မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ကြီးရွယ်အိုများ—ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းရှိ အဖိုးတန်သူများ

သက်ကြီးရွယ်အိုများ—ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းရှိ အဖိုးတန်သူများ

သက်ကြီးရွယ်အို​များ—ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ရှိ အဖိုးတန်​သူများ

‘ထာဝရ​ဘုရားသခင်​၏​အိမ်တော်၌​စိုက်​ပျိုး​သော​သူတို့သည် ... ပွင့်လန်း​ကြလိမ့်မည်။ အသက်​ကြီးသော​ကာလ​တွင်​ပင် အသီးကို​သီး​၍ ကြွယ်ဝ​စိမ်းလန်း​ကြလိမ့်မည်။’—ဆာလံ ၉၂:၁၃၊ ၁၄

၁။ သက်ကြီးရွယ်အို​များ​ကို လူအများ မည်သို့​ရှုမြင်ကြ​သနည်း။

ယေဟောဝါ​သည် အသက်​ကြီးရင့်​လာ​သူများ​အပါအဝင် မိမိ၏​သစ္စာရှိ​ကျေးကျွန်​အားလုံး​ကို ချစ်တော်မူ​၏။ သို့သော် နိုင်​ငံ့​ခန့်မှန်းချက်​တစ်ခု​အရ အမေရိကန်​ပြည်ထောင်စု​ရှိ သက်ကြီးရွယ်အို သန်း​တစ်ဝက်​နီးပါး​သည် နှစ်စဉ် မတော်မတရား​ပြု​ခံရ သို့​မဟုတ် ပစ်ပယ်​ခံ​နေရ​သည်။ ကမ္ဘာ​တစ်ဝန်း​မှ အလားတူ​သတင်း​များ​အရ သက်ကြီးရွယ်အို​များ​ကို မတော်မတရား​ပြုခြင်း​သည် ကမ္ဘာချီ​ပြဿနာ​ဖြစ်​နေကြောင်း သိရ​သည်။ ဤ​ပြဿနာ​၏​ရင်းမြစ်ကို အဖွဲ့အစည်း​တစ်ခု​က ဤသို့​ဆို​၏– “ဇ​ရာ​အို​များသည် အသုံးမကျ၊ အကျိုး​မဖြစ်​ထွန်း​ဘဲ သူတစ်ပါးကို မှီခို​အားထား​လွန်း​သည်​ဟူသော သဘောထား လူ​တို့​တွင် ပျံ့နှံ့​လျက်​ရှိသည်။”

၂။ (က) မိမိ၏​တည်ကြည်သော ဇ​ရာ​အို​ကျေးကျွန်​များ​ကို ယေဟောဝါ​မည်သို့​ရှုမြင်​သနည်း။ (ခ) ဆာလံ ၉၂:၁၂-၁၅ တွင် အဘယ်​စိတ်​တက်ကြွ​ဖွယ်​ဖော်ပြချက်​ကို တွေ့ရ​သနည်း။

ယေဟောဝါ​ဘုရားသခင်​သည် တည်ကြည်သော သက်ကြီးရွယ်အို​ကျေးကျွန်​များ​ကို တန်ဖိုး​ထား​တော်​မူ​၏။ ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​ကာယရေး မစွမ်းဆောင်​နိုင်​မှုများ​ထက် “အတွင်းလူ” ဖြစ်သည့် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အခြေအနေ​ကို အာရုံစိုက်​တော်​မူ​သည်။ (၂ ကောရိန္သု ၄:၁၆) ကိုယ်တော်​၏​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​တွင် စိတ်​တက်ကြွ​ဖွယ် ဤ​အာမခံချက်ကို ကျွန်ုပ်​တို့ တွေ့ရှိ​ရသည်– “ဖြောင့်မတ်​သော​သူသည် စွန်ပလွံ​ပင်​ကဲ့သို့​ပွင့်လန်း​၍ လေဗနုန်​တောင်ပေါ်​မှာ အာရဇ်ပင်​ကဲ့သို့​ကြီးပွား​လိမ့်​မည်။ ထာဝရ​ဘုရား[သခင်]၏​အိမ်တော်၌ စိုက်​ပျိုး​သော​သူတို့သည် ငါ​တို့​ဘုရားသခင်​၏​တံတိုင်း​တော်​တွင် ပွင့်လန်း​ကြလိမ့်မည်။ အသက်​ကြီးသော​ကာလ​တွင်​ပင် အသီးကို​သီး​၍ ကြွယ်ဝ​စိမ်းလန်း​ကြလိမ့်မည်။ ထိုသို့​အားဖြင့် ... ထာဝရ​ဘုရား[သခင်]သည် ဖြောင့်မတ်​တော် ... မူ​သည်​ဟု ထင်ရှား [ဖော်ပြ] လိမ့်​သတည်း။” (ဆာလံ ၉၂:၁၂-၁၅) ဤ​အခန်းငယ်​များ​ကို စဉ်းစား​သုံးသပ်ခြင်း​ဖြင့် အသင် အသက်ကြီးသူ​များသည် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​အတွက် အဖိုးတန်​သူများ​ဖြစ်​နိုင်​သည့်​ကဏ္ဍ​များ​ကို သိရှိ​ရ​ပါ​လိမ့်​မည်။

