မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်း–ခရစ်ယာန်တာဝန်တစ်ခု

သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်း–ခရစ်ယာန်တာဝန်တစ်ခု

သက်ကြီးရွယ်အို​များ​ကို ကြည့်ရှု​စောင့်ရှောက်ခြင်း–ခရစ်ယာန်​တာဝန်​တစ်ခု

“သင်တို့​အသက်ကြီး​၍ ဆံပင်​ဖြူ​သည်​တိုင်အောင် ငါသည် ထိုသို့​သော​သူ​ဖြစ်၍ ... ဆောင်ရွက်​မည်။”—ဟေရှာယ ၄၆:၄

၁၊ ၂။ ကောင်းကင်​ခမည်းတော်​နှင့် လူသား​မိဘများ​၏ ဂရုစိုက်​မှု​သည် မည်သို့​ကွာခြား​သနည်း။

အလွန်​ချစ်တတ်​သော​မိဘများသည် မိမိတို့​သားသမီး​များ​ကို နို့စို့အရွယ်၊ ကလေး​ဘဝ​နှင့် ဆယ်ကျော်သက်​အရွယ်​တစ်လျှောက် ကျွေးမွေး​ပြုစုပေး​ကြသည်။ လူငယ်များ ကြီးပြင်း​လာ၍ ကိုယ့်​အိမ်ထောင်​နှင့်​ကိုယ်​ဖြစ်လာ​ချိန်​၌​ပင် အမိ၊ အဖ​တို့သည် မေတ္တာပါ​စွာ ဂရုစိုက်၊ ကူညီ​ပေး​ကြ​သေး​သည်။

သားသမီး​များ​အတွက် လူ့​မိဘများ လုပ်ဆောင်​နိုင်ရာ​သည် အကန့်အသတ်​ရှိသော်လည်း ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​မှာ​မူ မိမိ၏​တည်ကြည်သော​ကျေးကျွန်​များ​ကို အစဉ်သဖြင့် မေတ္တာပါ​စွာ ဂရုစိုက်​ကူညီ​ပေး​နိုင်​သည်။ ရှေးခေတ်​မှ ရွေးချယ်ခံ​လူမျိုးတော်ကို ယေဟောဝါ​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်တို့​အသက်ကြီး​၍ ဆံပင်​ဖြူ​သည်​တိုင်အောင် ငါသည် ထိုသို့​သော​သူ​ဖြစ်၍ ... ဆောင်ရွက်​မည်။” (ဟေရှာယ ၄၆:၄) သက်ကြီးရွယ်အို​ခရစ်ယာန်​များ​အတွက် အားတက်စရာ​စကား​များ​ပင်! ယေဟောဝါ​သည် မိမိ​အပေါ် ဆက်၍​တည်ကြည်သူ​များ​ကို စွန့်ပစ်​တော်​မ​မူ။ ယင်းအစား သူတို့​ဘဝ​တစ်လျှောက်၊ အိုမင်း​ရင့်ရော်​ချိန်​အထိ​ပင် သူတို့ကို ကူ​ညီမ​စ၍ လမ်းညွှန်​ပေး​မည်​ဟု ကိုယ်တော်​ကတိပြု​တော်​မူ​၏။—ဆာလံ ၄၈:၁၄

၃။ ဤ​ဆောင်းပါး​၌ အဘယ်​အကြောင်း သုံးသပ်​မည်​နည်း။

သက်ကြီးရွယ်အို​များ​အား ယေဟောဝါ​မေတ္တာပြ​ဂရုစိုက်​ပုံ​ကို ကျွန်ုပ်​တို့ မည်သို့​အတုယူ​နိုင်​သနည်း။ (ဧဖက် ၅:၁၊ ၂) ကျွန်ုပ်​တို့၏ ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​မှ သက်ကြီးရွယ်အို​များ​၏ လိုအပ်ရာ​များ​ကို အရွယ်ရောက်​သော​သားသမီး​များ၊ အသင်းတော်​ကြီးကြပ်မှူး​များနှင့် ခရစ်ယာန်​တစ်ဦးချင်း​စီ မည်သို့​ဂရုစိုက်​ပြုစု​နိုင်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။

သားသမီး​များ​အနေ​ဖြင့် ကျွန်ုပ်​တို့၏​တာဝန်

၄။ ခရစ်ယာန်​သားသမီး​များသည် မိဘများ​အပေါ် အဘယ်​တာဝန်​ရှိ​သနည်း။

“သင်၏​မိဘကို ရိုသေ​စွာ​ပြု​လော့။” (ဧဖက် ၆:၂; ထွက်မြောက်ရာ ၂၀:၁၂) ဟေဗြဲ​ကျမ်း​မှ ဤ​ရိုးရှင်း​သော်လည်း လေးနက်​သည့် ကိုးကားချက်​ဖြင့် တမန်​တော်​ပေါလု​သည် မိဘများ​အပေါ် သားသမီး​များ​၌ တာဝန်​ရှိကြောင်း သတိပေး​ခဲ့​သည်။ သို့သော် အဆိုပါ​စကား​များသည် သက်ကြီးရွယ်အို​များ​ကို ကြည့်ရှု​ပြုစု​ခြင်း​နှင့် မည်သို့​သက်ဆိုင်​သနည်း။ ခရစ်ယာန်​ခေတ်​မတိုင်မီ​အချိန်​မှ ကြည်နူး​အားရဖွယ်​ပုံ​နမူနာ​တစ်ခု​က ၎င်း​မေးခွန်း​ကို ဖြေဆို​ပေး​ပါ​လိမ့်​မည်။

၅။ (က) ယောသပ်​သည် သားသမီး​ဝတ်​ကို မမေ့လျော့​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။ (ခ) မိဘများ​ကို ရိုသေခြင်း​ဟူသည် အဘယ်အရာကို ဆိုလို​သနည်း၊ ဤ​ကိစ္စ​တွင် ယောသပ် အဘယ်​ပုံ​နမူနာ​ကောင်း ပြ​ခဲ့​သနည်း။

ယောသပ်​သည် သူ၏​သက်ကြီးရွယ်အို​ဖခင် ဘိုးဘေး​ယာကုပ်နှင့် အနှစ် ၂၀ ကျော် အဆက်အသွယ်​ပြတ်​နေသည်။ သို့ရာတွင် ယာကုပ်​ကို​ချစ်​သည့် သားသမီး​မေတ္တာ ယောသပ်​၌​ရှိကြောင်း ထင်ရှား​သည်။ မိမိ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အစ်ကို​များ​ကို ယောသပ်​ပြောပြ​သောအခါ “ကျွန်ုပ်​အဘသည် အသက်ရှင်​သေး​သလော” ဟု​မေးခဲ့သည်။ (ကမ္ဘာဦး ၄၃:၇၊ ၂၇; ၄၅:၃) ထို​အချိန်၌ ခါ​နာ​န်​ပြည်​တွင် အစာ​ခေါင်းပါး​ခြင်း​ကပ်​ဆိုက်​နေသည်။ ထို့​ကြောင့် ယောသပ်​သည် သူ၏​ဖခင်​အား “ကျွန်ုပ်​ထံ​သို့​လာ​ပါ၊ မဆိုင်း​ပါ​နှင့်။ အဘသည် ဂေါရှင်​အရပ်၌​နေရ​မည်။ ကျွန်ုပ်​အနားမှာ​ရှိ​ရမည်။ ... ထို​အရပ်၌ ကျွန်ုပ်​ကျွေးမွေး​ပါ​မည်” ဟု​မှာ​လိုက်​သည်။ (ကမ္ဘာဦး ၄၅:၉-၁၁; ၄၇:၁၂) မိအိုဖအို​တို့ကို ရိုသေခြင်း​တွင် သူတို့​ကိုယ်ကို​သူတို့ မကြည့်ရှု​နိုင်​တော့​သည့်​အခါ သူတို့ကို​ပြုစု​စောင့်ရှောက်ခြင်း၊ ကာယရေး​အရ ထောက်ပံ့​ပေးခြင်း​တို့​ပါဝင်​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၂:၁-၄; ယောဟန် ၁၉:၂၅-၂၇) ဤ​တာဝန်​ကို ယောသပ် ဝမ်းသာ​အားရ​လက်ခံခဲ့သည်။

၆။ ဖခင်​ဖြစ်သူ​အား အမှန်တကယ်​ချစ်​မြတ်နိုး​ကြောင်း ယောသပ်​မည်သို့​တင်ပြ​ခဲ့​သနည်း၊ သူ၏​ပုံ​နမူနာကို ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​သနည်း။

ယောသပ်​သည် ယေဟောဝါ​၏​ကူညီ​မစမှု​ဖြင့် အီဂျစ်​ပြည်​တွင် ချမ်းသာ​ကြွယ်ဝ​ပြီး တန်ခိုး​အာဏာ​အရှိဆုံး ပုဂ္ဂိုလ်​တို့​တွင် တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ (ကမ္ဘာဦး ၄၁:၄၀) သို့​တိုင် အသက် ၁၃၀ အရွယ်​ဖခင်​ဖြစ်သူ​အား ရိုသေ​လေးစားမှု​မပြ​အား​သည့်​အထိ မိမိ​အရေးပါ​လွန်း​ပြီး အလုပ်များ​လွန်းနေ​သည်​ဟု မယူမှတ်​ခဲ့​ပါ။ ယာကုပ် (သို့​မဟုတ် ဣသရေလ) ရောက်လာ​လု​နီးပြီ​ဖြစ်​ကြောင်း သူသိ​သောအခါ “ယောသပ်​သည် ရထား​ကို​ပြင်​၍ အဘ​ဣသရေလ​ကို ခရီး​ဦး​ကြို​ပြုခြင်း​ငှာ ဂေါရှင်​ပြည်​သို့​သွား​၍ အဘ​ရှေ့သို့​ရောက်​သော်၊ အဘ​၏​လည်ပင်း​ကို​ဖက်​လျက် ကြာကြာ​ငို​လေ​၏။” (ကမ္ဘာဦး ၄၆:၂၈၊ ၂၉) ဤသို့​ကြိုဆို​ခဲ့​ပုံ​သည် ဓလေ့​ထုံးစံ​အရ ရိုသေ​လေးစားမှု​ပြ​ခြင်း​မျှ မ​က​ချေ။ ယောသပ်​သည် အိုမင်း​နေသော​ဖခင်​အား အလွန်​ချစ်​မြတ်နိုး​ပြီး သူ့မေတ္တာကို အထင်အရှား​ပြဖို့ မရှက်​ခဲ့​ပါ။ ကျွန်ုပ်​တို့​၌ မိအိုဖအို​များ​ရှိ​မည်​ဆိုလျှင် သူတို့အား ချစ်​မြတ်နိုး​ကြောင်း အလားတူ ရက်ရက်ရောရော​ပြ​ပါသလော။

၇။ ယာကုပ်​သည် ခါ​နာ​န်​ပြည်​၌ အဘယ်ကြောင့်​သင်္ဂြိုဟ်​ခံ​လို​သနည်း။

ယာကုပ်​သည် သေ​သည်​အထိ ယေဟောဝါ​အား စွဲစွဲမြဲမြဲ​ဆည်းကပ်​ဝတ်ပြု​ခဲ့​သည်။ (ဟေဗြဲ ၁၁:၂၁) ဘုရားသခင်​၏​ကတိတော်​များ​ကို သူ​ယုံကြည်​သောကြောင့် မိမိ၏​ရုပ်ကလာပ်​ကို ခါ​နာ​န်​ပြည်​၌ သင်္ဂြိုဟ်​ပေး​ရန် တောင်းဆို​ခဲ့​၏။ ကုန်ကျ​စရိတ်​နှင့် က​ရိ​က​ထ​များ​သော်လည်း ယောသပ်​သည် ဖခင်​ဆန္ဒ​ကို ဖြည့်ဆည်း​ပေး​ကာ လေးစားမှု​ပြ​ခဲ့​သည်။—ကမ္ဘာဦး ၄၇:၂၉-၃၁; ၅၀:၇-၁၄

၈။ (က) မိအိုဖအို​များ​ကို ပြုစု​စောင့်ရှောက်​ရန် ကျွန်ုပ်​တို့ကို အဓိက​စေ့ဆော်​ပေး​ရာ​ကား အဘယ်နည်း။ (ခ) အချိန်ပြည့်​ကျေးကျွန်​တစ်ဦး​သည် မိအိုဖအို​များ​ကို ကြည့်ရှု​ပြုစု​ရန် မည်သို့​ပြုလုပ်​ခဲ့​ရသနည်း။ (စာမျက်နှာ ၁၇ မှ လေးထောင့်ကွက်​ကို​ရှု။)

