မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးခေတ်အားကစားပွဲများနှင့် အနိုင်ရဖို့ အရေးကြီးခြင်း

ရှေးခေတ်အားကစားပွဲများနှင့် အနိုင်ရဖို့ အရေးကြီးခြင်း

ရှေးခေတ်​အားကစားပွဲများနှင့် အနိုင်​ရဖို့ အရေးကြီး​ခြင်း

“ပွဲ​၌​ပြိုင်​သော​သူ​မည်​သည်​ကား အရာရာ၌ ကိုယ်ကို​ချုပ်တည်း​တတ်၏။” “ပွဲ​၌​ပြိုင်ဆိုင်​သော​သူသည် ထုံးတမ်း​အတိုင်း​မ​ပြိုင်ဆိုင်​လျှင် ပန်းဦးရစ်​ကို​မရ။”—၁ ကောရိန္သု ၉:၂၅၊ သမ္မာ; ၂ တိမောသေ ၂:၅၊ သမ္မာ။

တမန်​တော်​ပေါလု ရည်ညွှန်း​သည့် အားကစားပွဲ​များသည် ရှေးခေတ်​ဂရိ​ယဉ်ကျေးမှု​တွင် မပါ​လျှင်​မဖြစ်​သည့်​အရာတစ်ခု ဖြစ်သည်။ ထို​အားကစား​ပြိုင်ပွဲ​များ​အပြင် ၎င်းတို့၏ စရိုက်​လက္ခဏာ​ဝန်းကျင်​အကြောင်း သမိုင်းက အဘယ်အရာ​ဖော်ပြ​သနည်း။

မကြာသေးမီ​က ရောမမြို့ ကော်​လော​စီ​ယမ်​တွင် နီ​ကီ—အီလ် ဂျို​ကို အေ လာ ဗီ​တိုရာ (“နို​က်ကီ—အားကစားပွဲ​နှင့် အောင်ပွဲ”) ဂရိ​အားကစားပွဲများနှင့်​ဆိုင်သော ပြပွဲ​တစ်ခု ခင်းကျင်း​ပြသ​ခဲ့​သည်။ * ခင်းကျင်း​ပြသထား​သည့်​ပစ္စည်း​များ​က အဆိုပါ​မေးခွန်း​အတွက် အဖြေ​တချို့​ပေး​ပြီး အားကစားပွဲ​များ​အပေါ် ခရစ်ယာန်​တစ်ဦး၏​အမြင်​နှင့်​စပ်လျဉ်း၍ စဉ်းစားစရာ​ဖြစ်ပေါ်​စေ​သည်။

ရှေးခေတ်​ထူးခြားသော​ဓလေ့

ဂရိ​နိုင်ငံ​သည် အားကစားပွဲ​များ ဦးဆုံး​ပြုလုပ်​သည့် ယဉ်ကျေးမှု​နိုင်ငံ မဟုတ်​ချေ။ သို့​တိုင်၊ ဘီ.စီ.အီး. ရှစ်ရာစု​ခန့်​က ဂရိ​ကဗျာ​ဆရာ ဟိုး​မား​သည် ထူးခြားသည့် စံနှုန်း​များ​ထား​ရှိ၍ အပြိုင်အဆိုင်​စိတ်ဓာတ်​ဖြင့် သက်ဝင်​လှုပ်ရှား​သော စစ်ဆင်ရေး​ပြောင်မြောက်​မှု​နှင့် ပြေးခုန်ပစ်​တို့ကို အလွန်​အမွှမ်းတင်​သည့် လူ့​ဘောင်​အဖွဲ့ကို ဖော်ပြ​ခဲ့​သည်။ အစောဆုံး ဂရိ​အားကစားပွဲ​များ​ကို သူရဲကောင်း​အာဇာနည်​များ​၏ ဈာပန​ကိစ္စ​များ​တွင် နတ်​ဘုရား​များ​ကို​ဂုဏ်ပြု​သည့်​အနေ​နှင့် ဘာသာရေးပွဲ​များ​အဖြစ် စတင်​ပြုလုပ်​ခဲ့​ကြ​ကြောင်း အဆိုပါ​ပြပွဲ​က ရှင်းလင်း​ဖော်ပြ​သည်။ ဥပမာ၊ ဂရိ​စာပေ​တွင် ရှေးအကျဆုံး​ဖြစ်၍ ယခု​ထက်​တိုင်​ရှိသော ဟိုး​မား​၏ Iliad လင်္ကာ​က အာခီလီးဇ်​၏ အပေါင်းအဖော်​များ​ဖြစ်​ကြ​သူ ရဲစွမ်းသတ္တိ​ရှိ​စစ်သည်​များသည် ပက်​ထ​ရို​က​လာ့စ်​၏ အသုဘ​အခမ်းအနား​တွင် လက်နက်များ ချ​ခဲ့​ခြင်း​အကြောင်း​နှင့် သူတို့၏​ရဲစွမ်းသတ္တိကို လက်ဝှေ့​ထိုး​ခြင်း၊ နပန်း​သတ်​ခြင်း၊ သံ​ပြား​ဝိုင်း​နှင့် လှံတံ​ပစ်​ခြင်း၊ စစ်​မြင်းရထား​မောင်း​ပြိုင်​ခြင်း​တို့​ဖြင့် ဖော်ပြ​ခဲ့​ခြင်း​အကြောင်း ရေးသား​ဖော်ပြ​သည်။

