သားရဲနှင့် ယင်း၏အမှတ်တံဆိပ်ကို
သားရဲနှင့် ယင်း၏အမှတ်တံဆိပ်ကို
ဖော်ထုတ်ခြင်း
ပဟေဠိတစ်ခု၏အဖြေ ရှာရသည်ကို သင်ပျော်မွေ့သလော။ ထိုသို့ပြုရန် အဖြေရှာတွေ့စေမည့် သဲလွန်စများကို သင်ရှာဖွေကြည့်သည်။ ဗျာဒိတ်ကျမ်းအခန်းကြီး ၁၃ တွင်ပါသော သားရဲ၏အမည် သို့မဟုတ် အမှတ်တံဆိပ်ဖြစ်သည့် ၆၆၆ ဂဏန်းနှင့်ပတ်သက်သော လိုအပ်သည့်သဲလွန်စများကို မိမိ၏မှုတ်သွင်းခံသမ္မာကျမ်းစာ၌ ဘုရားသခင်ဖော်ပြထားပါသည်။
ဤဆောင်းပါးတွင် သားရဲအမှတ်တံဆိပ်၏ အဓိပ္ပာယ်ကိုဖော်မည့် အဓိကအကြောင်းရင်းလေးရပ်—အရေးပါသောသဲလွန်စများ—ကို ကျွန်ုပ်တို့စိစစ်ကြည့်ရှုကြမည်။ (၁) တစ်ခါတစ်ရံ ကျမ်းစာပါ နာမည်များကို မည်သို့ရွေးချယ်ကြောင်း၊ (၂) သားရဲသည် မည်သူမည်ဝါဖြစ်ကြောင်း၊ (၃) “လူ့ကိန်းဂဏန်း” ဖြစ်သော ၆၆၆ သည် အဘယ်အရာကိုဆိုလိုကြောင်းနှင့် (၄) ၆ ဂဏန်း၏အဓိပ္ပာယ်နှင့် ယင်းကို အဘယ်ကြောင့်သုံးခါပြန်၊ တစ်နည်းအားဖြင့် ၆ အပေါင်း ၆၀ အပေါင်း ၆၀၀၊ သို့မဟုတ် ၆၆၆ ဟုရေးသားကြောင်းကို ကျွန်ုပ်တို့သုံးသပ်ကြမည်။—ဗျာ. ၁၃:၁၈။
ကျမ်းစာပါနာမည်များ—အမည်ခံအမှတ်အသားမျှမက
သမ္မာကျမ်းစာ၌ပါသော နာမည်များသည် အများအားဖြင့် ထူးခြားသောအဓိပ္ပာယ်ရှိ၏၊ အထူးသဖြင့် ဘုရားသခင်ပေးသောနာမည်များဖြစ်သည်။ သာဓကအနေနှင့် အာဗြံသည် လူမျိုးတို့၏အဘဖြစ်လာမည်ဖြစ်သောကြောင့် ဘုရားသခင်သည် ဘိုးဘေးအာဗြံကို “လူမျိုးအများတို့၏အဘ” ဟုအဓိပ္ပာယ်ရှိသော အာဗြဟံဟု အမည်ပြောင်းပေးခဲ့သည်။ (ကမ္ဘာဦး ၁၇:၅၊ သမ္မာ) မွေးဖွားလာမည့်ကလေးကို ‘ယေဟောဝါသည် ကယ်တင်ခြင်းဖြစ်၏’ ဟုအဓိပ္ပာယ်ရှိသော ယေရှုအမည်ဖြင့်မှည့်ရန် ယောသပ်နှင့် မာရိကို ဘုရားသခင်မိန့်မှာခဲ့သည်။ (မဿဲ ၁:၂၁; လုကာ ၁:၃၁) ထိုအဓိပ္ပာယ်ရှိသောအမည်နှင့်အညီ ယေရှု၏ အမှုတော်နှင့် ပူဇော်ရာယဇ်သေခြင်းတို့အားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းရနိုင်ဖို့ ယေဟောဝါ စီစဉ်ပေးခဲ့သည်။—ယောဟန် ၃:၁၆။
သို့ဖြစ်၍ ဘုရားသခင်ပေးထားသော ဂဏန်း-နာမည် ၆၆၆ သည် သားရဲ၏ထူးခြားသောစရိုက်လက္ခဏာဟု ဘုရားသခင်ယူမှတ်သည့် အမှတ်သင်္ကေတဖြစ်ရပေမည်။ အဆိုပါစရိုက်လက္ခဏာများကို ကျွန်ုပ်တို့ သိနားလည်ရန် သားရဲကိုယ်နှိုက်ကို ခွဲခြားသိမြင်ပြီး ယင်း၏လှုပ်ရှားမှုများကို သိထားဖို့လိုပေသည်။
သားရဲဖော်ထုတ်ခံရ
သင်္ကေတဖြင့်ဖော်ပြသော သားရဲများ၏အဓိပ္ပာယ်ကို ဒံယေလကျမ်းက အလင်းဖြာပေးပါသည်။ အခန်းကြီး ၇ တွင် “သားရဲကြီးလေးကောင်”—ခြင်္သေ့၊ ဝက်ဝံ၊ ကျားသစ်နှင့် သံသွားကြီးများရှိသည့် အလွန်ကြောက်မက်ဖွယ်သောသားရဲ—တို့ကို ကွက်ကွက်ကွင်းကွင်း ရုပ်လုံးဖော်ပြသည်။ (ဒံယေလ ၇:၂-၇) ဤသားရဲများသည် အင်ပါယာကြီးများကို ဆက်ခံအုပ်ချုပ်သည့် “ဘုရင်” များ သို့မဟုတ် တိုင်းနိုင်ငံများကို ပုံဆောင်သည်ဟု ဒံယေလကျမ်းက ပြောပြပါသည်။—ဒံယေလ ၇:၁၇၊ ၂၃၊ သမ္မာ။
ဗျာ. ၁၃:၁၊ ၂ ပါသားရဲနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ၏စကားပြန်အဘိဓာန်က ၎င်းသားရဲတွင် “ဒံယေလအဆင်းအာရုံပါ သားရဲလေးကောင်၏ စရိုက်လက္ခဏာအားလုံး ပေါင်းစပ်ပါရှိသည် ... ။ သို့ဖြစ်၍ [ဗျာဒိတ်ကျမ်းပါ] ဤပထမသားရဲသည် ဘုရားသခင်ကိုဆန့်ကျင်သော ဤလောကရှိ အုပ်စိုးမှုအရပ်ရပ်၏ စုပေါင်းအင်အားစုများကို ကိုယ်စားပြုသည်။” ဤတွေ့ရှိချက်ကို ဗျာ. ၁၃:၇ ကအတည်ပြုသည်၊ ထိုတွင် သားရဲနှင့်ပတ်သက်၍ ဤသို့ဆို၏– “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသောအခွင့်ကိုလည်းရ၏။” *
သမ္မာကျမ်းစာက လူ့အုပ်စိုးမှုကို အဘယ်ကြောင့် သားရဲများဖြင့် ပုံခိုင်းထားသနည်း။ အနည်းဆုံး အကြောင်းရင်းနှစ်ခုရှိပါသည်။ ပထမအကြောင်းရင်းမှာ လူ့အုပ်စိုးမှုများသည် ရာစုနှစ်များတစ်လျှောက် သားရဲများပမာ သွေးသွန်းမှုများဖြစ်စေခဲ့သောကြောင့်ဖြစ်သည်။ “ယဉ်ကျေးမှု သို့မဟုတ် ဒီမိုကရေစီအခြေတည်နေပြီဖြစ်သော်လည်း စစ်မှုမှာ လျော့နည်းပပျောက်သွားခြင်းမရှိဘဲ သမိုင်းတွင် ရှိမြဲအရာတစ်ခုဖြစ်နေသည်” ဟု ဝီလ်နှင့် အေရီယဲလ် ဒူးရန့်တို့က ရေးသားခဲ့သည်။ “လူသည် တစ်ဦးပေါ်တစ်ဦး အကျိုးနစ်နာအောင်အုပ်စိုးလာခဲ့ကြ” သည်မှာ အမှန်ပင်! (ဒေ. ၈:၉၊ ကဘ) ဒုတိယအကြောင်းရင်းမှာ “နဂါး [စာတန်] သည် မိမိတန်ခိုးနှင့်မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသောအာဏာစက်ကိုလည်းကောင်း သားရဲ၌အပ်ပေး” သောကြောင့်ဖြစ်သည်။ (ဗျာ. ၁၂:၉; ၁၃:၂) ထိုသို့နှင့်အညီ လူ့အုပ်ချုပ်မှုသည် စာတန်၏ဖန်တီးမှုလက်ရာဖြစ်သည့်အတွက် သားရဲနှင့်တူသော၊ နဂါးနှင့်တူသောစိတ်သဘောထားများကို ထင်ဟပ်ပြလေသည်။—ယောဟန် ၈:၄၄; ဧဖက် ၆:၁၂။
သို့သော် ယင်းက လူ့အုပ်စိုးရှင်မှန်သမျှ စာတန့်တိုက်ရိုက်လက်ကိုင်တုတ်ဖြစ်သည်ဟု မဆိုလိုပါ။ အမှန်မှာ၊ လူ့အစိုးရများသည် တစ်နည်းအားဖြင့်ဆိုလျှင် လူ့အဖွဲ့အစည်းကို တည်ငြိမ်စေသော “ဘုရားသခင်၏အစေခံများ” ဖြစ်ကြသည်၊ ၎င်းမရှိပါက ဖရိုဖရဲ၊ ပရမ်းပတာဖြစ်ပေမည်။ ထို့ပြင် အချို့သောခေါင်းဆောင်များသည် စာတန်အလိုမရှိသောအရာ—စစ်မှန်သောဝတ်ပြုရေးကို ကိုးကွယ်လိုက်စားခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေးခဲ့ကြပြီ။ (ရောမ ၁၃:၃၊ ၄; ဧဇရ ၇:၁၁-၂၇; တမန်တော် ၁၃:၇) သို့သော် စာတန့်သြဇာလွှမ်းမှုကြောင့် တည်မြဲသောငြိမ်သက်မှုနှင့် လုံခြုံမှုကို အဘယ်လူသား သို့မဟုတ် အဘယ်လူ့အဖွဲ့အစည်းမျှ မဆောင်ကြဉ်းပေးနိုင်ပါ။ *—ယောဟန် ၁၂:၃၁။
‘လူသားကိန်းဂဏန်း’
၆၆၆ ဂဏန်းအဓိပ္ပာယ်၏ တတိယသဲလွန်စသည် “လူ့ကိန်းဂဏန်း” သို့မဟုတ် အကျယ်ဖွင့်ဆိုသည့်သမ္မာကျမ်းအရ ‘လူသားကိန်းဂဏန်း’ ဖြစ်သည်ဟူသည့်အချက်ပေါ်တွင် ရှိနေသည်။ မည်သည့်လူမျှမဟုတ်ဘဲ စာတန်သည်သာ သားရဲအပေါ် ဩဇာရှိသောကြောင့် ဤအသုံးအနှုန်းသည် လူသားတစ်ဦးတစ်ယောက်ကို ရည်ညွှန်းခြင်းမဖြစ်နိုင်ပါ။ (လုကာ ၄:၅၊ ၆; ၁ ယောဟန် ၅:၁၉; ဗျာ. ၁၃:၂၊ ၁၈) ယင်းအစား သားရဲတွင် ‘လူသားကိန်းဂဏန်း’ သို့မဟုတ် အမှတ်တံဆိပ်ရှိခြင်းက ယင်းသည် ဝိညာဉ် သို့မဟုတ် နတ်ဆိုးမဟုတ်ဘဲ လူ့သဘာဝရှိကြောင်း ပြသည်၊ ယင်းကြောင့် ၎င်းသည် လူ့စရိုက်လက္ခဏာအချို့ကို ထင်ရှားဖော်ပြသည်။ အဘယ်စရိုက်လက္ခဏာများ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက ဤသို့အဖြေပေးသည်– “လူအပေါင်းတို့သည် [မကောင်းမှု] ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။” (ရောမ ၃:၂၃) ထို့ကြောင့် သားရဲတွင် လူ့ကိန်းဂဏန်းရှိခြင်းက လူ့အုပ်စိုးမှုများတွင် အပြစ်နှင့် မစုံလင်မှု၏အမှတ်သညာဖြစ်သော အပြစ်သားလူ့အခြေအနေမျိုး တွေ့ရမည်ဖြစ်ကြောင်း ဖော်ပြသည်။
၎င်းမှန်ကြောင်း သမိုင်းက သက်သေထူပါသည်။ ယူ.အက်စ်. အတွင်းရေးမှူးဟောင်း ဟင်နရီ ကစ်စင်းဂျားက ဤသို့ဆိုခဲ့သည်– “တည်ရှိခဲ့ဖူးသမျှ ယဉ်ကျေးမှုတိုင်းသည် အဆုံး၌ နိဂုံးချုပ်သွားကြလေသည်။ သမိုင်းဟူသည် အရာမထင်သည့်လုံ့လ၊ အကောင်အထည်မပေါ်သည့် ရည်မှန်းချက်တို့နှင့်ပြည့်သော ပုံပြင်တစ်ပုဒ်သာတည်း။ ... ထို့ကြောင့် သမိုင်းသုတေသီတစ်ဦးအနေနှင့် မရှောင်လွှဲနိုင်သော ဝမ်းနည်းပူဆွေးခြင်းကို ရင်ဝယ်ပိုက်၍ အသက်ရှင်ရသည်။” ကစ်စင်းဂျား၏ ပွင့်လင်းသောသုံးသပ်ချက်က “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ဟူသော ကျမ်းစာအခြေခံအမှန်တရားကို သက်သေထူ၏။—ယေရမိ ၁၀:၂၃။
သားရဲသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ယင်းကို ဘုရားသခင်မည်သို့ယူမှတ်ကြောင်း ယခု ကျွန်ုပ်တို့သိရှိခဲ့ပြီဖြစ်ရာ ပဟေဠိ၏နောက်ဆုံးအဆင့်ကို ဆန်းစစ်ကြည့်နိုင်သည်၊ ခြောက်ဂဏန်းနှင့် ယင်းကို အဘယ်ကြောင့်သုံးခါပြန်၊ တစ်နည်းအားဖြင့် ၆ အပေါင်း ၆၀ အပေါင်း ၆၀၀ ဟုရေးသားထားရသည့်အကြောင်း ဖြစ်သည်။
သုံးခါပြန် ခြောက်—အဘယ်ကြောင့်
သမ္မာကျမ်းစာတွင် အချို့သောကိန်းဂဏန်းများ၌ အထိမ်းအမှတ်အဓိပ္ပာယ်များရှိကြသည်။ ဥပမာ၊ ခုနစ်ဂဏန်းသည် ဘုရားသခင့်အမြင်တွင် ပြည့်စုံခြင်း သို့မဟုတ် စုံလင်ခြင်း အထိမ်းအမှတ်အဖြစ် အသုံးပြုလေ့ရှိသည်။ သာဓကအနေနှင့် ဘုရားသခင်၏ဖန်ဆင်းရာ ရက်သတ္တပတ်တွင် ခုနစ် ‘ရက်’ ပါဝင်သည် သို့မဟုတ် ကြာညောင်းသည်၊ ထိုအတောအတွင်း ဘုရားသခင်သည် မြေကြီးနှင့်ပတ်သက်သော ဖန်ဆင်းခြင်းဆိုင်ရာရည်ရွယ်ချက်ကို အပြည့်အစုံပြီးမြောက်ခဲ့သည်။ (ကမ္ဘာဦး ၁:၃–၂:၃) ဘုရားသခင်၏ “စကားတော်” များသည် “ခုနစ်ကြိမ်စစ်သော” ငွေကဲ့သို့ဖြစ်သည်၊ သို့ဖြင့် လုံးလုံးလျားလျား သန့်စင်၏။ (ဆာလံ ၁၂:၆; သု. ၃၀:၅၊ ၆) နူနာစွဲနေသောနေမန်သည် ယော်ဒန်မြစ်တွင် ခုနစ်ကြိမ်ရေချိုးရန် မှာကြားခံရပြီး လုံးဝရောဂါပျောက်ကင်းခဲ့သည်။—၄ ဓမ္မရာဇဝင် ၅:၁၀၊ ၁၄။
ခြောက်ဂဏန်းသည် ခုနစ်ပြည့်ရန် တစ်လို၏။ ယင်းက ဘုရားသခင့်အမြင်တွင် မစုံလင်သော၊ ချို့ယွင်းချက်ပါသောအရာကို တင်စားခြင်းသည် မလျောက်ပတ်ပေလော။ ဧကန်အမှန်ပင်! (၁ရာဇဝင်ချုပ် ၂၀:၆၊ ၇) ထို့အပြင် ခြောက်ဂဏန်းကို တတိယအဆင့်အထိ ၆၆၆ ဟုရေးသားခြင်းက ဤမစုံလင်မှုကို သာ၍အလေးစီးစေသည်။ ကျွန်ုပ်တို့သုံးသပ်ခဲ့သည့်အတိုင်း ၆၆၆ သည် ‘လူသားကိန်းဂဏန်း’ ဖြစ်သည့်အချက်ကလည်း ၎င်းမှန်ကြောင်း သက်သေထူသည်။ ထို့ကြောင့် သားရဲ၏ရာဇဝင်၊ ယင်း၏ ‘လူသားကိန်းဂဏန်း’ နှင့် ၆၆၆ ဂဏန်းကိုယ်နှိုက်တို့က ယေဟောဝါအမြင်တွင် ယင်းသည် လုံးလုံးလျားလျားစံမမီ၊ မပြည့်မီဟူသော မမှားနိုင်သည့် ကောက်ချက်ကိုချစေသည်။
သားရဲ၏မစုံမလင်ချို့တဲ့မှုကို သရုပ်ဖော်ထားပုံက ရှေးခေတ်ဗာဗုလုန်ဘုရင် ဗေလရှာဇာနှင့်ပတ်သက်သောဖော်ပြချက်ကို ပြန်သတိရစေသည်။ ထိုအုပ်စိုးရှင်ကို ယေဟောဝါက “[သင့်]ကိုချိန်ခွင်နှင့်ချိန်၍ လျော့ကြောင်းကိုတွေ့မြင်တော်မူ၏” ဟု ဒံယေလမှတစ်ဆင့် မိန့်တော်မူခဲ့သည်။ ထိုညတွင်ပင် ဗေလရှာဇာ ကွပ်မျက်ခံရပြီး ဗာဗုလုန်အင်ပါယာကြီး ကျရှုံးခဲ့သည်။ (ဒံယေလ ၅:၂၇၊ ၃၀) ထိုနည်းတူ နိုင်ငံရေးနှင့်ဆိုင်သောသားရဲနှင့် ယင်း၏အမှတ်တံဆိပ်ခံယူသူများကို ဘုရားသခင်တရားစီရင်ခြင်းက ၎င်းသားရဲနှင့် ယင်းကိုထောက်ခံသူများ၏ နိဂုံးကိုဆိုလိုသည်။ သို့သော် ဤတစ်ကြိမ်တွင် ဘုရားသခင်သည် နိုင်ငံရေးစနစ်တစ်ခုတည်းကိုသာမဟုတ် လူ့အုပ်ချုပ်မှုအစအနမှန်သမျှကို အမြစ်မကျန် ချေမှုန်းသုတ်သင်ပါလိမ့်မည်။ (ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၁၉:၁၉၊ ၂၀) ထို့ကြောင့် ကျွန်ုပ်တို့သည် သားရဲ၏သေစေနိုင်သော အမှတ်တံဆိပ်ကို မခံယူဖို့ အရေးကြီးလှပေသည်!
