ဓမ္မဆရာများ နိုင်ငံရေးတရား ဟောသင့်သလော
ဓမ္မဆရာများ နိုင်ငံရေးတရား ဟောသင့်သလော
နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းဖြင့် ဆင်းရဲသားတို့ကို ကူညီပေးနိုင်သည်ဟု ကနေဒီယံဂိုဏ်းချုပ်တစ်ဦးက ဘုရားဖူးလာသူများကို ပြောပြသည်။ . . . နိုင်ငံရေးစနစ်သည် ဘုရားသခင့်အလိုတော်နှင့်မညီပုံပေါ်နေလျှင်ပင် ‘ဆင်းရဲသားများ တရားမျှတမှုရစေနိုင်ဖို့ နိုင်ငံရေးကိစ္စများတွင် ကျွန်ုပ်တို့ဝင်စွက်ဖို့လိုသည်။’”—ကက်သိုလစ် နယူးစ်။
ဝါရင့်ခရစ်ယာန်ဘုန်းကြီးများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းကို ထောက်ခံပြောဆိုခြင်းသည် အဆန်းမဟုတ်တော့; နိုင်ငံရေးရာထူး ခံယူထားသော ဘာသာရေးခေါင်းဆောင်များလည်း မရှားပေ။ အချို့ဆိုလျှင် နိုင်ငံရေးကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့၏။ အခြားသူများမှာမူ လူမျိုးမရွေး တန်းတူညီမျှရေးနှင့် ကျွန်စနစ်ဖျက်သိမ်းရေးစသည့် ကြိုးပမ်းမှုများအတွက် ချီးမွမ်းခံရ၊ အောက်မေ့ခံရကြသည်။
သို့ရာတွင်ချာ့ခ်ျအသင်းသားများစွာသည် နိုင်ငံရေးတွင် မိမိတို့၏တရားဟောဆရာများ ဝင်စွက်ခြင်းကို ဘဝင်မကျကြချေ။ “ဧဝံဂေလိအသင်းဝင်များသည် ပြည်သူ့ရေးရာများတွင် မိမိတို့၏ ဓမ္မဆရာများ ဝင်စွက်ခြင်းကို တစ်ခါတစ်ရံ စောဒကတက်ကြသည်” ဟု ခရစ်ယာန်ရာစုနှစ်မဂ္ဂဇင်းမှ နိုင်ငံရေးသီအိုလိုဂျီဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကဆိုသည်။ ချာ့ခ်ျသည် မြင့်မြတ်လွန်းရကား နိုင်ငံရေးရာများတွင် မပတ်သက်သင့်ဟု ဘာသာရေးသမားများစွာက ယူဆကြသည်။
ယင်းက သာ၍ကောင်းမွန်သောကမ္ဘာကို မြင်တွေ့လိုသူခပ်သိမ်းအား စိတ်ဝင်စားရာမေးခွန်းအချို့ကို ပေါ်ပေါက်စေသည်။ ခရစ်ယာန်တရားဟောဆရာများသည် နိုင်ငံရေးကို ပြုပြင်ပြောင်းလဲနိုင်မည်လော။ * နိုင်ငံရေးတရားဟောခြင်းသည် သာ၍ကောင်းသောအုပ်ချုပ်မှု၊ သာ၍ကောင်းသောကမ္ဘာတစ်ခုရှိစေရန် ဘုရားသခင်၏နည်းလမ်းလော။ နိုင်ငံရေးလိုက်စားရန် နည်းသစ်တစ်ခုကို ခရစ်ယာန်ဘာသာက အစပြုပေးခြင်းလော။
