မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သခင့်ညစာစားပွဲ မည်သို့ကျင်းပရမည်နည်း

သခင့်ညစာစားပွဲ မည်သို့ကျင်းပရမည်နည်း

သခင့်​ညစာ​စားပွဲ မည်သို့​ကျင်းပ​ရမည်​နည်း

သခင့်​ညစာ​စားပွဲ ကျင်းပ​ရခြင်း​အကြောင်းကို ခရစ်ယာန်​တမန်​တော်​ပေါလု​က ဤသို့​ရှင်းလင်း​ဖော်ပြ​ခဲ့​သည်– ‘သင်တို့၌​ငါ​အပ်ပေး​သော​အရာ​ကို အရှင်​ဘုရားထံ​မှ ငါ​ခံ​ခဲ့​ရပြီ။ ခံရ​သော​အရာ​ဟူ​မူ​ကား အရှင်​ယေရှုသည် ရန်​သူ့​လက်​သို့​အပ်နှံခြင်း​ကို ခံရ​သော​ည​ဉ့်​မှာ မုန့်ကို​ယူ၍၊ ကျေးဇူးတော်​ကို​ချီးမွမ်း​ပြီး​မှ မုန့်ကို​ဖဲ့၍ ဤ​မုန့်​ကား သင်တို့​အဖို့​အလို​ငှာ ငါ​၏​ကိုယ်​ဖြစ်၏။ ငါ့ကို​အောက်မေ့​ဖို့​ရာ ဤသို့​ပြု​ကြလော့​ဟု မိန့်တော်မူ၏။ ထို​နည်းတူ ညစာ​စား​ပြီး​မှ ခွက်​ကိုလည်း​ယူ၍ ဤ​ခွက်​ကား ငါ​၏​အသွေး​၌​တည်​သော ပဋိညာဉ်တရား​သစ်​ဖြစ်၏။ ဤ​ခွက်​ကို​သောက်​သောအခါ​ခါ ငါ့ကို​အောက်မေ့​ဖို့​ရာ သောက်​ကြလော့​ဟု မိန့်တော်မူ၏။ အကြောင်း​မူ​ကား သင်တို့သည် ထို​မုန့်ကို​စား၍ ထို​ခွက်​ကို​သောက်​သောအခါ​ခါ အရှင်​ဘုရား​အသေခံ​တော်​မူ​ခြင်း​ကို ကြွလာ​တော်​မူ​သည်​တိုင်အောင် ဖော်ပြ​ကြ​၏။’—၁ ကောရိန္သု ၁၁:၂၃-၂၆သမ္မာ။

ပေါလု​ဖော်ပြ​သည့်​အတိုင်း ခရစ်တော်​ကို နှက်တိုင်​တင်​သတ်​ခြင်း​ငှာ ရောမ​လူမျိုး​တို့အား ဖိအားပေး​ခဲ့​သော ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​၏​လက်​သို့ ယုဒရှကာရုတ်​အားဖြင့် “အပ်နှံခြင်း​ကို ခံရ​သော​ည​ဉ့်” တွင် ယေရှုသည် သခင့်​ညစာ​စားပွဲ​ကို အစပြု​ကျင်းပ​ခဲ့​သည်။ အဆိုပါ​စားသောက်ပွဲ​ကို စီ.အီး. ၃၃၊ မတ်​လ ၃၁ ရက်၊ ကြာသပတေး​နေ့ ညနေ​ချမ်း​တွင် ကျင်းပ​ခဲ့​သည်။ ဧပြီလ ၁ ရက်၊ သောကြာ​နေ့​ညနေပိုင်း​တွင် ညှဉ်းဆဲ​ရာ​သစ်တိုင်ပေါ်​၌ ယေရှု​ကွယ်လွန်​ခဲ့​သည်။ ဂျူး​ပြက္ခဒိန်​၏​နေ့ရက်​များ​ကို နေ့​တစ်နေ့​၏​ညချမ်း​မှ နောက်​တစ်နေ့​ညချမ်း​အထိ သတ်မှတ်​လေ့​ရှိသည့်​အတွက် သခင့်​ညစာ​စားပွဲ​ရော ယေရှု​သေဆုံး​သည့်​နေ့​ပါ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​နေ့တွင် ဖြစ်သည်။

