မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်​ရ​ကား​ယင်းကို ကျွန်ုပ်​တို့​မည်သို့​ဝမ်းနည်း​စေနိုင်​မည်​နည်း။

“ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ဝမ်း​မနည်း​စေ​ကြ​နှင့်” ဟူ၍ တမန်​တော်​ပေါလု ရေးသားခဲ့​၏။ (ဧဖက် ၄:၃၀သမ္မာ) ဤသို့​ဆို​သဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်သည် ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်သည်ဟု အချို့​ယူဆကြ​သည်။ သို့ရာတွင်၊ အစောပိုင်း​ခရစ်ယာန်​များသည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ်​သော်လည်း​ကောင်း၊ အမြင့်ဆုံး​သော​ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်သော နတ်​ဘုရား​အဖြစ်​သော်လည်း​ကောင်း၊ သုံးပါး​ပေါင်း​တစ်ဆူ​အဝင်​အဖြစ်​သော်လည်း​ကောင်း မ​ရှုမြင်ခဲ့​ကြောင်း ‘တည်ကြည်သော​ကျွန်’ ထုတ်ဝေ​သည့် စာပေ​များ​တွင် ကျမ်းစာ​အထောက်အထား​နှင့် သမိုင်းဝင်​အထောက်အထား​များ​ကို ဖော်ပြ​လေ့​ရှိသည်။ * (လုကာ ၁၂:၄၂) ထို့​ကြောင့် ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် ပေါလု​ရည်ညွှန်း​နေခြင်း မဟုတ်​ချေ။

ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် ကိုယ်တော်​၏ မမြင်နိုင်​သော တက်ကြွ​လှုပ်ရှား​သည့် စွမ်းအား​ဖြစ်သည်။ (ကမ္ဘာဦး ၁:၂) ယောဟန်​သည် ရေ​၌​နှစ်ခြင်း​ပေး​သကဲ့သို့ ယေရှု​မူ​ကား “သန့်ရှင်းသော​ဝိညာဉ်​တော်​၌” နှစ်ခြင်း​ပေး​လိမ့်​မည်​ဖြစ်သည်။ (လုကာ ၃:၁၆) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​၌ တပည့်​နောက်လိုက် ၁၂၀ ခန့်​သည် “သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​ပြည့်” နေချိန်​တွင် ပုဂ္ဂိုလ်​တစ်ဦး​နှင့်​ပြည့်နေ​သည်မဟုတ်​ကြောင်း ထင်ရှား​၏။ (တမန်​တော် ၁:၅၊ ၈; ၂:၄၊ ၃၃) ဤ​ဝိညာဉ်​တော်​ဖွား​များသည် ကောင်းကင်​မျှော်လင့်ချက်​ရှိ​သူများ​ဖြစ်​ကြ​ရာ ဘုရားသခင်​၏​ဝိညာဉ်​တော်​က သူတို့ကို တည်ကြည်​စွာ​အသက်ရှင်​နိုင်​ရန် လမ်းညွှန်​ပေး​သည်။ (ရောမ ၈:၁၄-၁၇; ၂ ကောရိန္သု ၁:၂၂) ဝိညာဉ်တော်သည် ဘုရားသခင်​၏​ဝိညာဉ်​အသီးများ​ကို သီးပွင့်​စေပြီး သူတို့အား ဘုရားသခင့်​မျက်နှာသာ ဆုံးရှုံး​စေနိုင်​သည့် အပြစ်ရှိ “ဇာတိ​ပကတိ​အကျင့်” တို့ကို​ရှောင်ကြဉ်​ရန် ကူညီ​ပေး​သည်။—ဂလာတိ ၅:၁၉-၂၅

ကျွန်ုပ်​တို့သည် မြေကြီး​မျှော်လင့်ချက်​ရှိသူ ဘုရားသခင့်​ကျေးကျွန်​များ​ဖြစ်​လျှင် သန့်ရှင်းသော​ဝိညာဉ်​တော်​ဖွား​များ မဟုတ်​ကြ​ချေ။ သို့သော် ကျွန်ုပ်​တို့သည် ကောင်းကင်​မျှော်လင့်ချက်​ရှိ​သူများ​နည်းတူ ဘုရားသခင့်​ဝိညာဉ်​တော်​တန်ခိုး ခံစား​နိုင်၏။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​လည်း ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေနိုင်​သည်။ မည်သို့​အားဖြင့်​နည်း။