ခရစ်တော်၏နာမဖြင့် နိုင်ငံရေးလုပ်ဆောင်မှု စတင်လာပုံ
အစောပိုင်းခရစ်ယာန်အသင်းတော်သည် “ဤလောကတွင် အခွင့်အာဏာပိုင်ဆိုင်ရန် စိတ်မဝင်စား” သည့်အတွက် နာမည်ကျော်ကြားခဲ့ကြောင်း သမိုင်းပညာရှင် ဟယ်နရီ ချက်ဒဝစ်ခ်က အစောပိုင်းချာ့ခ်ျဟူသောစာအုပ်တွင် ဖော်ပြသည်။ ယင်းသည် “နိုင်ငံရေးတွင်မပါ၊ ငြိမ်သက်အေးချမ်းသည့် စစ်ဆန့်ကျင်သူများအဖွဲ့” ဖြစ်သည်။ ခရစ်ယာန်ဘာသာသမိုင်းစာအုပ်က ဤသို့ဖော်ပြသည်– “ခရစ်ယာန်အများအပြား၏ခံယူချက်မှာ သူတို့တစ်ဦးတစ်ယောက်မျှသည် နိုင်ငံရေးရာထူးများ မခံယူသင့်ဟူ၍ဖြစ်သည်။ . . . တတိယရာစုအစပိုင်းတိုင်အောင် တရားသူကြီးတစ်ဦးသည် ချာ့ခ်ျနှင့်ပူးပေါင်းလိုလျှင် သမိုင်းဝင်ခရစ်ယာန်ထုံးစံအရ သူ၏ရာထူးမှ နုတ်ထွက်ရ၏ဟု ဟစ်ပိုလီတပ်စ်ကဆို၏။” သို့သော် အာဏာမက်သောအမျိုးသားများသည် အသင်းတော်များစွာတွင် တဖြည်းဖြည်း ဦးစီးဦးဆောင်ပြုလာကြပြီး မိမိတို့ကိုယ်ကိုမြှင့်တင်သော ဘွဲ့အမည်များ ခံယူကြလေသည်။ (တမန်တော် ၂၀:၂၉၊ ၃၀) အချို့တို့သည် ဘာသာရေးခေါင်းဆောင်ရော နိုင်ငံရေးခေါင်းဆောင်ပါ ဖြစ်လိုကြ၏။ ရောမအစိုးရ ရုတ်တရက်ပြောင်းလဲသွားခြင်းက အဆိုပါခရစ်ယာန်ဘုန်းကြီးများ ရလိုသည့်အခွင့်အရေးကို ရရှိစေခဲ့သည်။
အယူမှားရောမဧကရာဇ် ကွန်စတင်တိုင်းသည် စီ.အီး. ၃၁၂ ခုနှစ်တွင် အမည်ခံခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။ အံ့အားသင့်စရာမှာ ချာ့ခ်ျဂိုဏ်းအုပ်များသည် အယူမှားဧကရာဇ်မင်း ပေးကမ်းသော အခွင့်အရေးများကိုရယူရန် သူနှင့် တလိုတလားလိုက်လျောပြုမူခဲ့ကြသည်။ “ချာ့ခ်ျသည် အရေးပါသောနိုင်ငံရေးဆုံးဖြတ်ချက်များတွင် ပို၍ပို၍ ပါဝင်ပတ်သက်လာလေတော့သည်” ဟုဟယ်နရီ ချက်ဒဝစ်ခ်ရေးသားဖော်ပြသည်။ နိုင်ငံရေးတွင် ဤသို့ဝင်စွက်ခြင်းက ခရစ်ယာန်ဘုန်းတော်ကြီးများအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
တရားဟောဆရာများအပေါ် နိုင်ငံရေး ဩဇာလွှမ်းခဲ့ပုံ
