ဝတ်ပြုရာကျမ်းမှ ပေါ်လွင်ချက်များ
ယေဟောဝါ၏စကားတော်သည် အသက်ရှင်၏
ဝတ်ပြုရာကျမ်းမှ ပေါ်လွင်ချက်များ
အီဂျစ်တို့၏အချုပ်အနှောင်မှဣသရေလလူမျိုး လွတ်မြောက်လာသည်မှာ တစ်နှစ်ပင်မကြာသေးချေ။ ယခု လူမျိုးအသစ်တစ်ခုအဖြစ် ဖွဲ့စည်းထားပြီဖြစ်ရာ ခါနာန်ပြည်သို့သွားနေကြ၏။ ယေဟောဝါ၏ရည်ရွယ်တော်မူချက်မှာ ထိုပြည်တွင် သန့်ရှင်းသောလူမျိုးတစ်မျိုး နေထိုင်စေရန်ဖြစ်၏။ သို့ရာတွင်၊ ခါနာန်လူမျိုးတို့၏ ဘဝပုံစံနှင့် ဘာသာရေးထုံးတမ်းများသည် အလွန်ပင် ယုတ်ညံ့လျက်ရှိ၏။ ထို့ကြောင့် စစ်မှန်သောဘုရားသခင်သည် ဣသရေလလူစုလူဝေးကို မိမိ၏အမှုတော်အတွက် သီးခြားဖြစ်စေရန် စည်းမျဉ်းဥပဒေများ ပေးတော်မူသည်။ ယင်းတို့ကို ဝတ်ပြုရာကျမ်းတွင် မှတ်တမ်းတင်ထား၏။ ဘီ.စီ.အီး. ၁၅၁၂ ခုနှစ်ခန့်က သိနာတော၌ ပရောဖက်မောရှေရေးသားခဲ့သည့် အဆိုပါကျမ်းသည် တစ်လသာကြာသည့် ဣသရေလလူမျိုးတို့၏သမိုင်းကြောင်းဖြစ်သည်။ (ထွက်မြောက်ရာ ၄၀:၁၇; တောလည်ရာ ၁:၁-၃) ယေဟောဝါသည် မိမိအားဝတ်ပြုသူတို့ကို သန့်ရှင်းခြင်းရှိကြရန် ထပ်ခါတလဲလဲ တိုက်တွန်းတော်မူ၏။—ဝတ်ပြုရာ ၁၁:၄၄; ၁၉:၂; ၂၀:၇၊ ၂၆။
ယနေ့ ယေဟောဝါသက်သေများသည် မောရှေမှတစ်ဆင့် ဘုရားသခင်ပေးထားသည့် ပညတ်တရားအောက်တွင် မရှိကြချေ။ ယင်းပညတ်တရားကို ယေရှုခရစ်၏သေခြင်းက ဖယ်ရှားပစ်လိုက်၏။ (ရောမ ၆:၁၄; ဧဖက် ၂:၁၁-၁၆) သို့ရာတွင်၊ ဝတ်ပြုရာကျမ်း၌တွေ့ရသည့် စည်းမျဉ်းဥပဒေများသည် ကျွန်ုပ်တို့ကို အကျိုးပြုနိုင်ကာ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါအား ဝတ်ပြုခြင်းနှင့်ပတ်သက်၍ များစွာသွန်သင်ပေးသည်။
သန့်ရှင်းမြင့်မြတ်သည့် ပူဇော်ရာယဇ်များ—စေတနာအလျောက် ပူဇော်ခြင်းနှင့် မဖြစ်မနေပူဇော်ရခြင်း
ပညတ်တရားတွင်ပါရှိသည့် တချို့သော ပူဇော်ရာယဇ်များသည် စေတနာအလျောက်ဖြစ်ပြီး အခြားတို့မှာ မဖြစ်မနေပူဇော်ရသည့် ယဇ်များဖြစ်သည်။ ဥပမာ၊ မီးရှို့ရာယဇ်သည် စေတနာအလျောက်ပူဇော်သောယဇ်ဖြစ်၏။ တိရစ္ဆာန်တစ်ကောင်လုံးကို ဘုရားသခင်အား ဆက်သပူဇော်ရ၏၊ ယေရှုခရစ်သည် ရွေးနုတ်ဖိုးပူဇော်ရာယဇ်အဖြစ် မိမိ၏အသက်ကို