ရန်လိုသောလောကတွင် ကြင်နာမှုကို ကြိုးစားတင်ပြခြင်း
ရန်လိုသောလောကတွင် ကြင်နာမှုကို ကြိုးစားတင်ပြခြင်း
“လူ၏နှစ်လိုဖွယ်ရာကား သူ၏ချစ်ခင်ကြင်နာမှုပြခြင်းတည်း။”—သု. ၁၉:၂၂၊ ကဘ။
၁။ ကြင်နာမှုပြရန် အဘယ်ကြောင့် အခက်တွေ့နိုင်သနည်း။
မိမိကိုယ်ကို ကြင်နာတတ်သူဟု ယူဆထားသလော။ သို့ဆိုလျှင် မျက်မှောက်လောကတွင် အသက်ရှင်ရခြင်းသည် အခက်အခဲရှိနိုင်၏။ မှန်ပါသည်၊ သမ္မာကျမ်းစာက ကြင်နာမှုကို ‘ဝိညာဉ်အသီး’ အဖြစ် ဖော်ပြထားသော်လည်း ခရစ်ယာန်နိုင်ငံဟုခေါ်သည့် နိုင်ငံများတွင်ပင် ကြင်နာမှုပြရန် အဘယ်ကြောင့် ဤမျှခက်ခဲနေရသနည်း။ (ဂလာတိ ၅:၂၂) ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း ဤလောကတစ်ခုလုံးသည် ကြင်နာမှုကင်းမဲ့သော ဝိညာဉ်သတ္တဝါစာတန်၏လက်တွင်ရှိကြောင်း တမန်တော်ယောဟန်၏ရေးသားချက်၌ အဖြေတစ်စိတ်တစ်ပိုင်းကို တွေ့ရှိနိုင်၏။ (၁ ယောဟန် ၅:၁၉) စာတန်အား “ဤလောကကိုအစိုးရသောမင်း” ဟူ၍ ယေရှုခရစ် ဖော်ပြခဲ့သည်။ (ယောဟန် ၁၄:၃၀) ထို့ကြောင့် ဤလောကကြီးသည် ပုန်ကန်သူအုပ်စိုးရှင်ကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်၏။—ဧဖက် ၂:၂။
၂။ အဘယ်စိန်ခေါ်ချက်များကြောင့် ကျွန်ုပ်တို့၏ကြင်နာမှုကို ထိခိုက်နိုင်သနည်း။
၂ အခြားသူများက ကျွန်ုပ်တို့အပေါ် ကြင်နာမှုကင်းမဲ့စွာ ဆက်ဆံသည့်အခါ ကျွန်ုပ်တို့၏အသက်ရှင်နေထိုင်ပုံကို အကြီးအကျယ်ထိခိုက်စေ၏။ အငြိုးထားသောအိမ်နီးချင်းများ၊ ရန်မူတတ်သောသူစိမ်းများ၊ တစ်ခါတစ်ရံ မဆင်မခြင်ပြုတတ်သည့် မိတ်ဆွေများနှင့် မိသားစုဝင်များပင် ကြင်နာမှုကင်းမဲ့နိုင်၏။ ရိုင်းစိုင်းပြီး အချင်းချင်းဆဲရေးတိုင်းထွာသူများနှင့် ဆက်ဆံရသည့် ဖိစီးမှုကြောင့် တစ်ခါတစ်ရံ အလွန်စိတ်အနှောင့်အယှက်ဖြစ်မိနိုင်သည်။ ဤကဲ့သို့ အခြားသူ၏အကြင်နာကင်းမဲ့မှုကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် ရန်လိုတတ်လာပြီး သူကြင်မှ ကိုယ်ကြင်မည်ဟူသောစိတ်ထား ဝင်လာနိုင်သည်။ ထိုစိတ်ထားက ဝိညာဉ်ရေး သို့မဟုတ် ကာယကျန်းမာရေးပြဿနာများကိုပင် ဖြစ်ပေါ်လာစေနိုင်သည်။—ရောမ ၁၂:၁၇။
၃။ လူတို့၏ကြင်နာမှုပြလိုစိတ်ကို စမ်းသပ်သည့် အဘယ်ကြီးလေးသည့်ပြဿနာများကို ရင်ဆိုင်နေရသနည်း။
