မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလုပ်ခွင်၌ လူတို့ကိုရှာဖွေခြင်း

အလုပ်ခွင်၌ လူတို့ကိုရှာဖွေခြင်း

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

အလုပ်ခွင်​၌ လူ​တို့ကို​ရှာဖွေခြင်း

တမန်​တော်​မဿဲ၊ ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့​တွင် အဘယ်​တူညီချက်​ရှိ​သနည်း။ သူတို့​အားလုံး မိမိတို့​အလုပ်ခွင်​၌​ရှိ​စဉ် ယေရှု၏​ခေါ်တော်မူ​ခြင်း​ခံ​ခဲ့​ရ​ကြသည်။ ယေရှု​က “ငါ့​နောက်သို့​လိုက်​ကြလော့” ဟု သူတို့ကို ခေါ်ဖိတ်​စဉ် ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့သည် တံငါ​လုပ်ငန်း​၌ အလုပ်များ​နေခဲ့​ကြသည်။ မဿဲ​သည် အခွန်ကောက်​ရုံး​၌​ရှိ​စဉ် ယေရှု၏​တပည့်ဖြစ်​လာရန် ဖိတ်ခေါ်​ခံ​ခဲ့​ရသည်။—မဿဲ ၄:၁၈-၂၁; ၉:၉

သူတို့၏​အလုပ်ခွင်​၌ လူ​တို့ကို သက်သေခံခြင်း​သည် အကျိုး​ဖြစ်ထွန်း​စေနိုင်​သည်။ ယင်းကို သိရှိ​ကာ ဂျပန်​နိုင်ငံ​မှ ယေဟောဝါသက်သေ​များသည် မကြာသေးမီ​က ဤ​ဓမ္မ​အမှု​ကဏ္ဍ​၌​ပါဝင်​ရန် ပေါင်းစည်း​လုပ်ဆောင်ခဲ့​ကြသည်။ အဘယ်​အကျိုးကျေးဇူးများ ရခဲ့​သနည်း။ လအနည်းငယ်​အတွင်း ပြန်လည်ပတ်မှု ထောင်ပေါင်း​များစွာ​ရရှိခဲ့​ပြီး ကျမ်းစာ​သင်အံမှု ၂၅၀ ခန့် စ​ခဲ့​ကြသည်။ အောက်ပါ​တွေ့ကြုံမှု​များ​ကို သုံးသပ်ကြည့်​ပါ။

တို​ကျို​မြို့ရှိ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​တစ်ဦး​သည် လွန်ခဲ့သော​အနှစ် ၃၀ နီးပါး​က ကျောင်းတွင် သက်သေခံ​တစ်ဦး​နှင့် ဆွေးနွေး​ခဲ့​ဖူး​သော စားသောက်​ဆိုင်​မန်နေဂျာ​နှင့် ဆုံတွေ့​ခဲ့​သည်။ မန်နေဂျာ​သည် ကျောင်းသား​ဘဝက သူ​ကြားသိ​ခဲ့​ရာ​များ​ကို သိပ်​နားမလည်​သော်လည်း သမ္မာကျမ်းစာ​ကို စိတ်ဝင်စား​သွား​သည်။ ယခု သူ၏​စိတ်ဝင်စားမှု ပြန်လည်​နှိုးဆွ​ခံရ​ရာ ထာဝရ​အသက်ကို​ရစေသော အသိပညာ * စာအုပ်​ဖြင့် ကျမ်းစာ​သင်​ရန် တလိုတလား​လက်ခံ​လိုက်​သည်။ ထို့​ပြင် အိပ်ရာ​မဝင်​မီ ည​တိုင်း ကိုယ်ပိုင်​ကျမ်းစာ​ဖတ်ရှု​သည့်​အစီအစဉ်ကို သူ​စတင်​ခဲ့​သည်။

