ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ
ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ
“ဘုရားသခင့်ရှေ့၌ နှစ်သက်တော်မူဖွယ်သောသူအဖြစ်ဖြင့် ကိုယ်ကိုဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။” —၂ တိမောသေ ၂:၁၅၊ သမ္မာ။
၁။ အဘယ်အပြောင်းအလဲများက ကျွန်ုပ်တို့၏ ကောင်းမွန်သောဝိညာဉ်ရေးအခြေအနေအတွက် စိန်ခေါ်ချက်ဖြစ်စေသနည်း။
ကျွန်ုပ်တို့ပတ်လည်ရှိလောကကြီးသည် အမြဲပြောင်းလဲနေသည်။ သိပ္ပံပညာ၊ စက်မှုလက်မှုအတတ်ပညာတို့၏ မှတ်သားဖွယ်တိုးတက်မှုများနှင့်ဒွန်တွဲလျက် ကျင့်ဝတ်စံနှုန်းများ သိသိသာသာကျဆင်းနေမှုများကို ကျွန်ုပ်တို့ တွေ့မြင်ရကြသည်။ ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ခဲ့သည့်အတိုင်း ခရစ်ယာန်များသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သော လောကဝိညာဉ်ကို
ခုခံတွန်းလှန်ရမည်။ သို့သော် လောကအပြောင်းအလဲများနှင့်အတူ ကျွန်ုပ်တို့လည်း နည်းအမျိုးမျိုးဖြင့် ပြောင်းလဲနေကြသည်။ ကျွန်ုပ်တို့သည် ကလေးဘဝမှ လူကြီးဘဝသို့ ရောက်ရှိလာကြသည်။ ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာ၊ ကျန်းမာရေးနှင့် ချစ်မြတ်နိုးရသူများကို ရရှိကြ သို့မဟုတ် ဆုံးရှုံးကြပေမည်။ ထိုကဲ့သို့သော အပြောင်းအလဲများစွာကို ကျွန်ုပ်တို့ထိန်းချုပ်၍မရပါ၊ ယင်းတို့သည် ကျွန်ုပ်တို့၏ ကောင်းမွန်သောဝိညာဉ်ရေးအခြေအနေအတွက် ခက်ခဲသောစိန်ခေါ်ချက်အသစ်များကို ဖြစ်စေနိုင်သည်။
၂။ ဒါဝိဒ်၏အသက်တာတွင် အဘယ်အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသနည်း။
၂ ယေရှဲ၏သား၊ ဒါဝိဒ်ကဲ့သို့ ကြီးမားသော ဘဝအခြေအနေပြောင်းလဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသူ နည်းမည်။ ဒါဝိဒ်သည် သာမန်သိုးကျောင်းသားလေးဘဝမှ နိုင်ငံ၏သူရဲကောင်းတစ်ဦးအဖြစ် အလျင်အမြန် ထင်ပေါ်ကျော်ကြားသွားလေသည်။ နောက်ပိုင်းတွင် သူသည် မနာလိုသောဘုရင်တစ်ပါးက သားကောင်ဖမ်းသကဲ့သို့ လိုက်ဖမ်းနေမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့်ဘဝ ရောက်သွားပြန်သည်။ ယင်းနောက် ဒါဝိဒ်သည် ဘုရင်တစ်ပါး၊ အောင်နိုင်သူတစ်ဦး ဖြစ်လာပြန်သည်။ ကြီးလေးသောအပြစ်ကြောင့် နာကြည်းဖွယ်အကျိုးဆက်များကို ခံစားခဲ့ရပြန်လေသည်။ မိသားစုအတွင်း ဝမ်းနည်းဖွယ်ကောင်းသော စိတ်ဝမ်းကွဲပြားမှုတို့ကို ကြုံတွေ့ခံစားခဲ့ရသည်။ သူသည် စည်းစိမ်ဥစ္စာကြွယ်ဝကာ၊ အသက်အရွယ်ကြီးရင့်လာပြီး အိုမင်းမစွမ်းဘဝ ရောက်ရလေသည်။ သူ၏အသက်တာတွင် အပြောင်းအလဲများစွာကို ကြုံတွေ့ရသည့်တိုင် ဒါဝိဒ်သည် အသက်တာတစ်လျှောက်လုံးတွင် ယေဟောဝါနှင့် ကိုယ်တော်၏ဝိညာဉ်တော်ကို ယုံကြည်ကိုးစားကြောင်း တင်ပြခဲ့သည်။ သူသည် “ဘုရားသခင်ရှေ့၌ နှစ်သက်တော်မူဖွယ်သောသူ” ဖြစ်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီး သူ့ကို ဘုရားသခင် ကောင်းချီးပေးခဲ့သည်။ (၂ တိမောသေ ၂:၁၅) ကျွန်ုပ်တို့၏အခြေအနေသည် ဒါဝိဒ်အခြေအနေနှင့် တူမည်မဟုတ်သော်လည်း သူ၏အသက်တာတွင် ကိစ္စရပ်များကို သူကိုင်တွယ်ခဲ့ပုံမှ ကျွန်ုပ်တို့ သင်ယူနိုင်ပါသည်။ သူ၏ပုံနမူနာက ကျွန်ုပ်တို့၏အသက်တာတွင် အပြောင်းအလဲအမျိုးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင့်ဝိညာဉ်တော်အကူအညီ မည်သို့ဆက်ရရှိနိုင်ပုံကို နားလည်သဘောပေါက်ရန် အကူအညီပေးနိုင်သည်။
