ကြားနေခြင်းက ခရစ်ယာန်မေတ္တာကို အတားအဆီးဖြစ်စေသလော
ကြားနေခြင်းက ခရစ်ယာန်မေတ္တာကို အတားအဆီးဖြစ်စေသလော
ခရစ်ယာန်တစ်ဦးဖြစ်ခြင်းတွင် သမ္မာကျမ်းစာကိုဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနှင့် တနင်္ဂနွေနေ့များ၌ ဓမ္မသီချင်းများသီဆိုခြင်းထက်မက ပြုလုပ်ရန်လိုသည်။ ဘုရားသခင်အတွက်ရော လူတို့အတွက်ပါ ပြုလုပ်စရာအလုပ်များရှိသည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ အပြုအမူအားဖြင့် ဧကန်အမှန်ချစ်ကြကုန်အံ့။” (၁ ယောဟန် ၃:၁၈၊ သမ္မာ) ယေရှုသည် သူတစ်ပါးကို အမှန်တကယ်စိတ်ဝင်စားခဲ့သည်ဖြစ်၍ ကိုယ်တော်အား ခရစ်ယာန်များ အတုယူလိုကြပါသည်။ တမန်တော်ပေါလုက “သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်” ၍အမြဲလုပ်ဆောင်ကြရန် ယုံကြည်သူချင်းများအား တိုက်တွန်းခဲ့သည်။ (၁ ကောရိန္သု ၁၅:၅၈) သို့သော် သခင်ဘုရား၏အမှုတော်ကား အဘယ်နည်း။ ထိုတွင် သူဆင်းရဲများနှင့် နင်းပြားများအကျိုးအတွက် အုပ်ချုပ်ရေးမူဝါဒကို ပြောင်းလဲဖို့ကြိုးစားခြင်း ပါဝင်သလော။ ထိုသို့ ယေရှုပြုလုပ်ခဲ့သလော။
နိုင်ငံရေးတွင်ပါဝင်ရန် တိုက်တွန်းခံခဲ့ရသော်လည်း ယေရှုလုံးဝမပါခဲ့ပေ။ လောကနိုင်ငံရှိသမျှကို အုပ်စိုးခွင့် စာတန်ကမ်းလှမ်းသောအခါ ကိုယ်တော်ပယ်ချခဲ့သည်၊ အခွန်ပေးခြင်းကိစ္စနှင့်ပတ်သက်သော အငြင်းပွားမှုထဲ ကိုယ်တော်အား ဆွဲထည့်၍မရခဲ့ပါ၊ ထိုစဉ်က ခေတ်စားသော အဖွဲ့တစ်ဖွဲ့က ကိုယ်တော်အား မင်းမြှောက်လိုသောအခါ ကိုယ်တော်ရှောင်တိမ်းသွားခဲ့သည်။ (မဿဲ ၄:၈-၁၀; ၂၂:၁၇-၂၁; ယောဟန် ၆:၁၅) သို့သော် ကိုယ်တော်သည် ကြားနေသည့်အတွက် သူတစ်ပါးအကျိုးမဆောင်ဘဲမနေခဲ့ချေ။
ယေရှုသည် သူတစ်ပါးအတွက် တည်မြဲသည့်အကျိုးဖြစ်စေမည့်အရာကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ လူငါးထောင်ကို ကိုယ်တော်ကျွေးမွေးခြင်းနှင့် ဖျားနာသူများကို ကုသပေးခြင်းက လူအချို့အတွက် ယာယီသက်သာမှုရရှိစေခဲ့သော်လည်း ကိုယ်တော်၏သွန်သင်ချက်ကမူ လူသားအားလုံးကို ထာဝရကောင်းချီးများ ခံစားရစေသည်။ ယေရှုသည် ကယ်ဆယ်ရေးကင်ပိန်းများ စီစဉ်ဖွဲ့စည်းသူအဖြစ် နာမည်ကျော်ကြားခဲ့သည်မဟုတ်ဘဲ ကိုယ်တော်အား “ဆရာ” အဖြစ် လူသိများခဲ့သည်။ (မဿဲ ၂၆:၁၈; မာကု ၅:၃၅; ယောဟန် ၁၁:၂၈) ကိုယ်တော်က “[အမှန်]တရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ” ဟု မိန့်ဆိုခဲ့သည်။—ယောဟန် ၁၈:၃၇။
နိုင်ငံရေးထက် သာ၍ကောင်းသောတရားကို ဟောပြောခြင်း
