အသင်လူငယ်တို့၊ အနာဂတ်အတွက် တည်ဆောက်နေသလော
အသင်လူငယ်တို့၊ အနာဂတ်အတွက် တည်ဆောက်နေသလော
“ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ နောင်အဖို့ မျှော်လင့်ရာရှိမည်အကြောင်း ငြိမ်ဝပ်စေခြင်းငှာသာ သင်တို့အဖို့ကြံစည်သော အကြံများကို ငါသိ၏။”—ယေရမိ ၂၉:၁၁၊ သမ။
၁၊ ၂။ အဘယ်ခြားနားသောနည်းများဖြင့် လူငယ်ဘဝကို ရှုမြင်နိုင်သနည်း။
သက်ကြီးသူအများစုသည် ငယ်ရွယ်စဉ်ကာလကို ဘဝ၏အပျော်ဆုံးအချိန်ဟု ယူဆကြသည်။ ငယ်စဉ်ကရှိခဲ့သည့် အားမာန်နှင့် စိတ်အားထက်သန်မှုကို သူတို့ အမှတ်ရတတ်ကြ၏။ သူတို့သည် တာဝန်အနည်းငယ်သာရှိခဲ့ချိန်၊ ပျော်ရွှင်မြူးထူးခဲ့ရချိန်၊ အခွင့်အရေးများစွာရှိခဲ့ချိန်တို့ကို တသသဖြင့် ပြန်ပြောင်းတွေးတောကြသည်။
၂ အသင်လူငယ်တို့၏အမြင်နှင့် တခြားစီဖြစ်နိုင်၏။ သင်တို့သည် လူငယ်ဘဝ၏စိတ်ပိုင်းဆိုင်ရာနှင့် ကာယပိုင်းဆိုင်ရာ ပြောင်းလဲမှုပြဿနာများ ရင်ဆိုင်နေရပေမည်။ ကျောင်းတွင် ရွယ်တူချင်း၏ဖိအားကို အပြင်းအထန်ခံနေရပေမည်။ မူးယစ်ဆေးဝါးတလွဲအသုံးပြုခြင်း၊ အရက်နှင့် အကျင့်ယိုယွင်းခြင်းတို့ကို ကြိုးစားတွန်းလှန်နေရပေမည်။ သင်တို့ထဲမှအများသည် ယုံကြည်ခြင်းနှင့်ဆက်နွှယ်သည့် ကြားနေမှု သို့မဟုတ် တခြားပြဿနာများကို ရင်ဆိုင်နေရမည်။ မှန်ပါသည်၊ လူငယ်ဘဝသည် ခက်ခဲသောအချိန်ဖြစ်နိုင်၏။ သို့တိုင် လူငယ်ဘဝသည် အခွင့်သာသောအချိန်ဖြစ်၏။ ဤတွင်မေးစရာပေါ်လာသည်မှာ အဆိုပါအခွင့်အရေးများကို သင်,မည်သို့အသုံးပြုမည်နည်းဖြစ်သည်။
သင်၏လူငယ်ဘဝကို ပျော်မွေ့လော့
၃။ ရှောလမုန်သည် လူငယ်များကို အဘယ်ဆုံးမစကားနှင့် သတိပေးချက်ပေးခဲ့သနည်း။
၃ လူငယ်ဘဝ တိုတောင်းလှသည်ဟု သက်ကြီးရွယ်အိုများ ပြောဆိုသည်မှာ မှန်ကန်၏။ နှစ်အနည်းငယ်အတွင်းပင် သင်၏လူငယ်ဘဝသည် ကုန်လွန်သွားလိမ့်မည်။ ထို့ကြောင့် ငယ်ရွယ်စဉ်တွင် ပျော်မွေ့ပါလေ! ဘုရင်ရှောလမုန်က ဤသို့ရေးသား၍ ဆုံးမခဲ့သည်– “အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့် ကိုယ်ဉာဏ်ပြသောလမ်းသို့လိုက်လော့။” သို့သော် ရှောလမုန်က “စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့် ကိုယ်ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့” ဟုလူငယ်များကို သတိပေးခဲ့သည်။ ထပ်ဆင့်၍ သူဤသို့ဆိုသည်– “အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် [အချည်းနှီး]ဖြစ်၏။”—ဒေ. ၁၁:၉၊ ၁၀။
၄၊ ၅။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းသည် လူငယ်များအတွက် အဘယ်ကြောင့် ပညာရှိရာရောက်သနည်း။ ဥပမာပေးပါ။
၄ ရှောလမုန် အဘယ်အရာကို ဆိုလိုကြောင်း သင်သိသလော။ ဥပမာပေးရလျှင် အမွေဖြစ်နိုင်သည့် တန်ဖိုးရှိလက်ဆောင်တစ်ခုရရှိသည့် လူငယ်တစ်ဦးကို စဉ်းစားကြည့်ပါ။ ၎င်းကို သူမည်သို့အသုံးပြုမည်နည်း။ ယေရှု၏ဖြုန်းတီးသောသားပုံဥပမာကဲ့သို့ သူသည် ၎င်းကို သုံးဖြုန်းပစ်နိုင်သည်။ (လုကာ ၁၅:၁၁-၂၃) သို့သော် ငွေကုန်သွားသောအခါ မည်သို့ဖြစ်မည်နည်း။ သူသည် မသိတတ်ခဲ့သည့်အတွက် ဝမ်းနည်းကြေကွဲလိမ့်မည်! တစ်ဖက်တွင်မူ၊ သူသည် ထိုအမွေကို နောင်အနာဂတ်အတွက် ပညာရှိရှိ ရင်းနှီးမြှုပ်နှံလိုက်မည်ဆိုပါစို့။ နောက်ဆုံး၌ သူသည် ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိသောအခါ လူငယ်ဘဝတွင် ပျော်ပါးဖို့ ငွေအားလုံးမဖြုန်းတီးခဲ့ရသဖြင့် သူဝမ်းနည်းလိမ့်မည်ဟု သင်,ထင်သလော။ လုံးဝ,ဝမ်းနည်းမည်မဟုတ်!