ဖခင်​ဖြစ်သူ​အား ကြည့်ရှု​စောင့်ရှောက်​ရန် ယောသပ်​ကို အဘယ်အရာက စေ့ဆော်​ခဲ့​သနည်း။ မိမိ​အား​အသက်ပေး​၍ ကျွေးမွေး​ပြုစု​ခဲ့​သူကို ကျေးဇူး​တင်​မြတ်နိုး​စိတ်​ရှိသည့်​အပြင် ယေဟောဝါ​၏​သဘော​တော်​နှင့် တွေ့​လို​သောကြောင့်​လည်း​ဖြစ်​မည် သေချာ​သည်။ ကျွန်ုပ်​တို့​လည်း ထိုသို့​ဖြစ်​သင့်​သည်။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “သားမြေး​ရှိသော​မုဆိုးမ​ဖြစ်​လျှင်၊ ထို​သားမြေး​တို့သည် ရှေ့​ဦးစွာ ဘုရား[သခင်]ဝတ်​ကို​ရည်မှတ်​လျက်၊ မိမိ​အိမ်ကို​ပြုစု​၍ မိဘ​ဘိုးဘွား​၌ ကျေးဇူး​ဆပ်​ခြင်း​ငှာ​သင်​ကြ​စေ။ ထို​အမှုသည် ဘုရားသခင်​နှစ်သက်​တော်​မူ​သော​အမှု​ဖြစ်၏။” (၁ တိမောသေ ၅:၄) မှန်ပါသည်၊ မိအိုဖအို​များ​ကို ပြုစု​စောင့်ရှောက်​ပေး​ရန် မည်မျှ​ပင် ခက်ခဲ​ပါစေ ယေဟောဝါ​အား ချစ်​သည့်​စိတ်​နှင့် ကိုယ်တော်​အား ကြောက်ရွံ့​ရိုသေ​စိတ်​တို့​က ထိုသို့​ပြုလုပ်​ရန် ကျွန်ုပ်​တို့ကို စေ့ဆော်​ပေး​ပါ​လိမ့်​မည်။ *

အကြီးအကဲ​များ ဂရုစိုက်​ကြ​ပုံ

၉။ ယေဟောဝါ​သည် အသက်​ကြီးရင့်သော ခရစ်ယာန်​များ​အပါအဝင် သိုးအုပ်​တစ်ခုလုံး​ကို ထိန်းကျောင်း​ရန် မည်​သူ့ကို ခန့်အပ်​ထားပြီ​နည်း။

အသက်ရှည်​သော​ယာကုပ် သေခါနီး​တွင် ယေဟောဝါ​သည် “ငါ့ကို​တစ်သက်လုံး ယနေ့​တိုင်အောင်​ထိန်းကျောင်း​တော်​မူ​သော ဘုရားသခင်” ဖြစ်၏​ဟု ပြောဆို​ခဲ့​သည်။ (ကမ္ဘာဦး ၄၈:၁၅သမ္မာ) ယနေ့ ယေဟောဝါ​သည် ကိုယ်တော်​၏​သားတော်၊ ‘သိုးထိန်း​ချုပ်’ ယေရှု​ခရစ်​လက်အောက်​ရှိ ခရစ်ယာန်​ကြီးကြပ်မှူး​များ သို့​မဟုတ် အကြီးအကဲ​များ​အားဖြင့် မြေကြီးဆိုင်ရာ​ကျေးကျွန်​များ​ကို ထိန်းကျောင်း​ပေး​နေပါ​သည်။ (၁ ပေတရု ၅:၂-၄) ကြီးကြပ်မှူး​များသည် သိုးတော်စု​တွင်​ရှိ အသက်​ကြီးရင့်​သူများကို ဂရုစိုက်​ကြည့်ရှု​ပေး​ရာ​တွင် ယေဟောဝါ​အား မည်သို့​အတုယူ​နိုင်​သနည်း။

၁၀။ သက်ကြီးရွယ်အို​ခရစ်ယာန်​များ ကာယရေး​အရ အကူအညီ​လိုအပ်​လာ​သည့်​အခါ အဘယ်​သို့​ပြုစုပေး​ခဲ့​ကြပြီ​နည်း။ (စာမျက်နှာ ၁၉ မှ လေးထောင့်ကွက်​ကို​ရှု။)

၁၀ ခရစ်ယာန်​အသင်းတော် စ​တည်ထောင်​ပြီး မကြာမီ​ပင် ဆင်းရဲ​နွမ်းပါး​သော ခရစ်ယာန်​မုဆိုးမများ​အား “နေ့ရက်​အစဉ်​အတိုင်း လုပ်ကျွေး​သော​အမှု” ကို​ကြီးကြပ်​ပေး​ရန် တမန်​တော်​များသည် “ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ပညာ​နှင့်​လည်းကောင်း​ပြည့်စုံ​လျက်၊ အသရေရှိသော​လူ​ခု​နစ်​ယောက်​တို့ကို” ခန့်အပ်​ခဲ့​သည်။ (တမန်​တော် ၆:၁-၆) နောက်ပိုင်း​တွင် ကာယရေး​အကူအညီ ရ​သင့်​ရထိုက်​သော ပုံသက်သေ​ကောင်း​သည့် သက်ကြီးရွယ်အို​မုဆိုးမများ​၏ နာမည်​စာရင်း​ကို​ပြုစု​ရန် ကြီးကြပ်မှူး​တိမောသေ​အား ပေါလု​ညွှန်ကြား​ခဲ့​သည်။ (၁ တိမောသေ ၅:၃၊ ၉၊ ၁၀) အလားတူ ယနေ့ အသက်​ကြီးရင့်သော​ခရစ်ယာန်​များသည် အကူအညီ​လိုအပ်​လာ​သည့်​အခါ အသင်းတော်​ကြီးကြပ်မှူး​များ​က တလိုတလား​ကူညီ​ပေး​ကြသည်။ သို့သော် တည်ကြည်သော​သက်ကြီးရွယ်အို​များ​ကို ကြည့်ရှု​ပြုစုပေး​မှု​တွင် ထို​ထက်မက​ပြု​ရန်လို​သည်။

၁၁။ အလှူငွေ​အနည်းငယ်​ထည့်ဝင်​သော ဆင်းရဲသူ​မုဆိုးမ​နှင့်​စပ်လျဉ်း၍ ယေရှု​အဘယ်အရာ​ပြောဆို​ခဲ့​သနည်း။