၃ ဖိစီးမှုများသော ဤလောကအခြေအနေများကြောင့်လည်း ကြင်နာမှုပြဖို့ အခက်တွေ့စေနိုင်သည်။ ဥပမာ၊ လူမျိုးစုအမျိုးမျိုး၏ ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များအပြင် ဇီဝ သို့မဟုတ် အဏုမြူလက်နက်များကို အသုံးပြုနိုင်ဖွယ်ရှိသောကြောင့် လူတို့သည် နေ့စဉ်နှင့်အမျှ ဖိစီးမှုခံစားနေရရှာ၏။ ထို့ပြင် သန်းနှင့်ချီသောလူတို့သည် မသေရုံတစ်မည် စားဝတ်နေထိုင်ရ၊ ဆေးကုသမှုခံယူရကာ ဆင်းရဲနွမ်းပါးလျက်ရှိကြသည်။ မျှော်လင့်ချက်ကင်းမဲ့ပုံရသည့် အခြေအနေမျိုးတွင် ကြင်နာမှုပြရန် စိန်ခေါ်မှုဖြစ်လာလေသည်။—ဒေ. ၇:၇။
၄။ အချို့သူတို့သည် သူတစ်ပါးအပေါ် ကြင်နာမှုပြဖို့ စဉ်းစားကြည့်သည့်အခါ မည်သို့လွဲမှားစွာ ကောက်ချက်ချလိုက်နိုင်သနည်း။
၄ ကြင်နာမှုပြခြင်းသည် ဦးစားပေးရာလုံးဝမဟုတ်ဘဲ ပျော့ညံ့ချက်ပင်ဖြစ်သည်ဟုအလွယ်တကူ ကောက်ချက်ချနိုင်သည်။ အထူးသဖြင့်သူတစ်ပါးကမညှာမတာဆက်ဆံသည့်အခါ မတရားပြုမူခံရသည်ဟု ခံစားရနိုင်၏။ (ဆာလံ ၇၃:၂-၉) သို့သော် သမ္မာကျမ်းစာကလျောက်ပတ်သောညွှန်ကြားချက်ကိုဤသို့ပေးထားသည်– “ဖြည်းညင်းသောစကားသည်စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏။” (သု. ၁၅:၁) နူးညံ့မှုနှင့် ကြင်နာမှုတို့သည် အလွန်နီးစပ်သည့် ဝိညာဉ်အသီး၏အသွင်နှစ်မျိုးဖြစ်ပြီး ခက်ခဲသောအခြေအနေမျိုးကို ရင်ဆိုင်ဖြေရှင်းရာတွင် အကျိုးသက်ရောက်မှုရှိသည်။
၅။ ကြင်နာမှုလိုအပ်သည့် ဘဝကဏ္ဍအချို့ကား အဘယ်နည်း။
၅ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အသီး သီးပြရန် အလွန်အရေးကြီးသောကြောင့် ထိုအရည်အသွေးများမှ ကြင်နာမှုကို မည်သို့ပြရမည်နှင့်စပ်လျဉ်း၍ စဉ်းစားသုံးသပ်သင့်သည်။ရန်လိုသောလောကတွင် ကြင်နာမှုကို ကြိုးစားပြသနိုင်မည်လော။ သို့ဆိုလျှင် အထူးသဖြင့် ဖိစီးမှုများသောအခြေအနေမျိုးတွင် စာတန်၏လွှမ်းမိုးမှုခံကာ ကျွန်ုပ်တို့၏ကြင်နာမှုကို ချုပ်တည်းမထားကြောင်းပြသနိုင်သည့် ကဏ္ဍအချို့ကား အဘယ်နည်း။ မိသားစုတွင်၊ အလုပ်ခွင်တွင်၊ ကျောင်းတွင်၊ အိမ်နီးချင်းများနှင့်၊ ခရစ်ယာန်ဓမ္မအမှုတွင်၊ ယုံကြည်သူချင်းစပ်ကြားတွင်ကြိုးစား၍ ကြင်နာမှုပြနိုင်ပုံကို သုံးသပ်ကြည့်ကြစို့။
မိသားစုတွင်း ကြင်နာမှု
၆။ မိသားစုတွင်း ကြင်နာမှုပြရန် အဘယ်ကြောင့် ဤမျှအရေးကြီးပြီး မည်သို့ပြနိုင်သနည်း။
၆ ယေဟောဝါ၏ကောင်းချီးနှင့် ညွှန်ကြားချက်ကိုရရှိရန် ဝိညာဉ်အသီးသည် အရေးပါပြီး ယင်းကို အပြည့်အဝပျိုးထောင်ပေးဖို့လို၏။ (ဧဖက် ၄:၃၂) မိသားစုတွင်း တစ်ဦးကိုတစ်ဦး ကြင်နာမှုပြရန် အထူးလိုအပ်မှုကို အာရုံစိုက်ကြစို့။ ခင်ပွန်းနှင့်ဇနီးတို့သည် မိမိတို့အချင်းချင်းဖြစ်စေ၊ သားသမီးများနှင့်ဖြစ်စေ နေ့စဉ် ပေါင်းသင်းဆက်ဆံရာတွင် ကြင်နာမှုနှင့် ဂရုစိုက်မှုတို့ကို ဖော်ပြသင့်သည်။ (ဧဖက် ၅:၂၈-၃၃; ၆:၁၊ ၂) မိသားစုဝင်အချင်းချင်း စကားပြောဆိုပုံ၊ သားသမီးများက မိဘများကို ရိုသေလေးစားပုံ၊ မိဘများက သားသမီးများအပေါ် သင့်လျော်စွာပြုမူဆက်ဆံပုံတို့တွင် ထိုသို့သောကြင်နာမှု အထင်အရှားတွေ့ရဖို့လိုသည်။ ချီးမွမ်းခြင်းငှာ လျင်မြန်ပါစေ၊ အပြစ်တင်ခြင်းငှာ နှေးပါစေ။
၇၊ ၈။ (က) မိသားစုတွင် စစ်မှန်သောကြင်နာမှု ပြသလိုလျှင် အဘယ်အမူအကျင့်မျိုးကို ရှောင်ရမည်နည်း။ (ခ) ကောင်းသောဆက်သွယ်ရေးသည် ခိုင်မာသောမိသားစုနှောင်ကြိုးအတွက် မည်သို့ အထောက်အကူပြုသနည်း။ (ဂ) သင့်မိသားစုတွင် ကြင်နာမှုကို မည်သို့ပြနိုင်သနည်း။
၇ မိသားစုတွင်းရှိသူများအား ကြင်နာမှုပြရာတွင် တမန်တော်ပေါလု၏ ဤဆုံးမစကားကို လိုက်လျှောက်ဖို့လိုသည်– “ထိုအမှုအလုံးစုံတို့ကိုလည်းကောင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်းတို့ကိုလည်းကောင်း သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။” ခရစ်ယာန်မိသားစုများသည် နေ့စဉ် တစ်ဦးကိုတစ်ဦး ရိုသေလေးစားစွာ ပြောဆိုဆက်ဆံသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကောင်းသောဆက်သွယ်ရေးသည် တောင့်တင်းခိုင်မာသောမိသားစုများ၏ အသက်သွေးကြောဖြစ်သောကြောင့်ဖြစ်သည်။ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်သည့်အခါ ပဋိပက္ခလျော့နည်းသွားစေရန် ငြင်းခုံနေမည့်အစား ပြဿနာကို ကြိုးစားဖြေရှင်းပါ။ ပျော်ရွှင်သောမိသားစုဝင်များသည် တစ်ဦးကိုတစ်ဦး ကြင်နာကာ စာနာထောက်ထားရန် ကြိုးစားအားထုတ်ကြသည်။—ကောလောသဲ ၃:၈၊ ၁၂-၁၄။
၈ ကြင်နာမှုသည် အပြုသဘောဆောင်ပြီး သူတစ်ပါးကို ကောင်းမှုပြုလိုသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ကျန်မိသားစုဝင်များအတွက် နှစ်လိုဖွယ်အပြုအမူဖြင့် အသုံးတော်ခံ၍ စာနာထောက်ထားကာ ကူညီပေးရန် ကြိုးစားကြသည်။ ဤသို့သောကြင်နာမှုမျိုးကို တစ်ဦးချင်းရော၊ စုပေါင်း၍ပါ ကြိုးစားပြပါမှ အလွန်တော်သောမိသားစုဖြစ်ကြောင်း အခြားသူများ ချီးမွမ်းလာမည်။ ရလဒ်ကား၊ သူတို့သည် ဘုရားသခင်၏ကောင်းချီးကို ရရှိရုံမက အသင်းတော်နှင့် ရပ်ကွက်တွင် ကြင်နာမှုရှိသော ယေဟောဝါဘုရားသခင်အား သူတို့ ဂုဏ်တင်ရာရောက်မည်။—၁ ပေတရု ၂:၁၂။
အလုပ်ခွင်တွင် ကြင်နာမှု
၉၊ ၁၀။ အလုပ်ခွင်တွင် ပေါ်ပေါက်လာနိုင်သည့် ပြဿနာအချို့ကို ဖော်ပြပါ၊ ၎င်းပြဿနာများကို ကြင်နာမှုနှင့် မည်သို့ဖြေရှင်းနိုင်ပုံ မှတ်ချက်ပေးပါ။
