မျက်မမြင်ဖြစ်နေစဉ်ကျွန်တော်မျက်စိပွင့်ခဲ့
ဘဝအတ္ထုပ္ပတ္တိ
မျက်မမြင်ဖြစ်နေစဉ်ကျွန်တော်မျက်စိပွင့်ခဲ့
အေဂေါန် ဟောက်စာပြောပြသည်
မျက်စိကွယ်ပြီး နှစ်လအကြာမှာ ကျွန်တော်တစ်သက်လုံး လျစ်လျူရှုခဲ့တဲ့ ကျမ်းစာအမှန်တရားတွေကို မြင်တွေ့ခဲ့ရတယ်။
လွန်ခဲ့တဲ့အနှစ်ခုနစ်ဆယ်ကျော်ကို ပြန်ပြောင်းသုံးသပ်ကြည့်တဲ့အခါ ကျွန်တော့်ဘဝမှာ အရာရာပြည့်စုံခဲ့ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာကိုသာ ပြောင်းလဲလို့ရမယ်ဆိုရင် ငယ်စဉ်ဘဝကတည်းက ယေဟောဝါဘုရားသခင်အကြောင်းသိအောင်လေ့လာဖို့ ကျွန်တော်ရွေးချယ်မှာပါ။
အာဂျင်တီးနားနဲ့ ဘရာဇီးလ်နိုင်ငံကြားမှာ တည်ရှိတဲ့ သစ်တော်သီးပုံ ယူရုဂွေးနိုင်ငံလေးမှာ ၁၉၂၇ ခုနှစ်က ကျွန်တော်မွေးဖွားခဲ့တယ်၊ အဲဒီနိုင်ငံဟာ အတ္တလန္တိတ်ကမ်းရိုးတန်းတစ်လျှောက် သာယာလှပတဲ့ရှုခင်း မိုင်နဲ့ချီရှိတဲ့နိုင်ငံလေးပါ။ အဲဒီနိုင်ငံမှာနေထိုင်တဲ့လူအများစုဟာ အီတလီနဲ့ စပိန်နိုင်ငံကနေ လာရောက်နေထိုင်သူတွေက ဆင်းသက်လာတဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်မိဘတွေက ဟန်ဂေရီကပါ၊ ကျွန်တော်ငယ်ငယ်တုန်းက ဆင်းရဲပေမဲ့ တကယ်စည်းလုံးတဲ့ရပ်ကွက်မှာ နေထိုင်ခဲ့တာ။ တံခါးတွေကို သော့ခတ်စရာ၊ မင်းတုပ်ထိုးစရာ မလိုခဲ့ဘူး။ ကျွန်တော်တို့မှာ လူမျိုးရေးပြဿနာ မရှိခဲ့ဘူး။ တိုင်းတစ်ပါးသားနဲ့ တိုင်းရင်းသား၊ လူဖြူနဲ့ လူမည်း အားလုံးက မိတ်ဆွေတွေချည်းပဲ။
ကျွန်တော့်မိဘတွေက ကက်သလစ်အသင်းမှာ တက်ကြွသူတွေဖြစ်လို့ ကျွန်တော်လည်း အသက်ဆယ်နှစ်မှာ ဘုန်းကြီးအကူဖြစ်လာတယ်။ အရွယ်ရောက်လာတော့ ဒေသခံတရားဟောဆရာနဲ့အတူ အမှုဆောင်ပြီး အဲဒီနယ်က ခရစ်ယာန်ဂိုဏ်းအုပ်ရဲ့ အတိုင်ပင်ခံအုပ်စုဝင် တစ်ယောက်ဖြစ်ခဲ့တယ်။ ဆေးပညာရှင်တစ်ဦးဖြစ်တဲ့အတွက် ဗင်နီဇွဲလားနိုင်ငံမှာ ကက်သလစ်ချာ့ခ်ျကစီစဉ်တဲ့ ဆွေးနွေးနှီးနှောပွဲတစ်ခုမှာပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ မီးယပ်ရောဂါဘာသာရပ်ကို အထူးပြုလေ့လာတဲ့ ဆရာဝန်တွေဖြစ်လို့ အဲဒီအချိန်မှာ ဈေးကွက်ဝင်နေတဲ့ သန္ဓေတားဆေးတွေကို လေ့လာဖို့ ကျွန်တော်တို့အုပ်စုကို တာဝန်ပေးတယ်။
ဆေးကျောင်းသားတစ်ဦးအဖြစ် အစောပိုင်းစွဲမှတ်စရာများ