ဒါဝိဒ်၏စိတ်နှိမ့်ချမှု—ပုံနမူနာကောင်းတစ်ခု
၃၊ ၄။ ဒါဝိဒ်သည် သာမန်သိုးကျောင်းသားလေးဘဝမှ နိုင်ငံကျော်တစ်ဦး မည်သို့ ဖြစ်လာသနည်း။
၃ လူငယ်အရွယ်တွင် ဒါဝိဒ်သည် သူ၏မိသားစု၌ပင် ပေါ်လွင်ထင်ရှားသူတစ်ဦး မဟုတ်ခဲ့ပါ။ ပရောဖက်ရှမွေလ ဗက်လင်မြို့သို့ရောက်လာသောအခါ ဒါဝိဒ်၏ဖခင်သည် သားရှစ်ယောက်ရှိသည့်အထဲမှ ခုနစ်ယောက်ကိုခေါ်ပြခဲ့သည်။ အငယ်ဆုံးသားဖြစ်သူ ဒါဝိဒ်ကို သိုးကျောင်းနေရစ်စေသည်။ သို့သော် ယေဟောဝါသည် ဒါဝိဒ်ကို ဣသရေလမင်းလောင်းအဖြစ် ရွေးချယ်ခဲ့သည်။ ဒါဝိဒ်ကို လယ်ကွင်းမှ ပြန်လာစေခဲ့သည်။ ထို့နောက် သမ္မာကျမ်းစာ၌ ဤသို့မှတ်တမ်းတင်ထား၏– “ရှမွေလသည်လည်း ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကိုဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။” (၁ ဓမ္မရာဇဝင် ၁၆:၁၂၊ ၁၃) ဒါဝိဒ်သည် သူ့အသက်တာတစ်လျှောက်လုံးတွင် ထိုဝိညာဉ်တော်ကို ယုံကြည်ကိုးစားခဲ့သည်။
၄ မကြာမီ ထိုသိုးကျောင်းသားလေးသည် နိုင်ငံကျော်ဖြစ်လာမည်ဖြစ်သည်။ ဘုရင်၏အမှုတော်ထမ်းရန် ဖိတ်ခေါ်ခံရပြီး ဘုရင်အတွက် တူရိယာဖြင့်ဖျော်ဖြေပေးခဲ့ရသည်။ အတွေ့အကြုံရှိသော ဣသရေလစစ်သားများပင် မရင်ဆိုင်ရဲကြသည့် ရက်စက်ကြမ်းကြုတ်သော လူ့ဘီလူးကြီး စစ်သူရဲဂေါလျတ်ကို သူသတ်ခဲ့သည်။ တိုက်ပွဲတွင် ဦးဆောင်သူအဖြစ် တာဝန်ရရှိခဲ့ပြီး ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးများကို အောင်မြင်စွာ တိုက်ခိုက်ခဲ့သည်။ သူ့ကို လူများက ချစ်မြတ်နိုးလာခဲ့သည်။ လူတို့သည် ဒါဝိဒ်အတွက် သီချင်းရေးစပ်ကြပြီး ကျယ်လောင်စွာ သီဆိုချီးမွမ်းခဲ့ကြသည်။ အစောပိုင်း၌ ဘုရင်ရှောလုအား အကြံပေးသူက လူငယ်ဒါဝိဒ်သည် “စောင်းတီးသောအတတ်” တွင်သာမက “ရဲရင့်ခြင်းအစွမ်းသတ္တိနှင့်ပြည့်စုံ၍ စစ်မှု၌လည်းကောင်း၊ ပညာစကား၌လည်းကောင်း လေ့ကျက်ပါ၏။ အဆင်းလည်းလှပါ၏” ဟုဖော်ပြခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၆:၁၈; ၁၇:၂၃၊ ၂၄၊ ၄၅-၅၁; ၁၈:၅-၇။
၅။ အဘယ်အရာများက ဒါဝိဒ်ကို မာနထောင်လွှားစေနိုင်သနည်း၊ ထိုသို့မဖြစ်ခဲ့ကြောင်း ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။
၅ ထင်ပေါ်ကျော်ကြားခြင်း၊ အဆင်းလှခြင်း၊ ငယ်ရွယ်ခြင်း၊ စကားအပြောအဆိုကောင်းခြင်း၊ အတီးအမှုတ်ကျွမ်းကျင်ခြင်း၊ စစ်ရေးကျွမ်းကျင်ခြင်းနှင့် ဘုရားသခင့်မျက်နှာသာခံစားရခြင်း—ယင်းတို့အားလုံးကို ဒါဝိဒ်ပိုင်ဆိုင်ခဲ့ပုံရသည်။ ထိုအရည်အချင်းထဲမှ တစ်ခုခုပိုင်ဆိုင်ခြင်းဖြင့် မာနထောင်လွှားနိုင်သည်၊ သို့သော် သူသည် ယင်းတို့ကြောင့် မာနမထောင်လွှားခဲ့ပါ။ ဘုရင်ရှောလုက သမီးတော်နှင့်ထိမ်းမြားရန် ဒါဝိဒ်အားကမ်းလှမ်းသည့်အခါ ဒါဝိဒ်၏တုံ့ပြန်ပုံကို သတိပြုပါ။ စစ်မှန်သောနှိမ့်ချမှုဖြင့် ဒါဝိဒ်ဤသို့ပြောခဲ့၏– “ကျွန်တော်သည် ရှင်ဘုရင်၏သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သောသူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော်အဆွေအမျိုးသည် ဣသရေလနိုင်ငံ၌ အဘယ်သို့မြတ်ပါသနည်း။” (၁ ဓမ္မရာဇဝင် ၁၈:၁၈) ဤအခန်းငယ်နှင့်ပတ်သက်၍ ကျမ်းပညာရှင်တစ်ဦး ဤသို့ဝေဖန်ချက်ပေး၏– “ဒါဝိဒ်ဆိုလိုသည့်အဓိပ္ပာယ်မှာ သူ၏ ကိုယ်ပိုင်အရည်အချင်း၊ လူမှုရေးအဆင့်အတန်း၊ မျိုးရိုးအဆင့်အတန်းတစ်ခုမျှသည် ဘုရင်၏သမက်တော်ဖြစ်နိုင်လောက်သည့် ဂုဏ်အသရေမျိုးမရှိဟု သူပြောခြင်းဖြစ်သည်။”