အထူးသဖြင့် ငါးရာစုတွင် ဩဇာညောင်းခဲ့သော ချာ့ခ်ျ ဓမ္မပညာရှင် ဩဂတ်စတင်းက ဘုရားသခင်သည် ခရစ်ယာန်ဘုန်းတော်ကြီးများကို နိုင်ငံရေးသမားများအဖြစ် အသုံးပြုမည်ဟူသော ခံယူချက်ကို အားပေးအားမြှောက်ပြုခဲ့သည်။ ချာ့ခ်ျသည် တိုင်းနိုင်ငံများကို အုပ်စိုးကာ လူတို့ကို ငြိမ်းချမ်းရေးရရှိစေမည်ဟု သူမြင်ယောင်ခဲ့သည်။ သို့သော် သမိုင်းပညာရှင် အိပ်ခ်ျ. ဂျီ. ဝဲလ်စ်က ဤသို့ရေးသားခဲ့သည်– “ငါးရာစုမှစ၍ ဆယ့်ငါးရာစုအထိ ဥရောပသမိုင်း ဖော်ပြသည်မှာ ကမ္ဘာကို ခရစ်ယာန်ဘုန်းတော်ကြီးများ အုပ်ချုပ်မည်ဟူသော ရည်ရွယ်ချက်ကြီး မအောင်မြင်ခြင်းသာဖြစ်သည်။” ခရစ်ယာန်ဘောင်သည် ကမ္ဘာကို မဆိုထားနှင့်၊ ဥရောပတိုက်တွင်ပင် ငြိမ်းချမ်းမှုမရရှိစေနိုင်ခဲ့ပါ။ ခရစ်ယာန်ဘာသာကို လူအများ အယုံအကြည်ပျက်သွားကြသည်။ အဘယ်အရာမှားသွားသနည်း။
ခရစ်ယာန်ဘာသာတရားကို ဟောပြောသည်ဟုဆိုသူများစွာသည် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံရေးတွင်ပါဝင်ကြသော်လည်း နောက်ဆုံးတွင် မိမိတို့သည် မကောင်းမှုများနှင့်ပတ်သက်လာကြကြောင်း သူတို့တွေ့ရှိလာကြသည်။ဩဂတ်စတင်းသည် နမူနာတစ်ခုဖြစ်၏။ အမည်ခံခရစ်ယာန်များတွင် စည်းလုံးမှုမရှိသောကြောင့် သူစိတ်ညစ်ခဲ့ရသည်။ အစောပိုင်းနှစ်များတွင် အခြားသူများကို သူယုံကြည်လက်ခံသကဲ့သို့ ခံယူစေရန် ဆင်ခြင်တုံတရားတစ်ခုတည်းကို အသုံးပြုလိုခဲ့သည်။ သို့သော် မကြာမီ သူသည် ဂိုဏ်းအုပ်တစ်ဦးသာဖြစ်ရုံမက တရားသူကြီးတစ်ဦးပါဖြစ်လာလေသည်။ ထိုအခါ မိမိအား ဘာသာရေးအတိုက်အခံပြုသူများကို အင်အားသုံး၍ ဘာသာပြောင်းစေခြင်းသည် မည်မျှအောင်မြင်ကြောင်း သိရှိလာသော် ကက်သလစ်ဘာသာဝင်မဟုတ်သူများအား ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခြင်းကို စတင်ထောက်ခံလာလေသည်။ တရားဟောဆရာလည်းဖြစ်၊ ကျမ်းစာဘာသာပြန်သူလည်းဖြစ်သူ မာတင်လူသာသည် ကက်သလစ်ချာ့ခ်ျကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုအတွက် နာမည်ကျော်ကြားခဲ့သည်။ သို့သော် ချာ့ခ်ျအယူဝါဒများကို