၅ သင်၏လူငယ်ဘဝကို ဘုရားသခင်ထံမှ ဆုအဖြစ် ယူမှတ်ကြည့်ပါ။ ယင်းကို သင်,မည်သို့အသုံးပြုမည်နည်း။ သင်သည် အနာဂတ်အတွက် အစီအစဉ်မရှိဘဲ အားရပါးရ အပျော်အပါးလိုက်စားပြီး အားအင်အကုန်ခံနေပေမည်။ ထိုသို့သာ သင်ပြုလုပ်နေလျှင် သင်၏ “အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည်” အမှန်ပင် “[အချည်းနှီး]” ဖြစ်ပေလိမ့်မည်။ သင်၏လူငယ်ဘဝကို အနာဂတ်အတွက် အသုံးချခြင်းသည် သာ၍ကောင်းသည် မဟုတ်လော!
၆။ (က) ရှောလမုန်၏အဘယ်ဆုံးမစကားသည် လူငယ်များအတွက် လမ်းညွှန်ချက်ဖြစ်သနည်း။ (ခ) ယေဟောဝါသည် လူငယ်များအတွက် အဘယ်အရာပြုလုပ်ပေးလိုသနည်း၊ လူငယ်တစ်ဦးသည် ၎င်းမှ မည်သို့အကျိုးရရှိနိုင်သနည်း။
၆ သင်၏လူငယ်ဘဝကို အကောင်းဆုံးဖြစ်စေနိုင်သည့် မူတစ်ခုကို ရှောလမုန်ဖော်ပြခဲ့သည်။ သူက “ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့” ဟုဆိုသည်။ (ဒေ. ၁၂:၁) ယေဟောဝါ၏စကားကို နားထောင်၍ အလိုတော်ကို ဆောင်ရွက်ပါဟူသော ထိုဆုံးမစကားသည် အောင်မြင်ခြင်း၏သော့ချက်ဖြစ်သည်။ ယေဟောဝါသည် ရှေးဣသရေလလူမျိုးအတွက် ပြုလုပ်ပေးလိုရာကို ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ နောင်အဖို့ မျှော်လင့်ရာရှိမည်အကြောင်း ငြိမ်ဝပ်စေခြင်းငှာသာ သင်တို့အဖို့ကြံစည်သော အကြံများကို ငါသိ၏။” (ယေရမိ ၂၉:၁၁၊ သမ) ယေဟောဝါသည် သင်တို့အတွက်လည်း “နောင်အဖို့ မျှော်လင့်ရာရှိ” စေလို၏။ သင်၏အပြုအမူများ၊ တွေးခေါ်မှုများနှင့် ဆုံးဖြတ်ချက်များတွင် ကိုယ်တော့်ကို ထည့်စဉ်းစားမည်ဆိုလျှင် ထိုနောင်အဖို့မျှော်လင့်ရာကို အမှန်ရရှိလိမ့်မည်။—ဗျာ. ၇:၁၆၊ ၁၇; ၂၁:၃၊ ၄။
“ဘုရားသခင်၌ချဉ်းကပ်ကြလော့”
၇၊ ၈။ လူငယ်တစ်ဦးသည် ဘုရားသခင်ထံ မည်သို့ချဉ်းကပ်နိုင်သနည်း။
၇ ယာကုပ်က “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟုတိုက်တွန်းစဉ်က ယေဟောဝါအား သတိရရန်အားပေးခဲ့၏။ (ယာကုပ် ၄:၈) ယေဟောဝါသည် ဖန်ဆင်းရှင်၊ ကောင်းကင်အချုပ်အခြာပိုင်သအုပ်စိုးရှင်ဖြစ်ရာ အားလုံးတို့၏ဝတ်ပြုမှုနှင့် ချီးမွမ်းမှုကို ခံထိုက်တော်မူ၏။ (ဗျာ. ၄:၁၁) သို့တိုင် ကိုယ်တော်ထံ ကျွန်ုပ်တို့ချဉ်းကပ်ကြမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ ဤသို့သောမေတ္တာပါစိတ်ဝင်စားမှုက သင်၏စိတ်နှလုံးကို နွေးထွေးစေသည်မဟုတ်လော။—မဿဲ ၂၂:၃၇။
၈ ယေဟောဝါထံ နည်းအမျိုးမျိုးဖြင့် ကျွန်ုပ်တို့ချဉ်းကပ်နိုင်၏။ ဥပမာ၊ တမန်တော်ပေါလုက ဤသို့ဆိုသည်– “ဆုတောင်း . . . ခြင်းအမှုကို အမြဲပြု၍ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။” (ကောလောသဲ ၄:၂) တစ်နည်းအားဖြင့်ဆိုလျှင် ဆုတောင်းခြင်းဓလေ့ကို ပြုစုပျိုးထောင်ပါ။ သင့်ကိုယ်စား သင်၏ဖခင် သို့မဟုတ် အသင်းတော်ရှိခရစ်ယာန်ချင်းတစ်ဦးက ဆုတောင်းပေးပြီးနောက် “အာမင်” ဟုဆိုရုံမျှဖြင့် ကျေနပ်မနေပါနှင့်။ ယေဟောဝါထံ ရင်ဖွင့်ပြီး သင်စဉ်းစားသည့်အရာ၊ ကြောက်ရွံ့သည့်အရာ၊ ရင်ဆိုင်နေရသည့်အရာကို ပြောပြဖူးသလော။ အခြားသူတစ်ဦးအား ဖွင့်မပြောဝံ့သည့် အကြောင်းအရာများကို ကိုယ်တော်အား ပြောပြဖူးသလော။ ရိုးသားမှန်ကန်စွာနှင့် နှလုံးပါပါတောင်းသော ဆုတောင်းချက်များသည် ငြိမ်သက်မှုရှိစေသည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ယင်းတို့က ယေဟောဝါထံချဉ်းကပ်စေပြီး ကျွန်ုပ်တို့ထံ ကိုယ်တော်ချဉ်းကပ်လာနေသည်ဟု ခံစားရစေ၏။
၉။ လူငယ်တစ်ဦးသည် ယေဟောဝါ၏စကားကို မည်သို့နားထောင်နိုင်သနည်း။
၉ ယေဟောဝါထံ ချဉ်းကပ်နိုင်သည့် နောက်တစ်နည်းကို ဤမှုတ်သွင်းခံစကားများတွင် တွေ့ရှိရသည်– “နောင်၌ ပညာရှိစေခြင်းငှာ အကြံပေးသည်ကို နားထောင်၍ ဆုံးမသွန်သင်ခြင်းကို ခံယူလော့။” (သု. ၁၉:၂၀၊ သမ) မှန်၏၊ ယေဟောဝါ၏စကားကို နားထောင်ပြီး လိုက်လျှောက်မည်ဆိုလျှင် သင်၏အနာဂတ်အတွက် တည်ဆောက်နေခြင်းဖြစ်သည်။ ယေဟောဝါ၏စကားကို သင်နားထောင်ကြောင်း မည်သို့ဖော်ပြနိုင်သနည်း။ သင်သည် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ပြီး အစီအစဉ်များကို နားထောင်မည်မှာ သေချာသည်။ ထို့ပြင် မိသားစုကျမ်းစာသင်အံမှုတွင်လည်း ပါဝင်ခြင်းအားဖြင့် “မိဘကိုရိုသေစွာပြု” ပေမည်။ (ဧဖက် ၆:၁၊ ၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထိုသို့ပြုခြင်းသည် ကောင်း၏။ သို့သော် သင်သည် အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ရန်၊ ကျမ်းစာမှန်မှန်ဖတ်ရန်၊ ရှာဖွေလေ့လာရန် “အချိန်ကိုဝယ်ယူ” နေသလော။ “ပညာရှိ” ကဲ့သို့ လိုက်လျှောက်နိုင်ရန် ဖတ်ရှုလေ့လာသမျှကို ကြိုးစားကျင့်သုံးသလော။ (ဧဖက် ၅:၁၅-၁၇၊ ကဘ; ဆာလံ ၁:၁-၃) ထိုသို့ပြုလုပ်နေလျှင် သင်သည် ယေဟောဝါထံ ချဉ်းကပ်နေ၏။
၁၀၊ ၁၁။ လူငယ်များသည် ယေဟောဝါ၏စကားကို နားထောင်သောအခါ အဘယ်ကြီးမားသော အကျိုးကျေးဇူးများ ခံစားရသနည်း။
၁၀ နယပုံပြင်ကျမ်း၏ အဖွင့်စကားများတွင် မှုတ်သွင်းခံရသောစာရေးသူက ထိုကျမ်းစာစောင်၏ရည်ရွယ်ချက်ကို ဤသို့ဆိုသည်– “ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းကိုသိ၍ ဉာဏ်နှင့်ယှဉ်သောစကားကို နားလည်မည်အကြောင်း၊ ပညာသတိရှိခြင်း၊ ရိုးသားဖြောင့်မတ်စွာကျင့်ခြင်း၊ ဖြောင့်မှန်စွာပြုမူခြင်းအရာ၌ ဆုံးမသွန်သင်ခြင်းခံရမည်အကြောင်း၊ မလိမ္မာသောသူသည် လိမ္မာ၍ ပျိုရွယ်သူသည် အသိပညာ၊ သမ္မာသတိနှင့်ပြည့်စုံမည်အကြောင်း” ဖြစ်သည်။ (သု. ၁:၁-၄၊ သမ္မာ) ထို့ကြောင့် နယပုံပြင်ကျမ်းအပြင် သမ္မာကျမ်းစာ၏ အခြားကျမ်းစာစောင်များကို ဖတ်ရှုကျင့်သုံးလျှင် ဖြောင့်မတ်ခြင်းကို ပြုစုပျိုးထောင်နိုင်ပြီး ယေဟောဝါထံ သင်ချဉ်းကပ်ခဲ့ခြင်းကို ကိုယ်တော် အားရဝမ်းမြောက်တော်မူလိမ့်မည်။ (ဆာလံ ၁၅:၁-၅) သင်သည် ဖြောင့်မှန်စွာပြုမူ၍ လိမ္မာပါးနပ်စွာ အသိပညာရှိရှိ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိလာလေလေ သာ၍ကောင်းသောဆုံးဖြတ်ချက်များ ချနိုင်လာလေလေဖြစ်မည်။