တလိုတလားနှင့် လုံးလုံးလျားလျား ပေးဆက်ခဲ့သည့်အတိုင်းပင်ဖြစ်သည်။ စေတနာအလျောက်ပူဇော်ရသည့် မိတ်သဟာယယဇ်ကို ဝေမျှသုံးဆောင်ရသည်။ ယဇ်ကောင်၏အပိုင်းတစ်ပိုင်းကို ယဇ်ပလ္လင်ပေါ်တင်၍ ဘုရားသခင်ထံဆက်သရကာ နောက်အပိုင်းတစ်ပိုင်းကို ယဇ်ပုရောဟိတ်က စားရပြီး ကျန်အပိုင်းကိုမူ ပူဇော်သူက စားရသည်။ ထိုနည်းတူစွာ၊ ဝိညာဉ်တော်ဖွားခရစ်ယာန်များအတွက် ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲသည် မိတ်သဟာယစားပွဲဖြစ်သည်။—၁ ကောရိန္သု ၁၀:၁၆-၂၂။
အပြစ်ဖြေရာယဇ်နှင့် ကျူးလွန်မှုဖြေရာယဇ်များသည် မဖြစ်မနေပူဇော်ရသောယဇ်များဖြစ်သည်။ အပြစ်ဖြေရာယဇ်များက မရည်ရွယ်ဘဲ အမှားပြုမိသည့်အပြစ်များကို အပြစ်ဖြေပေးသည်။ ကျူးလွန်မှုဖြေရာယဇ်များသည် တစ်ဦးတစ်ယောက်၏အခွင့်အရေးကို ဖောက်ဖျက်မိသည့်အခါ ဘုရားသခင်၏စိတ်တော်ကိုပြေစေသည်၊ သို့မဟုတ် နောင်တရသော အမှားပြုသူသည် အခွင့်အရေးများ ပြန်ပေးခံရသည်၊ သို့မဟုတ် နှစ်မျိုးစလုံးအတွက်ဖြစ်သည်။ ထို့ပြင် ယေဟောဝါ၏ရက်ရောခြင်းကို အသိအမှတ်ပြုသည့်အနေနှင့် ဘောစဉ်... ပူဇော်ရာယဇ်များလည်း ပူဇော်ရသည်။ ပညတ်ပဋိညာဉ်တွင် မိန့်မှာထားသည့် ဤယဇ်ပူဇော်ရာများသည် ယေရှုခရစ်နှင့် ကိုယ်တော်၏ပူဇော်ရာယဇ် သို့မဟုတ် ၎င်းမှရရှိမည့်အကျိုးကျေးဇူးများကို ညွှန်ပြသောကြောင့် ဤကိစ္စရပ်အားလုံးသည် ကျွန်ုပ်တို့အတွက် စိတ်ဝင်စားစရာဖြစ်၏။—ဟေဗြဲ ၈:၃-၆; ၉:၉-၁၄; ၁၀:၅-၁၀။
ကျမ်းစာမေးခွန်းများ အဖြေ–
၂:၁၁၊ ၁၂—ပျားရည်အား ‘မီးဖြင့်ပူဇော်ရာယဇ်ပြုခြင်း’ ကိုယေဟောဝါ အဘယ်ကြောင့်လက်မခံသနည်း။ ဤတွင်ဖော်ပြသည့် ပျားရည်သည် ပျားများမှ ထုတ်ယူထားသည့် ပျားရည်မဖြစ်နိုင်ချေ။ ‘မီးဖြင့်ပူဇော်ရာယဇ်ပြု’ ခွင့်မရှိသော်လည်း “အဦးသီးသော ... မြေအသီးအနှံ” များတွင် ပျားရည်ပါဝင်သည်။ (၂ ရာဇဝင်ချုပ် ၃၁:၅) ဤပျားရည်သည် သစ်သီးအရည်၊ သို့မဟုတ် သကာရည်ဖြစ်ကြောင်း ထင်ရှားသည်။ ဤပျားရည်သည် အချဉ်ပေါက်နိုင်သောကြောင့် ယဇ်ပလ္လင်ပေါ် ပူဇော်ရာယဇ်အဖြစ် ပူဇော်ခြင်းကို လက်မခံနိုင်ပါ။