‘အသက်​ကြီးသော​ကာလ​တွင် အသီး,သီးခြင်း’

၃။ (က) ဖြောင့်မတ်​သူများကို စွန်ပလွံ​ပင်​များနှင့် အဘယ်ကြောင့် ခိုင်းနှိုင်း​ထား​သနည်း။ (ခ) သက်ကြီးရွယ်အို​များသည် မည်သို့ ‘အသက်​ကြီးသော​ကာလ​တွင် အသီးကို​သီး’ နိုင်​သနည်း။

ဆာလံဆရာ​သည် ဖြောင့်မတ်​သူများကို ‘ငါ​တို့​ဘုရားသခင်​၏​တံတိုင်း​တော်​တွင် စိုက်​ပျိုး​ထားသော’ စွန်ပလွံ​ပင်​များနှင့် ခိုင်းနှိုင်း​ထား​သည်။ ထို​သူတို့သည် “အသက်​ကြီးသော​ကာလ​တွင်​ပင် အသီးကို​သီး” ကြ​၏။ ယင်းသည် အလွန်​အားရှိဖွယ်​ဖြစ်သည် မဟုတ်ပေ​လော။ ကျက်သရေ​ရှိ၍ ပင်စည်​ဖြောင့်သော စွန်ပလွံ​ပင်​များ​ကို ကျမ်းစာ​ခေတ်​ရှိ အရှေ့တိုင်း​ခြံဝင်း​များ​တွင် မြင်တွေ့​ရလေ့​ရှိသည်။ စွန်ပလွံ​ပင်​များသည် လှပ​တင့်တယ်​သည့်​အပြင် အသီး​လှိုင်လှိုင်​သီး​သောကြောင့် တန်ဖိုး​ထား​ခံရ​သည်၊ အချို့​စွန်ပလွံ​ပင်​များသည် အနှစ်​တစ်​ရာ​ကျော်​အထိ အသီး​ဆက်​သီး​တတ်၏။ * သင်သည် စစ်မှန်သောဝတ်ပြုရေးတွင် အခိုင်အမာ​ရပ်တည်​နေခြင်း​အားဖြင့် အလားတူ “ကောင်းသော​အကျင့်​အမျိုးမျိုး​တွင် အသီး,သီး​နေ” နိုင်​ပါ​သည်။—ကောလောသဲ ၁:၁၀က​ဘ။

၄၊ ၅။ (က) ခရစ်ယာန်​များသည် အဘယ်​အရေးပါသော​အသီးများ​ကို သီး​ရမည်​နည်း။ (ခ) “နှုတ်ခမ်း​အသီး” များ​သီး​ခဲ့​ကြသော ကျမ်းစာ​ထဲ​မှ သက်ကြီးရွယ်အို​များ​၏​ပုံ​နမူနာ​များ​ကို ဖော်ပြ​ပါ။

ယေဟောဝါ​သည် ကိုယ်တော်​နှင့် ကိုယ်တော့်​ရည်ရွယ်တော်မူချက်​များ​အကြောင်း ချီးမွမ်း​ပြောဆို​သည့်​စကား​များ​ဖြစ်သော “နှုတ်ခမ်း​အသီး” များ​ကို ခရစ်ယာန်​များ​အား သီးပွင့်​စေ​လို​ပါ​သည်။ (ဟေဗြဲ ၁၃:၁၅) ယင်းသည် ဇ​ရာ​အို​ဖြစ်နေ​သော သင်​နှင့် သက်ဆိုင်​ပါသလော။ အမှန်ပင်​သက်ဆိုင်​ပါ​၏။