အလားတူ​ပွဲ​များ​ကို ဂရိ​နိုင်ငံ​တစ်နိုင်ငံ​လုံး ကျင်းပ​လေ​တော့​သည်။ ပြပွဲ​လက်စွဲ​စာအုပ်​က ဤသို့​ဆို​၏– “ထို​အားကစားပွဲ​များသည် ဂရိ​တို့အတွက် အခြေခံ​အခွင့်အရေး​တစ်ခု​ပေး​သည်၊ သူတို့၏​နတ်​ဘုရား​များ​ကို လေးစား​သည့်​အနေ​နှင့် အတော​မ​သတ်​သည့် အကြမ်းဖက်​ငြင်းခုံ​မှုများ​ကို သူတို့​စွန့်ပယ်​ကြ​ပြီး အပြိုင်အဆိုင်​စိတ်ဓာတ်​ကို ချိုးနှိမ်​ကာ ငြိမ်းချမ်း​ရိုးသား​စွာ ပြေးခုန်​ကစား​နိုင်​ကြ​စေ​သည်။”

ပြေးခုန်ပစ်​ပြိုင်ပွဲ​များ​အားဖြင့် ၎င်းတို့၏​နတ်​ဘုရား​များ​အား ဂုဏ်ပြု​ရန် အများ​ဝတ်ပြုရာ​နေရာများ​တွင် မှန်မှန်​စုရုံး​သည့်​အလေ့​ကို မြို့နယ်​အလိုက်​အုပ်စုဖွဲ့​၍ ကျင်းပ​လေ့​ရှိကြသည်။ အတန်ကြာ​လေ​သော်၊ ဇုသ​နတ်​ဘုရား​ကို ရည်စူး​ကျင်းပ​သည့် အိုလံပစ်​နှင့် နီ​မီယံ​အားကစားပွဲ​တော်၊ အပို​လို​နှင့် ပို​စေ​ဒွန်​နတ်​ဘုရား​တို့ကို ရည်စူး​ကျင်းပ​သည့် ပိုင်​သီ​ယံ​နှင့် အစ္စသမီယံ​ပွဲတော်​ဟူသော ဤ​ပွဲတော်​လေးခု​သည် ဂရိ​လူမျိုး​အားလုံး​အတွက် အရေးပါသော​ပွဲတော်​များ​စာရင်း​တွင် ပါဝင်​လာ​လေ​သည်။ ဆိုလိုသည်မှာ ဂရိ​နိုင်ငံ​ရှိသူ​အားလုံး ၎င်း​ပွဲတော်​များ​တွင် ပါဝင်​ယှဉ်ပြိုင်​နိုင်​ခြင်း​ဖြစ်သည်။ ဤ​ပွဲတော်​များ​တွင် ယဇ်​ပူဇော်​ခြင်း​နှင့် ဆုတောင်းခြင်း​တို့​ပါဝင်​သော်လည်း ပြောင်မြောက်​စွာ အားကစား​ခြင်း​ဖြင့်​ဖြစ်စေ၊ အနုပညာ​အစွမ်း​ပြ​ခြင်း​ဖြင့်​ဖြစ်စေ ယှဉ်ပြိုင်​ကြ​ခြင်း​ဖြင့် နတ်​ဘုရား​များ​ကို ဂုဏ်ပြု​ကြ​၏။

ထို​ပွဲတော်​များ​တွင် ရှေးအကျဆုံး​နှင့် အကျော်ကြားဆုံး​ပွဲတော်​ကို ဘီ.စီ.အီး. ၇၇၆ ခုနှစ်​တွင် ကျင်းပ​ခဲ့​၍ အို​လင်​ပီ​ယာ​ဒေသ​၌ ဇုသ​နတ်​ဘုရား​ကို​ဂုဏ်ပြု​ရန် လေးနှစ်​တစ်ကြိမ် ကျင်းပ​လေ့​ရှိသည်။ ဒုတိယ​အရေးပါသည့်​ပွဲတော်​မှာ ပိုင်​သီ​ယံ​ပွဲတော်​ဖြစ်​လေ​သည်။ ရှေးခေတ်​ကမ္ဘာ​၏ အကျော်ကြားဆုံး​နတ်​ကွန်း​နှင့်​နီး​သည့် ဒဲလ်​ဖီ​မြို့တွင် ကျင်းပ​သော ဤ​ပွဲ​တွင်​လည်း ပြေးခုန်ပစ်​ကစား​ကြသည်။ သို့သော် ကဗျာ​လင်္ကာ​နှင့် တေးဂီတ​တို့ကို အားပေးသူ၊ အပို​လို​နတ်​ဘုရား​ကို ဂုဏ်ပြု​သည့်​အနေ​နှင့် တေးသီချင်း​နှင့် အ​က​ကို အထူး​အလေးပေး​ကြသည်။

ထူးခြားသည့် ပွဲ​စဉ်​များ

ခေတ်​သစ်​ပြေးခုန်ပစ်​အားကစားပွဲများနှင့် နှိုင်းယှဉ်​ကြည့်​ပါ​က ပွဲ​စဉ်​အရေအတွက်​ကို အတော်လေး ကန့်သတ်​ထား​ရုံ​မ​က အမျိုးသားများ​သာ ပါဝင်​ယှဉ်ပြိုင်​ကြ​ရ၏။ ရှေး​အိုလံပစ်​အားကစားပွဲ​၏ အစီအစဉ်​တွင် ပွဲ​စဉ်​ဆယ်မျိုး​ထက် မ​ကျော်​ခဲ့​ချေ။ ကော်​လော​စီ​ယမ်​တွင် ပြသထား​သည့် နီ​ညို​ရော​င်​ပန်း​အိုး​ကြီး​များ​ပေါ်​ရှိ ရုပ်တု​များ၊ ရုပ်​ကြွ​များ၊ မှန်​စီ​ရွှေ​ချ​လက်ရာများ​နှင့် ပန်းချီကား​များသည် အဆိုပါ​ပြိုင်ပွဲ​များ​ကို ဖော်ပြ​ထား​သည်။