အမှတ်တံဆိပ်ကို အဓိပ္ပာယ်ဖွင့်ခြင်း
၆၆၆ ဂဏန်းကိုဖော်ပြပြီးပြီးချင်း သိုးသငယ် ယေရှုခရစ်၏နောက်လိုက်များဖြစ်သော ၁၄၄,၀၀၀ အကြောင်းကို ဗျာဒိတ်ကျမ်းကဖော်ပြပါသည်၊ ကိုယ်တော်၏နာမနှင့် ခမည်းတော်၏နာမ ယေဟောဝါကို နဖူး၌ အက္ခရာတင်ထားသူများဖြစ်သည်။ ၎င်းအမည်နာမ ခံယူသူများသည် သူတို့ဂုဏ်ယူစွာ သက်သေခံကြသော ယေဟောဝါနှင့် ကိုယ်တော့်သားတော်၏ ပိုင်ဆိုင်ရာများဖြစ်ကြောင်း ဖော်ပြသည်။ အလားတူ သားရဲ၏အမှတ်တံဆိပ်ရှိသူများက မိမိတို့သည် သားရဲ၏လက်ပါးစေများဖြစ်ကြောင်း သိရှိစေသည်။ သို့ဖြစ်၍ ပုံဆောင်သဘောဖြင့်ပြောရလျှင် လက်ယာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ အမှတ်တံဆိပ်ရှိခြင်းက ထိုသူသည် သားရဲနှင့်တူသော လောကနိုင်ငံရေးစနစ်ကို ကြည်ညိုလေးစားထောက်ခံသူဖြစ်သည့် အမှတ်သင်္ကေတဖြစ်သည်။ ထိုအမှတ်တံဆိပ်ခံသူတို့သည် ဘုရားသခင်ပိုင်ထိုက်ရာကို “ကဲသာ” အား ပေးကြသည်။ (လုကာ ၂၀:၂၅; ဗျာ. ၁၃:၄၊ ၈; ၁၄:၁) မည်သို့ပေးကြသနည်း။ မျှော်လင့်ချက်နှင့် ကယ်မခြင်းအတွက် သူတို့မျှော်ကိုးသော တိုင်းနိုင်ငံ၊ ယင်း၏အထိမ်းအမှတ်များနှင့် ယင်း၏ စစ်အင်အားများကို ကြည်ညိုသမှု ဂုဏ်တင်ပြုခြင်းအားဖြင့် ဖြစ်သည်။ စစ်မှန်သောဘုရားသခင်ကို သူတို့ ဝတ်ပြုကိုးကွယ်ကြခြင်းဟူသည် လေသာဖြစ်သည်။
ယင်းနှင့်ဆန့်ကျင်လျက် သမ္မာကျမ်းစာက ဤသို့တိုက်တွန်းသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၃၊ ၄) ပညာရှိသော ထိုအကြံပြုချက်ကို လိုက်နာသူတို့သည် အုပ်ချုပ်ရေးများ မိမိတို့၏ကတိများကို မဖြည့်စွမ်းနိုင်သောအခါ သို့မဟုတ် ဩဇာရှိသောခေါင်းဆောင်များ ဂုဏ်ရှိန်ကျသွားသောအခါ စိတ်ပျက်အားလျော့ရခြင်းမျိုး မဖြစ်ကြချေ။—သု. ၁:၃၃။
ယင်းက ခရစ်ယာန်စစ်များသည် လူ့အဖြစ်များနှင့်ပတ်သက်၍ ငုတ်တုတ်ထိုင်နေကြသည်ဟု မဆိုလိုပါ။ ထိုသို့နေမည့်အစား လူ့ပြဿနာများကို ဖြေရှင်းပေးမည့် တစ်ခုတည်းသောအုပ်ချုပ်ရေးဖြစ်ပြီး သူတို့ကိုယ်တိုင် ကိုယ်စားပြုသည့် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို သူတို့တက်ကြွစွာ ကြေညာကြသည်။—မဿဲ ၂၄:၁၄။
