ပြောင်းလဲနေသော လောကဝိညာဉ်ကို ခုခံတွန်းလှန်ပါ
ပြောင်းလဲနေသော လောကဝိညာဉ်ကို ခုခံတွန်းလှန်ပါ
‘ငါတို့သည် လောကဝိညာဉ်ကိုမခံရကြ။ ... ဘုရားသခင့်ထံမှဝိညာဉ်ကို ခံရကြပြီ။’—၁ကောရိန္သု ၂:၁၂။
၁။ ဧဝသည် အဘယ်နည်းများဖြင့် လှည့်စားခံခဲ့ရသနည်း။
‘မြွေသည် ကျွန်တော်မကို လှည့်စားပါပြီ။’ (ကမ္ဘာဦး ၃:၁၃) ပထမဆုံးအမျိုးသမီး ဧဝသည် ထိုစကားအနည်းငယ်ဖြင့် ယေဟောဝါဘုရားသခင်အား ပုန်ကန်သည့်လမ်းစဉ်သို့ ကျရောက်ခဲ့ပုံကို ရှင်းချက်ထုတ်ရန်ကြိုးစားခဲ့သည်။ ယင်းသည် သူအမှားပြုရခြင်းအတွက် ခိုင်လုံသောအကြောင်းရင်းမဟုတ်သော်လည်း သူ၏စကားသည် မှန်ကန်နေပါသည်။ နောက်ပိုင်းတွင် တမန်တော်ပေါလုသည် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရသည်– “[ဧဝသည်] လှည့်ဖြားခြင်းကိုခံ” ခဲ့၏။ (၁ တိမောသေ ၂:၁၄) သူသည် နာခံမှုမရှိသောလုပ်ရပ်—တားမြစ်ထားသောအသီးကိုစားခြင်း—ဖြင့် မိမိအတွက် အကျိုးရှိလာမည်၊ ဘုရားသခင်ကဲ့သို့ဖြစ်လာမည်ဟု အယုံသွင်းခြင်း ခံလိုက်ရသည်။ မိမိအား လှည့်ဖြားသူ၏သရုပ်မှန်နှင့်ပတ်သက်၍လည်း လှည့်ဖြားခံခဲ့သည်။ ထိုမြွေသည် စာတန်၏ အသုံးခံသာဖြစ်ကြောင်း သူမသိလိုက်ပါ။—ကမ္ဘာဦး ၃:၁-၆။
၂။ (က) ယနေ့အချိန်တွင် စာတန်သည် လူများကို မည်သို့လှည့်ဖြားသနည်း။ (ခ) ‘လောကဝိညာဉ်’ ဟူသည်မှာ အဘယ်နည်း၊ ယခု အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။
၂ အာဒံနှင့် ဧဝအချိန်မှစ၍ စာတန်သည် လူများကို မပြတ်လှည့်ဖြားလာခဲ့သည်။ အမှန်ပင်၊ သူသည် “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား” နေသည်။ (ဗျာ. ၁၂:၈) သူ၏နည်းဗျူဟာကို မပြောင်းပါ။ ပကတိမြွေတစ်ကောင်ကို အသုံးမပြုတော့သော်လည်း မိမိ၏သရုပ်မှန်ကို ဆက်၍ ဖုံးကွယ်ထားသည်။ ဘုရားသခင်၏ မေတ္တာပါသော ညွှန်ကြားချက်များသည် အကျိုးမရ၊ မလိုအပ်ဟု လူများကို အယုံသွင်းရန် ဖျော်ဖြေရေးလုပ်ငန်း၊ ဆက်သွယ်ရေးမီဒီယာများနှင့် အခြားနည်းလမ်းများကို သုံးကာ စာတန်လှည့်ဖြားနေသည်။ စာတန်၏လှည့်ဖြားရေးအစီအစဉ်များကြောင့် နေရာတိုင်းရှိလူတို့တွင် ကျမ်းစာပညတ်များနှင့်မူများကို ဆန့်ကျင်ပုန်ကန်သည့်စိတ်ဝိညာဉ် ဖြစ်ပေါ်လာခဲ့သည်။ ယင်းကို သမ္မာကျမ်းစာက ‘လောကဝိညာဉ်’ ဟုခေါ်ဆိုထားသည်။ (၁ ကောရိန္သု ၂:၁၂) ဤဝိညာဉ်သည် ဘုရားသခင်ကို မသိသောသူတို့၏ ယုံကြည်ချက်၊ သဘောထားနှင့် အပြုအမူ၊ အကျင့်အကြံတို့အပေါ် အကြီးအကျယ်သြဇာလွှမ်းလျက်ရှိသည်။ ယင်းစိတ်ဝိညာဉ်ကို မည်သို့ဖော်ပြကြသနည်း၊ ကျွန်ုပ်တို့သည် ယင်း၏ ယိုယွင်းဖောက်ပြန်သော ဩဇာလွှမ်းမှုကို မည်သို့တွန်းလှန်နိုင်သနည်း။ ကြည့်ကြစို့။
ကိုယ်ကျင့်တရားစံနှုန်း နိမ့်ကျနေ
၃။ မျက်မှောက်ခေတ်တွင် ‘လောကဝိညာဉ်’သည် အဘယ်ကြောင့် ပို၍ထင်ရှားလာသနည်း။
၃ မျက်မှောက်ခေတ်တွင် ‘လောကဝိညာဉ်’ ပို၍ပို၍ထင်ရှားလာသည်။ (၂ တိမောသေ ၃:၁-၅) ကိုယ်ကျင့်တရားစံနှုန်းများ နိမ့်ကျနေသည်ကို သင်သတိပြုမိပေမည်။ ထိုသို့အဘယ်ကြောင့်ဖြစ်သည်ကို ကျမ်းစာက ရှင်းပြ၏။ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင်၏နိုင်ငံတော် တည်ထောင်ပြီးနောက် ကောင်းကင်တွင် စစ်ဖြစ်ခဲ့သည်။ စာတန်နှင့် သူ၏နတ်ဆိုးတမန်များသည် စစ်ရှုံးပြီး မြေကြီးဝန်းကျင်သို့ ပစ်ချခံခဲ့ရသည်။ အမျက်ဒေါသထွက်နေသော စာတန်သည် ကမ္ဘာတစ်ဝန်းလှည့်ဖြားရေးအစီအစဉ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။ (ဗျာ. ၁၂:၁-၉၊ ၁၂၊ ၁၇) နည်းကုန်ထုတ်သုံးကာ “ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြား” ရန် အားထုတ်လေသည်။ (မဿဲ ၂၄:၂၄) ဘုရားသခင့်လူမျိုးအနေနှင့် ကျွန်ုပ်တို့သည် စာတန်၏ အဓိကပစ်မှတ်များဖြစ်ကြသည်။ ယေဟောဝါ၏မျက်နှာသာနှင့် ထာဝရအသက်ရှင်ခွင့်ရရေး အခွင့်အလမ်းတို့ကို ဆုံးရှုံးသွားစေရန်အလို့ငှာ စာတန်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ဖျက်ဆီးဖို့ ကြိုးစားလေသည်။
၄။ ယေဟောဝါ၏ကျေးကျွန်များသည် သမ္မာကျမ်းစာကို မည်သို့ရှုမြင်ကြသနည်း၊ ဤလောကမူ မည်သို့ရှုမြင်သနည်း။
၄ စာတန်သည် ကျွန်ုပ်တို့၏ မေတ္တာရှင်ဖန်ဆင်းရှင်အကြောင်းကို သွန်သင်ပေးသော အဖိုးတန်စာအုပ်ဖြစ်သည့် သမ္မာကျမ်းစာအပေါ် ယုံကြည်မှုမရှိစေရန် ကြိုးစားလုပ်ဆောင်သည်။ ယေဟောဝါ၏ကျေးကျွန်များသည် သမ္မာကျမ်းစာကို မြတ်နိုးကာ တန်ဖိုးထားကြသည်။ ယင်းသည် လူ၏နှုတ်ထွက်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်မြွက်စကားတော်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိထားကြသည်။ (၁သက်သာလောနိတ် ၂:၁၃; ၂ တိမောသေ ၃:၁၆) သို့သော် စာတန့်လောကသည် ကျွန်ုပ်တို့ကို ထိုသို့သဘောမထားစေလိုပါ။ ဥပမာ၊ သမ္မာကျမ်းစာကို ထိုးနှက်သည့် စာအုပ်တစ်အုပ်၏နိဒါန်းတွင် ဤသို့ဖော်ပြထား၏– “သမ္မာကျမ်းစာသည် ‘အထွတ်အမြတ်’ ကျမ်းမဟုတ်၊ ‘ဘုရားသခင့်နှုတ်ထွက်’ လည်းမဟုတ်ပါ။ ဘုရားသခင့် ဝိညာဉ်တော်ရသော သန့်ရှင်းသူများက ရေးသားခဲ့ခြင်းမဟုတ်ဘဲ တန်ခိုးအာဏာကြီးလိုသော ခရစ်ယာန်ဘုန်းကြီးများက ရေးသားခဲ့ခြင်းဖြစ်သည်။” ထိုစကားကို ယုံစားမိသူများသည် ဘုရားသခင်အား မိမိတို့နှစ်သက်သည့်နည်းဖြင့် ကိုးကွယ်နိုင်သည်—သို့မဟုတ် ဘုရားသခင်ကို မကိုးကွယ်ဘဲနေ၍လည်းရသည်ဟူသည့် လွဲမှားသောအယူအဆ၏ သားကောင်များ အလွယ်တကူဖြစ်သွားနိုင်သည်။—သု. ၁၄:၁၂။
၅။ (က) သမ္မာကျမ်းစာနှင့်ဆက်နွှယ်မှုရှိသော ဘာသာတရားများနှင့်ပတ်သက်၍ စာရေးဆရာတစ်ဦး မည်သို့ထုတ်ဖော်ပြောဆိုခဲ့သနည်း။ (ခ) လောကအယူအဆတချို့ကို သမ္မာကျမ်းစာမိန့်တော်မူချက်နှင့် နှိုင်းယှဉ်ကြည့်က မည်သို့ရှိသနည်း။ (နောက်စာမျက်နှာမှ လေးထောင့်ကွက်ကို ပါဝင်စေပါ။)
၅ သမ္မာကျမ်းစာကို တိုက်ရိုက်နှင့် သွယ်ဝိုက်သည့်နည်းဖြင့် ထိုးနှက်ကြသည့်အပြင် သမ္မာကျမ်းစာကို ထောက်ခံသည်ဟုဆိုကြသူများ၏ ဘာသာရေးအရေခြုံမှုတို့ကြောင့် သမ္မာကျမ်းစာနှင့်ဆက်နွှယ်သည့် ဘာသာတရားအပါအဝင် ဘာသာတရားအပေါ် မနှစ်မြို့မှုများ တိုးများလာခဲ့သည်။ သတင်းမီဒီယာများနှင့် ပညာတတ်အသိုင်းအဝိုင်းတို့တွင် ဘာသာတရားသည် ထိုးနှက်ခံနေရသည်။ စာရေးဆရာတစ်ဦး ဤသို့ထုတ်ဖော်ရေးသား၏– “အများစုက ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို အပျက်သဘောဖြင့်ရှုမြင်ကြသည်။ အကောင်းဆုံးအနေနှင့် ရှုမြင်မည်ဆိုလျှင်ပင် တစ်မူထူးသည့်အရာအဖြစ် ရှုမြင်ကြပြီး၊ အဆိုးဆုံးအနေနှင့် ရှုမြင်မည်ဆိုလျှင်ပင် အသိပညာဖွံ့ဖြိုးမှုနှင့် သိပ္ပံပညာတိုးတက်မှုကို ဆီးတားနှောင့်ယှက်သော အသုံးမဝင်သည့်အရာအဖြစ် ရှုမြင်ကြသည်။ မကြာသေးမီနှစ်များတွင် အထင်အမြင်သေးမှုမှ သရော်ပြောင်လှောင်မှုများ၊ ပွင့်ပွင့်လင်းလင်း ရန်လိုမှုများအထိ ဖြစ်လာခဲ့သည်။” ထိုရန်လိုမှုသည် ဘုရားသခင်ရှိသည်ကို လက်မခံ၊ “အချည်းနှီးတွေးဆ” ကြသူများကြောင့် ဖြစ်လေ့ရှိသည်။—ရောမ ၁:၂၀-၂၂။
