ယေရမိကဲ့သို့ ရဲရင့်လော့
ယေရမိကဲ့သို့ ရဲရင့်လော့
‘ယေဟောဝါကိုမျှော်လင့်လော့။ အားယူ၍ရဲရင့်သောစိတ်နှလုံးရှိလော့။ ယေဟောဝါကို မျှော်လင့်လျက်နေလော့။’—ဆာလံ ၂၇:၁၄။
၁။ ယေဟောဝါသက်သေများသည် အဘယ်ကြွယ်ဝသောကောင်းချီးကို ခံစားနေကြရသနည်း။
ယေဟောဝါသက်သေများသည် ဝိညာဉ်ရေးပရဒိသုတွင် နေထိုင်ကြသည်။ (ဟေရှာယ ၁၁:၆-၉) ငြိမ်သက်မှုမရှိသော ဤလောကတွင် သူတို့သည် ယေဟောဝါဘုရားသခင်နှင့်လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်း သင့်မြတ်ကြသော ခရစ်ယာန်ချင်းများနှင့် ထူးခြားသည့်ဝိညာဉ်ရေးဝန်းကျင်တွင် ပျော်မွေ့နေကြ၏။ (ဆာလံ ၂၉:၁၁; ဟေရှာယ ၅၄:၁၃) သူတို့၏ဝိညာဉ်ရေးပရဒိသုသည်လည်း တိုးတက်ကြီးပွားလျက်ရှိ၏။ “စိုးလ်အကြွင်းမဲ့ ဘုရားသခင်၏အလိုတော်ဆောင်” သူအားလုံးသည် ယင်းကို တိုးချဲ့လျက်ရှိကြ၏။ (ဧဖက် ၆:၆၊ ကဘ) မည်သို့အားဖြင့်နည်း။ သူတို့သည် သမ္မာကျမ်းစာမူများနှင့်အညီ နေထိုင်ကြပြီး ထိုနည်းတူနေထိုင်ရန် အခြားသူများကို သွန်သင်ပေးခြင်းအားဖြင့် ထိုပရဒိသု၏ကြွယ်ဝသောကောင်းချီးများကို မိမိတို့နှင့်အတူ ခံစားစေသည်။—မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၁၅:၈။
၂၊ ၃။ စစ်မှန်သောခရစ်ယာန်များသည် အဘယ်အရာကို ခံရပ်ကြရသနည်း။
၂ သို့သော် ဝိညာဉ်ရေးပရဒိသုတွင် ကျွန်ုပ်တို့နေထိုင်ကြသည့်အတွက် စမ်းသပ်မှုများ မခံရဟုမဆိုလိုပါ။ ကျွန်ုပ်တို့ မစုံလင်ကြသဖြင့် ဖျားနာရ၏၊ အိုမင်းရင့်ရော်ပြီး နောက်ဆုံး သေဆုံးကြရ၏။ ထို့ပြင် ‘နောက်ဆုံးကာလ’ နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များပြည့်စုံမှုကို ကျွန်ုပ်တို့ တွေ့ မြင်နေကြရ၏။ (၂ တိမောသေ ၃:၁) စစ်မှုများ၊ ရာဇဝတ်မှု၊ ဖျားနာမှု၊ အစာခေါင်းပါးမှုနှင့် အခြားကြီးမားသည့်ခက်ခဲမှုများကို လူသားအပေါင်း ခံစားနေကြရာ ယေဟောဝါသက်သေများလည်း ၎င်းတို့ကို ရှောင်တိမ်း၍မရချေ။—မာကု ၁၃:၃-၁၀; လုကာ ၂၁:၁၀၊ ၁၁။
၃ ၎င်းတို့အပြင် နွေးထွေးသည့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးပရဒိသု ဝန်းကျင်ပြင်ပ၌ ဆန့်ကျင်ဘက်လေအေးများ တိုက်ခတ်နေကြောင်း ကျွန်ုပ်တို့ ကောင်းစွာသိထားကြသည်။ ယေရှုက တပည့်နောက်လိုက်များကို ဤသို့သတိပေးခဲ့သည်– ‘သင်တို့သည် လောကနှင့်မဆက်ဆံ၊ လောကထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် လောကသားတို့သည် သင်တို့ကိုမုန်းကြ၏။ ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။’ (ယောဟန် ၁၅:၁၈-၂၁) ယနေ့လည်း ထိုသို့ပင်ဖြစ်၏။ လူအများစုသည် ကျွန်ုပ်တို့၏ဝတ်ပြုရေးပုံစံကို နားမလည်နိုင်၊ တန်ဖိုးမထားတတ်ကြသေးချေ။ အချို့တို့သည် ကျွန်ုပ်တို့ကို အပြစ်ရှာ၍ ကဲ့ရဲ့ပြောင်လှောင်ကာ ယေရှုသတိပေးခဲ့သည့်အတိုင်း မုန်းပင်မုန်းကြ၏။ (မဿဲ ၁၀:၂၂) တစ်ခါတစ်ရံ ကျွန်ုပ်တို့အကြောင်းကို မီဒီယာမှတစ်ဆင့် မဟုတ်မမှန်သတင်းလွှင့်ပြီး မလိုတမာဝါဒဖြန့်ကြ၏။ (ဆာလံ ၁၀၉:၁-၃) မှန်၏၊ ကျွန်ုပ်တို့အားလုံးသည် ခက်ခဲသောအခြေအနေများကို ရင်ဆိုင်နေရသဖြင့် အချို့မှာ စိတ်ဓာတ်ကျပေမည်။ ကျွန်ုပ်တို့ မည်သို့ခံရပ်နိုင်မည်နည်း။