သန့်ရှင်းသော​ဝိညာဉ်​တော်​၏​လမ်းညွှန်မှုဖြင့် ရေးသား​ထားသော ကျမ်းစာ​သွန်သင်ချက်​ကို ကျွန်ုပ်​တို့ လျစ်လျူရှု​မည်​ဆိုလျှင် ဝိညာဉ်​တော်​ကို တမင်တကာ​ပြစ်မှားခြင်း၊ ယေဟောဝါ​၏​မျက်နှာသာ​ကို ဆုံးရှုံး​ခြင်း​နှင့် နောက်ဆုံး​တွင် ဖျက်ဆီး​ခံရ​ခြင်း အကျိုးဆက်​ရစေ​နိုင်​သည့် ဝသီ​များ​ကို မွေးမြူ​လာနိုင်​သည်။ (မဿဲ ၁၂:၃၁၊ ၃၂) ကြီး​လေး​သော​အပြစ်ကို ကျွန်ုပ်​တို့​မကျူးလွန်​သေး​သော်လည်း ဝိညာဉ်​တော်​ဦးဆောင်မှု​ကို ဆန့်ကျင်​၍ လမ်းမှား​ပေါ် တဖြည်းဖြည်း​ရောက်သွား​နိုင်​သည်။ ဤသို့​ဆိုလျှင် ကျွန်ုပ်​တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ဝမ်းနည်း​နေ​စေ​ပေမည်။

သို့​ဖြစ်​လျှင် ဘုရားသခင့်​ဝိညာဉ်​တော် ဝမ်းနည်းခြင်း​မရှိစေရန် ကျွန်ုပ်​တို့ မည်သို့​ပြုလုပ်​နိုင်​သနည်း။ ကျွန်ုပ်​တို့၏​အတွေးအခေါ်၊ အပြု​အမူ​များ​ကို အမှန်ပင်​ထိန်းချုပ်ဖို့​လို​သည်။ ဧဖက်​မြို့သား​များ​ထံ တမန်​တော်​ပေါလု​ရေး​သော​စာစောင်​၏ အခန်းကြီး ၄ တွင် မရိုးမသား​ပြောတတ်​သည့်​အကျင့်၊ အမျက်ထွက်​တတ်​သည့်​အကျင့်၊ ပျင်းရိ​သည့်​အကျင့်​နှင့် မတော်မလျော်​စကား​များ​ပြောတတ်​သည့်​အကျင့်​တို့ကို ရှောင်ကြဉ်​ရမည်ဟု သတိပေး​၏။ ကျွန်ုပ်​တို့သည် ‘လူသစ်’ ကို​ယူတင်​ဝတ်ဆောင်​ပြီး​မှ ထိုသို့​သော​အကျင့်​များ​ကို ပြန်​ပြုကျင့်​နေ​မည်​ဆိုလျှင် အဘယ်အရာကို ကျွန်ုပ်​တို့​ပြု​ရာ​ရောက်​သနည်း။ ဝိညာဉ်​တော်​မှုတ်သွင်းခံ ဘုရားသခင့်​နှုတ်မြွက်တော် သမ္မာကျမ်းစာ​၏​သွန်သင်ချက်​ကို ဆန့်ကျင်​နေရာ​ရောက်​ပေ​သည်။ ဤသို့​ပြုခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေ​ပေမည်။

