မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဧဝံဂေလိဟောပြောသူတစ်ဦး ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့”

“ဧဝံဂေလိဟောပြောသူတစ်ဦး ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့”

“ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်​လော့”

‘အရာရာ၌ ကောင်းသော​သတိရှိ​စေ​လော့။ ... ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်​လော့။’—၂ တိမောသေ ၄:၅

၁။ ယေရှုသည် မိမိ၏​နောက်လိုက်​များ​အား အဘယ်​တာဝန်​ပေး​ခဲ့​သနည်း။

ယေဟောဝါ​၏​နာမတော်​နှင့် ရည်ရွယ်တော်မူချက်​တို့ကို ကမ္ဘာ​တစ်ဝန်း ကြေညာ​လျက်​ရှိ၏။ ဤသို့​ဖြစ်​ရခြင်း​မှာ ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​ထား​သည့်​လူမျိုး​သည် “သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် ခမည်းတော်၊ သားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ [နှစ်ခြင်း]ပေး​ကြလော့။ သင်တို့အား ငါ​ပေး​သမျှ​သော ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ ... ပေး​ကြလော့” ဟူသော မိမိ၏​နောက်လိုက်​များ​အား ယေရှု​ပေး​ခဲ့​သည့်​တာဝန်​ကို နှလုံး​ထဲ​စွဲမှတ်​ထား​ကြ​၍​ဖြစ်သည်။—မဿဲ ၂၈:၁၉၊ ၂၀

၂။ ကြီးကြပ်မှူး​တိမောသေ​သည် အဘယ်​ညွှန်ကြားချက်​ကို လက်ခံ​ရရှိခဲ့​သနည်း၊ မျက်မှောက်ခေတ် ခရစ်ယာန်​ကြီးကြပ်မှူး​များသည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် မည်သို့​ဦးဆောင်​နိုင်​ကြ​သနည်း။

ယေရှု၏​ပထမ​ရာစု တပည့်​နောက်လိုက်​များသည် ထို​တာဝန်​ကို အလေးအနက်​သဘောထား​ခဲ့​ကြသည်။ ဥပမာ​အနေ​နှင့်၊ မိမိ၏​ခရစ်ယာန်​ချင်း ကြီးကြပ်မှူး​ဖြစ်သူ တိမောသေ​အား တမန်​တော်​ပေါလု​က ‘ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်​လော့၊ သင်၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ကျေပွန်​စေ​လော့’ ဟု တိုက်တွန်း​ခဲ့​၏။ (၂ တိမောသေ ၄:၅က​ဘ) မျက်မှောက်ခေတ်တွင် ကြီးကြပ်မှူး​တစ်ဦး မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှုကို ကျေပွန်​စေသည့် နည်း​တစ်နည်း​မှာ လယ်ကွင်း​ဓမ္မ​အမှု​တွင် မှန်မှန်​ပါဝင်သူ​ဖြစ်​ခြင်း၊ စိတ်အား​ထက်သန်​သည့် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​ဖြစ်​ခြင်း​အားဖြင့် ဖြစ်သည်။ ဥပမာ၊ အသင်းတော်​စာအုပ်ကြီး​သင်တန်း ကြီးကြပ်မှူး​တွင် ဟောပြောခြင်း​လုပ်ငန်း​၌ အခြားသူများ​အား ဦးဆောင်​လေ့ကျင့်ပေး​ရသည့် ကျေနပ်​နှစ်သိမ့်မှု​ဖြစ်စေ​သော အခွင့်ထူး​ရှိသည်။ ပေါလု​သည် မိမိ၏​တာဝန်ဖြစ်​သော သတင်းကောင်း​ကြေညာ​ခြင်း​ကို ကျေပွန်​အောင်​ဆောင်ရွက်​ခဲ့​ပြီး အခြား​သူတို့ကို ခရစ်ယာန်​ဓမ္မ​အမှု​အတွက် လေ့ကျင့်ပေး​ခဲ့​လေ​သည်။—တမန်​တော် ၂၀:၂၀; ၁ ကောရိန္သု ၉:၁၆၊ ၁၇

အထက်​ကာလ စိတ်အား​ထက်သန်​သော ဧဝံဂေလိ​ဟောပြောသူများ

၃၊ ၄။ ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး​အနေ​နှင့် ဖိလိပ္ပု​တွင် အဘယ်​တွေ့ကြုံမှု​များ ရှိခဲ့​သနည်း။

အစောပိုင်း​ခရစ်ယာန်​တို့သည် စိတ်အား​ထက်သန်​သော ဧဝံဂေလိ​ဟောပြောသူများ​အဖြစ် လူသိ​များ​ခဲ့​ကြသည်။ ဧဝံဂေလိ​ဆရာ​ဖိလိပ္ပု​ကို သုံးသပ်ကြည့်​ပါ။ သူသည် ယေရုရှလင်​မြို့ရှိ ဂရိ​ဘာသာ​စကား​နှင့် ဟေဗြဲ​ဘာသာ​စကားပြော​သော ခရစ်ယာန်​မုဆိုးမများ​အား အစားအသောက်​ကို မျက်နှာမလိုက်​ဘဲ နေ့စဉ်​ဝေငှ​ပေး​ရန် ရွေးချယ်ခံ​ရသည့် “ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ပညာ​နှင့်​လည်းကောင်း​ပြည့်စုံ​လျက် အသရေရှိသော လူ​ခု​နစ်​ယောက်” တွင် တစ်ဦး​ဖြစ်သည်။ (တမန်​တော် ၆:၁-၆) ထို​အထူး​တာဝန် ပြီးဆုံး​သွားပြီး​နောက်ပိုင်း နှိပ်စက်​ညှဉ်းပန်းမှု​ကြောင့် တမန်​တော်​များ​မှတစ်ပါး ကျန်​ခရစ်ယာန်​အားလုံး က​စ​ဉ့်​က​ရဲ​ထွက်ပြေး​ခဲ့​ကြ​ရာ ဖိလိပ္ပုသည် ရှမာရိ​နယ်​သို့​သွားခဲ့​၏။ ထို​တွင် သူသည် သတင်းကောင်း​ကြေညာ​ခဲ့​ပြီး သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အစွမ်း​တန်ခိုး​ဖြင့် နတ်ဆိုး​များ​ကို နှင်ထုတ်​ကာ ခြေကျိုး​သူနှင့် လေဖြတ်​သူတို့ကို ကုသ​ပေး​လေ​သည်။ များစွာသော ရှမာရိ​လူတို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို လက်ခံ​ကာ နှစ်ခြင်း​ခံ​ခဲ့​ကြသည်။ ယင်း​အကြောင်းကြား​သိသွား​သော ယေရုရှလင်​မြို့ရှိ တမန်​တော်​တို့သည် အဆိုပါ​နှစ်ခြင်း​ခံ​ခါ​စ​ယုံကြည်သူများ သန့်ရှင်းသော​ဝိညာဉ်​တော်​ရ​ရန်​အ​လို့​ငှာ တမန်​တော်​ပေတရု​နှင့် ယောဟန်တို့ကို ရှမာရိ​နယ်​သို့ စေလွှတ်​လိုက်​ကြ​၏။—တမန်​တော် ၈:၄-၁၇

တစ်ဖန် ဘုရားသခင့်​ဝိညာဉ်တော်သည် ဖိလိပ္ပု​အား ဂါ​ဇ​မြို့​သို့​သွားရာလမ်း​ပေါ်​တွင် အဲသယောပိ​အမတ်​နှင့် တွေ့ဆုံ​စေ​ခဲ့​သည်။ ဟေရှာယ​ပရောဖက်ပြုချက်​နှင့်​ပတ်သက်​၍ ဖိလိပ္ပု ရှင်းရှင်းလင်းလင်း ရှင်း​ပြပေး​ပြီး​နောက် ဤ “အဲသယောပိ​ပြည်​ကို​အစိုးရ​သော က​န္ဒက်​ဘုရင်မ​ထံ​၌ ဘုန်းကြီး​သော​အမတ်” သည် ယေရှု​ခရစ်​ကို ယုံကြည်​လာ​ကာ နှစ်ခြင်း​ခံ​ခဲ့​လေ​သည်။ (တမန်​တော် ၈:၂၆-၃၈သမ္မာ) ထို့နောက် ဖိလိပ္ပုသည် အာဇုတ်​မြို့​သို့​ထွက်သွား​ပြီး ထို​မြို့မှ ကဲသရိ​မြို့​တိုင်အောင် “မြို့ရွာ​အစဉ်​အတိုင်း​လျှောက်​သွား​၍ ဧဝံဂေလိတရား​ကို​ဟော​လေ​၏။” (တမန်​တော် ၈:၃၉၊ ၄၀) သူသည် ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်​ရာ​တွင် ပုံသက်သေ​ကောင်း အမှန်​ချမှတ်​ပေး​ခဲ့​၏!

၅။ ဖိလိပ္ပု​၏​သမီးကညာ​လေးဦး​သည် အထူးသဖြင့် အဘယ်​အတွက်​နှင့် လူသိ​များ​ခဲ့​ကြ​သနည်း။

ဖိလိပ္ပုသည် ကဲသရိ​မြို့တွင် နောက် အနှစ် ၂၀ ခန့်​အထိ ခရစ်ယာန်​ဓမ္မ​အမှု​တွင် တက်တက်ကြွကြွ ပါဝင်​နေဆဲ​ဖြစ်၏။ သူ၏​အိမ်​၌ ပေါလု​နှင့်​လုကာ​တို့​နေထိုင်ခဲ့ချိန်​က သူ့​တွင် “ပရောဖက်ပြု​သော သမီးကညာ​လေးယောက်​ရှိ၏။” (တမန်​တော် ၂၁:၈-၁၀) သူတို့သည် ဝိညာဉ်​ရေး​အရ ကောင်းစွာ​လေ့ကျင့်​ပေးခြင်း​ခံ​ခဲ့​ရ​ကာ ခရစ်ယာန်​ဓမ္မ​အမှု​အတွက် စိတ်အား​ထက်သန်​ခဲ့​ကြ​ပြီး ပရောဖက်ပြု​ရသည့်​အခွင့်ထူး​ကို​ပင် ခံစား​ခဲ့​ရ၏။ ယနေ့ မိဘများ ခရစ်ယာန်​ဓမ္မ​အမှု​အတွက် စိတ်အား​ထက်သန်ခြင်း​သည် သားသမီး​များ​အပေါ် ကောင်းစွာ​အကျိုး​သက်ရောက်​နိုင်​ပြီး ထက်ထက်သန်သန် ဧဝံဂေလိ​ဟောပြောခြင်းကို သူတို့၏​ဘဝ​တစ်သက်တာ လုပ်ငန်း​ဖြစ်စေ​ရန် လှုံ့ဆော်ပေး​သည်။

ယနေ့ခေတ် စိတ်အား​ထက်သန်​သော ဧဝံဂေလိ​ဟောပြောသူများ

၆။ ပထမ​ရာစု​ဧဝံဂေလိ​ဟောပြောသူများ​သည် အဘယ်​အောင်မြင်မှု​ရရှိခဲ့ကြ​သနည်း။

ကျွန်ုပ်​တို့၏​ခေတ်​နှင့် ဆုံးခန်း​ချိန်​ကို​ညွှန်ပြ​သည့် မိမိ၏​အရေးကြီးသော​ပရောဖက်ပြုချက်​တွင် ယေရှု​ခရစ်​က “ဧဝံဂေလိတရား​ကို ရှေးဦး​စွာ လူမျိုးအပေါင်း​တို့အား ဟော​ရ​လိမ့်​မည်” ဟု​ကြေညာ​ခဲ့​၏။ (မာကု ၁၃:၁၀) သတင်းကောင်းကို “လော[က]နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌” ဟောပြောပြီး​နောက် အဆုံး​ရောက်လာ​မည်။ (မဿဲ ၂၄:၁၄) ပေါလု​နှင့် အခြားသော ပထမ​ရာစု ဧဝံဂေလိ​ဟောပြောသူ​တို့သည် ဤ​သတင်းကောင်း​ကြွေးကြော်​ခဲ့​ကြ​သည့်​အတွက် လူအများ ယုံကြည်သူများ​ဖြစ်လာ​ခဲ့​ကြ​ရာ ရောမ​အင်ပါယာ​တစ်လျှောက်​တွင် တစ်​နေရာ​ပြီး တစ်​နေရာ အသင်းတော်များ ဖွဲ့စည်း​တည်ထောင်​ခဲ့​ရ၏။ အဆိုပါ​အသင်းတော်များ​တွင် အမှုထမ်းဆောင်​ရန် ခန့်အပ်​ခံရ​သည့် အကြီးအကဲ​များသည် ညီအစ်ကို​ညီအစ်မ​များနှင့်​အတူ ဧဝံဂေလိ​လုပ်ငန်း​၌ ပါဝင်​ခဲ့​ကြ​ပြီး ဟောပြောခြင်း​လုပ်ငန်း​ကို နေရာအနှံ့ တိုးချဲ့​ခဲ့​ကြသည်။ ထို​အချိန်​က ယေဟောဝါ​၏​စကားတော်​သည် ဆက်၍​တိုးပွား​ပျံ့နှံ့​ခဲ့​သကဲ့သို့ ယနေ့လည်း သန်းနှင့်ချီ​သော ယေဟောဝါသက်သေ​များသည် ဧဝံဂေလိ​ဟောပြောသူများ ဆောင်ရွက်​သော​လုပ်ငန်း​ကို လုပ်ဆောင်နေ​ကြသော​ကြောင့် ထပ်တူ​တိုးပွား​ပျံ့နှံ့​နေ​၏။ (တမန်​တော် ၁၉:၂၀) ယေဟောဝါ​၏ အဆိုပါ​ပျော်ရွှင်သော ချီးမွမ်းသူ​များ​တွင် တစ်ဦး​အဖြစ် သင်​ရပ်တည်​နေပြီ​လော။