သမ္မာကျမ်းစာ​တွင် ယေဟောဝါ​၏​နာမတော်​နှင့် ရည်ရွယ်ချက်များ​အကြောင်း ရဲစွမ်းသတ္တိ​ရှိ​ရှိ သက်သေခံ​ခဲ့​သော သက်ကြီးရွယ်အို​များ​၏​ပုံ​နမူနာ​များစွာ ပါရှိ​သည်။ ယေဟောဝါ​၏​ပရောဖက်​နှင့် ပြောရေးဆိုခွင့်​ရှိသူ​အဖြစ် တာဝန်​ခန့်အပ်​ခံရ​ချိန်​တွင် မောရှေ​သည် အသက် “ခု​နစ်​ဆယ်” ကျော်​နေပြီ။ (ဆာလံ ၉၀:၁၀; ထွက်မြောက်ရာ ၄:၁၀-၁၇) ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အကြောင်း အသက်​ကြီးရင့်သော ပရောဖက်​ဒံယေလ သက်သေ​မခံ​ဝံ့​ဘဲ မနေခဲ့ပါ။ နံရံ​ပေါ်​မှ အံ့ဖွယ်​လက်ရေး​စာ​၏ အနက်​ကို​ဖော်ပြ​ရန် ဗေလရှာဇာ​ဆင့်ခေါ်​သောအခါ ဒံယေလ​သည် အသက် ၉၀ ကျော်​ရှိ​လောက်ပြီ။ (ဒံယေလ​အခန်းကြီး ၅) သက်ကြီးရွယ်အို တမန်​တော်​ယောဟန်​ကော။ တည်ကြည်​စွာ အမှုထမ်းခဲ့​ချိန်​အကုန်ပိုင်း​၌ သူသည် “ဘုရားသခင့်​အကြောင်းကို​ပြော​ခြင်း၊ ယေရှု​အကြောင်း​သက်သေခံခြင်း​ကြောင့်” ပတ်မုကျွန်း​တွင် အကျဉ်း​ချ​ခံ​ခဲ့​ရသည်။ (ဗျာ. ၁:၉က​ဘ) သက်ကြီး​ပိုင်း​တွင် “နှုတ်ခမ်း​အသီး” များ​သီး​ခဲ့​ကြ​သည့် အခြားသော ကျမ်းစာ​ဇာတ်ကောင်​များ​ကိုလည်း သင်​သတိရ​ပေမည်။—၁ ဓမ္မ​ရာဇဝင် ၈:၁၊ ၁၀; ၁၂:၂; ၃ ဓမ္မ​ရာဇဝင် ၁၄:၄၊ ၅; လုကာ ၁:၇၊ ၆၇-၇၉; ၂:၂၂-၃၂

၆။ ယေဟောဝါ​သည် ဤ​နောက်ဆုံး​ကာလ​တွင် ပရောဖက်ပြု​ရန် “အသက်ကြီး​သော​သူတို့” ကို မည်သို့​အသုံးပြု​ခဲ့ပြီ​နည်း။

တမန်​တော်​ပေတရု​သည် ဟေဗြဲ​ပရောဖက်​ယောလ​ကို ကိုးကား​ပြီး ဤသို့​ကြေညာ​ခဲ့​သည်– “ဘုရားသခင်​က နောက်ဆုံးသော​နေ့ရက်​ကာလ​၌ [“အသက်ကြီး​သော​သူတို့” အပါအဝင်] လူမျိုးတကာ​တို့​အပေါ်​သို့ ငါ​၏​ဝိညာဉ်​တော်​ကို ငါ​သွန်းလောင်း​မည်။ ... [သူ]တို့သည် ပရောဖက်ပြု​ရ​ကြလိမ့်မည်။” (တမန်​တော် ၂:၁၇၊ ၁၈သမ္မာ; ယောလ ၂:၂၈) ထိုသို့​နှင့်​အညီ ဤ​နောက်ဆုံး​ကာလ​တွင် ယေဟောဝါ​သည် မိမိ၏​ရည်ရွယ်ချက်များ​ကို​ကြေညာ​ရန် ဝိညာဉ်​တော်​ဖွား​အတန်းအစား​နှင့် “အခြားသိုး” များ​မှ သက်ကြီးရွယ်အို​များ​ကို အသုံးပြု​တော်​မူ​ပြီ။ (ယောဟန် ၁၀:၁၆) သူတို့​ထဲ​မှ​အချို့​သည် ဘုရားသခင့်​နိုင်ငံတော်​အသီးများ​ကို ဆယ်စု​နှစ်ချီ၍ တည်ကြည်​စွာ သီးပွင့်​ခဲ့​ကြပြီ။

