ဘုရားသခင့်အလိုတော် မြေကြီးပေါ်ပြည့်စုံ လာချိန်ဝယ်
ဘုရားသခင့်အလိုတော် မြေကြီးပေါ်ပြည့်စုံ လာချိန်ဝယ်
ယေရှုက “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုဆုတောင်းကြရန် တပည့်များအား သင်ပေးသောအခါ ခမည်းတော်နှင့်အတူ ကောင်းကင်တွင်နေခဲ့ဖူးသူတစ်ဦးအနေနှင့် မိန့်ဆိုနေခြင်းဖြစ်သည်။ (မဿဲ ၆:၁၀; ယောဟန် ၁:၁၈; ၃:၁၃; ၈:၄၂) လူသားဘဝမယူမီက ကိုယ်တော်သည် ကောင်းကင်တွင်ရော မြေကြီးတွင်ပါ ဖြစ်ပျက်သမျှ ဘုရားသခင့်အလိုတော်နှင့်ညီသည့်ကာလတွင် အသက်ရှင်ခဲ့ရသည်။ အောင်မြင်ပြီးမြောက်မှုနှင့် ကျေနပ်မှုတို့ဖြင့်ပြီးသော ကြည်နူးဖွယ်အချိန်ကာလများပင်။—သု. ၈:၂၇-၃၁။
ဘုရားသခင် ဦးစွာဖန်ဆင်းလိုက်သည်မှာ ဝိညာဉ်သတ္တဝါများ၊ ‘တန်ခိုးကြီး၍ မိန့်တော်မူသံကိုနားထောင်သော ကောင်းကင်တမန်တော်တို့’ ဖြစ်သည်။ ၎င်းတို့သည် “အလိုတော်သို့လိုက်သော အမှုတော်ထမ်း” များဖြစ်၏။ (ဆာလံ ၁၀၃:၂၀၊ ၂၁) ၎င်းတို့တစ်ဦးစီတွင် ဆန္ဒအလျောက်ပြုပိုင်ခွင့် ရှိကြပါသလော။ အမှန်ပင်ရှိ၏၊ မြေကြီးကိုဖန်ဆင်းလိုက်စဉ်ဝယ် “ဘုရားသခင်သားအပေါင်းတို့သည် ချီးမွမ်းသြဘာပေးကြ” ၏။ (ယောဘ ၃၈:၇၊ ကဘ) ချီးမွမ်းသြဘာပေးခြင်းက ဘုရားသခင်ရည်ရွယ်တော်မူရာကို တစ်ဦးစီအနေနှင့်နှစ်သက်ကြောင်း ဖော်ပြလိုက်ခြင်းဖြစ်ပြီး မိမိတို့၏အလိုကို ကိုယ်တော့်အလိုတော်နှင့် ညီညွတ်စေခဲ့ကြသည်။
မြေကြီးကိုဖန်ဆင်းပြီးနောက် ယင်းကို လူသားများနေထိုင်ဖို့ ဘုရားသခင်ပြင်ဆင်ပေး၏၊ နောက်၌ ပထမဆုံးလူသားမောင်နှံကို ဖန်ဆင်းတော်မူသည်။ (ကမ္ဘာဦး အခန်းကြီး ၁) ယင်းကိုလည်း ချီးမွမ်းသြဘာပေးထိုက်ပါသလော။ မှုတ်သွင်းခံမှတ်တမ်းက ဤသို့ဆိုသည်– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ ... ၏၊” မှန်ပါသည်၊ အပြစ်ကင်း၍ စုံလင်ပေ၏။—ကမ္ဘာဦး ၁:၃၁။
ကျွန်ုပ်တို့၏ကနဦးမိဘနှစ်ပါးနှင့် သားစဉ်မြေးဆက်အတွက် ဘုရားသခင့်အလိုတော်ကားအဘယ်နည်း။ ကမ္ဘာဦး ၁:၂၈ အရ အလွန်ကောင်းလှပေသည်– “‘အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့’ ဟုမိန့်တော်မူ၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။” ကနဦးမိဘနှစ်ပါးသည် ထိုအထူးတာဝန်ကို ကျေပွန်ရန်–ထာဝစဉ်–ဆက်၍အသက်ရှင်သွားဖို့ လိုမည်ဖြစ်ပြီး သူတို့၏မျိုးဆက်များလည်း အလားတူပင်ဖြစ်သည်။ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုး၊ တရားမမျှတမှု၊ စိတ်သောကရောက်မှု သို့မဟုတ် သေခြင်းတရားတို့ကို စိတ်ပင်မကူးမိ။