၄။ ကျွန်ုပ်တို့ခံရပ်နိုင်ရန် မည်သို့အကူအညီရှာကြသနည်း။
၄ ကျွန်ုပ်တို့ကို ယေဟောဝါ ထောက်မကူညီပေးပါလိမ့်မည်။ မှုတ်သွင်းခံရ၍ ဆာလံဆရာ ဤသို့ရေးသားခဲ့သည်– ‘ဖြောင့်မတ်သောသူသည် များစွာသောဆင်းရဲကိုခံရသော်လည်း ယေဟောဝါသည် ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။’ (ဆာလံ ၃၄:၁၉; ၁ ကောရိန္သု ၁၀:၁၃) ယေဟောဝါကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်စိတ်ချလျှင် မည်သည့်ကိုယ်စိတ်ဆင်းရဲခြင်းကိုမဆို ခံရပ်နိုင်ရန် ကိုယ်တော်ခွန်အားပေးတော်မူကြောင်း အခိုင်အမာပြောဆိုနိုင်သူ များစွာရှိသည်။ ကိုယ်တော့်ကို ချစ်မြတ်နိုးပြီး ကျွန်ုပ်တို့ရှေ့၌ချထားသော ဝမ်းမြောက်ခြင်းတို့ကြောင့် စိတ်ဓာတ်ကျခြင်းနှင့် ကြောက်ရွံ့ခြင်းကို ကျော်လွှားစေနိုင်၏။ (ဟေဗြဲ ၁၂:၂) သို့ဖြစ်၍ ဆင်းရဲခက်ခဲသည့်ကြားမှ ခံရပ်နိုင်ကြ၏။
ဘုရားသခင့်စကားတော်က ယေရမိကို ခွန်အားရှိစေ
၅၊ ၆။ (က) ခံရပ်နိုင်ခဲ့ကြသည့် စစ်မှန်သောဝတ်ပြုသူများ၏ အဘယ်ပုံနမူနာများရှိသနည်း။ (ခ) ယေရမိကို ပရောဖက်အဖြစ် ခန့်အပ်သည့်အခါ သူမည်သို့ တုံ့ပြန်ခဲ့သနည်း။
၅ သမိုင်းတစ်လျှောက်၊ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များသည် ခက်ခဲသည့်အခြေအနေများကြားမှ ရွှင်လန်းနိုင်ခဲ့ကြသည်။ အချို့သည် တည်ကြည်မှုမရှိသူများကို ယေဟောဝါတရားစီရင်ရာအချိန်အတွင်း အသက်ရှင်ခဲ့ကြသည်။ သစ္စာရှိစွာဝတ်ပြုသူများထဲတွင် ယေရမိနှင့် သူ၏တစ်ခေတ်တည်းသားများအပြင် ပထမရာစုခရစ်ယာန်များလည်းပါဝင်သည်။ ကျွန်ုပ်တို့ အားရှိစေဖို့ အဆိုပါသမိုင်းဝင်ပုံနမူနာများကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားခြင်းဖြစ်ရာ ယင်းတို့ကို လေ့လာခြင်းမှ များစွာသင်ယူနိုင်၏။ (ရောမ ၁၅:၄) ဥပမာ၊ ယေရမိကို သုံးသပ်ကြည့်ပါ။
၆ ယေရမိသည် ငယ်စဉ်ကတည်းက ယုဒပြည်တွင် ပရောဖက်တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ခံခဲ့ရသည်။ ယင်းသည် လွယ်ကူသောတာဝန်တစ်ခု မဟုတ်ချေ။ လူအများသည် မှားယွင်းသော ဘုရားများကို ကိုးကွယ်နေကြ၏။ ယေရမိ အမှုစထမ်းဆောင်စဉ် စိုးစံနေသော ရှင်ဘုရင်ယောရှိသည် သစ္စာရှိခဲ့သော်လည်း နောက်ပိုင်းနန်းဆက်ခံသူ ဘုရင်အားလုံးသည် သစ္စာမဲ့ခဲ့ကြသည်၊ လူတို့ကို သွန်သင်ပေးရန် တာဝန်ရရှိထားသူ ပရောဖက်များနှင့် ယဇ်ပုရောဟိတ် အများစုသည် အမှန်တရားဘက်တွင် မရပ်တည်ခဲ့ကြချေ။ (ယေရမိ ၁:၁၊ ၂; ၆:၁၃; ၂၃:၁၁) ထိုစဉ် ယေဟောဝါသည် ယေရမိကို ပရောဖက်အဖြစ် ဆင့်ခေါ်သည့်အခါ သူမည်သို့ခံစားခဲ့ရသနည်း။ ကြောက်ရွံ့လိုက်မည်ဖြစ်ခြင်း! (ယေရမိ ၁:၈၊ ၁၇) ယေရမိ ဦးဆုံးပြောလိုက်သည့်စကားမှာ ဤသို့ဖြစ်သည်– “အိုအရှင်ယေဟောဝါဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ အကြောင်းမှာ အကျွန်ုပ်သည် သူငယ်မျှသာဖြစ်ပါ၏။”—ယေရမိ ၁:၆၊ ကဘ။
၇။ ယေရမိသည် သူ၏ရပ်ကွက်တွင် အဘယ်တုံ့ပြန်မှု ကြုံခဲ့ရသနည်း၊ သူမည်သို့ တုံ့ပြန်ခဲ့သနည်း။
၇ ယေရမိ၏ရပ်ကွက်ရှိလူတို့သည် အများအားဖြင့် နားမထောင်ကြချေ၊ တစ်ခါတစ်ရံ ပြင်းထန်သောအတိုက်အခံကိုပင် သူကြုံခဲ့ရသည်။ တစ်ချိန်တွင် ယဇ်ပုရောဟိတ်ပါရှုရသည် သူ့ကို ရိုက်နှက်၍ ထိတ်တုံးခတ်ခဲ့သည်။ ထိုအချိန်တွင် ယေရမိ မည်သို့ခံစားခဲ့ရသည်ကို ဤသို့ပြောပြ၏– “ငါသည် [ယေဟောဝါ၏စကား]တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်” ဟုသဘောထား၏။ တစ်ခါတစ်ရံ အသင်လည်း ထိုနည်းတူ အရှုံးပေးလိုစိတ် ဖြစ်ပေါ်လာပေမည်။ ဇွဲရှိရှိနှင့်ဆက်လုပ်ဆောင်ရန် ယေရမိအား အဘယ်အရာက ထောက်ကူပေးသည်ကို သတိပြုပါ။ သူက “ငါ့အရိုးတို့၌ချုပ်ထား၍ လောင်သောမီးကဲ့သို့ [ဘုရားသခင်၏စကားတော် သို့မဟုတ် သတင်းတရား] သည် ငါ့နှလုံး၌ဖြစ်သောကြောင့် အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်” ဟုပြောခဲ့သည်။ (ယေရမိ ၂၀:၉) ဘုရားသခင်၏စကားတော်သည် သင့်အပေါ် ထိုနည်းတူ အကျိုးသက်ရောက်သလော။
ယေရမိ၏အပေါင်းအဖော်များ
၈၊ ၉။ (က) ပရောဖက်ဥရိယသည် အဘယ်အားနည်းချက်ကို ဖော်ပြခဲ့သနည်း၊ အဘယ်ရလဒ် ရခဲ့သနည်း။ (ခ) ဗာရုတ်သည် အဘယ်ကြောင့် စိတ်ဓာတ်ကျခဲ့ပြီး မည်သို့ အကူအညီရခဲ့သနည်း။
၈ ယေရမိ၏ပရောဖက်ပြုလုပ်ငန်းတွင် သူတစ်ဦးတည်းမဟုတ်ခဲ့ချေ။ သူ၏အပေါင်းအဖော်များရှိခဲ့ရာ ၎င်းက သူ့အတွက် အားပေးမှုဖြစ်ပေမည်။ သို့သော် သူ၏အပေါင်းအဖော်များသည် တစ်ခါတစ်ရံ ပညာရှိရှိမလုပ်ဆောင်ခဲ့ကြချေ။ ဥပမာ၊ ဥရိယအမည်ရှိသော ပရောဖက်ချင်းတစ်ဦးသည် “ယေရမိဟောပြောသောစကားနှင့် တညီတည်း” ယေရုရှလင်၊ ယုဒနှင့်ပတ်သက်သည့် သတိပေးချက်များဖြင့် အလုပ်များလျက်ရှိသည်။ ယောယကိမ်မင်းကြီးသည် ဥရိယကိုကွပ်မျက်ရန် အမိန့်ထုတ်ဆင့်လိုက်သောအခါ ထိုပရောဖက်သည် အီဂျစ်ပြည်သို့ ထွက်ပြေးသွားသော်လည်း သူသည် အသက်ချမ်းသာမရခဲ့ပါ။ ဘုရင်၏အစေအပါးများက သူ့ကို ဖမ်းဆီးချုပ်နှောင်ကာ ယေရုရှလင်မြို့သို့ ပြန်ခေါ်ဆောင်လာပြီး ကွပ်မျက်လိုက်သည်။ ယေရမိအတွက် တကယ့်ကို တုန်လှုပ်ချောက်ချားစရာပါတကား!—ယေရမိ ၂၆:၂၀-၂၃။