၇။ ယနေ့​ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဘယ်အရာကို လုပ်ဆောင်နေ​ကြ​သနည်း။

မျက်မှောက်ခေတ် ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများစွာ​တို့သည် ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​၌ တိုးချဲ့​ပါဝင်​ရန် အခွင့်အရေး​များ​ရှာယူ​နေကြ​သည်။ ခရစ်ယာန်​သာသနာပြု​လယ်ကွင်းတွင် ထောင်နှင့်ချီ​၍ ပါဝင်​ခဲ့​ကြ​ပြီး သိန်း​သောင်း​မ​က​သော​သူတို့သည် ရှေ့ဆောင်​များ​အဖြစ် အချိန်ပြည့် ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​နေကြ​သည်။ အလွန်​ပင်​မွန်မြတ်သော​လုပ်ငန်း​ကို စိတ်အား​ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် အမှုဆောင်​နေကြ​သည့် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေး​သူငယ်​များ လုပ်ဆောင်နေ​ကြသည်​တကား! ယေဟောဝါ​၏​လူမျိုးတော်​အားလုံး​တို့သည် ခရစ်ယာန်​ဧဝံဂေလိ​ဟောပြောသူများ​အဖြစ် ကိုယ်တော်​၏​အမှုတော်ကို ပခုံး​ချင်း​ယှဉ်​၍ ထမ်းဆောင်​ကြသည်​နှင့်​အမျှ ကိုယ်တော်​၏​ကြွယ်ဝသော ကောင်းချီး​ကို အမှန်ပင် ခံစား​နေကြ​ရသည်။—ဇေဖနိ ၃:၉

၈။ ယနေ့ အဘယ်​အမှတ်​ရေးထိုး​ခြင်း​လုပ်ငန်း​ကို ဆောင်ရွက်လျက်​ရှိပြီး မည်သူ​တို့အား​ဖြင့်​နည်း။

ဘုရားသခင်​သည် ယေရှု၏ ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များ​အား ကမ္ဘာ​အနှံ့ သတင်းကောင်း​ကြွေးကြော်​ရန် တာဝန်​ပေး​ထား​တော်​မူ​၏။ ဤ​ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​တွင် သူတို့ကို​ကူညီ​ပေး​လျက်​ရှိသည့် ခရစ်တော်​၏ “အခြားသိုး” အရေအတွက်​သည် တိုးပွား​များပြား​လာ​နေသည်။ (ယောဟန် ၁၀:၁၆) ပရောဖက်ပြုချက်​အရ ဤ​အသက်ကယ်​ဆယ်​သည့်​လုပ်ငန်း​သည် ယခု​ဖြစ်ပျက်​လျက်​ရှိသည့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့​ကြောင့် ညည်းတွား​ငိုကြွေး​သော​သူတို့၏​နဖူး​ပေါ်​တွင် အမှတ်​ရေးထိုး​နေခြင်း​နှင့်​တူ​ကြောင်း ဖော်ပြ​ထား​သည်။ မကြာမီ ဆိုးယုတ်သူ​များ ဖျက်ဆီး​ခံ​ရတော့မည်။ ဤ​အတောအတွင်း ကမ္ဘာ​သူ​ကမ္ဘာ​သားများ​ထံ အသက်ကယ်​ဆယ်​သည့် အမှန်တရား​ယူ​ဆောင်ပေး​ရခြင်း​သည် အခွင့်ထူး​ဖြစ်​ပေ​သည်!—ယေဇကျေလ ၉:၄-၆၊ ၁၁

၉။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် လူသစ်​များသည် မည်သို့​အကူအညီ​ရနိုင်​သနည်း။

ကျွန်ုပ်​တို့သည် ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​တွင် အတန်ကြာ ပါဝင်​လုပ်ဆောင်ခဲ့ပြီ​ဆိုလျှင် အသင်းတော်​ရှိ လူသစ်များ​ကို တစ်စုံတစ်ရာ အကူအညီ​ပေး​နိုင်​ဖို့ အကြောင်း​များသည်။ တစ်ခါတစ်ရံ ခရစ်ယာန်​ဓမ္မ​အမှု​တွင် သူတို့ကို ကျွန်ုပ်​တို့​နှင့်အတူ လိုက်ပါ​စေနိုင်​မည်။ အကြီးအကဲ​များ​အဖြစ် အမှုထမ်း​နေကြ​သူတို့သည် သူတို့​တတ်နိုင်​သလော​က် ယုံကြည်သူချင်း​များ​ကို ဝိညာဉ်​ရေး​အရ တည်ဆောက်​ပေး​လို​ကြ​မည်။ နှိမ့်ချသော​ကြီးကြပ်မှူး​များ​၏ ကြိုးပမ်း​အားထုတ်မှု​ကောင်း​များ​က အခြားသူများ​အား စိတ်​ထက်သန်​ပြီး အသီးသီး​သော ဧဝံဂေလိ​ဟောပြောသူများ​ဖြစ်​ကြ​ရန် များစွာ​အကူအညီ​ဖြစ်စေ​နိုင်​သည်။—၂ ပေတရု ၁:၅-၈

တစ်အိမ်​မှ​တစ်အိမ် သက်သေခံခြင်း

၁၀။ ခရစ်တော်​နှင့် ကိုယ်တော်​၏​အစောပိုင်း​နောက်လိုက်​များသည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် အဘယ်​စံနမူနာ​ချမှတ်​ခဲ့​ကြ​သနည်း။