၆။ ကျွန်ုပ်တို့သည် နှိမ့်ချမှုကို အဘယ်ကြောင့် ပြုစုပျိုးထောင်သင့်သနည်း။
၆ ဒါဝိဒ်နှိမ့်ချရသည့်အကြောင်းရင်းမှာ ယေဟောဝါသည် အဘက်ဘက်တွင် မစုံလင်သော လူသားများထက် အဆပေါင်းများစွာ သာလွန်မြင့်မြတ်သည်ကို သူအသိအမှတ်ပြုထားခြင်းကြောင့်ဖြစ်သည်။ လူသားများအား ဘုရားသခင် ဂရုစိုက်ခြင်းကိုပင် ဒါဝိဒ်အံ့အားသင့်ခဲ့သည်။ (ဆာလံ ၁၄၄:၃) သူ့တွင်ရှိနိုင်ခဲ့သည့် မည်သည့်ကြီးမြတ်မှုမဆိုသည် သူ့အား ထောက်မ၊ ကာကွယ်၊ စောင့်ရှောက်ရန် ယေဟောဝါကိုယ်တော်တိုင် နှိမ့်ချမှုပြခဲ့၍သာဖြစ်ကြောင်းကိုလည်း သူသိရှိခဲ့သည်။ (ဆာလံ ၁၈:၃၅၊ ကဘ) ကျွန်ုပ်တို့အတွက် နှစ်လိုဖွယ်သင်ခန်းစာပါတကား! ကျွန်ုပ်တို့၏ ပင်ကိုစွမ်းရည်၊ ကျွန်ုပ်တို့၏ ပြီးမြောက်အောင်မြင်မှုများ၊ အခွင့်ထူးများကြောင့် မာန်မာနကြီးသူ ဘယ်တော့မျှမဖြစ်သင့်ပါ။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “သူတစ်ပါးလက်မှမခံမယူဘဲ အလိုအလျောက်ရသောအရာ တစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှခံယူသည်မှန်လျှင် မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။” (၁ ကောရိန္သု ၄:၇) ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီး ကိုယ်တော်၏မျက်နှာသာတော် ခံစားရရန် ကျွန်ုပ်တို့သည် နှိမ့်ချမှုကို ပြုစုပျိုးထောင်ပြီး ထိန်းသိမ်းရမည်။—ယာကုပ် ၄:၆။
“ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်”
၇။ ဒါဝိဒ်သည် ဘုရင်ရှောလုကိုသတ်ရန် အဘယ်အခွင့်အရေး ရရှိခဲ့သနည်း။
၇ ဒါဝိဒ်၏ထင်ပေါ်ကျော်ကြားမှုက သူ့အား မာနကြီးသူ မဖြစ်စေသော်လည်း ဘုရားသခင်၏ဝိညာဉ်တော် မရရှိတော့သည့် ဘုရင်ရှောလုအဖို့ အလွန်အမင်းမနာလိုမှုကို ဖြစ်စေခဲ့သည်။ ဒါဝိဒ်သည် အပြစ်မပြုသော်လည်း အသက်လုပြေးခဲ့ရပြီး တောကန္တာရထဲတွင် နေခဲ့ရသည်။ ဒါဝိဒ်ကို သဲသဲမဲမဲလိုက်ဖမ်းနေချိန် တစ်ချိန်တွင် ဘုရင်ရှောလုသည် ဒါဝိဒ်နှင့်သူ၏လူများ လိုဏ်ဂူထဲတွင် ပုန်းအောင်းနေမှန်းမသိဘဲ ထိုဂူထဲသို့ ဝင်လာခဲ့သည်။ ဘုရားသခင် လမ်းဖွင့်ပေးပုံရသည့် ဤအခွင့်အရေးကို အမိအရယူကာ ရှောလုအားသတ်ရန် ဒါဝိဒ်၏လူများက တိုက်တွန်းကြသည်။ အမှောင်ထုထဲတွင် လေသံတိုးတိုးဖြင့် ဒါဝိဒ်အား ဤသို့ပြောသည်ကို ကျွန်ုပ်တို့ မြင်ယောင်နိုင်ပါသည်– “ထာဝရဘုရားက ‘သင်၏ရန်သူကို သင့်လက်၌ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်း ပြုရသောအခွင့်ရှိလိမ့်မည်’ ဟုကိုယ်တော်အားမိန့်တော်မူသော နေ့ရက်ရောက်ပါပြီ။”—၁ ဓမ္မရာဇဝင် ၂၄:၂-၆။
၈။ ဒါဝိဒ်သည် လက်တုံ့ပြန်ခြင်းမပြုရန် အဘယ်ကြောင့်ချုပ်တည်းခဲ့သနည်း။