အလျား​ကိုက် ၂၂၀ ခန့်​ရှိ အားကစားကွင်း; ယနေ့ခေတ်​၏ အလျား​ကိုက် ၄၄၀ နှင့်​ညီမျှ​သည့် ကွင်း​နှစ်ပတ်​ပြေးပွဲ; နှင့် အလျား​ကိုက် ၅,၀၀၀ ရှိ တာ​ဝေး​ပြေးပွဲ​ဟူ၍ ခရီး​အကွာအဝေး​သုံးမျိုး​ရှိ ခြေလျင်​ပြေးပွဲ​များ​ရှိသည်။ အားကစားသမား​များသည် ကိုယ်လုံးတီး ပြေးပွဲဝင်​ကြ၊ လေ့ကျင့်​ကြ​၏။ အားကစား​ငါး​မျိုး​ပေါင်း ပြိုင်ပွဲဝင်​သူများ​သည် အပြေး၊ အလျား​ခုန်၊ သံ​ပြား​ဝိုင်း​နှင့် လှံတံ​ပစ်၊ နပန်းလုံး​ခြင်း​တွင် ပါဝင်​ယှဉ်ပြိုင်​ကြ​ရ၏။ အခြား​ပြိုင်ပွဲ​များ​တွင် လက်ဝှေ့​ထိုး​ခြင်း​နှင့် ပဲန်ကရေတီယမ်​ခေါ် “လက်​အိတ်​မပါဘဲ လက်ဝှေ့​ထိုး​သတ် နပန်းလုံး​သည့် ရက်စက်​ကြမ်းကြုတ်​သော အားကစားနည်း” ပါဝင်​သည်။ ထို့နောက် အရွယ်ရောက်​မြင်း​နှစ်ကောင် သို့​မဟုတ် လေးကောင်​ဆွဲ​ပြီး ဘီး​သေး​များ​တပ်ဆင်​ထား​သည့် ပေါ့ပါး​သော နောက်​ပွင့်​လှည်း​များနှင့် အားကစားကွင်း​ရှစ်ခု အကွာအဝေး​ကျော် မောင်းနှင်​ရသည့် ပြိုင်ပွဲ​ရှိသည်။

လက်ဝှေ့​ထိုး​ခြင်း​သည် အလွန်​ပြင်းထန်​ပြီး တစ်ခါတစ်ရံ အသက်ဆုံးရှုံး​နိုင်၏။ ပြိုင်ပွဲဝင်​သူတို့သည် အကြီးအကျယ်​ထိခိုက်​ဒဏ်ရာ​ရစေ​နိုင်​သည့် သံ​မှို​များ​ထည့်​မြှုပ်​ထားသော သားရေ​အမာ​ဖြင့် လက်သီး​များ​ကို ပတ်​ထား​လေ့​ရှိကြသည်။ ယင်းကြောင့် စ​ထ​ရာ​တို​ဖွန်​တီ​အမည်​ရှိ ပြိုင်ပွဲဝင်​သူ​တစ်ဦး​သည် လေး​နာရီ​ကြာ လက်ဝှေ့​ထိုး​ပြီး​သည့်​နောက် မှန်​ထဲ​တွင် မိမိ​ရုပ်​ကို မမှတ်မိ​တော့​ခြင်း​ဖြစ်သည်။ လက်ဝှေ့သမား​များသည် ရုပ်ပျက်​ဆင်း​ပျက်​ဖြစ်လာ​ခဲ့​ကြောင်း ရှေးခေတ်​ရုပ်တု​များနှင့် မှန်​စီ​ရွှေ​ချ​လက်ရာများ​က ဖော်ပြ​သည်။

နပန်းလုံး​ရာ​တွင် ကိုယ်ခန္ဓာ​အပေါ်ပိုင်းကို​သာ ဆုပ်ကိုင်​နိုင်​သည့် စည်းမျဉ်း​ရှိပြီး မိမိ၏​ပြိုင်ဘက်​ကို မြေပြင်​ပေါ် သုံးကြိမ် ဦးဆုံး​လှဲချ​နိုင်​သူက အနိုင်​ရသူ​ဖြစ်သည်။ ပဲန်ကရေတီယမ်​ပြိုင်ပွဲ​တွင်​မူ အဘယ်​စည်းမျဉ်း​ကန့်သတ်ချက်​မျှ​မရှိ​ချေ။ ပြိုင်ပွဲဝင်​သူများ​သည် ခြေ​ဖြင့်​ကန်​ကျောက်​ခြင်း၊ လက်သီး​နှင့်​ထိုး​ခြင်း၊ အရိုးအဆစ်များ​ကို လိမ်​ချိုး​ခြင်း​တို့ ပြု​နိုင်​ကြသည်။ သို့သော် မျက်လုံး​များ​ထိုးဖောက်​ခြင်း၊ ကုတ်ဖဲ့​ခြင်း​နှင့် ကိုက်ဖြတ်​ခြင်း​တို့ကို​ကား မပြု​လုပ်ကြ​ရ​ချေ။ ရည်ရွယ်ချက်မှာ ပြိုင်ဘက်​ကို မ​လှုပ်​နိုင်​မရှား​နိုင်အောင် မြေပေါ်​လှဲချပြီး အရှုံးပေး​စေရန်​ဖြစ်သည်။ တချို့က ယင်း​ပြိုင်ပွဲ​ကို “အို​လင်​ပီ​ယာ​ပြိုင်ပွဲ​ရှိရှိသမျှ​တို့​တွင် ကြည့်​ရ​အကောင်းဆုံး” ဟု​သတ်မှတ်​ကြ​၏။

