မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေးငယ်သောကိုယ်ကျိုးစွန့်ခြင်းက ကြွယ်ဝသောကောင်းချီးများ ရရှိစေ

သေးငယ်သောကိုယ်ကျိုးစွန့်ခြင်းက ကြွယ်ဝသောကောင်းချီးများ ရရှိစေ

ဘဝ​အတ္ထုပ္ပတ္တိ

သေးငယ်သော​ကိုယ်ကျိုး​စွန့်​ခြင်း​က ကြွယ်ဝသော​ကောင်းချီး​များ ရရှိစေ

ဂျော့ဂျ်​နှင့် အဲ​န်း အယ်​ဂျင် ပြောပြ​သည်

“သွန်သင်ပေး​သူ” နဲ့ “ကြွက်” ဆို​တဲ့​စကားလုံး​ကို တစ်နေ့​မှာ မှားယွင်း​ရော​ထွေး​သွားလိမ့်မယ်လို့ ကျွန်တော်​နဲ့ ကျွန်တော့်​ဇနီး တစ်ခါ​မှ မတွေး​မိ​ခဲ့​ကြဘူး။ ကျွန်တော်​တို့ အသက် ၆၀ ကျော်​အရွယ်မှာ အရှေ့​ဖျား​ကလူ​တွေ​နဲ့ ပြောဆို​ဆက်သွယ်​ဖို့ အသစ်အဆန်း​ဖြစ်​တဲ့ အက္ခရာ​တွေ​ကို တွေးတော​စဉ်းစား​ရလိမ့်မယ်လို့ ဘယ်​တုန်း​ကမှ မတွေး​ခဲ့​ဘူး။ ဒါပေမဲ့ ၁၉၈၀ ပြည့်လွန်​နှစ်များ​နှောင်းပိုင်း​မှာ ကျွန်တော်​နဲ့ အဲ​န်း​ဟာ အဲ့​ဒါတွေကို ပြုလုပ်​ခဲ့​ကြတယ်။ ကျွန်တော်​တို့​အသက်တာမှာ သေးငယ်​တဲ့​ကိုယ်ကျိုး​စွန့်​မှု​တွေ​ကြောင့် ကြွယ်ဝ​တဲ့​ကောင်းချီး​တွေ ရရှိ​လာ​ခဲ့​ပုံ​ကို ပြောပြ​ပါ​ရစေ။

ကျွန်တော်​ဟာ အာမေးနီးယန်း​မျိုးနွယ် မိသားစု​တစ်စု​က​ဖြစ်​ပြီး အာမေးနီးယန်း​ချာ့ခ်ျ​ရဲ့ အသင်းသား​ဖြစ်တယ်။ အဲ​န်း​က​တော့ ရိုမန်ကက်သလစ်​ဘာသာဝင်​ဖြစ်တယ်။ ကျွန်တော်​တို့​လက်ထပ်​ကြ​တဲ့ ၁၉၅၀ ပြည့်နှစ်​မှာ ကျွန်တော်​တို့​ရဲ့ ဘာသာရေး​ယုံကြည်ချက်တွေကို နှစ်ဦးစလုံး အလျော့ပေးလိုက်လျော​ခဲ့​ကြတယ်။ ကျွန်တော်​က​၂၇နှစ်၊ အဲ​န်း​က ၂၄ နှစ်​ဖြစ်တယ်။ ယူ.အက်စ်.အေ.၊ န​ယူး​ဂျာ​စီ၊ ဂျာ​စီ​စီး​တီ​မှာ​ရှိတဲ့ ကျွန်တော်​ရဲ့​အခြောက်လျှော်​ဆိုင် အပေါ်ထပ်​က​အခန်းမှာ အခြေချ​နေထိုင်ဖို့ ဆုံးဖြတ်​ခဲ့​ကြတယ်။ အဲဒီ​အချိန်​ကနေ ဒီ​စီးပွားရေး​လုပ်ငန်း​ကို လေးနှစ်​ကျော် ကိုယ်ပိုင်​လုပ်ကိုင်​ခဲ့​တယ်။

၁၉၅၅ ခုနှစ်၊ န​ယူး​ဂျာ​စီ​မြို့လယ်​က အိပ်ခန်း​သုံးခန်း​ပါ​တဲ့ အိမ်​လှလှ​တစ်လုံး​ကို ကျွန်တော်​တို့ ဝယ်​လိုက်ကြတယ်။ အဲ့ဒီ​အိမ်က ကျွန်တော့်​အလုပ်နဲ့ မိုင် ၄၀ ကျော်​ဝေးတယ်၊ တစ်ပတ်​မှာ​ခြောက်​ရက် ကျွန်တော်​အလုပ်လုပ်တယ်။ ည​တိုင်း​လို​လို ကျွန်တော် အိမ်ပြန်​နောက်ကျ​တယ်။ ကျွန်တော့်​ဆိုင်​ကို အခါ​အား​လျော်​စွာ​လာပြီး ကျမ်းစာ​စာပေ​တွေ​ကို ဝေငှ​တဲ့​အခါ​ကျ​မှ ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်တော်​ဆက်သွယ်​မိတယ်။ စာအုပ်​စာပေ​တွေ​ကို ကျွန်တော် စိတ်ဝင်တစား​ဖတ်ရှု​ခဲ့​တယ်။ ကျွန်တော့်​ရဲ့​စီးပွားရေး​အတွက် အချိန်တွေ အများကြီး​ပေး​ရပေမဲ့ ကျမ်းစာ​ကို​လေးမြတ်​တဲ့​စိတ် ဖြစ်ပေါ်​တိုးပွား​လာခဲ့တယ်။