၁၁ ထိုသို့ပညာရှိစွာလုပ်ဆောင်ရန် လူငယ်များကို တောင်းဆိုခြင်းသည် ကျိုးကြောင်းမညီညွတ်သလော။ ညီညွတ်ပါသည်၊ အကြောင်းမှာ ခရစ်ယာန်လူငယ်များစွာသည် ထိုသို့ပြုမူလုပ်ဆောင်နေကြ၏။ ယင်းကြောင့် အခြားသူများသည် သူတို့ကို တန်ဖိုးထားလေးစားကြပြီး ‘သူတို့၏အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင်မပြု’ ကြချေ။ (၁ တိမောသေ ၄:၁၂) မိဘများသည် သူတို့အတွက် ထိုက်ထိုက်တန်တန်ဂုဏ်ယူကြပြီး ယေဟောဝါကလည်း သူတို့သည် မိမိ၏စိတ်တော်ကိုရွှင်လန်းစေသည်ဟု မိန့်ဆိုသည်။ (သု. ၂၇:၁၁) သူတို့ငယ်ရွယ်ကြသော်လည်း ဤမှုတ်သွင်းခံစကားများမှာ သူတို့နှင့်သက်ဆိုင်ကြောင်း ယုံကြည်စိတ်ချနိုင်ကြ၏– “စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။”—ဆာလံ ၃၇:၃၇။
ကောင်းစွာရွေးချယ်လော့
၁၂။ လူငယ်များ၏အရေးကြီးရွေးချယ်မှုများမှ တစ်ခုကား အဘယ်နည်း၊ ထိုရွေးချယ်မှုသည် အဘယ်ကြောင့် ရေရှည်ကောင်းကျိုး၊ ဆိုးကျိုးရှိသနည်း။
၁၂ လူငယ်ဘဝသည် ရွေးချယ်ပြုမူရမည့်အချိန်ဖြစ်ရာ ၎င်းတို့မှအချို့သည် ရေရှည်အကျိုးကျေးဇူးရရှိ၏။ ယခု သင်၏ရွေးချယ်မှုအချို့သည် နောင်အနာဂတ်တွင် ဆိုးကျိုးသက်ရောက်နိုင်သည်။ ပညာရှိရှိဆုံးဖြတ်ပြုမူလျှင် ပျော်ရွှင်သာယာသောဘဝကို ရရှိစေ၏။ ပညာမဲ့စွာဆုံးဖြတ်ပြုမူလျှင်ကား ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်၏။ သင်ရွေးချယ်ပြုမူရမည့်အရာနှစ်ခုနှင့်ပတ်သက်၍ ယင်းသည် မည်မျှမှန်ကန်သည်ကို သုံးသပ်ကြည့်ပါ။ ဦးဆုံး၊ မည်သူတို့နှင့်ပေါင်းသင်းရန် သင်ရွေးချယ်သနည်း။ ၎င်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ မှုတ်သွင်းခံနယပုံပြင်က ဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀) တစ်နည်းအားဖြင့်ဆိုသော် နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ပညာရှိနှင့်ပေါင်းဖော်လျှင် ပညာရှိဖြစ်လာမည်၊ လူမိုက်နှင့်ပေါင်းဖော်လျှင် လူမိုက်ဖြစ်လာလိမ့်မည်။ အဘယ်လူစားမျိုးကို သင်သာ၍နှစ်သက်သနည်း။
၁၃၊ ၁၄။ (က) ပေါင်းသင်းမှုပြုခြင်းတွင် လူတို့နှင့် တိုက်ရိုက်ဆက်သွယ်ခြင်းအပြင် အဘယ်အရာပါဝင်သနည်း။ (ခ) အဘယ်အမှားကို လူငယ်များ ရှောင်ကြဉ်သင့်သနည်း။
၁၃ ပေါင်းသင်းမှုအကြောင်း သင်စဉ်းစားလိုက်သည့်အခါ လူတို့နှင့်ပေါင်းသင်းမှုပြုခြင်းကို သတိရပေမည်။ ယင်းသည် မှန်ကန်သော်လည်း ထို့ထက်မက ပါဝင်ပတ်သက်နေသည်။ ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို ကြည့်သည့်အခါ၊ တေးဂီတနားထောင်သည့်အခါ၊ ဝတ္ထုဖတ်သည့်အခါ၊ ရုပ်ရှင်ကြည့်သည့်အခါ၊ အင်တာနက်ကို အသုံးပြုသည့်အခါ သင်သည် ပေါင်းသင်းမှုပြုနေခြင်းဖြစ်သည်။ ထိုပေါင်းသင်းမှုသည် အကြမ်းဖက်ခြင်း၊ အကျင့်ယိုယွင်းခြင်းကိုအားပေးမည်၊ သို့မဟုတ် မူးယစ်ဆေးဝါးတလွဲအသုံးပြုခြင်း၊ သောက်ကြူးခြင်း၊ သမ္မာကျမ်းစာမူများနှင့် ဆန့်ကျင်သည့် အဘယ်အရာကိုမဆို အားပေးအားမြှောက်ပြုမည်ဆိုလျှင် သင်သည် ယေဟောဝါမရှိသကဲ့သို့ ပြုမူလုပ်ကိုင်နေကြသော “မိုက်သောသူ” နှင့်ပေါင်းသင်းရာရောက်၏။—ဆာလံ ၁၄:၁။