၂:၁၃—‘ပူဇော်ရာယဇ်ဟူသမျှ၌’ အဘယ်ကြောင့် ဆားခတ်ရသနည်း။ ယဇ်များ၏အရသာတိုးစေရန် ဤသို့ပြုရခြင်းမဟုတ်ချေ။ ကမ္ဘာတစ်ဝန်းတွင် ဆားကို တာရှည်ခံစေသည့်အရာအဖြစ် အသုံးပြုလေ့ရှိသည်။ ဆားသည် ယိုယွင်းခြင်းနှင့် ပုပ်ပျက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်းကို ပုံဆောင်ရာ ပူဇော်ရာယဇ်များကို ဆားခတ်ရခြင်းဖြစ်ဟန်တူသည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၃:၁၇။ ဆီဥသည် အကောင်းဆုံး သို့မဟုတ် အာဟာရအရှိဆုံးအပိုင်းဟု ယူမှတ်ထားကြရာ ယင်းကို မစားရန် တားမြစ်ခြင်းက အကောင်းဆုံးအပိုင်းသည် ယေဟောဝါပိုင်ဆိုင်ရာဖြစ်ကြောင်း ဣသရေလလူမျိုးတို့ စွဲမှတ်သွားစေရန်ဖြစ်ပုံရသည်။ (ကမ္ဘာဦး ၄၅:၁၈) ကျွန်ုပ်တို့၏အကောင်းဆုံးကို ယေဟောဝါအားပေးဆက်သင့်ကြောင်း ယင်းက သတိပေး၏။—သု. ၃:၉၊ ၁၀; ကောလောသဲ ၃:၂၃၊ ၂၄။
၇:၂၆၊ ၂၇။ ဣသရေလလူမျိုးသည် သွေးကို မစားရချေ။ ဘုရားသခင့်အမြင်တွင် သွေးသည် အသက်ကို ကိုယ်စားပြု၏။ “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏” ဟု ဝတ်ပြုရာ ၁၇:၁၁ က ဆိုသည်။ သွေးကိုကြဉ်ရှောင်ခြင်းသည် စစ်မှန်သောဝတ်ပြုသူများအတွက် ယနေ့တိုင် စံနှုန်းဖြစ်နေဆဲပင်။—တမန်တော် ၁၅:၂၈၊ ၂၉။
သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးကို စီစဉ်ပေးခဲ့
ယဇ်များနှင့် ပူဇော်ရာများ ပူဇော်ရသည့်လုပ်ငန်းများကို ထမ်းဆောင်ရန် မည်သူတို့အား တာဝန်ပေးထားသနည်း။ ယဇ်ပုရောဟိတ်များကို တာဝန်ပေးထား၏။ မောရှေသည် ဘုရားသခင်ညွှန်ကြားသည့်အတိုင်း အာရုန်ကို ယဇ်ပုရောဟိတ်မင်းအဖြစ်၊ သူ၏သားလေးဦးကို လက်ထောက်ယဇ်ပုရောဟိတ်များအဖြစ် တင်မြှောက်သည့်အခမ်းအနားပွဲ ကျင်းပခဲ့၏။ အဆိုပါအခမ်းအနားသည် ခုနစ်ရက်ကြာပုံရပြီး နောက်တစ်နေ့တွင်ပင် ယဇ်ပုရောဟိတ်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြ၏။
ကျမ်းစာမေးခွန်းများ အဖြေ–
