အချင်းချင်း အားပေးကြလော့
အချင်းချင်း အားပေးကြလော့
“ဤသူတို့ [သည်] . . . ငါ့စိတ်ကို သက်သာစေ [“အားပေးထောက်မ၊” ကဘ] ကြ၏။”—ကောလောသဲ ၄:၁၁။
၁၊ ၂။ ပေါလု၏မိတ်ဆွေများသည် အန္တရာယ်များကြားမှ ထောင်ကျနေသည့်ပေါလုထံ အဘယ်ကြောင့် လည်ပတ်ခဲ့ကြသနည်း။
ထောင်ကျနေသူနှင့် မိတ်ဆွေဖြစ်ရခြင်းသည်—သင်၏မိတ်ဆွေသည် မတရားသဖြင့် ထောင်ချခံထားရသူဖြစ်လျှင်ပင်—အန္တရာယ်ရှိနိုင်၏။ သင်,ရာဇဝတ်မှုမကျူးလွန်ကြောင်း သေချာစေရန် သင်၏လှုပ်ရှားမှုတိုင်းကို ထောင်အာဏာပိုင်များက သံသယဖြင့် စောင့်ကြည့်နေကြပေမည်။ ထို့ကြောင့် ထောင်ထဲရှိ သင်၏မိတ်ဆွေနှင့် ဆက်သွယ်ပြီး သူ့ထံ လည်ပတ်ရန် သတ္တိရှိဖို့လိုသည်။
၂ သို့သော် လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ခန့်က တမန်တော်ပေါလု၏မိတ်ဆွေအချို့သည် ထိုအတိုင်းပင် ပြုလုပ်ခဲ့ကြသည်။ သူတို့သည် ထောင်ကျနေသောပေါလုကို နှစ်သိမ့်အားပေးပြီး ဝိညာဉ်ရေးအရ အားရှိစေရန် သူ့ထံလည်ပတ်ဖို့ မတွန့်ဆုတ်ခဲ့ကြချေ။ အဆိုပါ သစ္စာရှိမိတ်ဆွေများကား မည်သူတို့နည်း။ သူတို့၏သတ္တိ၊ သစ္စာရှိမှုနှင့် ခင်မင်မှုတို့မှ အဘယ်အရာ သင်ယူနိုင်သနည်း။—သု. ၁၇:၁၇။
“အားပေးထောက်မ” မှု
၃၊ ၄။ (က) ပေါလု၏မိတ်ဆွေငါးဦးကား မည်သူတို့နည်း၊ သူတို့သည် ပေါလုအတွက် အဘယ်အရာဖြစ်လာခဲ့ကြသနည်း။ (ခ) “အားပေးထောက်မ” ဟူသည် အဘယ်နည်း။
၃ စီ.အီး. ၆၀ ခန့်အချိန်ကို ပြန်ပြောင်းကြည့်ကြစို့။ တမန်တော်ပေါလုသည် ပုန်ကန်ရန်လှုံ့ဆော်ပေးသည်ဟူသော မတရားစွပ်စွဲချက်ဖြင့် ရောမထောင်တွင် အကျဉ်းချခံနေရသည်။ (တမန်တော် ၂၄:၅; ၂၅:၁၁၊ ၁၂) ပေါလုဘက် ရပ်တည်ခဲ့ကြသော ခရစ်ယာန်ငါးဦးမှာ အာရှိပြည်မှ စေတမန်ဖြစ်ပြီး “သခင်ဘုရား၌ . . . ကျွန်ချင်း” ဖြစ်သော တုခိတ်; ကောလောသဲမြို့မှ “သစ္စာရှိသော ငါချစ်သောညီ” ဩနေသိမ်; မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သားဖြစ်ပြီး ပေါလုနှင့်အတူ တစ်ချိန်က “အကျဉ်းခံရသောသူ” အာရိတ္တာခု; ပေါလု၏သာသနာပြုဖော် ဗာနဗ၏တူဖြစ်ပြီး သူ့အမည်ဖြင့် ခရစ်ဝင်ကျမ်းရေးသူ မာကု; “ဘုရားသခင်၏နိုင်ငံတော်အဖို့” တမန်တော်၏လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်သူ ယုတ္တုတို့ဖြစ်သည်။ ထိုသူငါးဦးနှင့်ပတ်သက်၍ ပေါလုက ဤသို့ဆိုသည်– “ဤသူတို့ [သည်] . . . ငါ့စိတ်ကို သက်သာစေ [“အားပေးထောက်မ၊” ကဘ] ကြ၏။”—ကောလောသဲ ၄:၇-၁၁။
