မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်၏ခရစ်ယာန်ဓမ္မအမှုကို အပြည့်အဝကျေပွန်စေလော့”

“သင်၏ခရစ်ယာန်ဓမ္မအမှုကို အပြည့်အဝကျေပွန်စေလော့”

“သင်၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ကျေပွန်​စေ​လော့”

“သင်၏​အမှုတော်​ဆောင်​အရာ​နှင့်​ဆိုင်သော ဝတ်များ​ကို အကုန်အစင်​ပြု​လော့။”—၂ တိမောသေ ၄:၅၊ သမ္မာ။

၁၊ ၂။ ခရစ်ယာန်​အားလုံး​သည် ဧဝံဂေလိ​ဟောပြောသူများ​ဖြစ်​ကြသော်လည်း အကြီးအကဲ​များ​ကို အဘယ်​ကျမ်းစာ​ဆိုင်ရာ​တောင်းဆို​ထား​သနည်း။

သင်သည် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​လော။ သို့​ဆိုလျှင် ဤ​အခွင့်ထူး​ကြီး​အတွက် ယေဟောဝါ​ဘုရားသခင်​ကို ကျေးဇူး​တင်​ပါ။ သင်သည် အသင်းတော်​အကြီးအကဲ​တစ်ဦး​လော။ ယင်းသည် ယေဟောဝါ​ထံ​မှ ထပ်ဆင့်​အခွင့်ထူး​ဖြစ်သည်။ သို့သော် ခရစ်ယာန်​ဓမ္မ​အမှု​အတွက် သို့​မဟုတ် အသင်းတော်ကို​ကြီးကြပ်​ရန်​အတွက် လောက​ပညာရေး​က​ဖြစ်စေ၊ အာဝဇ္ဇန်း​ကောင်းကောင်း​နှင့် စကားပြော​ဆိုနိုင်​စွမ်း​က​ဖြစ်စေ မည်သူ​တစ်ဦး​တစ်ယောက်ကို​မျှ အရည်အချင်း​ပြည့်မီ​စေ​သည်မဟုတ်​ကြောင်း သတိရပါ။ ခရစ်ယာန်​ဓမ္မ​အမှုကို ထမ်းဆောင်​ရန်​အတွက် ကျွန်ုပ်​တို့​တွင် လုံလောက်​စွာ အရည်အချင်း​ပြည့်မီ​စေ​သူ​မှာ ယေဟောဝါ​ရှင်​ပင်​ဖြစ်သည်၊ ကျွန်ုပ်​တို့​ထဲ​မှ​တချို့ ကြီးကြပ်မှူး​များ​အဖြစ် အမှုဆောင်ခွင့်​ရ​ကြ​ခြင်း​မှာ ကျမ်းစာ​ဆိုင်ရာ​တောင်းဆိုချက်​များ ပြည့်မီ​ကြ​၍​သာ​ဖြစ်သည်။—၂ ကောရိန္သု ၃:၅၊ ၆; ၁ တိမောသေ ၃:၁-၇

ဆက်ကပ်​အပ်နှံ​ထား​သည့် ခရစ်ယာန်​အားလုံး ဧဝံဂေလိ​ဟောပြောသူများ ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်​ကြသော်လည်း အထူးသဖြင့် ကြီးကြပ်မှူး​များ၊ သို့​မဟုတ် အကြီးအကဲ​များသည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပုံသက်သေ​ကောင်း​ချမှတ်​ဖို့​လို​ပေ​သည်။ “ဟောပြောခြင်း၊ သွန်သင်ခြင်း​အမှု၌ ကြိုးစား​အားထုတ်​သော” အကြီးအကဲ​များ​ကို ဘုရားသခင်​နှင့် ခရစ်တော်​တို့​သာမက ယေဟောဝါသက်သေ​ချင်း​တို့​က​ပင် သတိပြုမိ​ကြ​၏။ (၁ တိမောသေ ၅:၁၇က​ဘ; ဧဖက် ၅:၂၃; ဟေဗြဲ ၆:၁၀-၁၂) မည်သည့်​အခြေအနေ​အောက်တွင်​မဆို အကြီးအကဲ​တစ်ဦး၏ သွန်သင်ချက်​သည် ဝိညာဉ်​ရေး​ကို သာ၍​ကျန်း​ခံ့​လာ​စေ​ရမည်၊ အကြောင်း​မှာ ကြီးကြပ်မှူး​ဖြစ်သူ တိမောသေ​အား တမန်​တော်​ပေါလု​က ဤသို့​ပြောဆို​ခဲ့​၍​တည်း– “အကြောင်း​မူ​ကား လူတို့သည် စင်ကြယ်သော [“ကျန်း​ခံ့​သော၊” သ​မ][ဆုံးမ​စကား]ကို​မနာခံ​ဘဲ ယား​တတ်သော​နား​ရှိ​လျက် မိမိတို့​တပ်မက်​ခြင်း​များ​အတိုင်း များပြား​သော​ဆရာ​တို့ကို ကိုယ့်​အဖို့​တင်မြှောက်​ကြ​၍၊ [အမှန်]တရားကို နားမထောင်​ဘဲ ဒဏ္ဍာရီ​စကား​ကို နားထောင်​၍ လွဲသွား​ကြသော အချိန်ကာလ​ရောက်​လိမ့်​မည်။ သင်​မူ​ကား အရာရာ၌ ... သတိရှိ​စေ​လော့။ ဆင်းရဲ[ခြင်း]ကို​ခံ​လော့။ ဝမ်းမြောက်​ဖွယ်​သတင်း​တော်​ဆရာ ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်​လော့။ သင်၏​အမှုတော်​ဆောင်​အရာ​နှင့်​ဆိုင်သော ဝတ်များ​ကို အကုန်အစင်​ပြု​လော့။”—၂ တိမောသေ ၄:၃-၅သမ္မာ။

၃။ မှားယွင်းသော​သွန်သင်ချက်​များ​က​အသင်းတော်​၏​ဝိညာဉ်​ရေး​ကို အန္တရာယ်​မပြု​စေရန် အဘယ်အရာ​များ​ကို လုပ်ဆောင်ဖို့​လိုအပ်​သနည်း။