၁၀ ယေရှု​ခရစ်​သည် မိမိ၏​နောက်လိုက်​များ​အတွက် ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး​အဖြစ် အလွန်​ကောင်းသော​ပုံသက်သေ ချမှတ်​ပေး​ခဲ့​၏။ ခရစ်တော်​နှင့် သူ၏​တမန်​တော်​များ​လုပ်ဆောင်ခဲ့​သည့် ခရစ်ယာန်​ဓမ္မ​အမှု​နှင့်​စပ်လျဉ်း၍ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ဤသို့​ဆို​သည်– ‘ကိုယ်တော်​သည် မြို့ရွာ​အစဉ်​အတိုင်း ဒေသ​စာ​ရီ​လှည့်လည်​၍ ဘုရားသခင်​၏​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို ဟော​တော်​မူ​၏။ တစ်ကျိပ်​နှစ်ပါး​သော​တပည့်တော်​တို့သည် နောက်​တော်​သို့​လိုက်​ကြ​၏။’ (လုကာ ၈:၁၊ ၂) တမန်​တော်​များ​ကိုယ်တိုင်​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် သန့်ရှင်းသော​ဝိညာဉ်​တော်​သွန်းလောင်း​ပြီး​နောက် “[ဝတ်ပြုရာ​အိမ်]တော်​၌​လည်းကောင်း၊ အိမ်များ[“တစ်အိမ်​မှ​တစ်အိမ်၊” က​ဘ]၌​လည်းကောင်း၊ နေ့တိုင်း​အစဉ် ဆုံးမ​သွန်သင်​လျက်၊ ယေရှုသည် ခရစ်တော်​ဖြစ်၏​ဟူ၍ ဧဝံဂေလိတရား​ကို မပြတ်​ဟောပြောလျက်​နေကြ၏။”—တမန်​တော် ၅:၄၂

၁၁။ တမန်​တော် ၂၀:၂၀၊ ၂၁ အရ တမန်​တော်​ပေါလု​သည် မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် အဘယ်​အမှု​ပြု​ခဲ့​သနည်း။

၁၁ ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​တွင် သူ​စိတ်​ထက်သန်​သောကြောင့် ဧဖက်​မြို့မှ ခရစ်ယာန်​အကြီးအကဲ​များ​ကို တမန်​တော်​ပေါလု​က “သင်တို့​အကျိုးပြု​စု​ရာ​တစ်စုံတစ်ခု​ကို​မျှ ငါ​မထိမ်မဝှက်။ လူစုဝေး​ရာ​၌​လည်းကောင်း၊ အိမ်များ[“တစ်အိမ်​မှ​တစ်အိမ်၊” က​ဘ]၌ လည်းကောင်း သင်တို့အား​ဟောပြော​၍ ဆုံးမ​သွန်သင်” ပေး​ခဲ့​သည်​ဟု ပြောဆို​နိုင်​ခဲ့​၏။ ပေါလု​သည် ‘တစ်အိမ်​မှ​တစ်အိမ်​၌ ဆုံးမ​သွန်သင်ပေး’ သည်​ဟု​ဆို​ရာ​တွင် ယေဟောဝါ​အား ဝတ်ပြုသူချင်း​များ​၏​အိမ်များ​ကို သူ​လည်ပတ်​၍ ယုံကြည်သူများ​ထံ သိုးထိန်း​လည်ပတ်မှုများ ပြုလုပ်​နေခြင်း​လော။ မဟုတ်ပါ၊ အကြောင်းရင်းကို သူ​ဤသို့​ဆက်​ရှင်းပြသည်– “ဘုရားသခင့်​ရှေ့တော်၌ နောင်တ​ရခြင်း​တရားကို​လည်းကောင်း၊ ငါ​တို့​သခင်​ယေရှု​ခရစ်​ကို ယုံကြည်ခြင်း​တရားကို​လည်းကောင်း ယုဒ​လူ၊ ဟေ​လ​သ​လူ​တို့အား​သက်သေခံ​သည်။” (တမန်​တော် ၂၀:၂၀၊ ၂၁) ယေဘုယျ​အားဖြင့် ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ထားပြီး​သူတို့သည် ‘ဘုရားသခင့်​ရှေ့တော်၌ နောင်တ​ရခြင်း​နှင့် ငါ​တို့​သခင်​ယေရှု​ခရစ်​ကို ယုံကြည်ခြင်း’ နှင့်​ပတ်သက်​၍ သွန်သင်ခံ​ဖို့​မလို​ချေ။ နောင်တ​ရခြင်း၊ ယုံကြည်ခြင်း​နှင့်​ပတ်သက်​၍ မယုံကြည်​သူများကို ပေါလု​သွန်သင်​ဆုံး​မပေး​စဉ် ဧဖက်​မြို့မှ ခရစ်ယာန်​အကြီးအကဲ​များ​ကို တစ်အိမ်​မှ​တစ်အိမ်​ခရစ်ယာန်​ဓမ္မ​အမှု​တွင် လေ့ကျင့်​သင်ကြား​ပေး​ခဲ့​သည်။ ယင်း​သို့​လုပ်ဆောင်ခြင်းဖြင့် ယေရှု​ချမှတ်​ခဲ့​သည့် နည်း​စနစ်​ကို ပေါလု​အတုယူ​ခဲ့​၏။

၁၂၊ ၁၃။ ဖိလိပ္ပိ ၁:၇ ပါ​စကား​နှင့်​အညီ ယေဟောဝါ​၏​လူမျိုးတော်သည် မိမိတို့၏​ဟောပြောခြင်း အခွင့်အရာ​နှင့်​ပတ်သက်​၍ အဘယ်အရာ​လုပ်ဆောင်ခဲ့ပြီ​နည်း။