၉ ခရစ်ယာန်တစ်ဦးအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာတွင် အလုပ်သမားချင်းအား ကြင်နာမှုပြဖို့ စိန်ခေါ်ချက်ဖြစ်နေပေမည်။ အလုပ်သမားချင်း ပြိုင်ဆိုင်ကြသည့်အခါ ကောက်ကျစ်စဉ်းလဲသော အလုပ်သမားချင်းတစ်ဦးကြောင့် အလုပ်ကို ထိခိုက်စေပြီး အလုပ်ရှင်ရှေ့တွင်လည်း မိမိနာမည်ပျက်သွားနိုင်သည်။ (ဒေ.၄:၄) ထိုသို့သောအချိန်အခါမျိုးတွင် ကြင်နာမှုပြရန် မလွယ်ကူတော့ချေ။ မည်သို့ပင်ဖြစ်ပါစေ၊ ကြင်နာမှုသည် ပြသင့်ပြထိုက်သောအရာဖြစ်ကြောင်း စိတ်စွဲမှတ်ကာ ယေဟောဝါ၏ကျေးကျွန်တစ်ဦးသည် ပြောဆိုဆက်ဆံရခက်သူများကိုပင် အနိုင်ယူရန် အတတ်နိုင်ဆုံးကြိုးစားသင့်သည်။ ဂရုစိုက်တတ်သောစိတ်ထားပြခြင်းသည် ထိုသို့ပြုရန် ထောက်ကူပေမည်။ အလုပ်သမားချင်း သို့မဟုတ် သူ၏မိသားစုဝင်များ ဖျားနာလျှင် သင်သည် စိုးရိမ်ပူပန်ကြောင်း ပြနိုင်သည်။ သတင်းမေးမြန်းခြင်းပင် အခြားသူများအပေါ် အပြုသဘောသက်ရောက်နိုင်၏။ မှန်ပါသည်၊ ခရစ်ယာန်များသည် သူတို့နှင့် သင့်သင့်မြတ်မြတ်နေနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားသင့်သည်။ တစ်ခါတစ်ရံ ဂရုစိုက်ပြီး စိုးရိမ်ကြောင်းဖော်ပြသည့် ကြင်နာသောစကားတစ်လုံးသည် အခြေအနေကို ကောင်းမွန်လာစေတတ်သည်။
၁၀ အလုပ်ရှင်တစ်ဦးသည် အလုပ်သမားများအား မိမိ၏အယူအဆများကို အတင်းအကျပ်ခံယူစေပြီး ကျမ်းစာနှင့်မညီသော အမျိုးသားပွဲ သို့မဟုတ် အခမ်းအနားတွင် လူတိုင်းကို ပါဝင်စေလိုသည့် အချိန်အခါများ ရှိလာနိုင်သည်။ ခရစ်ယာန်သိစိတ်က ပါဝင်ခွင့်မပြုလျှင် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရပေမည်။ ထိုအချိန်အခါတွင် အလုပ်ရှင်၏အလိုဆန္ဒကို လိုက်လျောခြင်းသည် မည်မျှမှားကြောင်း အသေးစိတ်ရှင်းပြခြင်းသည် ပညာရှိရာကျမည်မဟုတ်ပေ။ ခရစ်ယာန်ယုံကြည်ချက် မရှိသူများက ပါဝင်သင့်သည်ဟု ယူမှတ်ပုံရမည်။ (၁ ပေတရု ၂:၂၁-၂၃) သင်သည် မပါဝင်ရသည့်အကြောင်းရင်းကို ကြင်နာစွာ ရှင်းပြနိုင်ပေသည်။ ခနဲ့တဲ့တဲ့ဝေဖန်ချက်များဖြင့် နှုတ်လှံမထိုးပါနှင့်။ ခရစ်ယာန်တစ်ဦးသည် ရောမ ၁၂:၁၈ ပါဤအကြံဉာဏ်ကောင်းကို လိုက်လျှောက်လျှင်ကောင်း၏– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။”
ကျောင်းတွင် ကြင်နာမှု
၁၁။ လူငယ်များသည် ကျောင်းနေဖက်များအား ကြင်နာမှုပြရာတွင် အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်ရသနည်း။