သိပ်​မကြာခင်​မှာပဲ​ကျွန်တော့်​ဆိုင်​ကနေ အိမ်ကို​ကားမောင်း​ပြန်​တဲ့​အချိန်အတွင်း ကင်းမျှော်စင်​အသံလွှင့်​ဌာန​က ကျမ်းစာ​ဟောပြောချက်တွေကို​အသံလွှင့်​ပေး​တဲ့​ဒဗလျူ​ဘီဘီအာရ်​ကို​ကျွန်တော်​ရှာတွေ့ခဲ့​တယ်။ အဲ့ဒီ​ဟောပြောချက်တွေကို​သေသေချာချာ​နားထောင်​ခဲ့​ပြီး​သက်သေခံတွေ ကျွန်တော့်​ဆီ​လာ​လည်ပတ်​ဖို့​တောင်းဆို​တဲ့​အထိ​စိတ်ဝင်စားမှု​တိုးလာ​ခဲ့​တယ်။ ၁၉၅၇၊နိုဝင်ဘာ​လမှာ ဂျော့ဂျ် ဘ​လ​န်​တန် ကျွန်တော့်​အိမ်ကို ရောက်လာ​ပြီး ကျမ်းစာ​စလေ့လာ​ခဲ့​တယ်။

စင်ကြယ်သော​ဝတ်ပြုရေးတွင် ကျွန်တော့်​မိသားစု စည်းလုံး​လာ

ဒါတွေ​နဲ့​ပတ်သက်ပြီး အဲ​န်း ဘယ်လို​ခံစား​ရသလဲ။ သူ့ရဲ့​အဖြစ်သနစ်​တွေ​ကို သူကိုယ်တိုင် ပြောပြ​ပါစေ။

“ဒီ​လေ့လာမှု​မှာ ကျွန်မ​ရဲ့​အစပိုင်း​တုံ့ပြန်မှု​က အကြီးအကျယ်​အတိုက်အခံလုပ်​ဖို့​ပဲ။ ဂျော့ဂျ် ကျမ်းစာ​လေ့လာ​တဲ့​အချိန်တွေမှာ ကျွန်မ အနှောင့်အယှက်​ပေး​လွန်း​တဲ့​အတွက် တခြား​တစ်​နေရာမှာ ကျမ်းစာ​လေ့လာ​ဖို့ သူ​ဆုံးဖြတ်​ခဲ့​ပြီး အဲ့ဒီ​လို ရှစ်လလောက်​လုပ်ဆောင်ခဲ့တယ်။ အဲ့ဒီ​အချိန်အတွင်း ဂျော့ဂျ်​က ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ တနင်္ဂနွေ​နေ့​အစည်းအဝေးတွေကို စပြီး တက်ရောက်​နေပြီ။ အဲ့ဒီ​တစ်ရက်​တည်း​ပဲ အားလပ်​တဲ့​အတွက်​ကြောင့် သူ့ရဲ့​ကျမ်းစာ​လေ့လာမှု​ကို အလေးအနက်​ထား​တယ်​ဆိုတာ ကျွန်မ​သိခဲ့​ပါ​တယ်။ ဒါပေမဲ့ သူဟာ ခင်ပွန်း​ကောင်း၊ ဖခင်ကောင်း​တစ်ဦး​ဖြစ်​တဲ့​အပြင် ပို​တောင်​ကောင်း​လာတော့၊ ကျွန်မ​ရဲ့​သဘောထား ပြောင်းလဲ​စ​ပြု​လာတယ်။ တစ်ခါ​တ​လေ ဘယ်သူမှ မရှိတဲ့​အခါ စားပွဲ​ကို​ဖုန်​သုတ်​နေရင်း ဂျော့ဂျ် အမြဲ​ထား​လေ့​ရှိတဲ့ နိုးလော့!မဂ္ဂဇင်း​ကို ကောက်ယူ​ပြီး ဖတ်​ဖြစ်​ခဲ့​တယ်။ တခြား​အချိန်တွေမှာ ဂျော့ဂျ်​က နိုးလော့!ဆောင်းပါး​တွေ​ကို ဖတ်ပြ​တဲ့​အခါ အယူဝါဒတွေကို အဓိက​မထား​ဘဲ ဖန်ဆင်း​ရှင်​ကိုပဲ အမြဲ​ပေါ်လွင်​စေ​ခဲ့​တယ်။