၇။ သက်ကြီးရွယ်အို​များသည် ကာယရေး​အရ မစွမ်းဆောင်​နိုင်ရာ​များ​ရှိသော်လည်း ဘုရားသခင့်​နိုင်ငံတော်​အသီးကို မည်သို့​ဆက်​သီးပွင့်​နေကြ​ကြောင်း ဥပမာ​ပေး​ပါ။

၁၉၄၁ ခုနှစ်​တွင် အချိန်ပြည့်​နိုင်ငံတော်​ကြေညာသူ​တစ်ဦး​ဖြစ်​ခဲ့​သော ဆို​နီ​ယာ​အကြောင်း သုံးသပ်ကြည့်​ပါ။ နာတာရှည်​ရောဂါ​သည်​ဖြစ်နေ​သော်လည်း သူ၏​နေအိမ်​တွင် ကျမ်းစာ​သင်အံမှုများ​စွာ​ကို သူ မှန်မှန်​ကျင်းပ​ခဲ့​သည်။ “သတင်းကောင်း​ဟောပြောခြင်း​ဟာ ကျွန်မ​ဘဝရဲ့ ကဏ္ဍ​တစ်ခု​ပဲ။ တကယ်တော့ အဲဒီ​အတွက် ကျွန်မ​အသက်ရှင်​တာ။ ကျွန်မ ဘယ်တော့မှ မဟောဘဲ​မနေဘူး” ဟု​ဆို​နီ​ယာ​ရှင်းပြသည်။ မကြာသေးမီ​က ဆို​နီ​ယာ​နှင့် သူ့​အစ်မ​သြ​လ​စ်ဗ်​တို့သည် ဆေးရုံ​စောင့်ဆိုင်း​ခန်း​တွင် သူတို့​ဆုံတွေ့​ခဲ့​သော ရောဂါ​ကျွမ်း​နေ​သူ ဂျဲနက်​အား သမ္မာ​ကျမ်းစာ​ပါ မျှော်လင့်ချက်ကို ပြောပြ​ခဲ့​သည်။ ဘာသာ​တရား​ကိုင်းရှိုင်း​သူ​ဖြစ်သော ဂျဲနက်​၏​မိခင်​သည် သူ၏​သမီး​အား ဤသို့​မေတ္တာပြ​သည်ကို အလွန်​အားရ​သွား​၍ အိမ်တွင်း​ကျမ်းစာ​သင်အံမှု လက်ခံခဲ့​ရာ ယခု အထူး​တိုးတက်​လျက်​ရှိသည်။ အသင်​လည်း ဘုရားသခင့်​နိုင်ငံတော်​အသီးကို​သီး​ရန် အလားတူ အခွင့်ကောင်း​များ​ယူ​နိုင်​မည်​လော။

၈။ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း ဇ​ရာ​အို​ကာလက် မည်သို့​တင်ပြ​ခဲ့​သနည်း၊ သက်ကြီးရွယ်အို​ခရစ်ယာန်​များသည် သူ၏​ပုံသက်သေ​ကို မည်သို့​တုပ​နိုင်​သနည်း။

