ဘုရားသခင့်အလိုတော် ပြည့်စုံပါမည်လော
ဘုရားသခင့်အလိုတော် ပြည့်စုံပါမည်လော
“အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။”—မဿဲ ၆:၁၀။
ဟူလီယိုနှင့် ခရစ္စတီနာတို့သည် မိမိတို့၏ရင်သွေးလေးဦး မီးလောင်သေဆုံးသွားသည်ကို တုန်လှုပ်ချောက်ချားစွာ ကြည့်ခဲ့ကြရသည်။သူတို့ရပ်ထားသောကားကိုအမူးသမားတစ်ယောက်မောင်းလာသော ကားကဝင်တိုက်ပြီး ပေါက်ကွဲလောင်ကျွမ်းသွားခဲ့သည်။ ငါးယောက်မြောက်ကလေးဖြစ်သူ မားကော့စ်ကို မီးတောက်များကြားမှ ကယ်တင်နိုင်ခဲ့သော်လည်း သူ၏ကိုယ်ခန္ဓာသည် မီးဟပ်ခံထားရပြီး သေရာပါ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလေသည်။ သူ၏အသက်မှာ ကိုးနှစ်ဖြစ်သည်။ ဖခင်ဖြစ်သူခမျာ ဝမ်းနည်းကြေကွဲနေ၏။ ကိုယ်တိုင်နှင့် မိသားစုကို– “ဒါဟာဘုရားသခင့် အလိုတော်ပဲ၊ အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ်၊ ဘယ်အရာပဲဖြစ်ပါစေ ဘုရားသခင်အလိုတော်ပဲဆိုတာကို တို့တွေနားလည်ရမယ်” ဆိုသည့်စကားဖြင့် အားပေးနေရှာသည်။
ဤကဲ့သို့သော ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးနှင့် ကြုံလာရသည့်အခါ လူများစွာ အလားတူတုံ့ပြန်ကြသည်။ ‘ဘုရားသခင်ဟာ အကြွင်းမဲ့တန်ခိုးရှင်ဖြစ်ပြီး ကျွန်ုပ်တို့ကိုဂရုစိုက်တယ်ဆိုရင် ဖြစ်ပျက်သမျှဟာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ကျွန်ုပ်တို့ကို တစ်နည်းနည်းနဲ့ ကောင်းကျိုးတော့ပြုရမယ်’ ဟုတွေးကြသည်။ သင်ကော ဤသို့ပင်တွေးသလော။
အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ၊ ဖြစ်ပျက်လာသမျှ ဘုရားသခင့်အလိုတော်ဖြစ်သည်ဟူသည့် အယူအဆသည် အထက်တွင်ဖော်ပြထားသော သခင့်ဆုတောင်းချက်ပါ ယေရှု၏စကားများအပေါ် အခြေခံလေ့ရှိသည်။ ဘုရားသခင့်အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံနေပြီ မဟုတ်ပေလော။ ‘အလိုတော်သည် မြေကြီးပေါ်မှာပြည့်စုံပါစေသော’ ဟုဆုတောင်းလိုက်ခြင်းဖြင့် မြေကြီးပေါ်တွင် ဖြစ်ပျက်နေရာများသည် ဘုရားသခင့်အလိုတော်ဖြစ်သည်ဟု ကျွန်ုပ်တို့ လက်ခံနေခြင်းမဟုတ်ပေလော။
ဤအမြင်ကြောင့် လူအများ ဇဝေဇဝါဖြစ်ကြရသည်။ သူတို့အတွက် ဤအမြင်က ဘုရားသခင်သည် ဖန်ဆင်းခံလူသားများ၏ခံစားချက်ကို စာနာနားလည်မှုမရှိသူ ဖြစ်သွားစေသည်။ သူတို့က ‘အပြစ်မဲ့လူသားတွေအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့အရာဟာ မေတ္တာရှင်ဘုရားသခင်ရဲ့အလိုတော် ဘယ်လိုဖြစ်နိုင်မလဲ၊’ ‘သင်ခန်းစာပေးဖို့ဆိုရင်လည်း ဘာသင်ခန်းစာရနိုင်မှာလဲ’ ဟုမေးတတ်ကြသည်။ သင်လည်း ဤသို့ပင်ခံစားရပေမည်။
ဤကိစ္စနှင့်ပတ်သက်၍ ယေရှု၏မိတူဖကွဲညီ တပည့်ဖြစ်သူယာကုပ် ဤသို့ရေးခဲ့သည်– “စုံစမ်းခြင်းကိုခံရသောအခါ ‘ဘုရားသခင်သည် ငါ့ကိုစုံစမ်းတော်မူသည်’ ဟု အဘယ်သူမျှမပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မစုံစမ်းနိုင်။ ကိုယ်တော်တိုင်သည်လည်း အဘယ်သူကိုမျှ မကောင်းစုံစမ်းတော်မမူ။” (ယာကုပ် ၁:၁၃၊ သမ္မာ) မကောင်းမှုသည် ဘုရားသခင်ထံမှ လာသည်မဟုတ်။ ထို့ကြောင့်၊ ယနေ့ မြေကြီးပေါ်ဖြစ်ပျက်ရာမှန်သမျှသည် ဘုရားသခင့်အလိုတော်မဟုတ်သည်မှာ ရှင်းသည်။ ကျမ်းစာက လူသားတို့၏အလိုဆန္ဒ၊ တိုင်းနိုင်ငံတို့၏အလိုဆန္ဒနှင့် စာတန်၏အလိုဆန္ဒကိုပင် ရေးသားဖော်ပြပေးထားသည်။ (ယောဟန် ၁:၁၃; ၂ တိမောသေ ၂:၂၆; ၁ ပေတရု ၄:၃) ဟူလီယိုနှင့် ခရစ္စတီနာတို့မိသားစု ကြုံတွေ့ခဲ့ရာသည် မေတ္တာရှင် ကောင်းကင်ခမည်းတော်၏ အလိုတော်မဟုတ်နိုင်ကြောင်း သင် သဘောတူပါသလော။
သို့ဖြစ်လျှင် ယေရှုက ‘အလိုတော်ပြည့်စုံပါစေ’ ဟုဆုတောင်းရန် တပည့်များအား သင်ပေးသောအခါ ကိုယ်တော် အဘယ်အရာကို ဆိုလိုခဲ့သနည်း။ ယင်းသည် အရေးပါသောကိစ္စရပ်များတွင် ကြားဝင်ပေးရန် ဘုရားသခင်အား တောင်းဆိုချက်တစ်ခုမျှသာလော သို့မဟုတ် လူသားတိုင်းမျှော်လင့်နိုင်သော ပြောင်းလဲမှုတစ်ခုဖြစ်သည့် သာ၍အရေးပါကာ သာ၍ကောင်းသည့်အရာကိုတောင်းရန် ကျွန်ုပ်တို့အား ယေရှုသင်ပေးနေခြင်းလော။ ကျမ်းစာ နောက်ထပ်ပြောမည့်အရာကို ဆန်းစစ်ကြည့်ကြစို့။
[Picture Credit Lines on page 3]
Car: Dominique Faget-STF/AFP/Getty Images; child: FAO photo/B. Imevbore