“တစ်​ညနေခင်း​မှာ ညီအစ်ကို ဘ​လင်​တန်​နဲ့ ဂျော့ဂျ်​ဟာ ပြင်ပ​မှာ ကျမ်းစာ​လေ့လာ​နေတုန်း ကျွန်မ​တို့​ရဲ့ နှစ်နှစ်​အရွယ်​သားလေး ဂျော့ဂျ်​က အိပ်ရာ​ဘေးမှာ​လာ​တင်ထား​တဲ့​စာအုပ်​ကို ကျွန်မ​ကောက်ယူ​လိုက်တယ်။ အဲ့ဒီ​စာအုပ်​မှာ လူသေ​တွေ​အတွက် မျှော်လင့်ချက်​အကြောင်း ဆွေးနွေး​သုံးသပ်​ထား​တယ်။ အဘွား​ဆုံးပါး​ပြီး​ခါ​စ​ဖြစ်​လို့ ကျွန်မ အရမ်း​စိတ်အား​လျော့​နေတဲ့​အတွက် ကျွန်မ ပင်ပန်း​နေပေမဲ့ ဖတ်ရှု​ခဲ့​တယ်။ လူသေ​တွေ​ဟာ တစ်​နေရာ​ရာ​မှာ ဆင်းရဲ​ဝေဒနာ​ခံစား​နေရ​တာ​မဟုတ်ဘဲ သူတို့ဟာ အနာဂတ်​မှာ ရှင်ပြန်ထမြောက်​လာနိုင်တယ်​ဆို​တဲ့ ကျမ်းစာ​အမှန်တရားကို ကျွန်မ ချက်ချင်း​သဘောပေါက်​သွားတယ်။ အိပ်ရာ​ထဲမှာ​ပဲ စိတ်ဝင်တစား​ဖတ်နေ​ပြီး ဂျော့ဂျ် ကျမ်းစာ​သင်အံ​ရာ​က ပြန်လာ​ရင် ကျွန်မ ပြ​ချင်​တဲ့​အချက်​တွေ​ကို မျဉ်း​သား​လိုက်တယ်။

“ကျွန်မ​ခင်ပွန်း​က ကျွန်မ​ကို မယုံကြည်​နိုင်အောင် ဖြစ်နေ​လေ​ရဲ့။ သူ​အိမ်က​ထွက်သွား​ချိန်မှာ ကျွန်မ​အတိုက်အခံလုပ်​ခဲ့​တယ်၊အခု ကျွန်မ​သိရှိပြီး​တဲ့ တကယ်​ကောင်း​တဲ့ ကျမ်းစာ​အမှန်တရား​တွေ​ကြောင့် ကျွန်မ​စိတ်​လှုပ်ရှား​နေတယ်! ကျွန်မ​တို့ ညဉ့်နက်​သန်း​ခေါင်​ကျော်​အထိ ကျမ်းစာ​အကြောင်း ပြော​ဖြစ်​ခဲ့​ကြတယ်။ ကမ္ဘာ​မြေ​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်ကို ဂျော့ဂျ်​က ရှင်း​ပြပေး​တယ်။ ကျွန်မ​လည်း ပါဝင်​နိုင်အောင် ကျမ်းစာ​သင်အံမှု​ကို အိမ်မှာ​ပြုလုပ်​ကြဖို့ အဲ့ဒီ​ည​မှာပဲ တောင်းဆို​ခဲ့​တယ်။

“ညီအစ်ကို ဘ​လ​န်​တန်​က ကလေး​တွေ​လည်း သင်အံမှု​မှာ​ပါဝင်​နိုင်တယ်​လို့ ပြော​လှာ​တယ်။ ကလေး​တွေ​ဟာ အသက်​နှစ်နှစ်​နဲ့ လေးနှစ်​အရွယ်​ပဲ ရှိကြ​ပြီး သိပ်​ငယ်​လွန်းတယ်လို့ ကျွန်မ​တို့ ထင်​ခဲ့​မိတယ်။ ဒါပေမဲ့ ညီအစ်ကို ဘ​လင်​တန်​က ‘ယောက်ျား၊ မိန်းမ၊ သူငယ်​များသည်​ကြား​၍ နားလည်စေ​ခြင်း​ငှာ ... ပရိသတ်​တို့ကို စုဝေး​စေ​ကြလော့’ လို့​ဆို​ထား​တဲ့ တရားဟောရာ​၃၁:၁၂ ကို​ဖွင့်ပြ​တယ်။ ဒီ​ညွှန်ကြားချက်​ကို ကျွန်မ​တို့​လေးမြတ်​ကြ​ပြီး ကျမ်းစာ​လေ့လာ​နေချိန်​အတွင်း ကလေး​တွေ​ပါ မှတ်ချက်​ပေး​နိုင်အောင် စီစဉ်​ခဲ့​ကြတယ်။ မှတ်ချက်တွေကို ကျွန်မ​တို့​အတူတူ​ပြင်ဆင်​ကြ​ပေမဲ့ ဘာတွေ​ဖြေဆို​ရမယ်ဆိုတာ ဘယ်တော့မှ မပြောပြဘူး။ ဒါက ကလေး​တွေ​ဟာ အမှန်တရားကို သူတို့​ကိုယ်ပိုင်​ဖြစ်စေ​ဖို့ ကူညီ​နိုင်တယ်​လို့ ကျွန်မ​တို့​ခံစား​ကြရတယ်။ ကျွန်မ​တို့​မိသားစုကို ဝိညာဉ်​ရေး​မှာ ကြီးထွား​လာအောင် ကူညီ​ပေး​ခဲ့​တဲ့ ညီအစ်ကို ဘ​လင်​တန်​ရဲ့ လမ်းညွှန်မှု​တွေ​ကို ကျွန်မ​တို့ သိပ်​ကျေးဇူး​တင်​တယ်။”

