မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၆၆၆ ပဟေဠိတစ်ခုမျှသာမဟုတ်

၆၆၆ ပဟေဠိတစ်ခုမျှသာမဟုတ်

၆၆၆ ပဟေဠိ​တစ်ခုမျှသာ​မဟုတ်

သားရဲ​၏​အမည် သို့​မဟုတ် ၎င်း​အမည်​၏​ကိန်း​ဂဏန်း​တည်း​ဟူသော ထို​အမှတ်​တံဆိပ်​ရိုက်​ထား​သူ​မှ​လွဲ​၍ မည်​သူ့​အား​မျှ ရောင်းဝယ်​ခွင့်​မပေး။ ဤ​တွင် ပညာရှိ​ရန်လို​၏။ ဉာဏ်​ရှိသူ​မှန်​လျှင် သားရဲ​၏​ကိန်း​ဂဏန်း​ကို​တွက်ချက်​ပါစေ။ အကြောင်း​မှာ၊ ၎င်း​သည် လူ့​ကိန်း​ဂဏန်း​ဖြစ်၍ ခြောက်​ရာ​ခြောက်​ဆယ့်ခြောက်​ဖြစ်သည်။”—ဗျာ. ၁၃:၁၇-၁၈၊ က​ဘ။

ကျမ်းစာ​အကြောင်းအရာများ​ထဲ​တွင် ပဟေဠိဆန်​သော “သားရဲ” ၏​အမှတ်အသား သို့​မဟုတ် အမည်—၆၆၆ ဂဏန်း​တ​မျှ စိတ်ဝင်စားဖွယ်၊ အလေးထား​ဖွယ် ပရောဖက်ပြုချက်​မျိုး များများ​စား​စား​မရှိ​လှ​ပေ။ သားရဲ​၏​အမှတ်​တံဆိပ်​အကြောင်း မှန်းဆချက်​များသည် ရုပ်မြင်သံကြား၊ အင်တာနက်၊ ရုပ်ရှင်၊ စာနယ်ဇင်း​တို့​တွင် မဆုံး​နိုင်အောင် များပြား​လှ​ပေ​သည်။

အချို့​က ၆၆၆ ဂဏန်း​သည် သမ္မာကျမ်းစာ​တွင်​ပါ​သော အန္တိခရစ်​ဖြစ်သည်ဟု ယုံကြည်​ကြ​၏။ ယင်းသည် လူတစ်ဦးကို သားရဲ​၏​ကျေးကျွန်​တစ်ဦး​အဖြစ် မှတ်သား​ဖော်ပြ​သော ဆေး​မင်​ကြောင် သို့​မဟုတ် ခန္ဓာကိုယ်​ထဲ​သို့ ထည့်သွင်း​ထားသော ဒစ်​ဂျစ်​တယ်​ကုတ်​ပါ မိုင်​ခ​ရို​ချစ်​ပ်​တစ်ခု​စ​သည့် ရှိနေ​ရမည့် အမှတ်အသား​ပုံစံ​တစ်မျိုး​ဖြစ်သည်ဟု ဆို​ကြ​သူများ​လည်း​ရှိသည်။ အခြားသူ​တို့​က​မူ ၆၆၆ ဂဏန်း​သည် ကက်သလစ်​ပုပ်​ရဟန်း​မင်း​၏ အမှတ်​တံဆိပ်​ဖြစ်သည်ဟု ယူဆကြ​သည်။ Vicarius Filii Dei(ဘုရားသခင့်​သားတော်​ဖြစ်သော ဗစ်​ကာ) ဟူသော ပုပ်​၏​ဘွဲ့​နာမ​အက္ခရာ​ကို ရောမ​ကိန်း​ဂဏန်း​ဖြင့် အစားထိုး​ပြီး ရရှိ​လာ​သည့်​ကိန်း​ဂဏန်း​ကို အနည်းငယ်​ကုလား​ဖန်​ထိုး​လိုက်​သည့်​အခါ ၆၆၆ ဂဏန်း​ကို​ရသည်။ ရောမ​ဧကရာဇ်မင်း ဒို​င်​အို​က​လီ​လျှံ​၏ လက်တင်​အမည်​နှင့် နီရို​ဆီဇာ​၏ ဟေဗြဲ​ပုံစံ​အမည်​မှ ထို​ကိန်း​ဂဏန်း​ကို တွက်ချက်​ယူ​နိုင်​သည်​ဟူ၍လည်း ဆို​ကြသည်။ *

သို့သော် နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​တွေ့မြင်​ရမည့်​အတိုင်း ဤ​စိတ်ကူးယဉ် ဖန်တီး​ထားသော အဓိပ္ပာယ်​ကောက်ယူ​ချက်​များသည် သားရဲ​၏​အမှတ်​တံဆိပ်​အကြောင်း သမ္မာကျမ်းစာ​ပြောဆို​ရာ​နှင့် လုံးဝ​မတူ​ချေ။ သမ္မာကျမ်းစာ​ဖော်ပြ​သည်​မှာ သားရဲ​၏​အမှတ်​တံဆိပ်​ရှိသူ​များသည် လက်ရှိ​အစီအစဉ်​စနစ်​ကို ဘုရားသခင်​အဆုံးတိုင်​စေသော​အခါ ကိုယ်တော်​၏​အမျက်တော်ကို ခံရ​လိမ့်​မည်​ဖြစ်သည်။ (ဗျာ. ၁၄:၉-၁၁; ဗျာ. ၁၉:၂၀) ထို့​ကြောင့် ၆၆၆ ဂဏန်း​၏​အနက်​အဓိပ္ပာယ်​ကို နားလည်​ထားခြင်း​သည် စိတ်ဝင်စားဖွယ်​ပဟေဠိ​တစ်ခု​ကို အဖြေရှာ​ခြင်း​မျှ မ​က​ချေ။ ဤ​အရေးပါသော​ကိစ္စ​တွင် မေတ္တာ​၏​ပြယုဂ်​နှင့် ဝိညာဉ်​ရေး​အလင်း​၏​ရင်းမြစ်​ဖြစ်​တော်​မူ​သော ယေဟောဝါ​ဘုရားသခင်​သည် မိမိ၏​ကျေးကျွန်​များ​ကို အသိ​မပေး​ဘဲ​နေ​တော်​မ​မူ​ခြင်း​က ဝမ်းသာစရာ​ပင်။—၂ တိမောသေ ၃:၁၆; ၁ ယောဟန် ၁:၅; ၄:၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ကိန်း​ဂဏန်း​နှင့်​ပတ်သက်သော​ဆွေးနွေးချက်​ကို နိုးလော့! ၂၀၀၂၊ စက်တင်ဘာ​၈(လိပ်) ကို​ရှု။