အထူး​ရှေ့ဆောင်​ဓမ္မ​အမှုဆောင်​တစ်ဦး​သည် ရုံး​တစ်​ရုံး​ကို လည်ပတ်​ခဲ့​သည်။ မန်နေဂျာ​နှင့်​မ​တွေ့​သော်လည်း ဖုန်း​ကိုင်​သော​အမျိုးသမီးငယ်​က “ကျွန်မ​နဲ့ စကားပြော​လို့​ရမလား” ဟု​မေးမြန်းခဲ့​သည်။ တယ်လီဖုန်း​ဖြင့် ခဏမျှ စကားစမြည်​ပြော​ပြီး​နောက် ထို​အမျိုးသမီးငယ်​သည် ဧည့်​ခန်း​သို့​ထွက်​လာ​ကာ ကျမ်းစာ​ဖတ်​ရသည်ကို သူ​စိတ်ဝင်စား​ကြောင်း ပြောပြ​လေ​သည်။ အထူး​ရှေ့ဆောင်​ညီမ​သည် သမ္မာကျမ်းစာ​တစ်အုပ်​နှင့် ပြန်လည်ပတ်​ရန်​စီစဉ်​ပြီး ထို​အမျိုးသမီး အလုပ်ချိန်​မတိုင်မီ အနီးရှိ​ပန်းခြံ​တစ်ခု​တွင် သူနှင့် ကျမ်းစာ​သင်အံမှု စ​ခဲ့​သည်။

အခြား​ရုံး​တစ်ခု​တွင် လုပ်ဖော်ဆောင်ဖက်​အမျိုးသမီး​တစ်ဦး​သည် သက်သေခံ​ထံ​မှ ကင်းမျှော်စင်​နှင့် နိုးလော့! မဂ္ဂဇင်း​များ​ကို လက်ခံ​ယူ​ထား​သော်လည်း သက်သေခံ​ထွက်သွား​သည်​နှင့် ပစ်လိုက်​သည်ကို အမျိုးသား​တစ်ဦး မြင်​လိုက်​မိ​သည်။ ထို​အမျိုးသား​သည် အိမ်သို့ပြန်​ရောက်​သောအခါ ၎င်း​အဖြစ်အပျက်​ကို သက်သေခံ​ဇနီးသည်​အား ပြန်​ပြောပြ​ကာ မိမိ​သာ​ဆိုလျှင် အနည်းဆုံး​တော့ နားထောင်​လိုက်​မည်​ဟု ထုတ်ပြော​ခဲ့​သည်။ သူ​ထိုသို့​ပြော​သည်ကို သမီး​ဖြစ်သူက အမှတ်တမဲ့​ကြား​လိုက်​မိ​ပြီး အဆိုပါ​စီးပွားရေး​ရပ်ကွက်​၌ အမှုဆောင်​သော သက်သေခံ​အမျိုးသား​တစ်ဦး​ကို ပြောပြ​ခဲ့​သည်။ သက်သေခံ​သည် ထို​လင်ယောက်ျား​ထံ ချက်ချင်း​သွား​လည်ပတ်​ကာ သူနှင့် ကျမ်းစာ​သင်အံမှု​စ​ခဲ့​သည်။ မကြာမီ သူသည် တနင်္ဂနွေ​နေ့​အစည်းအဝေး​များ​ကို မှန်မှန်​တက်​လေ​တော့​သည်။

အလုပ်ခွင်​၌ လူများ​ကို သက်သေခံခြင်း​သည် အခြားသော​အကျိုးကျေးဇူးများ​ကိုလည်း ရစေပါ​သည်။ ဂျပန်​နိုင်ငံ​ရှိ ကြေညာသူ​များစွာတို့သည် ဈေး​ရုံ​များ၊ စက်ရုံ​များနှင့် ရုံးခန်း​များ​ကို ပြန်လည်ပတ်​ရာ​၌ ကျွမ်းကျင်​လာ​ကြသည်။ ထို့​အပြင် ဤ​သက်သေခံနည်း​ကြောင့် နှစ်များ​တစ်လျှောက် မလှုပ်မရှား​ဖြစ်နေ​သူများ​နှင့် ဆုံတွေ့​ခွင့်​ရပြီး သူတို့နှင့် သင်အံမှုများ​စ​ခဲ့​ကြပြီ။ ထူးခြားသော​အကျိုးကျေးဇူးများ​ရခဲ့​ကြသည်။ မကြာသေးမီ​က တို​ကျို​မြို့လယ်​ရှိ အသင်းတော်​တစ်ခု​သည် အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ပေါင်း ၁၀၈ ခု​မှတ်တမ်းသွင်း​ခဲ့​ရာ လွန်ခဲ့သော​နှစ်​ထက် နှစ်ဆ​ကျော်​ရခဲ့​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။