မုန့်​နှင့် စပျစ်​ဝိုင်ကို သုံးဆောင်​သူများ​သည် ယေရှုကို အောက်မေ့​သတိ​ရဖို့ “ဤသို့​ပြု​ကြ” ရမည်​ဖြစ်သည်။ အခြား​ဘာသာပြန်​ကျမ်း​တစ်ကျမ်း​အရ ယေရှု​က “ငါ့ကို သတိရအောက်မေ့​ဖို့​ရာ ဤသို့​ပြု​လော့” ဟု မိန့်တော်မူ၏။ (၁ ကောရိန္သု ၁၁:၂၄ယေရုရှလင်​ကျမ်းစာ) သခင့်​ညစာ​စားပွဲ​ကို ခရစ်တော်​၏​သေခြင်း သတိရအောက်မေ့ပွဲ​ဟူ၍လည်း ခေါ်​သည်။

ယေရှု၏​သေခြင်းကို အဘယ်ကြောင့်​အမှတ်တရ​ကျင်းပ

ထို​သေခြင်းနှင့်​ဆက်စပ်​နေရာကို နားလည်ခြင်း​ဖြင့် အဖြေ​ရနိုင်​ပါ​သည်။ ယေရှုသည် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို အထင်ရှားဆုံး​ထောက်ခံသူ​တစ်ဦး​အနေ​နှင့် သေဆုံး​သွားခဲ့သည်။ ထို​နည်း​အားဖြင့် မိမိတို့​ကိုယ်ကျိုး​အတွက်သာ ဘုရားသခင်​ကို လူ​တို့​ကိုးကွယ်​ခြင်း​ဖြစ်သည်ဟု စွပ်စွဲသူ စာတန်​သည် မုသာ​ပြောသူ​ဖြစ်​ကြောင်း ကိုယ်တော်​သက်သေထူ​ခဲ့​သည်။ (ယောဘ ၂:၁-၅; သု.၂၇:၁၁) ထို့​ပြင် စုံလင်သော​လူသား​တစ်ဦး​အနေ​နှင့် ကွယ်လွန်​ခြင်း​အားဖြင့် ယေရှုသည် “မိမိ​အသက်ကို​စွန့်​၍ လူများ​ကို​ရွေး” တော်​မူ​ခဲ့​သည်။ (မဿဲ ၂၀:၂၈) အာဒံ​မူ ဘုရားသခင်​ကို​ဆန့်ကျင်​ကာ အပြစ်ပြု​သောအခါ စုံလင်သော​လူ့​အသက်​နှင့် ယင်း​၏ အလားအလာ​များ​ကို​ပါ လက်လွတ်​ဆုံးရှုံး​ခဲ့​သည်။ သို့သော် “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ၊ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လော[က]သားတို့​ကို​ချစ်တော်မူ​၏။” (ယောဟန် ၃:၁၆) မှန်ပါသည်၊ “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း။ ဘုရားသခင်​ပေး​တော်​မူ​သော ဆုကျေးဇူး​တော်​ကား ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ထာဝရ​အသက်​ပေ​တည်း။”—ရောမ ၆:၂၃

သို့ဖြင့် ယေရှု၏​သေခြင်း​တွင် အကြီးမားဆုံး​မေတ္တာ​ဖော်ပြချက်​နှစ်ရပ် ပါဝင်​ဆက်စပ်​နေသည်—လူသားတို့​အတွက် မိမိ၏​သားတော်ကို​ပေး​ရာ​၌ ယေဟောဝါ​ပြ​ခဲ့​သော ကြီးမား​သည့်​မေတ္တာ​နှင့် မိမိ၏​လူ့​အသက်ကို တလိုတလား​ပေးဆက်​ရာ​၌ ယေရှု​ပြ​ခဲ့​သော ကိုယ်ကျိုး​စွန့်​မေတ္တာ​တို့​ဖြစ်သည်။ ယေရှု၏​သေခြင်းကို သတိရအောက်မေ့​ခြင်း​သည် အဆိုပါ​မေတ္တာ​ဖော်ပြချက်​နှစ်ရပ်​ကို ချီးမွမ်း​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ဤ​မေတ္တာကို ခံယူ​ရရှိ​သူများ​ဖြစ်သည့်​အတွက် ယင်းကို ကျေးဇူး​တင်​သင့်​သည်မဟုတ်​လော။ ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​နည်း​တစ်ခု​မှာ သခင့်​ညစာ​စားပွဲ​ကျင်းပ​ချိန်​တွင် ရှိနေခြင်း​ဖြစ်သည်။