ယေရှုဟောပြောခဲ့သော အမှန်တရားသည် နိုင်ငံရေးမူဝါဒမဟုတ်ပါ။ ယင်းအစား ကိုယ်တော်တိုင် ဘုရင်အဖြစ်အုပ်စိုးမည့် ဘုရားသခင့်နိုင်ငံတော်အကြောင်း အဓိကဟောပြောခဲ့သည်။ (လုကာ ၄:၄၃) ဤနိုင်ငံတော်သည် ကောင်းကင်အစိုးရဖြစ်ပြီး လူ့အုပ်ချုပ်မှုမှန်သမျှကို အစားထိုးမည်ဖြစ်၍ လူအပေါင်းအတွက် တည်မြဲသောငြိမ်သက်မှုရှိစေမည်ဖြစ်သည်။ (ဟေရှာယ ၉:၆၊ ၇; ၁၁:၉; ဒံယေလ ၂:၄၄၊ ၄၅) ထို့ကြောင့် ဤနိုင်ငံတော်သည် လူသားတို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်၏။ အနာဂတ်အတွက် သေချာသောဤမျှော်လင့်ချက်ကို လူတို့အား သိစေခြင်းသည် လုံခြုံသောအနာဂတ်ရရှိဖို့ လူကိုအားကိုးရန် အားပေးတိုက်တွန်းခြင်းထက် သာ၍မေတ္တာရှိရာ မရောက်ပေလော။ သမ္မာကျမ်းစာကဤသို့ဆို၏– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။ ယာကုပ်အမျိုး၏ဘုရားသခင် မစတော်မူသောသူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။” (ဆာလံ ၁၄၆:၃-၅) ထို့ကြောင့် ယေရှုသည် သာ၍ကောင်းသော အစိုးရဖွဲ့စည်းနည်းကို ဟောပြောရန် တပည့်များအား စေလွှတ်မည့်အစား “နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို” ဟောပြောရန် သွန်သင်ပေးခဲ့သည်။—မဿဲ ၁၀:၆၊ ၇; ၂၄:၁၄။
ထို့ကြောင့် ဤသည်ကား ခရစ်ယာန်ဟောပြောသူများ တာဝန်ပေးအပ်ခံရသော “သခင်ဘုရား၏အမှုတော်” ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သားများသည် အချင်းချင်းချစ်ရန် တာဝန်ရှိသည်ဖြစ်ရာ ၎င်းနိုင်ငံတော်သည် လူ့ဥစ္စာအင်ခွင်များကို မျှမျှတတဝေမျှခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို အောင်မြင်စွာ ဖယ်ရှားပစ်ပါလိမ့်မည်။ (ဆာလံ ၇၂:၈၊ ၁၂၊ ၁၃) ဤကား သတင်းကောင်းဖြစ်၍ အမှန်ဟောပြောသင့်သော သတင်းတရားဖြစ်သည်။
ယနေ့ ယေဟောဝါသက်သေများသည် နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် ဤ “သခင်ဘုရား၏အမှုတော်” ကိုထမ်းဆောင်ဖို့ စနစ်တကျဖွဲ့စည်းထားခံရကြသည်။ ယေရှု၏အမိန့်တော်နှင့်အညီ အုပ်ချုပ်မှုအားလုံးကို သူတို့ရိုသေလေးစားကြသည်။ (မဿဲ ၂၂:၂၁) တစ်ကြိမ်တည်းတွင် ကိုယ်တော်၏နောက်လိုက်များအား မိန့်မှာသည့် ဤစကားကိုလည်း သူတို့လိုက်လျှောက်ကြ၏– “သင်တို့သည် ဤလောကနှင့်မဆက်ဆံ၊ ဤလောကထဲက ငါရွေးကောက်သောသူဖြစ်” ကြသည်။—ယောဟန် ၁၅:၁၉၊ သမ္မာ။
