မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝက်စ်ဖာလီယာငြိမ်းချမ်းရေးစာချုပ်—ဥရောပ၏ အလှည့်အပြောင်း

ဝက်စ်ဖာလီယာငြိမ်းချမ်းရေးစာချုပ်—ဥရောပ၏ အလှည့်အပြောင်း

ဝက်​စ်ဖာလီ​ယာ​ငြိမ်းချမ်းရေး​စာချုပ်—ဥရောပ​၏ အလှည့်အပြောင်း

“ယနေ့ ဤ​နေရာတွင် စုရုံး​ခဲ့​ကြ​သည့်​အတိုင်း ဤမျှ​များပြား​လှ​သော ဥရောပ​ခေါင်းဆောင်​များ အတူတကွ​စုဝေး​ရသည့်​အကြောင်းရင်း​မှာ ရှားပါး​လှ​သည့် ဖြစ်ရပ်​တစ်ခု အမှန်တကယ်​ပင်​ဖြစ်၏။” ပြည်ထောင်စု​သမ္မတ​ဂျာမနီ​နိုင်ငံ​၏ သမ္မတဟောင်း ရို​မ​န် ဟာ​စော့ခ်​သည် ၁၉၉၈၊ အောက်တိုဘာ​လ​တွင် အထက်ပါ​အတိုင်း မြွက်ကြား​ခဲ့​၏။ သူ​ထိုသို့​ပြောဆို​ခဲ့​ချိန်​က သူ၏​ပရိသတ်​ထဲ​တွင် ဘုရင်​လေးပါး၊ မိဖုရား​လေးပါး၊ မင်းသား​နှစ်ပါး၊ သူ​ကောင်း​မျိုးနွယ်​တစ်ဦး​နှင့် သမ္မတ​အများအပြား ပါဝင်​ခဲ့​သည်။ ဥရောပ​ကောင်စီ​မှ က​မ​က​ထ​ပြု​၍ ကျင်းပ​ပေး​ခဲ့​သည့် အဆိုပါ​အဖြစ်အပျက်​သည် ခေတ်​သစ်​ဂျာမနီ​နိုင်ငံ​၏ အနှစ် ၅၀ သမိုင်း​တွင် အလွန်​အရေးပါ​ခဲ့​သည်။ အဆိုပါ​အခါသမယ​ကား အဘယ်နည်း။

၁၉၉၈၊ အောက်တိုဘာ​လ​သည် ဝက်​စ်ဖာလီ​ယာ ငြိမ်းချမ်းရေး​စာချုပ်​၏ အနှစ် ၃၅၀ မြောက် နှစ်ပတ်လည်​နေ့​ဖြစ်၏။ ငြိမ်းချမ်းရေး​သဘော​တူညီချက်​များ​ကြောင့် သမိုင်း​လမ်းကြောင်း ပြောင်း​သွားလေ့​ရှိရာ ဝက်​စ်ဖာလီ​ယာ​စာချုပ်​သည်လည်း ဤ​အပိုင်း​တွင် တစ်မျိုး​တစ်​ဘာသာ ထူးခြား​ခဲ့​သည်။ ၁၆၄၈ ခုနှစ်​တွင် ဤ​သဘော​တူညီချက်​ကို လက်မှတ်​ရေးထိုး​လိုက်ခြင်း​ကြောင့် အနှစ်​သုံး​ဆယ်​စစ်ပွဲ အဆုံးသတ်​သွားပြီး တစ်​ထီး​တစ်​နန်း​အစိုးရ​များ​ပေါင်းစု​ရာ တိုက်ကြီး​အဖြစ် မျက်မှောက်ခေတ် ဥရောပ ပေါ်ပေါက်​ခြင်း​၏ သမိုင်း​မှတ်တိုင်​ဖြစ်​ခဲ့​သည်။

ယခင်​အဖွဲ့အစည်း လှုပ်ခါ​ခံ​ခဲ့​ရ

အလယ်ခေတ်​အတွင်း ဥရောပ​တွင် တန်ခိုး​အာဏာ​အရှိဆုံး​အဖွဲ့အစည်း​များ​မှာ ရိုမန်ကက်သလစ်​ချာ့ခ်ျ​နှင့် သာသနာစောင့်​ရောမ​အင်ပါယာ​တို့​ဖြစ်​ကြသည်။ ဤ​အင်ပါယာ​ထဲ​တွင် အရွယ်အစား​အမျိုးမျိုး​ရှိ ရာ​နှင့်​ချီ​သော နယ်မြေ​များ​ပါဝင်​ကြ​ပြီး ယခု ဩစတြီးယား၊ ချက်​ပြည်​သူ့​သမ္မတနိုင်ငံ၊ ပြင်သစ်​နိုင်ငံ​အရှေ့ပိုင်း၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဥရောပ​အနောက်မြောက်​ပိုင်း​နိုင်ငံ​များ (မြေ​နိမ့်​နိုင်ငံ​များ)နှင့် အီတလီ​နိုင်ငံ​၏​အစိတ်အပိုင်း​များ တည်ရှိ​ကြသည်​အထိ ကျယ်ဝန်း​သည်။ ဂျာမနီ​နိုင်ငံ​၏ အဓိက​အစိတ်အပိုင်း​ကြီး​များ ပါဝင်​နေခြင်း​ကြောင့် ဤ​အင်ပါယာ​ကို ဂျာမန်​အမျိုးသား သာသနာစောင့်​ရောမ​အင်ပါယာ​အဖြစ် လူသိ​များ​လာ​ခဲ့​သည်။ နယ်မြေ​တစ်ခုစီ​ကို မင်းသား​တစ်ဦးစီ​က တစ်စိတ်​တစ်ပိုင်း ကိုယ်ပိုင်​အုပ်ချုပ်ခွင့်​ရခဲ့​ကြသည်။ ဧကရာဇ်​ဘုရင်​မှာ ဩ​စ​တြီး​ယန်း ဟပ်​စ်​ဘာ့ဂ် မိသားစုဝင် ရိုမန်ကက်သလစ်​တစ်ဦး​ဖြစ်၏။ ထို့​ကြောင့် ပုပ်​ရဟန်း​မင်း​အာဏာ​နှင့် အင်ပါယာ​၏​တန်ခိုး​အာဏာ​တို့​ဖြင့် ဥရောပ​သည် ရိုမန်ကက်သလစ်​လက်ထဲ​တွင် အခိုင်အမာ​ရှိနေ​ခဲ့​၏။