၉ ယေရမိ၏အပေါင်းအဖော် နောက်တစ်ဦးမှာ သူ၏အတွင်းရေးမှူး ဗာရုတ်ဖြစ်သည်။ ဗာရုတ်သည် ယေရမိကို ကောင်းစွာထောက်ပံ့ကူညီပေးခဲ့သော်လည်း တစ်ချိန်တွင် သူသည်လည်း ဝိညာဉ်ရေးအမြင်အာရုံ ပျောက်ဆုံးသွားခဲ့သည်။ သူက ‘ငါသည် အမင်္ဂလာရှိ၏။ ယေဟောဝါသည် ငါဝမ်းနည်းစရာအကြောင်း တစ်ပါးအပေါ်မှာတစ်ပါးကို ထပ်ဆင့်တော်မူသောကြောင့် ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီ’ ဟုညည်းညူခဲ့သည်။ ဗာရုတ် စိတ်ဓာတ်ကျသည့်အခါ ဝိညာဉ်ရေးရာများကို တန်ဖိုးထားစိတ် ပျောက်ဆုံးသွားလေသည်။ သို့တိုင် ယေဟောဝါသည် ဗာရုတ်အား ပညာရှိဆုံးမစကား ကြင်နာစွာပေးခဲ့ရာ သူပြန်ပြုပြင်ပြောင်းလဲခဲ့သည်။ ထိုအခါ သူသည် ယေရုရှလင်မြို့ ဖျက်ဆီးခံရချိန်တွင် အသက်ရှင်ကျန်ရစ်မည်ဟု စိတ်ချခဲ့လေသည်။ (ယေရမိ ၄၅:၁-၅) ဗာရုတ်သည် သူ၏ဝိညာဉ်ရေးဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်သည့်အခါ ယေရမိ အမှန်ပင်အားရှိသွားပေမည်!
မိမိ၏ပရောဖက်ကို ယေဟောဝါထောက်မခဲ့
၁၀။ ယေဟောဝါသည် ယေရမိကို ထောက်မကူညီပေးမည်ဟု မည်သို့ကတိပေးခဲ့သနည်း။
၁၀ အရေးကြီးဆုံးကား၊ ယေဟောဝါသည် ယေရမိကို မစွန့်ပယ်ခဲ့ချေ။ ကိုယ်တော်သည် မိမိ၏ပရောဖက် မည်သို့ခံစားနေရသည်ကို နားလည်ခဲ့ပြီး သူလိုအပ်သည့် ခွန်အားနှင့် ထောက်မမှုကို ပေးခဲ့သည်။ ဥပမာ၊ ယေရမိသည် ဓမ္မအမှုစတင်ဆောင်ရွက်ချိန်တွင် မိမိ၌အရည်အချင်းမရှိဟု ထုတ်ဖော်ပြောသည့်အခါ ယေဟောဝါက “သူတို့ကိုမကြောက်နှင့်။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူ ငါရှိသည်” ဟုသူ့အား မိန့်တော်မူ၏။ ထို့နောက် ယေရမိထမ်းဆောင်ရမည့်တာဝန်အကြောင်း ယေဟောဝါရှင်းပြပြီးနောက် ကိုယ်တော်က “သူတို့သည် သင့်ကိုစစ်တိုက်၍မနိုင်ရကြ။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူ ငါရှိသည်” ဟုမိန့်ဆိုခဲ့၏။ (ယေရမိ ၁:၈၊ ၁၉) တကယ်ကို အားရှိစရာပါတကား! ယေဟောဝါသည် ကတိတည်ကြောင်း သက်သေပြခဲ့သည်။
၁၁။ ယေဟောဝါသည် ယေရမိကိုထောက်မကူညီပေးမည်ဟု ကတိပြုသည်အတိုင်း ပြုလုပ်ပေးခဲ့ကြောင်း မည်သို့သိရှိရသနည်း။
၁၁ သို့ဖြင့် ယေရမိသည် ထိတ်တုံးခတ်ခံရ၍ လူအများရှေ့ ပြောင်လှောင်ခံရပြီးနောက်၌ပင် ယုံကြည်စိတ်ချစွာ ဤသို့ပြောဆိုခဲ့သည်– ‘ယေဟောဝါသည် အားကြီးသောသူကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထို့ကြောင့် ငါ့ကိုညှဉ်းဆဲသောသူတို့သည် မနိုင်ဘဲ ထိမိ၍လဲကြလိမ့်မည်။ အလွန်ရှက်ကြရလိမ့်မည်။’ (ယေရမိ ၂၀:၁၁) နောက်ပိုင်းနှစ်များတွင် ယေရမိကို ကွပ်မျက်ရန်ကြိုးစားခဲ့ကြသော်လည်း ယေဟောဝါသည် သူနှင့်အတူဆက်ရှိခဲ့၏၊ ယေရမိသည် ဗာရုတ်နည်းတူ ယေရုရှလင်မြို့ပျက်စီးသောအခါ အသက်ချမ်းသာရခဲ့၏၊ သူ့ကို ညှဉ်းပန်းနှိပ်စက်သူများနှင့် သူ၏သတိပေးချက်များကို ဥပေက္ခာပြုသူများမူကား ကွပ်မျက်ခံရသည်၊ သို့မဟုတ် ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်။