နိုင်ငံရေးတရားဟောခဲ့ကြသူအချို့သည် သမ္မာကျမ်းစာကို အသေအချာလေ့လာပြီးနောက် ပြောင်းလဲခဲ့ကြသည်။ ချာ့ခ်ျအုပ်ချုပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော ကက်သလစ်လှုပ်ရှားမှု အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ၊ အီတာလျံလူမျိုး နိုင်ငံရေးသမားတစ်ဦးက ဤသို့ပြောခဲ့သည်– “နိုင်ငံရေးနဲ့ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးမှာ လူတို့ တက်တက်ကြွကြွပါဝင်သင့်တယ်လို့ယူဆပြီး နိုင်ငံရေးမှာ ကျွန်တော်ပါဝင်လှုပ်ရှားခဲ့တယ်။” သူသည် ယေဟောဝါသက်သေတစ်ဦးအဖြစ် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောရန် မြို့တော်ဝန်အဖြစ်မှ နုတ်ထွက်ပြီးနောက် စိတ်ရင်းမှန်ဖြင့်ကြိုးပမ်းသည့် နိုင်ငံရေးသမားများ အဘယ်ကြောင့်မအောင်မြင်ကြကြောင်း သူရှင်းပြခဲ့သည်။ “လောကကြီး ဒီလိုဖြစ်နေတာဟာ ကိုယ်ကျင့်တရားရိုးဖြောင့်သူတွေ လူမှုရေးအခြေအနေကို ပိုပြီးကောင်းလာအောင် မကြိုးစားကြလို့မဟုတ်ဘဲ လူနည်းစုရဲ့ ရိုးဖြောင့်တဲ့ ကြိုးပမ်းမှုတွေကို အများစုရဲ့ဆိုးသွမ်းမှုတွေက လွှမ်းမိုးသွားလို့ပါ။”
လူတို့အတွက် တစ်ခုတည်းသော စစ်မှန်သည့်မျှော်လင့်ချက်ကို ဟောပြောရန် နိုင်ငံရေး၌ မပါဝင်ခြင်းသည် သူတစ်ပါးကို လက်တွေ့ကျကျကူညီခြင်းမှ ခရစ်ယာန်စစ်များအတွက် အတားအဆီးမဖြစ်ပါ။ ဘုရားသခင့်နိုင်ငံတော်သားများဖြစ်လာရန် သူတို့၏ကူညီမှုကိုခံယူသူများသည် အဖျက်သဘောထားများကို ပြုပြင်ပြောင်းလဲခဲ့ပြီ၊ အာဏာပိုင်များကို လေးစားတတ်လာသည်၊ သူတို့၏မိသားစုဘဝ တိုးတက်လာ၍ စည်းစိမ်ချမ်းသာအပေါ် မျှတသောအမြင်ရှိလာကြသည်။ အရေးအကြီးဆုံးမှာ၊ ယေဟောဝါသက်သေများသည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိရန် လူတို့ကို ကူညီပေးကြသည်။
ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသူများသည် သူတို့ရပ်ကွက်တွင်ရှိသူတို့ကို အကျိုးပြုကြ၏။ ထို့ထက်ကား သူတို့သည် ဘုရားသခင်အား ချစ်မြတ်နိုးသူအားလုံးအတွက် တည်မြဲသောငြိမ်သက်မှု ဆောင်ကြဉ်းပေးမည့် အမှန်တကယ်တည်ရှိမည့် အုပ်ချုပ်မှုတစ်ခုကို ယုံကြည်ကိုးစားရန် လူတို့ကို ညွှန်ကြားပေးသည်။ သို့ဖြစ်၍ ခရစ်ယာန်များသည် ကြားနေကြခြင်းကြောင့် ယနေ့ အတည်မြဲဆုံးနှင့် လက်တွေ့အကျဆုံးဖြစ်သော အကူအညီကို လွတ်လပ်စွာပေးနေကြပါသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
နိုင်ငံရေးမှ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းသို့