သို့သော် ၁၆ရာစု​နှင့် ၁၇ ရာစု​များ​တွင် တည်ရှိ​ပြီး အဖွဲ့အစည်း​သည်​လှုပ်ခါ​ခံ​ခဲ့​ရ၏။ဥရောပ​တစ်ခွင် ရိုမန်ကက်သလစ်​ချာ့ခ်ျ​၏​အလွဲသုံးစား​လုပ်​မှု​အပေါ်​မကျေနပ်မှု​များ နှံ့ပြား​လာ​ခဲ့​သည်။ မာတင်​လူသာ​နှင့် ဂျွန် ကယ်​လ်ဗင်​ကဲ့သို့​သော ဘာသာရေး​ပြုပြင်​ပြောင်းလဲရေး​သမားများ​သည် ကျမ်းစာ​ဆိုင်ရာ​စံနှုန်း​များ​သို့ ပြန်လှည့်​ရန် ဟော​ကြား​ခဲ့​ကြသည်။ လူသာ​နှင့် ကယ်​လ်ဗင်​တို့ကို အများ​က ထောက်ခံ​ခဲ့​ကြ​ရာ ဤ​လှုပ်ရှားမှု​ကြောင့် ပြုပြင်​ပြောင်းလဲမှု​နှင့် ပရိုတက်စတင့်​ဘာသာ​များ ပေါ်ပေါက်​လာ​ခဲ့​သည်။ အဆိုပါ​ပြုပြင်​ပြောင်းလဲမှု​ကြောင့် အင်ပါယာ​သည် ကက်သလစ်၊ လူသာ​ရင်​နှင့် ကယ်​လ်ဗင်​နစ်​ဟူ၍ အယူဝါဒ​သုံးမျိုး​ကွဲ​သွားခဲ့​၏။

ကက်သလစ်​များ​က ပရိုတက်စတင့်​များ​ကို အယုံအကြည်မဲ့​ခဲ့​ကြ​ပြီး ပရိုတက်စတင့်​များ​က​လည်း ကက်သလစ်​ပြိုင်ဘက်​များ​ကို အထင်အမြင်​သေး​ခဲ့​ကြ​၏။ ဤ​အခြေအနေ​ကြောင့် ၁၇ ရာစု​အစောပိုင်း​တွင် ပရိုတက်စတင့်​သမဂ္ဂ​နှင့် ကက်သလစ်​အသင်း​ချုပ်​ဟူ၍ ပေါ်ပေါက်​လာ​ခဲ့​သည်။ အင်ပါယာ​၏ တချို့သော​မင်းသားများ​သည် သမဂ္ဂ​နှင့်​ပူးပေါင်း​ခဲ့​ကြ​ပြီး အခြားသူများ​က အသင်း​ချုပ်​နှင့် ပူးပေါင်း​ခဲ့​ကြ​လေ​သည်။ ဥရောပ​နှင့် အထူးသဖြင့် ထို​အင်ပါယာ​သည် ရှိရှိသမျှ မီးလောင်​ပြာကျ​သွား​ရန် မီး​ပွား​တစ်ချက် ချ​လိုက်​ရုံ​သာ​လို​သည့် သံသယ​ယမ်း​အိုး​တစ်​အိုး ဖြစ်​ခဲ့​သည်။ နောက်ဆုံး အဆိုပါ​မီး​ပွား​ကျ​လာ​သည့်​အခါ အနှစ် ၃၀ ကြာ​သော စစ်ပွဲ​တစ်ခု စတင်​ခဲ့​လေ​သည်။