လူ့ကိုယ်ခန္ဓာအကြောင်း လေ့လာသင်ယူနေတဲ့ ဆေးကျောင်းသားဘဝတုန်းက လူ့ခန္ဓာကိုယ် တည်ဆောက်ပုံကို အတော်လေးအံ့သြမိတယ်။ ဥပမာ၊ အသည်း ဒါမှမဟုတ် နံရိုးတချို့ကို အနည်းအကျဉ်း ခွဲထုတ်ပြီးနောက် ပုံမှန်အရွယ်အစားအထိ အလိုလိုပြန်ကြီးထွားလာနိုင်တာကို ကျွန်တော်အံ့အားသင့်မိတယ်။
နောက်ပြီးတော့ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့သူတွေကို သွေးသွင်းပေးလိုက်လို့ သေဆုံးသွားတဲ့အတွက် ကျွန်တော်ဝမ်းနည်းမိတယ်။ သွေးသွင်းပြီး ဆင့်ပွားရောဂါပြဿနာတွေဖြစ်ပေါ်တဲ့အတွက် သေဆုံးသွားတဲ့လူနာရဲ့ဆွေမျိုးတွေကို ရှင်းပြပြောဆိုဖို့ ဘယ်လောက်အခက်တွေ့ခဲ့တာကိုလည်း ဒီနေ့အထိ ကျွန်တော်မှတ်မိနေတုန်းပဲ။ အများအားဖြင့်တော့ သွေးသွင်းလိုက်လို့ သူတို့ချစ်မြတ်နိုးရတဲ့သူ သေဆုံးသွားတယ်လို့ ဆွေမျိုးတွေကို ထုတ်မပြောပြကြဘူး။ အဲဒီအစား တခြားအကြောင်းပြချက်တွေ ပေးတတ်ကြတယ်။ နှစ်တွေကုန်ခဲ့ပေမဲ့ သွေးသွင်းတာနဲ့ပတ်သက်လို့ ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာကို အခုထိ သတိရတုန်းပဲ၊ နောက်ဆုံးတော့ သွေးသွင်းတာမှားတယ်လို့ ကျွန်တော်ကောက်ချက်ချမိတယ်။ ဟိုတုန်းကသာ သွေးရဲ့မြင့်မြတ်မှုအကြောင်း ယေဟောဝါရဲ့ပညတ်ကို သိခဲ့ရရင်ကောင်းသား! အဲဒီလိုသာဆိုရင် ဒီလုပ်ထုံးလုပ်နည်းနဲ့ပတ်သက်ပြီး ကျွန်တော် ဇဝေဇဝါဖြစ်ခဲ့မှာမဟုတ်ဘူး။—တမန်တော် ၁၅:၁၉၊ ၂၀။
လူတို့ကိုကူညီပေးရသည့် စိတ်ကျေနပ်မှု
အတန်ကြာတော့ ကျွန်တော် ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်လာပြီး စဲန်တာလူစီယာမြို့က ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးဌာနရဲ့ ဒါရိုက်တာဖြစ်လာခဲ့တယ်။ ဒီအပြင် အမျိုးသား ဇီဝဗေဒ သိပ္ပံပညာရပ်ဌာနမှာလည်း ကျွန်တော်အမှုထမ်းခဲ့ရတယ်။ အဲဒါက ကျွန်တော့်ကို တော်တော်လေး ကျေနပ်အားရစေတယ်။ ဖျားနာနေတဲ့သူတွေကို ကျွန်တော်ကူညီပေးတယ်၊ သူတို့ရဲ့ဝေဒနာတွေကို သက်သာစေတယ်၊ လူ့အသက်ကယ်ပေးခဲ့တာ အတော်လေးများပြီ၊ သားဖွားမိခင်တွေကို ကူညီပေးခဲ့လို့လည်း မွေးကင်းစကလေးတွေကို လူ့လောကထဲပို့ဆောင်ပေးခဲ့ပြီ။ သွေးသွင်းပေးတာနဲ့ပတ်သက်တဲ့ အစောပိုင်းက အတွေ့အကြုံတွေကြောင့် သွေးမဲ့ခွဲစိတ်ကုသမှု ထောင်ချီပြုလုပ်ပေးခဲ့ပြီ။ သွေးထွက်လွန်ရောဂါဟာ စည်တစ်လုံးထဲက ရေယိုတာနဲ့တူတယ်လို့ ကျွန်တော်ဆင်ခြင်တွေးတောမိတယ်။ တစ်ခုတည်းသောဖြေရှင်းနည်းက စည်ကို ဆက်ဖြည့်မယ့်အစား ယိုစိမ့်တာကို ပြုပြင်ပေးဖို့ဖြစ်တယ်။