၁၂ တစ်အိမ်​မှ​တစ်အိမ်​ခရစ်ယာန်​ဓမ္မ​အမှုသည် စိန်ခေါ်ချက်​ဖြစ်​နိုင်​သည်။ ဥပမာ၊ လူ​အချို့​သည် ကျမ်းစာ​သတင်းတရားကို သူတို့​အိမ်ဝ​တွင် သွား​ပြောပြ​သည့်​အခါ စိတ်​အနှောင့်အယှက်​ဖြစ်သွား​ကြ​၏။ ကျွန်ုပ်​တို့သည် လူ​တို့ကို စိတ်​အနှောင့်အယှက်​ဖြစ်စေ​ဖို့ မရည်ရွယ်​ပါ။ သို့​တိုင်၊ တစ်အိမ်​မှ​တစ်အိမ်​ခရစ်ယာန်​ဓမ္မ​အမှုသည် ကျမ်း​ပေး​တာဝန်ဖြစ်​ပြီး ဘုရားသခင်​နှင့် အိမ်နီးချင်း​ကို​ချစ်​သည့်​မေတ္တာက ဤ​နည်းလမ်း​ဖြင့် သက်သေ​ခံရန် ကျွန်ုပ်​တို့အား လှုံ့ဆော်ပေး​သည်။ (မာကု ၁၂:၂၈-၃၁) ကျွန်ုပ်​တို့၏ တစ်အိမ်​မှ​တစ်အိမ်​ဟောပြော​ခွင့်​ကို တရား​ဥပဒေ​နှင့်​အညီ​ဖြစ်စေ​ရန် အမေရိကန်​ပြည်ထောင်စု​ရှိ တရားရုံး​ချုပ်​အပါအဝင် တရားရုံး​များ​တွင် တရား​ရင်ဆိုင်ခဲ့​ကြ​ရသည်။ (ဖိလိပ္ပိ ၁:၇) တရားရုံး​သည် အမြဲလိုလို ကျွန်ုပ်​တို့​ဘက်​မှ ဆုံးဖြတ်​ပေး​ခဲ့​ကြသည်။ အောက်ပါ​ဆုံးဖြတ်ချက်​က စံနမူနာ​ဖြစ်သည်–

၁၃ “ခရစ်ယာန်​ဘာသာရေး​ဝေစာများ​ကို လက်ကမ်း​ဝေငှခြင်း​သည် စာ​ပုံနှိပ်​လုပ်ငန်းများ​၏ သမိုင်း​သက်တမ်း​တ​မျှ ရှေးကျ​လှ​သော ခရစ်ယာန်​သာသနာပြု​ဧဝံဂေလိ​ဟောပြောခြင်း​၏ ရှေး​ရိုး​ပုံစံ​တစ်ခု​ဖြစ်၏။ ယင်းသည် နှစ်များ​တစ်လျှောက် ခရစ်ယာန်​ဘာသာရေး​လှုပ်ရှားမှု​အမျိုးမျိုး​တွင် ဩဇာ​ကြီးမား​သည့် စွမ်းအား​တစ်ခု​ဖြစ်လာ​ခဲ့​သည်။ ဤ​ဧဝံဂေလိ​ဟောပြောခြင်း​ပုံစံ​ကို ယနေ့လည်း အသုံးပြု​နေသည်၊ ခရစ်ယာန်​ဘာသာရေး​ဂိုဏ်းဂဏ​အမျိုးမျိုး​မှ ကော်လ်​ပို​တာ​များသည် ဝမ်းမြောက်​ဖွယ်​သတင်းတရားကို ထောင်သောင်း​မ​က​သော​အိမ်များ​သို့ ယူဆောင်​လာ​ခဲ့​ကြ​ပြီး ၎င်းတို့၏​ယုံကြည်ခြင်းကို သက်ဝင်​ယုံကြည်​စေရန် ကိုယ်တိုင်​လည်ပတ်မှုများ​ပြုခြင်း​ဖြင့် ကြိုးစား​အားထုတ်​ကြသည်။ ... ဤ​ခရစ်ယာန်​ဘာသာရေး​လှုပ်ရှားမှု​ပုံစံ​သည် ချာ့ခ်ျ​ဝတ်ပြုရေး​နှင့် တရားဟော​စင်​များ​မှ ဟောပြော​ရေး​တို့​နည်းတူ [ယူနိုက်တက်​စ​တိတ်​အခြေခံ​ဥပဒေ​နှင့်​အညီ] ပထမ​ပြင်ဆင်ချက်​အောက်​ရှိ မြင့်မားသော ဥပဒေဘောင်​နှင့် အံဝင်​၏။”—မား​ဒေါ့ခ် ဗွီ. ပဲ​န်​စ​ယ်လ်​ဗေး​နီး​ယား၊ ၁၉၄၃။

အဘယ်ကြောင့် ဆက်​ဟောပြော​ရသနည်း

၁၄။ ခရစ်ယာန်​ဓမ္မ​အမှု​၏​ထိရောက်​မှု​သည် အဘယ်​သို့ ဆင့်ကဲ​ဆင့်ကဲ​တိုးလာ​နိုင်​သနည်း။

၁၄ တစ်အိမ်​မှ​တစ်အိမ်​သက်သေခံ​ရသည့် အကြောင်းရင်း​များစွာ​ရှိပါ​သည်။ အိမ်ရှင်​တစ်ဦးထံ ကျွန်ုပ်​တို့​စ​သွား​သည့်​အချိန်တိုင်း ကျမ်းစာ​အမှန်တရား​မျိုးစေ့​ချ​ပေး​ရန် ကြိုးစား​ကြသည်။ ပြန်လည်ပတ်မှု​များ​ပြုလုပ်ခြင်း​အားဖြင့် ယင်း​မျိုးစေ့ကို ရေလောင်း​ပေး​ရန် ကျွန်ုပ်​တို့​ကြိုးစား​ကြသည်။ ထို့​ပြင် “ငါသည် စိုက်​ပျိုး​သော​သူ​ဖြစ်၏။ အာပေါလု​သည် ရေလောင်း​သော​သူ​ဖြစ်၏။ အပင်ကို​ကြီးပွား​စေသော​သူ​ကား ဘုရားသခင်​ပေ​တည်း” ဟု ပေါလု​ရေးသားခဲ့​ရာ ထိရောက်​မှု​သည် ဆင့်ကဲ​ဆင့်ကဲ ကောင်းစွာ​တိုးလာ​နိုင်​သည်။ (၁ ကောရိန္သု ၃:၆) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဆက်လက်​၍ ‘ရေလောင်း​စိုက်​ပျိုး’ ကြ​ကာ ယေဟောဝါ​သည် ‘ကြီးထွား​စေမည်’ ဖြစ်​ကြောင်းကို ယုံကြည်​စိတ်ချ​ကြပါစို့။

၁၅၊ ၁၆။ လူတို့၏​အိမ်များ​သို့ ကျွန်ုပ်​တို့​အဘယ်ကြောင့် ထပ်ခါတလဲ​လဲ လည်ပတ်ကြ​သနည်း။