၁၂။ စိတ်ဓာတ်ကျစရာအကြောင်း များစွာရှိလင့်ကစား အဘယ်အရာကို စိတ်ထဲစွဲမှတ်ထားသင့်သနည်း။
၁၂ ယေရမိနည်းတူ ယနေ့ ယေဟောဝါသက်သေများစွာသည် ဝေဒနာအမျိုးမျိုးခံစားနေကြရသည်။ အစောပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း ထိုဆင်းရဲဝေဒနာအချို့သည် ကျွန်ုပ်တို့၏မစုံလင်မှုများကြောင့်ဖြစ်စေ၊ ဤလောကရှိ ကစဉ့်ကလျားအခြေအနေများကြောင့်ဖြစ်စေ၊ ကျွန်ုပ်တို့လုပ်ငန်းကို အတိုက်အခံပြုသူများကြောင့်ဖြစ်စေ ပေါ်ပေါက်လာသည်။ ဤသို့သောဆင်းရဲဝေဒနာများကြောင့် စိတ်ဓာတ်ကျနိုင်သည်။ ယေရမိနည်းတူ ကျွန်ုပ်တို့ ဆက်အမှုဆောင်နိုင်ပါမည်လောဟု တွေးမိကြပေမည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် အခါအားလျော်စွာ စိတ်ဓာတ်ကျနိုင်၏။ စိတ်ဓာတ်ကျခြင်းသည် ယေဟောဝါအပေါ် ကျွန်ုပ်တို့၏မေတ္တာအတိမ်အနက်ကို စမ်းသပ်မှုဖြစ်နိုင်သည်။ သို့ဖြစ်၍ စိတ်ဓာတ်ကျသောကြောင့် ဥရိယကဲ့သို့ ယေဟောဝါ၏လုပ်ငန်းတော်မှ သွေဖည်မသွားမိစေရန် သန္နိဋ္ဌာန်ချကြစို့။ ယင်းအစား၊ ယေရမိကိုတုပကာ ယေဟောဝါ၏ထောက်မကူညီမှုရမည်ဟု ယုံကြည်စိတ်ချပါလေ။
စိတ်ဓာတ်ကျမှုကို တွန်းလှန်နိုင်ပုံ
၁၃။ ယေရမိနှင့်ဒါဝိဒ်၏ ပုံသက်သေများကို မည်သို့လိုက်လျှောက်နိုင်သနည်း။
၁၃ ယေရမိသည် ယေဟောဝါဘုရားသခင်နှင့် မှန်မှန်ဆက်သွယ်၍ သူ၏အတွင်းခံစားချက်များကိုဖော်ပြကာ ခွန်အားပေးပါဟု တောင်းဆိုခဲ့သည်။ ၎င်းသည် လိုက်လျှောက်သင့်သည့် ပုံသက်သေကောင်းဖြစ်၏။ ထိုခွန်အားပေးရှင်၏အကူအညီကို တောင်းခံခဲ့သော ရှေးခေတ်မှ ဒါဝိဒ်သည် ဤသို့ရေးသားခဲ့သည်– ‘အိုယေဟောဝါ အကျွန်ုပ်၏စကားကို နားထောင်တော်မူ၍ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင်တော်မူပါ။ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်ကိုဆုတောင်းသည်ဖြစ်၍ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။’ (ဆာလံ ၅:၁၊ ၂) ယေဟောဝါထံမှ အကူအညီရရန် ဒါဝိဒ်၏ဆုတောင်းချက်တိုင်းကို ထပ်ခါတလဲလဲ ဖြေကြားပေးခဲ့ကြောင်း ဒါဝိဒ်ဘဝ၏မှုတ်သွင်းခံမှတ်တမ်းက ဖော်ပြသည်။ (ဆာလံ ၁၈:၁၊ ၂; ၂၁:၁-၅) ထိုနည်းတူစွာ၊ ဖိစီးမှုများ ပြင်းထန်သည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ပြဿနာများ ဖြေရှင်းနိုင်ပုံမရသည့်အခါ ယေဟောဝါထံ ရင်ဖွင့်ဆုတောင်းလျှင် အလွန်စိတ်သက်သာမှုရစေသည်။ (ဖိလိပ္ပိ ၄:၆၊ ၇; ၁ သက်သာလောနိတ် ၅:၁၆-၁၈) ယေဟောဝါသည် ကျွန်ုပ်တို့၏ဆုတောင်းချက်ကို နားမညောင်းဘဲမနေပါ။ သို့အစား၊ ‘ကျွန်ုပ်တို့ကို သတိနှင့်ကြည့်ရှုတော်မူ’ ကြောင်း ကိုယ်တော်အာမခံသည်။ (၁ ပေတရု ၅:၆၊ ၇) သို့သော် ယေဟောဝါထံ ဆုတောင်းပြီးမှ ကိုယ်တော်မိန့်ဆိုရာကို နားမထောင်ဘဲနေလျှင် အကျိုးသင့်အကြောင်းသင့်ရှိမည်လော။