မှားယွင်းသော​သွန်သင်ချက်​များ​က အသင်းတော်​၏​ဝိညာဉ်​ရေး​ကို အန္တရာယ်​မပြုဖို့ သေချာ​စေရန် ကြီးကြပ်မှူး​တစ်ဦး​သည် ပေါလု​၏ ဤ​ဆုံးမ​စကား​ကို လိုက်နာ​ကြ​ရမည်– ‘အရာရာ၌ ကောင်းသော​သတိရှိ​စေ​လော့၊ ... သင်၏​အမှုတော်​ဆောင်​အရာ​နှင့်​ဆိုင်သော ဝတ်များ​ကို​အကုန်အစင်​ပြု​လော့။’ (၂ တိမောသေ ၄:၅သမ္မာ) မှန်ပါသည်၊ အကြီးအကဲ​တစ်ဦး​သည် ‘မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ကျေပွန်​စေ’ ဖို့ လိုအပ်​သည်။ ယင်းကို အပြည့်အဝ၊ အကုန်အစင်​သယ်ပိုး​ဆောင်ရွက်​ရ​ပေမည်။ မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ဆောင်ရွက်​သည့် အကြီးအကဲ​တစ်ဦး​သည် မိမိ၏​တာဝန်​မှန်သမျှကို ကောင်းကောင်း​ဂရုပြု​ကာ အဘယ်အရာကို​မျှ လျစ်လျူ​မ​ရှု​တတ်၊ သို့​မဟုတ် တစ်ဝက်​တစ်​ပျက်​နှင့် မထားတတ်​ချေ။ ထိုသို့​သော​သူသည် သေးငယ်သော​အရာများ​၌​ပင် ယုံကြည်​စိတ်ချ​ထိုက်​သူ​ဖြစ်၏။—လုကာ ၁၂:၄၈; ၁၆:၁၀

၄။ ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ကျေပွန်​စေရန် အဘယ်အရာ​သည် ကျွန်ုပ်​တို့အတွက် အကူအညီ​ဖြစ်​နိုင်​သနည်း။

ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ကျေပွန်​စေဖို့ အချိန်ပို​လုပ်ရန် အမြဲ​မလို​အပ်​ပေ၊ သို့သော် အချိန်ကို ကောင်းစွာ​အသုံးပြု​တတ်​ရန်​မှာ​မူ လိုအပ်​၏။ တ​စိုက်​မတ်​မတ်​လုပ်ဆောင်​သွားခြင်းက ခရစ်ယာန်​အားလုံး ခရစ်ယာန်​ဓမ္မ​အမှု​တွင် အရာ​ရာ​ပြီးမြောက်​အောင်မြင်​စေဖို့ အကူအညီ​ပေး​နိုင်​ပါ​သည်။ အကြီးအကဲ​တစ်ဦး​သည် လယ်ကွင်း​ဓမ္မ​အမှု​တွင် အချိန်ပို​သုံးနိုင်​ရန် မိမိ၏​ဇယား​ကို ချိန်ညှိ​ခြင်း၊ အဘယ်​တာဝန်​ကို ခွဲ​ဝေပေး​ရမည်၊ မည်သို့​လုပ်ဆောင်​ရမည်​တို့ကို သိရှိခြင်း​တည်း​ဟူသော ကိုယ်ပိုင်​ဖွဲ့စည်း​စီစဉ်​မှု​ကောင်း​ရှိဖို့လို​သည်။ (ဟေဗြဲ ၁၃:၁၇) ရိုသေ​လေးစား​အပ်သော​အကြီးအကဲ​တစ်ဦး​သည် ယေရုရှလင်​မြို့ရိုး​တည်ဆောက်ရေး​တွင် ကိုယ်တိုင်​ပါဝင်​ဆောက်လုပ်​ခဲ့​သည့် နေဟမိ​ကဲ့သို့​ပင် တာဝန်​ကိုယ်စီ​ထမ်းဆောင်​သည်​မှာ လုပ်သင့်​လုပ်​အပ်​ရာ​ဖြစ်သည်။ (နေဟမိ ၆:၁၅) ယေဟောဝါ​၏​ကျေးကျွန်​အားလုံး​တို့သည် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်​သင့်​သည်။—၁ ကောရိန္သု ၉:၁၆-၁၈

၅။ ခရစ်ယာန်​ဓမ္မ​အမှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​မည်သို့​ခံစား​သင့်​သနည်း။

တည်ထောင်​ပြီး​သော ကောင်းကင်​နိုင်ငံတော်​၏ ကြွေးကြော်​သူများ​အဖြစ် ကျွန်ုပ်​တို့သည် အလွန်​ပျော်စရာ​ကောင်းသော တာဝန်ရ​ရှိ​ထား​ပေ​သည်! အဆုံး​မရောက်မီ လူ​တို့​မှီတင်း​နေထိုင်ရာ ကမ္ဘာ​မြေ​အရပ်ရပ် သတင်းကောင်း​ဟောပြောခြင်း​၌ ပါဝင်​ရသည့်​အခွင့်ထူး​ကို ကျွန်ုပ်​တို့​အမှန်ပင်​မြတ်နိုးကြ​၏။ (မဿဲ ၂၄:၁၄) ကျွန်ုပ်​တို့သည် မစုံလင်​ကြသော်လည်း ပေါလု​၏ ဤ​စကား​များ​ဖြင့် အားယူနိုင်​သည်– “အလွန်​ထူးမြတ်​သော ထို​တန်ခိုးတော်​သည် ငါ​တို့​နှင့်​မဆိုင်၊ ဘုရားသခင်​နှင့်​ဆိုင်​ကြောင်း​ထင်ရှား​စေရန် [ခရစ်ယာန်​ဓမ္မ​အမှု​ဆိုင်ရာ] ထို​ဘဏ္ဍာ​သည် မြေအိုး​ထဲမှာ​ထည့်​ထား​လျက် ငါ​တို့​၌​ရှိ၏။” (၂ ကောရိန္သု ၄:၇သမ္မာ) မှန်ပါသည်၊ ကျွန်ုပ်​တို့သည် ဘုရားသခင်​ပေး​ခွန်အား​နှင့် ဉာဏ်ပညာ​တို့အား​ဖြင့်​သာ အမှုတော်ကို လက်ခံ​နိုင်​တော်​မူ​ဖွယ်​ဖြစ်အောင် ထမ်းဆောင်​နိုင်​ကြ​ပါ​သည်။—၁ ကောရိန္သု ၁:၂၆-၃၁