၁၅ သေရေးရှင်ရေး​ကိစ္စ​ဖြစ်နေ​သည့်​အတွက် ဧဝံဂေလိ​ဟောပြောသူ​တို့ ဆောင်ရွက်​ရသော​အမှုကို ကျွန်ုပ်​တို့​ဆောင်ရွက်​ကြသည်။ ဟောပြောခြင်း​အားဖြင့် ကျွန်ုပ်​တို့​ကိုယ်တိုင်​နှင့် ကျွန်ုပ်​တို့​စကား​ကို​နားထောင်သူ​တို့၏​အသက်ကို ကယ်​ပေး​နိုင်​သည်။ (၁ တိမောသေ ၄:၁၆) လူတစ်ဦး​၏​အသက်သည် အန္တရာယ်​ကျရောက်​နေကြောင်း ကျွန်ုပ်​တို့​သိထား​မည်​ဆိုလျှင် ထို​သူအား မကူညီချင်​သလို၊ ကူညီ​ချင်​သလို တွေဝေ​နေ​မည်​လော။ တွေဝေ​နေ​မည်​မဟုတ်! အသက်ကယ်​ခြင်း​နှင့် ပတ်သက်​နေသည့်​အတွက် လူတို့၏​အိမ်များ​သို့ ထပ်ခါတလဲ​လဲ ကျွန်ုပ်​တို့​လည်ပတ်ကြ​ရခြင်း​ဖြစ်သည်။ အခြေအနေ​သည် ပြောင်းလဲ​နေတတ်​၏။ တစ်ချိန်​တစ်ခါ​က နားမထောင်​နိုင်​လောက်​အောင် အလုပ်များ​လွန်းနေ​သူ​တစ်ဦး​သည် နောက်​တစ်ကြိမ်​တွင် ကျမ်းစာ​သတင်းတရားကို ကြားနာ​လို​စိတ်​ရှိ​ကောင်း​ရှိ​နိုင်​သည်။ မိသားစုဝင် အခြား​တစ်ဦးဦး​က တံခါး​လာ​ဖွင့်ပေး​နိုင်​ကာ ယင်းက ကျမ်းစာ​အကြောင်း ဆွေးနွေး​ဖြစ်သွား​နိုင်​သည်။

၁၆ အိမ်ရှင်​များ​၏​အခြေအနေ​သာမက ၎င်းတို့၏​သဘောထား​က​ပါ ပြောင်းလဲ​သွား​နိုင်​သည်။ ဥပမာ​အနေ​နှင့်၊ ချစ်​မြတ်နိုး​ရသူ​တစ်ဦး​ကို သေခြင်း​၌ ဆုံးရှုံး​ရသည့်​နာကျင်မှု​က လူတစ်ဦး​အား ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို နားထောင်​စေ​ပေမည်။ ထို​သူအား​နှစ်သိမ့်​ပေး​နိုင်​မည်​ဟု ကျွန်ုပ်​တို့ မျှော်လင့်​ထား​ကြသည်၊ ထို​သူ၏​ဝိညာဉ်​ရေး​လိုအပ်ချက်​ကို သတိပြု​စေ​ကာ ဤ​လိုအပ်ချက်​ကို မည်သို့​ဖြည့်ဆည်း​ပေး​နိုင်​ကြောင်း ပြ​ကြသည်။—မဿဲ ၅:၃၊ ၄

၁၇။ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​အတွက် အဦးဆုံး​သော​အကြောင်းရင်း​မှာ အဘယ်နည်း။

၁၇ တစ်အိမ်​မှ​တစ်အိမ်​သက်သေခံခြင်း သို့​မဟုတ် ခရစ်ယာန်​ဓမ္မ​အမှု​၏ အခြား​ပုံစံ​တစ်မျိုး​မျိုး​တွင်​ပါဝင်ခြင်း​၏ အကြောင်းရင်း​များ​အနက် အဦးဆုံး​မှာ ယေဟောဝါ​၏​နာမတော်​ထင်ရှားစေ​ရေး​တွင် ပါဝင်​လို​ခြင်း​ဖြစ်သည်။ (ထွက်မြောက်ရာ ၉:၁၆; ဆာလံ ၈၃:၁၈) ကျွန်ုပ်​တို့၏ ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​သည် ဖြောင့်မတ်မှု​နှင့် အမှန်တရား ချစ်​မြတ်နိုး​သူများကို ယေဟောဝါ​အား​ချီးမွမ်းသူ​များ​ဖြစ်လာ​စေသည့်​အခါ အလွန်​အကျိုးရှိ​သွားပြီ​တကား! “လူပျို​နှင့်​အပျို​များ၊ လူ​အို​နှင့်​လူက​လေး​များ​တို့ ထာဝရ​ဘုရား[သခင်]ကို​ချီးမွမ်း​ကြလော့။ နာမတော်​တစ်ပါး​တည်း​သာ​လျှင်​မြတ်​၍ ဘုန်းတော်သည် မြေကြီး​နှင့် ကောင်းကင်​အပေါ်​ထက်​၌​ရှိသောကြောင့် ထာဝရ​ဘုရား[သခင်]၏​နာမတော်​ကို ချီးမွမ်း​ကြ​စေ” ဟူ၍ ဆာလံဆရာ​သီဆို​ခဲ့​သည်။—ဆာလံ ၁၄၈:၁၂၊ ၁၃

ဧဝံဂေလိ​ဟောပြောခြင်းက ကျွန်ုပ်​တို့​တစ်ဦးစီ​ကို အကျိုးပြု

၁၈။ ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​ကို လုပ်ဆောင်ခြင်း​မှ ကျွန်ုပ်​တို့​မည်သို့​အကျိုး​ရရှိကြ​သနည်း။