၁၁ ကျောင်းသားချင်းအပေါ် ကြင်နာမှုပြရန် လူငယ်များအတွက် အမှန်ပင်စိန်ခေါ်ချက်ဖြစ်နိုင်သည်။ လူငယ်များသည် အတန်းဖော်များ၏ လက်ခံမှုကို ရလိုကြသည်။ ကျောင်းတွင် ယောက်ျားလေးအချို့သည် အခြားကျောင်းသားများက မိမိတို့ကိုအထင်ကြီးစေရန် သူတစ်ပါးကို ကြိမ်းမောင်း၍ ကြီးနိုင်ငယ်ညှဉ်းကာ ယောက်ျားမာန်ပြတတ်ကြသည်။ (မဿဲ ၂၀:၂၅) အခြားလူငယ်များကမူ အားကစားတွင်၊ သို့မဟုတ် တခြားလှုပ်ရှားမှုများတွင် ထူးချွန်ကြောင်း ဝင့်ကြွားပြလိုကြသည်။ သူတို့၏အစွမ်းသတ္တိကို ထုတ်ကြွားရာတွင် အတန်းဖော်များနှင့် တခြားကျောင်းသားများကို ကြင်နာမှုကင်းမဲ့စွာ ပြုမူဆက်ဆံပြီး ထိုသို့ပြုခြင်းသည်ပင် သူတို့ထက် တစ်နည်းနည်းဖြင့် သာလွန်သည်ဟု တလွဲယူမှတ်ကြသည်။ ခရစ်ယာန်လူငယ်တစ်ဦးသည် ထိုသူတို့ကို မတုပမိရန် သတိပြုရမည်။ (မဿဲ ၂၀:၂၆၊ ၂၇) တမန်တော်ပေါလုက “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြု [“ကြင်နာ၊” ကဘ] တတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ” ဟုဆိုခဲ့သည်။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် ကြင်နာမှုကင်းမဲ့သူများ၏ မကောင်းသောပုံသက်သေကို မလိုက်လျှောက်ဘဲ ကျောင်းနေဖက်များနှင့် ဆက်ဆံရာတွင် ကျမ်းစာဆုံးမစကားကို စွဲကိုင်ဖို့ တာဝန်ရှိ၏။—၁ ကောရိန္သု ၁၃:၄။
၁၂။ (က) ဆရာများကို ကြင်နာမှုပြရန်မှာ လူငယ်များအတွက် အဘယ်ကြောင့် စိန်ခေါ်ချက်ဖြစ်နိုင်သနည်း။ (ခ) ကြင်နာမှုကင်းမဲ့စေရန် ဖိအားပေးခံရသည့်အခါ လူငယ်များကို မည်သူကူညီပေးနိုင်သနည်း။
၁၂ လူငယ်များသည် သူတို့၏ဆရာများကိုလည်း ကြင်နာစွာဆက်ဆံသင့်သည်။ ကျောင်းသားများစွာသည် ဆရာများကို စိတ်ပျက်အောင် ပြုလုပ်တတ်ကြသည်။ ကျောင်းစည်းကမ်းများကို ချိုးဖောက်သည့် လှုပ်ရှားမှုများတွင်ပါဝင်ခြင်းဖြင့် ဆရာများကို မလေးမစားပြုသည့်အခါ သူတို့ကိုယ်သူတို့ တော်လှပြီဟု ယူမှတ်ကြသည်။ အခြားသူများကို ခြိမ်းခြောက်၍ သူတို့နှင့် ပူးပေါင်းစေသည်။ ခရစ်ယာန်လူငယ်တစ်ဦးသည် ပူးပေါင်းရန်ငြင်းသောအခါ ဝိုင်းအလှောင်ခံရ သို့မဟုတ် ဆဲဆိုထိုးနှက်ခံရပေမည်။ စာသင်နှစ်တစ်နှစ်လုံး ဤသို့သောအခြေအနေမျိုးကို ရင်ဆိုင်ရခြင်းသည် ကြင်နာမှုပြရန် ခရစ်ယာန်တစ်ဦး၏သန္နိဋ္ဌာန်ကို စမ်းသပ်ခြင်းဖြစ်သည်။ သို့သော် သစ္စာရှိယေဟောဝါ၏ကျေးကျွန်တစ်ဦးဖြစ်ရန် ယင်းသည် မည်မျှအရေးကြီးကြောင်း စိတ်ထဲစွဲမှတ်ပါ။ ကိုယ်တော်သည် ဘဝ၏အဆိုပါခက်ခဲချိန်များတွင် မိမိ၏ဝိညာဉ်တော်အားဖြင့် ထောက်မပေးလိမ့်မည်ဖြစ်ကြောင်း စိတ်ချပါ။—ဆာလံ ၃၇:၂၈။