၆။ ဘုရားသခင် ပြစ်တင်ရှုတ်ချထားသော လိင်ဆိုင်ရာအကျင့်များကို ဤလောကက မည်သို့ရှုမြင်သနည်း။
၆ ထို့ကြောင့်၊ လူများသည် အမူအကျင့်ဆိုင်ရာ ဘုရားသခင့်စံနှုန်းများမှ ယခင်ကထက် ပို၍သွေဖည်နေကြခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ဥပမာ၊ သမ္မာကျမ်းစာက လိင်တူဆက်ဆံခြင်းကို “ရှက်ကြောက်ဖွယ်သောအမှု” အဖြစ် ဖော်ပြထားသည်။ (ရောမ ၁:၂၆၊ ၂၇) မတရားမေထုန်နှင့် သူ့သားအိမ်ရာပြစ်မှားသူများသည် ဘုရားသခင့်နိုင်ငံတော်ကို အမွေမခံရဟူ၍လည်း ဖော်ပြထား၏။ (၁ ကောရိန္သု ၆:၉) သို့သော် နိုင်ငံများစွာတွင် ထိုကဲ့သို့သော လိင်ဆိုင်ရာအကျင့်များကို လက်ခံနိုင်စရာအဖြစ် ယူမှတ်ရုံမျှမက စာအုပ်၊ မဂ္ဂဇင်း၊ သီချင်း၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားပြကွက်များတွင် ခြယ်မှုန်းပြနေကြသည်။ ထိုအကျင့်များမကောင်းကြောင်း ထုတ်ဖော်ပြောသူများသည် အမြင်မကျယ်သူများ၊ လူ့ဂွစာများ၊ အသိဉာဏ်မမီသူများအဖြစ် ရှုမြင်ခံရကြသည်။ ဤလောကသည် ဘုရားသခင်၏စံနှုန်းများကို မေတ္တာပါသောဂရုစိုက်မှုဆိုင်ရာ ဖော်ပြချက်များအဖြစ် ရှုမြင်ကြမည့်အစား ကိုယ်ပိုင်လွတ်လပ်မှုနှင့် စိတ်ကျေနပ်ပျော်ရွှင်မှုတို့ကို ပိတ်ဆို့ထားသည့် ဆူးညှောင့်ခလုတ်အဖြစ် ရှုမြင်ကြသည်။—သု. ၁၇:၁၅; ယုဒ ၄။
၇။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးသင့်သနည်း။
၇ ဘုရားသခင်အား ဆန့်ကျင်မှုတိုးများလာသည့် လောကအလယ်တွင် ကျွန်ုပ်တို့၏နေထိုင်ပုံနှင့် စံနှုန်းများကို ဆန်းစစ်ကြည့်ခြင်းသည် ပညာရှိရာကျသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ တွေးခေါ်ပုံနှင့် စံနှုန်းများမှ တဖြည်းဖြည်း သွေဖည်သွားခြင်းမရှိကြောင်း သေချာစေရန် အခါအားလျော်စွာ စိတ်အားထက်သန်စွာနှင့် ရိုးသားစွာ ဆုတောင်းပြီး မိမိကိုယ်ကို ဆန်းစစ်သင့်သည်။ ဥပမာ၊ ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးနိုင်သည်– ‘ကျွန်ုပ်သည် လွန်ခဲ့သောနှစ်အနည်းငယ်က ရှောင်ခဲ့သောအရာကို ယခုမူ အကြိုက်တွေ့လာပြီလော။ ဘုရားသခင် ပြစ်တင်ရှုတ်ချသော အကျင့်အကြံများကို ကျွန်ုပ်တိုး၍လက်ခံလာနေပြီလော။ ကျွန်ုပ်သည် ဝိညာဉ်ရေးရာများအပေါ် ယခင်ကလောက် အလေးအနက်သဘောမထားတော့ပြီလော။ ဘုရားသခင့် နိုင်ငံတော်အကျိုးစီးပွားကို အသက်တာတွင် ဦးစားထားကြောင်း ကျွန်ုပ်၏အသက်ရှင်နေထိုင်ပုံက တင်ပြပါသလော။’ (မဿဲ ၆:၃၃) ထိုအချက်များကို စဉ်းစားဆင်ခြင်ခြင်းက လောကဝိညာဉ်ကို ခုခံတွန်းလှန်ရာတွင် ကျွန်ုပ်တို့ကို အကူအညီပေးမည်။
“မရွေ့မသွား”
၈။ ယေဟောဝါထံမှဝေးကွာရွေ့လျောသွားခြင်း၏အကျိုးဆက်ကား အဘယ်နည်း။
၈ ခရစ်ယာန်ချင်းများအား တမန်တော်ပေါလု ဤသို့ရေးခဲ့၏–“ငါတို့သည် ကြားရသောအရာများမှ မရွေ့မသွားမည်အကြောင်း အထူးသာ၍ မှတ်ကျုံးစွဲလမ်းသင့်ကြ၏။” (ဟေဗြဲ ၂:၁၊ သမ္မာ) ရေဟုန်လေဟုန်နှင့်မျောပါနေသော သင်္ဘောတစ်စင်းသည် လိုရာခရီးသို့ ရောက်မည်မဟုတ်ပါ။ မာလိန်မှူးသည် လေကြောင်းနှင့် ရေကြောင်းတို့ကို ဂရုမစိုက်ပါက သူ၏သင်္ဘောသည် လုံခြုံသည့်ဆိပ်ကမ်းနှင့် အလွယ်တကူဝေးကွာသွားပြီး ကျောက်ပေါသောကမ်းခြေတွင် သောင်တင်သွားနိုင်သည်။ အလားတူပင်၊ ကျွန်ုပ်တို့သည် အဖိုးထိုက်တန်သော ဘုရားသခင့်နှုတ်မြွက်စကားတော် အမှန်တရားကို