မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာအကူအညီဖြင့် သွေးဆောင်မှုကို သူတွန်းလှန်ခဲ့

သမ္မာကျမ်းစာအကူအညီဖြင့် သွေးဆောင်မှုကို သူတွန်းလှန်ခဲ့

သမ္မာကျမ်းစာ​အကူအညီ​ဖြင့် သွေးဆောင်မှု​ကို သူ​တွန်းလှန်​ခဲ့

မျက်မှောက်​လောကတွင် သွေးဆောင်မှု များ​လှ​သည်။ ကျမ်းစာ​မူများ​ကို​စွဲကိုင်​ထား​ဖို့ မလွယ်ကူ​ပါ။ ဥပမာ၊ “မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင်​ကြလော့” ဟူသော ကျမ်းစာ​သွန်သင်ချက်​ကို လိုက်နာ​ဖို့​ဆို​သည်​မှာ စိန်ခေါ်ချက်​တစ်ခု​ဖြစ်​ပေမည်။—၁ ကောရိန္သု ၆:၁၈

စ​ဘား​စ​တီ​ရန်​ဟု ကျွန်ုပ်​တို့​အမည်ပေး​မည့်​သူသည် ပိုလန်​နိုင်ငံ​ရှိ စ​ကင်​ဒီ​နေ​ဗီယံ​ကုမ္ပဏီ​တစ်ခု​တွင် အလုပ်လုပ်​သော ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သည်။ သူသည် ဆက်လက်​တည်ကြည်​နေဖို့ ကြိုးစား​တိုက်လှန်​ခဲ့​ရသည်။

စ​ဘား​စ​တီ​ရန်​သည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ကြောင်း လုပ်ဖော်ဆောင်ဖက်​များ သိလာ​ကြသည်။ သူ့​အထက်အရာရှိ​များ​က သူ၏​လုံ့လ​ဝီရိယ​နှင့် ရိုး​ဖြောင့်​မှု​ကို သဘောကျ​ပြီး အခွင့်ထူး​များ​ဖြင့် ဆုချ​ခဲ့​သည်။ သို့သော် ၎င်း​အခွင့်ထူး​များ​ရထား​၍ ဒွိဟ​ဖြစ်ဖွယ်​ဖျော်ဖြေမှု​များ​ပါဝင်သော လုပ်ငန်း​ဆိုင်ရာ​စည်းဝေးများ​တွင် သူပါ​ရှိနေဖို့ တာဝန်​ရှိ​နေသည်။

မကြာမီ စ​ဘား​စ​တီ​ရန် သံသယဝင်​လာ​သည်။ “ငါဟာ ယေဟောဝါသက်သေ​တစ်ယောက်​ဆိုတာ ငါ့ရဲ့​ဘော့စ်​က သိ​တာ​ပဲ။ အဲဒါ​ကြောင့်​လည်း ငါ့ကို ယုံကြည်​စိတ်ချ၊ အားကိုး​တာပေါ့။ အဲဒီမှာ​ပါဝင်​ဖို့ ငြင်း​လိုက်မယ်​ဆိုရင် ရှာ​ဖို့​ခက်လှ​တဲ့ ဒီ​အလုပ်ကို ငါ​ဆုံးရှုံး​ရမယ်။ အဲဒီ​ဖျော်ဖြေမှု​မှာ မပါဝင်ဘဲ ကြည့်ရုံ​သက်​သက်​ဆိုရင်ကော။”

ထို​အခါ သူ အသေးစိတ် စုံစမ်း​ကြည့်​သည်။ သူသည် ညချမ်း​ပိုင်း​တွင် နိုင်ငံခြားသား​ဖောက်သည်​များ တွဲ​ဖို့ “မိန်းကလေး​များ” ကို စီစဉ်​ပေး​ရမည်​ဖြစ်သည်။ သူ ဘာလုပ်​မည်​နည်း။

အကျင့်​ယိုယွင်းမှု​နှင့်​ပတ်သက်ပြီး ကျမ်းစာ​ပေါ်​အခြေပြု​သည့် သူ၏​သဘောထားကို အလုပ်ကြီး​ကြပ်​သူအား ပြန်​ပြောပြ​ဖို့ စ​ဘား​စ​တီ​ရန် ဆုံးဖြတ်​ခဲ့​သည်။ မကြာမီ ထို​အလုပ်​သည် သူနှင့်​မအပ်စပ်​ကြောင်း၊ အနှေး​နှင့်​အမြန်​ဆို​သလို အလုပ်​ထွက်​ရမည်​ဖြစ်​ကြောင်း ပေါ်လွင်​ထင်ရှား​လာ​သည်။ လခ​ပို​နည်း​သော်လည်း ထိုသို့​သော​သွေးဆောင်မှုများ​မရှိသည့် အလုပ်​အသစ်​ကို သူ​ရရှိခဲ့သည်။ ယခု သူ၏​သိစိတ်​မှာ ကြည်လင်​နေပြီ။

အကျင့်​ယိုယွင်းမှု​တွင်​ပါဝင်​ရန် သို့​မဟုတ် မသိ​ကျိုး​ကျွံ​ပြု​ရန် သင့်ကို တစ်စုံ​တစ်ဦး ဖိအားပေး​လာ​လျှင် မည်သို့​ပြု​မည်​နည်း။ ပြောင်းလဲမှု​ကြီး​ပြု​ရန် အသင့်ရှိ​မည်​လော။ ကမ္ဘာဦး ၃၉:၇-၁၂ တွင်​မှတ်တမ်း​တင်ထား​သည့်​အတိုင်း ရှေးခေတ်​မှ ယောသပ် ထိုသို့​ပင်​ပြု​ခဲ့​သည်။