မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ ဖန်ဆင်းခြင်းလက်ရာ ခံ့ညားထည်ဝါမှု ‘မြစ်တို့သည် လက်ခုပ်တီးကြစေ’

ယေဟောဝါ၏ ဖန်ဆင်းခြင်းလက်ရာ ခံ့ညားထည်ဝါမှု ‘မြစ်တို့သည် လက်ခုပ်တီးကြစေ’

ယေဟောဝါ​၏ ဖန်ဆင်း​ခြင်း​လက်ရာ ခံ့ညား​ထည်ဝါမှု ‘မြစ်​တို့သည် လက်ခုပ်တီး​ကြ​စေ’

ကမ္ဘာ့​မြေပုံ​ကို​ကြည့်​သည့်​အခါ နေရာ​ဒေသ​အများစု​၌ ကုန်းမြေ​ပေါ်​တွင် ယှက်နွှယ်​နေသည့် မြွေ​လိမ်​မြွေ​ကောက်​လိုင်း​များစွာကို သင်​တွေ့ရ​ပေမည်။ ၎င်းတို့သည် လွင်ပြင်များ၊ ကန္တာရ​များနှင့် မြက်ခင်းပြင်​များ​ကို ဖြတ်ကျော်​သွား​ကြသည်။ ချိုင့်ဝှမ်း​များ၊ ချောက်​နက်​ကြီး​များနှင့် သစ်တော​များ​ထဲ ကွေ့ကောက်​ရစ်ပတ်​သွား​ကြသည်။ (ဟဗက္ကုတ် ၃:၉) ၎င်းတို့မှာ ကျွန်ုပ်​တို့​ကမ္ဘာ​ဂြိုဟ်​၏ အသက်သွေး​ကြော​ဖြစ်သော မြစ်ချောင်း​များ​ဖြစ်သည်။ ထို​ရေစီးကြောင်း​များသည် မြေကြီးကို​ဖန်ဆင်း​သော​အရှင် ယေဟောဝါ​၏ ဉာဏ်ပညာ​နှင့် တန်ခိုးတော်​တို့ကို ထင်ရှားစေ​သည်။ ယင်း​တို့ကို ကျွန်ုပ်​တို့​သတိပြု​ကြည့်​သည့်​အခါ ဤသို့​သီဆို​ခဲ့​သော ဆာလံဆရာ​၏ သဘောထားမျိုး​ရှိကြ​ပေမည်– “ထာဝရ​ဘုရား[သခင်]ရှေ့တော်၌ ... မြစ်​တို့သည် လက်ခုပ်တီး​၍ တောင်​ရှိသမျှ​တို့သည်​လည်း ရွှင်လန်း​ကြ​စေ။”—ဆာလံ ၉၈:၇၊ ၈ *

မြစ်များ​သည် လူ့​သမိုင်း​နှင့် အလွန်​ဆက်စပ်​သည်။ ဧဒင်​အရပ်​ထဲ​မှ စီး​ထွက်​သော​မြစ်တစ်စင်း​သည် လေး​ဖြာ​ကွဲ​၍ မြစ်​မ​လေးသွယ်​ဖြစ်သွား​သည့်​အကြောင်းကို သမ္မာကျမ်းစာ​က​ဖော်ပြ​၏။ (ကမ္ဘာဦး ၂:၁၀-၁၄) အရှေ့​အလယ်ပိုင်းဒေသ​မှ တိုက်​ဂ​ရ​စ္စ​မြစ်နှင့် ယူဖရေးတီး​စ်​မြစ်​အကြား​ရှိ မြေ​သြဇာ​ကောင်းသော ချိုင့်ဝှမ်း​ဒေသ​တွင် အစောဆုံး​လူ့​ယဉ်ကျေးမှု​တစ်ခု ထွန်းကား​ခဲ့​သည်။ တရုတ်​ပြည် မြစ်​ဝါ​မြစ်၊ အာရှတိုက်တောင်ပိုင်း​ရှိ ဂ​င်္ဂါ​မြစ်နှင့် အိန္ဒုမြစ်၊ အီဂျစ်​ပြည်​၏ နိုင်းလ်မြစ်​တို့​ကြောင့် ယဉ်ကျေးမှု​ကြီး​များ ထွန်းကား​လာနိုင်​ခဲ့​သည်။