၁၄ သင်သည် ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ပြီး အသင်းတော်တွင် တက်တက်ကြွကြွရှိနေသည့်အတွက် အကြမ်းဖက်ရုပ်ရှင်ကိုကြည့်ခြင်း၊ တေးသွားကောင်းသော်လည်း အဓိပ္ပာယ်နှစ်ခွရှိသော တေးသီချင်းများကို နားထောင်ခြင်းမှ အဘယ်ဆိုးကျိုးမျှမရနိုင်ဟု ယူမှတ်ကောင်းယူမှတ်ပေမည်။ အင်တာနက်ပေါ်မှ ညစ်ညမ်းသောဝက်ဘ်ဆိုက်ကို လျှပ်တစ်ပြက်ကြည့်ခြင်းသည် ဆိုးကျိုးသက်ရောက်မည်မဟုတ်ဟု သင်ယူမှတ်ပေမည်။ ထိုသို့ယူမှတ်လျှင် သင်၏စဉ်းစားတွေးခေါ်ပုံ မှားယွင်းကြောင်း တမန်တော်ပေါလုပြော၏! သူက “မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟုဆိုသည်။ (၁ ကောရိန္သု ၁၅:၃၃) ဝမ်းနည်းစရာမှာ တိုးတက်နိုင်သော ခရစ်ယာန်လူငယ်များစွာသည် ပညာမဲ့သောပေါင်းသင်းမှုများကြောင့် သူတို့၏ကောင်းသောအကျင့်များ ယိုယွင်းပျက်စီးသွားခဲ့ပြီ။ ထို့ကြောင့် ဤသို့သောပေါင်းသင်းမှုများကို ရှောင်ကြဉ်ရန် အခိုင်အမာဆုံးဖြတ်ပါ။ ထိုသို့ပြုမည်ဆိုလျှင် ပေါလု၏ ဤဆုံးမစကားကို သင်လိုက်လျှောက်ရာရောက်မည်– “သင်တို့သည် လော[က]ပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။”—ရောမ ၁၂:၂။
၁၅။ လူငယ်တို့ပြုရမည့် ဒုတိယရွေးချယ်မှုကား အဘယ်နည်း၊ တစ်ခါတစ်ရံ ယင်းနှင့်စပ်လျဉ်း၍ အဘယ်ဖိအားများ ပေးခံရသနည်း။
၁၅ ဤတွင် သင်ပြုလုပ်ရမည့် ဒုတိယရွေးချယ်မှုဖြစ်၏။ ကျောင်းပြီးသောအခါ သင်အဘယ်အရာပြုလုပ်လိုသည်ကို ရွေးချယ်ရမည့်အကြောင်း ပေါ်လာ၏။ အလုပ်အကိုင်ရှားပါးသည့်နိုင်ငံတွင် သင်နေထိုင်သည်ဆိုပါက ရရှိနိုင်သည့် အကောင်းဆုံးအလုပ်ကို လုပ်ကိုင်ရန် ဖိအားပေးခံရပေမည်။ သင်သည် ချမ်းသာကြွယ်ဝသည့်နိုင်ငံတွင် နေထိုင်ပါက ရွေးချယ်စရာအလုပ်များစွာရှိပြီး ယင်းတို့မှအချို့သည် အလွန်မက်မောစရာဖြစ်မည်။ သင်၏ဆရာများ၊ သို့မဟုတ် မိဘများပင် စိတ်စေတနာကောင်းဖြင့် ချမ်းသာကြွယ်ဝစေနိုင်သည့် ငွေကြေးဖူလုံသော အလုပ်တစ်ခုကို ရွေးချယ်လုပ်ကိုင်ရန် တိုက်တွန်းပေမည်။ သို့သော် ထိုအလုပ်အတွက် သင်တန်းယူခြင်းဖြင့် ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်နိုင်ချိန် အလွန်နည်းသွားပေမည်။
၁၆၊ ၁၇။ ကျမ်းချက်အသီးသီးသည် လူငယ်တစ်ဦးကို အလုပ်အကိုင်အပေါ် ဟန်ချက်ညီညီ မည်သို့ရှုမြင်စေနိုင်ကြောင်း ရှင်းပြပါ။