သက်သေခံလူနာများကို ကုသပေးခြင်း
ယေဟောဝါသက်သေတွေဟာ သွေးမဲ့ခွဲစိတ်ခံဖို့အတွက် ကျွန်တော်တို့ဆေးခန်းကို စရောက်လာကြတဲ့အချိန်၊ ၁၉၆၀ ပြည့်လွန်နှစ်တွေကစပြီး သူတို့နဲ့ ကျွန်တော်စသိကျွမ်းခဲ့တယ်။ လူနာတစ်ယောက်ကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ သူက မာစီဒီး ဂေါန်ဇာလီဇ်လို့ခေါ်တဲ့ ရှေ့ဆောင် (အချိန်ပြည့်ဓမ္မအမှုဆောင်) တစ်ယောက်ပါ။ သူက အတော်လေးသွေးအားနည်းနေတဲ့အတွက် သူ့ကို တက္ကသိုလ်ဆေးရုံ ဆရာဝန်တွေက ခွဲစိတ်ကုသရင် အသက်ရှင်နိုင်မှာမဟုတ်ဘူးထင်ပြီး မခွဲစိတ်ရဲကြဘူး။ သွေးထွက်လွန်နေပေမဲ့ သူ့ကို ကျွန်တော်တို့ဆေးခန်းမှာ ခွဲစိတ်ပေးလိုက်တယ်။ အဲဒီခွဲစိတ်မှုအောင်မြင်ခဲ့လို့ မကြာသေးခင်က အသက် ၈၆ နှစ်မှာ သူကွယ်လွန်သွားတဲ့အချိန်အထိ အနှစ် ၃၀ ကျော် ရှေ့ဆောင်ဆက်လုပ်နိုင်ခဲ့တယ်။
ဆေးရုံတက်နေတဲ့ သူတို့ရဲ့ခရစ်ယာန်ညီအစ်ကိုတွေကို ကြည့်ရှုပြုစုပေးကြတဲ့ သက်သေခံတွေ တင်ပြတဲ့ မေတ္တာနဲ့ဂရုစိုက်မှုကို ကျွန်တော်အမြဲ စွဲမှတ်မိတယ်။ ဆေးရုံမှာ ကျွန်တော်လူနာလှည့်လည်ကြည့်တဲ့အခါ သူတို့ရဲ့ယုံကြည်ချက်တွေကို တင်ပြပြောဆိုကြတာ နားထောင်လို့ကောင်းတယ်၊ သူတို့ပေးတဲ့ စာပေတွေကိုလည်း ကျွန်တော်လက်ခံခဲ့တယ်။ မကြာခင် ကျွန်တော်ကိုယ်တိုင် သူတို့ရဲ့ဆရာဝန်သာမက သူတို့ရဲ့ဝိညာဉ်ရေးညီအစ်ကိုပါ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့မိဘူး။
လူနာတစ်ယောက်ရဲ့သမီးဖြစ်သူ ဘီအာထရစ္စနဲ့ ကျွန်တော်လက်ထပ်လိုက်တဲ့အခါ သက်သေခံတွေနဲ့ ပိုပြီးရင်းနှီးလာတယ်။ သူ့မိသားစုအများစုက သက်သေခံတွေနဲ့ ပေါင်းသင်းနှင့်ကြပြီဖြစ်လို့ ကျွန်တော်တို့အိမ်ထောင်ကျပြီးတဲ့နောက် သူလည်း တက်ကြွတဲ့သက်သေခံတစ်ယောက်ဖြစ်လာတယ်။ ကျွန်တော်ကတော့ အလုပ်မှာပဲနစ်မြုပ်နေပြီး ဆေးလောကမှာ အရေးပါအရာရောက်သူတစ်ယောက်ဖြစ်နေတာ။ ကျွန်တော့်ဘဝဟာ သိပ်ပြီးအခြေလှနေသလိုပါပဲ။ မကြာခင်မှာ ဘေးဆိုးကျရောက်ပြီး ကျွန်တော့်ဘဝတစ်ခုလုံး ပြောင်းလဲတော့မယ်ဆိုတာကို လုံးဝမသိခဲ့မိဘူး။
ရုတ်တရက်ဘေးဆိုးကျရောက်ခြင်း