၁၄။ ယေဟောဝါ၏စကားတော်သည် ယေရမိအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၁၄ ယေဟောဝါသည် ကျွန်ုပ်တို့ကို မည်သို့စကားပြောသနည်း။ ယေရမိကို ပြန်၍သုံးသပ်ကြည့်ပါ။ ယေရမိသည် ပရောဖက်ဖြစ်သောကြောင့် သူနှင့် ယေဟောဝါတိုက်ရိုက်ဆက်သွယ်ခဲ့သည်။ ဘုရားသခင်၏စကားတော်များသည် မိမိ၏နှလုံးကို မည်မျှထိမိကြောင်း ယေရမိဤသို့ဖော်ပြသည်– “ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား[သခင်]၊ အကျွန်ုပ်တွေ့သောနှုတ်[မြွက်]စကားကို ခံယူပါပြီ။ နှုတ်[မြွက်စကား]သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏။” (ယေရမိ ၁၅:၁၆) မှန်ပါသည်၊ ဘုရားသခင့်နာမတော်ဖြင့် ယေရမိအခေါ်ခံရခြင်းကို နှစ်သက်ပြီး ကိုယ်တော်၏စကားတော်သည် ပရောဖက်အတွက် တန်ဖိုးမဖြတ်နိုင်ချေ။ ထို့ကြောင့် တမန်တော်ပေါလုကဲ့သို့ ယေရမိသည် မိမိအား အပ်နှင်းထားသော သတင်းတရားကို စိတ်အားထက်သန်စွာ ဟောပြောခဲ့သည်။—ရောမ ၁:၁၅၊ ၁၆။
၁၅။ ယေဟောဝါ၏စကားတော်ကို ကျွန်ုပ်တို့စိတ်နှလုံးထဲ မည်သို့ စွဲမှတ်စေနိုင်သနည်း၊ အဘယ်အကြောင်းများကို ဆင်ခြင်သုံးသပ်လျှင် နှုတ်ဆိတ်မနေရန် သန္နိဋ္ဌာန်ချစေမည်နည်း။
၁၅ ယနေ့ ယေဟောဝါသည် မည်သူနှင့်မျှ တိုက်ရိုက်မဆက်သွယ်တော့ချေ။ သို့သော် သမ္မာကျမ်းစာတွင် ဘုရားသခင်၏စကားတော်ပါရှိသည်။ သို့ဖြစ်၍ သမ္မာကျမ်းစာကို စိတ်အားထက်သန်စွာ လေ့လာပြီး သိရှိရာများကို အလေးအနက်ဆင်ခြင်သုံးသပ်မည်ဆိုလျှင် ဘုရားသခင်၏စကားတော်သည် ကျွန်ုပ်တို့အတွက်လည်း “ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း” ဖြစ်လာပါလိမ့်မည်။ ထို့ပြင် အဆိုပါစကားတော်ကို သူတစ်ပါးအား ဝေမျှချိန်တွင် ယေဟောဝါ၏နာမတော်ကို ပြောပြရသည့်အတွက် ကျွန်ုပ်တို့ စိတ်ရွှင်လန်းနိုင်ကြသည်။ ယနေ့ ကမ္ဘာပေါ်တွင် အခြားမည်သူမျှ ယေဟောဝါ၏နာမတော်ကို မကြေညာသည်ကို ဘယ်တော့မျှမမေ့ပါလေနှင့်။ ဘုရားသခင်၏သက်သေခံများသာလျှင် ကိုယ်တော်၏တည်ထောင်ပြီးသော နိုင်ငံတော်သတင်းကောင်းကို ကြေညာနေကြပြီး ယေရှုခရစ်၏တပည့်များ ဖြစ်လာစေရန် စိတ်နှိမ့်ချသူများအား သွန်သင်ပေးနေကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့ တကယ်ကောင်းချီးခံစားရသည်တကား! ယေဟောဝါသည် ကျွန်ုပ်တို့ကို မေတ္တာရှိရှိ တာဝန်အပ်နှင်းထားသည့်အတွက် မည်သို့နှုတ်ဆိတ်နေနိုင်ကြမည်နည်း။
ကျွန်ုပ်တို့၏အပေါင်းအသင်းများကို သတိထားကြစို့
၁၆၊ ၁၇။ အပေါင်းအသင်းများနှင့်ပတ်သက်၍ ယေရမိ၏အမြင်ကား အဘယ်နည်း၊ ကျွန်ုပ်တို့သည် သူ့ကို မည်သို့တုပနိုင်သနည်း။