ဘုရားသခင့်​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​ခြင်း

၆။ ပကတိ​ဣသရေလ​နှင့် ဝိညာဉ်​ရေး​ဣသရေလ​တို့​စပ်ကြား အဘယ်​ကွာခြား​ချက်​ရှိ​သနည်း။

ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို ရည်ညွှန်း​လျက် ဘုရားသခင်​သည် “ပဋိညာဉ်တရား​သစ်​၏ အမှုတော်​ဆောင်​ဖြစ်​နိုင်သော အစွမ်း​သတ္တိ​ကို ... ငါ​တို့​အားပေး​တော်​မူ​၏” ဟု ပေါလု​ဆို​၏။ တမန်​တော်​သည် ယေရှု​ခရစ်​မှ​တစ်ဆင့် ဝိညာဉ်​ရေး​ဣသရေလလူ​မျိုး​များ​ဖွဲ့​ခဲ့​ကြ​သည့် ပဋိညာဉ်​သစ်​နှင့် မောရှေ​မှ​တစ်ဆင့် ပကတိ​ဣသရေလ​လူမျိုး​တို့​ဖွဲ့​ခဲ့​ကြ​သည့် ပညတ်ပဋိညာဉ်​ဟောင်း​တို့ ခြားနား​ကြောင်း နှိုင်းယှဉ်​ပြ​သည်။ ပညတ်တော်​ဆယ်ပါး​ပါရှိ​သည့် ကျောက်ပြား​များ​ဖြင့် သိနာ​တောင်​မှ မောရှေ​ဆင်းလာ​ခဲ့​ချိန်​က သူ၏​မျက်နှာ​သည် အလွန်​တောက်ပ​နေရ​ကား ဣသရေလလူ​မျိုး​များ စိုက်ကြည့်​၍​မရနိုင်​ခဲ့​ကြောင်း ပေါလု​ထပ်လောင်း​ပြောဆို​၏။ အတန်ကြာ​လေ​သော် သူတို့တွင် များစွာ​သာ၍ စိုးရိမ်ဖွယ်​အခြေအနေ ဖြစ်​ခဲ့​လေ​သည်၊ အကြောင်း​မှာ ‘သူတို့​စိတ်နှလုံး​သည် ထုံထိုင်း’ ပြီး အကာ​ဖုံးသွား​ခြင်း​တည်း။ သို့ရာတွင် ယေဟောဝါ​ထံ စိတ်နှလုံး​အကြွင်းမဲ့ ကိုးကွယ်​ဆည်းကပ်​ဖို့ ပြန်လှည့်​လာသော​အခါ​တွင်​မူ အဆိုပါ​ဖုံးအုပ်​မှု​မှာ ဖယ်ရှားပစ်​ခြင်း​ခံရ​၏။ ထို​နောက်​တွင် ပဋိညာဉ်​သစ်​တွင်​ပါဝင်သူ​တို့အား အပ်ပေး​ထား​သည့် ခရစ်ယာန်​ဓမ္မ​အမှုကို​ရည်ညွှန်း​လျက် ပေါလု​က “ငါ​တို့​ရှိသမျှသည် မျက်နှာဖုံး​မပါဘဲ​လျက် ကြေး​မုံ​ကို​ကြည့်​သကဲ့သို့ [ယေဟောဝါ]၏​ဘုန်းတော်​ကို [“ရောင်ပြန်ဟပ်၊” က​ဘ] ကြ​၏” ဟု​ဆို​လေ​သည်။ (၂ ကောရိန္သု ၃:၆-၈၊ ၁၄-၁၈သမ္မာ; ထွက်မြောက်ရာ ၃၄:၂၉-၃၅) ယနေ့ ယေရှု၏ “အခြားသိုး” တို့သည်​လည်း ယေဟောဝါ​၏​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​ခွင့်​ရ​ကြ​၏။—ယောဟန် ၁၀:၁၆

၇။ လူတို့သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မည်သို့​ရောင်ပြန်ဟပ်​နိုင်​ကြ​သနည်း။

ဘုရားသခင်​၏ မျက်နှာတော်​ကို​မြင်​၍ အသက်ရှင်​နိုင်​သူ​မရှိ​ရ​ကား အပြစ်ရှိ​လူသား​တို့သည် ကိုယ်တော်​၏​ဘုန်းတော်​ကို မည်သို့​ရောင်ပြန်ဟပ်​နိုင်​ကြ​သနည်း။ (ထွက်မြောက်ရာ ၃၃:၂၀) ယေဟောဝါ​ကိုယ်တော်တိုင်​၏ ဘုန်းတော်​အပြင် မိမိ၏​နိုင်ငံတော်​အားဖြင့် မိမိ၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို သံသယ​ကင်းရှင်း​စေ​မည့် ဘုန်း​ရှိသော ရည်ရွယ်တော်မူချက်​လည်း ရှိ​နေပါ​သည်။ အမှန်တရား​များသည် “ဘုရားသခင်​၏ အံ့ဖွယ်သော​အမှုတို့” တွင် ပါဝင်သော ဘုရားသခင့်​နိုင်ငံတော်​နှင့် ဆက်စပ်​လျက်​ရှိပြီး ယင်း​အံ့ဖွယ်အမှု​တို့ကို စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် သန့်ရှင်းသော​ဝိညာဉ်​တော်​သွန်းလောင်း​ခံ​ထား​ရသူ​တို့​က စတင်​ကြွေးကြော်​ခဲ့​သည်။ (တမန်​တော် ၂:၁၁) ဝိညာဉ်​တော်​၏​လမ်းညွှန်မှုဖြင့် သူတို့အား အပ်နှင်း​ထား​သည့် ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ထမ်းဆောင်​နိုင်​ကြ​မည်​ဖြစ်၏။—တမန်​တော် ၁:၈

၈။ ခရစ်ယာန်​ဓမ္မ​အမှု​နှင့်​စပ်လျဉ်း၍ ပေါလု အဘယ်​သို့​ပြု​ရန် ဆုံးဖြတ်ထား​သနည်း။

ပေါလု​သည် မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှု အပြည့်အဝ​ထမ်းဆောင်ခြင်း​ကို အဘယ်အရာကမျှ မ​ဟန့်တား​စေရန် ဆုံးဖြတ်ချက်​ချထား​သည်။ သူ​ဤသို့​ရေးသားခဲ့​၏– “ထို​ကြောင့် ငါ​တို့သည် ထိုသို့​သော​တရား​၏​အမှု [“ဤ​ခရစ်ယာန်​ဓမ္မ​အမှု၊” က​ဘ] ကို ဆောင်ရွက်​သော​သူ​ဖြစ်၍ [သနား​ညှာတာမှု]ကို​ခံရ​သည်​နှင့်​အညီ အားလျော့​စိတ်ပျက်ခြင်း​နှင့် ကင်းလွတ်​ကြ​၏။ ရှက်ကြောက်ခြင်း​နှင့်​ဆိုင်​သည့် ဝှက်ထား​သော​အမှု​များ​ကို​ပယ်​ကြ​၏။ ပရိယာယ်​ကို​မ​သုံး၊ ဘုရားသခင်​၏​နှုတ်[မြွက်]တရားတော်​ကို ထိမ်ဝှက်​မှောက်လှန်​ခြင်း​မရှိ။ [အမှန်]တရားကို အ​တည့်​အလင်း​ဖော်ပြ​၍ ဘုရားသခင့်​ရှေ့တော်၌ လူအပေါင်း​တို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​အတိုင်း ချီးမွမ်းဖွယ်​သော​အကျင့်ဓလေ့​ကို ကျင့်​ကြ​၏။” (၂ ကောရိန္သု ၄:၁၊ ၂သမ္မာ) ပေါလု ခေါ်ဝေါ်​သော “ဤ​ခရစ်ယာန်​ဓမ္မ​အမှု” အားဖြင့် အမှန်တရားကို ထင်ရှားစေ​ကာ ဝိညာဉ်​ရေး​အလင်း​ကို နှံ့ပြား​ထွန်းလင်း​စေ​ခဲ့​သည်။