၄ ပေါလုသည် မိမိအား ကူညီပေးခဲ့ကြသော သစ္စာရှိမိတ်ဆွေများအကြောင်းကို ထိထိမိမိဖော်ပြခဲ့သည်။ သမ္မာကျမ်းစာ၏ ဤအခန်းငယ်တွင်သာ တွေ့ရှိရသည့် “အားပေးထောက်မ” ဟူ၍ ပြန်ဆိုထားသော ဂရိစကားလုံး (ပါရီဂိုရိုင်အာ) ကို သူအသုံးပြုခဲ့သည်။ ဤစကားလုံးတွင် အဓိပ္ပာယ်အမျိုးမျိုးရှိပြီး အထူးသဖြင့် ဆေးဘက်ဆိုင်ရာစကားစပ်များတွင် ၎င်းကိုအသုံးပြုထားသည်။ * ယင်းကို ‘စိတ်သက်သာမှု၊ ဝေဒနာပျောက်ကင်းမှု၊ နှစ်သိမ့်မှု၊ သို့မဟုတ် ဖြေသိမ့်မှု’ ဟုလည်း ပြန်ဆိုနိုင်သည်။ ထိုသို့သောအားပေးမှုကို ပေါလုလိုအပ်ခဲ့ရာ ထိုသူငါးဦးက ပေးနိုင်ခဲ့ကြ၏။
“အားပေးထောက်မ” မှု ပေါလု အဘယ်ကြောင့်လိုအပ်ခဲ့
၅။ ပေါလုသည် တမန်တော်တစ်ဦးဖြစ်လင့်ကစား အဘယ်အရာလိုအပ်ခဲ့သနည်း၊ ကျွန်ုပ်တို့အားလုံးလည်း တစ်ချိန်မဟုတ်တစ်ချိန် အဘယ်အရာလိုအပ်သနည်း။
၅ တမန်တော်တစ်ဦးဖြစ်သော ပေါလုသည် အားပေးမှုလိုအပ်ခဲ့သည်ကို အချို့ အံ့အားသင့်ပေမည်။ သို့တိုင် သူသည် အားပေးမှု လိုအပ်ခဲ့၏။ ပေါလုတွင် ခိုင်ခံ့သောယုံကြည်ခြင်းရှိပြီး သူသည် “ရိုက်ပုတ်ခြင်းကို အတိုင်းထက်အလွန်ခံရ” ခြင်း၊ “သေဘေးနှင့်အကြိမ်ကြိမ်တွေ့ကြုံ” ရခြင်း၊ အခြားသောဆင်းရဲဝေဒနာများကိုခံရခြင်းတို့မှလည်း လွတ်မြောက်ခဲ့သည်။ (၂ ကောရိန္သု ၁၁:၂၃-၂၇၊ သမ္မာ) မည်သို့ပင်ဖြစ်ပါစေ၊ သူသည် လူသားတစ်ဦးဖြစ်၏၊ လူသားအားလုံးသည် တစ်ချိန်မဟုတ်တစ်ချိန် နှစ်သိမ့်မှုအပြင် ယုံကြည်ခြင်းခိုင်ခံ့လာစေရန် အခြားသူများ၏ ကူညီမစမှု လိုအပ်ကြသည်။ ယေရှုပင် ထိုသို့လိုအပ်ခဲ့၏။ ကိုယ်တော်၏နောက်ဆုံးညတွင် ဂေသရှေမန်ဥယျာဉ်၌ ကိုယ်တော့်ရှေ့ ကောင်းကင်တမန်တစ်ပါး ထင်ရှားလာပြီး “ကိုယ်တော်ကို အားပေးရ၏။”—လုကာ ၂၂:၄၃။
၆၊ ၇။ (က) ရောမမြို့တွင် မည်သူတို့ကြောင့် ပေါလု စိတ်ပျက်အားလျော့ခဲ့သနည်း၊ မည်သူတို့သည် သူ့ကိုအားရှိစေခဲ့ကြသနည်း။ (ခ) ပေါလု၏ခရစ်ယာန်ညီအစ်ကိုများသည် ရောမမြို့တွင် သူ့ကို အဘယ်အကူအညီများပေးခဲ့ပြီး “အားပေးထောက်မ” ခဲ့သနည်း။
၆ ပေါလုသည်လည်း အားပေးမှုလိုအပ်ခဲ့သည်။ ရောမမြို့သို့ အကျဉ်းသားအဖြစ် ရောက်ခဲ့စဉ်က သူ၏လူမျိုးချင်းများက လှိုက်လှိုက်လှဲလှဲမကြိုဆိုခဲ့ကြချေ။ အဆိုပါဂျူးအများစုသည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လက်မခံကြချေ။ ဂျူးအကြီးအမှူးများသည် ပေါလု၏အကျဉ်းခန်းသို့ လည်ပတ်ပြီးနောက် တမန်တော်ကျမ်းပါ မှတ်တမ်းက ဤသို့ဖော်ပြသည်– “အချို့တို့သည် ပေါလု၏စကားကိုယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။ ထိုသို့ အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။” (တမန်တော် ၂၈:၁၇၊ ၂၄၊ ၂၅) ယေဟောဝါ၏မခံစားထိုက်သော ကရုဏာကို သူတို့တန်ဖိုးမထားကြခြင်းက ပေါလုအား