ဂရုမစိုက်ပါက ယေဟောဝါထံမှ အလွယ်တကူ ဝေးကွာရွေ့လျောသွားကာ ယုံကြည်ခြင်းသင်္ဘောပျက်သွားနိုင်သည်။ ကျွန်ုပ်တို့သည် အမှန်တရားကို ပြောင်ပြောင်တင်းတင်းငြင်းပယ်လိုက်မှသာ ထိုကဲ့သို့သော ဆုံးရှုံးမှုမျိုးခံစားရနိုင်သည်မဟုတ်။ အမှန်မှာ၊ အများစုသည် ယေဟောဝါအား ချက်ချင်းလက်ငင်း တမင် ငြင်းပယ်ခဲ့ကြခြင်းမဟုတ်ပါ။များသောအားဖြင့်ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အာရုံပြောင်းသွားစေသည့် အရာတစ်ခုခုနှင့် တဖြည်းဖြည်း လုံးထွေးပတ်သက်လာကြခြင်းဖြစ်သည်။ လုံးလုံးသတိမပြုမိဘဲ အပြစ်ပြုမိသည့်အခြေသို့ ဆိုက်သွားလေသည်။ အိပ်ပျော်သွားသည့် မာလိန်မှူးကဲ့သို့ပင် ထိုသူတို့သည် အချိန်နှောင်းသွားမှ လန့်နိုးလာတတ်သည်။
၉။ ယေဟောဝါသည် အဘယ်နည်းများဖြင့် ရှောလမုန်ကို ကောင်းချီးပေးခဲ့သနည်း။
၉ ရှောလမုန်၏အသက်တာလမ်းစဉ်ကိုသုံးသပ်ကြည့်ပါ။ ဣသရေလနိုင်ငံကိုအုပ်ချုပ်ရန် သူ့အား ယေဟောဝါ တာဝန်အပ်နှင်းခဲ့သည်။ ယေဟောဝါသည် ရှောလမုန်အား ဝတ်ပြုရာအိမ်တော် တည်ဆောက်ခွင့်ပေးခဲ့ပြီး ကျမ်းစာစောင်တချို့ကို ရေးသားရန် ညွှန်ကြားတော်မူခဲ့သည်။ ယေဟောဝါသည် သူနှင့် နှစ်ကြိမ်နှစ်ခါ စကားပြောခဲ့ပြီး စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှု၊ ငြိမ်းချမ်းသာယာသော နန်းစံကာလများကို ပေးသနားတော်မူခဲ့၏။ ယင်းတို့အားလုံးအပြင် ယေဟောဝါသည် ရှောလမုန်အား ကြီးမားသောဉာဏ်ပညာကိုပါ ချီးမြှင့်ပေးခဲ့သည်။ သမ္မာကျမ်းစာ၌ ဤသို့ဖော်ပြ၏– “ဘုရားသခင်သည် များစွာသောဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသောနှလုံးကိုလည်းကောင်း ပေးတော်မူသည်ဖြစ်၍ ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာကို လွန်ကဲ၏။” (၃ ဓမ္မရာဇဝင် ၄:၂၁၊ ၂၉၊ ၃၀; ၁၁:၉) ဘုရားသခင်အပေါ် တည်ကြည်နိုင်မည့်သူဆိုလျှင် ရှောလမုန်သာဖြစ်မည်ဟု ယူမှတ်မည်မှာ သေချာသည်။ သို့သော် ရှောလမုန်သည် ရွေ့လျောကာ အယူဖောက်ပြန်သွားလေသည်။ မည်သို့ ဖြစ်သွားသနည်း။
၁၀။ ရှောလမုန်သည် အဘယ်ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သနည်း၊ အကျိုးဆက်မှာ အဘယ်နည်း။
၁၀ ရှောလမုန်သည် ဘုရားသခင့်ပညတ်တော်ကို ကောင်းစွာသိရှိ၊ နားလည်သဘောပေါက်ထားသည်။ သူသည် ဣသရေလနိုင်ငံ၌ ဘုရင်ဖြစ်လာမည့်သူများအတွက် ချမှတ်ပေးထားသော ညွှန်ကြားချက်များကို အထူးစိတ်ဝင်တစားရှိခဲ့မည်မှာ သေချာသည်။ ထိုညွှန်ကြားချက်များထဲတွင် ဤအချက်လည်း ပါဝင်သည်– “[ဘုရင်] ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသောမယားတို့ကို မယူရ။” (တရားဟောရာ ၁၇:၁၄၊ ၁၇) ရှင်းလင်းသောထိုညွှန်ကြားချက်ရှိငြား ရှောလမုန်သည် မိဖုရားခုနစ်ရာနှင့် မောင်းမမိဿံသုံးရာကို သိမ်းယူခဲ့သည်။ ထိုအမျိုးသမီးများထဲမှ များစွာသောသူတို့သည် တစ်ပါးအမျိုးသားဘုရားသခင်များကို ကိုးကွယ်ခဲ့သည်။ ရှောလမုန်သည် ထိုမျှများသောမိဖုရားများကို အဘယ်ကြောင့်သိမ်းယူသည်၊ မည်သို့ အကြောင်းရှာ၍ ထိုသို့ယူသည်တို့ကို ကျွန်ုပ်တို့မသိရပါ။ ကျွန်ုပ်တို့သိသည့်အရာမှာ သူသည် ဘုရားသခင်၏ ရှင်းလင်းသော ညွှန်ကြားချက်ကို နာခံရန် ပျက်ကွက်ခဲ့သည် ဟူသည့်အချက်ဖြစ်၏။ အကျိုးဆက်မှာ ယေဟောဝါသတိပေးခဲ့သည့်အတိုင်း