စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
မတရားမေထုန်ပြုသည့်အတွက် တစ်နေ့တည်းတွင် အသက်ရှုံးရသည့် ဣသရေလအမျိုးသား အရေအတွက်ကို တောလည်ရာ ၂၅:၉ က ၂၄,၀၀၀ ဟုဖော်ပြသော်လည်း ၁ ကောရိန္သု ၁၀:၈ က ၂၃,၀၀၀ ဟု အဘယ်ကြောင့်ဆိုသနည်း။
အဆိုပါ အခန်းငယ်များ၌ဖော်ပြထားသည့် ကိန်းဂဏန်းများ မတူညီရသည့် အကြောင်းရင်းများစွာရှိနိုင်ပါသည်။ အလွယ်ဆုံးအကြောင်းရင်းတစ်ခုမှာ အနီးဆုံးထောင်ဂဏန်းအထိ နှစ်ဖက်စလုံးကိုယူနိုင်သည့် ၂၃,၀၀၀ နှင့် ၂၄,၀၀၀ စပ်ကြားရှိ ဂဏန်းတစ်ခုခုဖြစ်နိုင်သည်။
နောက်ဖြစ်နိုင်ခြေတစ်ခုကို သုံးသပ်ကြည့်ပါ။ တမန်တော်ပေါလုသည် ကာမဂုဏ်လိုက်စားသည့်ဘဝလမ်းစဉ်တွင် အလွန်နာမည်ပျက်သည့် မြို့တစ်မြို့ဖြစ်သော ရှေးကောရိန္သုမြို့ရှိ ခရစ်ယာန်များထံ သတိပေးနမူနာတစ်ခုအဖြစ် ရှိတ္တိမ်အရပ်မှ ဣသရေလလူမျိုးများ၏မှတ်တမ်းကို ကိုးကားခဲ့သည်။ “ထိုသူအချို့တို့သည် မတရားသောမေထုန်အမှုကိုပြု၍ တစ်နေ့ခြင်းတွင် လူနှစ်သောင်းသုံးထောင် လဲ၍သေသကဲ့သို့မပြုဘဲ မတရားသောမေထုန်ကို ရှောင်ကြကုန်အံ့” ဟု သူရေးသားခဲ့၏။ မတရားမေထုန်ပြုခဲ့သည့်အတွက် ယေဟောဝါ၏ကွပ်မျက်ခြင်းကို ခံရသူအရေအတွက် သတ်သတ်ကို ပေါလုက ၂၃,၀၀၀ ဟု ဖော်ပြခဲ့သည်။—၁ ကောရိန္သု ၁၀:၈။
သို့ရာတွင် တောလည်ရာ အခန်းကြီး ၂၅ က “ဣသရေလအမျိုးသားတို့သည် ဗာလပေဂုရဘုရားကိုဆည်းကပ်သောကြောင့် ထာဝရဘုရား[သခင်]သည် အမျက်ထွက်တော်မူ၏” ဟုပြောပြသည်။ ထိုအခါ ယေဟောဝါသည် ‘ခေါင်းဆောင်အားလုံးကို’ သတ်ပစ်ရန် မောရှေအား မိန့်တော်မူခဲ့၏။ တစ်ဖန် အဆိုပါမိန့်မှာချက်ကို တရားသူကြီးများကဆောင်ရွက်ရန် မောရှေညွှန်ကြားခဲ့သည်။ နောက်ဆုံးတွင် မိဒျန်အမျိုးသမီးတစ်ဦးကို တဲအတွင်းသို့ခေါ်ဆောင်လာခဲ့သည့် ဣသရေလအမျိုးသားတစ်ဦးကို ဖိနဟတ်က အလျင်အမြန် သတ်ပစ်လိုက်ရာ “ဘေးငြိမ်းလေ၏။” “ထိုဘေးဖြင့်သေသောလူပေါင်းကား နှစ်သောင်းလေးထောင်ရှိသတည်း” ဟူသောဖော်ပြချက်ဖြင့် မှတ်တမ်းဆုံးသွားသည်။—တောလည်ရာ ၂၅:၁-၉။
တောလည်ရာကျမ်း၌ဖော်ပြထားသည့် ကိန်းဂဏန်းတွင် တရားသူကြီးများ ကွပ်မျက်လိုက်သည့် ‘ခေါင်းဆောင်အားလုံး’ နှင့် ယေဟောဝါ၏ တိုက်ရိုက်ကွပ်မျက်ခြင်းကိုခံရသူတို့ ပါဝင်ခဲ့ကြောင်း ထင်ရှားသည်။ တရားသူကြီးများလက်ချက်ကြောင့် သေဆုံးခဲ့ရသည့် ခေါင်းဆောင်များမှာ အယောက်တစ်ထောင်ရှိနိုင်ရာ အရေအတွက်မှာ ၂၄,၀၀၀ အထိဖြစ်သွားခဲ့၏။ အဆိုပါခေါင်းဆောင်များ သို့မဟုတ် ရှေ့ဆောင်ရှေ့ရွက်လုပ်သူများသည် မတရားမေထုန်ပြုခဲ့၍ဖြစ်စေ၊ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ခဲ့၍ဖြစ်စေ၊ သို့မဟုတ် ပါဝင်ခဲ့ကြသူတို့ကို ခွင့်ပြုခဲ့၍ဖြစ်စေ၊ သူတို့သည် “ဗာလပေဂုရဘုရားကို ဆည်းကပ်” သည့်အပြစ်ရှိခဲ့ကြသည်။
“ဆည်းကပ်” ဟူသောစကားလုံးနှင့်စပ်လျဉ်း၍ ကျမ်းပညာရှင်တစ်ဦးက “အဆိုပါစကားလုံးသည် အသွေးအသားနှင့် ဝိညာဉ်ရေး မတရားမေထုန်ပြုကျင့်ခြင်းတို့နှင့် သက်ဆိုင်သည်” ဟုဆိုသည်။ ဣသရေလလူမျိုးသည် ယေဟောဝါထံဆက်ကပ်အပ်နှံထားသည့် လူမျိုးတစ်မျိုးဖြစ်ကြသော်လည်း “ဗာလပေဂုရဘုရားကို ဆည်းကပ်” မှုတွင် ပါဝင်ခဲ့ကြသောအခါ သူတို့၏ ဘုရားသခင်နှင့်ဆက်ကပ်အပ်နှံထားသည့်ဆက်ဆံရေးကို ချိုးဖောက်ခဲ့ကြ၏။ အနှစ် ၇၀၀ ခန့်ကြာပြီးနောက်ပိုင်း ပရောဖက်ဟောရှေမှတစ်ဆင့် ဣသရေလလူမျိုးများကို ယေဟောဝါ ဤသို့မိန့်တော်မူလေသည်– “သူတို့သည် ဗာလပေဂုရဘုရား ထံသို့သွား၍ ကိုယ်ကိုအပ်နှံသဖြင့် သူတို့ချစ်နှစ်သက်သောအရာကဲ့သို့ပင် ကိုယ်တိုင်စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြ၏။” (ဟောရှေ ၉:၁၀၊ သမ္မာ) ထိုသို့ပြုခဲ့ကြသူအားလုံး ဒဏ်စီရင်ခံထိုက်၏။ ထို့ကြောင့် ဣသရေလအမျိုးသားများကို မောရှေ ဤသို့သတိပေးခဲ့သည်– “[ယေဟောဝါ]သည် ဗာလပေဂုရကြောင့် ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ ဘုရားသခင်[ယေဟောဝါ]သည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။”—တရားဟောရာ ၄:၃။