၈ ဒါဝိဒ်သည် ရှောလုအား ထိခိုက်အောင်ပြုလုပ်ဖို့ ငြင်းဆိုခဲ့သည်။ ယုံကြည်ခြင်းနှင့် သည်းခံခြင်းကိုတင်ပြကာ ကိစ္စရပ်များကို ယေဟောဝါ၏လက်ထဲ အပ်နှံထားခဲ့သည်။ ဘုရင်သည် ဂူထဲမှထွက်သွားပြီးနောက် ဒါဝိဒ်သည် ဘုရင်အား လှမ်း၍ ဤသို့ပြောခဲ့၏– “ထာဝရဘုရားသည် ကျွန်တော်နှင့်ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အားပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။” (၁ ဓမ္မရာဇဝင် ၂၄:၁၂) ရှောလုမှားသည်ကို ဒါဝိဒ်သိသော်လည်း သူကိုယ်တိုင် လက်တုံ့မပြန်ခဲ့ပါ၊ သူသည် ရှောလုကိုသော်လည်းကောင်း၊ ရှောလုနှင့်ပတ်သက်၍သော်လည်းကောင်း ရင့်သီးရိုင်းစိုင်းစွာ ပြောဆိုခြင်းမရှိခဲ့ပါ။ အခြားအချိန်များစွာတွင်လည်း ဒါဝိဒ်သည် မိမိကိုယ်တိုင် လက်တုံ့မပြန်မိစေရန် ချုပ်တည်းခဲ့သည်။ ယင်းအစား ကိစ္စရပ်များကို ဖြောင့်မတ်စွာ ပြုပြင်တည့်မတ်ပေးရန် ယေဟောဝါအား ယုံကြည်ကိုးစားခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၅:၃၂-၃၄; ၂၆:၁၀၊ ၁၁။
၉။ ကျွန်ုပ်တို့သည် ဆန့်ကျင်မှု သို့မဟုတ် နှောင့်ယှက်နှိပ်စက်မှုနှင့် ကြုံတွေ့ရသည့်အခါ အဘယ်ကြောင့် လက်တုံ့မပြန်သင့်သနည်း။
၉ ဒါဝိဒ်ကဲ့သို့ပင် သင်သည် ခက်ခဲသည့်အခြေအနေများအောက် ရောက်နေပေမည်။ သင်နှင့်ယုံကြည်ခြင်းမတူသော ကျောင်းနေဖက်များ၊ အလုပ်ဖော်များ၊ မိသားစုဝင်များ သို့မဟုတ် အခြားသူများ၏ ဆန့်ကျင်မှု သို့မဟုတ် နှောင့်ယှက်နှိပ်စက်မှုတို့ကို ခံရပေမည်။ ပြန်၍လက်တုံ့မပြန်ပါနှင့်။ ယေဟောဝါကို စောင့်ဆိုင်းပါ၊ အကူအညီအတွက် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို တောင်းခံပါ။ ထိုမယုံကြည်သူများသည် သင်၏အမူအကျင့်ကောင်းကို စိတ်စွဲမှတ်သွားကြပြီး ယုံကြည်သူများ ဖြစ်လာနိုင်သည်။ (၁ ပေတရု ၃:၁) မည်သို့ပင်ဖြစ်ပါစေ ယေဟောဝါသည် သင်၏အခြေအနေကို သိမြင်တော်မူပြီး ကိုယ်တော်သတ်မှတ်ထားသောအချိန်တွင် တစ်စုံတရာပြုလုပ်ပေးမည်ကို ယုံကြည်စိတ်ချပါ။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့၏– “ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား ‘ငါသည် အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။’”—ရောမ ၁၂:၁၉။
“ဆုံးမခြင်းကို မပယ်ကြနှင့်”
၁၀။ ဒါဝိဒ်သည် အပြစ်ပြုသည့်အဖြစ်သို့ မည်သို့ကျရောက်ခဲ့သနည်း၊ ယင်းကိုဖုံးကွယ်ရန် သူမည်သို့ ကြိုးစားခဲ့သနည်း။
၁၀ နှစ်များ ကုန်လွန်ခဲ့ပြီ။ ဒါဝိဒ်သည် အလွန်ထင်ပေါ်ကျော်ကြားသော ချစ်မြတ်နိုးခံရသည့် ဘုရင်တစ်ပါးဖြစ်လာခဲ့သည်။ ထူးခြားသောယုံကြည်ခြင်းတင်ပြသည့် သူ၏ဘဝအသက်တာအပြင် ယေဟောဝါအားချီးမွမ်းရာတွင် သူရေးစပ်သီကုံးခဲ့သော နှစ်လိုဖွယ်ဆာလံကျမ်းများကြောင့် သူသည် ကြီးလေးသောအပြစ် ပြုမိသည့်အဖြစ်မျိုး ဘယ်တော့မျှဆိုက်ရောက်လိမ့်မည်မဟုတ်ဟု အလွယ်တကူ ထင်မှတ်နိုင်ပေသည်။ သို့သော် ကြီးလေးသောအပြစ် ပြုမိသွားလေသည်။ တစ်နေ့တွင် ဘုရင်သည် မိမိ၏နန်းတော်ခေါင်မိုးမှနေ၍ လှပသောအမျိုးသမီးတစ်ဦး ရေချိုးနေသည်ကို တွေ့မြင်ခဲ့သည်။ ထိုအမျိုးသမီး မည်သူဖြစ်ကြောင်း သူစုံစမ်းခဲ့သည်။ ထိုအမျိုးသမီးသည် ဗာသရှေဘဖြစ်ပြီး သူ၏ခင်ပွန်း ဥရိယသည် စစ်မြေပြင်သို့ရောက်နေကြောင်း ဒါဝိဒ်သိရသောအခါ သူ့ကို ဆင့်ခေါ်ခဲ့ပြီး သူနှင့်ပြစ်မှားခဲ့သည်။ ထို့နောက် အမျိုးသမီးတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်သိခဲ့သည်။ ဤသတင်းပေါက်ကြားသွားမည်ဆိုလျှင် အလွန်အရှက်ကွဲရပေတော့မည်! မောရှေပညတ်အရ သူ့သားအိမ်ရာပြစ်မှားခြင်းသည် သေပြစ်သင့်သော