ရဲရင့်စွာ သူဆန့်ကျင်ခြင်းက တော်လှန်ပုန်ကန်ရန် ရည်ရွယ်ချက်ရှိသော နိုင်ငံရေးသမားများအကြိုက်ဖြစ်ခဲ့သည်။ လူသာကိုယ်တိုင် နိုင်ငံရေးကိစ္စများတွင်ပါဝင်၍ သူ၏ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုစပြုလာသောအခါ လူအများ၏ လေးစားမှု ဆုံးရှုံးခဲ့သည်။ အစပိုင်းတွင် သူသည် ဖိနှိပ်သောမှူးမတ်များအား ဆန့်ကျင်ပုန်ကန်သည့် တောင်သူလယ်သမားများကို ထောက်ခံအားပေးခဲ့သည်။ ထို့နောက် တော်လှန်ပုန်ကန်မှုသည် ရက်စက်ကြမ်းကြုတ်လာသောအခါ ပုန်ကန်သူများကိုချေမှုန်းပစ်ဖို့ မှူးမတ်များကို သူတိုက်တွန်းခဲ့ရာ တောင်သူလယ်သမားများစွာ အသတ်ခံခဲ့ရသည်။ ထိုအခါ တောင်သူလယ်သမားများက သူ့ကို သစ္စာဖောက်ဟု ယူဆကြလေတော့သည်။ ထို့အပြင် လူသာသည် ကက်သလစ်ဧကရာဇ်မင်းကို ဆန့်ကျင်ပုန်ကန်နေသော မှူးမတ်များကို အားပေးအားမြှောက်ပြုခဲ့သည်။ အမှန်မှာ ပရိုတက်စတင့်ဟု အမည်တွင်လာကြသော လူသာ၏နောက်လိုက်များသည် အစကတည်းကပင် နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဖွဲ့စည်းခဲ့သည်။ အာဏာတန်ခိုးက လူသာအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။ သူ့ကို ဖောက်ပြန်ယိုယွင်းစေခဲ့သည်။ ဥပမာ၊ အစပိုင်းတွင် သူသည် ဘာသာကွဲများအား အကျပ်ကိုင်ခြင်းကို ကိုယ်တိုင်ဆန့်ကျင်ခဲ့သော်လည်း နောက်ပိုင်းတွင် နို့စို့ကလေးငယ်အား နှစ်ခြင်းပေးရန် ကန့်ကွက်သူများကို မီးရှို့သတ်ပစ်ဖို့ သူ၏နိုင်ငံရေးမိတ်ဆွေများအား တိုက်တွန်းခဲ့သည်။
ဂျွန်ကယ်လ်ဗင်သည် ဂျီနီဗာမြို့မှ ကျော်ကြားသောဓမ္မဆရာတစ်ဦးဖြစ်ခဲ့၏၊ သို့သော် သူသည်လည်း လွန်စွာပင် နိုင်ငံရေးအရှိန်အဝါ ရှိလာခဲ့သည်။ မိုက်ကယ်လ် စယ်ဗီးတာ့စ်က သုံးပါးပေါင်းတစ်ဆူအယူသည် ကျမ်းစာအခြေအမြစ်မရှိဟု ရှင်းပြသောအခါ ကယ်လ်ဗင်သည် သူ၏နိုင်ငံရေးအရှိန်အဝါကိုသုံးပြီး စယ်ဗီးတာ့စ်ကို တိုင်ပေါ်တင်မီးရှို့သတ်ပစ်ခဲ့သည်။ ယေရှု၏သွန်သင်ချက်များမှ ကြောက်မက်ဖွယ်ကောင်းစွာ သွေဖည်သွားခြင်းပင်!