ယင်းသည် ကောင်းကင်တွင်ရော မြေကြီးတွင်ပါ ဘုရားသခင့်အလိုတော်ပြည့်စုံခဲ့ချိန်က ဖြစ်သည်။ ကိုယ်တော့်အလိုတော်ကို ဆောင်ရွက်သူတိုင်း လုပ်ဆောင်မှုမှ အကြီးအကျယ် နှစ်ထောင်းအားရဖြစ်နေကြမည်သာ။ ဘယ်နေရာတွင် လွဲချော်သွားသနည်း။
ဘုရားသခင့်အလိုတော်နှင့်ပတ်သက်၍ မျှော်လင့်မထားသောစိန်ခေါ်ချက်တစ်ရပ် ပေါ်ထွက်လာသည်။ မဖြေရှင်းနိုင်သောအရာတော့ မဟုတ်ချေ။ သို့တိုင် ယင်းကြောင့် လူသားများအတွက် ဘုရားသခင့်အလိုတော်နှင့်စပ်လျဉ်း၍ ရှုပ်ထွေးမှုများစွာကိုဖြစ်ပေါ်စေမည့် စိတ်သောကရောက်စရာ၊ ဝမ်းနည်းပူဆွေးစရာတို့နှင့်ပြည့်နေသော ကာလရှည်တစ်ခု အစပြုလာတော့သည်။ ကျွန်ုပ်တို့အားလုံး ၎င်း၏သားကောင်ဖြစ်ခဲ့ရသည်။ ထိုစိန်ခေါ်ချက်ကား အဘယ်နည်း။
ပုန်ကန်မှုကာလအတွင်း ဘုရားသခင့်အလိုတော်
‘ဘုရားသခင့်သားများ’ ထဲမှ ဝိညာဉ်သားတစ်ပါးသည် လူသားများအတွက် ဘုရားသခင့်အလိုတော်ကို ဖျက်လိုဖျက်ဆီးလုပ်ရန် ဖြစ်နိုင်ဖွယ်အကြောင်းကို ရှာကြည့်ကာ သူ့အကျိုးရရေးအတွက် အကြံထုတ်လေသည်။ ဤဝိညာဉ်သတ္တဝါသည် ထိုဖြစ်နိုင်ဖွယ်အကြောင်းကို ပို၍စဉ်းစားလေ ပို၍ဖြစ်နိုင်ခြေရှိပုံပေါက်ကာ ပို၍အကောင်အထည်ဖော်ချင်လာလေဖြစ်လာသည်။ (ယာကုပ် ၁:၁၄၊ ၁၅) ပထမလူသားမောင်နှံကို ဘုရားသခင့်စကားနားမထောင်စေဘဲ မိမိဘက်နားယောင်လာအောင် လုပ်နိုင်လျှင် ဘုရားသခင်သည် စင်ပြိုင်ပိုင်သအုပ်စိုးမှုတစ်ခုကို မဖြစ်မနေ သည်းခံခွင့်ပြုရတော့မည်ဟု သူဆင်ခြင်ခဲ့ဖွယ်ရှိမည်။ ဘုရားသခင်သည် မိမိ၏ရည်ရွယ်ချက် အပျက်ခံပြီး သူတို့အား ကွပ်မျက်လိမ့်မည်မဟုတ်ဟုလည်း သူတွေးထားပေမည်။ ဤသို့ပြုမည့်အစား ယေဟောဝါဘုရားသခင်မှာ ယခုအခါ မိမိဖန်ဆင်းထားသောသတ္တဝါများ နာခံနေရတော့မည်ဖြစ်သော ဤဝိညာဉ်သား၏နေရာရထားမှုကို လက်ခံကာ မိမိ၏ရည်ရွယ်ချက်ကို ပြုပြင်ပြောင်းလဲလိုက်ရတော့မည်။ နောင်တွင် ထိုပုန်ကန်သူအား “ခုခံသူ” ဟုအဓိပ္ပာယ်ရသည့် စာတန်ဟုခေါ်ဆိုခြင်းသည် သင့်လျော်လှ၏။—ယောဘ ၁:၆၊ ကဘ၊ အောက်ခြေမှတ်ချက်။