၁၆ မိမိအား ရဲရင့်စေခဲ့သည့် အခြားအရာတစ်ခုကို ယေရမိ ဤသို့ပြောပြသည်– “ပွဲခံသောသူအစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ။ လက်တင်တော်မူသောကြောင့် တစ်ယောက်တည်းထိုင်ပါပြီ။ အကျွန်ုပ်ကို ဒေါသအမျက်နှင့်ပြည့်စေတော်မူပြီ။” (ယေရမိ ၁၅:၁၇) ယေရမိသည် မကောင်းသောအပေါင်းအသင်းများကြောင့် အကျင့်ယိုယွင်းသွားမည့်အစား တစ်ဦးတည်းနေလို၏။ ယနေ့ ကျွန်ုပ်တို့သည်လည်း ကိစ္စရပ်များကို ထိုနည်းတူ ရှုမြင်ကြသည်။ “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့၊” နှစ်ပေါင်းများစွာ ကျွန်ုပ်တို့တွင်ရှိသည့် အကျင့်ဓလေ့ကောင်းများပင် “ယိုယွင်းတတ်၏” ဟူသော တမန်တော်ပေါလု၏သတိပေးချက်ကို ကျွန်ုပ်တို့ ဘယ်တော့မျှမမေ့ကြပါ။—၁ ကောရိန္သု ၁၅:၃၃။
၁ ကောရိန္သု ၂:၁၂; ဧဖက် ၂:၂; ယာကုပ် ၄:၄) သို့ဖြစ်၍ အကျိုးယုတ်စေမည့်အပေါင်းအသင်းများကို ခွဲခြားသိမြင်နိုင်ရန်နှင့် သူတို့ကို လုံးဝရှောင်ကြဉ်နိုင်ရန် ကျွန်ုပ်တို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးကြစို့။ (ဟေဗြဲ ၅:၁၄) ယနေ့ ကမ္ဘာပေါ် ပေါလုအသက်ရှင်နေမည်ဆိုလျှင် အကျင့်ယိုယွင်းသော၊ အကြမ်းဖက်သော ရုပ်ရှင်များကိုကြည့်ရှုသူ ခရစ်ယာန်တစ်ဦးအား မည်သို့ပြောဆိုမည်ဟု သင်ထင်သနည်း။ အင်တာနက်မှတစ်ဆင့် သူစိမ်းတစ်ရံများနှင့်မိတ်ဖွဲ့နေသော ညီအစ်ကိုတစ်ဦးကို သူမည်သို့ဆုံးမမည်ထင်သနည်း။ ကိုယ်ပိုင်လေ့လာမှု ကောင်းကောင်းမပြုလုပ်ဘဲ အချိန်များစွာအကုန်ခံ၍ ဗီဒီယိုဂိမ်းများကစားသူ၊ ရုပ်မြင်သံကြားကြည့်သူ ခရစ်ယာန်တစ်ဦးကို သူမည်သို့ယူမှတ်မည်နည်း။—၂ ကောရိန္သု ၆:၁၄ခ; ဧဖက် ၅:၃-၅၊ ၁၅၊ ၁၆။
၁၇ မကောင်းသော အပေါင်းအသင်းများကြောင့် ဤလောက၏စိတ်ဓာတ်ဝင်လာကာ ကျွန်ုပ်တို့၏အတွေးအခေါ် ညစ်ညမ်းသွားနိုင်သည်။ (ဝိညာဉ်ရေးပရဒိသုတွင် ဆက်ရှိနေ
၁၈။ ဝိညာဉ်ရေးခွန်အားရှိစေရန် အဘယ်အရာက ထောက်ကူပေးမည်နည်း။
၁၈ ကျွန်ုပ်တို့၏ဝိညာဉ်ရေးပရဒိသုကို ကျွန်ုပ်တို့တန်ဖိုးထားကြသည်။ ယနေ့ ဤလောကတွင် ယင်းနှင့်တူသည့်အရာ အဘယ်အရာမျှမရှိချေ။ မယုံကြည်သူများပင်လျှင် ခရစ်ယာန်အချင်းချင်း ပြသကြသည့် မေတ္တာ၊ စာနာထောက်ထားမှုနှင့် ကြင်နာမှုတို့ကို ချီးကျူးပြောဆိုကြသည်။ (ဧဖက် ၄:၃၁၊ ၃၂) သို့တိုင် ကျွန်ုပ်တို့သည် စိတ်ဓာတ်ကျမှုကို တွန်းလှန်ရန် ယခင်ကထက် ယခု ပို၍လိုအပ်သည်။ ကောင်းသောအပေါင်းအသင်း၊ ဆုတောင်းခြင်းနှင့် လေ့လာမှုကောင်းကောင်းပြုလုပ်ခြင်းတို့သည် ဝိညာဉ်ရေးခွန်အားရရှိစေသည်။ ယေဟောဝါအား လုံးလုံးလျားလျား ယုံကြည်စိတ်ချခြင်းနှင့်အတူ မည်သည့်စမ်းသပ်မှုကိုမဆို ရင်ဆိုင်နိုင်ရန် ယင်းတို့က ကျွန်ုပ်တို့ကို ခွန်အားပေးပါလိမ့်မည်။—၂ ကောရိန္သု ၄:၇၊ ၈။