ခွဲစိတ်ဆရာဝန်တစ်ယောက်အတွက် အဆိုးဝါးဆုံးအဖြစ်က မျက်စိကွယ်ခြင်းပဲ။ ဒါကို ကျွန်တော်ကြုံတွေ့ခဲ့ရတာ။ ရုတ်တရက် ကျွန်တော့်မျက်စိအာရုံလွှာ အက်ကွဲပြီး မျက်စိကွယ်သွားခဲ့ရတယ်! ပြန်မြင်နိုင် မမြင်နိုင်ဆိုတာကို လုံးဝမသိခဲ့ရဘူး။ မျက်စိခွဲစိတ်ခံရပြီးနောက် ပတ်တီးစည်းပြီး အိပ်ရာထဲနေခဲ့ရတဲ့အချိန်မှာ ကျွန်တော်အတော်လေး စိတ်ဓာတ်ကျနေတာ။ လုံးလုံးအသုံးမကျတော့ဘူးလို့ခံစားရပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့တောင် ဆုံးဖြတ်မိတဲ့အထိပါပဲ။ ဆေးရုံရဲ့စတုတ္ထမြောက်အထပ်မှာ ကျွန်တော်ရှိတဲ့အတွက် အိပ်ရာကထပြီး ပြတင်းပေါက်ကနေ ခုန်ချသေဖို့ စမ်းတဝါးဝါးကြိုးစားလျှောက်သွားခဲ့တယ်။ ဒါပေမဲ့ ဆေးရုံစင်္ကြံဘက်ရောက်သွားလို့ သူနာပြုတစ်ယောက်က ကျွန်တော့်ခုတင်ဆီကို ပြန်တွဲပို့ပေးခဲ့တယ်။
အဲဒါကို နောက်တစ်ခါ ပြန်မကြိုးစားခဲ့ဘူး။ ဒါပေမဲ့လည်း အမှောင်ကမ္ဘာထဲမှာ စိတ်ဓာတ်ကျမြဲကျပြီး စိတ်တိုနေတော့တယ်။ ဒီလိုမျက်စိမမြင်တဲ့အချိန်မှာ ကျွန်တော်သာ မျက်စိပြန်မြင်လာနိုင်မယ်ဆိုရင် ကျမ်းစာတစ်အုပ်လုံးကို အစအဆုံးဖတ်ပါမယ်လို့ ဘုရားသခင်ကို ကျွန်တော်ကတိပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ အမြင်အာရုံနည်းနည်းချင်းပြန်ရလာပြီး စာဖတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ခွဲစိတ်ဆရာဝန်တော့ မဖြစ်နိုင်တော့ဘူး။ ယူရုဂွေးမှာ ရေပန်းစားတဲ့ အဆိုတစ်ခုက “နို ဟိုင် မားလ် ကေ ပေါ ဘီယဲန် ဗဲန် ကာ” “အဆိုးထဲက အကောင်းမပေါ်နိုင်တဲ့အထိ ဆိုးလွန်းတာမရှိ” ဆိုပဲ။ အဲဒါ တကယ်မှန်တယ်ဆိုတာ ကျွန်တော်ကြုံတွေ့ရတော့မှာကိုး။
အစမကောင်းခဲ့ခြင်း
စာလုံးကြီးနဲ့ထုတ်တဲ့ ဂျေရုဆလင်ကျမ်းစာကို ကျွန်တော်ဝယ်ချင်တာ၊ ဒါပေမဲ့ ယေဟောဝါသက်သေတွေမှာ ဈေးသိပ်မကြီးတဲ့ အဲဒီလိုကျမ်းစာရှိတယ်လို့သိလိုက်ရတယ်၊ သက်သေခံလူရွယ်တစ်ယောက်က ကျွန်တော့်အိမ်ကို လာပို့ပေးမယ်လို့ပြောတယ်။ နောက်တစ်မနက်မှာ သူလာပို့ပေးတယ်။ ကျွန်တော့်ဇနီးက သူ့ကိုတံခါးဖွင့်ပေးပြီး စကားပြောနေတာကို ကျွန်တော်က ကျမ်းစာအုပ်ဖိုးပေးပြီးပြီဆိုရင် ဆက်စကားပြောနေစရာမလိုဘူးလို့ အိမ်ထဲကနေ ရိုင်းရိုင်းစိုင်းစိုင်းအော်ပြောလိုက်တော့ သူချက်ချင်းထွက်သွားတာပေါ့။ မကြာခင်မှာ ဒီသူငယ်ပဲ ကျွန်တော့်ဘဝအတွက် အရေးပါသူဖြစ်လာလိမ့်မယ်ဆိုတာ မသိခဲ့ဘူး။