ဇ​ရာ​ထောင်း​မှု​ကြောင့် မစွမ်းဆောင်​နိုင်ရာ​များ​ရှိလာ​သော်လည်း ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို မဆုတ်မနစ်​ဇွဲ​ဖြင့် ရဲရင့်စွာ​လုပ်ဆောင်နေ​ခြင်း​အားဖြင့် သက်ကြီးရွယ်အို​ခရစ်ယာန်​များသည် မောရှေ​နှင့်​အနှစ်​လေးဆယ် တောလမ်း​လျှောက်ခဲ့​သော တည်ကြည်သူ ဣသရေလ​အမျိုးသား ကာလက်​၏​ခြေရာ​ကို လိုက်နေ​ကြသည်။ ကတိထားရာပြည်​ထဲ​ဝင်ရန် ယော်ဒန်​မြစ်ကို​ဖြတ်ကူး​ချိန်​တွင် ကာလက်​သည် အသက် ၇၉ နှစ်​ရှိ​လေ​ပြီ။ သူသည် အောင်ပွဲခံ ဣသရေလတပ်​သား​တစ်ဦး​အဖြစ် ခြောက်​နှစ်​တိုင် စစ်တိုက်​ခိုက်ပြီး​နောက် ရရှိ​သည့်​ဂုဏ်ဒြပ်​ဖြင့် အေးအေးဆေးဆေး​နေနိုင်​ပါ​သည်။ သို့သော် ထိုသို့​သူ​မနေ​ခဲ့​ဘဲ အလွန်​ထွားကျိုင်း​သော အာနက​အမျိုးသားများ​နေထိုင်ရာ ယုဒပြည် တောင်တန်း​ဒေသ​ရှိ “ကြီးမား​ခိုင်ခံ့​သော​မြို့” များ​ကို တိုက်ခိုက်​သိမ်းပိုက်​ဖို့ ခက်ခဲ​သော​တာဝန်​ကို သူ​သတ္တိရှိရှိ​တောင်းဆို​ခဲ့​သည်။ ကာလက်​သည် ယေဟောဝါ​၏​အကူအညီ​ဖြင့် “ထာဝရ​ဘုရား[သခင်] ... အမိန့်တော်​ရှိသည်​အတိုင်း ထို​သူတို့ကို နှင်ထုတ်” ခဲ့​သည်။ (ယောရှု ၁၄:၉-၁၄; ၁၅:၁၃၊ ၁၄) ယေဟောဝါ​သည် ကာလက်​နှင့်အတူ​ရှိခဲ့​သကဲ့သို့ အသက်​ကြီးရင့်​ချိန်​၌ ဘုရားသခင့်​နိုင်ငံတော်​အသီးကို သင်​ဆက်၍​သီးပွင့်​နေစဉ် သင်​နှင့်​လည်း​အတူ​ရှိ​မည်​ဖြစ်​ကြောင်း စိတ်ချ​ပါ။ သင်သည် ဆက်၍​တည်ကြည်​မည်​ဆိုလျှင် ကိုယ်တော်​ကတိထားရာ ကမ္ဘာသစ်​တွင် သင့်​အား နေရာ​တစ်​နေရာ ပေးသနား​ပါ​လိမ့်​မည်။—ဟေရှာယ ၄၀:၂၉-၃၁; ၂ပေတရု ၃:၁၃။

“ကြွယ်ဝ​စိမ်းလန်း​ကြလိမ့်မည်”

၉၊ ၁၀။ ဇ​ရာ​အို​ခရစ်ယာန်​များသည် ယုံကြည်ခြင်း​ကျန်း​ခံ့​ပြီး ဝိညာဉ်​ခွန်အား​ကို မည်သို့​ဆက်​ထိန်းထား​ကြ​သနည်း။ (စာမျက်နှာ ၁၃ မှ​လေးထောင့်ကွက်​ကို​ရှု။)

ယေဟောဝါ​၏ သက်ကြီးရွယ်အို​ကျေးကျွန်​များ​၏ တည်ကြည်မှု​ကို အသိအမှတ်ပြု​စေလို၍ ဆာလံဆရာ ဤသို့​သီဆို​ခဲ့​သည်– “ဖြောင့်မတ်​သော​သူသည် စွန်ပလွံ​ပင်​ကဲ့သို့ ပွင့်လန်း​၍ လေဗနုန်​တောင်ပေါ်​မှာ အာရဇ်ပင်​ကဲ့သို့​ကြီးပွား​လိမ့်​မည်။ အသက်​ကြီးသော​ကာလ​တွင်​ပင် အသီးကို​သီး​၍ ကြွယ်ဝ​စိမ်းလန်း​ကြလိမ့်မည်။”—ဆာလံ ၉၂:၁၂၊ ၁၄