မုန့်​နှင့် စပျစ်​ဝိုင်​တို့၏​အဓိပ္ပာယ်

သခင့်​ညစာ​စားပွဲ​ကို စတင်​ကျင်းပ​သောအခါ ယေရှုသည် မုန့်​တစ်လုံး​နှင့် အနီရောင်​စပျစ်​ဝိုင်​တစ်ခွက်​ကို အထိမ်းအမှတ်​များ သို့​မဟုတ် တင်စားချက်​များ​အဖြစ် အသုံးပြု​ခဲ့​သည်။ ယေရှုသည် မုန့်ကို​ယူ၍ “ကျေးဇူးတော်​ကို​ချီးမွမ်း​ပြီး​မှ မုန့်ကို​ဖဲ့၍၊ ဤ​မုန့်​ကား၊ သင်တို့​အဖို့​အလို​ငှာ​ချိုးဖဲ့​သော ငါ​၏​ကိုယ်​ဖြစ်၏ ... ဟု​မိန့်တော်မူ၏။” (၁ ကောရိန္သု ၁၁:၂၄) မုန့်​မှာ တဆေး သို့​မဟုတ် က​စော်​ဖောက်​ဆေး​မပါဘဲ ဂျုံ​နှင့်​ရေ​ကို​နယ်​ပြီး​ဖုတ်​သော ကြွပ်ဆတ်​သော​မုန့်​ဖြစ်သော​ကြောင့် စားသုံးခြင်း​ငှာ ဖဲ့​ဝေပေး​ဖို့​လို​သည်။ သမ္မာကျမ်းစာ​တွင် တဆေး​သည် အပြစ်ကို​ပုံဆောင်​သည်။ (မဿဲ ၁၆:၁၁၊ ၁၂; ၁ ကောရိန္သု ၅:၆၊ ၇) ယေရှု​၌ အပြစ်​မရှိပါ။ ထို့​ကြောင့် ကိုယ်တော်​၏​စုံလင်သော​ကိုယ်ခန္ဓာ​သည် လူသားတို့​အတွက် ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​အဖြစ် အသုံးတော်ခံ​နိုင်​သည်။ (၁ ယောဟန် ၂:၁၊ ၂) ခရစ်တော်​၏​အပြစ်မဲ့​သော သွေးသား​ခန္ဓာကိုယ်​ကို တဆေးမဲ့​မုန့်​က ကိုယ်စား​ပြုခြင်း​သည် သင့်လျော်​လိုက်​လေ​ခြင်း!

ထို့​ပြင် ယေရှုသည် အနီရောင်​စပျစ်​ဝိုင်​အစစ်​ထည့်​ထားသော ခွက်​အတွက် ဆုတောင်း​ပြီး​နောက် “ဤ​ခွက်​ကား ငါ​၏​အသွေး​၌​တည်​သော ပဋိညာဉ်တရား​သစ်​ဖြစ်၏” ဟု​မိန့်တော်မူ​ခဲ့​သည်။ (၁ ကောရိန္သု ၁၁:၂၅) ခွက်​ထဲ​တွင်ရှိသော အနီရောင်​စပျစ်​ဝိုင်​က ယေရှု၏​အသွေးကို​ပုံဆောင်​သည်။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် ဣသရေလ​လူမျိုး​နှင့် ဘုရားသခင်​ဖွဲ့​တော်​မူ​ခဲ့​သော ပညတ်ပဋိညာဉ်​ကို ပူဇော်​ခံ​နွား​နှင့် ဆိတ်​များ​၏​အသွေးက အတည်ပြုခဲ့​သည့်​အတိုင်း​ပင် သေခြင်း​၌​သွန်း​တော်​မူ​ခဲ့​သော ယေရှု၏​အသွေး​သည် ပဋိညာဉ်​သစ်​ကို အတည်ပြုခဲ့​သည်။

မည်သူ​တို့ သုံးဆောင်​ရမည်​နည်း

သတိရအောက်မေ့ပွဲ အထိမ်းအမှတ်​များ​ကို မည်သူ​တို့ သုံးဆောင်​ထိုက်​ကြောင်း ခွဲခြား​သိမြင်​ရန် ပဋိညာဉ်​သစ်​ဟူသည် အဘယ်အရာ​ဖြစ်​ကြောင်း၊ ယင်း​၌ မည်သူ​တို့​ပါဝင်​ကြောင်း နားလည်​ဖို့​လို​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– ‘ထာဝရ​ဘုရားသခင်​မိန့်တော်မူသည်​ကား ... ပဋိညာဉ်တရား​သစ်​ကို ဣသရေလ​အမျိုးသား၊ ယုဒ​အမျိုးသား​တို့​၌ ငါ​ပေး​သော​အချိန်ကာလ​ရောက်​လိမ့်​မည်။ ငါ​ထာဝရ​ဘုရားသခင်​သည် ငါ​၏​ပညတ်တရား​ကို သူတို့​အတွင်း​ထဲ​သို့​သွင်း​မည်။ သူတို့​နှလုံး​ပေါ်မှာ​ရေးထား​မည်။ ငါသည် သူတို့၏​ဘုရားသခင်​ဖြစ်​မည်။ သူတို့​သည်လည်း ငါ​၏​လူ​ဖြစ်​ကြလိမ့်မည်။ ... ငါသည် သူတို့​အပြစ်​များ​ကို သည်းခံ​မည်။ သူတို့​ပြုသော​မကောင်းမှု​များ​ကို မ​အောက်မေ့​ဘဲ​နေမည်ဟု ... မိန့်တော်မူ၏။’—ယေရမိ ၃၁:၃၁-၃၄