“တစ်လောကလုံးသည် [စာတန်] ၏လက်၌ရှိသည်” ဟူသော ၁ ယောဟန် ၅:၁၉ (သမ္မာ) ပါ သမ္မာကျမ်းစာအဆိုကို ဤအမျိုးသားများ မေ့သွားခဲ့ခြင်းဖြစ်ကောင်း ဖြစ်မည်။ သူတို့ခေတ်ရှိ နိုင်ငံရေးကို စိတ်ရင်းမှန်ဖြင့် ပြုပြင်ပြောင်းလဲလိုခြင်းလော၊ သို့မဟုတ် ဩဇာအာဏာရှိ ရာထူးရာခံများနှင့် မိတ်ဆွေဖြစ်ရခြင်းကို သူတို့ပိုမက်မောလာခြင်းလော။ မည်သို့ပင်ဖြစ်စေ ယေရှု၏တပည့်တော် ယာကုပ်၏ ဤမှုတ်သွင်းခံစကားကို သူတို့သတိရသင့်ပါသည်– “ဤလောကမိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြလော။ သို့ဖြစ်၍ ဤလောကနှင့်မိတ်သဟာယဖွဲ့လိုသူ မည်သူမဆို ဘုရားသခင်၏ရန်သူဖြစ်၏။” (ယာကုပ် ၄:၄၊ သမ္မာ) မိမိ၏နောက်လိုက်များနှင့်ပတ်သက်၍ ယေရှုက “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံ . . . ကြပါ” ဟုမိန့်ဆိုခဲ့ကြောင်း ယာကုပ်သိထားပါသည်။—ယောဟန် ၁၇:၁၄။
သို့တိုင် ခရစ်ယာန်များသည် ဤလောက၏ဆိုးသွမ်းမှုနှင့် မဆက်ဆံသင့်ကြောင်း အသိအမှတ်ပြုကြသော်လည်း နိုင်ငံရေးတွင် ကြားနေခြင်း၊ အမှန်တကယ် “လောကနှင့်မဆက်ဆံ” ခြင်းကိုကား စောဒကတက်သူများစွာရှိ၏။ သူတို့က ဤသို့ကြားနေခြင်းသည် သူတစ်ပါးကို စိတ်ဝင်တစား မေတ္တာပြနိုင်မည်မဟုတ်ဟုဆို၏။ ချာ့ခ်ျခေါင်းဆောင်များသည် အကျင့်ပျက်ပြားခြင်းနှင့် မတရားမှုကို ရဲရင့်စွာ တိုက်ဖျက်ချေမှုန်းသင့်သည်ဟု သူတို့ယူဆကြသည်။ သို့သော် ယေရှုသွန်သင်ခဲ့သော ကြားနေခြင်းသည် သူတစ်ပါးအပေါ် စိတ်ဝင်စားမှုမရှိခြင်းနှင့် အမှန်ဆန့်ကျင်ဖီလာသလော။ ခရစ်ယာန်တစ်ဦးသည် သဘောထားကွဲလွဲနေသော နိုင်ငံရေးကိစ္စရပ်များမှ သီးခြားနေစဉ် တစ်ချိန်တည်းတွင် သူတစ်ပါးကို လက်တွေ့ကျကျကူညီပေးနိုင်သလော။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် လေ့လာဆန်းစစ်ထားပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 နိုင်ငံရေးဆိုသည်မှာ “နိုင်ငံ သို့မဟုတ် နယ်မြေတစ်ခု၏အုပ်ချုပ်မှုနှင့်ဆိုင်သော လုပ်ဆောင်မှုများ၊ အထူးသဖြင့် အာဏာရှိသူ သို့မဟုတ် အာဏာရလိုသူများအချင်းချင်း၊ ပါတီအချင်းချင်း စကားစစ်ထိုးခြင်း သို့မဟုတ် အငြင်းပွားခြင်းဖြစ်၏” ဟု အဓိပ္ပာယ်ဖွင့်ထားသည်။—အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်သစ်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ချာ့ခ်ျခေါင်းဆောင်များသည် နိုင်ငံရေးအာဏာရရှိဖို့ ကွန်စတင်တိုင်းကဲ့သို့သော ဧကရာဇ်မင်းများထံ အညံ့ခံခဲ့ကြ
[Credit Line]
Musée du Louvre, Paris
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လူသိများသော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များသည် နိုင်ငံရေးတွင် အဘယ်ကြောင့် ပါဝင်ခဲ့ကြသနည်း
ဩဂတ်စတင်း
လူသာ
ကယ်လ်ဗင်
[Credit Lines]
Augustine: ICCD Photo; Calvin: Portrait by Holbein, from the book The History of Protestantism (Vol. II)