အန္တရာယ်​မီး​ပွား​က ဥရောပ​ကို မီး​ဟုန်းဟုန်းတောက်​စေ

ပရိုတက်စတင့်​ဘာသာဝင် အုပ်စိုးသူ​များသည် သာ၍ လွတ်လပ်​စွာ ဝတ်ပြု​ကိုးကွယ်​ခွင့်​ရ​ရန် ကက်သလစ် ဟပ်​စ်​ဘာ့ဂ်​မိသားစု​အား ဩဇာ​ညောင်း​ဖို့ ကြိုးစား​ခဲ့​ကြသည်။ စိတ်​မ​ပါ့​တ​ပါ​နှင့် အခွင့်အရေး​များ​ပေး​ခဲ့​ကြသော်လည်း ၁၆၁၇-၁၈ တွင် ဘို​ဟီး​မီး​ယား (ချက်​ပြည်​သူ့​သမ္မတနိုင်ငံ) ဒေသ​ရှိ လူသာ​ရင်​ချာ့ခ်ျ​နှစ်ခု​ကို မင်း​အာဏာ​ဖြင့် ပိတ်ပစ်​လိုက်​သည်။ ယင်းက ပရိုတက်စတင့် မင်း​ညီ​မင်းသား​တို့ကို နစ်နာ​စေ​ရာ ၎င်းတို့သည် ပ​ရာ့ဂ်​မြို့ရှိ နန်းတော်​အတွင်း​သို့ အလုံးအရင်း​ဖြင့်​ဝင်စီး​၍ ကက်သလစ်​အရာရှိ​သုံးဦး​ကို ဖမ်းဆီး​ကာ နန်းတော်​အထက် ပြတင်းပေါက်​မှ ပစ်ချ​ခဲ့​ကြသည်။ ယင်း​လုပ်ရပ်​သည် ဥရောပ​ကို မီး​ဟု​န်း​ဟု​န်း တောက်လောင်​စေသည့်​မီး​ပွား ဖြစ်သွား​ခဲ့​သည်။

သူတို့သည် ငြိမ်းချမ်းရေး​မင်းသား၊ ယေရှု​ခရစ်​၏ နောက်တော်လိုက်​များ​ဖြစ်​ကြသည်​ဟု ယူဆ​ခဲ့​ကြသော်လည်း ဆန့်ကျင်ဘက် ဘာသာရေး​အဖွဲ့ဝင်​များသည် ယခု​အခါ တစ်ဦး​ကိုတစ်​ဦး လည်မျို​ညှစ်နေ​ကြသည်။ (ဟေရှာယ ၉:၆) တောင်​ဖြူ​တိုက်ပွဲ​တွင် ကက်သလစ်​အသင်း​ချုပ်​သည် ပရိုတက်စတင့်​သမဂ္ဂ​အား အပြတ်အသတ်​အနိုင်​ရခဲ့​ရာ ၎င်း​သမဂ္ဂ​သည် ဖရိုဖရဲ​ပြိုကွဲ​သွားခဲ့​၏။ ပရိုတက်စတင့်​မင်း​ညီ​မင်းသားများ​ကို ပ​ရာ့ဂ်​မြို့ရှိ ဈေး​၌ ကွပ်မျက်​လိုက်​ကြသည်။ ဘို​ဟီး​မီး​ယား​ဒေသ​တစ်လျှောက်​ရှိ မိမိတို့၏​ယုံကြည်မှုကို​မစွန့်ပယ်​သော ပရိုတက်စတင့်​များ​၏​ပိုင်ဆိုင်ရာ​သည် မင်း​ဘဏ္ဍာ​အဖြစ်​သိမ်းယူ​ခံရ​ကာ ကက်သလစ်​များ​ကို ဝေပေး​လိုက်​လေ​သည်။ 1648—Krieg und Frieden in Europa (၁၆၄၈—ဥရောပ​ရှိ စစ်​နှင့်​ငြိမ်းချမ်းရေး) စာအုပ်​က ဤ​မင်း​ဘဏ္ဍာ​အဖြစ်​သိမ်းယူမှု​ကို “ဥရောပ​အလယ်ပိုင်း​ရှိ ဖြစ်​ဖူး​ခဲ့​သမျှ​တွင် အကြီးမားဆုံး​သော ပိုင်ဆိုင်မှု​လွှဲပြောင်းခြင်း​တစ်ခု” ဟု ဖော်ပြ​သည်။

ဘို​ဟီး​မီး​ယား​ဒေသ​တွင် ဘာသာရေး​ပဋိပက္ခ​အဖြစ် စတင်​ခဲ့​သည့်​အရာ​သည် နိုင်ငံတကာ​တန်ခိုး​အာဏာ အားပြိုင်​မှု​အဖြစ်သို့ ဆိုက်ရောက်​သွားလေသည်။ နောက်​အနှစ် ၃၀ ကျော်​ကြာသော် ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန်၊ စပိန်​နှင့် ဆွီဒင်​နိုင်ငံ​တို့သည် ဤ​အငြင်းပွားမှု​သို့ ဆွဲသွင်း​ခံ​လိုက်ရ​သည်။များသောအားဖြင့် အလို​ကြီး​မှု​နှင့် အာဏာ​ရ​လို​မှု​တို့၏​တွန်းအား​ကြောင့် ကက်သလစ်​နှင့် ပရိုတက်စတင့်​အုပ်စိုးရှင်​တို့သည် နိုင်ငံရေး​အာဏာ​နှင့် ကုန်သွယ်​ရေး အမြတ်အစွန်း​တို့ကို ဝင်​လု​ကြ​လေ​သည်။ အနှစ်​သုံး​ဆယ်​စစ်ပွဲ​သည် အဆင့်ဆင့် ကွဲပြား​သွားခဲ့​ပြီး အဆင့်​တစ်ဆင့်​စီ​ကို ဧကရာဇ်မင်း​၏ အဓိက​ရန်ဘက်​များ​ကို​အစွဲပြု​၍ ခေါ်တွင်​ခဲ့​ကြ​၏။ ကိုးကား​စာပေ​အတော်များများ​က ဘို​ဟီး​မီး​ယန်း​နှင့် ပါ​လာ​တိုင်း​စစ်ပွဲ၊ ဒေး​နစ်​ရှ်-လို​ဝါ ဆက်ဆွန်​နီ​စစ်ပွဲ၊ ဆွီဒစ်ရှ်​စစ်ပွဲ​နှင့် ပြင်သစ်-ဆွီဒစ်ရှ်​စစ်ပွဲ​ဟူ၍ အဆင့်​လေးဆ​င့်​ခွဲ​ကာ ဖော်ပြ​ကြသည်။ တိုက်ပွဲ​အများစုမှာ အင်ပါယာ​နယ်နိမိတ်​အတွင်း ဖြစ်ပွား​ခဲ့​သည်။