တစ်နေ့ကျတော့ ကျွန်တော့်ဇနီးကို ကတိတစ်ခုပေးပေမဲ့ မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ အဲဒီအတွက် သူစိတ်ချမ်းသာရအောင် ခရစ်တော်ရဲ့သေခြင်း နှစ်ပတ်လည်သတိရအောက်မေ့ပွဲကို သူနဲ့လိုက်တက်မယ်လို့ ပြောလိုက်တယ်။ အဲဒီနေ့ကျတော့ ကတိထားတဲ့အတိုင်း သူနဲ့အတူတက်ရောက်ခဲ့တယ်။ ရင်းနှီးဖော်ရွေတဲ့သူတွေကြားမှာ ကြင်ကြင်နာနာကြိုဆိုခံရတာကို ကျွန်တော်အတော်လေးသဘောကျသွားတယ်။ ဟောပြောချက်ပေးတဲ့သူဟာ ကျွန်တော်ခပ်ရိုင်းရိုင်းမောင်းထုတ်ခဲ့တဲ့ လူရွယ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ သူ့ဟောပြောချက်က ကျွန်တော့်ကို အတော်လေး အကျိုးပေးတယ်၊ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့မိလို့လည်း ကျွန်တော် တကယ်စိတ်မကောင်းဘူး။ ကျေရာကျေကြောင်း ဘယ်လိုလုပ်ရပါ့မလဲ။
သူ့ကို ညစာဖိတ်ကျွေးရအောင်လို့ ကျွန်တော့်ဇနီးကိုပြောတော့ သူက “ရှင်ကိုယ်တိုင်ဖိတ်ရင် ပိုမကောင်းဘူးလား။ ဒီမှာပဲနေပါ၊ ကျွန်မတို့ဆီ သူလာစကားပြောလိမ့်မယ်” တဲ့။ သူပြောတာမှန်တယ်။ ကျွန်တော်တို့ဆီ သူလာနှုတ်ဆက်စကားပြောတဲ့အခါ ထမင်းစားဖိတ်တာကို သူဝမ်းသာအားရလက်ခံခဲ့တယ်။
သူအလည်အပတ်ရောက်လာတဲ့ ညနေပိုင်းမှာ ပြောဆိုကြတဲ့စကားက ကျွန်တော့်ဘဝကို အပြောင်းအလဲတွေ စပေးတော့တာပဲ။ ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား *စာအုပ်ကို ကျွန်တော့်ကိုပြတော့ အဲဒီစာအုပ်မျိုး ခြောက်အုပ်ကို ကျွန်တော်ထုတ်ပြလိုက်တယ်။ ဆေးရုံတက်ခဲ့တဲ့ သက်သေခံလူနာတွေ ပေးထားတာ၊ ဒါပေမဲ့ ကျွန်တော် တစ်ခါမှမဖတ်ဖြစ်ဘူး။ ညစာစားရင်းရော၊ စားပြီးတဲ့နောက်ပါ ညဉ့်နက်တဲ့အထိပဲ မေးခွန်းတွေတစ်ခုပြီးတစ်ခု သူ့ကို ကျွန်တော်မေးတိုင်း အားလုံးကို ကျမ်းစာသုံးပြီး ဖြေဆိုခဲ့တယ်။ မိုးလင်းခါနီးအထိ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာ။ သူမပြန်ခင် သမ္မာတရားစာအုပ်နဲ့ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းပြောဆိုတယ်။ သုံးလတည်းနဲ့ အဲဒီစာအုပ်ကို လေ့လာပြီးသွားတော့ “မဟာဗာဗုလုန်ပြိုလဲပြီ!” ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ပြီ!* စာအုပ်ကို ကျွန်တော်တို့ ဆက်လေ့လာကြတယ်။ အဲဒီနောက် ကျွန်တော့်ကိုယ်ကို ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။