ကိုယ်ကျိုး​စွန့်​ရန်လို​သည့် စိန်ခေါ်ချက်​များ

အခု ကျွန်တော်​တို့ ကျမ်းစာ​ကို အတူတကွ​လေ့လာ​ကြ​ပြန်​တော့ စိန်ခေါ်ချက်​အသစ်တွေ​ကို ဖြေရှင်း​ရတယ်။ ကျွန်တော့်​ဆိုင်​က အိမ်နဲ့ အရမ်း​ဝေး​တော့ ည ၉ နာရီ​မ​ထိုး​ခင် အိမ်ကို ပြန်​မ​ရောက်​နိုင်ဘူး။ အဲ့​ဒါ​ကြောင့် တနင်္ဂနွေ​နေ့တွေမှာ အစည်းအဝေး တက်ရောက်​နိုင်​ပေမဲ့ ကျန်​တဲ့​ရက်​တွေ​မှာ မတက်ရောက်​နိုင်ဘူး။ အဲ့ဒီ​အချိန်​မှာ အဲ​န်း​ဟာ အစည်းအဝေး​အားလုံး​ကို တက်ရောက်​နိုင်​ပြီး မြန်မြန်ဆန်ဆန်​ပဲ တိုးတက်​လာတယ်။ အစည်းအဝေး​အားလုံး​ကို တက်ရောက်​ချင်​တဲ့​အပြင် အကျိုး​ရှိတဲ့​မိသားစု​သင်အံမှု​ကိုလည်း ကျွန်တော် ပြုလုပ်​ချင်​တယ်။ နည်းနည်း​တော့​ကိုယ်ကျိုး​စွန့်​အနစ်နာခံ​ရမယ်ဆိုတာ ကျွန်တော် သဘောပေါက်​လာတယ်။ ဒါ​ကြောင့် ကျွန်တော့်​ဖောက်သည်​တချို့​ကို လက်လွတ်​လိုက်ရ​မယ့်​အခြေအနေ​ရှိနေတဲ့ကြားက အလုပ်​လုပ်တဲ့​အချိန်ကို လျှော့​ပစ်​ဖို့ ဆုံးဖြတ်​ခဲ့​တယ်။

ဒီ​အစီအစဉ်ဟာ သိပ်​ကောင်း​သွားတယ်။ ကျွန်တော်​တို့​ဟာ မိသားစု​သင်အံမှု​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ​ကျင်းပ​တဲ့ တခြား​ပတ်စဉ်​အစည်းအဝေး​ငါး​ခုလို​ပဲ အလေးအနက်​သဘောထား​ခဲ့​ကြတယ်။ ဒါကို ခြောက်​ခု​မြောက်​အစည်းအဝေး​လို့ ကျွန်တော်​တို့ ခေါ်​ကြတယ်။ အပတ်စဉ် ဗုဒ္ဓဟူး​နေ့၊ ည ၈ နာရီ​မှာ ပြုလုပ်​ကြတယ်။ တစ်ခါ​တ​လေ ညစာ​စား၊ ပန်းကန်​တွေ​ဆေးကြော​လို့​အပြီးမှာ တစ်ယောက်​က “‘အစည်းအဝေး’ စ​ဖို့ အချိန်​ရောက်တော့​မယ်!” လို့ ပြော​လိမ့်မယ်။ ကျွန်တော် အိမ်ပြန်​နောက်ကျ​ရင် အဲ​န်း​က သင်အံမှု​ကို​အစပြု​ထား​နှင့်​ပြီး ကျွန်တော်​ပြန်ရောက်​လာတာ​နဲ့ သင်အံမှု​ကို ကျွန်တော်​ဆက်လုပ်​ခဲ့​တယ်။

ကျွန်တော်​တို့​မိသားစုကို ခွန်အား​ရှိပြီး စည်းလုံးစေ​တဲ့ နောက်ထပ်​အချက်​က​တော့ နံနက်ပိုင်း​မှာ နေ့စဉ်​ကျမ်းချက်​ကို အတူတကွ မှန်မှန်​ဖတ်ရှုခြင်း​ပါ​ပဲ။ ဒါပေမဲ့ အဲ့ဒီ​လို​လုပ်ဖို့ အခက်အခဲ​တစ်ခု​ရှိတယ်။ ကျွန်တော်​တို့ တစ်ယောက်​နဲ့​တစ်ယောက် အိပ်ရာထချိန်​မတူကြဘူး။ ဒါကို​ကျွန်တော်​တို့ ဆွေးနွေး​ပြီး အားလုံး​ဟာ အတူတူ​အိပ်ရာထ​ပြီး နံနက် ၆ နာရီ​ခွဲ​မှာ မနက်စာ​စား၊ နေ့စဉ်​ကျမ်းချက်​ကို အတူ​အ​ကွ​သုံးသပ်ကြ​ဖို့ ဆုံးဖြတ်​ခဲ့​တယ်။ ဒီ​အစီအစဉ်​က ကျွန်တော်​တို့အတွက် သိပ်​ကောင်း​တဲ့​အစီအစဉ်​ဖြစ်တယ်။ ကျွန်တော့်​သားတွေ အရွယ်ရောက်​တော့ သူတို့ဟာ ဗေသလ​လုပ်ငန်းမှာပါ​ဝင်​ဖို့ ရွေးချယ်​ခဲ့​ကြတယ်။ ဒီလို နေ့စဉ်​ဆွေးနွေး​သုံးသပ်ချက်​တွေ​က သူတို့ရဲ့​ဝိညာဉ်​ရေး​ကို ထောက်ပံ့​ပေး​ခဲ့​တယ်လို့ ကျွန်တော်​တို့ ယူဆတယ်။