၉:၉—အသွေးကို ယဇ်ပလ္လင်ခြေရင်းတွင် သွန်းလောင်းပြီး အရာဝတ္ထုအမျိုးမျိုးပေါ်တွင် ပက်ဖျန်းခြင်း၏ ထူးခြားချက်က အဘယ်နည်း။ ဤသို့ပြုခြင်းကား အပြစ်ဖြေခြင်းတို့အတွက် အသွေးကို ယေဟောဝါလက်ခံကြောင်း ဖော်ပြသည်။ အပြစ်ဖြေခြင်းအစီအစဉ်တစ်ခုလုံးသည် အသွေးပေါ်မူတည်၏။ တမန်တော်ပေါလုက “ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ” ဟူ၍ ရေးသားခဲ့သည်။—ဟေဗြဲ ၉:၂၂။
၁၀:၁၊ ၂—အာရုန်၏သားများဖြစ်သူ နာဒပ်နှင့်အဘိဟုတို့ ကျူးလွန်မိသည့်အပြစ်ကား အဘယ်နည်း။ ယဇ်ပုရောဟိတ်တာဝန်များကို ထမ်းဆောင်ရာတွင် နာဒပ်နှင့်အဘိဟုတို့ မတော်မလျော်ပြုမူခဲ့ကြပြီးနောက် မကြာမီတွင် ယေဟောဝါသည် ယဇ်ပုရောဟိတ်များအား တဲတော်၌အမှုထမ်းနေစဉ် ဝိုင် သို့မဟုတ် သေရည်သေရက်အသုံးမပြုကြရန် တားမြစ်ခဲ့၏။ (ဝတ်ပြုရာ ၁၀:၉) ဤအကြောင်းဖော်ပြချိန်တွင် အာရုန်၏သားနှစ်ဦးသည် အရက်ယမကာသောက်သုံးထားပုံရှိသည်။ သို့ရာတွင်၊ ၎င်းတို့သေဆုံးရခြင်း၏ အကြောင်းရင်းမှာ “[ယေဟောဝါ] မှာထားတော်မူသောမီးမဟုတ်၊ ထူးခြားသောမီး” ကို ပူဇော်ကြသောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၁၀:၁၊ ၂။ ယနေ့ ယေဟောဝါ၏ တာဝန်ရှိကျေးကျွန်များသည် ဘုရားသခင်တောင်းဆိုချက်များကို ပြည့်မီရမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် တာဝန်ကိုထမ်းဆောင်သည့်အခါ ရောင့်မတက်ရပေ။
၁၀:၉။ မူးယစ်ကာ အရက်ရှိန်မပြေမီ ဘုရားသခင်ပေးတာဝန်များကို မဆောင်ရွက်သင့်ပေ။
သန့်ရှင်းမြင့်မြတ်သောဝတ်ပြုရေး စင်ကြယ်မှုကိုတောင်းဆို
စင်ကြယ်သောတိရစ္ဆာန်များနှင့် မစင်ကြယ်သောတိရစ္ဆာန်များနှင့်စပ်လျဉ်းသည့် အစားအသောက်စည်းမျဉ်းဥပဒေများသည် ဣသရေလလူမျိုးကို နည်းနှစ်နည်းဖြင့် အကျိုးပြုခဲ့၏။ ဤစည်းမျဉ်းဥပဒေများသည် သူတို့ကို ဘေးဖြစ်စေတတ်သော ပိုးမွှားများမှ ရောဂါမရစေသည့်အပြင် ပတ်ဝန်းကျင်နိုင်ငံများမှ လူမျိုးတို့နှင့် မတူသည်ကို ပိုမိုသိသာထင်ရှားစေသည်။ အခြားသောစည်းမျဉ်းဥပဒေများမှာ အသေကောင်ကိုတို့ထိမိ၍ မစင်ကြယ်ခြင်း၊ မီးဖွားထားသော အမျိုးသမီးများကို စင်ကြယ်စေခြင်း၊ နူနာစွဲခြင်းနှင့်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများနှင့် ဖိုမစပ်ယှက်ပြီး၍ မစင်ကြယ်ခြင်းတို့နှင့်ပတ်သက်သည်။ ယဇ်ပုရောဟိတ်များသည် မစင်ကြယ်သူများ၏ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးကြရ၏။