အသုံးကျသူအဖြစ် ပြန်လည်ခံစားရခြင်း
မျက်စိနှစ်လုံးကွယ်သွားလို့ ကျွန်တော် ‘ဉာဏ်မျက်စိ’ ပွင့်သွားပြီး အဲဒီအချိန်အထိ ကျွန်တော်လျစ်လျူရှုခဲ့တဲ့ ကျမ်းစာအမှန်တရားတွေကို တွေ့မြင်သိရှိလာခဲ့ရတယ်! (ဧဖက် ၁:၁၉) ယေဟောဝါနဲ့ ကိုယ်တော်ရဲ့မေတ္တာပါတဲ့ ရည်ရွယ်ချက်ကို သိရှိလာရလို့ ကျွန်တော့်ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့တာ။ အခုဆိုရင် ကျွန်တော်ဟာ အသုံးကျတယ်လို့ ခံစားရပြီ၊ ပြန်ပျော်ရွှင်လာပြီ။ လူတွေကို ကာယရေးအရရော ဝိညာဉ်ရေးအရာပါ ကူညီပေးနေတယ်၊ ဒီအစီအစဉ်စနစ်မှာ နှစ်အနည်းငယ် တိုးပြီးအသက်ဆက်နိုင်ပုံနဲ့ လာမယ့်အစီအစဉ်သစ်မှာ ထာဝစဉ်အသက်ရှင်နိုင်ပုံကို ပြောပြပေးနေတယ်။
ဆေးဘက်ဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်တွေကို ကျွန်တော်လေ့လာပြီး သွေးအန္တရာယ်တွေ၊ အစားထိုးကုသနည်းတွေ၊ လူနာရဲ့အခွင့်အရေးတွေနဲ့ ဆေးပညာဆိုင်ရာကျင့်ဝတ်တွေကိုပါ ကျွန်တော်လေ့လာသုံးသပ်နေတယ်။ ဒီသတင်းအချက်အလက်တွေကို ဆေးဘက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေမှာ ဟောပြောဖို့ဖိတ်ခေါ်ခံရတဲ့အခါ ဒေသခံဆေးလောကအသိုင်းအဝိုင်းကို ကျွန်တော်ဝေမျှပေးခွင့်ရခဲ့တယ်။ ၁၉၉၄ ခုနှစ်မှာ ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့မှာကျင်းပတဲ့ သွေးမဲ့ကုထုံးဆိုင်ရာ ပထမဆုံးညီလာခံကို တက်ရောက်ခဲ့ပြီး သွေးသွန်ရောဂါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ် ဆိုတာနဲ့ပတ်သက်ပြီး ဟောပြောခဲ့တယ်။ ဟီမိုထရာဖီယာဆေးမဂ္ဂဇင်းမှာပါတဲ့ “အူနာ ဖရိုဖောင်းစတာ– အက်စရာထီဂီးယက်စ် ပါရာ ထရာတာမီရဲန်တိုး ဒီ လာ့စ် အာမိုရာ့ကီးယက်စ်” (“သွေးထွက်လွန်ကာကွယ်ကုသရေးဆိုင်ရာ အကြံပြုချက်) ဆိုတဲ့ ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါးထဲမှာ အဲဒီထဲက အချက်အလက်တချို့ပါတယ်။
ဖိအားပေးမှုအောက် သမာဓိစောင့်သိခြင်း