ဧဖက်​ကျမ်း​အခန်းကြီး ၅ တွင် မတရားမေထုန်​ကို အာသာငမ်းငမ်း​ရှိ​ခြင်း​ကို ရှောင်ကြဉ်​ရန် ပေါလု​၏​ဆုံးမ​စကား​ကို ကျွန်ုပ်​တို့​ဖတ်ရှု​ရ၏။ တမန်​တော်​သည် ယုံကြည်သူချင်း​တို့အား ရှက်ဖွယ်​သော​အမူအကျင့်​နှင့် ညစ်ညမ်း​သည့်​ပြက်လုံး​ထုတ်ခြင်း​တို့ကို ရှောင်ကြဉ်​ရန်​လည်း တိုက်တွန်း​သည်။ ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ကျွန်ုပ်​တို့ ဝမ်း​မနည်း​စေ​လို​ပါ​က ဖျော်ဖြေမှု​ရွေးချယ်​သည့်​အခါ ၎င်းတို့ကို သတိရ​သင့်​သည်။ ထို​အကြောင်းအရာများ​ကို ပြောဆိုခြင်း၊ ဖတ်ရှုခြင်း၊ ထို​သရုပ်ဆောင်​ကွက်​များ​ကို ရုပ်မြင်သံကြား သို့​မဟုတ် အခြား​နေရာများ​တွင် ကြည့်ရှု​ခြင်း​အားဖြင့် ယင်း​တို့ကို​စိတ်ဝင်စား​ကြောင်း အဘယ်ကြောင့်​ပြ​ကြ​မည်​နည်း။

အခြား​နည်း​အမျိုးမျိုးဖြင့်​လည်း ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေနိုင်​၏။ ယေဟောဝါ​၏​ဝိညာဉ်တော်သည် အသင်းတော်တွင် စည်းလုံးမှု​ရှိစေသည်၊ သို့သော် ကျွန်ုပ်​တို့သည် အသင်းတော်တွင် အကျိုးယုတ်​စေသော အတင်းအဖျင်း​များ​ပြော​မည်၊ အုပ်စုဖွဲ့​မည်​ဆို​ကြပါစို့။ စည်းလုံးမှု​ရှိသည့် ဝိညာဉ်​တော်​၏​ဦးဆောင်မှု​ကို ကျွန်ုပ်​တို့​တားဆီး​ရာ​ကျ​မည်​မဟုတ်ပေ​လော။ ယေဘုယျ​အားဖြင့် ကောရိန္သု​အသင်းတော်တွင် သင်း​ခွဲနေ​သူများ​နည်းတူ ကျွန်ုပ်​တို့​လည်း သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေ​ရာ​ကျ​မည်​ဖြစ်သည်။ (၁ ကောရိန္သု ၁:၁၀; ၃:၁-၄၊ ၁၆၊ ၁၇) ထို့​အပြင် ကျွန်ုပ်​တို့သည် အသင်းတော်​ရှိ ဝိညာဉ်တော်ဖြင့် ခန့်အပ်​ထားသော​အမျိုးသားများ​ကို တမင်တကာ မ​ခန့်​လေးစား​ပြု​မည်​ဆိုပါ​က ဝိညာဉ်​တော်​အား ဝမ်းနည်း​စေ​ရာ​ရောက်​ပေမည်။—တမန်​တော် ၂၀:၂၈; ယုဒ ၈

ထို့​ကြောင့် သမ္မာကျမ်းစာ​တွင်​လည်းကောင်း၊ ခရစ်ယာန်​အသင်းတော်တွင်​လည်းကောင်း သန့်ရှင်းသော​ဝိညာဉ်​တော်​၏​ဦးဆောင်မှု ထင်ရှား​နေသည်​ကို ကျွန်ုပ်​တို့ မည်သို့​သဘောထားကြောင်း​နှင့် မည်သို့​ပြုမူ​သည်ကို ဆင်ခြင်​သုံးသပ်ကြည့်​သင့်​ပေ​သည်။ ‘သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​ဖြင့် ဆုတောင်း​လျက်၊’ ၎င်း​၏​လွှမ်းမိုးမှုကို​ခံ​ကာ ဘုရားသခင့်​မှုတ်သွင်းခံ သမ္မာကျမ်းစာ​တွင် ပြောဆို​ထား​သမျှ​နှင့်​အညီ အမြဲ​ပြုမူ​ကျင့်ဆောင်​ကြပါစို့။ (ယုဒ ၂၀) ဝိညာဉ်​တော်​ကို ဘယ်​သောအခါ​မျှ ဝမ်း​မနည်း​စေ​ဘဲ ယေဟောဝါ​၏​သန့်ရှင်းသော​နာမတော်​ကို ဂုဏ်တင်​ရန် ၎င်း​၏​ဦးဆောင်မှု​ကို အမြဲ​ခံယူ​ဖို့ သန္နိ​ဋ္ဌာန်​ချထား​နိုင်​ကြ​ပါစေ။