နှစ်ခြင်း​ခံ​ပြီး​နောက် ပို​ပြီး​ကိုယ်ကျိုး​စွန့်​ရန်လို​သည့် အခွင့်ထူး​များ

၁၉၆၂ ခုနှစ်​မှာ ကျွန်တော်​နှစ်ခြင်း​ခံ​ခဲ့​တယ်။ ကိုယ်ပိုင်​လုပ်ငန်း​ကို ၂၁ နှစ်​ကြာ​လုပ်ကိုင်ပြီး​မှ ရောင်းလိုက်​ရတယ်၊ ယေဟောဝါ​အမှုကို အတူ​ဆောင်​နိုင်​ဖို့ ကျွန်တော့်​မိသားစုနဲ့​ပို​နီး​တဲ့ ဒေသခံ​အလုပ်ကို လုပ်ကိုင်​ခဲ့​တယ်။ ဒါက ကောင်းချီး​တွေ ကြွယ်ဝ​စွာ​ရရှိမယ့် လမ်း​ဖွင့်ပေး​ခဲ့​တယ်။ ကျွန်တော်​တို့အားလုံး အချိန်ပြည့်​ဓမ္မ​အမှု​လုပ်ငန်းမှာ ပါဝင်​ဖို့ ပန်းတိုင်​ထားခဲ့​ကြတယ်။ ကျွန်တော့်​သားကြီး အက်​ဝဒ်​ဟာ အထက်တန်း​ကျောင်း​ပြီး​ပြီး​ချင်း မှန်မှန်ရှေ့ဆောင်​ဖြစ်လာ​တဲ့ ၁၉၇၀ ပြည့်လွန်​နှစ်များ​အစောပိုင်းမှာ ဒီ​ပန်းတိုင်​ကို စတင်​ခဲ့​ကြတယ်။ သိပ်​မကြာခင်​ပဲ ကျွန်တော်​တို့​သား ဂျော့ဂျ်၊ ပြီး​တော့ အဲ​န်း​လည်း ရှေ့ဆောင်​လုပ်​လာတယ်။ သူတို့​သုံးယောက်စလုံး​ရဲ့ လယ်ကွင်း​လုပ်ငန်း​အတွေ့အကြုံ​တွေ​ကို ပြန်​ပြောပြ​တဲ့​အတွက် ကျွန်တော် သိပ်​အားရှိခဲ့​တယ်။ ကျွန်တော်​တို့အားလုံး အချိန်ပြည့်​လုပ်ငန်းတော်မှာ​ပါဝင်​နိုင်​ဖို့ ဘဝကို​ရိုးရှင်း​စေနိုင်​ပုံ​ကို မိသားစု​လိုက်​ဆွေးနွေး​ကြတယ်။ အိမ်ကို​ရောင်းဖို့ ကျွန်တော်​တို့ ဆုံးဖြတ်​လိုက်တယ်။ အဲ့ဒီ​အိမ်မှာ ကျွန်တော်​တို့ ၁၈ နှစ်​ကြာနေ​ထိုင်​ခဲ့​ကြ​ပြီး မိသားစု​လေး​ဟာ ဒီ​အိမ်မှာ ကြီးပြင်း​လာ​ခဲ့​တာ။ ဒီ​အိမ်ကို ကျွန်တော်​တို့ တကယ် သံယောဇဉ်​ရှိကြပေမဲ့ ရောင်းလိုက်​ဖို့ ကျွန်တော်​တို့​ရဲ့​ဆုံးဖြတ်ချက်​ကို ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့​ပါ​တယ်။

၁၉၇၂ ခုနှစ်​မှာ အက်​ဝဒ်​ဟာ ဗေသလ​ကို​ဖိတ်ခေါ်​ခံရ​ပြီး ၁၉၇၄ ခုနှစ်​မှာ ဂျော့ဂျ် ဖိတ်ခေါ်​ခံရ​တယ်။ ကျွန်တော်​နဲ့ အဲ​န်း​ဟာ သူတို့ကို​လွမ်း​ကြ​ပေမဲ့ ကျွန်တော်​တို့ အနီးအနား​မှာ​နေ၊ အိမ်ထောင်ပြု၊ ကလေး​တွေ​ရ​ရင် ဘယ်လောက်​ကောင်း​မလဲ​လို့​တော့ မစဉ်း​စား​ခဲ့​ဘူး။ အဲ့ဒီ​အစား သားတွေ​က ဗေသလမှာ ယေဟောဝါ​အမှုဆောင်​နေကြ​လို့ ကျွန်တော်​တို့​ပျော်ရွှင်​ခဲ့​ကြတယ်။ * နယပုံပြင် ၂၃:၂၅ မှာပါတဲ့ စကား​ကို ကျွန်တော်​တို့ သဘောတူတယ်၊ အဲ့ဒီ​မှာ– “ငါ့​သား သင့်​နှလုံး​၌​ပညာ​ရှိလျှင် ငါ့​နှလုံး​နှင့်​ငါ့​ကိုယ်တိုင်​သည် ဝမ်းမြောက်​လိမ့်​မည်” လို့ ဖော်ပြ​ထား​တယ်။

