လိုင်ဘေးရီးယား—စစ်မက်ဖြစ်ပွားသော်ငြား ဘုရားသခင့်နိုင်ငံတော် တိုးပွား
လိုင်ဘေးရီးယား—စစ်မက်ဖြစ်ပွားသော်ငြား ဘုရားသခင့်နိုင်ငံတော် တိုးပွား
လိုင်ဘေးရီးယားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကျော် ပြည်တွင်းစစ် အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ၂၀၀၃ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် သူပုန်များသည် မြို့တော်မွန်ရိုးဗီးယားသို့ တိုက်ခိုက်ဝင်ရောက်ခဲ့ကြသည်။ ယေဟောဝါသက်သေများစွာမှာ မိမိတို့နေအိမ်များမှ ထွက်ပြေးကြရ၏။ တစ်ခါတစ်ရံ အကြိမ်ကြိမ်ပင် ထွက်ပြေးကြရသည်။ ပစ္စည်းဥစ္စာများလည်း မကြာခဏ လုယက်ခံရကြသည်။
ဝမ်းနည်းစရာမှာ မြို့တော်တွင် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လူထောင်နှင့်ချီ၍ သေဆုံးခဲ့ကြသည်။ ထိုသူတို့တွင် သက်သေခံညီအစ်မတစ်ဦးနှင့် ညီအစ်ကိုတစ်ဦးတို့ ပါဝင်သည်။ အခြားညီအစ်ကိုများသည် ခက်ခဲသည့်အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းကြပြီး သူတို့ကိုကူညီရန် အဘယ်အရာ လုပ်ဆောင်ခဲ့ကြသနည်း။
လိုအပ်နေသူတို့အတွက် အကူအညီ
လိုင်ဘေးရီးယားနိုင်ငံရှိ ယေဟောဝါသက်သေတို့၏ဌာနခွဲရုံးသည် အကျပ်အတည်းကာလများတစ်လျှောက် လိုအပ်နေသူတို့အတွက် အထောက်အပံ့များ စီမံပေးခဲ့ကြ၏။ အစားအစာ၊ မရှိမဖြစ်သည့် အိမ်သုံးပစ္စည်းများနှင့် ဆေးဝါးအထောက်အပံ့များကို စီစဉ်ပေးခဲ့ကြသည်။ သူပုန်များ ဆိပ်ကမ်းဒေသကို ထိန်းချုပ်ထားစဉ် အစားအစာ ရှားပါးပြတ်လပ်လာခဲ့သည်။ ဌာနခွဲသည် ဤဖြစ်ပေါ်လာမှုကို ကြိုမြော်မြင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမများသို့ ထွက်ပြေးကြသော သက်သေခံနှစ်ထောင်အတွက် မရှိမဖြစ်သည့်အထောက်အပံ့ပစ္စည်းများ အသင့်ထားရှိခဲ့သည်။ ညီအစ်ကိုများသည် အစားအစာများကို ဝေစုကျ သတ်မှတ်ပေးဝေရာ အထောက်အပံ့ပစ္စည်းများမှာ ဆိပ်ကမ်းပြန်ဖွင့်ချိန်အထိပင် ဆက်ရှိနေခဲ့သည်။ ဘယ်လ်ဂျီယံနှင့် စီရာအဲလေယွန်နိုင်ငံဌာနခွဲများမှ ဆေးဝါးများကို လေယာဉ်ဖြင့် တင်ပို့ပေးပြီး ဗြိတိန်နှင့် ပြင်သစ်နိုင်ငံဌာနခွဲများမှ အဝတ်အထည်များကို သင်္ဘောများဖြင့် တင်ပို့ပေးကြသည်။
အလွန်ဆိုးရွားလှသည့် အခြေအနေဖြစ်သော်လည်း ကျွန်ုပ်တို့၏ညီအစ်ကိုများသည် အပြုသဘောထားရှိကြပြီး ဝမ်းမြောက်ပျော်ရွှင်ကြပါသည်။ မိမိ၏နေအိမ်မှ သုံးကြိမ်ထွက်ပြေးခဲ့ရသူတစ်ဦးက လူအများကဲ့သို့ပင် ဤသို့ပြောဆိုခဲ့သည်– “ဒါတွေဟာ ကျွန်တော်တို့ဟောပြောနေတဲ့အခြေအနေတွေ၊ နောက်ဆုံးကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်ဆိုတဲ့အခြေအနေတွေပဲ။”
သတင်းကောင်းကို တုံ့ပြန်ကြ
တစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်နေသော်လည်း သက်သေခံများသည် လယ်ကွင်းတွင် အလွန်ကောင်းမွန်သည့်ရလဒ်များ ဆက်လက်ရရှိနေကြသည်။ ၂၀၀၃၊ ဇန်နဝါရီလတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ အများဆုံးနှုန်းသစ် ၃,၈၇၉ ယောက်ရှိပြီး ဖေဖော်ဝါရီလတွင် ကျမ်းစာသင်အံမှု ၁၅,၂၂၇ ခု ကျင်းပနိုင်ခဲ့သည်။
လူများသည် သတင်းကောင်းကို အလျင်အမြန် တုံ့ပြန်ကြသည်။ သာဓကအနေဖြင့် နိုင်ငံ၏အရှေ့တောင်ပိုင်းရှိ ရွာတစ်ရွာမှ ဖြစ်သည်။ အသင်းတော်တစ်ခုသည် ပုံမှန်အစည်းအဝေးကျင်းပရာနေရာမှ ငါးနာရီကြာလမ်းလျှောက်ရသည့် ဘွယ်နာရွာကြီးတွင် ခရစ်တော်၏သေခြင်းကို အောက်မေ့ရာပွဲ ကျင်းပရန် စီစဉ်ကြသည်။ ညီအစ်ကိုများသည် ရွာသို့လာပြီး အောက်မေ့ရာပွဲတက်ရောက်ကြရန် မဖိတ်ခေါ်မီ ဘွယ်နာရွာသူကြီးထံ ဖိတ်စာပေးပို့ခဲ့ကြသည်။ သူသည် ဖိတ်စာကိုရရှိသောအခါ သူ့ကျမ်းစာကို ကိုင်ပြီး ရွာသားများထံသွား၍ ဖိတ်စာထဲမှ ကျမ်းချက်ကိုဖတ်ပြကာ အောက်မေ့ရာပွဲကို တက်ရောက်ကြရန် ရွာသားများကို အားပေးခဲ့သည်။ ထို့ကြောင့် ကြေညာသူများရောက်လာသောအခါ သူတို့၏အလုပ်ပြီးစီးသွားကြောင်း သိရှိလိုက်ရ၏! ရွာသူကြီးမှာ သူ၏သားသမီးများ၊ ဇနီးနှစ်ဦးတို့နှင့်အတူ အောက်မေ့ရာပွဲကို တက်ရောက်ခဲ့သည်။ တက်ရောက်သူစုစုပေါင်း ၂၇ ဦးရှိခဲ့သည်။ ထိုအချိန်မှစ၍ ရွာသူကြီးသည် မက်သဒစ်ချာ့ခ်ျကို မတက်တော့ဘဲ သက်သေခံများနှင့် ကျမ်းစာစတင်လေ့လာကာ ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရန် မြေကွက်လှူဒါန်းခဲ့သည်။
သဘောထား ပြောင်းလဲမှုတစ်ခု
ကျွန်ုပ်တို့ ညီအစ်ကိုများ၏အကျင့်အကြံသည်လည်း အမှန်တရားအပေါ် အချို့သောအတိုက်အခံပြုသူတို့၏ ရှုမြင်ပုံကို ပြောင်းလဲစေပါသည်။ အိုပိုကုအမည်ရှိ အမျိုးသားတစ်ဦး၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ အထူးရှေ့ဆောင်ဓမ္မအမှုဆောင်တစ်ဦးသည် လယ်ကွင်းလုပ်ငန်းတွင် သူနှင့်တွေ့ဆုံပြီး ကင်းမျှော်စင်မဂ္ဂဇင်းတစ်စောင်ကို ဝေငှခဲ့သည်။ အိုပိုကုသည် မဂ္ဂဇင်းမှဆောင်းပါးကို စိတ်ဝင်စားသော်လည်း ပိုက်ဆံမရှိပေ။ ရှေ့ဆောင်ဖြစ်သူသည် ငွေကြေးဖြင့်ရောင်းချခြင်းမဟုတ်ကြောင်း ရှင်းပြပြီး မဂ္ဂဇင်းကိုထားခဲ့ကာ နောက်ထပ်လည်ပတ်ရန် သဘောတူခဲ့ကြသည်။ ပြန်လည်ပတ်ရာတွင် ရှေ့ဆောင်ဖြစ်သူကို အိုပိုကုက ဤသို့မေးခဲ့၏– “ကျွန်တော့်ကို ခင်ဗျားသိသလား။ ဟာပါမြို့ထဲကလူအများစုတော့ ကျွန်တော့်ကို သိကြတယ်။ ကျွန်တော်ဟာ ခင်ဗျားတို့ကလေးတွေကို ကျောင်းထုတ်ခဲ့ဖူးတယ်!” ထို့နောက် သူသည် မြို့ထဲမှအထက်တန်းကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ကြီးတစ်ဦးဖြစ်ပြီး ... အလေးမပြုခြင်းကြောင့် ယေဟောဝါသက်သေတို့၏ ကလေးများကိုနှိပ်စက်ခဲ့ကြောင်း ရှင်းပြသည်။