၎င်း​အချိန်​က အသုံးပြု​ခဲ့​ကြ​သည့် လက်နက်များ​တွင် ပစ္စတို​များ၊ ပြောင်း​ချော​သေနတ်​များ၊ စိန်​ပြောင်း​များနှင့် အ​မြောက်​များ​ပါဝင်​ပြီး အဓိက​လက်နက်​ထောက်ပံ့​သူ​မှာ ဆွီဒင်​နိုင်ငံ​ဖြစ်သည်။ ကက်သလစ်​နှင့် ပရိုတက်စတင့်​တို့သည် တိုက်ပွဲ​တွင် ညှပ်​ပူး​ညှပ်​ပိတ်​ဖြစ်နေ​၏။ စစ်သား​များသည် “စဲန်​တာ မာ​ရီ​ယာ” ဟူ၍​တစ်မျိုး၊ “ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ၏” ဟူ၍​တစ်​ဖုံ ကြွေးကြော်​ကာ တိုက်ပွဲဝင်​ခဲ့​ကြသည်။ စစ်​ကြောင်း​ကြီး​များသည် ဂျာမန်​ပိုင်နက်​ကို​ဖြတ်ကျော်​ကာ တိုက်ခိုက်​လုယူ​ခဲ့​ကြ​ပြီး ဆန့်ကျင်သူ​များနှင့် အရပ်သား​များ​ကို တိရစ္ဆာန်​များ​ကဲ့သို့ ဆက်ဆံ​ကြသည်။ စစ်ပွဲ​မှာ အင်မတန် ရက်စက်​ကြမ်းကြုတ်​လှ​လေ​သည်။ “တစ်​ပြည်​ကိုတစ်​ပြည် စစ်​မ​တိုက်။ စစ်ရေး​ကိုလည်း နောက်​တစ်ဖန် သင်​ကြ​မည်​မဟုတ်” ဟူသော ကျမ်းစာ​ပရောဖက်ပြုချက်​နှင့် အလွန်​ဆန့်ကျင်​နေသည်!—မိက္ခာ ၄:၃သမ္မာ။

ဂျာမန်​မျိုးဆက်​တစ်ဆက်​သည် စစ်​မှတစ်ပါး အခြား​မသိဘဲ ကြီးပြင်း​လာ​ခဲ့​ကြ​ရာ အားကုန်​ခန်း​နေသော တိုင်းသူပြည်သား​တို့သည် ငြိမ်းချမ်းရေး​ကို တောင့်တ​လာ​ကြ​တော့​သည်။ အုပ်စိုးရှင်​များ​၏ နိုင်ငံရေး​အာဏာ အပြိုင်​မ​လု​ကြ​လျှင် ငြိမ်းချမ်း​လာ​မည့်​ပုံ​ပေါ်​သည်။ စစ်​ကြောင့် ဘာသာရေး​စရိုက်​လက္ခဏာ ကွယ်ပျောက်​သွားပြီး လောက​ရေးရာ​ပို​ဆန်​လာ​သည်​နှင့်​အမျှ နိုင်ငံရေး​မှာ ပို​၍​ပို​၍ ရှေ့တန်း​ရောက်လာ​ခဲ့​သည်။ ထူးဆန်း​နေသည်​မှာ ဤသို့​ပြောင်းလဲ​လာရန် က​မ​က​ထ​ပြု​ခဲ့​သူ​တစ်ဦး​မှာ ကက်သလစ်​ချာ့ခ်ျ​၏ အရာရှိ​ကြီး​တစ်ဦး​ဖြစ်နေ​ခြင်း​ပင်။

ကာ​ဒီ​နယ် ရ​စ်ရှ်​လ​ယိုး ရာဇ​လှံတံ ကိုင်ထား​ပြီ

အာမန်-ဇန် ဒူ ပ​လက်​စ​စ္စ​၏ ဘွဲ့​အမည်​မှာ ကာ​ဒီ​နယ် ဒီ ရ​စ်ရှ်​လ​ယိုး​ဖြစ်သည်။ သူသည် ၁၆၂၄ ခုနှစ်​မှ ၁၆၄၂ ခုနှစ်​အထိ ပြင်သစ်​နန်းရင်းဝန်​လည်း​ဖြစ်သည်။ ရ​စ်ရှ်​လ​ယိုး​သည် ပြင်သစ်​နိုင်ငံ​အား ဥရောပ​တွင် အင်အားကြီး​နိုင်ငံ​ဖြစ်စေ​ရန် ကြံရွယ်​ထားခဲ့​၏။ ထို့​ကြောင့် သူသည် သူ၏​ကက်သလစ်​ဘာသာဝင်​ချင်း​များ​ဖြစ်သော ဟပ်​စ်​ဘာ့ဂ်​၏​တန်ခိုး​အာဏာကို တဖြည်းဖြည်း​တိုက်စား​ရန် ကြိုးစား​ခဲ့​၏။ ယင်းကို သူ​မည်သို့​လုပ်ဆောင်ခဲ့​သနည်း။ ဟပ်​စ်​ဘာ့ဂ်​တို့ကို ဆန့်ကျင်​တိုက်ခိုက်​နေသည့် ဂျာမန်​နယ်​များ၊ ဒိန်းမတ်၊ နယ်သာလန်​နှင့် ဆွီဒင်​နိုင်ငံ​တို့​ရှိ ပရိုတက်စတင့်​စစ်တပ်​များ​ကို ငွေ​ရေး​ကြေး​ရေး​ထောက်ပံ့​ပေး​ခဲ့​သည်။