အထူး​ရှေ့ဆောင်​လုပ်ငန်း​ကို ကျွန်တော်​တို့​ဝင်ရောက်

သား​နှစ်ယောက်စလုံး ဗေသလ​ကို​ရောက်ပြီးနောက် ကျွန်တော်​တို့ ရှေ့ဆောင်​ဆက်လုပ်​ကြတယ်။ ဒီလိုနဲ့ ၁၉၇၅ ခုနှစ်၊ တစ်ရက်​မှာ ကလင်တန်​ခရိုင်၊ အီလီနွိုင်း​ပြည်နယ်​က ခန့်အပ်​မထားတဲ့​ရပ်ကွက်တွေမှာ အထူး​ရှေ့ဆောင်​လုပ်ဖို့ ဖိတ်ခေါ်​တဲ့​စာ ရရှိခဲ့တယ်။ တကယ် အံ့ဩစရာ​ပါ​ပဲ! ကျွန်တော်​တို့​သားတွေ​ရှိတဲ့ နယူးယောက်ကို မကြာမကြာ​လည်ပတ်​နိုင်​ပြီး မိတ်ဆွေတွေနဲ့ ဆွေမျိုး​တွေ​ရှိတဲ့ န​ယူး​ဂျာ​စီ​က ထွက်ခွာ​ရမှာ​ဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့​ခန့်အပ်​မှု​တစ်ခု​လို့ သဘောထား​ပြီး ကိုယ်ကျိုး​စွန့်​လိုက်ခြင်းက ကောင်းချီး​အသစ်တွေ ရရှိစေ​ပြန်​တယ်။

ခန့်အပ်​မထားတဲ့​ရပ်ကွက်တွေမှာ လ​အတော်ကြာ အမှုဆောင်ခဲ့​ကြ​ပြီး အီလီနွိုင်း​ပြည်နယ်၊ ခါ​လိုင်း​မြို့က လူထု​ခန်းမဆောင်​တစ်ခု​မှာ အစည်းအဝေးတွေကို စတင်​ကျင်းပ​ခဲ့​တယ်။ ဒါပေမဲ့ ကျွန်တော်​တို့​ဟာ အစည်းအဝေး​ကို အတည်တကျ ကျင်းပ​ချင်​ကြတယ်။ ဒေသခံ​ညီအစ်ကို​နဲ့ သူ့​ဇနီး​က ကျွန်တော်​တို့ ငှား​နိုင်​မယ့် အိမ်​လေး​တစ်လုံး ရှာပေး​ခဲ့​တယ်။ အိမ်​ရဲ့ အတွင်းအပြင်​အားလုံး​ကို ကျွန်တော်​တို့ သန့်ရှင်းရေး​လုပ်ပြီး အစည်းအဝေး​ကျင်းပ​မယ့်​နေရာ​လေး လုပ်လိုက်​ကြတယ်။ ကျွန်တော်​တို့ကို အထူးအဆန်း​ဖြစ်နေ​တဲ့ ချစ်စရာ​မြင်း​တစ်ကောင်​ကို သတိရ​မိ​သေး​တယ်။ အစည်းအဝေး​မှာ ဘာတွေ​လုပ်​နေကြ​သလဲ​ဆိုတာ​ကို​ပြတင်းပေါက်​ကနေ ကြည့်​လေ့​ရှိတယ်!

အချိန်တန်​တော့ ခါ​လိုင်း​အသင်းတော်​ဖြစ်လာ​ပြီး အဲ့ဒီ​မှာ​နေရ​တာ ကျွန်တော်​တို့ သိပ်​ပျော်​ကြတယ်။ ခန့်အပ်​မထားတဲ့​ရပ်ကွက်မှာ လာရောက်​အမှုဆောင်တဲ့ စတိဗ်​နဲ့ ကာရင် တော်​မ်​ဆင်​တို့ လူငယ်​မောင်နှံစုံ​ရဲ့ ထောက်မမှုကို ကျွန်တော်​တို့​ရရှိခဲ့တယ်။ တော်​မ်​ဆ​မ်​ဇနီး​မောင်နှံဟာ ဒီမှာ နှစ်​အတော်​ကြာနေ​ပြီး​နောက် ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​ကို တက်ရောက်​ပြီး အာဖရိက​အရှေ့ပိုင်း​ကို ခရစ်ယာန်​သာသနာပြု​တာဝန်ကျ​ခဲ့​တယ်၊ သူတို့ဟာ နယ်လှည့်​လုပ်ငန်းမှာ အမှုဆောင်​နေကြ​တယ်။