၉၊ ၁၀။ ယေဟောဝါ​၏​ဘုန်းတော်​ကို​ရောင်ပြန်ဟပ်​ရန် မည်သို့​ဖြစ်​နိုင်​ပါ​မည်​နည်း။

ပကတိ​နှင့်​ဝိညာဉ်​ရေး​ဆိုင်ရာ​အလင်း​တို့၏ ရင်းမြစ်​နှင့်​စပ်လျဉ်း၍ ပေါလု​ဤသို့​ရေး​သည်– “‘မှောင်မိုက်​ထဲ​က အလင်းထွန်းလင်း​ရမည်’ဟု မိန့်တော်မူသော​ဘုရားသခင်​သည် ယေရှု​ခရစ်​၏​မျက်နှာတော်​၌​ထွန်းလင်း​သော ဘုရားသခင်​၏​ဘုန်းတော်​ကို​သိ​သော ဉာဏ်​၏​အလင်း​ကို​ပေး​လို​သော​ငှာ ငါ​တို့​စိတ်နှလုံး​ထဲ​၌ ထွန်းလင်း​စေတော်မူ​၏။” (၂ ကောရိန္သု ၄:၆သမ္မာ; ကမ္ဘာဦး ၁:၂-၅) ဘုရားသခင့်​ဓမ္မ​အမှုတော်​ဆောင်​များ​ဖြစ်​ခြင်း​ဟူသော ဤ​အဖိုး​မ​ဖြတ်​နိုင်​သည့်​အခွင့်ထူး​ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသော​ကြောင့် ကျွန်ုပ်​တို့သည် မှန်​ကဲ့သို့ ဘုရားသခင့်​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​နိုင်​ရန် မိမိတို့​ကိုယ်ကို သန့်စင်​နေ​စေ​ကြပါစို့။

၁၀ ဝိညာဉ်​ရေး​အမှောင်​ထဲ​တွင်​ရှိနေကြ​သူတို့သည် ယေဟောဝါ​၏​ဘုန်းတော် သို့​မဟုတ် သာ၍​ကြီးမြတ်သော​မောရှေ​ဖြစ်သည့် ယေရှု​ခရစ်​ထံ​မှ​လာ​သည့် ဤ​ဘုန်းတော်​၏​ရောင်ပြန်ဟပ်​မှု​ကို မတွေ့မြင်​နိုင်​ကြ​ချေ။ သို့သော် ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​မှ ဘုန်း​ကျက်သရေ​နှင့်​ပြည့်စုံသော အလင်း​ကို ရရှိကြ​ပြီး ယင်းကို အခြားသူများ​ထံ ရောင်ပြန်ဟပ်​ကြသည်။ ယခု ဝိညာဉ်​ရေး​အမှောင်​တွင်​ရှိနေကြ​သူတို့သည် ဖျက်ဆီးခြင်း​ဘေး​မှ​လွတ်မြောက်​ရန် ဘုရားသခင့်​ထံ​တော်​မှ အလင်း​လိုအပ်​သည်။ ယေဟောဝါ​၏​ဘုန်းတော်​ထင်ရှား​ရန် အမှောင်​ထဲ​မှ အလင်းထွန်းလင်း​စေ​ဟူသော ဘုရားသခင့်​အမိန့်တော်ကို ကြီးမားသော​ရွှင်လန်းမှု၊ စိတ်အား​ထက်သန်မှု​တို့​ဖြင့် ကျွန်ုပ်​တို့​နာခံကြ​သည်။

သင်၏​အလင်း​ကို အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​တွင် ထွန်းလင်း​စေ

၁၁။ ကျွန်ုပ်​တို့၏​အလင်း​ကို​ထွန်းလင်း​စေခြင်း​နှင့်​ပတ်သက်​၍ ယေရှု အဘယ်​သို့​မိန့်ဆိုခဲ့​သနည်း၊ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ယင်းကို​လုပ်ဆောင်ရန် နည်းလမ်း​တစ်ခု​ကား အဘယ်နည်း။

၁၁ မိမိ၏​နောက်လိုက်​များ​ကို ယေရှု​ဤသို့​မိန့်ဆိုခဲ့​၏– “သင်တို့သည် ဤ​လောက​၏ အလင်း​ဖြစ်​ကြ​၏။ တောင်ထိပ်​၌​တည်​သော​မြို့ကို မ​ကွယ်​နိုင်။ ဆီ​မီးထွန်း​၍ တောင်း​ဇ​လား​အောက်​၌ ဖုံး​ထား​လေ့​မရှိ။ အိမ်သူအိမ်သား​အပေါင်းတို့သည် အလင်း​ကို​ရစေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်မှာ တင်ထား​လေ့​ရှိ၏။ ထို​နည်းတူ၊ သူတစ်ပါး​တို့သည် သင်တို့၏​ကောင်းသော​အကျင့်ကို​မြင်​၍၊ ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘ​၏​ဂုဏ်တော်​ကို ချီးမွမ်း​စေခြင်း​ငှာ၊ သူတစ်ပါး​ရှေ့၌ သင်တို့၏​အလင်း​ကို လင်း​စေ​ကြလော့။” (မဿဲ ၅:၁၄-၁၆) ကျွန်ုပ်​တို့၏​ကောင်းသော​အမူအကျင့်​ကြောင့် အခြားသူများ ဘုရားသခင်​၏​ဘုန်းတော် ချီးမွမ်း​လာ​စေနိုင်​သည်။ (၁ ပေတရု ၂:၁၂) ကျွန်ုပ်​တို့၏​ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​ဆိုင်ရာ ကဏ္ဍ​အမျိုးမျိုး​က​လည်း ကျွန်ုပ်​တို့၏​အလင်း​ကို​ထွန်းလင်း​ရန် အခွင့်အလမ်း​များစွာ ပေါ်​စေ​သည်။ ကျွန်ုပ်​တို့၏ အဓိက​ရည်ရွယ်ချက်​တစ်ခု​မှာ ထိရောက်​သော အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ ကျင်းပ​ခြင်း​အားဖြင့် ဘုရားသခင့်​စကားတော်​မှ ဝိညာဉ်​ရေး​အလင်း​ကို ရောင်ပြန်ဟပ်​ကြ​ရန်ဖြစ်​သည်။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​လုပ်ဆောင်ရန် ယင်းသည် အလွန်​အရေးပါသည့် နည်း​တစ်နည်း​ဖြစ်၏။ အမှန်တရား ရှာဖွေသူ​တို့၏​နှလုံးကို ထိမိ​စေသည့် ကျမ်းစာ​သင်အံမှုများ​ကျင်းပ​ရန် ကျွန်ုပ်​တို့ကို အဘယ်​အကြံပြုချက်များ​က ကူညီ​ပေး​မည်​နည်း။

၁၂။ အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ ကျင်းပ​ခြင်း​လုပ်ငန်း​နှင့် ဆုတောင်းခြင်း​တို့သည် မည်သို့​ဆက်စပ်​နေသနည်း။