အတိအကျဖြစ်ခဲ့သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “[ရှောလမုန်၏] မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသောဘုရား[သခင်]နောက်သို့ လွဲစေ” ကြ၏။ (၃ ဓမ္မရာဇဝင် ၁၁:၃၊ ၄) တဖြည်းဖြည်း—ဖြစ်သော်လည်း အမှန်ပင်—သူ၏ဘုရားသခင်ရေးရာဉာဏ်ပညာ မှေးမှိန်ခဲ့သည်။ သူရွေ့လျောသွားလေပြီ။ နောက်ဆုံးတွင် ဘုရားသခင်အားနာခံရန်နှင့် ကိုယ်တော်နှစ်သက်လက်ခံမှုရလိုသော ရှောလမုန်၏စိတ်ဆန္ဒနေရာတွင် မှားယွင်းသောဘုရားသခင်များကို ကိုးကွယ်သော မယားဖြစ်သူတို့၏ အလိုလိုက်အကြိုက်ဆောင်မှုဖြင့် အစားထိုးခဲ့သည်။ “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့” ဟူသောစကားကို အစောပိုင်း၌ ရေးသားခဲ့သူမှာ ရှောလမုန်ဖြစ်သောကြောင့် အလွန်ဝမ်းနည်းစရာပါတကား!—သု. ၂၇:၁၁။
လောကဝိညာဉ်သည် အစွမ်းတန်ခိုးကြီး၏
၁၁။ ကျွန်ုပ်တို့၏စိတ်ထဲ သွင်းသည့်အရာများသည် ကျွန်ုပ်တို့၏အတွေးအခေါ်အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသနည်း။
၁၁ ကျွန်ုပ်တို့သည် အမှန်တရားကို သိရှိထားသောကြောင့် လောက၏သြဇာလွှမ်းမိုးမှုသည် ကျွန်ုပ်တို့၏ အတွေးအခေါ်ကို ထိခိုက်မည်မဟုတ်ဟုဆင်ခြင်ယူဆခြင်းသည်အန္တရာယ်ရှိကြောင်း ရှောလမုန်၏ပုံဥပမာက သင်ပေးသည်။ ကာယအစားအစာသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို အကျိုးသက်ရောက်မှုရှိသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ “အစာ” များသည် ကျွန်ုပ်တို့၏ စိတ်သဘောထားအပေါ် အကျိုးသက်ရောက်မှုရှိသည်။ ကျွန်ုပ်တို့၏စိတ်ကို ကျွေးနေသည့်အစာများက ကျွန်ုပ်တို့၏ အတွေးအခေါ်နှင့် အကျင့်အကြံကို ပုံသွင်းပေးသည်။ ယင်းကိုသိထားကြသောကြောင့် စီးပွားရေးအဖွဲ့အစည်းများသည် မိမိတို့၏ကုန်ပစ္စည်းများကို ကြော်ငြာရန် နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီ အသုံးပြုလျက်ရှိသည်။ အောင်မြင်မှုရှိသော ကြော်ငြာများက သုံးစွဲသူများ လိုချင်လာစေရန်၊ နှစ်သက်စွဲမက်လာစေရန် ကျွမ်းကျင်လိမ္မာသည့် စကားအသုံးအနှုန်းများ၊ ရုပ်ပုံများကို ရွေးသုံးတတ်ကြသည်။ ကြော်ငြာသမားများက တစ်ကြိမ်၊ နှစ်ကြိမ်ကြော်ငြာတွေ့ရုံဖြင့် မိမိတို့ပစ္စည်းကို ချက်ချင်းဝယ်ကြမည်မဟုတ်ကြောင်းကိုလည်း သိထားကြသည်။ သို့သော် အထပ်ထပ်၊ အကြိမ်ကြိမ် တွေ့ဖန်များလာသောအခါ နှစ်သက်ဖွယ်ရာအဖြစ် သုံးစွဲသူများအား ရှုမြင်လာစေသည်။ ကြော်ငြာလုပ်ငန်းသည် အောင်ပွဲခံနေသည်—သို့မဟုတ်လျှင် မည်သူမျှ ယင်းတွင် ရင်းနှီးမြှုပ်နှံမည်မဟုတ်ပါ။ ယင်းသည် လူထု၏အတွေးအခေါ်နှင့် သဘောထားတို့အပေါ် အစွမ်းတန်ခိုးကြီးစွာ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသည်။
၁၂။ (က) စာတန်သည် လူများ၏အတွေးအခေါ်ကို မည်သို့သြဇာလွှမ်းမိုးသနည်း။ (ခ) ခရစ်ယာန်များသည် ဩဇာလွှမ်းမိုးခံရနိုင်ကြောင်း အဘယ်အရာက တင်ပြသနည်း။
၁၂ ကြော်ငြာသမားတစ်ဦးကဲ့သို့ပင် စာတန်သည် မိမိ၏အတွေးအခေါ်လမ်းကြောင်းပေါ်သို့ လူများအား တဖြည်းဖြည်းအရောက်ပို့နိုင်မည်ကို သိရှိထားရာ ဆွဲဆောင်မှုရှိသောအဆင်အယင်များတွင် မိမိ၏အကြံအစည်များကို ထည့်သွင်းကာ မြေတောင်မြှောက်ပေးနေသည်။ ဖျော်ဖြေရေးလောကနှင့် အခြားနည်းလမ်းများအားဖြင့် စာတန်သည် အကောင်းကို မကောင်း၊ မကောင်းကို အကောင်းအဖြစ် ယုံကြည်လာစေရန် လူများကိုလှည့်ဖြားသည်။ (ဟေရှာယ ၅:၂၀) စစ်မှန်သောခရစ်ယာန်များပင် စာတန်၏ သတင်းအမှားများထုတ်လွှင့်မှု