စာတန်သည် မိမိ၏ဆန္ဒနှင့်အညီ လူမိန်းမထံ ချဉ်းကပ်ခဲ့သည်။ “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ ... ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့” ဟုဆိုကာ ဘုရားသခင့်အလိုတော်ကို လျစ်လျူရှု၍ ကျင့်ဝတ်ပိုင်းအရလွတ်လပ်မှုရယူရန် တိုက်တွန်းခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) ဤစကားသည် လူမိန်းမအဖို့ လွတ်လပ်မှုတစ်မျိုးရစေမည့်ပုံပေါက်သည့်ပြင် ပို၍ကောင်းမွန်သောဘဝလမ်းစဉ် ဖြစ်ပုံရသောကြောင့် လက်ခံလိုက်လေသည်။ နောက်ပိုင်းတွင်ခင်ပွန်းဖြစ်သူကိုပါဆွဲဆောင်ခဲ့သည်။—ကမ္ဘာဦး ၃:၆။
ယင်းသည် လူသားမောင်နှံအတွက် ဘုရားသခင့်အလိုတော်မဟုတ်ပေ။ သူတို့၏ လိုချင်တပ်မက်မှုသာဖြစ်သည်။ ယင်းက ဆိုးကျိုးများသာ ရလာမည်။ ထိုသို့ပြုပါက သေမည်ဟု သူတို့အား ဘုရားသခင် မိန့်ဆိုပြီးသားဖြစ်သည်။ (ကမ္ဘာဦး ၃:၃) သူတို့သည် ဘုရားသခင်နှင့်ကင်းကွာ၍ အောင်မြင်စွာရပ်တည်နိုင်အောင် ဖန်ဆင်းထားခြင်းမခံရပေ။ (ယေရမိ ၁၀:၂၃) ထို့ပြင် သူတို့သည် မစုံလင်သူများဖြစ်လာကြပြီး ယခု မစုံလင်မှုနှင့် သေခြင်းတို့သည် သားစဉ်မြေးဆက်များထံ ဆက်၍သွားနေမည်ဖြစ်သည်။ (ရောမ ၅:၁၂) ဤအကျိုးဆက်များကို စာတန် ပြင်မပေးနိုင်ပေ။
ဤအဖြစ်သနစ်များက လူသားများနှင့် ကမ္ဘာမြေအတွက် ဘုရားသခင့် ရည်ရွယ်ချက် သို့မဟုတ် အလိုတော်ကို ထာဝစဉ်ပြောင်းလဲပစ်မည်လော။ မပြောင်းလဲနိုင်ပါ။ (ဟေရှာယ ၅၅:၉-၁၁) သို့သော် ယင်းတို့ကြောင့် ဖြေရှင်းဖို့လိုသည့်မေးခွန်းများ ပေါ်ပေါက်လာသည်– စာတန်ဆိုသကဲ့သို့ လူသားများသည် “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်” နိုင်ပါသလော။တစ်နည်းဆိုသော်အချိန်အလုံအလောက်ပေးပါက ကျွန်ုပ်တို့သည် ဘဝကဏ္ဍအသီးသီး၌ အမှန်အမှား၊ ကောင်းကျိုးဆိုးကျိုးတို့ကို ကိုယ့်ဘာသာ ဖန်တီးနိုင်မည်လော။ ဘုရားသခင့်အုပ်ချုပ်ပုံသည် အကောင်းဆုံးဖြစ်၍ အကြွင်းမဲ့နာခံမှုကို ကိုယ်တော်ရထိုက်ခြင်းလော။ ကိုယ်တော့်အလိုတော်ကို အပြည့်အဝလိုက်နာသင့်သလော။ သင်မည်သို့ဖြေဆိုမည်နည်း။