၁၁ ယေရှုသည် မိမိ၏​မြေကြီးပေါ် ဓမ္မ​အမှုဆောင်ချိန် ကုန်ဆုံး​ခါနီး​တွင် ဝတ်ပြုရာ​အိမ်တော်၌​ထိုင်​နေစဉ် “လူများ​တို့သည်​ကြေး​ငွေ​ကို ဘဏ္ဍာတိုက်​ထဲ​သို့​သွင်းချ​သည်ကို ကြည့်ရှု​တော်​မူ​၏။” ထို​အခါ လူတစ်ဦးကို ကိုယ်တော်​ဂရုပြု​မိ​သည်။ မှတ်တမ်းက​ဤသို့​ဆို​၏– “ဆင်းရဲသော​မုဆိုးမ​တစ်ယောက်​သည်​လာ၍ တစ်​ပဲ​လောက်​တန်​သော​ကြေးနီ​ဒ င်္ဂါး​နှစ်ပြား​ကို သွင်းချ​၏။” ယေရှုသည် တပည့်​များ​ကို​ခေါ်​၍ ဤသို့​မိန့်တော်မူသည်– “ငါ​အမှန်​ဆိုသည်ကား၊ ဘဏ္ဍာတိုက်​ထဲ​သို့​သွင်းချသော​သူအပေါင်းတို့ထက် ထို​ဆင်းရဲသော​မုဆိုးမ​သည် သာ၍​သွင်းချခဲ့ပြီ။ အကြောင်း​မူ​ကား၊ ထို​သူအပေါင်း​တို့သည် မိမိတို့​ကြွယ်ဝသော​စည်းစိမ်​ထဲ​က နုတ်​၍​သွင်းချ​ကြ​၏။ ထို​မိန်းမ​မူ​ကား အလွန်​ဆင်းရဲ​လျက်​ပင်၊ မိမိ​အသက်မွေး​စ​ရာ​ဥစ္စာ​ရှိသမျှကို သွင်းချ​လေ​ပြီ။” (မာကု ၁၂:၄၁-၄၄) မုဆိုးမ​၏​အလှူငွေ​သည် ငွေကြေး​အတိုင်းအတာ​အရ နည်း​သော်လည်း ထိုသို့​သော​စိုးလ်​အကြွင်းမဲ့ ဆည်းကပ်​ဝတ်ပြုမှု​ကို ကောင်းကင်​ခမည်းတော် အမှန်တကယ် တန်ဖိုး​ထား​ကြောင်း ယေရှု​သိတော်မူ၏။ ယေရှုသည် ဆင်းရဲ​နွမ်းပါး​သော​မုဆိုးမ​၏ အသက်အရွယ်ကို ပ​မာ​မထား​ဘဲ သူ၏​လုပ်ဆောင်မှုကို ဂရုပြု​ခဲ့​သည်။

၁၂။ အကြီးအကဲ​များသည် သက်ကြီးရွယ်အို​ခရစ်ယာန်​များ​၏ ထည့်ဝင်​မှုများ​ကို တန်ဖိုး​ထား​ကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။

၁၂ ယေရှု​ကဲ့သို့​ပင် ခရစ်ယာန်​ကြီးကြပ်မှူး​များသည် စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​သော သက်ကြီးရွယ်အို​များ​၏​လုပ်ဆောင်မှုကို လျစ်လျူ​မ​ရှု​ကြ​ချေ။ အကြီးအကဲ​များသည် သက်ကြီးရွယ်အို​များ ဓမ္မ​အမှု၌​ပါဝင်ခြင်း၊ အစည်းအဝေး​များ​၌ ပါဝင်ခြင်း၊ အသင်းတော်တွင် အပြုသဘောပါပါ ဩဇာ​လွှမ်းမိုးခြင်း​ကို​မ​က သူတို့၏​ခံနိုင်ရည်​ကို​ပါ ချီးမွမ်း​ပြောဆို​ရန် အကြောင်း​ရှိ၏။ စိတ်ရင်းမှန်​ဖြင့် အားပေး​စကား တစ်ခွန်း​နှစ်​ခွန်း​ပြောဆို​ပေးခြင်း​ဖြင့် သက်ကြီးရွယ်အို​များသည် သူတို့၏​မြင့်မြတ်​သော​လုပ်ငန်းတော်တွင် “ဝမ်းမြောက်စရာ​အကြောင်း” ရရှိ​ပေမည်၊ ဤနည်းဖြင့် အခြား​ခရစ်ယာန်​များ လုပ်ဆောင်​နိုင်​သည့်​အတိုင်းအတာ၊ မိမိတို့​ယခင်​က လုပ်ဆောင်​နိုင်​ခဲ့​သည့်​အတိုင်းအတာ​တို့​နှင့် ယှဉ်​ကြည့်​ကာ စိတ်ဓာတ်ကျ​သွားခြင်း​မျိုး မဖြစ်​တော့​ပေ။—ဂလာတိ ၆:၄

၁၃။ အကြီးအကဲ​များသည် သက်ကြီးရွယ်အို​များ​၏ စွမ်းရည်​နှင့် အတွေ့အကြုံ​တို့ကို အဘယ်​နည်းများဖြင့် ထုတ်ယူ​အသုံးပြု​ပေး​နိုင်​သနည်း။

၁၃ အကြီးအကဲ​များသည် သက်ကြီးရွယ်အို​ခရစ်ယာန်​များ​၏ အတွေ့အကြုံ​နှင့် စွမ်းရည်​တို့ကို ထုတ်ယူ​အသုံးပြု​ပေးခြင်း​ဖြင့် သူတို့၏​တန်ဖိုး​ရှိ​ထည့်ဝင်​မှုများ​ကို အသိအမှတ်ပြု​နိုင်​သည်။ ပုံသက်သေ​ကောင်းသော သက်ကြီးရွယ်အို​များ​ကို သရုပ်​ပြခန်း​များ၊ လူတွေ့မေးမြန်းခန်း​များ​တွင် အခါ​အား​လျော်​စွာ အသုံးပြုနိုင်​သည်။ “အမှန်တရားမှာ သားသမီးတွေကို ကြီးပြင်း​လာ​စေ​ခဲ့​တဲ့ သက်ကြီးရွယ်အို ညီအစ်ကို၊ ညီအစ်မ တစ်ဦး​တစ်ယောက်ကို ကျွန်တော်​လူတွေ့မေးမြန်း​တဲ့​အခါ ပရိသတ်​က ဂရုစိုက်​နားထောင်​ကြတယ်” ဟု​အကြီးအကဲ​တစ်ဦး​ပြောပြ​သည်။ အသက် ၇၁ နှစ်အရွယ်​ရှိ ရှေ့ဆောင်​ညီအစ်မ​တစ်ဦး​သည် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​များ​ကို လယ်ကွင်း​လုပ်ငန်း​၌ မှန်မှန်​ပါဝင်​လာ​စေရန် ကူညီ​ပေး​ရာ​တွင် အောင်မြင်​ခဲ့​ကြောင်း အခြား​အသင်းတော်​တစ်ခု​မှ အကြီးအကဲ​များ ပြောပြ​သည်။ ထို​ညီအစ်မ​သည် “အခြေခံကျ​သည့်​အမှု​များ” ဖြစ်သော သမ္မာကျမ်းစာ​နှင့် နေ့စဉ်​ကျမ်းချက် ဖတ်ရှုခြင်း၊ ထို့နောက် သူတို့​ဖတ်ရှု​ခဲ့​ရာ​အပေါ် တွေးတော​ဆင်ခြင်ခြင်း​တို့ကို ပြုလုပ်​ဖို့ အားပေး​တတ်​သည်။