ဝမ်းနည်းစေလိုက်မည်ဖြစ်ခြင်း! ဤကိစ္စရပ်နှင့်ပတ်သက်၍ သူ၏ပြင်းထန်သောခံစားချက်များသည် အစောပိုင်းနှစ်အနည်းငယ်က ရောမအသင်းတော်ထံ သူရေးခဲ့သောစာတွင် ပေါ်လွင်ထင်ရှားခဲ့သည်– “ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ်ပူပန်ခြင်းဝေဒနာရှိ၏။ အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက် ငါသည် ကိုယ်တိုင်ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကို ခံချင်လောက်အောင်စိတ်ရှိ၏။” (ရောမ ၉:၂၊ ၃) သို့သော်လည်း သတ္တိရှိပြီး ချစ်ခင်စရာကောင်းသည့် သစ္စာရှိအပေါင်းအဖော်စစ်များကို ရောမမြို့တွင် သူတွေ့ရှိခဲ့ရာ စိတ်သက်သာရာရခဲ့သည်။ သူတို့သည် ဝိညာဉ်ရေးညီအစ်ကိုစစ်များ ဖြစ်ကြ၏။
၇ အဆိုပါညီအစ်ကိုငါးဦးသည် အားပေးထောက်မသူများ မည်သို့ဖြစ်ခဲ့သနည်း။ သူတို့သည် ပေါလု၏အကျဉ်းထောင်သို့ မသွားဘဲမနေခဲ့ပါ။ ယင်းအစား၊ သူတို့သည် ပေါလုအကျဉ်းချခံနေရသောကြောင့် သူကိုယ်တိုင်မလုပ်နိုင်သော ဝေယျာဝစ္စများကို စိတ်လိုကိုယ်လျောက် မေတ္တာပါစွာ ပြုလုပ်ပေးခဲ့ကြသည်။ ဥပမာ၊ သူတို့သည် စေတမန်များအဖြစ် ပေါလု၏စာများနှင့် နှုတ်ဖြင့်ဆုံးမစကားများကို အသင်းတော်အသီးသီးထံ သယ်ဆောင်ပေးခဲ့ကြသည်; ရောမမြို့နှင့် အခြားနေရာများရှိ ညီအစ်ကိုများအကြောင်း အားရှိစရာသတင်းများကို ပေါလုအား ပြောပြခဲ့ကြ၏။ အနွေးထည်၊ စာလိပ်များနှင့် စာရေးကိရိယာများအစရှိသည့် ပေါလုလိုအပ်ရာများကိုလည်း ယူဆောင်လာခဲ့မည်ဖြစ်သည်။ (ဧဖက် ၆:၂၁၊ ၂၂; ၂ တိမောသေ ၄:၁၁-၁၃) အဆိုပါ အကူအညီပေးမှုတို့က အကျဉ်းချခံနေရသောတမန်တော်အတွက် အားပေးတည်ဆောက်မှုဖြစ်ခဲ့သည်၊ ဤသို့ဖြင့် ပေါလုသည် အသင်းတော်များအပါအဝင် အခြားသူများကို “အားပေးထောက်မ” နိုင်ခဲ့သည်။—ရောမ ၁:၁၁၊ ၁၂။
“အားပေးထောက်မ” နိုင်ပုံ
၈။ “အားပေးထောက်မ” မှုလိုအပ်ကြောင်း ပေါလုနှိမ့်ချစွာအသိအမှတ်ပြုခြင်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရသနည်း။
၈ ပေါလုနှင့် သူ၏လုပ်ဖော်ချင်းငါးဦးတို့၏ ဤမှတ်တမ်းမှ အဘယ်အရာသင်ယူနိုင်သနည်း။ အထူးသဖြင့် သင်ခန်းစာတစ်ခုကို ကြည့်ကြစို့– အခြားသူများ ကိုယ်စိတ်ဆင်းရဲနေသည့်အခါ သူတို့ကို ကူညီထောက်မပေးရန် သတ္တိနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိဖို့လိုသည်။ ထို့ပြင် ကျွန်ုပ်တို့သည် စိတ်ဆင်းရဲနေသည့်အခါ အကူအညီလိုအပ်သည်ကို အသိအမှတ်ပြုရန် နှိမ့်ချမှုရှိရမည်။ ပေါလုသည် ထိုသို့အကူအညီလိုအပ်ကြောင်း အသိအမှတ်ပြုရုံမက ကြင်နာစွာ ကူညီပေးသူတို့ကို လက်ခံချီးမွမ်းခဲ့၏။ သူတစ်ပါးထံမှ အကူအညီယူခြင်းသည် အားနည်းချက် သို့မဟုတ် အောက်ကျို့ရခြင်းဖြစ်သည်ဟု ပေါလုမယူမှတ်သကဲ့သို့ ကျွန်ုပ်တို့လည်း မယူမှတ်သင့်ပေ။ ကျွန်ုပ်တို့သည် ဘယ်သောအခါမျှ အားပေးထောက်မမှုမလိုဟု ဆိုခြင်းက မိမိသည် လူစွမ်းကောင်းဖြစ်၏ဟု ဆိုလိုရာရောက်သည်။ စုံလင်သူတစ်ဦးပင် တစ်ခါတစ်ရံ အကူအညီတောင်းခံရဖို့လိုသည်ကို ယေရှုအဖြစ်က သက်သေထူကြောင်း သတိရပါ။—ဟေဗြဲ ၅:၇။
၉၊ ၁၀။ လူတစ်ဦးသည် အကူအညီလိုအပ်နေသည်ဟု အသိအမှတ်ပြုမည်ဆိုလျှင် အဘယ်အကျိုးကျေးဇူးရရှိနိုင်သနည်း၊ ယင်းက မိသားစုနှင့် အသင်းတော်ရှိ တခြားသူများအပေါ် အဘယ်သြဇာ သက်ရောက်နိုင်သနည်း။
၉ တာဝန်ရရှိထားကြသူများသည် မိမိတို့တွင် ကန့်သတ်မှုများရှိပြီး သူတစ်ပါး၏အကူအညီလိုကြောင်း အသိအမှတ်ပြုသည့်အခါ အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်သည်။ (ယာကုပ် ၃:၂) ဤသို့အသိအမှတ်ပြုခြင်းဖြင့် တာဝန်ရရှိထားသူများနှင့် သူတို့လက်အောက်ရှိသူများကြား ခင်မင်ရင်းနှီးမှုကို ခိုင်ခံ့စေပြီး ဖော်ရွေပွင့်လင်းသော ဆက်ဆံရေးကိုရရှိစေသည်။ အကူအညီရလိုသူများ၏ နှိမ့်ချမှုသည် အလားတူအနေအထားရှိ အခြားသူများအတွက် လက်တွေ့ကျသင်ခန်းစာဖြစ်သည်။ ယင်းက ဦးဆောင်နေရသူများသည် လူသားမျှဖြစ်ကြောင်း၊ သူတို့ထံချဉ်းကပ်နိုင်ကြောင်း ဖော်ပြ၏။—ဒေ. ၇:၂၀။
၁၀ ဥပမာ၊ မိမိတို့၏မိဘများငယ်စဉ်ချိန်ကလည်း အလားတူပြဿနာများနှင့် သွေးဆောင်မှုများ ရင်ဆိုင်ခဲ့ရကြောင်း သားသမီးများသိရှိသည့်အခါ မိဘများ၏အကူအညီကို တောင်းခံရန် သာ၍လွယ်ကူပေမည်။ (ကောလောသဲ ၃:၂၁) သို့မှသာ မိဘနှင့် သားသမီးစပ်ကြား ဆက်သွယ်ရေးလမ်းကြောင်းကောင်း ပွင့်လာနိုင်မည်။ ကျမ်းစာဖြင့်ဖြေရှင်းနည်းများကို ထိရောက်စွာ ပြောပြနိုင်ပြီး ယင်းတို့ကို အလွယ်တကူ လက်ခံနိုင်ကြပေမည်။ (ဧဖက် ၆:၄) ထိုနည်းတူ အကြီးအကဲများသည်လည်း ပြဿနာများ၊ စိုးရိမ်ပူပန်မှုများ၊ စိတ်ရှုပ်ထွေးမှုများကို ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း အသင်းတော်သားများသိရှိသည့်အခါ အကြီးအကဲများ၏ အကူအညီကို အလွယ်တကူလက်ခံနိုင်ကြလိမ့်မည်။ (ရောမ ၁၂:၃; ၁ ပေတရု ၅:၃) တစ်ဖန်၊ ဆက်သွယ်ရေးလမ်းကြောင်းကောင်း ပွင့်လာနိုင်ရာ ကျမ်းစာဖြင့် ဆုံးမပြောဆိုနိုင်ပြီး ယုံကြည်ခြင်းခိုင်ခံ့လာနိုင်မည်။ ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများသည် ယခင်ကထက် ယခု အားပေးတည်ဆောက်မှု ပိုလိုအပ်သည်ကို သတိရပါ။—၂ တိမောသေ ၃:၁။
၁၁။ ယနေ့ “အားပေးထောက်မ” မှုလိုအပ်နေသူ အဘယ်ကြောင့် ဤမျှများပြားရသနည်း။