ပဋိညာဉ်တရား​သစ်​က ယေဟောဝါ​ဘုရားသခင်​နှင့် အထူး​ဆက်ဆံ​ရေး​တစ်မျိုး ရရှိစေ​သည်။ ဤ​ပဋိညာဉ်​အားဖြင့် လူမျိုးတစ်မျိုး​သည် ကိုယ်တော်​၏​လူမျိုး​ဖြစ်လာ​ပြီး ကိုယ်တော်​သည် သူတို့၏​ဘုရားသခင်​ဖြစ်လာ​သည်။ ယေဟောဝါ​၏​ပညတ်တရား​ကို သူတို့၏​အထဲ၊ သူတို့၏​နှလုံး​ထဲ​၌​ရေးသွင်း​ထားပြီး အရေဖျားလှီး​ခြင်း​ခံ​သော ဂျူး​မဟုတ်​သူများ​ပင် ပဋိညာဉ်​သစ်​ထဲ​ပါ​ဝင်လာ​ကြ​ပြီး ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​ရှိ​နိုင်​ကြသည်။ (ရောမ ၂:၂၉) “နာမတော်​အဖို့ လူ​တစ်မျိုး​ကို​နုတ်ယူ​ခြင်း​ငှာ ရှေ့​ဦးစွာ လူမျိုးခြား​တို့ကို အကြည့်​အ​ရှု​ကြွလာ​တော်​မူ” မည့် ဘုရားသခင့်​ရည်ရွယ်ချက်​အကြောင်း ကျမ်း​ရေးသူ​လုကာ​က​ရေး​သည်။ (တမန်​တော် ၁၅:၁၄) ၁ ပေတရု ၂:၁၀ အရ သူတို့သည် “အထက်​ကလူ​မျိုး​မဟုတ်သော်လည်း ယခု​တွင် ဘုရားသခင်​၏​လူမျိုးတော်​ဖြစ်​ကြ​၏။” သမ္မာကျမ်းစာ​က သူတို့အား “ဘုရားသခင်​၏​ဣသရေလ​အမျိုး” တစ်နည်း​အားဖြင့် ဝိညာဉ်​ရေး​ဣသရေလ​အမျိုး​ဟု ခေါ်ဝေါ်​ထား​သည်။ (ဂလာတိ ၆:၁၆; ၂ ကောရိန္သု ၁:၂၁) သို့​ဖြစ်၍ ပဋိညာဉ်တရား​သစ်​ဟူသည် ယေဟောဝါ​နှင့် ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး​တို့ စပ်ကြား ဖွဲ့​သော​ပဋိညာဉ်​တစ်ခု​ဖြစ်သည်။

တပည့်​များနှင့်​အတူ​ရှိသော နောက်ဆုံး​ည​တွင် ယေရှု​ကိုယ်တော်တိုင် ခြားနား​သော​ပဋိညာဉ်​တစ်ခု​ကို သူတို့နှင့်​ဖွဲ့​ခဲ့​သည်။ သူတို့ကို ကိုယ်တော်​ဤသို့​ဆို​၏– ‘ငါ့​ခမည်းတော်​သည် နိုင်ငံ​တစ်ခု​အတွက် ငါ​နှင့်​ပဋိညာဉ်ဖွဲ့​ထား​သည့်​နည်းတူ ငါသည် သင်တို့​နှင့် ပဋိညာဉ်ဖွဲ့​သည်။’ (လုကာ ၂၂:၂၉က​ဘ) ဤ​ကား ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်​ဖြစ်၏။ မစုံလင်​သော​လူသား ၁၄၄,၀၀၀ တို့သည် ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်​ထဲ ခေါ်ဆောင်​ခံရ​ကြသည်။ သူတို့သည် ကောင်းကင်​သို့ ရှင်ပြန်ထမြောက်​ခံရ​ပြီး​နောက် ဘုရင်​နှင့် ယဇ်ပုရောဟိတ်​များ​အဖြစ် ခရစ်တော်​နှင့်အတူ အုပ်စိုး​ကြ​မည်။ (ဗျာ. ၅:၉၊ ၁၀; ၁၄:၁-၄) သို့ဖြင့် ယေဟောဝါ​ဘုရားသခင်​နှင့် ပဋိညာဉ်​သစ်​ဖွဲ့​ထား​သူများ​သည် ယေရှု​ခရစ်​နှင့်​လည်း ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်ဖွဲ့​ထား​သူများ​ဖြစ်​ကြသည်။ သူတို့သာလျှင် သခင့်​ညစာ​စားပွဲ​၏ အထိမ်းအမှတ်​များ​ကို သုံးဆောင်​ထိုက်​ပါ​သည်။