၁၆၃၅ ခုနှစ်​တွင် ရ​စ်ရှ်​လ​ယိုး​သည် ပြင်သစ်​တပ်​များ​ကို ဦးဆုံး​အကြိမ်​အနေ​နှင့် စစ်​ဆင်နွှဲ​ရန် စေလွှတ်​လိုက်​၏။ vivat pax—Es lebe der Friede! (ငြိမ်းချမ်းရေး အဓွန့်ရှည်​ပါစေ) စာအုပ်​က ၎င်း​စစ်ပွဲ​၏ နောက်ဆုံး​အဆင့်​တွင် “အနှစ်​သုံး​ဆယ်​စစ်ပွဲ​သည် ဘာသာရေး​အဖွဲ့​များ​အကြား​ရှိ ပဋိပက္ခ​ကို ရပ်တန့်​စေ​ခဲ့​သည်။ ... စစ်သည် ဥရောပ​တွင် နိုင်ငံရေး​အာဏာ​လု​ပွဲ​ဖြစ်လာ​တော့​သည်” ဟု ရှင်းပြသည်။ ကက်သလစ်​နှင့် ပရိုတက်စတင့်​တို့၏ ဘာသာရေး​ပဋိပက္ခ​အဖြစ် စ​ခဲ့​သည့် တိုက်ပွဲ​က ကက်သလစ်​တို့သည် ပရိုတက်စတင့်​တို့​နှင့်​တွဲ​ကာ အခြား​ကက်သလစ်​များ​ကို ဝိုင်း​တိုက်​သည့်​စစ်ပွဲ ဖြစ်သွား​ရလေ​သည်။ အစောပိုင်း ၁၆၃၀ ပြည့်လွန်​နှစ်များ​တွင် ချည့်နဲ့​အားလျော့​ပြီး​ဖြစ်သော ကက်သလစ်​အသင်း​ချုပ်​သည် ၁၆၃၅ ခုနှစ်​တွင် ဝက်​စ်ဖာလီ​ယာ​ငြိမ်းချမ်းရေး​ညီလာခံ​ပြိုကွဲ​သွားခဲ့​၏။ဥရောပ​သည် တိုက်ခိုက်​လုယက်​မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှု​နှင့် ရောဂါ​တို့​ဖြင့် အကြီးအကျယ်​ပျက်စီး​ခဲ့​ရသည်။ တဖြည်းဖြည်း​နှင့် ယင်းသည် မည်သူမျှ​အနိုင်​မရ​သည့် စစ်ပွဲ​တစ်ပွဲ​ဖြစ်​ကြောင်း သိရှိ​လာ​ကာ ငြိမ်းချမ်းရေး​ကို အလွန်အမင်း​တောင့်တ​ခဲ့​ကြ​၏။ vivat pax—Es lebe der Friede! စာအုပ်​က “၁၆၃၀ ပြည့်လွန်​နှစ်များ အကုန်ပိုင်း​ရောက်​လေ​သော် တာဝန်​ရှိ​မင်း​ညီ​မင်းသားများ​သည် ၎င်းတို့၏​ပန်းတိုင်​အောင်မြင်​ရန် စစ်​အင်အား​က ကူညီ​ပေး​နိုင်​မည်​မဟုတ်​တော့​ကြောင်း နောက်ဆုံး​တွင် အသိအမှတ်ပြု​ခဲ့​ကြ” ကြောင်း မှတ်သား​ဖော်ပြ​သည်။ သို့သော် ငြိမ်းချမ်းရေး​သည် လူတိုင်း အလိုရှိ​သည့်​အရာ​ဖြစ်​မည်​ဆိုလျှင် ၎င်းကို မည်သို့​ကြိုးစား​ရယူ​မည်​နည်း။