သို့သော်လည်း ယေဟောဝါသက်သေများပြသသည့် ခရစ်ယာန်မေတ္တာ၏သာဓကသုံးခုက အိုပိုကုအား သူ၏သဘောထားများကို ပြန်ဆန်းစစ်စေခဲ့သည်။ ပထမသာဓကမှာ သက်သေခံများသည် အကြီးအကျယ်ဖျားနာနေသည့် ဝိညာဉ်ရေးညီအစ်ကိုတစ်ဦးအား ကြည့်ရှုစောင့်ရှောက်ပေးသည်ကို သူတွေ့ရှိခဲ့သည်။ ထိုသူအား အိမ်နီးချင်းနိုင်ငံ၌ ဆေးကုသမှုခံယူရန်ပင် သူတို့စီစဉ်ပေးကြသည်။ ဖျားနေသောညီအစ်ကိုသည် သက်သေခံတို့တွင် “ဩဇာအာဏာရှိသူ” ဖြစ်မည်ဟု အိုပိုကု ထင်မှတ်ထားသော်လည်း သာမန်သက်သေခံတစ်ဦးသာဖြစ်မှန်း သိခဲ့ရသည်။ ဒုတိယသာဓကမှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အိုပိုကုသည် ကုပ်အဗွားနိုင်ငံတွင် ဒုက္ခသည်တစ်ဦးဖြစ်နေသည်။ တစ်နေ့တွင် သူသည် ရေငတ်သောကြောင့် လူငယ်တစ်ဦးထံမှ ရေဝယ်ခဲ့သည်။ အိုပိုကုတွင် ငွေအချပ်ကြီးသာရှိပြီး လူငယ်သည် အကြွေမအမ်းနိုင်သောကြောင့် ပိုက်ဆံမယူဘဲ ရေကို ပေးခဲ့သည်။ လူငယ်သည် အိုပိုကုအား ရေကို ကမ်းပေးရင်း ဤသို့မေး၏– “လူတွေဟာ ကျွန်တော်နဲ့ခင်ဗျားလို ပိုက်ဆံမတောင်းဘဲ အချင်းချင်းပစ္စည်းတွေ ပေးကမ်းမယ့်အချိန်ကို ခင်ဗျားတွေးကြည့်ဖူးသလား။” သူသည် သက်သေခံတစ်ဦးဖြစ်မည်ဟု အိုပိုကု ခန့်မှန်းခဲ့သည်၊ လူငယ်မှာ မိမိသည် သက်သေခံတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။ ထိုလူငယ်၏ရက်ရောမှုနှင့် ကြင်နာမှုကို သူအလွန်နှစ်ခြိုက်သွား၏။ နောက်ဆုံးမှာ အထူးရှေ့ဆောင်ညီအစ်ကို၏ မဂ္ဂဇင်း အခမဲ့ပေးလိုစိတ်က သက်သေခံများအား မိမိ၏ရှုမြင်ပုံသည် မှားယွင်းနေပြီး မိမိသဘောထားများပြုပြင်ရန်လိုကြောင်း အိုပိုကု သိသွားခဲ့ပြီ။ သူသည် ဝိညာဉ်ရေးတွင်တိုးတက်လာပြီး ယခုတွင် နှစ်ခြင်းမခံရသေးသည့်ကြေညာသူတစ်ဦး ဖြစ်နေသည်။
လိုင်ဘေးရီးယားနိုင်ငံရှိ ညီအစ်ကိုများသည် အလွန်ခက်ခဲသည့်အခြေအနေများကို ဆက်၍ရင်ဆိုင်တွေ့ကြုံရသော်လည်း သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ဘုရားသခင့်နိုင်ငံတော်၏ ဖြောင့်မတ်သောအုပ်စိုးမှုအောက် ပို၍ကောင်းမွန်သော အခြေအနေများ၏ သတင်းကောင်းကို သစ္စာရှိစွာကြွေးကြော်ခဲ့ကြသည်။ သူတို့၏ကြိုးပမ်းမှုနှင့် ကိုယ်တော့်နာမတော်အတွက် ပြသသည့်မေတ္တာကို ယေဟောဝါရှင်သည် ဘယ်တော့မှ မေ့လျော့လိမ့်မည်မဟုတ်ပါ။—ဟေဗြဲ ၆:၁၀။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မွန်ရိုးဗီးယား
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ခက်ခဲသည့်အချိန်များအတွင်း ယေဟောဝါ၏လူတို့သည် လိုအပ်နေသူတို့အား ဝိညာဉ်ရေးနှင့် ကာယရေးအကူအညီများထောက်ပံ့ပေး