၁၁ ကျွန်ုပ်တို့အားလုံးသည် မည်သည့်နေရာတွင်ပင် နေထိုင်ပါစေ၊ မည်သူပင်ဖြစ်ပါစေ၊ မည်သည့်အသက်အရွယ်ပင်ရှိပါစေ တစ်ခါတစ်ရံ ဘဝဖိစီးမှုများကို ခံရပေလိမ့်မည်။ ယင်းသည် မျက်မှောက်လောက၏ အစိတ်အပိုင်းဖြစ်၏။ (ဗျာ. ၁၂:၁၂) ဤသို့သောကာယရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မချမ်းမြေ့ဖွယ်ရာများသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအရည်အသွေးကို စမ်းသပ်သည်။ အလုပ်ခွင်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ၊ အသင်းတော်တွင်ဖြစ်စေ အခက်အခဲများ ပေါ်လာပေမည်။ အသည်းအသန်ဖျားနာခဲ့ခြင်း၊ သို့မဟုတ် အတိတ်ကဒဏ်ရာဟောင်းတစ်ခုက အကြောင်းရင်းဖြစ်နိုင်သည်။ မိမိ၏အိမ်ထောင်ဖက်၊ အကြီးအကဲတစ်ဦး၊ သို့မဟုတ် မိတ်ဆွေတစ်ဦးကသာ ကြင်နာစွာဖြင့် အားပေးစကားပြောဆို၍ စာနာမှုရှိရှိကူညီပေးလျှင် တကယ့်ကို အားရှိလိုက်မည်ဖြစ်ခြင်း! ယားယံနေသော အရေပြားပေါ်တွင် ဆေးလိမ်းလိုက်သကဲ့သို့ပင်! ထို့ကြောင့် သင်၏ညီအစ်ကိုတစ်ဦးသည် ဤသို့သောအခြေအနေမျိုးတွင်ရှိနေကြောင်း သတိပြုမိလျှင် သူ့ကို အားပေးထောက်မပါ။ သို့မဟုတ် အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတစ်ခုကြောင့် သင်ဝန်လေးနေလျှင် ဝိညာဉ်ရေးအရ အရည်အချင်းပြည့်မီသူများထံမှ အကူအညီတောင်းခံပါ။—ယာကုပ် ၅:၁၄၊ ၁၅။
အသင်းတော် ကူညီပေးနိုင်ပုံ
၁၂။ အသင်းတော်သားတစ်ဦးစီသည် မိမိ၏ညီအစ်ကိုများ အားရှိစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၂ လူငယ်များအပါအဝင် အသင်းတော်သားအားလုံးသည် သူတစ်ပါးကို တစ်နည်းနည်းဖြင့် အားပေးနိုင်သည်။ ဥပမာအနေနှင့် သင်သည် အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်း၊ လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းဖြင့် သူတစ်ပါး၏ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) မြင့်မြတ်သောလုပ်ငန်းတော်တွင် မြဲမြံခြင်းက ယေဟောဝါအပေါ် သင်သစ္စာရှိကြောင်းနှင့် အခက်အခဲများကြားမှ ဝိညာဉ်ရေးတွင် နိုးကြားနေကြောင်း ပေါ်လွင်ထင်ရှားစေ၏။ (ဧဖက် ၆:၁၈) ဤသို့မြဲမြံခြင်းက အခြားသူများကို အားရှိစေနိုင်၏။—ယာကုပ် ၂:၁၈။
၁၃။ အချို့သူများသည် အဘယ်ကြောင့် မလှုပ်ရှားသူများဖြစ်လာကြသနည်း၊ သူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။