သာသနာစောင့်​ရောမ​အင်ပါယာ​၏ တတိယ​မြောက်​ဧကရာဇ် ဖာဒီနန်၊ ပြင်သစ်​ဘုရင် လူးဝစ် ၁၃ နှင့် ဆွီဒင်​ဘုရင်မ ခရစ္စတီးနား​တို့သည် စစ်ပွဲ​တွင်​ပါဝင်သူ​အားလုံး​စုဝေး​ကာ​ငြိမ်းချမ်းရေး​အတွက် စေ့စပ်​ဆွေးနွေး​နိုင်​မည့်​နေရာတွင် ညီလာခံ​ကျင်းပ​သင့်​ကြောင်း သဘောတူညီ​ခဲ့​ကြသည်။ စေ့စပ်​ဆွေးနွေး​မည့်​အရပ်​အဖြစ် ရွေးချယ်​သည့် နေရာ​နှစ်​နေရာမှာ ဂျာမန်​ခရိုင် ဝက်​စ်ဖာလီ​ယာ​ရှိ အော့စ္စ​နာ​ဘ​ရွတ်​ခ်​နှင့် မွန်​စ​တာ​မြို့​တို့​ဖြစ်သည်။ ၎င်း​မြို့များ​ကို​ရွေးချယ်​ခဲ့​ရခြင်း​မှာ ဆွီဒင်​နိုင်ငံ​နှင့် ပြင်သစ်​နိုင်ငံ​တို့၏ မြို့တော်​များ​အကြား လမ်းခုလတ်​တွင်ရှိသော​ကြောင့်​ဖြစ်၏။ ၁၆၄၃ ခုနှစ်​တွင် စတင်​ကျင်းပ​၍ ကိုယ်စားလှယ်​အဖွဲ့ ၁၅၀ ခန့်၊ အချို့​အဖွဲ့​တွင် အကြံပေး​သူများ​ပါဝင်​သည့် အဖွဲ့​ကြီး​များနှင့်​အတူ မြို့​နှစ်မြို့​သို့​ရောက်ရှိ​လာ​ခဲ့​ကြ​ရာ ပရိုတက်စတင့်​ကိုယ်စားလှယ်​များ​က အော့စ္စ​နာ​ဘ​ရွတ်​ခ်​မြို့၊ ကက်သလစ်​သံတမန်များ​က မွန်​စ​တာ​မြို့တွင် စုရုံး​ကြ​လေ​သည်။

ဦးဆုံး​အနေ​နှင့် သံတမန်များ​၏ ဘွဲ့ထူး​ဂုဏ်​ထူး​အလိုက် ထိုင်ခုံ​နေရာများ​နှင့် လုပ်ထုံး​လုပ်​နည်း​တို့ကို သတ်မှတ်​ကြသည်။ ထို့နောက် စေ့စပ်​ညှိနှိုင်း​ချက်​များ​ကို ကြားဖျန်​ပေး​သူများ​မှ​တစ်ဆင့် ကိုယ်စားလှယ်​တစ်ဖွဲ့​မှ တစ်ဖွဲ့​သို့ လက်ဆင့်ကမ်း​ပေး​ကာ ငြိမ်းချမ်းရေး​ဆွေးနွေးပွဲ​ကို စတင်​ခဲ့​ကြသည်။ ငါး​နှစ်​နီးပါး​ကြာပြီးနောက် စစ်​မှာ​ဆက်လက်​ဖြစ်ပွား​နေ​သော်လည်း ငြိမ်းချမ်းရေး သဘောတူညီ​မှု ရယူခဲ့​ကြသည်။ ဝက်​စ်ဖာလီ​ယာ​စာချုပ်​တွင် စာချုပ်​စာတမ်း​တစ်ခု​ထက်မက ပါဝင်​ခဲ့​၏။ ဆွီဒင်​နိုင်ငံ​နှင့် ဧကရာဇ် ဖာဒီနန် ၃ တို့​က သဘော​တူညီချက်​တစ်ခု၊ ပြင်သစ်​နိုင်ငံ​နှင့် ဧကရာဇ်​ဘုရင်​တို့​က အခြား​သဘော​တူညီချက်​တစ်ခု​ကို လက်မှတ်​ရေးထိုး​ခဲ့​ကြသည်။

ငြိမ်းချမ်းရေး​စာချုပ်​တွင် လက်မှတ်​ရေးထိုး​ခဲ့​ကြ​သည့်​သတင်း ပျံ့နှံ့​သွား​သည်​နှင့် ပျော်ပွဲရွှင်ပွဲ​များ ကျင်းပ​ခဲ့​ကြ​၏။ အန္တရာယ်​မီး​ပွား​တစ်ခု​ကြောင့် စတင်​ခဲ့​ရသည့် စစ်ပွဲ​သည် ပကတိ​မီးရှူး​မီး​ပန်း​များ​ဖြင့် အဆုံးသတ်​သွားခဲ့​လေ​သည်။ မြို့ကြီး​အသီးသီး​ရှိ ကောင်းကင်​ယံ​တွင် မီးရှူး​မီး​ပန်း​များ​ကြောင့် လင်းထိန်​နေခဲ့​၏။ ချာ့ခ်ျ​ခေါင်းလောင်း​များ​ထိုး​ခဲ့​၍ အ​မြောက်​များ​ပစ်​ဖောက်​ခဲ့​ကြ​ကာ လူတို့သည် လမ်းမကြီးများ​ပေါ်​တွင် သီချင်း​သီဆို​ခဲ့​ကြသည်။ ယခု ဥရောပ​သည် တည်မြဲသော​ငြိမ်းချမ်းရေး​ကို မျှော်လင့်​နိုင်​ပါသလော။