ဘုရားသခင့်နိုင်ငံတော်—လူသားတို့၏တစ်ခုတည်းသော မျှော်လင့်ချက်
မြေကြီးပေါ်ရှိစဉ်အခါက ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အဓိကထား ဟောပြောခဲ့သည်။ (လုကာ ၄:၄၃) တစ်ခါတစ်ရံ သခင့်ဆုတောင်းချက်ဟုခေါ်သော စံပြဆုတောင်းနည်းတွင် ထိုနိုင်ငံတော်လာဖို့နှင့် မြေကြီးပေါ်တွင် ဘုရားသခင့်အလိုတော်ပြည့်စုံစေဖို့ ဆုတောင်းရန် နောက်လိုက်များအား ကိုယ်တော်သွန်သင်ခဲ့သည်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးတစ်ပြင်လုံးကို မြေကြီးဆိုင်ရာမြို့တော်တစ်ခုမှ မဟုတ်ဘဲ ကောင်းကင်မှအုပ်ချုပ်မည့် အစိုးရတစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းကို ယေရှုက “ကောင်းကင်နိုင်ငံတော်” ဟုခေါ်ဆိုခဲ့သည်။—မဿဲ ၁၁:၁၂။
မိမိ၏လက်အောက်ခံဖြစ်မည့်သူများအတွက် အသေခံခဲ့သော ယေရှုခရစ်ထက် သာ၍သင့်တော်လျောက်ပတ်သော နိုင်ငံတော်ဘုရင်ရှိပါဦးမည်လော။ (ဟေရှာယ ၉:၆၊ ၇; ယောဟန် ၃:၁၆) ယခု တန်ခိုးကြီးသောဝိညာဉ်သတ္တဝါဖြစ်သော ဤစုံလင်သည့်အုပ်စိုးရှင်သည် မကြာမီ သားရဲ၊ ယင်း၏ရှင်ဘုရင်များနှင့် စစ်သည်ဗိုလ်ပါများကို ထာဝရဖျက်ဆီးခြင်း အထိမ်းအမှတ်ဖြစ်သော“ကန့်နှင့်လောင်သောမီးအိုင်” ထဲသို့ ချပစ်ပါလိမ့်မည်။ သို့သော် ထိုမျှနှင့်မပြီးချေ။ ယေရှုသည် စာတန်ကိုလည်း ဖယ်ရှားပစ်ပါလိမ့်မည်၊ ယင်းသည် မည်သည့်လူသားမျှ မတတ်နိုင်သောအရာတစ်ခုဖြစ်သည်။—ဗျာ. ၁၁:၁၅; ၁၉:၁၆၊ ၁၉-၂၁; ၂၀:၂၊ ၁၀။
ဘုရားသခင့်နိုင်ငံတော်သည်ယင်း၏နာခံမှုရှိသော လက်အောက်ခံများအားလုံးအတွက်ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ (ဆာလံ ၃၇:၁၁၊ ၂၉; ၄၆:၈၊ ၉) ဝမ်းနည်းခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းပင် ရှိတော့မည်မဟုတ်။ သားရဲ၏အမှတ်တံဆိပ်ကိုမခံ ကင်းကင်းရှင်းရှင်းနေသူများအတွက် အလွန်ထူးမြတ်သည့် အလားအလာပါတကား!—ဗျာ. ၂၁:၃၊ ၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 ဤအခန်းငယ်များနှင့်ပတ်သက်သော အသေးစိတ်ဆွေးနွေးချက်များကို ယေဟောဝါသက်သေများထုတ်ဝေခဲ့သော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!စာအုပ် အခန်း ၂၈ ကိုရှု။