၁၈ ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး ဆောင်ရွက်​ရသော​အမှုကို လုပ်ဆောင်ခြင်းက နည်းလမ်း​အမျိုးမျိုးဖြင့် ကျွန်ုပ်​တို့​တစ်ဦးစီ​ကို အကျိုးပြု​ပါ​သည်။ သတင်းကောင်းကို တစ်အိမ်​မှ​တစ်အိမ် သွား​၍ ဟောပြောခြင်းက အထူးသဖြင့် ကြင်နာ​သည့်​အမူအရာ​ဖြင့် ကျွန်ုပ်​တို့​ကြိုဆို​မခံရ​သည့်​အခါ နှိမ့်ချမှုကို မွေးမြူရန် ကျွန်ုပ်​တို့အား ကူညီ​ပေး​သည်။ ထိရောက်​သော ဧဝံဂေလိ​ဟောပြောသူများ​ဖြစ်​ရန် ကျွန်ုပ်​တို့သည် ‘အချို့​သော​သူတို့ကို ကယ်တင်​ရန် ခပ်သိမ်း​သော​သူတို့၌ ခပ်သိမ်း​သော​အရာ​ဖြစ်’ လာ​ခဲ့​သူ ပေါလု​နှင့်​တူ​ဖို့​လို​ပေ​သည်။ (၁ ကောရိန္သု ၉:၁၉-၂၃) ခရစ်ယာန်​ဓမ္မ​အမှု​မှ​တွေ့ကြုံမှု​က လိမ္မာ​ပါးနပ်​ရန် ကျွန်ုပ်​တို့ကို ကူညီ​ပေး​သည်။ ယေဟောဝါ​အား မှီခို​အားထားခြင်း​ဖြင့်​လည်းကောင်း၊ စကားလုံး​များ​တော်​သင့်​စွာ ရွေးချယ်ခြင်း​ဖြင့်​လည်းကောင်း ပေါလု​၏ ဤ​သွန်သင်ချက်​ကို ကျွန်ုပ်​တို့​လက်တွေ့​ကျင့်သုံး​နိုင်​ကြ​ပါ​သည်– “လူ​အသီးအသီး​တို့အား အဘယ်​သို့​ပြန်​ပြော​ရမည်ကို သိနိုင်​မည်​အကြောင်း၊ သင်တို့​စကား​သည် ဆား​အားဖြင့် ငန်​သော​အရသာ​နှင့်​ပြည့်စုံ​လျက်၊ အစဉ်မပြတ်​တင့်တယ်​လျောက်ပတ်​ပါစေ။”—ကောလောသဲ ၄:၆

၁၉။ သန့်ရှင်းသော​ဝိညာဉ်တော်သည် ဧဝံဂေလိ​ဟောပြောသူများ​ကို မည်သို့​အကူအညီ​ပေး​သနည်း။

၁၉ ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​သည် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​အပေါ် အားထား​မှီခိုရန်​လည်း ကျွန်ုပ်​တို့အား​လှုံ့ဆော်ပေး​သည်။ (ဇာခရိ ၄:၆) တစ်ဖန်၊ ၎င်း​၏​အသီးများ​ဖြစ်သော “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာ​ခြင်း၊ ကောင်းမြတ်​ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း” တို့သည် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ထင်ရှား​သီးပွင့်​လာ​သည်။ (ဂလာတိ ၅:၂၂၊ ၂၃က​ဘ) ယင်းက လူ​တို့​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​အပေါ် အကျိုး​သက်ရောက်မှု​ရှိစေသည်၊ အကြောင်း​မှာ ဝိညာဉ်​တော်​၏​လမ်းညွှန်မှုကို ခံယူ​ခြင်း​က သတင်းကောင်း​ကြေညာ​နေစဉ် မေတ္တာ​တင်ပြ​စေ​သည်၊ ရွှင်လန်း​၍ ငြိမ်သက်မှု​ရှိစေသည်၊ စိတ်ရှည်​ပြီး ကြင်နာ​မှု​ရှိစေသည်၊ ကောင်းမြတ်​ခြင်း​နှင့်​ယုံကြည်ခြင်း​တို့ကို တင်ပြ​စေ​သည်၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် ချုပ်တည်း​ခြင်း​ရှိစေပါ​သည်။

၂၀၊ ၂၁။ ဧဝံဂေလိ​ဟောပြောသူများ​အဖြစ် အလုပ်​များနေ​ခြင်း​၏ ကောင်းချီး​နှင့် အကျိုးကျေးဇူး​တချို့​ကား အဘယ်နည်း။

၂၀ ဧဝံဂေလိ​ဟောပြောသူများ​အဖြစ် ကျွန်ုပ်​တို့​ခံစားရ​သည့်​နောက်​ကောင်းချီး​တစ်ခု​မှာ ကျွန်ုပ်​တို့ ပို​၍​စာနာ​တတ်လာ​ခြင်း​ဖြစ်၏။ လူတို့သည် ၎င်းတို့၏​ပြဿနာ​များ​ဖြစ်သည့် ဖျားနာခြင်း၊ အလုပ်​လက်မဲ့​ဖြစ်​ခြင်း၊ အိမ်တွင်း​အကျပ်အတည်း​ဖြစ်​ခြင်း​တို့ကို ပြောပြ​ကြသောအခါ ကျွန်ုပ်​တို့သည် အကြံပေး​သူများ​အဖြစ် မပြုမူ​ကြသော်လည်း သူတို့ကို အားပေး​၍ နှစ်သိမ့်မှု​ဖြစ်​စေသော​ကျမ်းချက်​များ ဝေမျှ​ပြောဆို​ကြသည်။ ဝိညာဉ်​ရေး​အရ အလင်းကွယ်​ခြင်း​ခံ​ခဲ့​ရ​သော်လည်း ဖြောင့်မတ်​မှန်ကန်မှု​ကို မြတ်နိုးသူ​များ​ဖြစ်​ဟန်​တူသော သူတို့၏​အရေး​ကို ကျွန်ုပ်​တို့​ဂရုစိုက်​ကြသည်။ (၂ ကောရိန္သု ၄:၄) “ထာဝရ​အသက်ကို တလိုတလား​ရှိ” သူတို့ကို ဝိညာဉ်​ရေး​အကူအညီ​ပေး​ရခြင်း​သည် အမှန်ပင်​ကောင်းချီး​ဖြစ်သည်!—တမန်​တော် ၁၃:၄၈က​ဘ။

၂၁ ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်ခြင်း​က ဝိညာဉ်​ရေးရာ​များ​အပေါ် အဓိက​ထား​အာရုံစိုက်​စေ​သည်။ (လုကာ ၁၁:၃၄) ယင်းက အမှန်ပင်​အကျိုး​ဖြစ်ထွန်း​စေပါ​သည်၊ အကြောင်း​မှာ ဝိညာဉ်​ရေးရာ​များ​အပေါ် ကျွန်ုပ်​တို့​အာရုံမစိုက်​ပါ​က ဤ​လောကတွင် မြင်တွေ့​နေကျ​ဖြစ်သော ရုပ်​ဝါဒ​ဆန်​သည့်​သွေးဆောင်မှုများ​ခံရ​နိုင်​စ​ရာ အကြောင်း​ရှိသည်။ တမန်​တော်​ယောဟန်​က ဤသို့​တိုက်တွန်း​ခဲ့​၏– “လောကကို​လည်းကောင်း၊ လောက​၌​ရှိသော​အရာ​တို့ကို​လည်းကောင်း မချစ်​ကြ​နှင့်။ လောကကို​ချစ်သော​သူ​မည်​သည်​ကား ခမည်းတော်​ကို​ချစ်ခြင်း​မေတ္တာ​မရှိ။ လောက​၌​ရှိသမျှ​သော​အရာ​တည်း​ဟူသော ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လော[က]စည်းစိမ်​၌​ဝါကြွားခြင်း​တို့သည် ခမည်းတော်​နှင့်​မစပ်ဆိုင်၊ လောက​နှင့်​သာ​စပ်ဆိုင်​ကြ​၏။ လောက​နှင့်​လော[က]တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား ... ထာဝရ​တည်​၏။” (၁ ယောဟန် ၂:၁၅-၁၇) သခင့်​လုပ်ငန်းတော်တွင် ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး​အဖြစ် အလုပ်​များနေ​ခြင်း​က လောကကို​မချစ်​ရန် အကူအညီ​ပေး​သည်။—၁ ကောရိန္သု ၁၅:၅၈