ယေရှု​ခရစ်​သည် ချမ်းသာ​ကြွယ်ဝသူ​တစ်ဦး ဘုရားသခင့်​နိုင်ငံတော်​သို့​ဝင်​ခဲ​ကြောင်းကို ကုလားအုတ်​တစ်ကောင် အပ်​န​ဖား လျှိုဝင်​ဖို့ ကြိုးစား​နေခြင်း​နှင့် နှိုင်းယှဉ်ခဲ့​၏။ ယေရှုသည် တကယ့်​ကုလားအုတ်​တစ်ကောင်​နှင့် တကယ့်​ချုပ်အပ်​ကို ရည်ညွှန်း​နေခဲ့​ခြင်း​လော။

ဤ​ဖော်ပြချက်​နှင့်​စပ်​လျ​ဉ်း​သည့် ကျမ်းစာ​ကိုးကားချက်​သုံးခု​အနက် နှစ်ခု​မှာ အတော်လေး​ဆင်တူ​သည်။ မဿဲ​၏​မှတ်တမ်းအရ ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ကုလားအုတ်​သည် အပ်​န​ဖား​ကို​လျှို​လွယ်​၏။ ငွေ​ရ​တတ်သော​သူသည် ဘုရားသခင်​နိုင်ငံတော်​သို့​ဝင်​ခဲ​သည်။” (မဿဲ ၁၉:၂၄) အလားတူ၊ မာကု ၁၀:၂၅ တွင် ဤသို့​ဖတ်​ရသည်– “ကုလားအုတ်​သည် အပ်​န​ဖား​ကို​လျှို​လွယ်​၏။ ငွေ​ရ​တတ်သော​သူသည် ဘုရားသခင်​၏​နိုင်ငံတော်​သို့​ဝင်​ခဲ​သည်။”

ကိုးကား​စာပေ​အချို့​က “အပ်​န​ဖား” သည် ယေရုရှလင်​မြို့​၏ ဂိတ်​တံခါးပေါက်​ကြီး​တစ်ခု​ရှိ ဝင်ပေါက်​ငယ်​တစ်ခု​ဖြစ်သည်ဟု ဆို​သည်။ ည​အခါ​တွင် ဂိတ်​တံခါးကြီး​ကို ပိတ်​ထား​လျှင် တံခါးပေါက်​ငယ်​ကို​မူ ဖွင့်​ဝင်နိုင်​သည်။ ကုလားအုတ်​တစ်ကောင်​သည် ဤ​ဂိတ်ငယ်​ထဲ​ဝင်နိုင်​သည်​ဟု ယူဆ​ရ၏။ ယင်းကို ယေရှု​ရည်ညွှန်း​နေခြင်း​လော။

မ​ရည်ညွှန်း​ကြောင်း ထင်ရှား​ပါ​သည်။ ယေရှုသည် ချုပ်အပ်​တစ်ချောင်း​ကို ရည်ညွှန်း​နေကြောင်း ထင်ရှား​သည်။ အရိုး​ဖြင့်​ဖြစ်စေ၊ သတ္တု​ဖြင့်​ဖြစ်စေ ပြုလုပ်​ထားသော ရှေး​ချုပ်အပ်​များ​ကို အဆိုပါ​ဒေသ​တွင် တွေ့ရှိ​ခဲ့​ရာ ယင်း​တို့သည် အိမ်သုံး​ပစ္စည်း​များ ဖြစ်​ရ​ပေမည်။ လုကာ ၁၈:၂၅ က ယေရှု၏​စကား​ကို ဇဝေဇဝါ​မဖြစ်စေ​ပါ၊ အကြောင်း​မှာ ကိုယ်တော်​က ဤသို့​ဆို​သည်​ဟု ကိုးကား​ဖော်ပြ​ထား​၏– “ကုလားအုတ်​သည် အပ်​န​ဖား​ကို​လျှို​လွယ်​၏။ ငွေ​ရ​တတ်သော​သူသည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ ဝင်​ခဲ​သည်။”