သတိရအောက်မေ့ပွဲ အထိမ်းအမှတ်​များ​ကို စား​ထိုက်​သူများ​အနေ​နှင့် မိမိတို့သည် ဘုရားသခင်​နှင့် ထူးခြားသော​ဆက်ဆံ​ရေး​ရှိပြီး ခရစ်တော်​နှင့် တွဲဖက်​အမွေခံများ​ဖြစ်​ကြောင်း မည်သို့​သိရှိ​ကြ​သနည်း။ ပေါလု​ဤသို့​ရှင်းပြသည်– “ငါ​တို့သည် ဘုရားသခင်​၏​သား​ဖြစ်​ကြသည်​ဟု [သန့်ရှင်းသော] ဝိညာဉ်တော်သည် ငါ​တို့၏​ဝိညာဉ် [စိတ်သဘော] နှင့်အတူ သက်သေခံ​တော်​မူ​၏။ သား​မှန်​လျှင်​အမွေခံ၊ ဘုရားသခင်​၏​အမွေခံ​ဖြစ်​ကြ​၏။ ခရစ်တော်​နှင့်အတူ​ဘုန်းဝင်စား​မည်​အကြောင်း၊ ထို​သခင်​နှင့်အတူ ဆင်းရဲ ... ကို​ခံရ​လျှင်၊ ထို​သခင်​နှင့်​ဆက်ဆံ​သော အမွေခံ​လည်း​ဖြစ်​ကြ​၏။”—ရောမ ၈:၁၆၊ ၁၇

ဘုရားသခင်​သည်​ခရစ်တော်​၏​တွဲဖက်​အမွေခံများ​ကို ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော် သို့​မဟုတ် တက်ကြွ​လှုပ်ရှား​သော​စွမ်းအား​ဖြင့် ခန့်အပ်​တော်​မူ​၏။ ထို​ဝိညာဉ်​တော်​က သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​အမွေခံများ​ဖြစ်​ကြောင်း သေချာ​စေ​သည်။ ယင်းက ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​စိတ်​တွင် ကောင်းကင်​မျှော်လင့်ချက်​ဖြစ်ပေါ်​စေ​သည်။ ကောင်းကင်​အသက်တာ​အကြောင်း ကျမ်းစာ​ဖော်ပြ​သမျှ​သည် မိမိတို့​နှင့်​သက်ဆိုင်​သည်​ဟု သူတို့​ယူမှတ်​ကြသည်။ ထို့​ပြင် သူတို့သည် မြေကြီး​အသက်တာ​နှင့် လူမှု​ဆက်ဆံ​ရေး​အားလုံး​အပါအဝင် မြေကြီး​နှင့်​ဆိုင်သော​အရာ​ဟူသ၍​ကို စွန့်လွှတ်​ရန်​အသင့်ရှိ​ကြသည်။ မြေကြီး​ပရဒိသု​တွင် အသက်ရှင်​ရခြင်း​သည် နှစ်သက်​ပျော်ရွှင်ဖွယ်​ကောင်း​မည်​ကို ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တို့ သိရှိ​ထား​ကြသော်လည်း ယင်းသည် သူတို့၏ မျှော်လင့်ချက်​မဟုတ်ပါ။ (လုကာ ၂၃:၄၃) မှားယွင်းသော​ဘာသာရေး​ရှုမြင်ချက်​ကြောင့်​မဟုတ်ဘဲ ဘုရားသခင့်​ဝိညာဉ်​တော်​လှုပ်ရှားမှု​ကြောင့် သူတို့တွင် မပြောင်းလဲ​နိုင်သော ကောင်းကင်​မျှော်လင့်ချက်​ရှိသည့်​အတွက် သတိရအောက်မေ့ပွဲ​အထိမ်းအမှတ်​များ​ကို သင့်လျော်​စွာ သုံးဆောင်​ကြသည်။