၁၆ ဆုံးဖြတ်ချက်မချမီ သမ္မာကျမ်းစာအကြံဉာဏ်ကို ရရှိရန် သတိရပါ။ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကိုင်စားသောက်ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အားပေးတိုက်တွန်းထား၏။ (၂ သက်သာလောနိတ် ၃:၁၀-၁၂) သို့တိုင် အခြားအရာများကိုလည်း ထည့်စဉ်းစားရမည်။ လူငယ်တစ်ဦးသည် အလုပ်အကိုင်ရွေးချယ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ ဟန်ချက်ညီနိုင်ရန် အောက်ဖော်ပြပါ ကျမ်းချက်များသည် မည်သို့ကူညီပေးနိုင်ကြောင်း ဖတ်ရှု၍ စဉ်းစားပါ– သု. ၃၀:၈၊ ၉; ဒေ. ၇:၁၁၊ ၁၂; မဿဲ ၆:၃၃; ၁ ကောရိန္သု ၇:၃၁; ၁ တိမောသေ ၆:၉၊ ၁၀။ အဆိုပါအခန်းငယ်များကို ဖတ်ရှုပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ ယေဟောဝါ၏အမြင်ကို သင်တွေ့ရှိသလော။
၁၇ ယေဟောဝါ၏အမှုတော်ထမ်းဆောင်ခြင်းကို ဦးစားမထားနိုင်သည့်အထိ လောကအလုပ်သည် ဘယ်သောအခါမျှ အလွန်အရေးမကြီးသင့်ချေ။ အဆင့်မြင့်ပညာရေးဖြင့် တော်သင့်သောအလုပ်တစ်ခုကိုရနိုင်လျှင် ကောင်းပေ၏။ အထက်တန်းကျောင်းပြီးနောက် ထပ်ဆင့်သင်တန်းတက်စရာလိုအပ်လာလျှင် ယင်းကိစ္စကို သင်၏မိဘများနှင့် ဆွေးနွေးသင့်သည်။ သို့သော် “သာ၍အရေးကြီးသောအရာများ” ဖြစ်သည့် ဝိညာဉ်ရေးရာများကို ဘယ်တော့မျှ မျက်ခြည်မပြတ်ပါစေနှင့်။ (ဖိလိပ္ပိ ၁:၉၊ ၁၀၊ ကဘ) ယေရမိ၏စာရေးဖြစ်သူ ဗာရုတ်ပြုခဲ့သည့်အမှားမျိုး မပြုမိစေပါနှင့်။ သူသည် လုပ်ငန်းတော်အခွင့်ထူးကို တန်ဖိုးမထားတော့ဘဲ “ကိုယ်အဖို့ ကြီးစွာသောအရာတို့ကိုရှာ” ခဲ့လေသည်။ (ယေရမိ ၄၅:၅) ဤလောကမှ အဘယ် “ကြီးစွာသောအရာ” မျှသူ့ကို ယေဟောဝါထံချဉ်းကပ်ရန် အကူအညီမပေးနိုင်ကြောင်း၊ ယေရုရှလင်မြို့ပျက်စီးသည့်အခါ ကပ်ကျော်စေနိုင်မည်မဟုတ်ကြောင်း အခိုက်အတန့် မေ့လျော့သွားခဲ့သည်။ ယနေ့ ကျွန်ုပ်တို့နှင့်ပတ်သက်၍လည်း ထပ်တူပြောဆိုနိုင်သည်။
ဝိညာဉ်ရေးရာများကို တန်ဖိုးထားလေးမြတ်လော့
၁၈၊ ၁၉။ (က) သင်၏အိမ်နီးချင်းအများစုသည် အဘယ်အရာနှင့်ကြုံတွေ့နေကြရသနည်း၊ သူတို့အပေါ် သင်,မည်သို့သဘောထားသင့်သနည်း။ (ခ) ဝိညာဉ်ရေးအရ ငတ်မွတ်သူအချို့သည် အဘယ်ကြောင့် ဆာလောင်မှုမရှိသနည်း။
၁၈ မီဒီယာမှထုတ်လွှင့်သော အငတ်ဘေးဆိုက်နေသည့် နိုင်ငံများရှိ ကလေးများ၏ရုပ်ပုံများကို တွေ့ဖူးသလော။ တွေ့ဖူးမည်ဆိုလျှင် သူတို့ကို သနားမိမည်မှာ သေချာ၏။ သင်၏အိမ်နီးချင်းများကို ထိုနည်းတူသနားသလော။ အဘယ်ကြောင့်သနားသင့်သနည်း။ အကြောင်းမှာ သူတို့အများစုသည်လည်း ငတ်ပြတ်နေကြသောကြောင့်ဖြစ်သည်။ အာမုတ် ဤသို့ပရောဖက်ပြုခဲ့သော အငတ်ဘေးကို သူတို့ကြုံတွေ့နေရ၏– ‘ယေဟောဝါမိန့်တော်မူသည်ကား မွတ်သိပ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသောကာလရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ယေဟောဝါ၏အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။’—အာမုတ် ၈:၁၁။