^ အပိုဒ်၊ 12 လူ့အုပ်ချုပ်မှုသည် သားရဲနှင့်တူလေ့ရှိကြောင်း အသိအမှတ်ပြုသော်လည်း ခရစ်ယာန်စစ်များသည် သမ္မာကျမ်းစာညွှန်ကြားသည့်အတိုင်း အစိုးရနှင့်ဆိုင်သော “မင်းအာဏာစက်” ကို လက်အောက်ခံကြပါသည်။ (ရောမ ၁၃:၁) သို့သော် ဘုရားသခင့်ပညတ်နှင့် ဆန့်ကျင်ရာကို ၎င်းအာဏာစက်များ စေခိုင်းသည့်အခါ သူတို့သည် “လူထက်ဘုရားသခင်ကို ... သာ၍နာခံ” ကြပါသည်။—တမန်တော် ၅:၂၉၊ ကဘ။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
၆၆၆ ဂဏန်း၏အဓိပ္ပာယ် သဲလွန်စများ
၁။ အာဗြဟံ၊ ယေရှုနှင့် အခြားသူများစွာတို့၏အဖြစ်မှာကဲ့သို့ ကျမ်းစာပါ အမည်များသည် ၎င်းအမည်ခံယူသူ၏စရိုက်များ သို့မဟုတ် သူ၏အသက်တာအကြောင်း ဖော်ပြလေ့ရှိသည်။ ထိုနည်းတူ သားရဲ၏ဂဏန်းတပ်အမည်က ယင်း၏စရိုက်လက္ခဏာများကို ရုပ်လုံးပေါ်စေသည်။
၂။ ဒံယေလကျမ်းစာစောင်တွင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော သားရဲများသည် အစဉ်အဆက် ဆင်းသက်ဆက်ခံသော တိုင်းနိုင်ငံများ သို့မဟုတ် အင်ပါယာများကို ကိုယ်စားပြုသည်။ ဗျာ. ၁၃:၁၊ ၂ ပါ ပေါင်းစပ်ထားသောသားရဲသည် စာတန် အာဏာအပ်နှင်းထားပြီး ထိန်းချုပ်ထားသော ကမ္ဘာချီနိုင်ငံရေးစနစ်ကို ပုံခိုင်းသည်။
၃။ သားရဲတွင်“လူ့ကိန်းဂဏန်း”သို့မဟုတ်‘လူသားကိန်းဂဏန်း’ ရှိခြင်းက ယင်းသည် နတ်ဆိုးတစ်ပါးမဟုတ်ဘဲ လူ့သဘာဝရှိခြင်းကို ဖော်ပြသည်။ ထို့ကြောင့် အပြစ်နှင့် မစုံလင်မှုကြောင့် ဖြစ်ပေါ်လာသော လူ့အားနည်းချက်များကို ထင်ဟပ်ပြသည်။
၄။ ဘုရားသခင့်အမြင်တွင် ဂဏန်းခြောက်သည် ကျမ်းစာရှုထောင့်အရ ပြည့်စုံသော သို့မဟုတ် စုံလင်သော ခုနစ်ဂဏန်းကို စံမမီသဖြင့် မစုံလင်ခြင်းကိုဖော်ပြသည်။ ၆၆၆ ဂဏန်းအမှတ်တံဆိပ်က တတိယအဆင့်အထိ ချို့တဲ့ကြောင်း အလေးအနက်ဖော်ပြသည်။
[စာမျက်နှာ ပါ ရုပ်ပုံ]
၆၆၆ ဂဏန်းဖြင့် လျောက်ပတ်စွာပုံခိုင်းထားသော လူ့အုပ်ချုပ်မှုသည် စံမမီကြောင်း သက်သေထူခဲ့ပြီ
[Credit Line]
Starving child: UNITED NATIONS/Photo by F. GRIFFING
[စာမျက်နှာ ပါ ရုပ်ပုံ]
ယေရှုခရစ်သည် ကမ္ဘာမြေကြီးကို စုံလင်သောအုပ်ချုပ်မှုဖြင့် အုပ်ချုပ်ပါလိမ့်မည်