အိမ်နီးချင်းများအပေါ် ကြင်နာမှု
၁၃-၁၅။ အိမ်နီးချင်းများကို ကြင်နာမှုပြရန် အဘယ်အရာက အဟန့်အတားဖြစ်နိုင်သနည်း၊ ဤစိန်ခေါ်ချက်များကို မည်သို့အောင်မြင်နိုင်မည်နည်း။
၁၃ သင်သည် အိမ်တွင်၊ တိုက်ခန်းတွင်၊ နောက်တွဲယာဉ်တွင် သို့မဟုတ် မည်သည့်နေရာတွင်မဆို နေထိုင်ပါစေ အိမ်နီးချင်းများကို ကြင်နာမှုပြပြီး သူတို့အကျိုးကို စိတ်ဝင်စားကြောင်း ပြသသည့်နည်းများကို စဉ်းစားနိုင်သည်။ ၎င်းသည်လည်း အမြဲလွယ်ကူသည်မဟုတ်ချေ။
၁၄ သင်၏အိမ်နီးချင်းများက သင်၏လူမျိုး၊ သို့မဟုတ် ဘာသာတရားကြောင့် စိတ်စွန်းကွက်နေလျှင်ကော။ တစ်ခါတစ်ရံ သူတို့သည် ရိုင်းစိုင်းမည် သို့မဟုတ် သင့်ကို လုံးဝဥပေက္ခာပြုထားလျှင်ကော။ ယေဟောဝါကျေးကျွန်တစ်ဦးအနေနှင့် အတတ်နိုင်ဆုံး ကြင်နာမှုပြခြင်းသည် အကျိုးကျေးဇူးရရှိလိမ့်မည်။ သင်သည် တစ်မူထူးခြားစွာ ကြံ့ကြံ့ခံရပ်တည်လျှင် ကြင်နာမှု၏စံနမူနာရှင် ယေဟောဝါကို အမှန်ပင်ချီးမွမ်းရာရောက်လိမ့်မည်။ သင်၏ကြင်နာမှုကြောင့် အိမ်နီးချင်း၏စိတ်ထားပြောင်းလဲသွားမည့်အချိန်ကို သင်ဘယ်တော့မျှသိမည်မဟုတ်ချေ။ သူသည် ယေဟောဝါအား ချီးမွမ်းသူပင် ဖြစ်လာနိုင်၏။—၁ ပေတရု ၂:၁၂။
၁၅ ကြင်နာမှုကို မည်သို့ပြနိုင်မည်နည်း။ တစ်ချက်အနေနှင့် အမူအကျင့်ဖြင့် မိသားစုလိုက် ဝိညာဉ်အသီးသီးပြကြသည်။ တစ်ခါတစ်ရံ သင်၏အိမ်နီးချင်းကို ကြင်နာမှုပြနိုင်ပေမည်။ ကြင်နာမှုဟူသည် သူတစ်ပါးအကျိုးကို စိတ်ဝင်တစားလုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သတိရပါ။—၁ ပေတရု ၃:၈-၁၂။
ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် ကြင်နာမှု
၁၆၊ ၁၇။ (က) ကြင်နာမှုသည် ကျွန်ုပ်တို့၏လူထုဓမ္မအမှုတွင် အဘယ်ကြောင့် အရေးကြီးသနည်း။ (ခ) လယ်ကွင်းဓမ္မအမှု၏နည်းအမျိုးမျိုးတွင် ကြင်နာမှုကို မည်သို့ပြနိုင်သနည်း။
၁၆ ကျွန်ုပ်တို့သည် လူတို့၏နေအိမ်များ၊ အလုပ်ခွင်များနှင့် လူအများရှိရာနေရာများသို့ ရောက်ရှိရန် စုပေါင်းကြိုးစားသည့် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် ကြင်နာမှုပြသင့်သည်။ ကျွန်ုပ်တို့သည် အမြဲကြင်နာတတ်သည့် ယေဟောဝါကို ကိုယ်စားပြုကြောင်း သတိရသင့်သည်။—ထွက်မြောက်ရာ ၃၄:၆။