၁၉ ဤဝိညာဉ်ရေးအငတ်ဘေး ကြုံတွေ့နေရသူအများစုသည် “ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိ” မပြုကြသည်မှာ အမှန်ပင်။ (မဿဲ ၅:၃၊ ကဘ) လူအများသည် ဝိညာဉ်ရေးဆာလောင်နေမှန်း မသိကြချေ။ အချို့က ကောင်းစွာစားသုံးနေရသည်ဟူ၍ပင် ယူမှတ်ပေမည်။ သို့ရာတွင် ထိုသို့ယူမှတ်လျှင် သူတို့သည် ရုပ်ပစ္စည်းပဓာနထားခြင်း၊ သိပ္ပံပညာယူဆချက်၊ ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ကိုယ်ပိုင်ထင်မြင်ချက်များနှင့် ဤသို့သောတခြားအရာများပါဝင်သည့် အချည်းနှီးသက်သက်ဖြစ်သော ‘လောကပညာ’ ကို ဆည်းပူးလိုက်စားနေကြသောကြောင့်ဖြစ်သည်။ မျက်မှောက်ခေတ် “ပညာ” သည် ကျမ်းစာသွန်သင်ချက်များကို ခေတ်နောက်ကျသွားစေပြီဟု အချို့ယူမှတ်ကြ၏။ သို့သော် ‘လောကသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကိုမသိ’ ကြချေ။ လောကပညာသည် သင့်ကို ဘုရားသခင်ထံ ချဉ်းကပ်စေလိမ့်မည်မဟုတ်။ ယင်းသည် “ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်း” သက်သက်ဖြစ်၏။—၁ ကောရိန္သု ၁:၂၀၊ ၂၁; ၃:၁၉။
၂၀။ ယေဟောဝါအား ဝတ်မပြုသူများကို တုပလိုခြင်းသည် အဘယ်ကြောင့် မသင့်လျော်သနည်း။
၂၀ ဆာလောင်နေသောကလေးများ၏ အဆိုပါရုပ်ပုံများကို သင်ကြည့်သောအခါ သူတို့ကဲ့သို့ သင်,ဖြစ်လိုသလော။ အမှန်ပင် ဖြစ်လိုမည်မဟုတ်! သို့တိုင် ခရစ်ယာန်မိသားစုများရှိ လူငယ်အချို့သည် သူတို့ဝန်းကျင်ရှိ ဝိညာဉ်ရေးမွတ်သိပ်နေသူတို့ကဲ့သို့ ဖြစ်လိုကြကြောင်း ဖော်ပြ၏။ ထိုနည်းတူစွာ ဤလူငယ်များက လောကလူငယ်များသည် အပူအပင်မရှိ ပျော်ရွှင်နေကြသည်ဟု ယူမှတ်ကြသည်။ အဆိုပါလူငယ်များသည် ယေဟောဝါနှင့် ကင်းကွာနေကြသည်ကို သူတို့မေ့နေကြ၏။ (ဧဖက် ၄:၁၇၊ ၁၈) ဝိညာဉ်ရေးငတ်မွတ်မှု၏ ဆိုးကျိုးများကိုလည်း သူတို့မေ့နေကြ၏။ ထိုဆိုးကျိုးအချို့မှာ မလိုလားဖွယ် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်ကြူးခြင်းနှင့် မူးယစ်ဆေးဝါးအလွဲသုံးစွဲခြင်းတို့ကြောင့် ကာယရေး၊ စိတ်ဓာတ်ရေးထိခိုက်မှုများဖြစ်သည်။ ဝိညာဉ်ရေးငတ်ပြတ်မှုကြောင့် ပုန်ကန်လိုစိတ်ရှိခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် ဘဝတွင် လမ်းညွှန်ချက်ကင်းမဲ့ခြင်းတို့ ဖြစ်ကြရသည်။
၂၁။ ယေဟောဝါအား ဝတ်မပြုသူများ၏ စိတ်ထားမှားများကို မခံယူမိရန် မိမိကိုယ်ကို မည်သို့ကာကွယ်နိုင်သနည်း။
၂၁ ထို့ကြောင့် သင်သည် ကျောင်းတွင် ယေဟောဝါအား ဝတ်မပြုသူချင်းများကြား၌ ရှိနေသည့်အခါ သူတို့၏လွှမ်းမိုးမှုကိုမခံပါနှင့်။ (၂ ကောရိန္သု ၄:၁၈) သူတို့မှအချို့သည် ဝိညာဉ်ရေးရာများကို မထီမဲ့မြင်ပြု ပြောဆိုကြပေမည်။ ထို့ပြင် အကျင့်ယိုယွင်းခြင်း၊ သောက်ကြူးခြင်း သို့မဟုတ် ဆဲရေးတိုင်းထွာခြင်းတို့သည် သာမန်ဖြစ်သည်ဟု မီဒီယာမှတစ်ဆင့် မသိမသာဝါဒဖြန့်လိမ့်မည်။ ထိုသြဇာလွှမ်းမိုးမှုကို တွန်းလှန်ပါ။ “ယုံကြည်ခြင်းကိုလည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းကိုလည်းကောင်း