၁၂ ယင်း​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​ထံ​ဆုတောင်းခြင်း​က ကျမ်းစာ​သင်အံမှုများ​ကျင်းပ​လို​သည့် ကျွန်ုပ်​တို့၏​စိတ်ဆန္ဒ​ကို ထင်ရှားပြ​သည်။ ထို့​ပြင် ဘုရားသခင်​နှင့်​ဆိုင်သော​အသိပညာကို​ဆည်းပူး​ရယူရန် အခြား​သူများကို​ကူညီ​ပေးခြင်း​၏ အရေးကြီးမှုကို ကျွန်ုပ်​တို့​သိမြင်​ကြောင်း ယင်းက​ဖော်​ပြပေး​သည်။ (ယေဇကျေလ ၃၃:၇-၉) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ဖြေကြား​ပေး​ကာ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အသိစိတ်​ရှိ​ရှိ ကြိုးပမ်း​အားထုတ်မှု​များ​ကို ကောင်းချီး​ပေး​တော်​မူ​မည်​မှာ သေချာ​သည်။ (၁ ယောဟန် ၅:၁၄၊ ၁၅) သို့သော် အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ကျင်းပ​ရန် တစ်ဦးဦး​ကို​ရှာတွေ့​ရန်​အတွက်သာ ကျွန်ုပ်​တို့​ဆုတောင်းခြင်း​မဟုတ်။ ကျွန်ုပ်​တို့သည် ကျမ်းစာ​သင်အံမှု​တစ်ခု​ကို အခိုင်အမာ​တည်ဆောက်​ပြီး​နောက် ကျမ်းစာ​သင်သား​၏ သတ်သတ်မှတ်မှတ် လိုအပ်ချက်​များနှင့်​စပ်လျဉ်းပြီး ဆုတောင်း​ကာ ဆင်ခြင်​တွေးတောခြင်း​သည် သင်ခန်းစာ​တစ်ခုစီ​ကို ထိထိမိမိ​သင်ကြား​ပေး​နိုင်​ရန် အထောက်အကူ​ရ​ပါ​လိမ့်​မည်။—ရောမ ၁၂:၁၂

၁၃။ ထိရောက်​သော အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကျင်းပ​နိုင်​ရန် အဘယ်အရာ​သည် ကျွန်ုပ်​တို့အတွက် အကူအညီ​ဖြစ်​နိုင်​သနည်း။

၁၃ ထိရောက်​သော အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကျင်းပ​ရန် သင်ခန်းစာ​တစ်ခု​ချင်း​ကို ကောင်းစွာ​ပြင်ဆင်​ထား​ရမည်။ လိုအပ်မှု​ရှိနေ​သလို ခံစားရ​မည်​ဆိုလျှင် အသင်းတော်​စာအုပ်ကြီး​သင်တန်း ကြီးကြပ်မှူး​သည် အပတ်စဉ် သင်ခန်းစာ​တိုင်း​ကို မည်သို့​ကိုင်တွယ်​သည်ကို အကဲခတ်​လေ့လာ​ကြည့်​ခြင်း​က အတော်အတန် အထောက်အကူ​ရ​ပေမည်။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့သည် အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကျင်းပ​ရာ​တွင် ရလဒ်ကောင်း​များ​ရရှိ​ထား​ကြ​သည့် ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ​နှင့် အတူ​လိုက်ကြည့်​နိုင်​သည်။ ခရစ်တော်​၏ စိတ်သဘောထား​နှင့် သွန်သင်နည်း​များ​ကို အထူးသဖြင့် စဉ်းစား​သုံးသပ်ထိုက်​ပေ​သည်။

၁၄။ ကျွန်ုပ်​တို့သည် ကျမ်းစာ​သင်သား​၏​နှလုံးကို မည်သို့​ထိမိ​နိုင်​သနည်း။

၁၄ ကောင်းကင်​ခမည်းတော်​၏ အလိုတော်​ဆောင်ခြင်း​နှင့် ဘုရားသခင်​အကြောင်း အခြားသူများ​အား ပြောပြ​ခြင်း​ကို ယေရှု​အထူး​နှစ်ခြိုက်​တော်​မူ​သည်။ (ဆာလံ ၄၀:၈) ကိုယ်တော်​သည် စိတ်​နူးညံ့​သိမ်မွေ့​သူ​ဖြစ်​ရာ မိမိ​အား​နားထောင်သူ​တို့၏​နှလုံးကို ထိမိအောင် လုပ်ဆောင်ပေး​နိုင်​ခဲ့​၏။ (မဿဲ ၁၁:၂၈-၃၀) ထို့​ကြောင့် ကျမ်းစာ​သင်သားများ​၏​နှလုံးကို​ထိမိဖို့ ကြိုးစား​ကြ​စို့။ ထိုသို့​လုပ်ဆောင်နိုင်ရန် သင်အံမှု​တစ်ခုစီ​အတွက် သင်သား​တစ်ဦးစီ၏ အခြေအနေ​များ​ကို စိတ်​တွင်​ထားပြီး ပြင်ဆင်​ဖို့​လို​သည်။ ဥပမာ၊ သင်သား​သည် သမ္မာကျမ်းစာ​နောက်ခံ​မရှိသည့် ဝန်းကျင်​မှ​လာ​သူ​ဖြစ်​မည်​ဆိုလျှင် သမ္မာကျမ်းစာ​သည် မှန်ကန်ကြောင်း သူ့​အား ယုံကြည်​လက်ခံ​သွားစေရန် လုပ်ဆောင်ပေး​ဖို့​လို​မည်။ ထို့နောက် ကျွန်ုပ်​တို့သည် ကျမ်းချက်​ပေါင်း​များစွာ ဖတ်ပြ၊ ရှင်းပြဖို့ လို​မည်​မှာ ရှင်း​ပါ​သည်။

ပုံ​ဥပမာ​များ​ကို ကျမ်းစာ​သင်သား​နားလည်​ရန် ကူညီ​ပေး​ပါ

၁၅၊ ၁၆။ (က) သမ္မာကျမ်းစာ​တွင်​အသုံးပြု​ထား​သည့် ပုံ​ဥပမာတစ်ခု​ကို​နားမလည်​သည့် သင်သား​တစ်ဦး​အား ကျွန်ုပ်​တို့​မည်သို့ အကူအညီ​ပေး​နိုင်​မည်​နည်း။ (ခ) ကျွန်ုပ်​တို့၏ စာပေ​တစ်ခု​သည် သင်သား​တစ်ဦး​နားလည်​ရ​ခက်​သည့် ပုံ​ဥပမာတစ်ခု​ကို​အသုံးပြု​ထား​လျှင် ကျွန်ုပ်​တို့ အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