အစီအစဉ်၏ ဩဇာလွှမ်းမိုးမှုကို ခံခဲ့ကြသည်။ သမ္မာကျမ်းစာ၌ ဤသို့သတိပေးထား၏– ‘ဝိညာဉ်တော်သည် အတည့်အလင်းကြိုဟောထားတော်မူသည်ကား၊ နောင်ကာလ၌ ကိုယ်ကိုကိုယ်သိသောစိတ်တွင် သံပူခတ်ခြင်းကိုခံပြီးလျှင် မုသာစကားကိုပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့် လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဆုံးမစကားတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။’—၁ တိမောသေ ၄:၁၊ ၂; ယေရမိ ၆:၁၅။
၁၃။ မကောင်းသောအပေါင်းအသင်းများဟူသည် အဘယ်နည်း၊ ကျွန်ုပ်တို့၏အပေါင်းအသင်းသည် ကျွန်ုပ်တို့အပေါ် မည်သို့သြဇာသက်ရောက်မှုရှိသနည်း။
၁၃ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ လောကဝိညာဉ်နှင့် မလွတ်ကင်းနိုင်ပါ။ စာတန့်အစီအစဉ်စနစ်၏ လေကြောင်းနှင့် ရေစီးကြောင်းတို့သည် အစွမ်းတန်ခိုးကြီးလှပေသည်။ သမ္မာကျမ်းစာက ပညာရှိစွာ ဤသို့သတိပေး၏– “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) မကောင်းသည့်အပေါင်းအသင်းများတွင် လောကဝိညာဉ်ကို ထင်ဟပ်ဖော်ပြသော မည်သည့်အရာမဆို သို့မဟုတ် မည်သူမဆို—အသင်းတော်အတွင်းရှိသူပင်—ပါဝင်နိုင်သည်။ မကောင်းသည့်အပေါင်းအသင်းများသည် ကျွန်ုပ်တို့ကို မထိခိုက်နိုင်ဟု ယူမှတ်ထားမည်ဆိုလျှင် ကောင်းသည့်အပေါင်းအသင်းများသည် ကျွန်ုပ်တို့ကို အကူအညီမပေးနိုင်ဟု ယူမှတ်လိုက်ရာကျမည်မဟုတ်လော။ ထိုသို့ယူမှတ်ခြင်းသည် မဟာအမှားပင်! သမ္မာကျမ်းစာ၌ ထိုအချက်ကို ဤသို့ရှင်းလင်းစွာ ဖော်ပြထား၏– “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”—သု. ၁၃:၂၀။
၁၄။ ကျွန်ုပ်တို့သည် အဘယ်နည်းများဖြင့် လောကဝိညာဉ်ကို ခုခံတွန်းလှန်နိုင်သနည်း။
၁၄ လောကဝိညာဉ်ကို ခုခံတွန်းလှန်ရာတွင် ကျွန်ုပ်တို့သည် ပညာရှိသောသူ—ယေဟောဝါအား ကိုးကွယ်သူများနှင့် ပေါင်းသင်းရမည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တည်ဆောက်မှုဖြစ်စေသောအရာများဖြင့် ကျွန်ုပ်တို့၏စိတ်ကို ဖြည့်တင်းထားရမည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့၏– “သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း၊ [အကျင့်မွန်] ပါရမီတစ်ပါးပါး၊ ကောင်းသောသတင်းတစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကိုလည်းကောင်း နှလုံးသွင်းကြလော့။” (ဖိလိပ္ပိ ၄:၈) လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူများအနေနှင့် ကျွန်ုပ်တို့ စဉ်းစားသုံးသပ်မည့်အရာများကို ရွေးချယ်နိုင်ပါသည်။ ကျွန်ုပ်တို့အား ယေဟောဝါနှင့် ပို၍နီးကပ်စေမည့် အရာများကိုစဉ်းစားသုံးသပ်ရန် အမြဲရွေးချယ်နိုင်ကြပါစေ။
ဘုရားသခင့်ဝိညာဉ်တော်သည် ပို၍အစွမ်းတန်ခိုးကြီး၏
၁၅။ ရှေးကောရိန္သုမြို့မှ ခရစ်ယာန်များသည် ထိုမြို့နေလူထုနှင့် မည်သို့ခြားနားခဲ့သနည်း။
