဘယ်အရာမျှ​မဖြစ်ခဲ့​သည့်​အလား အစောင့်အကြပ်​များ​ကို မသိ​လိုက်​ဘာသာ ဖြတ်ကျော်​ခဲ့​ခြင်း​လော။ သမ္မာကျမ်းစာ​က မပြောပြ​ပါ။ သို့သော် အဘယ်နည်း​ကို ဧ​ဟု​ဒ​အသုံးပြု​ခဲ့​သည်​ဖြစ်စေ ဧဂလုန်​၏​ကျေးကျွန်​များသည် တံခါးများ​ပိတ်​နေခြင်း​ကို ချက်ချင်း​သံသယ မဖြစ်ခဲ့​ကြ​ချေ။ ရှင်ဘုရင် “အ​ခင်း​သွား” နေသည်​ဟု​သာ သူတို့​ယူဆ​ခဲ့​ကြသည်။

ရှင်ဘုရင်​၏​ကျေးကျွန်​များ ရ​စ်​ဝဲ​ငံ့​လင့်​နေကြ​စဉ် ဧ​ဟု​ဒ​လွတ်မြောက်​ခဲ့​သည်။ ထို့နောက် သူ၏​အမျိုးသားချင်း​များ​ကို​ဆင့်ခေါ်​၍ “ငါ့​နောက်သို့​လိုက်​ကြလော့။ ထာဝရ​ဘုရား​သည် သင်တို့၏​ရန်သူ မောဘ​လူ​တို့ကို သင်တို့​လက်၌​အပ်​တော်​မူ​မည်” ဟု​ဆို​၏။ ဧ​ဟု​ဒ​၏​လူတို့သည် စစ်​နည်း​ဗျူဟာ​အရ ယော်ဒန်​မြစ် ရေ​တိမ်​ပိုင်း​အရပ်​များ​ကို သိမ်းယူ​ခြင်း​ဖြင့် ခေါင်းဆောင်​မဲ့​နေသော မောဘ​လူမျိုးများ သူတို့၏​အမိ​မြေ​သို့​ပြန်​ရာ​လမ်းကို ပိတ်ဆို့​လိုက်​ကြသည်။ သို့ဖြင့် “[ဣသရေလလူ​တို့သည်] ခွန်အား​ကြီးသော မောဘ​စစ်သူရဲ​တစ်ယောက်မျှ​မလွတ်​ဘဲ လူ​တစ်​သောင်း​ကို​သတ်​၍၊ မောဘ​အမျိုး​သည် ဣသရေလ​အမျိုး​လက်၌​ရှုံး​သဖြင့် အနှစ်​ရှစ်​ဆယ်​တိုင်တိုင် တစ်ပြည်လုံး​ငြိမ်း​လေ​၏။”—တရားသူကြီး ၃:၂၅-၃၀

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ

ယေဟောဝါ​ရှေ့မှောက်​ဆိုးသွမ်းမှု​ပြုလုပ်​သည့်​အခါ ကျွန်ုပ်​တို့အတွက် ဘေးဆိုးများ​ရှိကြောင်း ဧ​ဟု​ဒ​ခေတ်တွင် ဖြစ်ပျက်​ခဲ့​ရာ​များ​က သင်ခန်းစာပေး​ပါ​သည်။ တစ်ဖက်​တွင်​မူ နောင်တ​ဖြင့် ပြန်​လှည့်လာ​သူများကို ယေဟောဝါ​ကူညီ​ပေး​ပါ​သည်။

ဧ​ဟု​ဒ​၏​အကြံအစည်​များ အောင်မြင်​ခဲ့​ခြင်း​မှာ သူ၏ ကျွမ်းကျင်​လိမ္မာ​မှု​ကြောင့်​သော်လည်း​ကောင်း၊ ရန်သူ​၏ ညံ့ဖျင်း​မှု​ကြောင့်​သော်လည်း​ကောင်း မဟုတ်ပါ။ ဘုရားသခင့်​ရည်ရွယ်ချက်များ အကောင်အထည်​ပေါ်​ခြင်း​သည် လူ့​ပယောဂ​အပေါ် မူ​မတည်​ပါ။ ဧ​ဟု​ဒ အောင်မြင်​ခဲ့​ရသော အဓိက​အကြောင်းရင်း​မှာ ကိုယ်တော်​၏​လူမျိုးတော်​လွတ်မြောက်​စေရန် ဘုရားသခင်​၏ မတားဆီး​နိုင်သော အလိုတော်နှင့်​အညီ လုပ်ဆောင်​သောအခါ ဘုရားသခင်​၏​ကျော​ထောက်​နောက်ခံ​မှု​ကို သူ​ရရှိ​ထားသော​ကြောင့်​ဖြစ်သည်။ ဧ​ဟု​ဒ​ကို ဘုရားသခင်​ပေါ်ထွန်း​စေ​ခဲ့​ပြီး​နောက် “ထာဝရ​ဘုရား​သည် တရားသူကြီး​ကို [မိမိ၏​လူမျိုးတော်​အတွက်] ပေါ်ထွန်း​စေသော​အခါ သူနှင့်​အတူ​ရှိ ... တော်​မူ​၏။”—တရားသူကြီး ၂:၁၈; ၃:၁၅