၁၀ တဖြည်းဖြည်း​အသက်​ကြီးရင့်​လာ​သော်လည်း သင်၏​ဝိညာဉ်​ခွန်အား​ကို မည်သို့​ဆက်​ထိန်းထား​နိုင်​သနည်း။ စွန်ပလွံ​ပင်​သည် နှစ်ပေါင်း​များစွာ လှပ​တင့်တယ်​နေခြင်း​၏​လျှို့ဝှက်ချက်​မှာ ရေချို​ဖောဖောသီသီ​ရခြင်း​ဖြစ်သည်။ အလားတူ သင်သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာခြင်း​နှင့် ကိုယ်တော့်​အဖွဲ့အစည်း​နှင့်​ပေါင်းသင်း​ခြင်း​အားဖြင့် ကျမ်းစာ​အမှန်တရား​ရေ​မှ အာဟာရ,ရယူ​နိုင်​သည်။ (ဆာလံ ၁:၁-၃; ယေရမိ ၁၇:၇၊ ၈) သင့်​တွင် ဝိညာဉ်​ခွန်အား​ရှိနေခြင်း​ကြောင့် သင်သည် ယုံကြည်သူချင်း​များ​အတွက် အဖိုးတန်​သူ​ဖြစ်သည်။ အသက်အရွယ်​ကြီးရင့်​သူ ယဇ်ပုရောဟိတ်မင်း​ယောယဒ​၏​အဖြစ်​က ယင်းကို မည်သို့​သက်သေထူ​ကြောင်း သုံးသပ်ကြည့်​ပါ။

၁၁၊ ၁၂။ (က) ယောယဒ​သည် ယုဒ​နိုင်ငံ​သမိုင်း​တွင် အဘယ်​အရေးပါသော​အခန်းကဏ္ဍ​မှ ပါဝင်​ခဲ့​သနည်း။ (ခ) ယောယဒ​သည် စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​ရန် သူ၏​သြဇာ​ကို မည်သို့​သုံးခဲ့​သနည်း။

၁၁ ရည်မှန်းချက်​ကြီး​လွန်း​သော မိဖုရား​အာသလိ​သည် သူ၏​မြေး​အရင်း​ခေါက်​ခေါက်​တို့ကို သုတ်သင်​ပယ်ရှင်း​ပြီး ယုဒပြည်​ကို​အာဏာ​သိမ်း​ချိန်​တွင် ယောယဒ​သည် အသက်​တစ်​ရာ​ကျော်​လောက်ပြီ။ သက်ကြီးရွယ်အို​ယောယဒ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ သူနှင့် သူ၏​ဇနီးသည် လွတ်မြောက်​ကျန်ရစ်​သည့် တစ်ဦးတည်း​သော နန်း​မွေ​ခံ​ယောရှ​ကို ဝတ်ပြုရာ​အိမ်တော်၌ ခြောက်​နှစ်​တိုင် ဝှက်ထား​ခဲ့​၏။ ထို့နောက် ယောယဒ​သည် ခု​နစ်​နှစ်​သား​ယောရှ​အား ရှင်ဘုရင်​အဖြစ် လျှပ်​တစ်​ပြ​က်​ကြေညာ​ပြီး အာသလိ​ကို ကွပ်မျက်​စေ​ခဲ့​သည်။—၂ရာဇဝင်ချုပ် ၂၂:၁၀-၁၂; ၂၃:၁-၃၊ ၁၅၊ ၂၁။

၁၂ ရှင်ဘုရင်​ကို စောင့်ရှောက်​အုပ်ထိန်းသူ​အနေ​နှင့် ယောယဒ​သည် သူ၏​သြဇာ​ဖြင့် စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​ပေး​ခဲ့​သည်။ “ရှင်ဘုရင်​နှင့်​လူအပေါင်း​တို့သည် ထာဝရ​ဘုရား[သခင်]၏​လူ​ဖြစ်​ရမည်​အကြောင်း ယောယဒ​သည် မိမိ​ထံ​၌​ပဋိညာဉ်ဖွဲ့​စေ​၏။” ယောယဒ​၏​အမိန့်​ဖြင့် လူတို့သည် မှားယွင်းသော​ဗာလ​ဘုရား​၏​အိမ်တော်ကို ဖြိုဖျက်​ကာ ၎င်း​၏ ယဇ်​ပလ္လင်​များ၊ ရုပ်ပုံများ​နှင့် ယဇ်ပုရောဟိတ်​များ​ကို ပယ်ရှင်း​လိုက်​ကြ​၏။ ယောယဒ​၏​လမ်းညွှန်မှု​အတိုင်း ယောရှ​သည် ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်းများ​ကို နဂို​အတိုင်း​ပြန်​ဖြစ်စေ​ပြီး အတော်ပင်​လိုအပ်​နေသော ပြုပြင်ခြင်း​လုပ်ငန်း​ကို လုပ်ဆောင်ခဲ့​သည်။ “ယဇ်ပုရောဟိတ်​ယောယဒ သွန်သင်သော​ကာလပတ်လုံး ယောရှ​သည် ထာဝရ​ဘုရား[သခင်]ရှေ့တော်၌ တရားသော​အမှုကိုပြု​၏။” (၂ ရာဇဝင်ချုပ် ၂၃:၁၁၊ ၁၆-၁၉; ၂၄:၁၁-၁၄; ၄ ဓမ္မ​ရာဇဝင် ၁၂:၂) အသက် ၁၃၀ တွင် ယောယဒ​ကွယ်လွန်​သောအခါ သူသည် “ဣသရေလ​လူမျိုး​တွင် ဘုရားသခင့်​အမှုတော်​နှင့် အိမ်တော်​အမှုကို ကောင်းမွန်​စွာ​ဆောင်ရွက်​သော​သူ​ဖြစ်” သောကြောင့် ရှင်ဘုရင်​တို့​နှင့်အတူ သင်္ဂြိုဟ်​ခံရ​သည့် အထူး​ဂုဏ်ပြုခြင်း​ခံ​ခဲ့​ရသည်။—၂ ရာဇဝင်ချုပ် ၂၄:၁၅၊ ၁၆သမ္မာ။