၁၄။ သက်ကြီးရွယ်အို​ကြီးကြပ်မှူး​တစ်ဦး​ကို တန်ဖိုး​ထား​လေးစားကြောင်း အကြီးအကဲအဖွဲ့​တစ်ဖွဲ့​က မည်သို့​တင်ပြ​ခဲ့​သနည်း။

၁၄ အသက်​ပို​ကြီးသော ကြီးကြပ်မှူး​များသည် အထောက်အကူ​ဖြစ်​ကြောင်းကို​လည်း အကြီးအကဲ​များ အသိအမှတ်ပြု တန်ဖိုး​ထား​ကြသည်။ အကြီးအကဲ​တစ်ဦး​အဖြစ် ဆယ်စုနှစ်ချီ အမှုထမ်းခဲ့​သော အသက် ၇၀ ကျော် ဇို​ဇေ​သည် မကြာသေးမီ​က အကြီးစား​ခွဲစိတ်​ကုသမှု ခံယူ​ခဲ့​ရသည်။ နာလန်ထူ​ရန် ကြာ​မည်​ဖြစ်​သဖြင့် ဦးစီး​ကြီးကြပ်မှူး​ဖြစ်ခွင့်​ကို စွန့်လွှတ်​ဖို့ သူ​စဉ်းစား​ခဲ့​သည်။ “တခြား​အကြီးအကဲ​တွေ တုံ့ပြန်​ပုံ​က အံ့အားသင့်​စ​ရာ​ပဲ။ ကျွန်တော့်​ရဲ့​တင်ပြချက်​ကို လက်ခံမယ့်​အစား ကျွန်တော့်​ရဲ့​တာဝန်​တွေ​ကို ဆက်​ထမ်းဆောင်​နိုင်​ဖို့ ဘယ်လို​ကူညီ​ပေး​ရမလဲ​လို့ သူတို့​မေးကြတယ်” ဟု​ဇို​ဇေ​ပြောပြ​သည်။ အသက်​ပို​ငယ်​သော အကြီးအကဲ​တစ်ဦး၏​အကူအညီ​ဖြင့် ဇို​ဇေ​သည် ဦးစီး​ကြီးကြပ်မှူး​တစ်ဦး​အဖြစ် ပျော်ရွှင်စွာ ဆက်​အမှုထမ်း​နိုင်​ခဲ့​သည်၊ ယင်းက​လည်း အသင်းတော်​အတွက် ကောင်းချီး​တစ်ရပ်​ဖြစ်​ခဲ့​သည်။ အကြီးအကဲ​ချင်း​တစ်ဦး​က ဤသို့​ဆို​၏– “အကြီးအကဲ ဇို​ဇေ​ရဲ့​လုပ်ဆောင်မှုကို ညီအစ်ကို​တွေ တကယ်​တန်ဖိုး​ထား​တယ်။ သူ့ရဲ့​အတွေ့အကြုံ၊ တုပ​ထိုက်တဲ့​ယုံကြည်ခြင်း​တို့အတွက် သူ့ကို ညီအစ်ကို​တွေ ချစ်ခင်၊ လေးစား​ကြတယ်။ ကျွန်တော်​တို့​အသင်းတော်ရဲ့ ဝိညာဉ်​ရေး​ကို တိုးပွား​စေတယ်။”

အချင်းချင်း​ဂရုစိုက်​ကြည့်ရှု​ခြင်း

၁၅။ ခရစ်ယာန်​များ​အားလုံး​သည် မိမိတို့​တွင်ရှိသော သက်ကြီးရွယ်အို​များ​၏​အကျိုးကို အဘယ်ကြောင့်​စိတ်ဝင်စား​သင့်​သနည်း။

၁၅ မိအိုဖအို​များ​ရှိ သားသမီး​များနှင့် ခန့်အပ်​ခံ​ကျေးကျွန်​များ​သာ သက်ကြီးရွယ်အို​များ​ကို ဂရုစိုက်​ရမည်​မဟုတ်ပါ။ ခရစ်ယာန်​အသင်းတော်ကို လူ့​ကိုယ်ခန္ဓာ​နှင့်​ပုံခိုင်း​ကာ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ကိုယ်ခန္ဓာ​၌ အချင်းချင်း​ကွဲပြားခြင်း​မရှိဘဲ၊ အင်္ဂါများ​တို့သည် အချင်းချင်း သူ့ကို​ကိုယ်​နှင့်​အမျှ​သတိပြု​စေခြင်း​ငှာ၊ ဘုရားသခင်​သည် ကိုယ်ခန္ဓာ​ကို​မျှ​စေ​၍၊ ယု​တ်​သော​အင်္ဂါ​အား သာ၍​များသော​အသရေ​ကို​ပေး​တော်​မူ​၏။” (၁ ကောရိန္သု ၁၂:၂၄၊ ၂၅) ဘာသာပြန်​ကျမ်း​နောက်တစ်ခု​တွင် ဤသို့​ဖတ်​ရသည်– “ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​အသီးသီး​တို့သည် အချင်းချင်း​၏​ကောင်းကျိုး​ကို ကြည့်ရှု​ပြုစု​ရန်ဖြစ်​၏။” (နော့ခ်စ်) ခရစ်ယာန်​အသင်းတော် စည်းလုံး​ညီညွတ်​နေဖို့ အသင်းတော်​ရှိသူ​တိုင်း​သည် သက်ကြီးရွယ်အို​များ​ပါ​အပါအဝင် ယုံကြည်သူချင်း​များ​၏​အကျိုးကို ဂရုစိုက်​ပေး​ရ​ပေမည်။—ဂလာတိ ၆:၂

၁၆။ ခရစ်ယာန်​အစည်းအဝေး​များ​တက်ရောက်​ချိန်​တွင် သက်ကြီးရွယ်အို​များ​အား စိတ်ဝင်စားမှု မည်သို့​ပြ​နိုင်​သနည်း။