၁၅ ကျမ်းစာ​သင်သား​တစ်ဦး​သည် ကျမ်းစာ​တွင်​အသုံးပြု​ထားသော ပုံ​ဥပမာတစ်ခု​ကို ကောင်းစွာ​နားမလည်​ဘဲ ဖြစ်ချင်​ဖြစ်နေ​မည်။ ဥပမာ​အနေ​နှင့်၊ ဆီ​မီးကို ဆီ​မီး​ခုံ​ပေါ်​တွင် တင်​ခြင်း​အကြောင်း ယေရှု​ပြောဆို​သည့်​အခါ အဘယ်အရာကို​ဆိုလို​ကြောင်း သူ​သဘောပေါက်​ချင်​မှ​ပေါက်​မည်။ (မာကု ၄:၂၁၊ ၂၂) ယေရှုသည် မီး​စာပါ​သည့် ရှေး​ဆီ​မီးခွက်​တစ်မျိုး​ကို ရည်ညွှန်း​ပြောဆို​နေခြင်း​ဖြစ်သည်။ ဤသို့​သော​ဆီ​မီးခွက်​မျိုးကို အထူး​ဆီ​မီး​ခုံ​တစ်ခုပေါ် တင်ထား​ခြင်း​ဖြင့် အိမ်​တစ်အိမ်​၏ နေရာ​တစ်​နေရာကို ထွန်းလင်းပေး​နိုင်​သည်။ ယေရှု၏​ပုံ​ဥပမာ ရှင်းလင်း​လာ​စေရန် သမ္မာကျမ်းစာ​အပေါ် ထိုးထွင်း​အမြင် ကဲ့သို့​သော စာပေ​တစ်ခု​တွင် “ဆီ​မီး” နှင့် “ဆီ​မီး​ခုံ” အကြောင်း​တို့ကို ရှာဖွေ​သုတေသန​ပြု​ရန် လိုအပ်​ပေမည်။ * သို့သော် ကောင်းစွာ​ပြင်ဆင်​၍ ကျမ်းစာ​သင်အံမှု​သို့​သွားခြင်း​ဖြင့် သင်သား​ဖြစ်သူ နားလည်​သွား​ကာ သဘောကျ​သွား​စေခြင်း​သည် အလွန်​အကျိုး​ထူး​ပေ​သည်!

၁၆ ကျမ်းစာ​သင်အံမှု​အထောက်အကူ​ပြု စာအုပ်​တစ်အုပ်​တွင် သင်သား​တစ်ဦး နားလည်​ဖို့​ခက်​သည့် ပုံ​ဥပမာတစ်ခု​ကို အသုံးပြု​ထား​ပေမည်။ အချိန်​ယူ၍ ယင်းကို​ရှင်းပြပါ၊ သို့​မဟုတ် ထို​အချက်​ကို​ပင်​ပြ​သည့် နောက်​ပုံ​ဥပမာတစ်ခု​ကို​အသုံးပြုပါ။ အိမ်ထောင်ရေး​တွင် အဖော်မွန်​ဖြစ်​ဖို့​နှင့် အချိတ်အဆက်မိမိ ကြိုးစား​လုပ်ဆောင်မှု​ရှိဖို့ အလွန်​အရေးပါ​ကြောင်း စာပေ​တစ်ခု​က အလေးပေး​ပြောဆို​နေသည်​ဆိုပါစို့။ ယင်းကို​ပုံ​ဥပမာ​ပြ​ရန် ကောင်းကင်​ဘား​ကစား​နေ​သူ​တစ်ဦး​သည် ကိုင်ထား​သည့်​ဘားတန်း​မှ ကိုယ်ကို​လွှဲ​ကာ လက်ကို​လွှတ်လိုက်​ချိန်​ဝယ် သူ့ကို​လှမ်းဆွဲ​ရန် နောက်​ဘား​ကစားသမား​တစ်ဦး​ကို အားထား​ရ​ကြောင်း ကိုးကား​တင်ပြ​ပေမည်။ အဖော်မွန်​ဖြစ်​ဖို့​နှင့် အချိတ်အဆက်မိမိ ကြိုးစား​လုပ်ဆောင်မှု​ရှိဖို့ လိုအပ်ကြောင်း​ကို နောက်တစ်နည်း​တင်ပြ​ရန် သင်္ဘော​တစ်စီးပေါ်​မှ ကုန်​ချ​သည့်​လုပ်သားများ ကုန်​သေတ္တာ​များ​ကို ညီ​တူ​ညာ​တူ လက်ဆင့်ကမ်း​သယ်​ချ​ကြ​ပုံ​ဖြင့် ဥပမာ​ပေး​နိုင်​သည်။

၁၇။ ပုံ​ဥပမာ​များနှင့်​စပ်လျဉ်း၍ ယေရှု​ထံ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၇ ပုံ​ဥပမာ​နောက်​တစ်မျိုး​သုံး​ရန် ကြိုတင်​ပြင်ဆင်​ထား​ဖို့​လို​ပေမည်။ သို့သော် ယင်း​သို့​ပြင်ဆင်ခြင်း​သည် ကျမ်းစာ​သင်သား​အား ကျွန်ုပ်​တို့​စိတ်ဝင်စား​ကြောင်း​ဖော်ပြ​သည့် နည်း​တစ်နည်း​ဖြစ်သည်။ ယေရှုသည် ခက်ခဲ​သော​အကြောင်းအရာများ​ကို​ရှင်းပြ​ရန် ရိုးရှင်း​သော​ပုံ​ဥပမာ​များ​ကို အသုံးပြု​တော်​မူ​ခဲ့​၏။ ကိုယ်တော်​၏​တောင်ပေါ်​တရားတော်​တွင် ယင်း​နှင့်​စပ်​လျ​ဉ်း​သည့် ပုံ​နမူနာ​များစွာ​ပါရှိ​ပြီး ယင်းက ကိုယ်တော်​၏​သွန်သင်ချက်​သည် မိမိ၏​နားထောင်သူ​များ​အပေါ် ကောင်းသော​အကျိုး​သက်ရောက်မှု​ရှိခဲ့​ကြောင်း ဖော်ပြ​သည်။ (မဿဲ ၅:၁-၇:၂၉) ယေရှုသည် အခြား​သူများကို စိတ်ဝင်စား​သောကြောင့် အကြောင်းအရာများ​ကို စိတ်ရှည်​စွာ ရှင်း​ပြပေး​တော်​မူ​ခဲ့​၏။—မဿဲ ၁၆:၅-၁၂

၁၈။ ကျွန်ုပ်​တို့၏​စာပေ​များ​တွင် ညွှန်း​ထား​သည့် ကျမ်းချက်​များနှင့်​စပ်လျဉ်း၍ အဘယ်​သို့​အကြံပြု​ထား​သနည်း။