ရှေး​အချိန်​က အကျော်ကြားဆုံး ပဲန်ကရေတီယမ်​ပြိုင်ပွဲ​မှာ ဘီ.စီ.အီး. ၅၆၄ ခုနှစ်​က အိုလံပစ်​ပြိုင်ပွဲ​တွင် နောက်ဆုံး​ပွဲ​စဉ်​ဖြစ်သည်ဟု ဆို​ကြသည်။ ထို​စဉ်​က လည်မျို​ညှစ်​ခံ​နေရ​သည့် အာရာဟီအွန်​သည် သတိရှိရှိ​ဖြင့် မိမိ​ပြိုင်ဘက်​၏ ခြေချောင်း​တစ်ခု​ကို အဆစ်​ချိုး​လိုက်​သည်။ သူ၏​ပြိုင်ဘက်​သည် အလွန်​နာကျင်​သဖြင့် အာရာဟီအွန်​မသေမီ​အချိန်​လေး​တွင် အညံ့​ခံ​အရှုံးပေး​လိုက်ရ​၏။ သို့​နှင့် ဒို​င်​လူကြီး​များ​က အာရာဟီအွန်​၏​အလောင်းကို အနိုင်​ရသူ​အဖြစ် ကြေညာ​ခဲ့​ကြသည်!

စစ်​မြင်းရထား​မောင်း​ပြိုင်ပွဲ​သည် အကျော်ကြားဆုံး​ပြိုင်ပွဲ​ဖြစ်​ပြီး မျိုးရိုး​ကြီးမြတ်သူ​တို့​အသိုင်းအဝိုင်း​တွင် ရေပန်း​အစား​ဆုံး​လည်း​ဖြစ်သည်၊ အကြောင်း​မှာ အနိုင်​ရသူ​မှာ ရထား​မောင်း​သူ​မဟုတ်ဘဲ မြင်းရထား​နှင့် မြင်းများ​ကို​ပိုင်ဆိုင်သူ​ဖြစ်သည်။ ဤ​ပြိုင်ပွဲ​တွင် အကျပ်​တည်း​ဆုံး​အချိန်​များ​မှာ တာ​အစ​၌ မြင်းရထား​မောင်း​သူများ​သည် သတ်မှတ်​ထားသော လမ်းကြောင်း​တွင် ရှိနေ​ရခြင်း​နှင့် ထို​ထက်​ကား လမ်းကြောင်း​အဆုံးပိုင်း​တွင်​ရှိ တိုင်​များ​ကို ကွေ့ပတ်​မောင်း​ရသည့်​အချိန်​များ​တွင်​ဖြစ်သည်။ မှားသွား​မည်၊ သို့​မဟုတ် စည်းမျဉ်း ချိုးဖောက်​လျှင် မတော်တဆ​ဖြစ်မှု​များ ပေါ်လာ​နိုင်​စေ​ရာ ဤ​အများကြိုက်​ပြိုင်ပွဲ​ကို ပို​၍​ပင် ရင်သပ်​ရှုမောဖွယ်​ဖြစ်စေ​၏။

ဆု

တမန်​တော်​ပေါလု​က “မြေ​တ​လင်း​၌ ပြိုင်​၍​ပြေးကြ​သော​သူ အပေါင်းတို့သည် ပြိုင်​၍​ပြေးကြ​သော်လည်း၊ တစ်ယောက်တည်း​သာ​လျှင် ဆု​ကို​ရသည်” ဟု​ဆို​ခဲ့​၏။ (၁ ကောရိန္သု ၉:၂၄) အနိုင်​ရခြင်း​သည် အဓိက​ဖြစ်၏။ ငွေ​တံဆိပ်၊ ကြေး​တံဆိပ်​မရှိ၊ ဒုတိယ သို့​မဟုတ် တတိယ​ဆု​လည်း မရှိ​ချေ။ “အားကစားသမား​တစ်ဦး၏ အဆုံးစွန်​ပန်းတိုင်​မှာ အောင်ပွဲခံ​ခြင်း၊ ‘နို​က်ကီ’ သာ​ဖြစ်သည်” ဟု ထို​ပြပွဲ​က ရှင်းပြသည်။ “အောင်ပွဲခံ အနိုင်​ရ​မှ​သာ ထို​သူ၏ ရုပ်ပိုင်း​နှင့် စိတ်ဓာတ်​ပိုင်း​ဆိုင်ရာ ကိုယ်ပိုင်​စရိုက်​လက္ခဏာ​အစစ် ထင်ရှား​မည်​ဖြစ်​ရာ သူ၏​မွေးရပ်​ဌာနေ​မြို့​အတွက် ဂုဏ်ယူ​စ​ရာ​ဖြစ်​ပေမည်။” ထို​စိတ်ထား​ကို ဟိုး​မား​၏ သံ​ပိုင်း​မော်ကွန်း​ကဗျာ​မှ စာ​ကြောင်း​တစ်ခု​က ဤသို့​အကျဉ်း​ချုံး​ဖော်ပြ​သည်– “အမြဲ​ထူးချွန်​ဖို့ တတ်လာ​ပြီ။”