၁၃။ အသက်​ကြီးရင့်သော​ခရစ်ယာန်​များသည် မည်သို့ ‘စစ်မှန်သော​ဘုရားသခင်​နှင့် ကိုယ်တော့်​အိမ်တော်​အမှုကို ကောင်းမွန်​စွာ​ဆောင်ရွက်’ နိုင်​သနည်း။

၁၃ ကျန်းမာ​ရေး​မကောင်းခြင်း သို့​မဟုတ် အခြားသော​အခြေအနေ​များ​ကြောင့် သင်သည် စစ်မှန်သော​ဝတ်ပြုရေးကို တိုးမြှင့်​ပေး​လို​သလော​က် မပြု​လုပ်နိုင်​ဘဲ​နေ​ပေမည်။ ထိုသို့​ဖြစ်​လျှင်​ပင် သင်သည် ‘စစ်မှန်သော​ဘုရားသခင်​နှင့် ကိုယ်တော့်​အိမ်တော်​အမှုကို ကောင်းမွန်​စွာ​ဆောင်ရွက်’ နိုင်​ပါ​သည်။ အသင်းတော်​အစည်းအဝေး​များ​ကို တက်ရောက်၊ ပါဝင်​ဖြေဆိုခြင်း​နှင့် လယ်ကွင်း​ဓမ္မ​အမှု​တွင် တတ်နိုင်​သ၍ ပါဝင်ခြင်း​အားဖြင့် ယေဟောဝါ​၏​ဝိညာဉ်​ရေး​အိမ်တော်​အတွက် ဇွဲ​ကို​တင်ပြ​နိုင်​ပါ​သည်။ ကျမ်းစာ​သွန်သင်ချက်​ကို တလိုတလား သင်​လက်ခံခြင်း​နှင့် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ နှင့် အသင်းတော်ကို တည်ကြည်​စွာ​ထောက်မခြင်း​တို့​က ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ကို အားရှိစေ​ပါ​လိမ့်​မည်။ (မဿဲ ၂၄:၄၅-၄၇) ထို့​ပြင် “မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို​ကျင့်​စေခြင်း​ငှာ​လည်းကောင်း” ဝတ်ပြုသူချင်းများ​ကို အားပေးနိုင်​သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅; ဖိလေမုန် ၈၊ ၉) “အသက်​ကြီးရင့်သော​ယောက်ျား​တို့သည် [ကောင်းသော]သတိရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ တည်ကြည်သော​သူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း​၌​စိတ်​ထက်သန်​သော​သူ ဖြစ်​ရ​ကြ​မည်​အကြောင်း၊ ထို​နည်းတူ အသက်​ကြီးရင့်သော​မိန်းမ​တို့သည် အမူအရာ​မှာ [ခရစ်ယာန်]ဓမ္မ​အမှု​နှင့်​ထိုက်တန်​သော​သူ၊ မ​ချောစား​တတ်သော​သူ၊ သောက်ကြူး​ခြင်း​ဖြင့် စပျစ်​ရည်​၌​ကျွန်မ​ခံ​သော​သူ၊ ကောင်းသော​အရာ​ကို​သင်ပေး​တတ်သော​သူ ကိုယ်တိုင်​ဖြစ်” ကြလော့​ဟူသော တမန်​တော်​ပေါလု​၏​ဆုံးမ​စကား​နှင့်​အညီ ပြုမူ​လုပ်ဆောင်​မည်​ဆိုလျှင် သင်သည် အခြားသူများ​အတွက် ကောင်းချီး​တစ်ရပ်​ဖြစ်ပါ​လိမ့်​မည်။—တိတု ၂:၂-၄သမ္မာ။