အပြစ်ဖြစ်သည်။ အပြစ်ကို ဖုံးကွယ်ထားနိုင်သည်ဟု ဘုရင်ယူဆခဲ့ဖွယ်ရှိသည်။ ထို့ကြောင့် ဥရိယကို ယေရုရှလင်မြို့သို့ ပြန်လာရန်အမိန့်ပါသောစာကို စစ်မြေပြင်သို့ပို့ခဲ့သည်။ ထိုညတွင် ဥရိယသည် ဗာသရှေဘနှင့်အတူပြန်နေမည်ဟု ဒါဝိဒ်မျှော်လင့်ခဲ့သော်လည်း ထိုအတိုင်းမဖြစ်ခဲ့ပါ။ ယခု ကြံရာမရသည့်အဆုံး ဒါဝိဒ်သည် ဥရိယကို စာတစ်စောင်နှင့်အတူ စစ်ဗိုလ်ချုပ် ယွာဘထံ ရှေ့တန်းသို့ပြန်ပို့လိုက်သည်။ ဥရိယကျဆုံးသွားစေရန် တိုက်ပွဲပြင်းထန်သည့်နေရာတွင် ဥရိယကိုထားဖို့ စာတွင် ညွှန်ကြားထားသည်။ ယွာဘသည် ထိုအတိုင်းလုပ်ဆောင်ခဲ့ပြီး ဥရိယ အသတ်ခံခဲ့ရသည်။ ဗာသရှေဘသည် ထုံးစံအတိုင်းပြုရသော ငိုကြွေးမြည်တမ်းသည့်ကာလ ကုန်ဆုံးပြီးနောက် ဒါဝိဒ်သည် ဗာသရှေဘကို မိဖုရားအဖြစ် သိမ်းယူခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၁:၁-၂၇။
၁၁။ နာသန်သည် ဒါဝိဒ်အား အဘယ်အဖြစ်အပျက်ကို လျှောက်တင်ခဲ့သနည်း၊ ဒါဝိဒ်မည်သို့ တုံ့ပြန်ခဲ့သနည်း။
၁၁ အဖြစ်အပျက်တစ်ခုလုံးသည် ယေဟောဝါရှေ့၌ အကွယ်အကာမရှိထင်ရှားကြောင်း ဒါဝိဒ်သိသင့်သော်လည်း သူ၏အကြံအစည်သည် အောင်မြင်သွားပုံရခဲ့သည်။ (ဟေဗြဲ ၄:၁၃) လပေါင်းများစွာကြာပြီးနောက် ကလေးမွေးဖွားလာခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်၏ ညွှန်ကြားချက်ဖြင့် ပရောဖက်နာသန်သည် ဒါဝိဒ်ထံသွားခဲ့၏။ ပရောဖက်က သိုးများစွာပိုင်ဆိုင်သော သူဌေးတစ်ဦးသည် ဆင်းရဲသားတစ်ဦး၏ ချစ်မြတ်နိုးရသော တစ်ကောင်တည်းရှိသည့်သိုးကို ယူ၍သတ်ခဲ့သည့် အဖြစ်အပျက်ကို ဘုရင်အား လျှောက်တင်ခဲ့သည်။ ထိုအဖြစ်အပျက်သည် ဒါဝိဒ်၏ တရားမျှတသောသဘောထားကို လှုံ့ဆော်ပေးခဲ့သည်၊ သို့သော် နက်နဲသည့်အဓိပ္ပာယ်ရှိကြောင်း သူလုံးဝသံသယမရှိခဲ့ပါ။ ဒါဝိဒ်သည် အဆိုပါသူဌေးကို အလျင်အမြန် တရားစီရင်ချက် ထုတ်ပြန်လိုက်သည်။ ဘုရင်သည် ပြင်းစွာအမျက်ထွက်ကာ နာသန်အား ဤသို့ပြောခဲ့၏– “ထိုသို့ပြုသောသူသည် အမှန်သေရမည်!”—၂ ဓမ္မရာဇဝင် ၁၂:၁-၆။
၁၂။ ဒါဝိဒ်နှင့်ပတ်သက်၍ အဘယ်တရားစီရင်ချက်ကို ယေဟောဝါချမှတ်ခဲ့သနည်း။
၁၂ “ထိုသူသည်ကား ... ကိုယ်တော်ပင်ဖြစ်ပါ၏” ဟုပရောဖက်နာသန် ပြန်ပြောခဲ့သည်။ ဒါဝိဒ်သည် မိမိကိုယ်ကို တရားစီရင်ခဲ့ခြင်းဖြစ်သည်။ ဒါဝိဒ်၏ဒေါသသည် အလွန်ရှက်ကြောက်မှု၊ အလွန့်အလွန်ဝမ်းနည်းမှုအဖြစ်သို့ အလျင်အမြန်ပြောင်းလဲခဲ့သည်။ ကြက်သေသေသွားကာ နာသန်ပြောနေသည့် မရှောင်မလွဲနိုင်သော ယေဟောဝါထံမှ တရားစီရင်ချက်ကို နားထောင်နေခဲ့သည်။ နှစ်သိမ့်မှု သို့မဟုတ် စိတ်သက်သာရစေသည့် စကားလုံးများ မပါခဲ့ပါ။ ဒါဝိဒ်သည် ဆိုးသွမ်းသောအမှုကို ပြုခြင်းဖြင့် ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို မထီမဲ့မြင်ပြုမိခဲ့သည်။ သူသည် ရန်သူတို့၏ဓားဖြင့် ဥရိယကို သတ်ခဲ့သည်မဟုတ်လော။ ဒါဝိဒ်၏အဆွေအမျိုးတို့သည် ဓားဘေးနှင့် ကင်းလွတ်မည်မဟုတ်ပါ။ သူသည် ဥရိယ၏မယားကို တိတ်တဆိတ်သိမ်းယူခဲ့သည်မဟုတ်လော။ ထိုကဲ့သို့သော အဖြစ်ဆိုးကို သူကိုယ်တိုင်ကြုံတွေ့ရမည်၊ တိတ်တဆိတ်မဟုတ်ဘဲ လူသိရှင်ကြားဖြစ်မည်။—၂ ဓမ္မရာဇဝင် ၁၂:၇-၁၂။
၁၃။ ဒါဝိဒ်သည် ယေဟောဝါ၏ဆုံးမမှုကို မည်သို့ တုံ့ပြန်ခဲ့သနည်း။