ထို့​ကြောင့် မြစ်များ​၏​စွမ်းအား၊ ယင်း​မှ​ရသော​အလျှံပယ်​အထောက်အပံ့​များ၊ မြစ်​တို့၏ လှပ​တင့်တယ်မှု​တို့ကို လူ​တို့​မြင်​သည့်​အခါ အမြဲလိုလို မှင်တက်​မိ​ကြ​ခြင်း​ကို နားလည်​သဘောပေါက်​နိုင်​ပါ​သည်။ အီဂျစ်​ပြည်​မှ နိုင်းလ်မြစ်​သည် မိုင်​ပေါင်း ၄,၁၅၀ ခန့်​ရှည်​သည်။ တောင်​အမေရိက​မှ အမေ​ဇုန်​မြစ်ကို အကြီးမားဆုံး​မြစ်​အဖြစ် သတ်မှတ်​ကြသည်။ မြစ်​အချို့​သည် ကြီးကျယ်​ခမ်းနား​သော်လည်း မြစ်ပြင်​ငယ်​ပြီး ရေ​စီး​သန်​သည့် ဂျပန်​နိုင်ငံ​မှ ထို​နဲ​မြစ်​ကဲ့သို့ အခြား​မြစ်​ငယ်​လေး​များသည် အလွန်​လှပ​သည်။

မြစ်ရေကို အဘယ်အရာက စီး​စေ​သနည်း။ စကားလုံး​တစ်လုံးတည်း​ဖြင့် ပြော​ရ​လျှင် ကမ္ဘာ့​ဆွဲငင်အား​ကြောင့်​ဖြစ်သည်။ ကမ္ဘာ့​ဆွဲငင်အား​သည် မြေမျက်နှာပြင်​အမြင့်​ပိုင်း​မှ​ရေ​များ​ကို မြေ​နိမ့်​ပိုင်း​သို့​စီးဆင်း​စေသည့်​အခါ တစ်ခါတစ်ရံ တ​ဝေါ​ဝေါ​မြည်​သော ရေတံခွန်ကြီး​များ ဖြစ်ပေါ်​စေ​သည်။ ယင်း​တို့၏ စွမ်းအား​နှင့် ရင်သပ်​ရှုမောဖွယ်​အလှ​ကို သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​၏– “အို​ထာဝရ​ဘုရား မြစ်​တို့သည် ထကြ​ပါ​၏။ မြစ်​တို့သည် ဟု​န်း​သံ​ကို​ပေး​ကြ​ပါ​၏။ မြစ်​တို့သည် လှိုင်း​တံပိုး​ခတ်​ကြ​ပါ​၏။”—ဆာလံ ၉၃:၃