စွဲလမ်း” သူများနှင့် မှန်မှန်ပေါင်းသင်းပါ။ “သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်” လုပ်ဆောင်ခြင်း၌ အလုပ်များနေပါ။ (၁ တိမောသေ ၁:၁၈; ၁ ကောရိန္သု ၁၅:၅၈) ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် လယ်ကွင်းလုပ်ငန်းတို့တွင် အလုပ်များနေပါ။ သင်,ကျောင်းတက်နေစဉ် အခါအားလျော်စွာ မှန်မှန်ရှေ့ဆောင်လုပ်ငန်း၌ ပါဝင်ပါ။ ဤနည်းဖြင့် သင်၏ဝိညာဉ်ရေးအမြင်ကို ရှင်းလင်းစေပြီး သင်၏ဟန်ချက်ကို မပျက်စီးစေပါနှင့်။—၂ တိမောသေ ၄:၅။
၂၂၊ ၂၃။ (က) ခရစ်ယာန်လူငယ်တစ်ဦးသည် အခြားသူများ နားမလည်နိုင်သည့်အရာကို အဘယ်ကြောင့် ရွေးချယ်ပြုမူတတ်သနည်း။ (ခ) အဘယ်အရာပြုလုပ်ရန် လူငယ်များ အားပေးတိုက်တွန်းခံရသနည်း။
၂၂ ဝိညာဉ်ရေးအမြင်ရှိခြင်းက အခြားသူများ နားမလည်နိုင်သည့် ဆုံးဖြတ်ချက်များချစေပေမည်။ ဥပမာ၊ ခရစ်ယာန်လူငယ်တစ်ဦးသည် အလွန်တော်သော တေးဂီတပညာရှင်ဖြစ်ပြီး ကျောင်းတွင် ဘာသာရပ်အားလုံး၌ ထူးချွန်သောကျောင်းသားဖြစ်၏။ သူသည် ကျောင်းပြီးသွားသောအခါ အချိန်ပြည့်ဧဝံဂေလိဟောပြောသူ သို့မဟုတ် ရှေ့ဆောင်အဖြစ် သူရွေးချယ်ထားသည့်အလုပ်ကို လုပ်ကိုင်နိုင်ရန် ဖခင်နှင့်တွဲဖက်၍ ပြတင်းပေါက်သန့်ရှင်းရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ သူ၏ဆရာများသည် သူ၏ဆုံးဖြတ်ချက်ကို လုံးလုံးနားမလည်နိုင်ကြသော်လည်း အသင်သည် ယေဟောဝါထံ ချဉ်းကပ်သူဖြစ်လျှင် သဘောပေါက်နားလည်လိမ့်မည်မှာ သေချာသည်။
၂၃ သင်၏လူငယ့်စွမ်းပကားကို မည်သို့အသုံးပြုရမည်နှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်သောအခါ “မှန်သောအသက်ကို ဝင်စားလိုသောငှာ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူး . . . ထားလော့။” (၁ တိမောသေ ၆:၁၉) သင်၏လူငယ်ဘဝတွင်မက ကျန်အသက်တာတစ်ခုလုံးတွင် “သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။” ၎င်းသည် အောင်မြင်သောအနာဂတ်ကို တည်ဆောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး ထိုအနာဂတ်သည် ဘယ်သောအခါမျှ အဆုံးတိုင်လိမ့်မည်မဟုတ်ချေ။
သင်၏ကောက်ချက်ကားအဘယ်နည်း
• အနာဂတ်အတွက် ကြိုတင်စီစဉ်ရာတွင် လူငယ်များကို အဘယ်မှုတ်သွင်းခံဆုံးမစကားက ကူညီပေးသနည်း။
• လူငယ်တစ်ဦးသည် “ဘုရားသခင်၌ ချဉ်းကပ်” နိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။
• လူငယ်တစ်ဦး၏အနာဂတ်အတွက် အကျိုးသက်ရောက်မှု ရှိစေမည့် ဆုံးဖြတ်ချက်အချို့ကား အဘယ်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
သင်သည် လူငယ့်အားမာန်နှင့် စိတ်အားထက်သန်မှုရှိသမျှ ကုန်ဆုံးသွားသည့်အထိ ကိုယ့်အကြိုက်ကိုယ် ပြုလုပ်နေမည်လော
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ပညာရှိခရစ်ယာန်လူငယ်များသည် ဝိညာဉ်ရေး အမြင်အာရုံကို ရှင်းလင်းစွာထားရှိကြ