ကျမ်းဆိုင်ရာမေးခွန်းများ အဖြေ–
၁၂:၂၊ ၅—ကလေးမွေးဖွားခြင်းက အမျိုးသမီးတစ်ဦးကို အဘယ်ကြောင့် “မစင်ကြယ်” စေသနည်း။ မျိုးပွားအင်္ဂါများသည် စုံလင်သူများ ပေါက်ဖွားစေရန်ဖြစ်သည်။ သို့သော် အပြစ်၏အကျိုးဆက်များကို အမွေခံထားရသဖြင့် သားစဉ်မြေးဆက်တို့ထံ မစုံလင်မှုနှင့် အပြစ်ကိုရစေသည်။ ကလေးမွေးဖွားခြင်းအပြင် ဓမ္မတာလာခြင်း၊ သုတ်ရည်ထွက်ခြင်း အစရှိသည်တို့၏ ကာလအခိုက်အတန့် “မစင်ကြယ်” ခြင်းက အမွေရလာသည့် အပြစ်ရှိအခြေအနေကို သတိရစေသည်။ (ဝတ်ပြုရာ ၁၅:၁၆-၂၄; ဆာလံ ၅၁:၅; ရောမ ၅:၁၂) သန့်ရှင်းစင်ကြယ်ဖို့ လိုက်လျှောက်ရမည့် စည်းမျဉ်းဥပဒေများက လူအပေါင်းတို့၏အပြစ်ကို ဖုံးအုပ်ရန်နှင့် ပြန်စုံလင်လာစေရန် ရွေးဖိုးပူဇော်ရာယဇ်လိုအပ်ကြောင်း ဣသရေလလူမျိုးကို သဘောပေါက်စေသည်။ သို့နှင့် ပညတ်တရားသည် ‘ခရစ်တော်ထံသို့ပို့ဆောင်သော အထိန်း’ ဖြစ်လာ၏။—ဂလာတိ ၃:၂၄။
၁၅:၁၆-၁၈—ဤအခန်းငယ်များတွင် ဖော်ပြထားသည့် ‘သုတ်ရည်ထွက်ခြင်း’ ကား အဘယ်နည်း။ ညအခါ သုတ်ရည်ထွက်ခြင်းနှင့် လင်မယားဆက်ဆံခြင်းကို ရည်ညွှန်းခြင်းဖြစ်ပေမည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၁၁:၄၅။ ယေဟောဝါဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သောကြောင့် ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်သူတို့သည် သန့်ရှင်းကြရမည်ဖြစ်သည်။ သူတို့သည် ကာယရေးနှင့် ဝိညာဉ်ရေးဘက် အမြဲသန့်ရှင်းကြရမည်။—၂ ကောရိန္သု ၇:၁; ၁ ပေတရု ၁:၁၅၊ ၁၆။
၁၂:၈။ ယေဟောဝါသည် ဆင်းရဲသားများအား ပို၍ဈေးကြီးသော သိုးအစား ငှက်များကို ပူဇော်ရာယဇ်အဖြစ် ဆက်သစေသည်။ ကိုယ်တော်သည် ဆင်းရဲသားများကို ထောက်ထားညှာတာတော်မူ၏။
သန့်ရှင်းမှုကို ထိန်းသိမ်းရမည်