‘လူ​မရှိသော​မြေ​နှင့် လူ​မနေ​သောတော​၌ အဘယ်သူ​မိုးရွာ​စေ’ သနည်း​ဟု ဘုရားသခင်​ဝတ်၌​မွေ့လျော်သူ ယောဘ​ကို ယေဟောဝါ​မေး​တော်​မူ​ခဲ့​သည်။ (ယောဘ ၃၈:၂၅-၂၇) မှန်​ပါ​၏၊ မိုး​ရေ​တို့သည် အဘယ်​အရပ်မှ​လာ​သနည်း။ ရေသံသရာ​ဟု​ခေါ်ဆို​ကြ​သည့် နက်နဲ​ရှုပ်ထွေး​သော စနစ်​တစ်ခု​ကြောင့်​ဖြစ်သည်။ ကမ္ဘာ​ပေါ်​မှ​ရေ​များသည် နေ​၏​စွမ်းအင်​နှင့် ကမ္ဘာ့​ဆွဲငင်အား​တို့​ကြောင့် အဆက်မပြတ်​လှည့်ပတ်​နေသည်။ ရေ​သည် ရေ​ငွေ့​ပြန်​ပြီး​နောက် လေထု​ထဲ​သို့​တက်​သွား​သည်။ နောက်ဆုံး​တွင် ရေ​ငွေ့​များ​အေးခဲ​လာ​ရာ ငွေ့ရည်​ဖွဲ့​ကာ တိမ်​များ​ဖြစ်ပေါ်​လာ​သည်။ အတန်​ကြာသော် ထို​ရေခိုးရေငွေ့​သည် ဆီးနှင်း၊ သို့​မဟုတ် မိုး​ရေ​အဖြစ် ကမ္ဘာ​မြေပေါ်​သို့ ပြန်​ရွာ​ကျ​လာ​သည်။ ရေ​အများစုကို သမုဒ္ဒရာ​များ၊ အင်း​အိုင်​များ၊ မြစ်များ၊ ရေခဲမြစ်​များ၊ ဝင်ရိုး​စွန်း​ရေခဲပြင်​ကြီး​များနှင့် မြေအောက်​ရေ​စုဝေးရာ နေရာများ​တွင် တွေ့ရှိ​ရသည်။

အံ့ဖွယ်ကောင်း​သော ဤ​သံသရာ​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ခပ်သိမ်း​သော​မြစ်​တို့သည် ပင်လယ်​ထဲ​သို့​ရောက်​ကြ​၏။ သို့သော်လည်း ပင်လယ်​သည်​မပြည့်​တတ်။ မြစ်ရေ​သည် စီး​ထွက်​ရာ​အရပ်သို့ တစ်ဖန်​ပြန်သွား​တတ်၏။” (ဒေ. ၁:၇) အတိုင်းအဆမဲ့ ဉာဏ်ပညာ​ရှင်​ဖြစ်​ပြီး မေတ္တာဖြင့် ဂရုစိုက်​စောင့်ရှောက်​တော်​မူ​သော ဘုရားသခင် ယေဟောဝါ​တစ်ပါး​တည်း​သာ​လျှင် ထို​ကဲ့သို့​သော သံသရာ​တစ်ခု​ကို ဖန်တီး​နိုင်​သည်။ ကျွမ်းကျင်​လိမ္မာ​သော ထို​ဒီဇိုင်း​ပုံစံ​က ဘုရားသခင်​သည် မည်သို့သော​ပုဂ္ဂိုလ်​ဖြစ်​ကြောင်း ဖော်ပြ​သနည်း။ ကိုယ်တော်​သည် ဉာဏ်ပညာ​ကြီးမား​ပြီး မေတ္တာပါ​စွာ​ဂရုစိုက်​စောင့်ရှောက်သော ဘုရားသခင်​ဖြစ်​တော်​မူ​၏။—ဆာလံ ၁၀၄:၁၃-၁၅၊ ၂၄၊ ၂၅; သု. ၃:၁၉၊ ၂၀

မြစ်​၏​အရွယ်အစား မည်မျှ​ကြီးကြီး၊ အရေအတွက် မည်မျှ​များပါစေ မြစ်ရေ​သည်​မ​သန့်​ပါ။ သို့သော် ယင်းသည် အသက်ရှင်​နေထိုင်​ရေး​အတွက် အရေးပါ​သည်။ “ရေ​မရှိ၊ ရေ​ကို အတိုင်းအတာ​တစ်ခု​အထိ ထိန်းချုပ်မှု​မရှိပါ​က လူ့​ဘဝ​အသက်တာ​၏ အရိုးရှင်းဆုံး​နှင့် အ​ရှုပ်ထွေး​ဆုံး လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​နိုင်​မည်​မဟုတ်ပါ။ ယင်းကို လူ​တို့​တုံ့ပြန်​ပုံ​၏​မှတ်တမ်း​သည် လူ့​ယဉ်ကျေးမှု​သမိုင်း​တွင် အဓိက​အချက်​ဖြစ်​ခဲ့ပြီ” ဟု​ရေ​ဟူသော​စာအုပ်​က ဆို​သည်။