၁၇ သင်၏ခရစ်ယာန်ဓမ္မအမှုတွင် ကြင်နာမှုပြရန် ကြိုးစားအားထုတ်မှုများ၌ အဘယ်အရာပါဝင်သနည်း။ဥပမာတစ်ခုအနေနှင့် လမ်းပေါ်သက်သေခံနေစဉ် လူတို့ထံချဉ်းကပ်သည့်အခါ အတိုချုပ်ပြောပြီး ထောက်ထားစာနာခြင်းအားဖြင့် ကြင်နာမှုပြနိုင်သည်။ လူသွားစင်္ကြံများသည် လူသွားလူလာများနှင့် အစဉ်ပြည့်ကျပ်နေရာ သင်သည် လူသွားစင်္ကြံများတွင် ပိတ်ဆို့မရပ်မိရန် သတိပြုပါ။ ထို့ပြင် စီးပွားရေးရပ်ကွက်တွင် သက်သေခံသည့်အခါ ဆိုင်ရှင်များသည် ဝယ်သူများကို အာရုံစိုက်ကြကြောင်း သတိရကာ အတိုချုပ်ပြောခြင်းဖြင့် ကြင်နာမှုပြပါ။
၁၈။ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် ကြင်နာမှုပြရာ၌ ပိုင်းခြားသိမြင်မှုသည် အဘယ်ကဏ္ဍမှ ပါဝင်သနည်း။
၁၈ တစ်အိမ်မှတစ်အိမ်အမှုဆောင်ရာတွင် ပိုင်းခြားသိမြင်မှုကိုအသုံးပြုပါ။ အထူးသဖြင့် ရာသီဥတုဆိုးရွားလျှင် သူတစ်ပါးအိမ်တွင် ကြာရှည်မနေပါနှင့်။ လူတစ်ဦးသည် သင်ရှိနေခြင်းကြောင့်စိတ်မရှည်နိုင်၊ စိတ်ဆိုးလာသည်ကို သိရှိနိုင်သလော။ သင်၏ဒေသတွင်ယေဟောဝါသက်သေများ မကြာခဏသွားရောက်မှုကြောင့် ဖြစ်နိုင်ပေမည်။ ထိုသို့ဖြစ်လျှင် အထူးစာနာထောက်ထားမှုပြပြီး အမြဲကြင်နာကာ ဖော်ရွေပါ။ (သု.၁၇:၁၄) ထိုနေ့တွင် အိမ်ရှင် နားမထောင်ရသည့်အကြောင်းရင်းကို အသိအမှတ်ပြုရန် ကြိုးစားပါ။ သင်၏ခရစ်ယာန်ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဦးသည် မကြာမီ ထိုအိမ်သို့ ပြန်သွားမည်ကို သတိရပါ။ ခက်ထန်သူတစ်ဦးနှင့် တွေ့ဆုံရလျှင် ကြင်နာမှုပြရန် အထူးကြိုးစားပါ။ အသံမမာဘဲ သို့မဟုတ် မျက်မှောင်မကြုတ်ဘဲ အေးဆေးတည်ငြိမ်စွာ ပြောဆိုပါ။ ကြင်နာတတ်သောခရစ်ယာန်တစ်ဦးသည် အိမ်ရှင်ကို စကားစစ်ထိုးပြီး ဒေါသထွက်အောင် ပြုလုပ်လိုမည်မဟုတ်ချေ။ (မဿဲ ၁၀:၁၁-၁၄) တစ်နေ့နေ့တွင် ထိုသူသည် သတင်းကောင်းကို နားထောင်ကောင်း နားထောင်လာပေမည်။
အသင်းတော်အစည်းအဝေးများတွင် ကြင်နာမှု
၁၉၊ ၂၀။ အသင်းတော်တွင် အဘယ်ကြောင့် ကြင်နာမှုပြဖို့လိုအပ်ပြီး ယင်းကို မည်သို့ပြသနိုင်သနည်း။
၁၉ ယုံကြည်သူချင်းများကို ကြင်နာမှုပြရန်လည်း အရေးကြီးသည်။ (ဟေဗြဲ ၁၃:၁) ကျွန်ုပ်တို့သည် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်သောကြောင့် အချင်းချင်းဆက်ဆံရာတွင် ကြင်နာမှုပြရန် မရှိမဖြစ်လိုအပ်၏။