၁၃ တစ်ခါတစ်ရံ ဘဝဖိစီးမှုများ သို့မဟုတ် တခြားအခက်အခဲများကြောင့် အချို့သူများသည် လယ်ကွင်းလုပ်ငန်းတော်တွင် အရှိန်လျှော့လိုက်ပေမည်၊ သို့မဟုတ် မလှုပ်မရှားဖြစ်သွားပေမည်။ (မာကု ၄:၁၈၊ ၁၉) အသင်းတော်အစည်းအဝေးများတွင် မလှုပ်ရှားသူများကို မတွေ့ရဘဲဖြစ်ပေမည်။ သို့တိုင် ဘုရားသခင်ကို သူတို့ချစ်မြဲချစ်နေကြဆဲပင်။ သူတို့၏ယုံကြည်ခြင်း ခိုင်ခံ့လာစေရန် အဘယ်အရာပြုလုပ်ပေးနိုင်သနည်း။ အကြီးအကဲများသည် သူတို့ထံ လည်ပတ်ခြင်းအားဖြင့် ကြင်နာစွာကူညီပေးနိုင်၏။ (တမန်တော် ၂၀:၃၅) အသင်းတော်မှတခြားသူများကိုလည်း အကူအညီပေးစေနိုင်သည်။ ဤကဲ့သို့မေတ္တာပါပါလည်ပတ်ခြင်းဖြင့် ယုံကြည်ခြင်းအားနည်းသူများအတွက် လိုအပ်သောဆေးတစ်ခွက်ကဲ့သို့ ပြန်လည်နိုးကြားလာစေနိုင်၏။
၁၄၊ ၁၅။ သူတစ်ပါးကို အားပေးခြင်းနှင့်ပတ်သက်၍ ပေါလု မည်သို့ဆုံးမခဲ့သနည်း။ သူ၏ဆုံးမစကားကို လိုက်နာကျင့်သုံးခဲ့သည့် အသင်းတော်တစ်ခု၏ပုံနမူနာကို ဖော်ပြပါ။
၁၄ “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ (၁ သက်သာလောနိတ် ၅:၁၄) “စိတ်ငယ်သောသူတို့” သည် ရဲစွမ်းသတ္တိလျော့နည်းနေရာ ရင်ဆိုင်နေရသည့် အခက်အခဲများကို အကူအညီမပါဘဲ ကျော်လွှားနိုင်မည်မဟုတ်ချေ။ သူတို့လိုအပ်သည့်အကူအညီကို သင်ပေးနိုင်မည်လော။ “အားနည်းသောသူတို့ကို ထောက်မ” ဟူသော အသုံးအနှုန်းကို အားနည်းသူအား “စွဲကိုင်ထားခြင်း” သို့မဟုတ် “စွဲကပ်ထားခြင်း” ဟူ၍ ပြန်ဆိုကြသည်။ ယေဟောဝါသည် မိမိ၏သိုးအားလုံးကို ချစ်မြတ်နိုးတော်မူ၏။ ကိုယ်တော်သည် သူတို့ကို တန်ဖိုးမရှိသူများအဖြစ် မရှုမြင်ချေ၊ ရွေ့လျော့သွားခြင်းကိုလည်း အလိုမရှိချေ။ ဝိညာဉ်ရေးအားနည်းသူများ သန်မာလာသည့်အထိ “စွဲကိုင်ထား” ခြင်းဖြင့် အသင်းတော်ကို သင်,ကူညီပေးနိုင်သလော။—ဟေဗြဲ ၂:၁။
၁၅ ခြောက်နှစ်တိုင် မလှုပ်မရှားဖြစ်ခဲ့သော ဇနီးမောင်နှံထံ အကြီးအကဲတစ်ဦး လည်ပတ်ခဲ့သည်။ အကြီးအကဲက ဤသို့စာရေးတင်ပြသည်– “သူတို့အပေါ် အသင်းတော်တစ်ခုလုံး ပြသခဲ့သည့် ကြင်နာမှုက သိုးတော်စုထဲ သူတို့ကို ပြန်လာစေဖို့ လှုံ့ဆော်ပေးခဲ့သည်။” တစ်ချိန်က မလှုပ်မရှားဖြစ်ခဲ့သောညီအစ်မသည် အသင်းတော်သားများ၏ လာရောက်လည်ပတ်မှုများကို မည်သို့ယူမှတ်ခဲ့သနည်း။ ယခု သူဤသို့ဆိုသည်– “ကျွန်မတို့ဆီ လာလည်ပတ်တဲ့ ညီအစ်ကိုတွေရော၊ သူတို့နဲ့လိုက်လာတဲ့ ညီအစ်မတွေပါ ကျွန်မတို့ကို အပြစ်မတင်၊ မဝေဖန်ကြလို့ ကျွန်မတို့ ပြန်လှုပ်ရှားလာကြတာ။ အဲ့ဒီအစား၊ သူတို့က နားလည်မှုရှိပြီး ကျမ်းစာနဲ့အားပေးခဲ့ကြတယ်။”
၁၆။ မည်သူသည် အားပေးမှုလိုအပ်သူများကို ကူညီပေးရန် အမြဲအသင့်ရှိသနည်း။