မြစ်ရေ​များသည် လူ​တို့ကို ရေငတ်​ပြေစေ​ခဲ့​ပြီး ဥယျာဉ်​များ​ကို ရေ​ပေး​ခဲ့​သည်​မှာ နှစ်ပေါင်း​ထောင်နှင့်ချီ​ပြီ။ မြစ်​ဘေး​ရှိ မြေ​သြဇာ​ကောင်းသော​မြေ​သည် ကောက်ပဲသီးနှံ​စိုက်ပျိုးရေး​အတွက် အကောင်းဆုံး​ဖြစ်သည်။ ယေဟောဝါ​၏​ကျေးကျွန်​များ​ကို ကောင်းချီး​ပေး​ချိန်​တွင် ဤ​အချက်​ကို မည်သို့​ဖော်ပြ​ထား​ကြောင်း သတိပြုပါ– “အို​ယာကုပ်​အမျိုး သင်တို့၏​တဲ​များ၊ အို​ဣသရေလ​အမျိုး သင်တို့၏​ဘုံ​ဗိမာန်များ​တို့သည် အဘယ်မျှ​လောက် တင့်တယ်​ကြသည်​တကား။ ကျယ်ဝန်း​သော​ချိုင့်​များ၊ မြစ်​နား​မှာ​ရှိသော​ဥယျာဉ်​များ၊ ထာဝရ​ဘုရား[သခင်]စိုက်​တော်​မူ​သော အ​ကျော်​ပင်​များ၊ ရေ​နား​မှာ​ပေါက်​သော အာရဇ်ပင်​များ​ကဲ့သို့ ဖြစ်​ကြသည်​တကား။” (တောလည်ရာ ၂၄:၅၊ ၆) မြစ်များ​သည် ဤ​တွင်​တွေ့ရ​သော ဝမ်းဘဲ​များနှင့် ခွေးအ​များ​ကဲ့သို့​သော တိရစ္ဆာန်​များ​ကို ဆက်​အသက်ရှင်​နေထိုင်​စေ​သည်။ မှန်ပါသည်၊ မြစ်များ​အကြောင်း ကျွန်ုပ်​တို့​လေ့လာ​လေ​လေ၊ ယေဟောဝါ​အား ကျေးဇူး​တင်​ချီးမွမ်းစရာ​အကြောင်း ပို​များ​လာ​လေ​လေ​ဖြစ်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ၂၀၀၄ ယေဟောဝါသက်သေ​များ​၏​ပြက္ခဒိန်၊ မေ/ဇွန် ကို​ရှု။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အာဂျင်တီးနား​နှင့် ဘရာဇီး​လ်​နိုင်ငံ​နယ်စပ်​တွင်ရှိသော အီဂွါစူး ရေတံခွန်​သည် ရေတံခွန်​များ​ထဲ​တွင် အကျယ်​ဆုံး​ရေတံခွန်​ဖြစ်သည်။ နှစ်​မိုင်​ကျော်​ကျယ်​သော ရေတံခွန်​တစ်ခု​ဖြစ်သည်။ ယင်းသည် အမြဲ​စိမ်းစို​သန့်ရှင်း​နေသည့် အပူပိုင်း​သစ်တော​တွင်​ရှိပြီး ရေတံခွန်​ငယ် ၃၀၀ နီးပါး​ဖြင့် ဖွဲ့စည်းထား​၏။ မိုး​ရာသီ​ကာလ​အတွင်း စက္ကန့်​တိုင်း​တွင် ၁၃,၀၀၀ ကုဗ​ကိုက်​ခန့်​ရှိသော​ရေ​များ စီးဆင်း​သည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ထို​နဲ​မြစ်၊ ဂျပန်