တစ်ဦး​တစ်ယောက်​သည် ပဋိညာဉ်​သစ်​နှင့် ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်​၌ မိမိ​ပါဝင်​ကြောင်း မသေ​မ​ချာ​ဖြစ်သည်​ဆိုပါစို့။ မိမိသည် ခရစ်တော်​နှင့်​တွဲဖက်​အမွေခံ​ဖြစ်​ကြောင်း ဘုရားသခင့်​ဝိညာဉ်​တော်​၏ သက်သေခံချက်​ကိုလည်း​မရ ဖြစ်​နေလျှင်​ကော အသို့နည်း။ သို့​ဖြစ်​လျှင် သတိရအောက်မေ့ပွဲ​အထိမ်းအမှတ်​များ​ကို သုံးဆောင်ခြင်း​သည် မှား​ပေ​လိမ့်​မည်။ အမှန်​မှာ မိမိသည် ကောင်းကင်ဘုရင်၊ ယဇ်ပုရောဟိတ်​အဖြစ် အမှန်တကယ် ခေါ်တော်မူ​ခြင်း​မခံရ​ကြောင်း သိ​လျက်​နှင့် ခေါ်တော်မူ​ခြင်း​ခံရ​သည်​ဟု​ဆို​သူ မည်သူ​ကို​မဆို ဘုရားသခင် နှစ်သက်​လိမ့်​မည်​မဟုတ်​ချေ။—ရောမ ၉:၁၆; ဗျာ. ၂၂:၅

အကြိမ်​မည်မျှ ကျင်းပ​ရမည်​နည်း

ယေရှု၏​သေခြင်းကို​အပတ်စဉ် သို့​မဟုတ် နေ့စဉ်​ပင် ကျင်းပ​သင့်​သလော။ခရစ်တော်​သည် သခင့်​ညစာ​စားပွဲ​ကို စတင်​ကျင်းပ​ပြီး​နောက် ပသခါပွဲ​နေ့​ဖြစ်သော အီဂျစ်​ပြည်​ကျွန်​ဘဝ​မှ ဣသရေလ​လူမျိုး​တို့​လွတ်မြောက်​လာ​ခြင်း​ကို​အထိမ်းအမှတ်​အဖြစ် ကျင်းပ​သည့်​နေ့တွင် ကိုယ်တော် မတရား​အသတ်ခံခဲ့ရ​သည်။ ပသခါပွဲ​ကို နိသန်လ ၁၄ ရက်​နေ့တွင် တစ်နှစ်​တစ်ကြိမ်​သာ ကျင်းပ​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၁၂:၆၊ ၁၄; ဝတ်ပြုရာ ၂၃:၅) သို့​ဖြစ်၍ “ခရစ်တော်​တည်း​ဟူသော ငါ​တို့​ပသခါ​သိုးသငယ်” ၏​သေခြင်းကို အပတ်စဉ် သို့​မဟုတ် နေ့စဉ်​မဟုတ်ဘဲ တစ်နှစ်​လျှင်​တစ်ကြိမ်​သာ သတိရအောက်မေ့ပွဲ ကျင်းပ​သင့်​သည်။ (၁ ကောရိန္သု ၅:၇) ခရစ်ယာန်​များသည် သခင့်​ညစာ​စားပွဲ​ကို ယေရှု​စတင်​ကျင်းပ​ခဲ့​စဉ်​က ပုံစံ​အတိုင်း ကျင်းပ​ကြသည်။

သို့​ဖြစ်​လျှင် “သင်တို့သည် ထို​မုန့်ကို​စား၍ ထို​ခွက်​ကို​သောက်​သောအခါ​ခါ အရှင်​ဘုရား​အသေခံ​တော်​မူ​ခြင်း​ကို ကြွလာ​တော်​မူ​သည်​တိုင်အောင် ဖော်ပြ​ကြ​၏” ဟူသော ပေါလု​၏​စကား​များ​က ဘာကို​ဆိုလို​သနည်း။ (၁ ကောရိန္သု ၁၁:၂၆သမ္မာ) ဤ​ကျမ်းချက်​တွင် ပေါလု​သည် “အကြိမ်တိုင်း” သို့​မဟုတ် “အခါတိုင်း” ဟု​အဓိပ္ပာယ်​ရှိသော​စကားလုံး​ကို အသုံးပြု​ခဲ့​သည်။ ထို့​ကြောင့် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် အထိမ်းအမှတ်​များ​ကို သုံးဆောင်​သည့်​အခါတိုင်း သူတို့သည် ယေရှု၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်​ကြောင်း ကြေညာ​ကြ​မည်​ဟု သူ​ပြောနေခြင်း​ဖြစ်သည်။

ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ခရစ်တော်​၏​သေခြင်းကို“ကြွလာ​တော်​မူ​သည်​တိုင်အောင်”ကျင်းပ​ကြ​ပါ​မည်။ ကိုယ်တော် ‘ရောက်ရှိ​နေချိန်’အတွင်း​ဝိညာဉ်​အသက်တာ​သို့ ရှင်ပြန်ထမြောက်​စေခြင်း​အားဖြင့် မိမိ၏​ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များ​ကို သိမ်းဆည်း​ရန် ယေရှု​ရောက်ရှိချိန်​တိုင်အောင် ဤ​ပွဲတော်​ကို သူတို့ ဆက်​ကျင်းပ​နေကြ​မည်။ (၁ သက်သာလောနိတ် ၄:၁၄-၁၇) ယင်းသည် တည်ကြည်သော​တမန်​တော် ၁၁ ပါး​အား မိန့်မှာ​ခဲ့​သော ခရစ်တော်​၏​ဤ​စကား​နှင့် ကိုက်ညီ​ပါ​သည်– “ငါသည်​သွား​၍ သင်တို့​နေစရာ​အရပ်​ကို​ပြင်ဆင်​ပြီး​မှ တစ်ဖန်​လာ​ပြန်၍၊ ငါ​ရှိရာ​အရပ်၌ သင်တို့​ရှိစေ​ခြင်း​ငှာ သင်တို့ကို ငါ့​ထံ​သို့​သိမ်းဆည်း​မည်။”—ယောဟန် ၁၄:၃

သင့်အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း

ယေရှု၏​ပူဇော်ရာ​ယဇ်​မှ အကျိုး​ခံစား​ရပြီး မြေကြီးပေါ် ထာဝရ​အသက်​ရရှိရန် သတိရအောက်မေ့ပွဲ​အထိမ်းအမှတ်​များ​ကို သုံးဆောင်ဖို့​လို​ပါသလော။ မလိုပါ။ ဘုရားသခင်​ကို​ကြောက်ရွံ့​သူများ​ဖြစ်သော နောဧ၊ အာဗြဟံ၊ စာရာ၊ ဣဇာက်၊ ရေဗက္က၊ ယောသပ်၊ မောရှေ​နှင့် ဒါဝိဒ်​တို့သည် မြေကြီးပေါ် ထမြောက်​လာကြပြီး​နောက် ဤ​အထိမ်းအမှတ်​များ​ကို သုံးဆောင်​ကြလိမ့်မည်​ဟု သမ္မာကျမ်းစာ​တွင် အဘယ်​နေရာ၌​မျှ မ​တွေ့ရ​ပါ။ သို့သော် သူတို့နှင့် မြေကြီးပေါ် အဆုံးမဲ့​အသက် ခံစား​လို​သူအား​လုံး​တို့သည် ဘုရားသခင်​နှင့် ခရစ်တော်​ကိုလည်း​ကောင်း၊ ယေဟောဝါ​ပြင်ဆင်​ပေး​သော ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို​လည်းကောင်း ယုံကြည်​ကြောင်း​တင်ပြ​ရ​ကြ​မည်။ (ယောဟန် ၃:၃၆; ၁၄:၁) ထာဝရ​အသက်​ရရှိဖို့ အသင်​လည်း ထိုသို့​သော​ယုံကြည်ခြင်းကို တင်ပြ​ရမည်။ ခရစ်တော်​၏​သေခြင်းကို နှစ်ပတ်လည်​ကျင်းပ​ချိန်​၌ သင်​ရောက်ရှိ​နေခြင်း​က ထို​ကြီးမြတ်သော​ပူဇော်ရာ​ယဇ်ကို သတိရ​စေပြီး ယင်းကို ကျေးဇူး​တင်​လေးမြတ်စိတ် တိုး​စေ​သင့်​သည်။