ပဲ​န်ဟဲ​လ​န်​နစ်​ခ်​အားကစားပွဲ​တော်​များ​တွင် အနိုင်​ရသူ​အား ချီးမြှင့်​သည့်​ဆု​မှာ သစ်​ရွက်​သရဖူ သက်​သက်သာ​ဖြစ်၏။ ပေါလု​က ယင်းကို “ညှိုးနွမ်း​ပျက်စီး​တတ်သော [သရဖူ]” ဟု​ခေါ်ဆို​ထား​သည်။ (၁ ကောရိန္သု ၉:၂၅) သို့​တိုင်၊ အဆိုပါ​ဆု​သည် အလွန်​လေးနက်​သော​အဓိပ္ပာယ်ဆောင်​၏။ ယင်းသည် သဘာဝ​စွမ်းအား​ကို ကိုယ်စား​ပြုပြီး အနိုင်​ရသူ​အပေါ် ၎င်း​၏​အစွမ်း​တန်ခိုး ပေးအပ်​သည်။ တစ်စိုက်မတ်မတ် ဇွဲရှိ​ရှိ​ကြိုးစား​သည့်​အတွက် အောင်ပွဲခံ​ခြင်း​က နတ်​ဘုရား​များ​၏ မျက်နှာသာ​ရခြင်း​ဖြစ်သည်။ အနိုင်​ရသူ​အား သရဖူ​ပေး​သည့် နို​က်ကီ​ခေါ် အောင်ပွဲခံ​ခြင်း​၏ တောင်ပံ​ပါ ဂရိ​နတ်​ဘုရားမ​ကို ရှေးခေတ် ပန်း​ပု​ဆရာများ​နှင့် ပန်းချီ​ဆရာများ မည်သို့​ပုံဖော်​ကြ​ကြောင်းကို ပြသထား​သော​ပစ္စည်း​များ​က တင်ပြ​သည်။ အို​လင်​ပီ​ယာ​ပွဲတော်​၌ အောင်ပွဲရ​ရှိ​ခြင်း​သည် အားကစားသမား​တစ်ဦး၏ အသက်မွေး​လုပ်ငန်း​တွင် အထွတ်အထိပ်​ဖြစ်သည်။

အိုလံပစ်​သရဖူ​များ​ကို သံလွင်ပင်​အ​ရိုင်း​၏ အခက်များ​ဖြင့် ပြုလုပ်​ထားပြီး အစ္စသမီယံ​ပွဲတော်​၏​သရဖူ​ကို ထင်းရှူး​ခက်၊ ပိုင်​သီ​ယံ​ပွဲတော်​၏​သရဖူ​ကို လော်​ရ​ယ်လ်​ခက်၊ နီ​မီယံ​ပွဲတော်​၏​သရဖူ​ကို တရုတ်​နံနံအ​ရိုင်း​မျိုး​ဖြင့် ပြုလုပ်​လေ့​ရှိကြသည်။ အခြား​နေရာများ​တွင် အားကစားပွဲ​တော်​များ​ကို စီစဉ်​ပေး​သူတို့က အတော်ဆုံး​ပြိုင်ပွဲဝင်​သူများကို မက်လုံး​အဖြစ် ငွေကြေး သို့​မဟုတ် အခြား​ဆု​များ​ပေး​ကြသည်။ ထို​ပြပွဲ​၌ ပြသထား​သော က​ရား​အိုး​အတော်များများ​သည် အသီနာ​နတ်​ဘုရားမ​ကို ဂုဏ်ပြု​သည့်​အနေ​နှင့် အေ​သင်​မြို့တွင်​ကျင်းပ​ခဲ့​သော ပဲန်အေသနိတ်​အားကစားပွဲ​တော်​များ​တွင် ဆွတ်ခူး​ခဲ့​သည့် ဆု​များ​ဖြစ်​ကြသည်။ မူလအစ​က အဆိုပါ​ရောမ​က​ရား​များ​တွင် အ​တီ​ကာ​ဒေသ​ထွက် သံလွင်ဆီ​ထည့်​တတ်ကြ​၏။ ထို​က​ရား​များ​မှ က​ရား​တစ်ခု​၏ မျက်နှာ​တစ်ဖက်တစ်ချက်​တွင် နတ်​ဘုရားမ​ပုံ​ပါ​ပြီး “အသီနာ​ပြိုင်ပွဲ​များ​အတွက် ဆု” ဟူ​သည့်​စာတန်း ရေးထိုး​ထား​သည်။ အခြား​တစ်ဖက်​တွင်​မူ ဆု​ရသူ အားကစားသမား အနိုင်​ရခဲ့​သည့် အားကစားပွဲ​ပုံ​ဖြစ်​မည့် ရုပ်ပုံကို ရေးဆွဲ​ထား​သည်။