၁၉၊ ၂၀။ (က) ကျွန်ုပ်တို့ကို အဘယ်အရာက ခံရပ်စေနိုင်မည်နည်း။ (ခ) နောက်ဆောင်းပါးသည် မည်သူတို့ကို ရည်စူး၍ ရေးသားထားခြင်းဖြစ်သနည်း၊ ယင်းကို မည်သူတို့လည်း စိတ်ဝင်စားကြမည်နည်း။
၁၉ ကျမ်းစာသတင်းတရားကို မုန်းတီးသူများက ခြိမ်းခြောက်ပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အလျော့ပေးလိုက်လျောစေရန် ဘယ်သောအခါမျှ ခွင့်မပြုသင့်ချေ။ ယေရမိကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသော ရန်သူများကဲ့သို့ပင် ကျွန်ုပ်တို့ကို တိုက်ခိုက်သူများသည် ဘုရားသခင်ကို တိုက်ခိုက်နေခြင်းဖြစ်၏။ သူတို့ အနိုင်ရမည်မဟုတ်ချေ။ ကျွန်ုပ်တို့ကို တိုက်ခိုက်သူများထက် များစွာခွန်အားကြီးမားသောအရှင် ယေဟောဝါက ဤသို့မိန့်ဆိုသည်– ‘ယေဟောဝါကိုမျှော်လင့်လော့။ အားယူ၍ရဲရင့်သောစိတ်နှလုံးရှိလော့။ ယေဟောဝါကိုမျှော်လင့်လျက်နေလော့။’ (ဆာလံ ၂၇:၁၄) ကျွန်ုပ်တို့၏နှလုံးတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသည့် ယေဟောဝါအား မျှော်လင့်ခြင်းဖြင့် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ရန် သန္နိဋ္ဌာန်ချကြစို့လေ။ ယေရမိနှင့်ဗာရုတ်နည်းတူ ကျွန်ုပ်တို့သည် တည်ကြည်၍ကျင့်လျှင် အကျိုးခံစားရမည်ကို ယုံကြည်စိတ်ချကြစို့လေ။—ဂလာတိ ၆:၉။
၂၀ ခရစ်ယာန်များစွာသည် စိတ်ဓာတ်ကျမှုကို အစဉ်မပြတ်တိုက်လှန်နေကြရ၏။ သို့သော် လူငယ်များမူ အထူးစိန်ခေါ်ချက်များကို ရင်ဆိုင်နေရကြသည်။ သို့ဖြစ်စေကာမူ သူတို့တွင် အခွင့်ထူးများရှိ၏။ နောက်ဆောင်းပါးသည် ကျွန်ုပ်တို့ထဲမှ လူငယ်များကို အထူးရည်စူး၍ ရေးသားထားခြင်းဖြစ်သည်။ စကားအားဖြင့်၊ ပုံသက်သေအားဖြင့်၊ လမ်းပြညွှန်ကြားခြင်းအားဖြင့် အသင်းတော်ရှိ လူငယ်များကို ကူညီပေးနိုင်သည့် မိဘများနှင့် အသင်းတော်မှ ဆက်ကပ်အပ်နှံထားသူ လူကြီးများအားလုံးသည်လည်း ၎င်းကို စိတ်ဝင်စားကြလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
• စိတ်ဓာတ်ကျစရာအခြေအနေများကို ရင်ဆိုင်ရဖို့ အဘယ်ကြောင့် မျှော်လင့်အပ်သနည်း၊ အကူအညီရရန် မည်သူ့ကို အားကိုးသင့်သနည်း။
• ယေရမိသည် ခက်ခဲသောတာဝန် ထမ်းဆောင်နေရသည့်ကြားမှ စိတ်ဓာတ်ကျမှုကို မည်သို့ ကျော်လွှား နိုင်ခဲ့သနည်း။
• အခက်အခဲများကြားမှပင် အဘယ်အရာက ကျွန်ုပ်တို့ကို “ဝမ်းမြောက်ရွှင်လန်း” စေမည်နည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မိမိသည် ပရောဖက်တစ်ပါးဖြစ်ရန် ငယ်လွန်းပြီး အတွေ့ အကြုံမရှိဟု ယေရမိယူမှတ်ခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ညှဉ်းပန်းနှိပ်စက်ခံရချိန်၌ပင် ယေဟောဝါသည် “အားကြီးသောသူကဲ့သို့” မိမိဘက်၌ရှိကြောင်း ယေရမိသိရှိခဲ့