အသိဉာဏ်ရှိသတ္တဝါအားလုံး၏မျက်မှောက်တွင် ဤကိစ္စရပ်များကို ဖြေရှင်းရန် နည်းလမ်းတစ်ခုသာရှိသည်– ဘုရားသခင်ထံမှကင်းကွာ၍ အောင်မြင်မှုရရန် ရှာကြံသူတို့ကို ရှာကြံခွင့်ပေးလိုက်ခြင်းသာဖြစ်သည်။ သူတို့အား သေဒဏ်ပေးလိုက်ရုံဖြင့် ပေါ်ပေါက်လာသည့်အရေးကိစ္စ ရှင်းလင်းသွားမည်မဟုတ်ချေ။ အကျိုးဆက် ထင်ရှားလာမည်ဖြစ်၍ လုံလောက်သောအချိန်ကာလတစ်ခုအထိ လူသားမျိုးနွယ်ကို ကိုယ့်လမ်းကိုယ်လျှောက်ခွင့်ပြုလိုက်ခြင်းဖြင့် ကိစ္စရပ်များ ရှင်းလင်းသွားမည်ဖြစ်သည်။ သားဖွားရမည်ဟု မိန်းမအား ဘုရားသခင်မိန့်ဆိုခဲ့ချိန်က ကိစ္စရပ်များကို ထိုနည်းအတိုင်း ကိုယ်တော်ကိုင်တွယ်မည်ဖြစ်ကြောင်း ပြသလိုက်သည်။ သို့ဖြင့် လူ့မိသားစု အစပြုလေပြီ။ ထို့ကြောင့်ပင် ကျွန်ုပ်တို့အားလုံး ယနေ့ အသက်ရှင်နေရခြင်းပင်!—ကမ္ဘာဦး ၃:၁၆၊ ၂၀။
သို့သော် ဘုရားသခင်သည် လူသားများနှင့် ပုန်ကန်သောဝိညာဉ်သတ္တဝါကို မိမိတို့ဆန္ဒရှိသလောက် လုံးလုံးလျားလျား ပြုလိုရာပြုခွင့်ပေးသွားမည်ဟု မဆိုလိုပေ။ ဘုရားသခင်သည် မိမိ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကိုသော်လည်းကောင်း၊ မိမိ၏ ရည်ရွယ်ချက်ကိုသော်လည်းကောင်း မစွန့်လွှတ်ချေ။ (ဆာလံ ၈၃:၁၈) ကိုယ်တော်သည် ပုန်ကန်ရန်လှုံ့ဆော်သူအား အဆုံးတွင်ချေမှုန်းပစ်မည်ဖြစ်ပြီး ဆိုးကျိုးအားလုံးကို ပယ်ရှားပေးမည်ဖြစ်ကြောင်း တင်ကြိုမိန့်တော်မူခြင်းဖြင့် ဤအချက်ကို ရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ထို့ကြောင့် အစကတည်းက လူ့မိသားစုသည် ကယ်လွှတ်ခြင်းကတိကို ရရှိထားသည်။
ဤအတောအတွင်း ကျွန်ုပ်တို့၏ ကနဦးမိဘနှစ်ပါးသည် သူတို့ကိုယ်တိုင်ရော နောင်လာနောက်သားများကိုပါ ဘုရားသခင့်အုပ်ချုပ်မှုနှင့် အဆက်ဖြတ်လိုက်သည်။ သူတို့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးမှန်သမျှ မခံရလေအောင် ဘုရားသခင်က လိုက်၍ကာကွယ်ပေးနေမည်ဆိုလျှင် သူတို့လုပ်ဆောင်ရာတိုင်းတွင် မိမိအလိုတော်ကို အတင်းသွတ်သွင်းရာကျမည်ဖြစ်သည်။ ယင်းသို့ပြုခြင်းက သူတို့ဘာသာ လွတ်လွတ်လပ်လပ်ရပ်တည်ခွင့်မပြုသည်နှင့် မခြားပေ။