အရေးအပါဆုံး အပြစ်ဖြေရာယဇ်များကို နှစ်စဉ်ကျင်းပသည့် အပြစ်ဖြေရာနေ့တွင် ပူဇော်ကြရ၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိအနွယ်အတွက် နွားထီးကို ပူဇော်ကြရသည်။ ယဇ်ပုရောဟိတ်အနွယ်မဟုတ်သည့် ဣသရေလလူတို့အတွက် ဆိတ်ကို ပူဇော်ကြရ၏။ လူတို့၏အပြစ်များကို နောက်ထပ်ဆိတ်တစ်ကောင်အပေါ်တင်ပြီးနောက် တောထဲသို့ လွှတ်လိုက်ရသည်။ ထိုဆိတ်နှစ်ကောင်ကို အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် သတ်မှတ်ကြရ၏။ ယင်းတို့အားလုံးက ယေရှုခရစ်သည် ယဇ်အဖြစ်ပူဇော်ခံရပြီး အပြစ်များယူဆောင်သွားမည်ကို ညွှန်ပြ၏။
အသားစားခြင်းနှင့် အခြားသောကိစ္စရပ်များနှင့်ပတ်သက်သည့် စည်းမျဉ်းဥပဒေများက ယေဟောဝါအား
ကျွန်ုပ်တို့ ဝတ်ပြုသည့်အခါ သန့်ရှင်းမှုရှိဖို့လိုကြောင်း အထူးအလေးပေးဖော်ပြသည်။ ထို့ကြောင့် ယဇ်ပုရောဟိတ်များသည် သန့်ရှင်းဖို့အရေးကြီးသည်။ နှစ်စဉ်ကျင်းပသော ပွဲတော်သုံးခုက အကြီးအကျယ်ဝမ်းမြောက်ဝမ်းသာစရာ အချိန်အခါများဖြစ်ပြီး ဖန်ဆင်းရှင်အား ကျေးဇူးတော်ချီးမွမ်းသည့် အခါသမယများဖြစ်သည်။ ယေဟောဝါသည် မိမိ၏သန့်ရှင်းသောနာမတော်ကို အလွဲသုံးစားပြုခြင်း၊ ဥပုသ်စောင့်ခြင်းနှင့် ယုဘိလပွဲခံခြင်းအပြင် ဆင်းရဲသားများကို ပြုမူဆက်ဆံပုံ၊ ကျွန်များနှင့်ဆက်ဆံပုံတို့အတွက်လည်း စည်းမျဉ်းဥပဒေများ ချမှတ်ပေးတော်မူ၏။ ဘုရားသခင်အား နာခံမှုတင်ပြခြင်းကြောင့် ရရှိမည့်ကောင်းချီးများနှင့် မနာခံသည့်အတွက် ရမည့်ကျိန်ခြင်းများကို နှိုင်းယှဉ်ပြထားသည်။ ကတိကဝတ်များပြုခြင်း၊ တန်ဖိုးဖြတ်ခြင်းတို့နှင့်ဆက်စပ်သည့် ပူဇော်ရာယဇ်များ၊ တိရစ္ဆာန်သားဦးများကိုပူဇော်ခြင်း၊ ‘ယေဟောဝါအဖို့ သန့်ရှင်းရမည့်အရာ’ အဖြစ် ဆယ်ဖို့တစ်ဖို့ပေးခြင်းတို့နှင့်စပ်လျဉ်းသည့် စည်းမျဉ်းဥပဒေများလည်း ရှိပါသေးသည်။ကျမ်းဆိုင်ရာမေးခွန်းများ အဖြေ–
၁၆:၂၉—ဣသရေလလူမျိုးသည် ‘မိမိတို့၏စိုးလ်များကို’ အဘယ်နည်းဖြင့် ‘နာကျင်’ စေကြရသနည်း။ အပြစ်ဖြေရာနေ့တွင် ပြုလုပ်ရသည့် ဤလုပ်ထုံးလုပ်နည်းသည် အပြစ်လွှတ်ခံလို၍ပြုခြင်းနှင့် ဆက်စပ်နေသည်။ ထိုအချိန်တွင် အစာရှောင်ခြင်းက အပြစ်ကိုအသိအမှတ်ပြုခြင်းနှင့် ဆက်စပ်နေပုံရသည်။ သို့ဖြစ်သောကြောင့် ‘စိုးလ်ကိုနာကျင်စေခြင်း’ သည် အစာရှောင်ခြင်းကိုဆိုလိုသည်။