လူငယ်ကလေးတစ်ဦးအနေနှင့် အတေးလ်သည် ဘရာဇီးလ်နိုင်ငံ၊ ဘလဲမ်းမြို့ရှိ ခရစ်ယာန်ဓမ္မဆရာများထံမှ လွတ်မြောက်ရေး ဘာသာဝါဒလှုပ်ရှားမှုအကြောင်း သင်ယူသိရှိခဲ့သည်။ လူတို့သည် အဆုံးတွင် ဖိနှိပ်မှုမှလွတ်မြောက်မည့်အကြောင်း ကြားသိရသည်ကို သူနှစ်သက်သဖြင့် လှုပ်ရှားပြောင်းလဲရေးအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းကာ ထိုတွင် ဆန္ဒပြချီတက်ပွဲများနှင့် သပိတ်မှောက်ခြင်းများစီစဉ်တတ်လာသည်။
တစ်ကြိမ်တည်းတွင် ကြီးမြတ်သောဆရာ့စကားကိုနားထောင်ခြင်း * ဟူသော သူရရှိထားသည့်စာအုပ်ကိုအသုံးပြုပြီး ထိုအဖွဲ့ မှ ကလေးငယ်များကို အတေးလ်သွန်သင်ပေးလေ့ရှိသည်။ ထိုစာအုပ်က ကောင်းသောအမူအကျင့်နှင့် အာဏာပိုင်များကို နာခံခြင်းအကြောင်း သွန်သင်ပေးသည်။ ယင်းကြောင့် လွတ်မြောက်ရေးဘာသာဝါဒလှုပ်ရှားမှုကို ထောက်ခံသူများသည် ယေရှု၏မြင့်မားသောကိုယ်ကျင့်စံနှုန်းများကို အဘယ်ကြောင့်မလိုက်လျှောက်ကြကြောင်းနှင့် အာဏာရလာသူအချို့သည် ဖိနှိပ်ခံလူများကို အဘယ်ကြောင့်လျစ်လျူရှုတတ်ကြောင်း အတေးလ်သိလိုခဲ့သည်။ ထိုအခါ ယင်းအဖွဲ့အစည်းမှ သူနုတ်ထွက်လိုက်သည်။ နောက်ပိုင်းတွင် သူ့အိမ်သို့ ယေဟောဝါသက်သေများရောက်လာပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြကြသည်။ မကြာမီပင် သူသည် သမ္မာကျမ်းစာကိုလေ့လာနေ၍ လူတို့၏ဖိနှိပ်ခံရခြင်းအတွက် စစ်မှန်သောဖြေရှင်းနည်းကား အဘယ်အရာဖြစ်ကြောင်း သိရှိလာသည်။
ထိုသို့လေ့လာနေစဉ် ဘာသာရေးယုံကြည်မှုနှင့် နိုင်ငံရေးဟူသော ကက်သလစ်ဆွေးနွေးပွဲတစ်ခုကို အတေးလ် တက်ရောက်ခဲ့သည်။ “ထိုနှစ်ခုသည် ဒ င်္ဂါးပြားတစ်ပြား၏ မျက်နှာပြင်နှစ်ဖက်ဖြစ်သည်” ဟု သင်တန်းပို့ချသူများက ရှင်းပြ၏။ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ကျင်းပသော အစည်းအဝေးတစ်ခုကိုလည်း သူတက်ရောက်ခဲ့သည်။ ကွာခြားလိုက်လေခြင်း! ထိုတွင် ဆေးလိပ်သောက်ခြင်း၊ သေရည်သေရက်သောက်ကြူးခြင်း၊ ညစ်ညမ်းသည့်ပြက်လုံးများပြောဆိုခြင်း မရှိချေ။ သူတို့၏ဟောပြောခြင်းလုပ်ငန်းတွင် မိမိပါဝင်မည်ဟု သူစိတ်ဆုံးဖြတ်ပြီး မကြာမီ နှစ်ခြင်းခံခဲ့သည်။ ယခု သူသည် လွတ်မြောက်ရေးဘာသာဝါဒလှုပ်ရှားမှုမှာ သူဆင်းရဲများ၏ပြဿနာများအတွက် စစ်မှန်သောဖြေရှင်းနည်း မဟုတ်နိုင်ကြောင်း သိမြင်နားလည်လာလေပြီ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 15 ယေဟောဝါသက်သေများထုတ်ဝေခဲ့။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ခရစ်ယာန်ဓမ္မအမှုဆောင်များ၏ ကြားနေမှုသည် သူတစ်ပါးကို ကူညီပေးခြင်းအား မတားဆီးချေ