၁၃ ဒါဝိဒ် ကောင်းသွားသည့်အချက်မှာ မိမိ၏အပြစ်ကို ဝန်ခံခြင်းဖြစ်သည်။ ပရောဖက်နာသန်ကို သူစိတ်မဆိုးခဲ့ပါ။ သူပြုလုပ်ခဲ့ရာအတွက် အခြားသူအား အပြစ်ဖို့ခြင်း သို့မဟုတ် ဆင်ခြေပေးခြင်းမျိုး မပြုလုပ်ခဲ့ပါ။ သူ၏အပြစ်များနှင့် ရင်ဆိုင်ရသည့်အခါ ယင်းတို့ကို တာဝန်ယူလက်ခံခဲ့သည်– “ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီ။” (၂ ဓမ္မရာဇဝင် ၁၂:၁၃) ဆာလံ ၅၁ တွင် သူ၏အပြစ်ကြောင့် ပြင်းထန်သောဝမ်းနည်းပူဆွေးမှုနှင့် သူ၏နောင်တအတိမ်အနက်ကို ဖော်ပြထားသည်။ ယေဟောဝါအား သူဤသို့အသနားခံခဲ့သည်– “အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။” ယေဟောဝါသည် သနားကြင်နာသောအရှင်ဖြစ်သဖြင့် အပြစ်ကြောင့် “ကျိုးပဲ့ကြေမွသောနှလုံးကို” ငြင်းပယ်တော်မမူကြောင်း သူယုံကြည်ခဲ့သည်။ (ဆာလံ ၅၁:၁၁၊ ၁၇) ဒါဝိဒ်သည် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ဆက်ယုံကြည်ကိုးစားခဲ့သည်။ ယေဟောဝါသည် အပြစ်၏ ခါးသီးသောအကျိုးဆက်များမှ ဒါဝိဒ်ကို မကာကွယ်ခဲ့သော်လည်း ကိုယ်တော် သူ့ကို ခွင့်လွှတ်ခဲ့သည်။
၁၄။ ကျွန်ုပ်တို့သည် ယေဟောဝါဆုံးမတော်မူခြင်းကို မည်သို့တုံ့ပြန်သင့်သနည်း။
၁၄ ကျွန်ုပ်တို့အားလုံး မစုံလင်ကြပါ၊ ကျွန်ုပ်တို့အားလုံး အပြစ်ပြုတတ်ကြသည်။ (ရောမ ၃:၂၃) တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ဒါဝိဒ်ကဲ့သို့ ကြီးလေးသောအပြစ်ကို ပြုမိကြပေမည်။ မေတ္တာရှိသောဖခင်သည် မိမိ၏သားသမီးများကို ဆုံးမသကဲ့သို့ ယေဟောဝါသည် ကိုယ်တော်ကိုဝတ်ပြုရန် ရှာသောသူတို့အား ပဲ့ပြင်တည့်မတ်ပေးတော်မူ၏။ ဆုံးမခံရခြင်းသည် အကျိုးပြုသော်လည်း လက်ခံရန် မလွယ်ကူပါ။ အမှန်ပင်၊ ယင်းကို တစ်ခါတစ်ရံ “ဝမ်းနည်းစရာထင်တတ်၏။” (ဟေဗြဲ ၁၂:၆၊ ၁၁) သို့သော် ကျွန်ုပ်တို့သည် “ဆုံးမခြင်းကို ... နားထောင်” ပါက ယေဟောဝါနှင့် ပြန်လည်သင့်မြတ်လာနိုင်သည်။ (သု. ၈:၃၃) ယေဟောဝါ၏ ဝိညာဉ်တော်ကောင်းချီးများကို ဆက်၍မွေ့လျော်ခံစားရရန် ကျွန်ုပ်တို့သည် ပဲ့ပြင်ပေးမှုကို လက်ခံပြီး ဘုရားသခင့် နှစ်သက်လက်ခံမှုရရန် လုပ်ဆောင်ရမည်။
မမြဲသောစည်းစိမ်ကို မကိုးစားနှင့်
၁၅။ (က) တချို့သူတို့သည် မိမိတို့၏စည်းစိမ်ဥစ္စာကို မည်သည့်နည်းများဖြင့် သုံးစွဲကြသနည်း။ (ခ) ဒါဝိဒ်သည် မိမိ၏စည်းစိမ်ဥစ္စာကို မည်သို့ သုံးစွဲလိုသနည်း။
၁၅ ဒါဝိဒ်သည် ထင်ပေါ်ကျော်ကြားသော နောက်ခံမှ ဆင်းသက်လာသည် သို့မဟုတ် သူ၏မိသားစုသည် ငွေကြေးချမ်းသာသည်ဟူ၍ ဖော်ပြထားခြင်းမရှိပါ။ သို့သော် သူအုပ်ချုပ်ချိန်အတွင်း ဒါဝိဒ်သည် စည်းစိမ်ဥစ္စာ အလွန်ကြွယ်ဝလာခဲ့သည်။ သင်သတိပြုမိသည့်အတိုင်း များစွာသောသူတို့သည် စည်းစိမ်ဥစ္စာကို ရှာဖွေစုဆောင်းကြပြီး ယင်းတို့ကို တိုးပွားစေရန် တပ်မက်စိတ်ကြီးစွာ ရှာဖွေကြ သို့မဟုတ် ယင်းတို့ကို မိမိတို့တစ်ကိုယ်ကောင်းအတွက် အသုံးပြုကြသည်။ အခြားသူတို့မှာမူ မိမိတို့၏ ငွေကြေးကို မိမိတို့ဘုန်းအသရေထင်ရှားစေရန် အသုံးပြုကြသည်။ (မဿဲ ၆:၂) ဒါဝိဒ်သည် သူ၏စည်းစိမ်ဥစ္စာကို သုံးစွဲပုံမှာ ခြားနားလှပေသည်။ သူသည် ယေဟောဝါကို ဂုဏ်တင်လိုစိတ် ပြင်းပြခဲ့သည်။ ထိုအချိန်အထိ ယေရုရှလင်မြို့တွင် “ကုလားကာဖြင့်သာ ကွယ်ကာလျက်” ထားရှိသော ပဋိညာဉ်သေတ္တာထားရန် ယေဟောဝါအတွက် ဝတ်ပြုရာအိမ်တော်တည်ဆောက်လိုသည့် သူ၏ဆန္ဒကို နာသန်အား ဒါဝိဒ်ပြောပြခဲ့သည်။ ယေဟောဝါသည် ဒါဝိဒ်၏ဆန္ဒကို နှစ်သက်သဘောကျသော်လည်း ထိုဝတ်ပြုရာအိမ်တော် တည်ဆောက်ရေးကို ဒါဝိဒ်၏သားတော် ရှောလမုန်၏ တာဝန်ထားရမည်ဟု နာသန်မှတစ်ဆင့် မိန့်တော်မူခဲ့သည်။—၂ ဓမ္မရာဇဝင် ၇:၁၊ ၂၊ ၁၂၊ ၁၃။