၁၆ မှန်ပါသည်၊ စိတ်ရင်းမှန်သောခရစ်ယာန်တစ်ဦးသည် သူတစ်ပါးကို အားပေးထောက်မလို၏။ ကျွန်ုပ်တို့၏ဘဝအခြေအနေပြောင်းလဲသွားနိုင်ရာ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ညီအစ်ကိုများ၏ အားပေးထောက်မမှု လိုအပ်လာပေမည်။ သို့သော် အကူအညီလိုအပ်သည့်အချိန်တိုင်း အကူအညီရရှိနိုင်မည်တော့မဟုတ်ချေ။ မည်သို့ပင်ဖြစ်ပါစေ၊ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို တလိုတလားကူညီပေးရန် အမြဲအသင့်ရှိသော ခွန်အားရင်းမြစ်ဖြစ်တော်မူ၏။—ဆာလံ ၂၇:၁၀။
ယေဟောဝါ —အဆုံးစွန်ခွန်အားရင်းမြစ်
၁၇၊ ၁၈။ ယေဟောဝါသည် မည်သည့်နည်းများဖြင့် သားတော်ယေရှုခရစ်ကို ခွန်အားပေးခဲ့သနည်း။
၁၇ ယေရှုသည် သစ်တိုင်ပေါ် သံရိုက်ခံရစဉ် “အိုအဘ၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၂၃:၄၆) ထို့နောက် ကိုယ်တော်သေဆုံးသွား၏။ ထိုအချိန်မတိုင်မီ နာရီပိုင်းအနည်းငယ်တွင် ကိုယ်တော်ဖမ်းဆီးခံရပြီး ကိုယ်တော်၏အရင်းနှီးဆုံးမိတ်ဆွေများက ကိုယ်တော့်ကို စွန့်၍ကြောက်လန့်တကြား ထွက်ပြေးကုန်ကြ၏။ (မဿဲ ၂၆:၅၆) ခွန်အားရင်းမြစ်တစ်ပါးတည်းဖြစ်တော်မူသော ကောင်းကင်ခမည်းတော်သာ ယေရှုနှင့်ကျန်ရစ်လေသည်။ သို့တိုင် ယေဟောဝါအပေါ် ကိုယ်တော်၏ယုံကြည်ကိုးစားမှုသည် အချည်းနှီးမဖြစ်ခဲ့ချေ။ ခမည်းတော်အပေါ် ယေရှုသစ္စာစောင့်သိသောကြောင့် ယေဟောဝါ၏တည်ကြည်သောထောက်မမှုကို ရရှိခဲ့သည်။—ဆာလံ ၁၈:၂၅; ဟေဗြဲ ၇:၂၆။
၁၈ မြေကြီးပေါ် ယေရှုအမှုဆောင်စဉ်ကာလတစ်လျှောက် ယေဟောဝါသည် သားတော်အသက်ချုပ်ငြိမ်းသည့်အထိ သမာဓိစောင့်သိနိုင်ရန် လိုအပ်ရာများကို ထောက်ပံ့ပေးခဲ့သည်။ ဥပမာ၊ ယေရှုသည် ဓမ္မအမှုစတင်ဆောင်ရွက်မည့် အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံပြီးသည်နှင့် ခမည်းတော်၏စိတ်တော်နှင့်တွေ့ကြောင်း အသံတော်ကို ကြားခဲ့ရ၏။ ယေရှုထောက်မကူညီမှုလိုအပ်သည့်အခါ ယေဟောဝါသည် ကောင်းကင်တမန်များကို စေလွှတ်၍ အားပေးစေခဲ့၏။ ယေရှု၏မြေကြီးအသက်တာ ကုန်ဆုံးချိန်တွင် အကြီးအကျယ်စမ်းသပ်ခံရသည့်အခါ ကိုယ်တော်၏တိုးလျှိုးအသနားခံ ဆုတောင်းချက်များကို ယေဟောဝါနားညောင်းတော်မူခဲ့သည်။ ယင်းတို့အားလုံးသည် ယေရှုအတွက် အားပေးထောက်မမှုဖြစ်ခဲ့မည်မှာ သေချာသည်။—မာကု ၁:၁၁၊ ၁၃; လုကာ ၂၂:၄၃။
၁၉၊ ၂၀။ ယေဟောဝါသည် ကျွန်ုပ်တို့အကူအညီလိုအပ်ချိန်တွင် ခွန်အားပေးမည်ကို မည်သို့စိတ်ချနိုင်သနည်း။