အရင်တုန်းက သွေးသွင်းခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့သံသယတွေက သိပ္ပံပညာအပေါ် အများကြီးအခြေပြုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ဆေးရုံတက်လိုက်ရတဲ့အခါ သွေးသွင်းမခံဖို့နဲ့ ဆရာဝန်တွေရဲ့ဖိအားပေးမှုကြား ကိုယ့်ခံယူချက်အတိုင်း ပြုမူဖို့ အတော်လေးမလွယ်ကူတာ တွေ့ရှိခဲ့ရတယ်။ စိုးရိမ်ရတဲ့အထိ နှလုံးဖောက်ပြန်ခဲ့ပြီးတဲ့နောက် ကျွန်တော့်ရဲ့ရပ်တည်ချက်အကြောင်း ခွဲစိတ်ဆရာဝန်တစ်ယောက်ကို နှစ်နာရီကျော်ကျော် ရှင်းပြခဲ့ရတယ်။ သူက ကျွန်တော်နဲ့အတော်ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့သားဖြစ်တယ်၊ သွေးသွင်းပြီး ကျွန်တော့်အသက်ကို ကယ်ဖို့လိုအပ်မယ်လို့ သူထင်ရင် ကျွန်တော့်ကိုမသေစေရဘူးလို့ ပြောတယ်။ ဒီဆရာဝန်ဟာ ကျွန်တော့်ရဲ့ရပ်တည်ချက်ကို သဘောမတူရင်တောင် နားလည်မှုပြပြီး ကျွန်တော့်ခံယူချက်ကို အသိအမှတ်ပြုလာပါစေလို့ ယေဟောဝါဆီ တိတ်တဆိတ်ဆုတောင်းခဲ့တယ်။ နောက်ဆုံးတော့ အဲဒီဆရာဝန်က ကျွန်တော့်ဆန္ဒကို စာနာထောက်ထားပါ့မယ်လို့ ကတိပြုတယ်။
နောက်တစ်ကြိမ်ကျတော့ ပရော့စတိတ်ဂလင်းကနေ အကျိတ်ကြီးတစ်လုံးကို ခွဲထုတ်ပစ်ဖို့လိုခဲ့တယ်။ သွေးထွက်လွန်ခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော် ဘာကြောင့်သွေးသွင်း မခံလိုတဲ့အကြောင်း တစ်ခါရှင်းပြရပြန်တယ်၊ ကျွန်တော့်ရဲ့သွေး သုံးပုံနှစ်ပုံ ဆုံးရှုံးခဲ့ရပေမဲ့ ကျွန်တော့်ရဲ့ရပ်တည်ချက်ကို ဆေးဝန်ထမ်းတွေ လေးစားခဲ့ကြတယ်။
သဘောထားပြောင်းလဲခြင်း
လူနာတွေရဲ့အခွင့်အရေးအပေါ် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ဥပဒေအာဏာပိုင်တွေ သဘောထားပြောင်းလဲလာတာကို တွေ့ရလို့ အပြည်ပြည်ဆိုင်ရာ ဆေးပညာကျင့်ဝတ်အဖွဲ့ဝင်တစ်ဦးအနေနဲ့ ကျွန်တော်ကျေနပ်အားရမိတယ်။ ဖခင်အသွင် ပြုမူအုပ်ချုပ်ရေးဝါဒကျင့်သုံးတဲ့ ဆရာဝန်တွေရဲ့သဘောထားအစား အသိအမြင်ရှိတဲ့ သဘောတူညီမှုကို လေးစားတဲ့စိတ်ထားရှိနေကြပြီ။ အခု ဆေးကုသနည်းကို လူနာကိုယ်တိုင် ရွေးချယ်စေပြီ။ ယေဟောဝါသက်သေတွေဟာ ဆေးကုသမှု မခံယူထိုက်တဲ့ တစ်ယူသန်သမားတွေလို့ ယူဆမခံရကြတော့ဘူး။ အဲဒီအစား သူတို့ရဲ့အခွင့်အရေးကို လေးစားထိုက်တဲ့ အသိအမြင် ဗဟုသုတကြွယ်ဝတဲ့လူနာတွေအဖြစ် လက်ခံလာကြပြီ။ ဆေးဘက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေမှာ နာမည်ကျော်ပါမောက္ခတွေက “. . . ကို ယေဟောဝါသက်သေတွေရဲ့ကြိုးပမ်းမှုကြောင့် အခု ကျွန်တော်တို့နားလည်လာပြီ၊” “. . . ကို သက်သေခံတွေဆီက ကျွန်တော်တို့သိရှိခဲ့ရပြီ၊” ပြီးတော့ “ကျွန်တော်တို့ တိုးတက်လာရအောင် သူတို့သင်ပေးခဲ့ပြီ” ဆိုပြီးပြောခဲ့ကြတယ်။