တည်မြဲသော​ငြိမ်းချမ်းရေး ဖြစ်​နိုင်​သလော

ဝက်​စ်ဖာလီ​ယာ​ငြိမ်းချမ်းရေး​စာချုပ်​သည် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ဆိုင်ရာ မူ​တစ်ခု​ကို ပြဋ္ဌာန်း​ပေး​ခဲ့​၏။ စာချုပ်​ပါ​အဖွဲ့​တိုင်း​က အခြားသူများ​၏ နယ်နိမိတ်​ဆိုင်ရာ​အခွင့်အရေး​များ​ကို လေးစားရန်​နှင့် ၎င်းတို့၏​ပြည်တွင်းရေး​များ​တွင် ဝင်ရောက်​စွက်ဖက်​ခြင်း​မပြု​ရန် သဘောတူညီ​ခဲ့​ကြသည်​ဟူ​သည့် သဘော​ပင်​ဖြစ်သည်။ သို့​နှင့် ခေတ်​သစ်​ဥရောပ​သည် တစ်​ထီး​တစ်​နန်း​အစိုးရ​များ​ရှိသည့် တိုက်ကြီး​တစ်​တိုက်​အဖြစ် မွေးဖွား​လာ​ခဲ့​သည်။ အဆိုပါ​နိုင်ငံ​များ​မှ တချို့​သည် စာချုပ်​အရ အခြား​နိုင်ငံ​များ​ထက် အခွင့်အရေး​ပို​ရရှိခဲ့ကြ​၏။

ပြင်သစ်​နိုင်ငံ​ကို အင်အားကြီး​နိုင်ငံ​တစ်နိုင်ငံ​အဖြစ် တည်ထောင်​ခဲ့​ပြီး နယ်သာလန်​နိုင်ငံ​နှင့် ဆွစ်ဇာလန်​နိုင်ငံ​တို့သည်​လည်း လွတ်လပ်ရေး​ရရှိခဲ့​ကြသည်။ ဂျာမန်​နယ်မြေ​များ​အတွက်​မူ​ကား နယ်မြေ​အများစု​သည် စစ်ပွဲ​ကြောင့် ပျက်စီး​သွားခဲ့​ရပြီး စာချုပ်​တွင်​လည်း ချွတ်ယွင်းချက်​များ​ရှိခဲ့​၏။ ဂျာမနီ​နိုင်ငံ​၏​ကြမ္မာ​သည် အတိုင်းအတာ​တစ်ခု​အထိ အခြား​နိုင်ငံ​များ​၏ ဖန်တီး​သတ်မှတ်မှု​ကို ခံရ​ပေ​တော့​မည်။ ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​သစ်​က “ဂျာမန်​မင်း​ညီ​မင်းသားများ​၏ အကျိုးအမြတ်​ရရှိ​မှု​နှင့် ဆုံးရှုံးမှု​များ​ကို အဓိက​အင်အားကြီး​နိုင်ငံ​များ​ဖြစ်​ကြသော ပြင်သစ်၊ ဆွီဒင်​နှင့် ဩစတြီးယား​နိုင်ငံ​တို့၏ အဆင်ပြေ​နေ​မှု​က​သာ ဆုံးဖြတ်​ပေး​သည်” ဟု ဖော်ပြ​သည်။ နိုင်ငံ​တစ်နိုင်ငံ​အဖြစ်သို့ တ​စု​တ​ဝေး​တည်း ပေါင်းစည်း​သွား​မည့်​အစား ဂျာမန်​နယ်မြေ​များသည် ယခင်​အတိုင်း ကွဲပြားလျက်​ပင်​ဖြစ်သည်။ ထို့​အပြင် ဂျာမနီ​နိုင်ငံ​၏ အဓိက​မြစ်​ကြီး​များ​ဖြစ်သော ရိုင်း​မြစ်၊ အဲလ်​ဘ်​မြစ်နှင့် အို​ဒါ​မြစ်​တို့၏ အစိတ်အပိုင်း​များ​ပါဝင်​သည့် နယ်မြေ​တချို့​ကို တိုင်းတစ်ပါးသား​များ​အုပ်ချုပ်​ရန် လွှဲအပ်​လိုက်ရ​သည်။

ကက်သလစ်၊ လူသာ​ရင်​နှင့် ကယ်​လ်ဗင်​န​စ္စ ဘာသာ​တရား​တို့ကို တန်းတူ​အသိအမှတ်ပြု​ခဲ့​ကြ​၏။ ယင်းကို လူတိုင်း​က သဘော​မ​တွေ့​ကြ​ချေ။ ပုပ်​ရဟန်း​မင်းကြီး အင်​နိုးစ​င့် ၁၀ သည် အဆိုပါ​ငြိမ်းချမ်းရေး​စာချုပ်​ကို တရား​မဝင်​ဟု ကြေညာ​ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်​ခဲ့​သည်။ သို့သော်လည်း ဖွဲ့စည်း​တည်ထောင်​ပြီး​သား ဘာသာရေး​နယ်နိမိတ်​များသည် နှစ်ပေါင်း​သုံး​ရာ​ကြာ​သည်​အထိ မ​ပြောင်း​မလဲ​ဘဲ တည်ရှိ​ခဲ့​ကြသည်။ ဘာသာရေး​လွတ်လပ်မှုကို လူတိုင်း​မရ​ကြ​သေး​သည့်​တိုင် တိုးတက်မှု​ခြေလှမ်း​မှာ တစ်​လှမ်း​နီး​လာ​ခဲ့​သည်။