ကမ္ဘာသစ်​ဘာသာပြန်​သမ္မာကျမ်းစာ​တွင် “ချုပ်အပ်” ဟု ပြန်ဆို​ထား​သည်ကို အဘိဓာန်​ပြုစုသူ​အတော်များများ​က လက်ခံ​ကြသည်။ မဿဲ ၁၉:၂၄ နှင့် မာကု ၁၀:၂၅ ၌ ‘အပ်’ အတွက် ဂရိ​စကားလုံး (ရာ​ဖစ္စ) သည်“အပ်​နှင့်​ချုပ်​သည်” ဟူသော​အဓိပ္ပာယ်​ရှိသည့် ကြိယာ​မှ ဆင်းသက်လာ​သည်။ လုကာ ၁၈:၂၅ တွင်​ပါ​သည့် ဂရိ​အသုံးအနှုန်း (ဘီ​လို​နီ) သည် ခွဲစိတ်​ဆရာဝန်​တစ်ဦး အသုံးပြုသည့်​အပ်​ကို ရည်ညွှန်း​အသုံးပြု​ထားခြင်း​ဖြစ်၏။ ဗိုင်း​၏ ဓမ္မဟောင်း​နှင့် ဓမ္မသစ်​ကျမ်း​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​က ဤသို့​ဆို​သည်– “‘အပ်​န​ဖား’ ဟု​ဆို​ရာ​တွင် ဂိတ်​တံခါးပေါက်​ငယ်​လေး​များ​ကို ရည်ညွှန်း​သည်​ဟု​ယူဆ​ခြင်း​သည် ခေတ်​သစ်​အယူအဆ​တစ်ခု ဖြစ်ပုံရ​၏; ရှေးခေတ်​တွင် ထိုသို့​ဆိုလို​ခဲ့​သည့်​သာဓက​မရှိပါ။ အဆိုပါ​ဖော်ပြချက်​ပါ သခင့်​ရည်ရွယ်ချက်မှာ လူသား​တို့၏ မတတ်စွမ်း​နိုင်​မှု​ကို ဖော်ပြ​ရန်ဖြစ်​ပြီး ချုပ်အပ်​ဟု​ဆို​ရာ​တွင် သာမန်​အပ်​မဟုတ်ဘဲ အခြား​အရာတစ်ခု​ကို​ဆိုလို​သည်​ဟု သိပ်​မခက်ခဲ​သည့်​အလား ရှင်းပြ​စ​ရာ​အကြောင်း​မရှိပါ။”—၁၉၈၁၊ အတွဲ ၃၊ စာမျက်နှာ ၁၀၆။

အချို့​က ဤ​အခန်းငယ်​များ​ပါ “ကုလားအုတ်” ကို “ကြိုး” ဟူ၍ ပြန်ဆို​သင့်​သည်​ဟု အကြံပြု​ကြသည်။ ကြိုး (ကာ​မီ​လို့​စ်) နှင့် ကုလားအုတ် (ကာ​မဲ​လို့​စ်) တို့အတွက် ဂရိ​စကားလုံး​များသည် ဆင်တူ​၏။ သို့သော် လက်ရှိ ရှေးအကျဆုံး မဿဲ​ခရစ်ဝင်​ကျမ်း ဂရိ​စာမူ​များ(ဆိုင်းနိုင်း​တစ်​ခ်၊ ဗာတီကန် အမှတ် ၁၂၀၉၊ နှင့် သည်​အ​လက်​ဇ​န္ဒ​ရင်း)တွင် မဿဲ ၁၉:၂၄ ၌ “ကြိုး” ဟူသော​စကားလုံး​အစား “ကုလားအုတ်” ဟူသော​ဂရိ​စကားလုံး​ကို အသုံးပြု​ထား​၏။ မဿဲ​သည် မိမိ၏​ခရစ်ဝင်​ကျမ်း​ကို ဟေဗြဲ​ဘာသာ​စကား​ဖြင့် မူလ​က ရေးသားခဲ့​သော်လည်း ဂရိ​ဘာသာ​သို့ ကိုယ်တိုင်​ပြန်ဆို​ခဲ့​မည်​ဖြစ်သည်။ ယေရှု အဘယ်အရာ​ပြောဆို​ခဲ့​သည်ကို အတိအကျ သူသိ​ရှိခဲ့​သောကြောင့် စကားလုံး​မှန်​ကို အသုံးပြု​ခဲ့​သည်။