၁၉ ယေဟောဝါသည် ကျွန်ုပ်တို့၏အဓိကခွန်အားရင်းမြစ်လည်း ဖြစ်လိုတော်မူ၏။ (၂ ရာဇဝင်ချုပ် ၁၆:၉) ကြီးမားသောစွမ်းအင်တန်ခိုးရှိသမျှ၏ စစ်မှန်သောရင်းမြစ်ဖြစ်သူသည် ကျွန်ုပ်တို့အကူအညီလိုအပ်ချိန်တွင် အားပေးထောက်မနိုင်တော်မူ၏။ (ဟေရှာယ ၄၀:၂၆) စစ်မှု၊ ဆင်းရဲခြင်း၊ ဖျားနာခြင်း၊ သေခြင်း သို့မဟုတ် မစုံလင်မှုများက ကျွန်ုပ်တို့ကို အလွန်ဖိစီးနိုင်သည်။ ဘဝစမ်းသပ်မှုများက “ခွန်အားကြီးသောရန်သူ” ကဲ့သို့ မခံမရပ်နိုင်အောင် ဖိစီးနေပုံပေါက်သည့်အခါ ယေဟောဝါသည် ကျွန်ုပ်တို့၏အစွမ်း၊ ကျွန်ုပ်တို့၏ခွန်အားဖြစ်နိုင်၏။ (ဆာလံ ၁၈:၁၇; ထွက်မြောက်ရာ ၁၅:၂) ကိုယ်တော်တွင် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည့် ခွန်အားကြီးမားသည့်အထောက်အကူ သန့်ရှင်းသောဝိညာဉ်တော်ရှိသည်။ ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ရွှေလင်းယုန်ကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်’ ရန် “မောသောသူတို့အား ခွန်အားကို” ပေးနိုင်၏။—ဟေရှာယ ၄၀:၂၉၊ ၃၁။
၂၀ ဘုရားသခင်၏ဝိညာဉ်တော်သည် စကြဝဠာတွင် တန်ခိုးအကြီးမားဆုံးစွမ်းအားဖြစ်သည်။ ပေါလုက “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော အရှင်အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏” ဟုဝန်ခံသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏မေတ္တာရှင်ကောင်းကင်ခမည်းတော်သည် အလွန်နီးကပ်နေပြီဖြစ်သော ကတိထားရာပရဒိသုတွင် “ခပ်သိမ်းသောအရာတို့ကို အသစ်” မဖန်ဆင်းမီ နာကြည်းဖွယ်ပြဿနာအားလုံးကို ကျွန်ုပ်တို့ခံရပ်နိုင်ရန် “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ထည့်သွင်းပေးနိုင်တော်မူသည်။—ဖိလိပ္ပိ ၄:၁၃၊ သမ; ၂ ကောရိန္သု ၄:၇၊ ကဘ; ဗျာ. ၂၁:၄၊ ၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ဒဗလျူ. အီး. ဗိုင်း၏ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစကားများဆိုင်ရာ ဗိုင်း၏ အပြည့်အစုံရှင်းလင်းဖော်ပြချက် အဘိဓာန် က ဤသို့ဆိုသည်– “ဤ [ပါရီဂိုရိုင်အာ] စကားလုံး၏ ကြိယာပုံစံမှာ စိတ်အနှောင့်အယှက်ကို လျော့နည်းသွားစေသည့် ဆေးဝါးများဟု အဓိပ္ပာယ်သက်ရောက်၏။”
သင်မှတ်မိသလော
• ရောမမြို့ရှိညီအစ်ကိုများသည် ပေါလုကို မည်သို့ “အားပေးထောက်မ” ပေးခဲ့ကြသနည်း။
• ကျွန်ုပ်တို့သည် အသင်းတော်တွင် မည်သည့်နည်း များဖြင့် “အားပေးထောက်မ” နိုင်သနည်း။
• ယေဟောဝါသည် ကျွန်ုပ်တို့၏အဓိကခွန်အားရင်းမြစ် အဘယ်ကြောင့်ဖြစ်သနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ညီအစ်ကိုများသည် ပေါလုကို သစ္စာရှိစွာထောက်မခြင်း၊ အားပေးခြင်းနှင့် ဝေယျာဝစ္စများကို ပြုလုပ်ပေးခြင်းဖြင့် “အားပေးထောက်မ” ခဲ့ကြ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အကြီးအကဲများသည် ဦးစီးဦးဆောင်ပြု၍ သိုးတော်စုကို ထောက်မခဲ့