ကောင်းကင်​ဘဏ္ဍာ​ကို ဆည်းပူး​လော့

၂၂၊ ၂၃။ (က) ခရစ်ယာန်​ဧဝံဂေလိ​ဟောပြောသူ​တို့သည် အဘယ်​ဘဏ္ဍာများ​ကို ဆည်းပူး​ကြ​သနည်း။ (ခ) နောက်​ဆောင်းပါး​က ကျွန်ုပ်​တို့ကို မည်သို့​ကူညီ​ပေး​မည်​နည်း။

၂၂ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​တွင်​စိတ်အား​ထက်သန်ခြင်း​က တည်မြဲသော​အကျိုးကျေးဇူးများ​ရရှိစေ​သည်။ ယင်းကို ယေရှု​ဤသို့​မိန့်ဆို၍ ဖော်ပြ​ခဲ့​သည်– “သံချေး၊ ပိုးရွ​ဖျက်ဆီး​၍ သူခိုး​ထွင်းဖောက်​ခိုးယူ​ရာ မြေကြီး​ပေါ်မှာ ဘဏ္ဍာ​ကို​မ​ဆည်းပူး​ကြ​နှင့်။ သံချေး၊ ပိုးရွ​မဖျက်ဆီး​၍ သူခိုး​မထွင်းမဖောက် မခိုးမယူ​ရာ ကောင်းကင်ဘုံ​၌​ဘဏ္ဍာ​ကို ဆည်းပူး​ကြလော့။ အကြောင်း​မူ​ကား၊ အ​ကြင်​အရပ်၌ သင်တို့၏​ဘဏ္ဍာ​ရှိ၏။ ထို​အရပ်သို့ သင်တို့၏​စိတ်နှလုံး​ရောက်​တတ်၏။”—မဿဲ ၆:၁၉-၂၁

၂၃ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​၏​သက်သေ​များ​အဖြစ် ကိုယ်စား​ပြု​ရခြင်း​ထက် သာ၍​ကြီးမားသော​အခွင့်ထူး ကျွန်ုပ်​တို့​တွင် ရှိ​နိုင်​မည်​မဟုတ်​ကြောင်းကို သိရှိ​ကာ ကောင်းကင်​ဘဏ္ဍာ​ကို ကျွန်ုပ်​တို့​ဆက်၍ ဆည်းပူး​နေနိုင်​ပါစေ။ (ဟေရှာယ ၄၃:၁၀-၁၂) ဘုရားသခင့်​အမှုတော်​ဆောင်​များ​အဖြစ် ကျွန်ုပ်​တို့၏​တာဝန်​ကို ထမ်းဆောင်​နေသည်​နှင့်​အမျှ ဘဝ​တစ်လျှောက်​လုံး ဘုရားသခင့်​အမှုတော်ထမ်း​ခဲ့​ခြင်း​နှင့်​ပတ်သက်ပြီး အသက် ၉၀ ကျော် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး ဤသို့​ပြော​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ခံစား​နိုင်​ပါစေ– “အဲဒီ​နှစ်တွေ​တစ်လျှောက်​လုံး လုပ်ငန်းတော်မှာ ကျွန်မ​ကို ယေဟောဝါ သည်းခံ​ပြီး​အသုံးပြုခဲ့တဲ့​အတွက် ကိုယ်တော်​ကို​ကျေးဇူး​တင်​ပါ​တယ်၊ ကျွန်မ​ရဲ့ မေတ္တာ​ပြည့်ဝ​တဲ့​ဖခင် အမြဲ​ထာဝရ​ဖြစ်ပါစေ​ကြောင်း​လည်း ထက်ထက်သန်သန်​ဆုတောင်း​တယ်။” ဘုရားသခင်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ထပ်တူ​အမြတ်တနိုး တန်ဖိုး​ထား​မည်​ဆိုလျှင် ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး ဆောင်ရွက်​ရသော​အမှုကို အပြည့်အဝ ဆောင်ရွက်​လို​ကြ​မည်​မှာ သေချာ​ပါ​သည်။ နောက်​ဆောင်းပါး​က ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို မည်သို့​အပြည့်အဝ ဆောင်ရွက်​နိုင်​ကြောင်း ကျွန်ုပ်​တို့အား သိမြင်စေပါ​လိမ့်​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး ဆောင်ရွက်​ရသော​အမှုကို ကျွန်ုပ်​တို့ အဘယ်ကြောင့် လုပ်ဆောင်​သင့်​သနည်း။

အထက်​ကာလ​နှင့် ယနေ့ခေတ် ဧဝံဂေလိ​ဟောပြောသူ​တို့၏ လုပ်ငန်း​နှင့်​ပတ်သက်​၍ သင်​အဘယ်အရာ​ပြောဆို​နိုင်​သနည်း။

ကျွန်ုပ်​တို့သည် အဘယ်ကြောင့် တစ်အိမ်​မှ​တစ်အိမ် သက်သေခံ​ကြ​သနည်း။

ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး ဆောင်ရွက်​ရသော​အမှုကို လုပ်ဆောင်ခြင်း​မှ သင်​မည်သို့​အကျိုး​ခံစားရ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဖိလိပ္ပု​နှင့် သူ၏​သမီး​များ​ကဲ့သို့​သော ဧဝံဂေလိ​ဟောပြောသူ​တို့​တွင် ဝမ်းမြောက်​ပျော်ရွှင်သော ခေတ်​သစ် ဧဝံဂေလိ ဟောပြောသူများ​ရှိကြ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

အခြား​သူတို့ကို သင်​သတင်းကောင်း​ဝေမျှ​သည့်​အခါ အသင်​ကိုယ်တိုင် မည်သို့​အကျိုး​ခံစားရ​သနည်း