၁၅ လောကဝိညာဉ်၏ လှည့်စားမှုကို ခံနေသူများနှင့်မတူဘဲ စစ်မှန်သောခရစ်ယာန်များမူ ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကို ခံနေကြရသည်။ ကောရိန္သုအသင်းတော်တွင် ထိုကဲ့သို့ဖြစ်ခဲ့ပြီး ပေါလု ဤသို့ရေးသားခဲ့၏– ‘ငါတို့သည် လောကဝိညာဉ်ကိုမခံရကြ။ ဘုရားသခင်ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင့်ထံမှကြွလာသောဝိညာဉ်ကို ခံရကြပြီ။’ (၁ ကောရိန္သု ၂:၁၂) ရှေးကောရိန္သုမြို့သည် လောကဝိညာဉ် လုံးလုံးလွှမ်းမိုးသော မြို့တစ်မြို့ဖြစ်ခဲ့သည်။ ထို့ကြောင့် မြို့သူမြို့သားအများစုသည် ကာမဂုဏ်လိုက်စားလွန်းသူများဖြစ်ကြသောကြောင့် “ကောရိန္သုအမှုပြု” ဟူသည့်အသုံးအနှုန်းသည် “အကျင့်ပျက်မှု ပြုကျင့်” ဟူသည့်အဓိပ္ပာယ်ဖြစ်လာသည်။ စာတန်သည် လူများ၏ဉာဏ်မျက်စိကို ကွယ်စေခဲ့သည်။ ရလဒ်အနေနှင့် သူတို့သည် စစ်မှန်သော ဘုရားသခင်အကြောင်း နားလည်သဘောပေါက်ခြင်း မရှိသလောက်ပင်။ (၂ ကောရိန္သု ၄:၄) သို့သော် ယေဟောဝါသည် ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောရိန္သုမြို့သားတချို့ကို အမှန်တရား အသိပညာရရှိစေခြင်းဖြင့် သူတို့၏မျက်စိကို ဖွင့်ပေးခဲ့သည်။ သူတို့သည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုနှင့် ကောင်းချီးရရှိရန် သူတို့၏အသက်တာကို အကြီးအကျယ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ကိုယ်တော်၏ဝိညာဉ်တော်က လှုံ့ဆော်ညွှန်ကြားပေးခဲ့သည်။ (၁ ကောရိန္သု ၆:၉-၁၁) လောကဝိညာဉ်သည် အစွမ်းတန်ခိုးကြီးသော်လည်း ယေဟောဝါ၏ ဝိညာဉ်တော်က ပို၍အစွမ်းတန်ခိုးကြီး၏။
၁၆။ ကျွန်ုပ်တို့သည် ဘုရားသခင့်ဝိညာဉ်တော်ကို မည်သို့ရရှိနိုင်ပြီး ထိန်းသိမ်းထားနိုင်ကြသနည်း။
၁၆ ယနေ့လည်း ထိုနည်းတူပင်ဖြစ်သည်။ ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်သည် စကြဝဠာတွင် အစွမ်းတန်ခိုးအကြီးဆုံးဖြစ်ပြီး ယုံကြည်ခြင်းဖြင့် ယင်းကိုတောင်းခံသူ မည်သူမဆိုအား ကိုယ်တော်ရက်ရက်ရောရောပေးတော်မူ၏။ (လုကာ ၁၁:၁၃) သို့သော် ကျွန်ုပ်တို့တွင် ဘုရားသခင့်ဝိညာဉ်တော်ရှိနေစေရန် လောကဝိညာဉ်ကို ခုခံတွန်းလှန်ရုံနှင့် မပြီးသေးပါ။ ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မှန်မှန်လေ့လာပြီး လက်တွေ့ကျင့်သုံးရမည်၊ သို့မှသာ ကျွန်ုပ်တို့၏စိတ်ဝိညာဉ်—ကျွန်ုပ်တို့၏စိတ်သဘောထား—သည် ကိုယ်တော်၏စိတ်သဘောထားနှင့် ညီညွတ်မည်ဖြစ်သည်။ ယင်းသို့ ကျွန်ုပ်တို့ပြုလုပ်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ဖျက်ဆီးရန် စာတန်အသုံးပြုနိုင်သည့် မည်သည့်ပရိယာယ်မဆိုကို ခုခံတွန်းလှန်ရာတွင် ယေဟောဝါ ကျွန်ုပ်တို့ကို ခွန်အားပေးမည်။
၁၇။ လောတ၏ဘဝအတွေ့အကြုံက ကျွန်ုပ်တို့အတွက် အဘယ်နည်းများဖြင့် နှစ်သိမ့်မှုရနိုင်သနည်း။
၁၇ ခရစ်ယာန်များသည် လောကနှင့်မဆက်ဆံကြသော်လည်း လောကထဲတွင် နေထိုင်ကြသည်။ (ယောဟန် ၁၇:၁၁၊ ၁၆) ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏နည်းလမ်းများကို ချစ်မြတ်နိုးခြင်းမရှိသူများနှင့်အတူ အလုပ်လုပ်ကိုင်၊ သို့မဟုတ် အတူပင်နေထိုင်ရနိုင်သောကြောင့် ကျွန်ုပ်တို့ မည်သူတစ်ဦးတစ်ယောက်ကမျှ လောကဝိညာဉ်ကို ကင်းကင်းရှင်းရှင်းရှောင်၍မရနိုင်ပါ။ မိမိနေထိုင်ရာအရပ်ဖြစ်သော သောဒုံမြို့သားများ၏ မတရားပြုကျင့်မှုများကြောင့် လောတသည် “နှောင့်ယှက်ခြင်းကိုခံရ” သည်သာမက စိတ်ဆင်းရဲနေရသကဲ့သို့ ကျွန်ုပ်တို့လည်း ခံစားနေရပါသလော။ (၂ ပေတရု ၂:၇၊ ၈) ထိုသို့ခံစားရပါက ကျွန်ုပ်တို့ နှစ်သိမ့်မှုရနိုင်ပါသည်။ ယေဟောဝါသည် လောတကို ကာကွယ်ခဲ့ပြီး ကယ်တင်ခဲ့သကဲ့သို့ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ထိုအတိုင်းလုပ်ဆောင်နိုင်တော်မူ၏။ ကျွန်ုပ်တို့၏ မေတ္တာရှင်ခမည်းတော်သည် ကျွန်ုပ်တို့၏အခြေအနေများကို တွေ့မြင်သိရှိတော်မူပြီး ဝိညာဉ်ရေးကို ထိန်းထားနိုင်ရန် လိုအပ်သောခွန်အားကို ကိုယ်တော်ထောက်မကူညီနိုင်တော်မူ၏။ (ဆာလံ ၃၃:၁၈၊ ၁၉) ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကိုးစားမည်၊ ကိုယ်တော်ကို ယုံကြည်စိတ်ချမည်၊ ကိုယ်တော်ထံ ဆုတောင်းကြမည်ဆိုလျှင် ကျွန်ုပ်တို့၏အခြေအနေ မည်မျှပင်ခက်ခဲနေပါစေ လောကဝိညာဉ်ကို ခုခံတွန်းလှန်ရန် ကိုယ်တော်အကူအညီပေးတော်မူမည်။—ဟေရှာယ ၄၁:၁၀။
