မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နှုတ်မြွက်စကားတော်အားဖြင့် သင်ခွန်အားရသလော

ဘုရားသခင့်နှုတ်မြွက်စကားတော်အားဖြင့် သင်ခွန်အားရသလော

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အားဖြင့် သင်​ခွန်အား​ရ​သလော

အခက်အခဲ​များနှင့် ရင်ဆိုင်​ကြုံတွေ့ ရသောအခါ သင်​မည်သို့ ကိုင်တွယ်​ဖြေရှင်း​သနည်း။ ယေရှု၏​အဖြစ်​တွင် သက်ဆိုင်ရာ​ကျမ်းချက်​ကို ပြန်သတိရ​ခြင်း​ကြောင့် စာတန်​၏​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​နိုင်​ခဲ့​သည်။ (မဿဲ ၄:၁-၁၁) ထို​နည်းတူ ဒါဝိဒ်​မင်း​သည် ကိုယ်ရေးကိုယ်တာ​အခက်အခဲ​များ ရင်ဆိုင်​ကြုံတွေ့​ရသောအခါ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အားဖြင့် ခွန်အား​ရရှိခဲ့သည်။ သူက “အကျွန်ုပ်၏​စိတ်​ထဲမှာ စိုးရိမ်​ကြောင့်ကြ​ခြင်း​များပြား​သောအခါ နှစ်သိမ့်​တော်​မူ​ခြင်း​သည် အကျွန်ုပ်​ကို​ရွှင်လန်း​စေပါ​၏” ဟု​မြွက်ဆို​ခဲ့​သည်။—ဆာလံ ၉၄:၁၉သမ္မာ။

ထို​နည်း​ထပ်တူ အခက်အခဲ​ပြဿနာ​များ​ကြုံတွေ့​ရသောအခါ အနှစ်သက်ဆုံး ကျမ်းချက်​တစ်ချက်​ကို ပြန်သတိရ​ခြင်း​က ကျွန်ုပ်​တို့ကို စိတ်သက်သာ​စေ သို့​မဟုတ် ခွန်အား​ရှိစေ​နိုင်​သည်။ သာဓက​အနေ​နှင့် ယခု အသက် ၈၉ နှစ်​ရှိပြီ​ဖြစ်သော ရက်​ခ်စ်​သည် ၁၉၃၁ မှ​စ၍ အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ​ဖြစ်လာ​ခဲ့​သည်။ သို့​တိုင် သူ​ဤသို့​ပြောပြ​သည်– “ဓမ္မ​အမှုမှာ အထူး​တာဝန်​တစ်ခု​ပေးအပ်​ခံရတဲ့​အခါ အရည်အချင်း​မပြည့်မီ​ဘူးလို့ ကျွန်တော်​ခံစား​ရလေ့​ရှိတယ်။” သူ​မည်သို့​ကိုင်တွယ်​ဖြေရှင်း​သနည်း။ “‘ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်’ လို့​ဆို​တဲ့ ကျွန်တော်​အကြိုက်ဆုံး​ကျမ်းချက် နယပုံပြင် ၃:၅ ကို​ပြန်သတိရ​လိုက်တယ်။ ဒီ​ကျမ်းချက်​ကို ပြန်သတိရ​ပြီး လက်တွေ့​ကျင့်သုံး​ခြင်း​က တာဝန်​တွေ​ကို အောင်မြင်စွာ​ထမ်းဆောင်​ဖို့ ကူညီ​ပေး​ပါ​တယ်။”

လူငယ်များ​ပင်​လျှင် အနှစ်သက်ဆုံး ကျမ်းချက်​တစ်ချက်​မှ အကျိုး​ရရှိ​ကြသည်။ ခြောက်​နှစ်​သား​ဂျက်​က မဿဲ ၂၄:၁၄ သည် သူ​အနှစ်သက်ဆုံး​ကျမ်းချက်​ဖြစ်သည်ဟု​ဆို​၏။ မိဘများနှင့်​အတူ ဟောပြောခြင်း လုပ်ငန်း​တွင်​ပါဝင်​ရန် ထို​ကျမ်းချက်​က လှုံ့ဆော်ပေး​သည်။ သူက “စနေနေ့​တိုင်း ကျွန်တော့်​အမေ၊ အဖေ၊ အမ​တို့​နဲ့​အတူ သက်သေခံ​ထွက်​ရတာကို ကြိုက်တယ်” ဟု​ဆို​၏။

တစ်ခါတစ်ရံ ယေရှု​ကဲ့သို့ သင်၏​ယုံကြည်ခြင်း​နှင့်​ဆိုင်သော တိုက်ရိုက်​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ကြုံတွေ့​ရ​သလော။ သို့​ဖြစ်​လျှင် ဖိလိပ္ပိ ၄:၁၃ သည် သင်​အကြိုက်ဆုံး ကျမ်းချက်​များ​ထဲ​မှ တစ်ချက်​ဖြစ်လာ​နိုင်​သည်။ ဘုရင်​ဒါဝိဒ်​ကဲ့သို့ သင်၏ “စိတ်​ထဲမှာ စိုးရိမ်​ကြောင့်ကြ​ခြင်း​များပြား” သလော။ သို့​ဖြစ်​လျှင် ဖိလိပ္ပိ ၄:၆၊ ၇ ကို​ပြန်သတိရ​ခြင်း​သည် ကိုင်တွယ်​ဖြေရှင်းရန် အထောက် အကူ​ရနိုင်​သည်။ တစ်ခါတစ်ရံ သင်သည် ဘုရားသခင့်​အမှုတော်​ဆောင်​ရာ​၌ အကျိုး​မဖြစ်​ထွန်း​ဟု စိတ်​အနှောင့်အယှက်​ဖြစ်​မိ​ပါသလော။ သို့​ဖြစ်​လျှင် ၁ ကောရိန္သု ၁၅:၅၈ ကို  ပြန်သတိရ​ခြင်း​က အားရှိစေ​ပါ​လိမ့်​မည်။

သင့်လျော်ရာ​ကျမ်းချက်​များ​ကို ပြန်​အမှတ်ရခြင်း​ဖြင့် ကျွန်ုပ်​တို့၏​အသက်တာ​များ​ကို တန်ခိုး​နှင့်​ပြုပြင်​ရန် ဘုရားသခင့် နှုတ်မြွက်​စကားတော်​ကို အခွင့်ပေး​ကြသည်။ (ဟေဗြဲ ၄:၁၂) ဤသို့​သော အနှစ်သက်ဆုံး​ကျမ်းချက်​များသည် ကျွန်ုပ်​တို့ကို ခွန်အား​နှင့် နှစ်သိမ့်မှု ပေး​နိုင်​ပါ​သည်။—ရောမ ၁၅:၄