၁၆ ခရစ်ယာန်​အစည်းအဝေး​များ​တွင် သက်ကြီးရွယ်အို​များ​ကို စိတ်ဝင်စား​ကြောင်း​တင်ပြ​ခွင့်​ရသည်။ (ဖိလိပ္ပိ ၂:၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို​အချိန်​အခါ​တွင် အချိန်​ယူပြီး သက်ကြီးရွယ်အို​များနှင့် စကားစမြည်​ပြောပါ​သလော။ သူတို့၏​ကျန်းမာ​ရေး​အကြောင်း မေးမြန်းခြင်း​သည် သင့်လျော်​မည်​ဖြစ်သော်လည်း တည်ဆောက်မှု​ဖြစ်စေ​သော​တွေ့ကြုံမှု သို့​မဟုတ် ကျမ်းစာ​မှ​အကြောင်းအရာ​တစ်ခုခု ပြောဆိုခြင်း​အားဖြင့် “ဝိညာဉ်​ဆုကျေးဇူး​တစ်စုံတစ်ခု​ကို ဝေမျှ” ပေး​နိုင်​မည်​လော။ သက်ကြီးရွယ်အို​အချို့​သည် မသန်မစွမ်း​ဖြစ်နေ​ကြ​ရာ သူတို့​အ​လာ​ကို စောင့်နေ​မည့်​အစား သူတို့​ထံ​သွား​စကားပြော​ခြင်း​က ကြင်နာ​ရာ​ရောက်​ပေမည်။ သူတို့​နား​လေး​မည်​ဆိုလျှင် ဖြည်းဖြည်း​နှင့် ရှင်းလင်း​ပီသ​စွာ​ပြောဆို​ဖို့​လို​ပေမည်။ ‘အပြန်အလှန်​အားပေးမှု’ အမှန်တကယ်​ဖြစ်​ဖို့ သက်ကြီးရွယ်အို ပြောဆို​သော​စကား​ကို အာရုံ​စူးစိုက်​နားထောင်​ရမည်။—ရောမ ၁:၁၁၊ ၁၂

၁၇။ အိမ်တွင်း​အောင်း​နေရ​သော သက်ကြီးရွယ်အို​ခရစ်ယာန်​များ​ကို ကျွန်ုပ်​တို့​ဂရုစိုက်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။

၁၇ သက်ကြီးရွယ်အို​တစ်ဦး​သည် ခရစ်ယာန်​အစည်းအဝေး​များ မ​တက်​နိုင်​လျှင်​ကော။ “မိဘ​မရှိသော​သူငယ်​တို့​နှင့် မုဆိုးမ​တို့ ... ကို​ကြည့်ရှု​ပြုစု​ခြင်း” သည် ကျွန်ုပ်​တို့၏​တာဝန်ဖြစ်​ကြောင်း ယာကုပ် ၁:၂၇ က​ဖော်ပြ​သည်။ “ကြည့်ရှု​ပြုစု​ခြင်း” ဟု​ဘာသာ​ပြန်ဆို​ထားသော ဂရိ​ကြိယာ​၏​အနက်​အဓိပ္ပာယ်​တစ်ခု​မှာ ‘ပြန်လည်ပတ်​ခြင်း’ ဖြစ်သည်။ (တမန်​တော် ၁၅:၃၆) ထို​သက်ကြီးရွယ်အို​များသည် ကျွန်ုပ်​တို့၏​လည်ပတ်မှုများ​ကို အလွန်​တန်ဖိုး​ထား​တတ်ကြ​သည်! စီ.အီး. ၆၅ ခန့်​တွင် ရောမမြို့​၌ အကျဉ်း​ချ​ခံရ​စဉ် ‘အသက်ကြီးသူ’ ပေါလု​သည် တစ်ကိုယ်တည်း​နေရ​သည်။ ထို့​ကြောင့် သူ၏​လုပ်ဖော်ဆောင်ဖက် တိမောသေ​ကို အလွန်​တွေ့မြင်​လို​သဖြင့် “ငါ့​ထံ​သို့​မြန်မြန်​လာ​ခြင်း​ငှာ​ကြိုးစား​လော့” ဟု​အကြောင်းကြား​ခဲ့​သည်။ (ဖိလေမုန် ၉; ၂ တိမောသေ ၁:၃၊ ၄; ၄:၉) သက်ကြီးရွယ်အို​အချို့​မှာ ပကတိ​အကျဉ်းသား​များ​မဟုတ်​ကြသော်လည်း ကျန်းမာ​ရေး​မကောင်း​သဖြင့် အိမ်တွင်း​အောင်း​နေကြ​ရ၏။ သို့​ဖြစ်၍ ‘ကျေးဇူးပြု​ပြီး မြန်မြန် လာလည်​ပေး​ကြ​ပါ’ ဟု သူတို့​ပြောဆို​လို​ကြ​ပေမည်။ ဤသို့​သော​မေတ္တာ​ရပ်ခံ​ချက်​များ​ကို ကျွန်ုပ်​တို့ တုံ့ပြန်​နေကြပါ​သလော။

၁၈။ သက်ကြီးရွယ်အို​များ​ထံ သွားရောက်​လည်ပတ်ခြင်း​သည် အဘယ်​အကျိုး ရှိစေ​နိုင်​သနည်း။

၁၈ ဝိညာဉ်​ရေး​အရ ညီအစ်ကို၊ ညီအစ်မ​တော်​သူ သက်ကြီးရွယ်အို​များ​ထံ လည်ပတ်ခြင်း​၏​အကျိုးကို ဘယ်​သောအခါ​မျှ လျှော့မတွက်​ပါ​နှင့်။ ဩ​နေ​သိ​ဖော်​အမည်​ရှိ ခရစ်ယာန်​တစ်ဦး​သည် ရောမမြို့​သို့​ရောက်​စဉ် ပေါလု​ကို​မ​တွေ့​တွေ့​အောင် ရှာပြီး​နောက် ‘သူ့ကို အဖ​န်​ဖန်​သက်သာ​စေ’ ခဲ့​ကြောင်း သိရှိ​ရသည်။ (၂ တိမောသေ ၁:၁၆၊ ၁၇) ညီအစ်မ​ကြီး​တစ်ဦး​က ဤသို့​ပြောပြ​သည်– “လူငယ်တွေ​နဲ့​အတူ​နေရ​တာ ပျော်​တယ်။ သူတို့ရဲ့​မိသားစု​လို​သဘောထား ဆက်ဆံ​တာ​ကို ကျွန်မ​အကြိုက်ဆုံး​ပဲ။ ကျွန်မ​ကို စိတ်​အားတက်စေ​တယ်။” သက်ကြီး ခရစ်ယာန်​နောက်​တစ်ဦး​က ဤသို့​ဆို​သည်– “တစ်ယောက်ယောက်​က ကျွန်မ​ကို ကတ်​ပို့ပေး​တာ၊ ဖုန်း​ဆက်​တာ၊ ခဏ​တစ်​ဖြုတ် လာလည်​ပေး​တာတွေကို သိပ်​ကျေးဇူး​တင်​တယ်။ လေ​ကောင်း​လေ​သန့် ရှူရှိုက်​လိုက်ရ​သလို​ပါ​ပဲ။”

ဂရုစိုက်​ပေး​တတ်​သူများကို ယေဟောဝါ​ဆုချ

၁၉။ သက်ကြီးရွယ်အို​များ​ကို ဂရုစိုက်​ကြည့်ရှု​ခြင်း​၏ ကောင်းချီး​များ​ကား အဘယ်နည်း။