၁၆။ ဝတ်ပြုရာအိမ်တော် ဆောက်လုပ်ရန် အဘယ်ပြင်ဆင်ချက်များကို ဒါဝိဒ်ပြုလုပ်ခဲ့သနည်း။
၁၆ ဒါဝိဒ်သည် ဤဆောက်လုပ်ရေးစီမံကိန်းကြီးတွင် အသုံးပြုရန်အတွက် လိုအပ်သောပစ္စည်းများကို စုဆောင်းခဲ့သည်။ ရှောလမုန်အား ဒါဝိဒ်ဤသို့ပြောခဲ့၏– “ငါသည် ဆင်းရဲခံစဉ်တွင် ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေချိန်ခွက် နှစ်သန်းခြောက်သိန်းနှင့် ငွေချိန်ခွက်နှစ်ကုဋေခြောက်သန်းကိုလည်းကောင်း၊ အချိန်မရှိ၊ များစွာသောကြေးနှင့် သံကိုလည်းကောင်းပြင်ဆင်ပြီ။ သစ်သားများနှင့် ကျောက်များကိုလည်း ပြင်ဆင်ပြီ။ သင်သည် ထပ်၍ပြင်ဆင်ရမည်။” သူ၏ကိုယ်ပိုင်ဥစ္စာထဲမှ ရွှေအခွက် ၇၈,၀၀၀ နှင့် ငွေစင် ၁၆၃,၀၀၀ ကိုလှူဒါန်းခဲ့သည်။ * (၁ ရာဇဝင်ချုပ် ၂၂:၁၄၊ သမ္မာ; ၂၉:၃၊ ၄၊ သမ္မာ) ဒါဝိဒ်၏ ရက်ရောမှုသည် ဟန်ပြမဟုတ်ပါ၊ ယေဟောဝါဘုရားသခင်အား ယုံကြည်ခြင်းနှင့် ဆည်းကပ်ဝတ်ပြုခြင်းတို့ကို တင်ပြလိုက်ခြင်းဖြစ်သည်။ သူပိုင် စည်းစိမ်ဥစ္စာ၏ ရင်းမြစ်ကို သူအသိအမှတ်ပြုကာ ယေဟောဝါအား သူဤသို့ပြောခဲ့၏– “ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အားပူဇော်ပါ၏။” (၁ ရာဇဝင်ချုပ် ၂၉:၁၄) ဒါဝိဒ်၏ ရက်ရောသောစိတ်နှလုံးက စင်ကြယ်သောဝတ်ပြုရေး တိုးတက်စေရန် သူတတ်နိုင်သမျှလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးခဲ့သည်။
၁၇။ ၁ တိမောသေ ၆:၁၇-၁၉ တွင်တွေ့ရသော ဆုံးမစကားသည် ချမ်းသာကြွယ်ဝသူရော ဆင်းရဲသူများနှင့်ပါ မည်သို့သက်ဆိုင်သနည်း။
၁၇ အလားတူပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာကို ကောင်းမှုပြုရာတွင် အသုံးပြုကြမည်။ ရုပ်ဝါဒဆန်သောဘဝပုံစံကို လိုက်စားမည့်အစား စစ်မှန်သောဉာဏ်ပညာနှင့် ပျော်ရွှင်မှုတို့ကိုပေးသည့် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို သာ၍ရှာယူသင့်သည်။ ပေါလုဤသို့ရေးခဲ့၏– “ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့် သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်သောအသက်ကို ဝင်စားလိုသောငှာ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။” (၁ တိမောသေ ၆:၁၇-၁၉) ကျွန်ုပ်တို့၏ငွေကြေးအခြေအနေ မည်သို့ပင်ရှိပါစေ ဘုရားသခင့် ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပြီး ‘ဘုရားသခင့်ရှေ့တော်၌ ကြွယ်ဝသောသူ’ ဖြစ်စေသော အသက်တာလမ်းစဉ်အတိုင်း လျှောက်လှမ်းကြပါစို့။ (လုကာ ၁၂:၂၁) ကျွန်ုပ်တို့၏ မေတ္တာရှင် ကောင်းကင်ခမည်းတော်နှင့် မျက်နှာသာရအနေအထားရှိခြင်းထက် သာ၍တန်ဖိုးရှိသောအရာ မရှိပါ။
ဘုရားသခင်ရှေ့၌ နှစ်သက်တော်မူသောသူအဖြစ် ကိုယ်ကိုဆက်သလော့
၁၈။ ဒါဝိဒ်သည် ခရစ်ယာန်များအတွက် အဘယ်နည်းဖြင့် ပုံသက်သေကောင်းချမှတ်ခဲ့သနည်း။