ဂရိ​မြို့ကြီး​များသည် ၎င်းတို့၏​အားကစားသမား​များ အောင်ပွဲခံ​ခဲ့​ခြင်း​ကြောင့် ကျော်ကြား​လာ​ကြသည်၊ ထို​အောင်ပွဲခံ အားကစားသမား​များသည် ၎င်းတို့၏​မြို့သား​များ​အလယ်တွင် သူရဲကောင်း​များ​ဖြစ်သွား​ကြ​လေ​သည်။ ယင်း​အောင်ပွဲခံ​သူများ ပြန်ရောက်​လာ​သည့်​အခါ အောင်ပွဲခံ​ပွဲလမ်းသဘင်​ဖြင့် ကြိုဆိုလေ့​ရှိကြ​၏။ နတ်​ဘုရား​များ​ကို ကျေးဇူး​တင်​သည့် အထိမ်းအမှတ်​အနေ​နှင့် ကြေးရုပ်၊ ကျောက်ရုပ်​များ စိုက်ထူ​ကြ​၏—လူ​တို့ကို​ဂုဏ်ပြု​သည့်​အနေ​နှင့် ပြုလုပ်​လေ့​မရှိကြ​ချေ—ကဗျာ​ဆရာများ​က​လည်း ၎င်းတို့၏ ရဲစွမ်းသတ္တိကို သီကုံး​စပ်ဆို​ခဲ့​ကြသည်။ ၎င်းနောက် အနိုင်​ရသူများကို ပွဲလမ်းသဘင်​အခမ်းအနား​များ​တွင် ဦးစား​ပေး​ချီးမြှောက်​ကြ​ပြီး ပြည်သူ​လူထု​၏ အခွန်ငွေ​ဖြင့် ပင်စင်လစာ​များ​ပေးလေ့​ရှိ၏။

အားကစားရုံ​များနှင့် ၎င်းတို့၏​အားကစားသမား​များ

နိုင်ငံသား–စစ်သည် ဖွံ့ဖြိုး​တိုးတက်စေ​ရေး​တွင် အားကစား​၌​ယှဉ်ပြိုင်​ခြင်း​သည် မရှိမဖြစ်​လိုအပ်ချက်​တစ်ခု​ဟု ယူမှတ်​ကြသည်။ ဂရိ​မြို့ကြီး​အားလုံး​တွင် အားကစားရုံ​ကိုယ်စီ​ရှိကြ​၏၊ ထို​တွင် လူငယ်များ​ကို ကိုယ်ကာယ​သင်တန်း​များ​ပို့ချ​သည်၊ ဉာဏ်ပညာ​ပိုင်း​နှင့် ဘာသာရေး​စည်းကမ်း​နည်းလမ်း​တို့ကို​လည်း သင်ကြား​ပေးလေ့​ရှိ၏။ အားကစားရုံ​အဆောက်အအုံ​များ​ကို ကိုယ်လက်​လှုပ်ရှား​ကစား​နိုင်​သည့် ကွင်းပြင်​ကြီး​များ​ပတ်လည်​တွင် ဆောက်​ထား​လေ့​ရှိသည်၊ ယင်းကို စာကြည့်တိုက်​များနှင့် စာသင်​ခန်း​များ​အဖြစ်​အသုံးပြုသည့် အခြား​အမိုး​အကာ​ပါ​သော​အခန်း​များနှင့် ဆင်ဝင်​ဆောင်​များ ဝိုင်းရံ​ထား​သည်။ ဤ​အဆောက်အအုံ​များ​သို့ အလုပ်​ထက် ပညာရေး​ကို အချိန်ပို​ပေး​နိုင်​ကြ​သည့် ချမ်းသာ​ကြွယ်ဝသော​မိသားစု​များ​မှ လူငယ်များ လာရောက်​ကျက်စား​လေ့​ရှိသည်။ ဤ​တွင် အားကစားသမား​များသည် ဓာတ်စာ​များနှင့် လိင်​ကိစ္စ​ရှောင်ကြဉ်​မှု​ကို သတ်မှတ်​ပေး​သည့် သင်တန်း​ဆရာများ​၏​အကူအညီ​ဖြင့် အားကစားပွဲ​တော်​များ​အတွက် ကာလ​အတန်ကြာ အပူ​တ​ပြင်း လေ့ကျင့်​ပြင်ဆင်​ကြသည်။

ကော်​လော​စီ​ယမ်​ပြပွဲ​တွင် ရှေးခေတ် ရောမ​နှင့် ဂရိ အားကစားသမား​များ​ကို ပုံဖော်​ထား​သည့် ပန်း​ပု​လက်ရာများ​တွေ့ရှိ​ရသည်။ ရှေးခေတ်​ဂရိ​အတွေးအမြင်​စနစ်​တွင် ကိုယ်ခန္ဓာ​ချောမော​ပြေပြစ်​မှု​သည် ကိုယ်ကျင့်တရား​ကောင်းမွန်​မှု​နှင့် တန်းတူ​ဖြစ်​ရ​ကား မင်းမျိုး​မင်း​နွယ်​၏ သီးသန့်​ပိုင်ဆိုင်ရာ​ဖြစ်သော​ကြောင့် အောင်ပွဲရ အားကစားသမား​များ​၏ အချိုးအစား​ပြေပြစ်​သည့် ကိုယ်ခန္ဓာ​များသည် အတွေးအခေါ်​ပိုင်း​ဆိုင်ရာ​စံ​ကို ကိုယ်စား​ပြု​ပေ​သည်။ ရောမ​လူမျိုး​သည် ထို​ပန်း​ပု​လက်ရာများ​ကို အနုပညာ​လက်ရာ​အဖြစ် တန်ဖိုး​ထား​ကြ​ရာ အားကစားကွင်း​များ၊ ရေချိုးကန်​များ၊ မြေပိုင်ရှင်​အိမ်များ​နှင့် နန်းတော်​များ​တွင် အလှ​ဆင်ယင်​ထား​လေ့​ရှိ၏။