ငြိမ်းချမ်းရေး​စာချုပ်​သည် အနှစ်​သုံး​ဆယ်​စစ်ပွဲ​နှင့် ၎င်း​၏​စစ်မက်​အင်္ဂါများ​ကို အဆုံးသတ်​ပေး​ခဲ့​သည်။ ယင်း​စစ်ပွဲ​သည် ဥရောပ​တွင် နောက်ဆုံးသော ဘာသာရေး​စစ်ပွဲ​ကြီး​ဖြစ်၏။ စစ်​များ မရပ်တန့်​သွား​သော်လည်း စစ်​ဖြစ်​ရသည့် အခြေခံ​အကြောင်းရင်း​မှာ ဘာသာရေး​ကြောင့်​မဟုတ်ဘဲ နိုင်ငံရေး သို့​မဟုတ် စီးပွားရေး​ကြောင့် ဖြစ်သွား​လေ​ပြီ။ ဘာသာ​တရားသည် ဥရောပ​စစ်မက်​ဖြစ်ပွားမှု​များ​တွင် ဩဇာ​လွှမ်းမိုးမှု လုံးဝ​မရှိတော့​ဟု မဆိုလို​ချေ။ ပထမ​နှင့် ဒုတိယ​ကမ္ဘာ​စစ်​ကြီး​တို့​တွင် ဂျာမန်​စစ်သား​များသည် ၎င်းတို့၏​ခါးပတ်​ခေါင်း​တွင် “ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ၏” ဟူသော​စာတန်း​ပါ ကွင်း​တစ်ခု တပ်ဆင်​ထားခဲ့​ကြသည်။ ကြောက်မက်​ဖွယ်​ကောင်းသော အဆိုပါ​ပဋိပက္ခ​များ​အတွင်း ကက်သလစ်​နှင့် ပရိုတက်စတင့်​တို့သည် ဆန့်ကျင်ဘက် ကက်သလစ်​နှင့်​ပရိုတက်စတင့်​တို့ကို တိုက်ခိုက်​ကြ​ရန် နောက်​တစ်ဖန် စီစဉ်​ခဲ့​ကြ​ပြန်​သည်။

ဝက်​စ်ဖာလီ​ယာ​ငြိမ်းချမ်းရေး​စာချုပ်​သည် တည်မြဲသော​ငြိမ်းချမ်းရေး​ကို မ​ဆောင်ကြဉ်း​ပေး​သည်​မှာ ရှင်းနေပါသည်။ သို့ရာတွင်၊ နာခံမှု​ရှိ​လူတို့သည် ဤသို့​သော​ငြိမ်းချမ်းရေး​ကို မကြာမီ တွေ့ကြုံ​ခံစားရ​ပါ​လိမ့်​မည်။ ယေဟောဝါ​ဘုရားသခင်​သည် မိမိ၏​သားတော်၊ ယေရှု​ခရစ်​၏ မေရှိယနိုင်ငံတော်​အားဖြင့် လူ​တို့​ထံ ထာဝစဉ်​တည်မြဲသော ငြိမ်းချမ်းရေး​ကို ဆောင်ကြဉ်း​ပေး​တော်​မူ​မည်။ ထို​အစိုးရ​အောက်တွင် စစ်မှန်သော​ဘာသာ​တရား​သာ စည်းလုံးမှု​၏​အင်အား​ဖြစ်နေ​မည်၊ ကွဲပြား​စေဖို့​မဟုတ်ပေ။ ဘာသာရေး သို့​မဟုတ် အခြား​အဘယ်​အကြောင်း​နှင့်​မျှ စစ်တိုက်​ကြ​မည့်​သူမရှိတော့​ချေ။ ကမ္ဘာ​မြေကြီးပေါ် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​လွှမ်းမိုး၍ ‘ငြိမ်သက်ခြင်း​သည် မကုန်မဆုံး အမြဲ​ရှိ’ ချိန်​သည် မည်မျှ​စိတ်သက်သာ​ဖွယ်​ပါ​တကား!—ဟေရှာယ ၉:၆၊ ၇သမ္မာ။

[စာမျက်နှာ ၂၁ ပါ အကျဉ်း​ဖော်ပြချက်]

ကက်သလစ်​နှင့် ပရိုတက်စတင့်​တို့၏ ပဋိပက္ခ​အဖြစ်​စ​ခဲ့​သည့် တိုက်ပွဲ​သည် ကက်သလစ်​တို့​နှင့် ပရိုတက်စတင့်​တို့​တွဲ​ကာ အခြား​ကက်သလစ်​များ​ကို ဝိုင်း​တိုက်​သည့်​စစ်ပွဲ​ဖြစ်သွား​ခဲ့

[စာမျက်နှာ ၂၂ ပါ အကျဉ်း​ဖော်ပြချက်]

စစ်သား​များသည် “စဲန်​တာ မာ​ရီ​ယာ” သို့​မဟုတ် “ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ၏” ဟု ကြွေးကြော်​ကာ တိုက်ပွဲဝင်​ခဲ့​ကြ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ကာ​ဒီ​နယ် ရ​စ်ရှ်​လ​ယိုး

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လူသာ၊ ကယ်​လ်ဗင်​နှင့် ပုပ်​ရဟန်း​မင်းတို့​အကြား အလုအယက်​ပြိုင်ဆိုင်မှု​ကို ရေးဆွဲ​ထား​သည့် ဆယ့်ခြောက်​ရာစု​ဆေး​ရေး​ပန်းချီ

[Picture Credit Line on page 20]

From the book Spamers Illustrierte Weltgeschichte VI

[Picture Credit Lines on page 23]

Religious leaders struggling: From the book Wider die Pfaffenherrschaft; map: The Complete Encyclopedia of Illustration/J. G. Heck