၁၈ အခြား​သူတို့ကို ကျွန်ုပ်​တို့​စိတ်ဝင်စားခြင်း​က ‘ကျမ်းစာ​ကို​အမှီပြု၍ ဆွေးနွေး​နှီးနှော’ ရန် ကျွန်ုပ်​တို့အား လှုံ့ဆော်ပေး​သည်။ (တမန်​တော် ၁၇:၂၊ ၃) ဆုတောင်း​ကာ လေ့လာမှု​ပြုပြီး “တည်ကြည်သော ဘဏ္ဍာစိုး” မှ​တစ်ဆင့်​ရနိုင်​သည့် စာပေ​များ​ကို ပညာရှိ​စွာ​အသုံးပြု​ဖို့​လို​ပေ​သည်။ (လုကာ ၁၂:၄၂-၄၄က​ဘ) ဥပမာ၊ ထာဝရ​အသက်​ရစေသော​အသိပညာ​ကဲ့သို့​သော အိတ်ဆောင်​စာအုပ်​သည် ကျမ်းချက်​များစွာကို ကိုးကား​ဖော်​ပြပေး​သည်။ * နေရာ​အခက်အခဲ​ကြောင့် တချို့​ကျမ်းချက်​များ​ကို ညွှန်း​ရုံ​သာ​ညွှန်း​ထား​သည်။ ကျမ်းစာ​လေ့လာ​နေစဉ်​အတောအတွင်း ယု​တ်စွ​အဆုံး ထို​ညွှန်း​ထား​သည့်​ကျမ်းချက်​များ​မှ တချို့​ကို ဖတ်​၍​ရှင်း​ပြပေး​ရန် အရေးကြီး​သည်။ ထို့​ထက်​ကား ကျွန်ုပ်​တို့၏​သင်ကြား​ပေး​မှု​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အပေါ် အခြေပြု​ထား​ရာ အလွန်​စွမ်းအား​တန်ခိုး​ရှိ​ပေ​သည်။ (ဟေဗြဲ ၄:၁၂) လေ့လာမှု​ပြု​စဉ်​တစ်လျှောက် သမ္မာကျမ်းစာ​ကို ကိုးကား​ပြီး စာပိုဒ်​များ​တွင်​တွေ့ရ​သည့် ကျမ်းချက်​များ​ကို ရက်ရက်ရောရော​အသုံးပြုပါ။ တစ်စုံတစ်ရာ​သော​အကြောင်းအရာ သို့​မဟုတ် ဆောင်ရွက်​ပုံ​နည်းလမ်း​တစ်ခု​နှင့်​ပတ်သက်​၍ ကျမ်းစာ​က​ဘာ​ပြော​သည်ကို သင်သား​သိမြင်​နားလည်​ရန် ကူညီ​ပေး​ပါ။ ဘုရားသခင်​အား​နာခံခြင်း​မှ သူ​မည်သို့​အကျိုး​ခံစားရ​မည်​ကို သူ့​အား​ကြိုးစား​တင်ပြ​ပါ​လေ။—ဟေရှာယ ၄၈:၁၇၊ ၁၈

စဉ်းစား​မှု​ကို​လှုံ့ဆော်ပေး​သော မေးခွန်းများ​မေးပါ

၁၉၊ ၂၀။ (က) အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ကျင်းပ​သည့်​အခါ သဘောထား​မေးခွန်းများကို အဘယ်ကြောင့်​အသုံးပြု​ရသနည်း။ (ခ) အကြောင်းအရာ​တစ်ခု​ကို ထပ်ဆင့်​စဉ်းစား​သုံးသပ်​ဖို့ လို​မည်​ဆိုလျှင် အဘယ်အရာ​ပြု​နိုင်​သနည်း။

၁၉ မေးခွန်းများကို ယေရှု​ကျွမ်းကျင်​စွာ​အသုံးပြုခြင်းက လူ​တို့အား စဉ်းစား​ဆင်ခြင်​လာ​စေ​သည်။ (မဿဲ ၁၇:၂၄-၂၇) သင်သား​တစ်ဦး​အား အကျပ်​မ​ရိုက်​စေသည့် သဘောထား​မေးခွန်းများ ကျွန်ုပ်​တို့​မေး​မည်​ဆိုလျှင် တစ်စုံတစ်ရာ​သော​အကြောင်းအရာ​နှင့်​ပတ်သက်​၍ သူ​အဘယ်​သို့​ထင်မြင်​သည်ကို သူ၏​အဖြေ​များ​က ဖော်ပြ​ပေမည်။ သူသည် ကျမ်းစာ​နှင့်​မညီသော ရှုမြင်ချက်များ​ကို ဆုပ်ကိုင်​ထား​ဆဲ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​တွေ့ရှိ​နိုင်​သည်။ ဥပမာ​အနေ​နှင့်၊ သူသည် သုံးပါး​ပေါင်း​တစ်ဆူ​ကို ယုံကြည်​နေ​ပေမည်။ အသိပညာ​စာအုပ် အခန်းကြီး ၃ တွင် “သုံးပါး​ပေါင်း​တစ်ဆူ” စကားလုံး​သည် သမ္မာကျမ်းစာ​တွင်​မရှိကြောင်း ထောက်​ပြပေး​သည်။ ယေဟောဝါ​သည် ယေရှု​နှင့် တ​သီး​တခြား​ဖြစ်​ကြောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင်​၏ တက်ကြွ​လှုပ်ရှား​သော​စွမ်းအား​သာ​ဖြစ်​ပြီး လူ​ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်​ကြောင်း​ဖော်ပြ​သည့် ကျမ်းချက်​များ​ကို အဆိုပါ​စာအုပ်​က ကိုးကား​ဖော်ပြ​သည်။ ဤ​ကျမ်းချက်​များ​ကို ဖတ်ရှု​ဆွေးနွေးခြင်း​က လုံလောက်​နိုင်​ပေ​သည်။ သို့သော် ပို​၍​လိုအပ်​လျှင်​ကော အသို့နည်း။ ပုံမှန်​လေ့လာမှု​သင်ခန်းစာ နောက်တစ်ခု​အပြီး​တွင် သုံးပါး​ပေါင်း​တစ်ဆူ​ကို သင်​ယုံကြည်​သင့်​သလော​ဘရိုရှာ​ကဲ့သို့​သော ယေဟောဝါသက်သေ​များ​၏ နောက်​စာပေ​တစ်ခု​တွင် ခြုံငုံ​သုံးသပ်​ထား​သည့်​အတိုင်း အဆိုပါ​အကြောင်းအရာကို အကျိုးရှိရှိ​ဆွေးနွေး​ရန် အချိန်​အတော်အတန် အသုံးပြုနိုင်​သည်။ * ထို့နောက်၊ အသိပညာ​စာအုပ်​ကို​အသုံးပြု၍ လေ့လာမှု​ကို ပြန်​ဆက်​နိုင်​ပေ​သည်။

၂၀ သဘောထား​မေးခွန်း​တစ်ခု​ကို ဖြေဆို​လိုက်​ပုံ​ကြောင့် အံ့အားသင့်​သွား​မည် သို့​မဟုတ် စိတ်​ပင်​ပျက်​သွား​မည်​ဆိုပါစို့။ ဆေးလိပ်​သောက်​ခြင်း​ကဲ့သို့​သော အတိမ်းအစောင်း​မခံ​သည့် အကြောင်းအရာ​တစ်ခု ပါဝင်​နေ​မည်​ဆိုလျှင် လေ့လာမှု​ကို​ဆက်​ပြု​သွားပြီး နောက်​တစ်ချိန်​ကျ​မှ ယင်း​ကိစ္စ​ကို​ဆွေးနွေး​ကြရအောင်​ဟု အကြံပြု​နိုင်​သည်။ သင်သား​သည် ဆေးလိပ်​ဆက်​သောက်​နေဆဲ​ဖြစ်သည်​ကို သိရှိ​ထားခြင်း​က ဝိညာဉ်​ရေး​တိုးတက်စေ​ရန် သူ့​အတွက် အကူအညီ​ဖြစ်စေ​မည့် ထုတ်ဝေ​ထားသော အကြောင်းအရာ​တို့ကို ကျွန်ုပ်​တို့​ရှာဖွေ​ရန် ဖြစ်စေ​သည်။ သင်သား​၏​နှလုံးကို​ထိမိ​ရန် ကျွန်ုပ်​တို့ ကြိုးပမ်း​ကြသည်​နှင့်​အမျှ ဝိညာဉ်​ရေး​တိုးတက်​ဖို့ သူ့​အား ယေဟောဝါ​ကူညီ​ပေး​ပါ​ရန် ကျွန်ုပ်​တို့​ဆုတောင်း​ကြသည်။