တစ်ဦးစီအနေနှင့် ဘုရားသခင့်အုပ်ချုပ်မှုကို လက်ခံ၊ မခံရွေးချယ်နိုင်သည်မှာ မှန်ပါသည်။ ဤအချိန်အတွင်း လူသားများအတွက် ဘုရားသခင့်အလိုတော်သည် အဘယ်အရာဖြစ်ကြောင်း သူတို့သင်ယူနိုင်ကာ အတတ်နိုင်ဆုံး ယင်းနှင့် လျော်ညီစွာပြုမူသွားနိုင်ကြသည်။ (ဆာလံ ၁၄၃:၁၀) သို့တိုင် လူသားများ၏ လုံးဝလွတ်လပ်ခွင့်နှင့်ပတ်သက်သည့် အရေးကိစ္စ မရှင်းလင်းသေးသ၍ သူတို့သည် အခက်အခဲပြဿနာများနှင့် ကင်းမည်မဟုတ်ပေ။
ကိုယ်ပိုင်ရွေးချယ်မှု၏အကျိုးဆက်များသည် စောစောစီးစီးပင် ထင်ရှားလာသည်။ လူ့မိသားစု၏ သားဦးဖြစ်သူ ကာဣနသည် “မိမိအကျင့်သည်ဆိုးယုတ်၍ ညီ၏အကျင့်သည်ဖြောင့်မတ်” သောကြောင့် ညီဖြစ်သူအာဗေလကို သတ်ပစ်လိုက်သည်။ (၁ ယောဟန် ၃:၁၂) ယင်းသည် ဘုရားသခင့်အလိုတော်မဟုတ်ပေ၊ အကြောင်းမှာ ဘုရားသခင်သည် ကာဣနကိုသတိပေးပြီး နောက်ပိုင်း အပြစ်ပေးခဲ့၍တည်း။ (ကမ္ဘာဦး ၄:၃-၁၂) ကာဣနသည် စာတန်ကမ်းလှမ်းသည့် အမူအကျင့်ဆိုင်ရာလွတ်လပ်ခွင့်ကို ရွေးချယ်ခဲ့ပြီး ယင်းကြောင့် သူသည် ‘စာတန်နှင့်ဆိုင်သူ’ ဖြစ်လာသည်။ အခြားသူများလည်း အလားတူပြုမူခဲ့ကြသည်။
လူ့သမိုင်း နှစ်ပေါင်း ၁,၅၀၀ ကျော်လာသောအခါ “မြေကြီးသည် ဘုရားသခင်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် [မတရား]မှုနှင့် ပြည့်စုံလေ၏။” (ကမ္ဘာဦး ၆:၁၁) ဤကမ္ဘာကြီး ပျက်စီးမသွားစေရန် ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ လိုအပ်လာသည်။ ဘုရားသခင်သည် ကမ္ဘာချီရေလွှမ်းမိုးခြင်းဖြင့် အရေးယူလုပ်ဆောင်တော်မူ၏၊ ဖြောင့်မတ်သောမိသားစုဖြစ်သည့် နောဧ၊ သူ့ဇနီး၊ သားများနှင့် ချွေးမဖြစ်သူတို့ကို အသက်ရှင်ကျန်ရစ်ရန် ကာကွယ်ပေးသည်။ (ကမ္ဘာဦး ၇:၁) ကျွန်ုပ်တို့အားလုံးသည် သူတို့၏သားစဉ်မြေးဆက်များဖြစ်သည်။
ထိုအချိန်မှစ၍ လူ့သမိုင်းတစ်လျှောက် ဘုရားသခင်သည် ကိုယ်တော့်အလိုတော်ကိုသိလိုသော စိတ်ရိုးဖြောင့်သူများအား လမ်းညွှန်ပေးခဲ့သည်။ ကိုယ်တော့်ထံမှလမ်းညွှန်မှုမျှော်ကိုးသူ မည်သူမဆိုအတွက် အကြောင်းကြားချက်များကိုမှတ်တမ်းတင်ရန် တည်ကြည်သူများအားမှုတ်သွင်းခဲ့သည်။ ထိုအကြောင်းကြားချက်များကို သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသည်။ (၂ တိမောသေ ၃:၁၆) ကိုယ်တော်သည် တည်ကြည်သူများအား မေတ္တာဖြင့် မိမိနှင့် ဆက်ဆံခွင့်၊ မိတ်ဆွေများဖြစ်ခွင့်ပင် ပေးလှာသည်။ (ဟေရှာယ ၄၁:၈) မိမိတို့ဘာသာရပ်တည်နေသည့် ထောင်စုနှစ်များအတွင်း လူသားများခံစားရသည့် နာကျင်စေသောပြဿနာများကို ခံရပ်နိုင်ရန် လိုအပ်သည့်ခွန်အားကို သူတို့အား ကိုယ်တော် ပေးသနားတော်မူသည်။ (ဆာလံ ၄၆:၁; ဖိလိပ္ပိ ၄:၁၃) ဤထောက်မမှု အစုစုအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်နိုင်ကြပေသည်!