၁၉ သက်ကြီးရွယ်အို​များ​ကို ဂရုစိုက်​ကြည့်ရှု​ခြင်း​မှ ကောင်းချီး​များစွာ​ခံစားရ​သည်။ သက်ကြီးရွယ်အို​များနှင့် ပေါင်းဖော်​ပေးခြင်း၊ သူတို့၏​ပညာ​နှင့် အတွေ့အကြုံကို ထုတ်ယူ​အသုံးပြု​တတ်​ခြင်း​သည်​ပင် အခွင့်ထူး​ဖြစ်သည်။ ဂရုစိုက်​ပြုစု​စောင့်ရှောက်​သူများ​သည် ပေးကမ်း​ခြင်း​မှ​ရသော ပျော်ရွှင်မှု​ကို များစွာ​ခံစားရ​ကြ​သည့်​အပြင် ကျမ်း​ပေး​တာဝန် ကျေပွန်​သည့်​အတွက် ကျေနပ်မှု​ရပြီး စိတ်​ငြိမ်သက်မှု​ရရှိ​သည်။ (တမန်​တော် ၂၀:၃၅) ထို့​ပြင် သက်ကြီးရွယ်အို​များ​ကို ဂရုစိုက်​ကြည့်ရှု​ပေး​တတ်​သူများ​အနေ​နှင့် မိမိတို့​အသက်ကြီး​လာသော​အခါ စောင့်ရှောက်​ပေး​မည့်​သူ​မရှိ ပစ်ထား​ခံရ​မည်​ဟူ၍ တွေးပူ​စ​ရာ​အကြောင်း​မရှိပါ။ သမ္မာကျမ်းစာ​က ဤသို့​အာမခံ​သည်– “စွန့်ကြဲ​တတ်သော​သူသည် ကြွယ်ဝ​လိမ့်​မည်။ သူတစ်ပါးကို​ရေလောင်း​သော​သူသည် ကိုယ်တိုင်​ရေလောင်းခြင်း​အကျိုးကို ခံရ​လိမ့်​မည်။”—သု. ၁၁:၂၅

၂၀၊ ၂၁။ သက်ကြီးရွယ်အို​များ​အား ဂရုစိုက်​ကြည့်ရှု​သူများကို ယေဟောဝါ မည်သို့​ရှုမြင်​သနည်း၊ ကျွန်ုပ်​တို့ မည်သို့ စိတ်ပိုင်းဖြတ်​သင့်​သနည်း။

၂၀ သက်ကြီးရွယ်အို ယုံကြည်သူချင်း​များ​ကို ကိုယ်ကျိုး​စွန့် ဂရုစိုက်​ကြည့်ရှု​သည့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော သားသမီး​များ၊ ကြီးကြပ်မှူး​များနှင့် အခြား​ခရစ်ယာန်​များ​ကို ယေဟောဝါ​ဆုချ​တော်​မူ​၏။ ဤ​စိတ်ဓာတ်​သည် အောက်ပါ​ပညာရှိ​စကား​နှင့် သဘောချင်း​ညီညွတ်​သည်– “ဆင်းရဲသား​ကို​သနားသော​သူသည် ထာဝရ​ဘုရား[သခင်]အား​ချေးငှား​သော​သူ​ဖြစ်၍ သူ​ပြုသော​အမှု​၏​အကျိုးကို ဆပ်ပေး​တော်​မူ​လိမ့်​မည်။” (သု. ၁၉:၁၇) မေတ္တာ​အားဖြင့် ဆင်းရဲ​နိမ့်ကျ​သူများကို ကျွန်ုပ်​တို့ ကူမ​သနား​မည်​ဆိုလျှင် ထိုသို့​ပြုခြင်း​ကို ကောင်းချီး​များနှင့်​အတူ ပြန်​ဆပ်ပေး​ရမည့်​အကြွေး​အဖြစ် ဘုရားသခင်​ယူမှတ်​တော်​မူ​၏။ ထို့​ပြင် များသောအားဖြင့် ‘လောကတွင်​ဆင်းရဲ​သော်လည်း ယုံကြည်ခြင်း​ကြွယ်ဝ’ ကြသော သက်ကြီးရွယ်အို ယုံကြည်သူချင်း​များ​ကို မေတ္တာပါပါ ကြည့်ရှု​စောင့်ရှောက်​ပေးခြင်း​အတွက်​လည်း ကျွန်ုပ်​တို့ကို ကိုယ်တော်​ကျေးဇူး​ဆပ်ပေး​လိမ့်​မည်။—ယာကုပ် ၂:၅

၂၁ ဘုရားသခင်​သည် ရက်ရက်ရောရော​ကျေးဇူး​ဆပ်​တော်​မူ​၏! ထို​တွင် ထာဝရ​အသက်ပါ​ဝင်​သည်။ ယေဟောဝါ​၏​ကျေးကျွန်​အများစု​သည် မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​မည်​ဖြစ်သည်၊ ထို​အခါ အမွေခံ​ခဲ့​ရသော အပြစ်​၏​အကျိုးဆက်များ​ကို ခံ​ရတော့မည်​မဟုတ်၊ တည်ကြည်သော သက်ကြီးရွယ်အို​များသည် လူငယ့်​အားမာန်​ကို ပြန်​ရရှိကြ​ပါ​လိမ့်​မည်။ (ဗျာ. ၂၁:၃-၅) ကောင်းချီး​များစွာ​ခံစားရ​မည့် ထို​အချိန်ကို စောင့်မျှော်​နေကြ​စဉ် သက်ကြီးရွယ်အို​များ​ကို ဂရုစိုက်​ကြည့်ရှု​ရမည့်​ခရစ်ယာန်​တာဝန်​ကို ကျေပွန်​စွာ ဆက်လက်​ထမ်းဆောင်​ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 မိအိုဖအို​များ​အား ပြုစု​စောင့်ရှောက်ခြင်း​ဆိုင်ရာ လက်တွေ့ကျ အကြံပြုချက်များ​ကို နိုးလော့! ၁၉၉၄၊ ဖေဖော်ဝါရီ ၈၊ စာမျက်နှာ ၃-၁၀ [လိပ်] ကို​ရှု။

သင့်​အဖြေ​များ​ကား အဘယ်နည်း

မိအိုဖအို​များ​ကို သားသမီး​များ မည်သို့​ရိုသေ​လေးစား​နိုင်​သနည်း။

အကြီးအကဲ​များသည် သိုးတော်စု​မှ သက်ကြီးရွယ်အို​များ​ကို မည်သို့​တန်ဖိုး​ထား​လေးမြတ်မှု​ပြ​ကြ​သနည်း။