မကြာခင်​မှာပဲ အစည်းအဝေး​ကျင်းပ​တဲ့ နေရာ​လေး​ဟာ လူ​ကျပ်​လာပြီး ပို​ကြီး​တဲ့​ခန်းမ​တစ်လုံး လိုအပ်​လာတယ်။ ယခင်​က ညီအစ်ကို​နဲ့ သူ့​ဇနီး​ပဲ ဒီ​အခက်အခဲ​ကို​ဖြေရှင်း​ပေး​ခဲ့​ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အတွက် ပို​သင့်တော်မယ့်​နေရာကို ဝယ်​လိုက်ကြတယ်။ နှစ်​အနည်းငယ်​အကြာ ခါ​လိုင်း​မြို့မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​ကို အပ်နှံ​ဖို့ ကျွန်တော်​တို့​ဖိတ်ခေါ်​ခံရတဲ့​အခါ ပျော်​လိုက်တာ! အပ်နှံ​ပွဲ ဟောပြောချက်ကို ကျွန်တော်​ပေး​ခွင့်​ရခဲ့တယ်။ အဲ့ဒီ​မှာ ကျွန်တော်​တို့​ရဲ့​တာဝန်​ဟာ ပီတိ​ဖြစ်စရာ​အတွေ့အကြုံ​တစ်ခု​ဖြစ်​ပြီး ယေဟောဝါ​ထံ​တော်​မှ​လာတဲ့ ကောင်းချီး​ပါ​ပဲ။

ကျွန်တော်​တို့အတွက် လယ်ကွင်း​သစ်​တစ်ခု​ဖွင့်လှစ်

၁၉၇၉ ခုနှစ်​မှာ န​ယူး​ဂျာ​စီ​ပြည်နယ်၊ ဟာ​ရီ​ဆန်​မြို့​သွားဖို့ တာဝန်​အသစ်​တစ်ခု လက်ခံရ​ရှိတယ်။ ကျွန်တော်​တို့ အဲ့ဒီ​မှာ ၁၂ နှစ်​ကျော် အမှုဆောင်ခဲ့ကြတယ်။ အဲ့ဒီ​အချိန်အတွင်း တရုတ်​အမျိုးသမီး​တစ်ဦး​နဲ့ သင်အံမှု​ကျင်းပ​ပြီး ဒါက တခြားသူ​များစွာလည်း တရုတ်​လူမျိုး​တွေ​နဲ့ ကျမ်းစာ​သင်အံ​ဖို့​ဖြစ်စေ​ခဲ့​တယ်။ အဲ့ဒီ​အချိန်​အတောအတွင်း ထောင်နဲ့​ချီ​တဲ့ တရုတ်​ကျောင်းသား​တွေ​နဲ့ မိသားစု​တွေ​ဟာ ကျွန်တော်​တို့​နယ်မြေမှာ နေထိုင်ကြ​မှန်း သိလာ​ခဲ့​တယ်။ ဒါ​ကြောင့် တရုတ်​စကား​သင်ယူ​ခဲ့​ကြတယ်။ နေ့တိုင်း အချိန်ပေး​သင်ယူ​ခဲ့​ကြ​ပေမဲ့ ကျွန်တော်​တို့​နယ်မြေမှာ တရုတ်​လူမျိုး​တွေ​နဲ့ ပျော်စရာ​ကောင်း​တဲ့​ကျမ်းစာ​သင်အံမှု​တွေ အများကြီး ကျင်းပ​လာတယ်။

အဲ့ဒီ​နှစ်တွေ​အတွင်း ဟာသ​ဖြစ်စရာ​တွေ​အများကြီး တွေ့ကြုံ​ခဲ့​တယ်၊ အထူးသဖြင့် တရုတ်​စကားပြော​ဖို့ ကြိုးစား​တဲ့​အခါ​တွေ​မှာ​ပေါ့။ တစ်နေ့​မှာ အဲ​န်း​ဟာ ကိုယ့်​ကိုယ်ကို မိတ်ဆက်​တဲ့​အခါ ကျမ်းစာ “သွန်သင်ပေး​သူ” တစ်ယောက်​လို့ ပြော​မယ့်​အစား ကျမ်းစာ “ကြွက်” တစ်ကောင် ဆိုပြီး ပြော​တယ်။ ဒီ​စကားလုံး​တွေ​ဟာ အရမ်း​ဆင်တူ​တယ်။ အိမ်ရှင်​က ပြုံး​ပြီး “လာ​ပါ၊ ကျွန်မ တစ်ခါ​မှ ကျမ်းစာ​ကြွက်​နဲ့ စကား​မပြောဖူး​ဘူး” လို့ ပြန်ဖြေ​ခဲ့​တယ်။ ကျွန်တော်​တို့​ဟာ ဒီ​ဘာသာ​စကား​ကို​ပြော​ဖို့ ခက်ခက်ခဲခဲ သင်ယူ​နေရ​တုန်း​ပါ​ပဲ။