၂၁။ ကျမ်းစာ​သင်သား​တစ်ဦး၏ သတ်သတ်မှတ်မှတ် လိုအပ်ရာ​များနှင့်​အံဝင်​သည့် သွန်သင်နည်း​များ​ကို ပြောင်း​သင်ပေး​မည်​ဆိုလျှင် မည်သို့​ဖြစ်ပျက်​လာနိုင်​သနည်း။

၂၁ ပြင်ဆင်မှု​ကောင်း​နှင့် ယေဟောဝါ​၏​အကူအညီ​တို့​ဖြင့် သင်သား​၏ သတ်သတ်မှတ်မှတ် လိုအပ်ချက်​များနှင့်​အံဝင်​ရန် သွန်သင်နည်း​များ​ကို ကျွန်ုပ်​တို့ ဧကန်​အမှန် ဆီလျော်​စွာ​ပြုပြင်​နိုင်​ပါ​လိမ့်​မည်။ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ သူသည် ဘုရားသခင်​အပေါ် နက်နက်ရှိုင်းရှိုင်း​ချစ်​လာရန် ကျွန်ုပ်​တို့ ကူညီ​ပေး​နိုင်​ပါ​လိမ့်​မည်။ ထို့​ပြင် ယေဟောဝါ​၏​အဖွဲ့အစည်း​အပေါ် လေးမြတ်​တန်ဖိုး​ထားမှု​ရှိလာ​ရန် အောင်မြင်စွာ​တည်ဆောက်​ပေး​နိုင်​ပါ​လိမ့်​မည်။ ‘ဘုရားသခင်​သည် ကျွန်ုပ်​တို့​တွင် အမှန်​ရှိ​တော်​မူ’ သည်​ဟု ကျမ်းစာ​သင်သား အသိအမှတ်ပြု​သည့်​အခါ အလွန်​ပီတိ​ဖြစ်​မိ​မည်​တကား! (၁ ကောရိန္သု ၁၄:၂၄၊ ၂၅) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ထိရောက်​သော ကျမ်းစာ​သင်အံမှုများ​ကျင်းပ​ပြီး ယေရှု၏​တပည့်​နောက်လိုက်​များ​ဖြစ်လာ​ရန် အခြား​သူများကို အတတ်နိုင်ဆုံး ကူညီ​ပေး​နိုင်​ကြ​ပါစေ။

အမြတ်တနိုး​ထား​ရမည့်​ဘဏ္ဍာ

၂၂၊ ၂၃။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ဆောင်ရွက်ရန် အဘယ်အရာ​လိုအပ်​သနည်း။

၂၂ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ထမ်းဆောင်​ရန် ဘုရားသခင်​ပေး​ခွန်အား​ကို ကျွန်ုပ်​တို့အား​ထား​ရမည်။ ခရစ်ယာန်​ဓမ္မ​အမှုကို ရည်ညွှန်း​လျက် ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​ထံ ပေါလု​ဤသို့​ရေးသားခဲ့​၏– “အလွန်​ထူးမြတ်​သော ထို​တန်ခိုးတော်​သည် ငါ​တို့​နှင့်​မဆိုင်၊ ဘုရားသခင်​နှင့်​ဆိုင်​ကြောင်း​ထင်ရှား​စေရန် ထို​ဘဏ္ဍာ​သည် မြေအိုး​ထဲမှာ​ထည့်​ထား​လျက် ငါ​တို့​၌​ရှိ၏။”—၂ ကောရိန္သု ၄:၇သမ္မာ။

၂၃ ကျွန်ုပ်​တို့သည် ဝိညာဉ်​တော်​ဖွား​ဖြစ်စေ၊ “အခြားသိုး” ဖြစ်စေ ကွဲ​ပျက်​လွယ်​သော မြေအိုး​များနှင့်​တူ​၏။ (ယောဟန် ၁၀:၁၆) သို့​တိုင်၊ ကျွန်ုပ်​တို့သည် အဘယ်​ဖိစီးမှုများ​ကို ကြုံတွေ့​ရ​ပါစေ ကျွန်ုပ်​တို့၏​တာဝန်​များ​ကို ကျေပွန်​အောင်​ဆောင်ရွက်ရန် လိုအပ်​သည့် ခွန်အား​ကို ယေဟောဝါ​ပေး​နိုင်​တော်​မူ​၏။ (ယောဟန် ၁၆:၁၃; ဖိလိပ္ပိ ၄:၁၃) ထို့​ကြောင့် ယေဟောဝါ​အား လုံးလုံး​ယုံကြည်​စိတ်ချ​ကာ ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်း​ဘဏ္ဍာ​ကို အမြတ်တနိုး​ထားပြီး ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ ဆောင်ရွက်​ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

^ အပိုဒ်၊ 18 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

^ အပိုဒ်၊ 19 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

အကြီးအကဲ​များသည် မိမိတို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ဆောင်ရွက်ရန် အဘယ်အရာ​ပြု​နိုင်​သနည်း။

ကျွန်ုပ်​တို့၏ အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​တွင် ပိုမို​ထိရောက်​မှု ရှိလာ​စေရန် မည်သို့​လုပ်ဆောင်​နိုင်​သနည်း။

ကျမ်းစာ​သင်သား​တစ်ဦး​သည် ပုံ​ဥပမာတစ်ခု​ကို နားမလည်​ခဲ့​လျှင် သို့​မဟုတ် တစ်စုံတစ်ရာ​သော​အကြောင်းအရာ​နှင့်​ပတ်သက်​၍ ထပ်ဆင့်​ရှင်းလင်းချက် လိုအပ်​ခဲ့​မည်​ဆိုလျှင် သင်​မည်သို့ ပြု​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ခရစ်ယာန်​အကြီးအကဲ​များသည် အသင်းတော်တွင် သွန်သင်ပေး​ကာ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ယုံကြည်သူချင်း​များ​ကို လေ့ကျင့်ပေး​ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ထိရောက်​သော အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကျင်းပ​ခြင်း​သည် ကျွန်ုပ်​တို့၏​အလင်း​ကို ထွန်းလင်း​စေသည့် နည်း​တစ်နည်း​ဖြစ်