၁၈ ဒါဝိဒ်၏အသက်တာ တစ်လျှောက်လုံးတွင် ယေဟောဝါ၏နှစ်သက်လက်ခံမှုရရန် ရှာကြံကြိုးစားခဲ့သည်။ သီချင်းတွင် သူဤသို့သီကျူးခဲ့သည်– “အိုဘုရားသခင် အကျွန်ုပ်ကိုသနားတော်မူပါ။ သနားတော်မူပါ။ ... အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုခိုလှုံပါ၏။” (ဆာလံ ၅၇:၁) ယေဟောဝါအပေါ် သူ၏ယုံကြည်ကိုးစားမှုသည် အချည်းနှီးမဖြစ်ခဲ့ပါ။ ဒါဝိဒ်အသက်ကြီးလာပြီး ‘ကျေနပ်ဖွယ်နေ့ရက်များကို ပိုင်ဆိုင်ခဲ့သည်။’ (၁ ရာဇဝင်ချုပ် ၂၃:၁) ကြီးလေးသောအမှားများကို ဒါဝိဒ်ပြုလုပ်ခဲ့သော်လည်း ထူးခြားသောယုံကြည်ခြင်းတင်ပြခဲ့သူ ဘုရားသခင်၏ သက်သေခံများစွာထဲတွင် တစ်ဦးအဖြစ် အမှတ်ရခြင်းခံရသည်။—ဟေဗြဲ ၁၁:၃၂။
၁၉။ ကျွန်ုပ်တို့သည် ဘုရားသခင် နှစ်သက်တော်မူဖွယ်သောသူအဖြစ် ကိုယ်ကို မည်သို့ ဆက်သနိုင်သနည်း။
၁၉ သင်သည် ဘဝအခြေအနေအပြောင်းအလဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ယေဟောဝါသည် ဒါဝိဒ်ကို ထောက်မခဲ့၊ ခွန်အားပေးခဲ့၊ ပဲ့ပြင်တည့်မတ်ပေးခဲ့သကဲ့သို့ကျွန်ုပ်တို့ကိုလည်း အလားတူပြုလုပ်ပေးနိုင်တော်မူကြောင်း သတိရပါ။ဒါဝိဒ်ကဲ့သို့ပင် တမန်တော်ပေါလုသည် အသက်တာတွင် အပြောင်းအလဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ သို့တိုင် သူသည်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ကိုးစားခြင်းဖြင့် တည်ကြည်စွာခံရပ်ခဲ့သည်။ သူဤသို့ရေးခဲ့၏– “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော အရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄:၁၂၊ ၁၃၊ သမ္မာ) ကျွန်ုပ်တို့သည် ယေဟောဝါအား ယုံကြည်ကိုးစားမည်ဆိုလျှင် ကျွန်ုပ်တို့ အောင်မြင်ရန် ကိုယ်တော်အကူအညီပေးတော်မူမည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုအောင်မြင်စေလိုတော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏စကားကိုနားထောင်ပြီး ကိုယ်တော်ထံချဉ်းကပ်မည်ဆိုလျှင် ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ကို ခွန်အားပေးတော်မူမည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ဝိညာဉ်တော်ကို ဆက်ယုံကြည်ကိုးစားမည်ဆိုလျှင် ယခုနှင့်ထာဝစဉ် ‘ဘုရားသခင်ရှေ့၌ နှစ်သက်တော်မူဖွယ်သောသူအဖြစ် ကိုယ်ကိုဆက်သ’ နိုင်ကြမည်။—၂ တိမောသေ ၂:၁၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 မျက်မှောက်ခေတ်နှုန်းထားအရ ဒါဝိဒ်လှူဒါန်းမှုသည် အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀,၀၀၀ ကျော်တန်ဖိုးရှိသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• မာနကြီးခြင်းမရှိရန် ကျွန်ုပ်တို့မည်သို့ ကာကွယ်နိုင်သနည်း။
• ကျွန်ုပ်တို့သည် အဘယ်ကြောင့် လက်တုံ့မပြန်သင့်သနည်း။
• ဆုံးမပဲ့ပြင်ခြင်းနှင့်ပတ်သက်၍ အဘယ်အမြင်မျိုး ရှိသင့်သနည်း။
• စည်းစိမ်ဥစ္စာကိုမဟုတ်ဘဲ ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည် ကိုးစားသင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ဒါဝိဒ်သည် ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည် ကိုးစားခဲ့ပြီး ကိုယ်တော်၏နှစ်သက်လက်ခံမှုရရန် ရှာကြံကြိုးစားခဲ့။ သင်လည်း ထိုအတိုင်းလုပ်ဆောင်နေသလော
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
“ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ ဥစ္စာထဲကသာ ကိုယ်တော်အားပူဇော်ပါ၏”