အသက်မရှိရင် လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာဟာ အဓိပ္ပာယ်မဲ့တဲ့အတွက် အသက်ဟာ အရာရာထက် အရေးကြီးတယ်လို့ဆိုခဲ့ကြတယ်။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေးရှိပြီး ဘယ်အခြေအနေမျိုးမှာမဆို မိမိရဲ့ဘယ်အခွင့်အရေးကို ဦးစားပေးမယ်ဆိုတာ မိမိသာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ တရားဥပဒေသဘောထားကို အခု လူအတော်များများ လက်ခံလာကြပြီ။ ဒီနည်းနဲ့ ကိုယ့်ဂုဏ်သိက္ခာ၊ လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်ခွင့်နဲ့ ဘာသာရေးယုံကြည်ချက်တွေကို ဦးစားပေးလာကြပြီ။ လူနာမှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိလာပြီ။ ဒီကိစ္စတွေကို ဆရာဝန်တွေ ပိုနားလည်လာရအောင် ယေဟောဝါသက်သေတွေရဲ့ ဆေးရုံဆက်သွယ်ရေးကော်မတီ အစီအစဉ်က ကူညီပေးခဲ့ပြီ။
ကျွန်တော့်မိသားစုရဲ့ အဆက်မပြတ်ကူညီပေးမှုကြောင့် ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်တော်အသုံးဝင်သူတစ်ဦးဖြစ်နေဆဲပါ၊ ခရစ်ယာန်အသင်းတော်မှာ အကြီးအကဲတစ်ဦးဖြစ်ခွင့်လည်းရနေပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်နှမြောတသ ယူကျုံးမရအဖြစ်ဆုံးကတော့ ယေဟောဝါအကြောင်း စောစောမသိခဲ့တာပဲဖြစ်တယ်။ ဒါပေမဲ့ “မြို့သားကလည်း ငါနာသည်ဟုမဆို” ရတော့မယ့် ဘုရားသခင့်နိုင်ငံတော်အောက် အသက်ရှင်နိုင်တဲ့ အံ့ဖွယ်မျှော်လင့်ချက်ကိုသိရှိလာဖို့ ကျွန်တော့်ကို မျက်စိဖွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်မိပါတယ်။—ဟေရှာယ ၃၃:၂၄။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 24 ယေဟောဝါသက်သေများထုတ်ဝေခဲ့
^ အပိုဒ်၊ 34 ဤဆောင်းပါးကိုပြင်ဆင်နေစဉ် ညီအစ်ကိုအေဂေါန်ဟောက်စာ ကွယ်လွန်သွားသည်။ သူတည်ကြည်စွာသေဆုံးခဲ့ပြီး သေချာသောမျှော်လင့်ချက် သူ့တွင်ရှိသွား၍ သူနှင့်အတူ ကျွန်ုပ်တို့ဝမ်းမြောက်မိပါသည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အသက် ၃၀ ကျော်မှာ စဲန်တာလူစီယာမြို့က ဆေးရုံမှာ တာဝန်ထမ်းနေစဉ်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၉၅ ခုနှစ်မှာ ကျွန်တော့်ဇနီး ဘီအာထရစ်နဲ့အတူ