၂၀ အသင်းတော်တစ်ခုသည် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို အခြားအသင်းတော်တစ်ခု၊ နှစ်ခု သို့မဟုတ် ထိုထက်များသော အသင်းတော်များနှင့် မျှဝေအသုံးပြုနေရလျှင် တခြားအသင်းတော်သားများကို ဂုဏ်တင်၍ ကြင်နာစွာဆက်ဆံရန် အရေးကြီး၏။ အစည်းအဝေးအချိန်များနှင့် သန့်ရှင်းရေး သို့မဟုတ် ပြုပြင်ထိန်းသိမ်းရေးအစရှိသော လိုအပ်ရာများ အစီအစဉ်ရေးဆွဲရတော့မည့်အခါ ဂုဏ်ပြိုင်ခြင်းသည် ပူးပေါင်းဆောင်ရွက်ရန် အခက်တွေ့စေ၏။ သဘောထားကွဲလွဲချက်အချို့ရှိလျှင်ပင် ကြင်နာပြီး ထောက်ထားစာနာပါ။ ထိုသို့ဖြင့် ကြင်နာမှုသည် အောင်ပွဲခံပြီး သူတစ်ပါးအကျိုးကို သင်,စိတ်ဝင်စားမှုပြခြင်းအပေါ် ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။
ကြင်နာမှုကို ဆက်ပြလော့
၂၁၊ ၂၂။ ကောလောသဲ ၃:၁၂ နှင့်အညီ ကျွန်ုပ်တို့သည် မည်သို့သန္နိဋ္ဌာန်ချသင့်သနည်း။
၂၁ ကြင်နာမှုသည် ကျွန်ုပ်တို့၏ဘဝကဏ္ဍတိုင်းအပေါ် လွှမ်းမိုးသည့် အရာခပ်သိမ်းနှင့်သက်ဆိုင်သော အရည်အသွေးတစ်ခုဖြစ်၏။ ထို့ကြောင့် ကြင်နာမှုကို ကျွန်ုပ်တို့၏ခရစ်ယာန်ဥပဓိရုပ်နှင့် ခွဲထုတ်မရသောအပိုင်းတစ်ခု ဖြစ်စေသင့်သည်။ အခြားသူများအား ကြင်နာမှုပြခြင်းကို အကျင့်ဓလေ့ဖြစ်စေသင့်သည်။
၂၂ ကျွန်ုပ်တို့အားလုံး အခြားသူများကို နေ့စဉ် ကြင်နာမှုပြကြပြီး တမန်တော်ပေါလု၏ ဤစကားများကို တစ်ဦးချင်းစီ လိုက်လျှောက်နိုင်ကြပါစေ– “သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း [“ကြင်နာခြင်း၊” ကဘ]၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၂။
သင်မှတ်မိသလော
• ကြင်နာမှုပြရန် ခရစ်ယာန်တစ်ဦးအတွက် အဘယ်အရာက အခက်တွေ့စေသနည်း။
• မိသားစုတွင် ကြင်နာမှုပြခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။
• ကျောင်းတွင်၊ အလုပ်ခွင်တွင်နှင့် အိမ်နီးချင်းများကို ကြင်နာမှု ပြရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်ချက်အချို့ကား အဘယ်နည်း။
• ခရစ်ယာန်များသည် လူထုဓမ္မအမှုတွင် မည်သို့ကြင်နာမှုပြ နိုင်ပုံကို ရှင်းပြပါ။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မိသားစုဝင်အားလုံး ပြသသော ကြင်နာမှုသည် စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုဖြစ်စေ
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
သင်သည် လုပ်ဖော်ဆောင်ဖက်တစ်ဦး သို့မဟုတ် သူ၏မိသားစု ဖျားနာသည့်အခါ ကြင်နာမှုပြနိုင်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကဲ့ရဲ့ပြောင်လှောင်မှုကြားမှ စွဲမြဲစွာ ကြင်နာမှုပြသူများကို ယေဟောဝါထောက်ပံ့
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
လိုအပ်နေသောအိမ်နီးချင်းတစ်ဦးကို ကူညီပေးခြင်းသည် ကြင်နာမှုလုပ်ရပ်တစ်ခုဖြစ်