တမန်​တော်​ယောဟန်​က ‘သင်တို့ [ဝိညာဉ်​တော်​ဖွား​ရောင်းရင်း​များ] သည် မကောင်းမှုကို​မပြု​စေခြင်း​ငှာ ဤ​အရာများ​ကို သင်တို့အား​ငါ​ရေး​၍​ပေး​လိုက်​၏။ တစ်စုံ​တစ်ယောက်​သော​သူသည် မကောင်းမှုကို​ပြု​မိ​လျှင်၊ ဖြောင့်မတ်​တော်​မူ​သော​အရှင်​ယေရှု​ခရစ်​တည်း​ဟူသော ငါ​တို့​အမှုဆောင်​သခင်သည် ခမည်းတော်​ထံ​၌​ရှိ​တော်​မူ​၏။ ထို​သခင်သည် ငါ​တို့၏​အပြစ်​မ​က၊ လောကသား​အပေါင်း​တို့၏ အပြစ်ဖြေ​စ​ရာ​အကြောင်း​ဖြစ်​တော်​မူ​၏’ ဟု​ဆို​သောအခါ ယေရှု၏​ပူဇော်ရာ​ယဇ်​အရေးပါမှု​ကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ (၁ယောဟန် ၂:၁၊ ၂) ယေရှု၏​ပူဇော်ရာ​ယဇ်​သည် မိမိတို့၏​အပြစ်ဖြေ​စ​ရာ​အကြောင်း​ဖြစ်သည်ဟု ဝိညာဉ်​တော်​ဖွား​များ ဆိုနိုင်​ပါ​သည်။ သို့ရာတွင် ကိုယ်တော်​သည် တစ်လောက​လုံး​၏​အပြစ်​အတွက် ပူဇော်ရာ​ယဇ်​လည်း​ဖြစ်​သဖြင့် နာခံမှု​ရှိသူ​များ​ကို ထာဝရ​အသက်​ရစေ​နိုင်​ပါ​သည်!

၂၀၀၄၊ ဧပြီလ ၄ ရက်​နေ့တွင် ယေရှု၏​သေခြင်းကို သတိရအောက်မေ့ပွဲ​ကျင်းပ​သောအခါ သင်​တက်ရောက်​မည်​လော။ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ အစည်းအဝေး​ကျင်းပ​ရာ နေရာများ​၌ ထို​ပွဲတော်​ကို ကျင်းပ​ကြ​ပါ​မည်။ အသင်​သည် ထို​ပွဲတော်​ကို​တက်ရောက်​ပါ​က အလွန်​အရေးကြီးသော ကျမ်းစာ​ဟောပြောချက်​မှ အကျိုး​ခံစားရ​ပါ​လိမ့်​မည်။ ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့သည် ကျွန်ုပ်​တို့အတွက် မည်မျှ​လုပ်ဆောင်ပေး​ခဲ့​ကြ​ကြောင်း ပြန်သတိရ​စေပါ​လိမ့်​မည်။ ဘုရားသခင်​နှင့် ခရစ်တော်​ကိုလည်း​ကောင်း၊ ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို​လည်းကောင်း အလွန်​ရိုသေ​လေးမြတ်သူ​တို့​နှင့်အတူ စည်းဝေး​ခြင်း​က​လည်း ဝိညာဉ်​ရေး​ဘက် အကျိုး​ဖြစ်ထွန်း​စေပါ​လိမ့်​မည်။ ဘုရားသခင်​၏​မခံစားထိုက်သော​ကြင်နာ​မှု​ကို ခံစားရ​သဖြင့် ထာဝရ​အသက်​ရမည့်​သူ​တစ်ဦး​ဖြစ်​လို​သော​ဆန္ဒ​ကိုလည်း ယင်းက တိုးပွား​ခိုင်ခံ့​စေနိုင်​သည်။ ထို​အခါသမယ​ကို တက်ရောက်​ရန် မည်သည့်​အရာ​က​မျှ မ​ဟန့်တား​ပါစေ​နှင့်။ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်၊ ယေဟောဝါ​ဘုရားသခင်​ကို ဂုဏ်တင်​ချီးမြှောက်​ပြီး စိတ်တော်နှင့်​တွေ့​စေသော ဤ​ကြည်နူး​အားရဖွယ် အထိမ်းအမှတ်ပွဲ​ကို တက်ရောက်​ကြည့်​ပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှု၏​သေခြင်း​သည် အကြီးမားဆုံး မေတ္တာ​ဖော်ပြချက်​နှစ်ရပ်​နှင့် ဆက်စပ်​နေ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

တဆေးမဲ့​မုန့်​နှင့် စပျစ်​ဝိုင်​တို့သည် ယေရှု ၏​အပြစ်မဲ့​ကိုယ်ခန္ဓာ​နှင့် သွန်း​တော် မူ​ခဲ့​သော​အသွေးတော်​တို့၏ ဆီလျော်​သော​အထိမ်းအမှတ်​များ​ဖြစ်