၁၉:၂၇—“ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍မရိတ်ရ” သို့မဟုတ် မုတ်ဆိတ်ကို ‘အလွန်အကျွံမရိတ်ရ’ ဟူသောမိန့်မှာချက်က အဘယ်အရာကို ဆိုလိုသနည်း။ ဂျူးတို့သည် မုတ်ဆိတ်ရိတ်ခြင်း၊ ဆံပင်ရိတ်ခြင်းနှင့်စပ်လျဉ်းသည့် အယူမှားသောအလေ့အထများကို မတုပစေရန် ဤပညတ်ကို ပေးခဲ့ကြောင်း ထင်ရှားသည်။ (ယေရမိ ၉:၂၅၊ ၂၆; ၂၅:၂၃; ၄၉:၃၂) သို့သော် ဂျူးတို့သည် ၎င်းတို့၏မုတ်ဆိတ်များ၊ ပါးသိုင်းမွေးများကို လုံးဝမရိတ်ရဟု ဘုရားသခင်မိန့်မှာနေခြင်းမဟုတ်ပါ။—၂ ဓမ္မရာဇဝင် ၁၉:၂၄။
၂၅:၃၅-၃၇—အတိုးယူခြင်းသည် ဣသရေလလူတို့အတွက် အမြဲမှားပါသလော။ စီးပွားရေးလုပ်ငန်းအတွက် ငွေချေးပါက ချေးပေးသူသည် အတိုးယူနိုင်ပါသည်။ သို့သော် ဆင်းရဲခြင်းမှလွတ်အောင် ချေးယူထားသည့် ငွေများအပေါ် အတိုးယူခြင်းကိုမူ ပညတ်တရားက တားမြစ်၏။ စီးပွားပျက်နေသည့် ခိုကိုးရာမဲ့ အိမ်နီးချင်းအပေါ် အမြတ်ထုတ်ခြင်းက မှားသည်။—ထွက်မြောက်ရာ ၂၂:၂၅။
၂၆:၁၉—‘မိုးကောင်းကင်သည် သံကဲ့သို့၊ မြေကြီးသည် ကြေးဝါကဲ့သို့’ မည်သို့ဖြစ်လာနိုင်သနည်း။ မိုးမရွာသောကြောင့် ခါနာန်ပြည်အထက်ရှိ မိုးကောင်းကင်သည် မာပြီး စိမ့်ဝင်နိုင်စွမ်းမရှိသော သံကဲ့သို့ဖြစ်လာမည်။ မိုးရေမရသည့်အတွက် မြေကြီးသည် ကြေးနီရောင်ရှိပြီး သတ္တုရောင်ပြေးနေပေမည်။
၂၆:၂၆—‘မိန်းမတစ်ကျိပ်သည် မီးဖိုတစ်ဖို၌ မုန့်ဖုတ်နေခြင်း’ က အဘယ်အရာကို ဆိုလိုသနည်း။ သာမန်အားဖြင့် အမျိုးသမီးတစ်ဦးသည် သူဖုတ်ရမည့်မုန့်အားလုံးအတွက် မီးဖိုတစ်ဖိုလိုအပ်ပေမည်။ သို့သော် အမျိုးသမီးဆယ်ယောက် ဖုတ်မည့်မုန့်အားလုံးကို မီးဖိုတစ်ဖိုတည်းနှင့်ပင် ဖုတ်နိုင်မည်ဖြစ်သည်အထိ အစာရေစာရှားပါးလိမ့်မည်ကို ဤစကားက ညွှန်ပြ၏။ ယင်းသည် သန့်ရှင်းမှုကိုမထိန်းသိမ်းသည့် အကျိုးဆက်များအနက် ကြိုတင်ပရောဖက်ပြုထားသော အကျိုးဆက်တစ်ခုဖြစ်သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၂၀:၉။ မုန်းတီးသည့်စိတ်နှင့် အညှိုးကြီးသောစိတ်သည် ယေဟောဝါ၏အမြင်တွင် လူသတ်မှုတမျှ ဆိုးဝါးလှပေသည်။ ထို့ကြောင့် ကိုယ့်မိဘကို ကျိန်ဆဲသူနှင့် သူတို့ကိုသတ်သူကို အပြစ်ဒဏ်တစ်ခုတည်းပေးသည်။ ယင်းကြောင့် ယုံကြည်သူချင်းများအား မေတ္တာပြရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်မဟုတ်လော။—၁ ယောဟန် ၃:၁၄၊ ၁၅။
၂၂:၃၂; ၂၄:၁၀-၁၆၊ ၂၃။ ယေဟောဝါ၏နာမတော်ကို မရှုတ်ချရပေ။ ထိုသို့ပြုမည့်အစား ကိုယ်တော်၏နာမတော်ကို ချီးမွမ်းရမည်၊ နာမတော်အား သန့်ရှင်းမြင့်မြတ်ခြင်းရှိစေရန် ကျွန်ုပ်တို့ဆုတောင်းပေးရမည်ဖြစ်သည်။—ဆာလံ ၇:၁၇; မဿဲ ၆:၉။
ကျွန်ုပ်တို့၏ဝတ်ပြုရေးအပေါ် ဝတ်ပြုရာကျမ်း အကျိုးသက်ရောက်ပုံ
ယနေ့ ယေဟောဝါသက်သေများသည် ပညတ်တရားအောက် မရှိကြပါ။ (ဂလာတိ ၃:၂၃-၂၅) သို့သော် ဝတ်ပြုရာကျမ်း၌ ပြောဆိုထားရာတို့သည် ကိစ္စရပ်အမျိုးမျိုးနှင့်ပတ်သက်၍ ယေဟောဝါ၏ရှုမြင်ပုံကို ထိုးထွင်းသိမြင်စေသဖြင့် ကျွန်ုပ်တို့၏ဝတ်ပြုရေးအပေါ် အကျိုးသက်ရောက်စေနိုင်ပါသည်။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် ပြင်ဆင်ရန် ပတ်စဉ်ဖတ်ရမည့်ကျမ်းချက်ကို သင်ဖတ်ရှုသည့်အခါ ကျွန်ုပ်တို့၏ဘုရားသခင်သည် မိမိ၏ကျေးကျွန်များအား သန့်ရှင်းစေလိုကြောင်း သင်သတိပြုမိပေမည်။ ထို့ပြင် ဤကျမ်းစာစောင်က အမြင့်မြတ်ဆုံးအရှင်အား သင်၏အကောင်းဆုံးကို ပေးဆက်ရာတွင် ကိုယ်တော်အား ချီးမွမ်းဂုဏ်တင်စရာဖြစ်စေရန် သန့်ရှင်းမှုကို အမြဲထိန်းသိမ်းထားဖို့ သင့်အား လှုံ့ဆော်ပေးနိုင်ပါသည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ပညတ်တရားအောက်ရှိပူဇော်ရာယဇ်များသည် ယေရှုခရစ်နှင့် ကိုယ်တော်၏ပူဇော်ရာယဇ်ကို ညွှန်ပြပေး
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
တဆေးမဲ့မုန့်ပွဲသည် အလွန်ပျော်ရွှင်ဖွယ်ဖြစ်ရပ် ဖြစ်ခဲ့သည်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သကေနေပွဲကဲ့သို့သော နှစ်ပတ်လည်ပွဲများသည် ယေဟောဝါအား ကျေးဇူးတင်ကြောင်း ဖော်ပြသည့် အခါသမယများဖြစ်