သက်ကြီးရွယ်အို​များ​ကို အမှန်တကယ်​စိတ်ဝင်စား​ကြောင်း ခရစ်ယာန်​တစ်ဦးစီ​အနေ​နှင့် မည်သို့​တင်ပြ​နိုင်​သနည်း။

သက်ကြီးရွယ်အို​ခရစ်ယာန်​များ​ကို ဂရုစိုက်​ကြည့်ရှု​သဖြင့် အဘယ်​ကောင်းချီး​များ ခံစားရ​သနည်း။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

သူ့​မိဘ အကူအညီ​လို​လာသော​အခါ

ဖိလစ်​သည် ၁၉၉၉ ခုနှစ်​တွင် လိုင်ဘေးရီးယား​နိုင်ငံ​၌ စေတနာ့​ဝန်ထမ်း ဆောက်လုပ်ရေး​လုပ်သား​တစ်ဦး​အဖြစ် အမှုထမ်း​နေစဉ် ဖခင်​ဖြစ်သူ အသည်းအသန်​ဖျားနာ​သည့် သတင်းရ​ရှိခဲ့​သည်။ မိခင်​တစ်ယောက်တည်း မ​နိုင်​မ​နင်း​ဖြစ်နေ​မည်​ကို သိ​သဖြင့် ဖခင်​ကို​ဆေး​ကုသ​ပေး​ရန် အိမ်ပြန်​ဖို့​ဆုံးဖြတ်​လိုက်​၏။

“အိမ်ကို​ပြန်​ဖို့​ဆုံးဖြတ်​လိုက်ရ​တာ မလွယ်​လှ​ဘူး။ ဒါပေမဲ့ မိဘကို​ကြည့်ရှု​ပေး​ရေး​ဟာ ကျွန်တော့်​ရဲ့ ဦးစား​ပေး​တာဝန်ဖြစ်​တယ်လို့ ယူဆ​မိတယ်” ဟု ဖိလစ်​ပြန်​ပြောပြ​သည်။ ထို့နောက် သုံးနှစ်​အတွင်း ဒေသခံ​ခရစ်ယာန်​ရောင်းရင်း​များ အကူအညီ​ဖြင့် မိဘများ​ကို သာ၍​သင့်တော်​သည့် အိမ်တစ်လုံး​သို့ ရွှေ့​ပြောင်း​ပေး​ပြီး ဖခင်​အတွက် အထူး​လိုအပ်ရာ​များ တပ်ဆင်​ပြု​လုပ်ပေးခဲ့​သည်။

ယခု ဖိလစ်​၏​မိခင်​သည် ဖခင်​၏ အရေးတကြီး​ကျန်းမာ​ရေး​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်း​ပေး​တတ်လာ​ပြီ။ သို့​ဖြစ်၍ ဖိလစ်​သည် မက်ဆီဒိုးနီးယား​ရှိ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​တွင် စေတနာ့​ဝန်ထမ်း​ဖို့ ဖိတ်ခေါ်ချက်​ကို မကြာသေးမီ​က လက်ခံ​နိုင်​ခဲ့​သည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

သူ၏​လိုအပ်ချက်​များ​ကို လျစ်လျူ​မ​ရှု​ခဲ့​ကြ

ဩစတြေးလျ​နိုင်ငံ​မှ အေ​ဒါ​အမည်​ရှိ အသက် ၈၅ နှစ်အရွယ် ခရစ်ယာန်​ညီအစ်မ​တစ်ဦး​သည် ကျန်းမာ​ရေး​မကောင်းသော​ကြောင့် အိမ်ပြင်​မ​ထွက်​နိုင်သော​အခါ အသင်းတော်​အကြီးအကဲ​များ​က သူ့ကို​ကူညီ​ပေး​ရန် အစီအစဉ်​ပြုလုပ်​ခဲ့​ကြသည်။ အေ​ဒါကို ကူညီ​ပေး​နိုင်​မည့် ယုံကြည်သူချင်း​အုပ်စု​တစ်စု​ကို သူတို့​စီစဉ်​ဖွဲ့စည်း​ကြ​၏။ ဤ​ညီအစ်ကို၊ ညီအစ်မ​တို့သည် သန့်ရှင်းရေး၊ လျှော်ဖွပ်​ရေး၊ ချက်ပြုတ်ရေး​နှင့် တောက်​တို​မည်​ရ​အလုပ်များ​ကို ဝမ်း​ပန်း​တ​သာ​ဖြင့် ကူညီ​လုပ်ဆောင်ပေး​ကြသည်။

ထိုသို့​အကူအညီ​ပေး​ရေး​ကို လွန်ခဲ့သော​ဆယ်နှစ်​နီးပါး​က စတင်​စီစဉ်​ပေး​ခဲ့​သည်။ ယခု​ထိ​ဆိုလျှင် ယေဟောဝါသက်သေ ၃၀ ကျော်​တို့သည် အေ​ဒါကို ကြည့်ရှု​ပြုစုပေး​ခဲ့​ကြပြီ။ သူတို့သည် အေ​ဒါ​ထံ လည်ပတ်​ပေး​လျက်​ရှိကြ​ပြီး ကျမ်းစာ​စာပေ​များ ဖတ်​ပေး​ကြသည်၊ အသင်းတော်​ရှိသူတို့​၏​ဝိညာဉ်​ရေး တိုးတက်မှု​အကြောင်း ပြောပြ​ကြ​၍ သူနှင့်​အတူ မှန်မှန်​ဆုတောင်းပေး​ကြသည်။

ဒေသခံ​အကြီးအကဲ​တစ်ဦး​က ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– “အေ​ဒါကို ကြည့်ရှု​ပြုစုပေး​ကြ​သူတွေက သူ့ကို​ကူညီ​ပေး​ရတာ အခွင့်ထူး​ပဲ​လို့ သဘောထား​ကြတယ်။ ဆယ်စုနှစ်​များ​တစ်လျှောက် သူ​တည်ကြည်​စွာ အမှုတော်ထမ်း​ခဲ့​တာ​က လူ​အတော်များများ​အတွက် အားပေးမှု​ဖြစ်​ခဲ့​တယ်၊ သူ့ရဲ့​လိုအပ်ချက်​တွေ​ကို လျစ်လျူရှု​ထား​လိုက်​ဖို့​ဆိုတာ​ဟာ သူတို့​အတွက် စိတ်ကူး​လို့​တောင်​မရ​နိုင်​တဲ့​ကိစ္စ​ပဲ။”

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မိအိုဖအို​များ​ကို ချစ်​မြတ်နိုး​ကြောင်း ရက်ရက်ရောရော​ပြ​ပါသလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယုံကြည်သူချင်း သက်ကြီးရွယ်အို​များ​ကို အသင်းတော်​ရှိသူ​အားလုံး မေတ္တာပြ​နိုင်