နောက်တော့ ကျွန်တော်​တို့​ဟာ န​ယူး​ဂျာ​စီ​ရဲ့ နောက်ထပ်​တစ်​နေရာမှာ တာဝန်ကျ​ပြန်​တယ်၊ တရုတ်​လယ်ကွင်း​လုပ်ငန်းမှာ ဆက်​လုပ်ဆောင်​နိုင်​ခဲ့​တယ်။ နောက်တော့ သုံးနှစ်​ကျော်​လောက် တိုးတက်​စ​ပြု​နေတဲ့ မက်ဆာချူးဆက် တရုတ်​လူမျိုး​အုပ်စု​ရှိတဲ့ ဘော့စ်​တွန်​ကို​ပြောင်းရွှေ့​ဖို့ ကျွန်တော်​တို့​ဖိတ်ခေါ်​ခံရ​တယ်။ အဲ့ဒီ​အုပ်စု​ကို ခု​နစ်​နှစ်လောက် ကူညီ​ပေး​ခွင့်​ရခဲ့ပြီး ၂၀၀၃၊ ဇန်နဝါရီ​လ ၁ ရက်မှာ အသင်းတော်​တစ်ခု​ဖြစ်လာ​တာ​ကို​မြင်ရ​တဲ့ ပျော်ရွှင်မှု​က ကျွန်တော်​တို့​ရဲ့​အခွင့်ထူး​လို့ ပြော​နိုင်​ပါ​တယ်။

ကိုယ်ကျိုး​စွန့်​အသက်တာ​မှ ကောင်းချီး​များ

မာလခိ ၃:၁၀ မှာ ကိုယ်တော့်​လူမျိုး​တွေ​ဟာ ပူဇော်ရာ​ယဇ်​နဲ့ ယဇ်ကောင်​တွေ​ကို ယူလာ​ကြ​မယ်​ဆိုရင် ကိုယ်တော်​ဟာ နောက်ထပ်​လို​လေ​သေး​မရှိတဲ့​အထိ ကောင်းချီး​တွေ​သွန်းလောင်း​ပေး​မယ်​ဆို​တဲ့ ယေဟောဝါ​ရဲ့​ဖိတ်ခေါ်ချက်​ကို ကျွန်တော်​တို့​ဖတ်​ရတယ်။ ကျွန်တော်​သိပ်​စိတ်ဝင်စား​တဲ့ စီးပွားရေး​လုပ်ငန်း​ကို အဆက်ဖြတ်​ခဲ့​တယ်။ ကျွန်တော်​တို့ သိပ်​ပြီး​သံယောဇဉ်​ရှိတဲ့ အိမ်ကို​ရော​င်း​ပစ်​ခဲ့​တယ်။ ပြီး​တော့ ကောင်းမွန်​တဲ့ တခြား​အရာ​တွေ​ကိုလည်း စွန့်လွှတ်​ခဲ့​ကြတယ်။ ဒါပေမဲ့ ကောင်းချီး​တွေ​နဲ့ နှိုင်းယှဉ်​လိုက်ရင် စွန့်လွှတ်​မှု​က သေးသေးလေး​ပါ​ပဲ။

ယေဟောဝါ​ရှင်ဟာ ကျွန်တော်​တို့ကို ကြွယ်ဝ​တဲ့​ကောင်းချီး​တွေ​သွန်းလောင်း​ပေး​ခဲ့​တယ်! ကျွန်တော်​တို့​ကလေး​တွေ အမှန်တရားကို တုံ့ပြန်​ကြ​တာ မြင်တွေ့​ရလို့ ကျေနပ်​ခဲ့​ကြတယ်၊ ကျွန်တော်​တို့​လည်း အသက်ကယ်​တင်​ပေး​တဲ့​ဓမ္မ​အမှုမှာ အချိန်ပြည့်​ပါဝင်​ရတဲ့ ပျော်ရွှင်မှု​ခံစား​ကြ​ရပြီး ယေဟောဝါ​ဟာ ကျွန်တော်​တို့​ရဲ့​လိုအပ်ရာ​တွေ​ကို ဂရုစိုက်​ပေး​တာ မြင်တွေ့ခဲ့​ရတယ်။ ကျွန်တော်​တို့​ရဲ့​သေးငယ်​တဲ့​ကိုယ်ကျိုး​စွန့်​မှု​က​ကြွယ်ဝ​တဲ့​ကောင်းချီး​တွေ အမှန်​ပဲ​ခံစား​စေပါ​တယ်!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 သူတို့သည် ဗေသလ​တွင်​ဆက်​ပြီး သစ္စာရှိ​စွာ​အမှုဆောင်​နေကြ​သည်။ အက်​ဝဒ်​နှင့် ဇနီး ခါနီး​တို့သည် ပက်​တာ​စင်​တွင်၊ ဂျော့ဂျ်​နှင့် ဇနီး ဂရေ့စ်​သည် ဘ​ရွတ်​က​လင်​တွင်​ဖြစ်၏။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၉၁ ခုနှစ်​တွင် လူးစ္စ၊ ဂျော့ဂျ် ဘ​လင်​တန်​နှင့်အတူ အဲ​န်း

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၈၃၊ ဇွန်လ ၄ ရက်​တွင်​အပ်နှံ​ခဲ့​သည့်​ခါ​လိုင်း​မြို့ရှိ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဘော့စ်​တွန်​ရှိ တရုတ်​အုပ်စု​နှင့်အတူ၊ ယခု အသင်းတော်​တစ်ခု​ဖြစ်နေ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အက်​ဝဒ်၊ ခါနီး၊ ဂျော့ဂျ်၊ ဂရေ့စ်​နှင့်အတူ