ထို့​ကြောင့် ယေရှုသည် ပကတိ​ချုပ်အပ်​နှင့် တကယ့်​ကုလားအုတ်​ကို​ဆိုလို​သည်။ မဖြစ်​နိုင်​သည့်​အကြောင်း​တစ်ခု​ကို ကိုယ်တော်​အလေးပေး​ဖော်ပြ​ရန် ယင်း​တို့ကို အသုံးပြု​ခဲ့​ခြင်း​ဖြစ်၏။ သို့သော် သူကြွယ်​တစ်ဦး​သည် ဘုရားသခင့်​နိုင်ငံတော်​သို့​မဝင်နိုင်​ဟု ယေရှု​ဆိုလို​သလော။ မဆိုလို​ပါ၊ အကြောင်း​မှာ ယေရှု၏​ဖော်ပြချက်​ကို ပကတိ​အတိုင်း​နားလည်​ရန်​မဟုတ်ပါ။ ပကတိ​ကုလားအုတ်​တစ်ကောင်​သည် ချုပ်အပ်နဖား​ထဲ မဝင်နိုင်​သကဲ့သို့ သူကြွယ်​တစ်ဦး​သည် မိမိ၏​ဘဝ​အသက်တာတွင် ယေဟောဝါ​ကို ဦးစား​မထား​ဘဲ မိမိ၏​စည်းစိမ်ဥစ္စာ​ကို​သာ ဆက်၍​စွဲလမ်း​နေပါက ဘုရားသခင့်​နိုင်ငံတော်​သို့​ဝင်ရန် မဖြစ်​နိုင်​သည်ကို ယေရှုသည် လွန်ကဲ​စွာ ပုံ​ပ​မာ​ပြ​ပြောဆို​နေခြင်း​ဖြစ်သည်။—လုကာ ၁၃:၂၄; ၁တိ​မော​သေ ၆:၁၇-၁၉။

ကြွယ်ဝ​ချမ်းသာ​သော လူငယ်​အရာရှိ​တစ်ဦး​သည် ယေရှု၏​နောက်လိုက်​ဖြစ်ခွင့်​ကို ငြင်းပယ်​လိုက်ပြီး​ပြီး​ချင်း ထိုသို့​ဖော်ပြ​ပြောဆို​ခဲ့​ခြင်း​ဖြစ်သည်။ (လုကာ ၁၈:၁၈-၂၄) ဝိညာဉ်​ရေးရာ​များ​ထက် မိမိ၏​ပိုင်ဆိုင်ရာ​များ​ကို သာ၍​မြတ်နိုးသည့် သူကြွယ်​တစ်ဦး​သည် ဘုရားသခင့်​နိုင်ငံတော်​အစီအစဉ်​တွင် ထာဝရ​အသက်​ရဖို့ မမျှော်လင့်​နိုင်​ပါ။ သို့​တိုင်၊ ကြွယ်ဝ​ချမ်းသာသူ အတော်များများ ယေရှု၏​တပည့်​နောက်လိုက်​များ ဖြစ်လာ​ခဲ့​ကြသည်။ (မဿဲ ၂၇:၅၇; လုကာ ၁၉:၂၊ ၉) ထို့​ကြောင့် မိမိ​၌ ဝိညာဉ်​ရေး​လိုအပ်​လျက်​နေသည်​ဟု အသိအမှတ်ပြု​ကာ ဘုရားသခင့်​အကူအညီ ရယူလို​သော ကြွယ်ဝ​ချမ်းသာသူ​ကို ဘုရားသခင်​ကယ်တင်​ပါ​လိမ့်​မည်။—မဿဲ ၅:၃; ၁၉:၁၆-၂၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သုံးပါး​ပေါင်း​တစ်ဆူ​ကို သင်​ယုံကြည်​သင့်​သလော ဘရိုရှာ [လိပ်] ကို​ကြည့်​ပါ။