၁၈။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ဆက်ဆံရေးကို အဘယ်ကြောင့် တန်ဖိုးထားလေးမြတ်သင့်သနည်း။
၁၈ ဘုရားသခင်ထံမှ ကင်းကွာနေပြီး စာတန်၏လှည့်ဖြားမှုခံနေရသော ဤလောကတွင် ကျွန်ုပ်တို့သည် ယေဟောဝါ၏လူမျိုးအနေနှင့် အမှန်တရားနှင့်ဆိုင်သော အသိပညာ ပေးအပ်ချီးမြှင့်ခြင်းခံကြရသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤလောကမခံစားရသော ရွှင်လန်းမှုနှင့် ငြိမ်သက်မှုကို ခံစားကြရသည်။ (ဟေရှာယ ၅၇:၂၀၊ ၂၁; ဂလာတိ ၅:၂၂) အသက်ငင်နေသောလောက၏ဝိညာဉ် ရှိတော့မည်မဟုတ်သည့် ပရဒိသုတွင် ထာဝရအသက်ဆိုင်ရာ အံ့ချီးဖွယ်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ ရင်ဝယ်ပိုက်ထားကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ အဖိုးတန်ဆက်ဆံရေးကို လေးမြတ်တန်ဖိုးထားကာ ဝိညာဉ်ရေးရာမှရွေ့လျောသွားစေသည့် မည်သည့်စိတ်တိမ်းညွှတ်မှုကိုမဆို ပြုပြင်ပြောင်းလဲရန် နိုးနိုးကြားကြားရှိနိုင်ကြပါစေ။ ယေဟောဝါရှင်နှင့် ပို၍နီးကပ်စေရန် ကြိုးစားကြပါစို့၊ ကိုယ်တော်သည် ကျွန်ုပ်တို့ ဤလောက၏ဝိညာဉ်ကို ခုခံတွန်းလှန်ရန် အကူအညီပေးတော်မူမည်။—ယာကုပ် ၄:၇၊ ၈။
[စာမျက်နှာ ၁၁ ပါ ဇယား]
လောကဉာဏ်ပညာနှင့် ဘုရားသခင့်ဉာဏ်ပညာ တစ်လမ်းစီဖြစ်
အကြွင်းမဲ့အမှန်တရားဟူ၍မရှိ —လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အမှန်တရားကို ဖန်တီးကြသည်။
‘ဘုရားသခင်၏ နှုတ်မြွက်စကားတော်သည် အမှန်တရားဖြစ်ပါ၏။’—ယောဟန် ၁၇:၁၇။
သင့်ခံစားချက်အတိုင်း အမှား သို့မဟုတ် အမှန်ကို သတ်မှတ်ဆုံးဖြတ်ပါ။
“စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲ တတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။” —ယေရမိ ၁၇:၉။
သင်လုပ်ချင်ရာကို လုပ်ပါ။
‘လူသည် သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်ပါ။’—ယေရမိ ၁၀:၂၃။
စည်းစိမ်ချမ်းသာသည် ပျော်ရွှင်မှု၏ သော့ချက်ဖြစ်သည်။
“ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။”—၁ တိမောသေ ၆:၁၀။
သင်ရှင်းပြနိုင်သလော
• စာတန်သည် အဘယ်နည်းများဖြင့် လူများကို လှည့်ဖြားပြီး လမ်းလွဲစေခဲ့ပြီနည်း။
• ကျွန်ုပ်တို့သည် ယေဟောဝါထံမှ ဝေးကွာရွေ့လျောသွားခြင်းကို မည်သို့ရှောင်နိုင်သနည်း။
• လောကဝိညာဉ်သည် အစွမ်းတန်ခိုးကြီးကြောင်း အဘယ်အရာက တင်ပြသနည်း။
• ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ဝိညာဉ်တော်ကို မည်သို့ရရှိပြီး ထိန်းသိမ်းထားနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရှောလမုန်သည် စစ်မှန်သောဝတ်ပြုရေးမှ ဝေးကွာရွေ့လျောသွားပြီး ကိုးကွယ်မှုမှားယွင်းခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ကြော်ငြာသမားတစ်ဦးကဲ့သို့ စာတန်သည် လောကဝိညာဉ်ကို မြေတောင်မြှောက်ပေးသည်။ ယင်းကို သင်ခုခံတွန်းလှန်ပါသလော