‘အလိုတော်ပြည့်စုံပါစေ’—လုံးလုံးလျားလျား
ယခုအချိန်ထိ ဘုရားသခင် ပြုလုပ်ခဲ့သည့်အရာသည် လူသားများအတွက် ကိုယ်တော့်အလိုတော်အပြည့်အစုံ မဟုတ်သေးပေ။ ခရစ်ယာန်တမန်တော်ပေတရု ဤသို့ရေးသားခဲ့သည်– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ထိုဥပစာစကားလုံးသည် လူသားများကိုအုပ်ချုပ်မည့် အစိုးရသစ်နှင့် ထိုအစိုးရလက်အောက် လူ့ဘောင်သစ်တစ်ခုကို ရည်ညွှန်းသည်။
ရှင်းလင်းသောစကားလုံးများကိုသုံး၍ ပရောဖက်ဒံယေလ ဤသို့ရေးခဲ့သည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် ... အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၄၊ ၄၅) ထိုပရောဖက်ပြုချက်သည် မျက်မှောက်ခေတ် ဖြစ်မြောက်မှုမရှိသော အစီအစဉ်စနစ်အဆုံးတိုင်ကာ ဘုရားသခင့်နိုင်ငံတော် သို့မဟုတ် အုပ်စိုးမှုဖြင့် အစားထိုးမည်ကို ဆိုလိုသည်။ သတင်းကောင်းပင်! ယနေ့ လောကကြီးကို အကြမ်းဖက်မှုနှင့်ပြည့်စေပြီး ဤကမ္ဘာကြီးကို တစ်ဖန်ဖျက်ဆီးဖို့ ခြိမ်းခြောက်နေသော ပဋိပက္ခများနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့သည် တစ်နေ့သောအခါ အတိတ်တွင် ကျန်ရစ်သွားတော့မည်ဖြစ်သည်။
ထိုအရာများသည် အဘယ်အချိန်တွင်ဖြစ်မည်နည်း။ ယေရှု၏တပည့်များ ဤသို့မေးခဲ့သည်– “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ... နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ။” ကိုယ်တော်၏အဖြေတစ်ပိုင်းတွင် ဤသို့ပါရှိသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၃၊ ၁၄။
ယခုအခါ ဟောပြောခြင်းလုပ်ငန်းကို ကမ္ဘာတစ်ဝန်းဆောင်ရွက်လျက်ရှိသောကြောင့် ယင်းသည် လူသိရှင်ကြားကိစ္စဖြစ်သည်။ သင့်အိမ်အနီးအနားတွင်ပင် ယင်းကို သင်တွေ့ဖူးပေမည်။ ဤသူတို့လည်းယုံကြည်ကြသည်ဟူသော ပါမောက္ခ ချားလ်စ် အက်စ်. ဘရက်ဒင်၏စာအုပ်တွင် သူဤသို့ရေးသားသည်– “ယေဟောဝါသက်သေများသည် တကယ်ပင် တစ်ကမ္ဘာလုံးအနှံ့ သက်သေခံလျက်ရှိသည်။ ... ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဖြန့်ချိဖို့ကြိုးပမ်းကြရာတွင် ယေဟောဝါသက်သေများလောက် ထက်သန်ပြီး ဇွဲကောင်းသည့် ဘာသာရေးအုပ်စုမျိုး ကမ္ဘာပေါ်တွင်မရှိပေ။” သက်သေခံတို့သည် နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ဘာသာစကား ၄၀၀ နီးပါးဖြင့် သတင်းကောင်းကို တက်ကြွစွာကြွေးကြော်လျက်ရှိသည်။ တင်ကြိုဟောထားသောဤလုပ်ငန်း ယခုကဲ့သို့ ကမ္ဘာချီပြီးမြောက်အောင်မြင်မှုကို ယခင်ကတစ်ခါမျှ မရခဲ့ဖူးချေ။ ထိုအချက်က ယခုအချိန်သည် လူ့အစိုးရများနေရာတွင် ဘုရားသခင့်နိုင်ငံတော်ကိုအစားထိုးရန် နီးကပ်လာချိန်ဖြစ်ကြောင်းပြသည့် အထောက်အထားများစွာမှ တစ်ခုဖြစ်သည်။
ဟောရမည်ဟု ယေရှုမိန့်မှာခဲ့သောနိုင်ငံတော်သည် ကိုယ်တော်၏စံပြဆုတောင်းချက်တွင် “[ဘုရားသခင့်] နိုင်ငံတော်တည်ထောင်ပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုဆုတောင်းရန် သင်ပေးခဲ့သည့် ဘုရားသခင့်နိုင်ငံတော်ပင်ဖြစ်သည်။ (မဿဲ ၆:၁၀) မှန်ပါသည်၊ ထိုဘုရားသခင့်နိုင်ငံတော်သည် လူသားများနှင့် ဤကမ္ဘာကြီးအတွက် ဘုရားသခင့်အလိုတော်ရည်ရွယ်ချက်ကို ပြည့်စုံစေရန် ကိုယ်တော်အသုံးပြုမည့် အရာဖြစ်သည်။
အဘယ်အဓိပ္ပာယ်နည်း။ နောက်ဆုံးကျမ်းစာစောင်ဗျာဒိတ် ၂၁:၃၊ ၄ ကဖြေဆိုပါစေ– “ကောင်းကင်မှကြီးသောအသံကား ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။’” ထို့နောက်တွင် ဘုရားသခင့်အလိုတော်သည် မြေကြီးပေါ်တွင်ရော ကောင်းကင်ဘုံ၌ပါ အမှန်တကယ် ပြည့်စုံလာပါလိမ့်မည်—လုံးလုံးလျားလျားပြည့်စုံလာမည်။ * ထိုသို့သောနေရာတွင် သင်ရှိလိုသည်မဟုတ်ပေလော။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 26 ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ပိုမိုသိလိုပါက ကျေးဇူးပြု၍ သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ၊ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၂ တွင်ဖော်ပြထားသော လိပ်စာတစ်ခုခုသို့ စာရေးပါ။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဘုရားသခင့်အလိုတော်နှင့် ကင်းကွာအောင်နေခြင်းသည် ဝမ်းနည်းဖွယ် အဖြစ်ဆိုးနှင့်သာ တွေ့ရမည်