ရောမ​လူမျိုး​သည် ကြမ်းတမ်းသော​ဖျော်ဖြေမှု​ကို အမြဲလို​လား​ကြသည်​ဖြစ်​ရာ ရောမမြို့​တွင်​ကျင်းပ​သည့် ဂရိ​ပြိုင်ပွဲ​များ​မှ လက်ဝှေ့၊ နပန်း​နှင့် ပဲန်ကရေတီယမ်​ပြိုင်ပွဲ​များသည် လူ​ကြိုက်​အများဆုံး​ဖြစ်သည်။ ရောမ​လူမျိုး​သည် ထိုသို့​သော​အားကစားပွဲ​များ​ကို ဂုဏ်ရည်​တူ​သူ​ချင်း ရဲစွမ်းသတ္တိ​ယှဉ်ပြိုင်​မှု​အဖြစ်​မဟုတ်ဘဲ ဖျော်ဖြေမှု​သက်​သက်​အဖြစ် ယူမှတ်ခဲ့​ကြ​၏။ အားကစားပွဲ​တွင် လက်ရွေးစင် စစ်သည်-အားကစားသမား​များ စုပေါင်း​ပါဝင်​ယှဉ်ပြိုင်​ခြင်း​သည် ၎င်းတို့၏​ပညာရေး တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်​ဟူသော မူလ​ယူဆချက်​ကို စွန့်လွှတ်​လိုက်​ကြသည်။ ယင်းအစား၊ ရောမ​လူမျိုး​သည် ဂရိ​အားကစားပွဲ​များ​ကို ရေ​မ​ချိုး​မီ ကျန်းမာ​ရေး​အတွက် ပြုလုပ်​သော ကိုယ်လက်​လှုပ်ရှားမှု​အဖြစ်၊ သို့​မဟုတ် ဂ​လေ​ဒီ​ယေ​တာ​သတ်ပုတ်​ပွဲ​များ​တွင်​ကဲ့သို့ အဆင့်အတန်း​နိမ့် ကြေးစား​များ ကစား​သော အားကစားပွဲ​တစ်ခု​အဖြစ်​သာ ယူမှတ်​ကြ​လေ​သည်။

ခရစ်ယာန်​များနှင့် အားကစားပွဲ​တော်​များ

ဘာသာရေး​နှင့်​နှီးနွှယ်​နေသည့် အားကစားပွဲ​တော်​များ​ဖြစ်နေ​ခြင်း​ကြောင့် ယင်းကို ပထမ​ရာစု​ခရစ်ယာန်​များ ရှောင်ကြဉ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း ထင်ရှား​သည်၊ အကြောင်း​မှာ “ဘုရားသခင်​၏ [ဝတ်ပြုရာ​အိမ်တော်] သည် ရုပ်တု​တို့​နှင့် အဘယ်​သို့ စပ်ဆိုင်​ရမည်​နည်း။” (၂ ကောရိန္သု ၆:၁၄၊ ၁၆) ယခု​ခေတ် အားကစားပွဲ​များ​ကော အသို့နည်း။

မျက်မှောက်ခေတ် အားကစားပွဲ​များသည် အယူမှား​နတ်​ဘုရား​များ​ကို ဂုဏ်​မပြု​သည်​မှာ သိသာ​ပါ​သည်။ သို့​တိုင်၊ ရှေးခေတ်​လူများ​နည်းတူ တချို့​အားကစားပွဲ​များ​ကို ဘာသာရေး​စိတ်အား​ထက်သန်မှု​ဖြင့် လိုက်စား​နေကြ​သည်မဟုတ်​ပေ​လော။ ထို့​အပြင်၊ လွန်ခဲ့သော​နှစ်​အနည်းငယ်​က ဖော်ပြ​ခဲ့​သည့် သတင်း​များ​အရ အားကစားသမား​အချို့​သည် အနိုင်​ရရှိ​ရေး​အတွက် ၎င်းတို့၏​ကျန်းမာ​ရေး​နှင့် အသက်ကို​ပင် အန္တရာယ်​ပြု​သည့် စွမ်းအား​တိုး​ဆေးဝါး​များ​ကို သုံးဆောင်​နေကြ၏။

ခရစ်ယာန်​များ​အတွက်​မူ ကာယရေး​အောင်မြင်မှု​သည် တန်ဖိုး​မရှိ​ချေ။ “မထင်မရှား​ဖြစ်သော စိတ်နှလုံး​၏​အတွင်းလူ​ဖြစ်” သည့် ဝိညာဉ်​ရေး​အရည်အသွေးများ​က​သာ ကျွန်ုပ်​တို့ကို ဘုရားသခင့်​အမြင်​တွင် လှပ​တင့်တယ်​စေ​၏။ (၁ ပေတရု ၃:၃၊ ၄သမ္မာ) ယနေ့ အားကစားပွဲ​များ​၌ ပါဝင်​ယှဉ်ပြိုင်​သူအား​လုံး​တွင် ခက်ထန်​ကြမ်းတမ်း​သည့် အပြိုင်အဆိုင် စိတ်ဓာတ်​မရှိ​သည်​မှန်​သော်လည်း အများစု​တွင်​မူ ထို​စိတ်ဓာတ်​ရှိကြောင်း ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြ​ရမည်။ ထို​သူတို့နှင့်​ပေါင်းသင်း​ခြင်း​က ‘ငြင်းခုံခြင်း၊ ကိုယ်ကျိုး​ကြည့်​ခြင်း​တို့ကို စွန့်ပယ်​၍ စိတ်​နှိမ့်ချ​ခြင်း​ရှိ’ ပါ​ဟူသော ကျမ်းစာ​တိုက်တွန်းချက်​ကို လိုက်လျှောက်​စေပါ​မည်​လော။ ထိုသို့​သော​ပေါင်းသင်းမှု​က “ရန်ငြိုး​ဖွဲ့ ခြင်း၊ ရန်​တွေ့ ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်း​ကွဲပြားခြင်း” ရှိစေ​နိုင်​မည်​မဟုတ်လော။—ဖိလိပ္ပိ ၂:၃; ဂလာတိ ၅:၁၉-၂၁

