မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်တမန်များထံ တောင်းလျှောက်သင့်သလော

ကောင်းကင်တမန်များထံ တောင်းလျှောက်သင့်သလော

ကောင်းကင်တမန်​များ​ထံ တောင်းလျှောက်​သင့်​သလော

ဘေးရောက်​နေချိန်​တွင် ကောင်းကင်တမန်​များ​ထံ တောင်းလျှောက်​ခြင်း​သည် သင့်လျော်​ပါသလော။ သင့်လျော်​သည်​ဟု လူအများ​ယူဆကြ​သည်။ အမှန်​မှာ ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်​က ဤသို့​ဆို​သည်– “ကျွန်ုပ်​တို့အတွက် ဘုရားသခင်​အရှေ့ ကြားဝင်​အသနားခံ​ပေး​ရန် သဘော​မျိုး​ဖြင့်​သာ ကောင်းကင်တမန်​များ​ထံ ... ဆုတောင်း​ကြသည်။” ကျွန်ုပ်​တို့အတွက် ကြားဝင်​အသနားခံ​ပေး​ရန် ကောင်းကင်တမန်​များ​ကို တောင်းလျှောက်​သင့်​သလော။

သမ္မာကျမ်းစာ​ထဲ​တွင် မိက္ခေလ​နှင့် ဂါဗြေလ​ဟူသော ဘုရားသခင်​၏ ယုံကြည်​စိတ်ချ​ထိုက်​သော ကောင်းကင်တမန်​နှစ်ပါး​၏​အမည်​ကို​သာ ဖော်ပြ​ထား​သည်။ (ဒံယေလ ၈:၁၆; ၁၂:၁; လုကာ ၁:၂၆; ယုဒ ၉) ဤ​အမည်များ​ကို သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထားသော​ကြောင့် ကောင်းကင်တမန်​တစ်ပါး​စီ​သည် နာမည်​ကိုယ်စီ​ရှိသော သီးခြား​ဝိညာဉ်​သတ္တဝါ​ဖြစ်​ကာ အကောင်အထည်မဲ့ စွမ်းအင်၊ စွမ်းအား​မျှ​သာ မဟုတ်​ကြောင်း ကျွန်ုပ်​တို့​သိရ​သည်။ သို့သော် အခြားသော​ကောင်းကင်တမန်​များသည် မိမိတို့၏​အမည်​ကို ဖော်ပြ​ရန် ငြင်းဆို​ခဲ့​ကြသည်။ သာဓက​အနေ​နှင့် မိမိ​ထံ​အလည်​လာသော ကောင်းကင်တမန်​တစ်ပါး​၏​အမည်​ကို ယာကုပ်​မေးမြန်း​သောအခါ မဖော်​ပြ​ခဲ့​ပေ။ (ကမ္ဘာဦး ၃၂:၂၉; တရားသူကြီး ၁၃:၁၇၊ ၁၈) သမ္မာကျမ်းစာ​တွင် ကောင်းကင်တမန်​များ​၏​အမည်​စာရင်း​ကို ဖော်ပြ​မထား​ခြင်း​ဖြင့် ထို​ပုဂ္ဂိုလ်​တို့အား အလွန်အကျွံ အာရုံစိုက်​ခြင်း​မှ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​သည်။

ကောင်းကင်တမန်​များ​၏ တာဝန်​များ​အနက် တစ်ခု​မှာ ဘုရားသခင်​ထံ​မှ သတင်းစကားကို လူ​တို့​ထံ ပို့​ဆောင်ပေး​ဖို့​ဖြစ်သည်။ အမှန်​မှာ “ကောင်းကင်တမန်” ဟု​ဘာသာ​ပြန်ဆို​ထားသော မူရင်း​ဟေဗြဲ​နှင့် ဂရိ​စကားလုံး​များ​မှာ စာသား​အရ “စေတမန်” ဟု​အဓိပ္ပာယ်​ရှိသည်။ သို့ရာတွင် ကောင်းကင်တမန်​များသည် လူ့​ဆုတောင်းချက်​များ​ကို အမြင့်မြတ်ဆုံး​အရှင်​၏​ပလ္လင်​ရှေ့မှောက် ပို့​ဆောင်ပေး​သော ကြားဝင်​အသနားခံ​ပေး​သူများ​အဖြစ် အမှု​မ​ထမ်း​ကြ​ပါ။ “ငါ့​နာမကို​အမှီပြု၍ ခမည်းတော်​မှာ တောင်းသမျှ​တို့ကို​ရမည်” ဟု​ပြော​ခဲ့​သော ကိုယ်တော့်​သားတော်၊ ယေရှု​ခရစ်တော်​၏​နာမ​မှ​တစ်ဆင့် မိမိ​ထံ​ဆုတောင်း​သင့်​ကြောင်း ဘုရားသခင်​သတ်မှတ်​ထားပြီး​ဖြစ်သည်။—ယောဟန် ၁၅:၁၆; ၁ တိမောသေ ၂:၅

ကိုယ်တော်​အား သင့်လျော်​စွာ ချဉ်းကပ်​မည်​ဆိုလျှင် ယေဟောဝါ​ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို နားမထောင်​အား​လောက်​အောင် မည်သည့်​အခါ​မျှ အလုပ်များ​လွန်း​ခြင်း​မရှိပေ။ ‘ယေဟောဝါ​သည် ဆုတောင်း​သော​သူအပေါင်း၊ [တည်ကြည်မှု] နှင့်​တကွ ဆုတောင်း​သော​သူအပေါင်း​တို့၏ အနီးအပါး​၌​ရှိ​တော်​မူ​၏’ ဟု သမ္မာကျမ်းစာ​က အာမခံ​ပါ​သည်။—ဆာလံ ၁၄၅:၁၈