မျက်မှောက်ခေတ် အသင်း​နှစ်သင်း​တွေ့ဆုံ​ယှဉ်ပြိုင်​ရသည့် အားကစားပွဲ​များသည် အကြမ်းဖက်​လာ​စ​ရာ​အကြောင်း​ရှိစေသည်။ ထိုသို့​သော​အားကစားပွဲ​များ​ကို စွဲလမ်း​သူ မည်သူ​မဆို​သည် ဆာလံ ၁၁:၅၊ [သမ္မာ] ပါ​စကား​များ​ကို အမှတ်ရ​သင့်​၏– “ထာဝရ​ဘုရား [သခင်] သည် ဖြောင့်မတ်​သော​သူကို စစ်ဆေး​တော်​မူ​၍ ဆိုးသော​သူနှင့် ကြမ်းကြုတ်ခြင်း​နှစ်သက်သော​သူကို မုန်းတော်မူ​၏။”

အတော်အသင့် ကိုယ်လက်​လှုပ်ရှား​ကစား​ခြင်း​က ပျော်ရွှင်စရာ​ကောင်းပြီး တမန်​တော်​ပေါလု​ပြော​သကဲ့သို့ “ကိုယ်ကာယ . . . လေ့ကျင့်ခြင်း​သည် အနည်းငယ်​သော​အကျိုးကို​ပေး​တတ်၏။” (၁ တိမောသေ ၄:၇-၁၀သမ္မာ) သို့သော် ဂရိ​အားကစားပွဲ​တော်​များ​အကြောင်း ပေါလု​ပြောဆို​သည့်​အခါ ခရစ်ယာန်​များ​တွင် ချုပ်တည်း​ခြင်း​နှင့် ခံနိုင်ရည်​အစ​ရှိသော အရည်အသွေးများ​ရှိဖို့ အရေးကြီးကြောင်း ဥပမာ​ပေး​ရန် ယင်း​တို့ကို သင့်လျော်​စွာ ရည်ညွှန်းခဲ့​ခြင်း​သာ​ဖြစ်​ပေ​သည်။ အခြား​အရာအားလုံး​တို့​ထက် ပေါလု​ရယူရန် ကြိုးပမ်း​နေသည့် ပန်းတိုင်​မှာ ဘုရားသခင်​ပေးသနား​သည့် ထာဝရ​အသက် ‘သရဖူ’ ဖြစ်သည်။ (၁ ကောရိန္သု ၉:၂၄-၂၇; ၁ တိမောသေ ၆:၁၂) ထို​တွင် သူသည် ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ကောင်း​ဖြစ်၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 နီ​ကီ​ဟူသည် “အောင်ပွဲ” ကို​ဆိုလို​သည့် ဂရိ​စကားလုံး​ဖြစ်၏။

[စာမျက်နှာ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

လက်ဝှေ့သမား ပွဲ​ပြီး​သောအခါ

ဘီ.စီ.အီး. လေး​ရာစု​မှ ဤ​ကြေးရုပ်​က ရှေးခေတ်​လက်ဝှေ့​ထိုး​ခြင်း​၏ ဆိုးကျိုး​များ​ကို ဖော်ပြ​သည်၊ ရောမ​ပြပွဲ​က​က်​တ​လောက်​အရ “‘ဒဏ်ရာ​အတွက် ဒဏ်ရာ’ ရစေ​ခြင်း​ကို စံပြ​အဖြစ် အမွှမ်းတင်​ထား​သည်။” “ယခင်​ထိုး​သတ်​ပွဲ​များ​မှ အမာရွတ်​ဟောင်း​များ​တွင် မကြာမီ​ကပွဲ​မှ ဒဏ်ရာ​သစ်​များ ထပ်​တိုး” ဟု စာတန်း​ထိုး​ဖော်ပြ​ထား​သည်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ရှေးခေတ်​ပြိုင်ပွဲ​များ​တွင် စစ်​မြင်းရထား မောင်း​ပြိုင်ပွဲ​သည် နာမည်​အကြီးဆုံး​ပြိုင်ပွဲ​ဖြစ်

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ရှေးခေတ်​ပန်းချီ​ပညာရှင်​များသည် နို​က်ကီ​ကို အောင်နိုင်သူ​အား သရဖူ​ဆု​ပေး​သည့် အောင်ပွဲ​၏ တောင်ပံ​ပါ​နတ်​ဘုရားမ​ဟု စိတ်ကူး​တွင်​မြင်ယောင်​ခဲ့​ကြ