၁၄။ စစ်မှန်သော​ဝတ်ပြုရေးကို တိုးမြှင့်​ပေး​ရန် သက်တမ်းကြာ​ခရစ်ယာန်​ဦးစီး​ကြီးကြပ်မှူး​များ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၁၄ အသင်​သည် အသင်းတော်​အကြီးအကဲ​တစ်ဦး​အဖြစ် နှစ်ပေါင်း​များစွာ အမှုထမ်းခဲ့​ပြီ​လော။ လုပ်​သက်​ကြာပြီ​ဖြစ်သော အသင်းတော်​အကြီးအကဲ​တစ်ဦး၏ အကြံပြုချက်​မှာ ဤသို့​ဖြစ်သည်– “နှစ်များ​တစ်လျှောက် သင်​ရရှိ​ထားသော​ဉာဏ်ပညာ​ကို ကိုယ်ကျိုးမဖက် အသုံးပြုပါ။ တာဝန်​များ​ကို ခွဲ​ဝေပေး​ပါ၊ သင်၏​အတွေ့အကြုံကို သင်ယူ​လို​စိတ်​ရှိ​သူများ​အား ဝေမျှပေး​ပါ။ ... အခြားသူများ​၏​စွမ်းရည်​ကို သိမြင်​ပါ။ အဆိုပါ​စွမ်းရည်​ကို တိုးတက်​ထင်ရှားစေ​ပြီး ပြုစု​ပျိုးထောင်​ပေး​ပါ။ အနာဂတ်​အတွက် ပြင်ဆင်​ပါ။” (တရားဟောရာ ၃:၂၇၊ ၂၈) အစဉ်​တိုးချဲ့​လျက်​ရှိသော ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို သင်​အမှန်တကယ် စိတ်ဝင်စားခြင်း​က ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ရှိ အခြား​သူများကို များစွာ​အကျိုးပြု​ပါ​လိမ့်​မည်။

‘ယေဟောဝါ​သည် ဖြောင့်မတ်​တော်​မူ​၏​ဟု ဖော်ပြ​ကြ’

၁၅။ သက်ကြီးရွယ်အို​ခရစ်ယာန်​များသည် ‘ယေဟောဝါ​သည် ဖြောင့်မတ်​တော်​မူ​၏’ ဟု​မည်သို့ ‘ဖော်ပြ’ ကြ​သနည်း။

၁၅ ‘ယေဟောဝါ​သည် ဖြောင့်မတ်​တော်​မူ​၏​ဟု ဖော်ပြ’ ရမည့်​တာဝန်​ကို ဘုရားသခင်​၏ သက်ကြီးရွယ်အို​ကျေးကျွန်​များ ရွှင်လန်းစွာ ဆောင်ရွက်​ကြသည်။ အသင်​သည် သက်ကြီးရွယ်အို​ခရစ်ယာန်​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ‘သင်၏​ကျောက် ယေဟောဝါ​သည် မတရားသော​အမှု​နှင့် ကင်းလွတ်​တော်​မူ’ ကြောင်း သင်၏​အပြောအဆို၊ အပြုအမူအားဖြင့် တင်ပြ​နိုင်​ပါ​သည်။ (ဆာလံ ၉၂:၁၅) စွန်ပလွံ​ပင်​သည် ဖန်ဆင်း​ရှင်​၏ အမြင့်မြတ်ဆုံး​အရည်အသွေးများ​ကို အသံတိတ်​သက်သေခံ​သည်။ သို့သော် ယေဟောဝါ​သည် စစ်မှန်သော​ဝတ်ပြုရေးကို ယခု ယုံကြည်​သက်ဝင်လာ​ကြ​သူတို့အား မိမိ​အကြောင်း သက်သေ​ခံရန်​အခွင့်ထူး​ကို သင့်​အား ပေးသနား​ထား​တော်​မူ​ပြီ။ (တရားဟောရာ ၃၂:၇; ဆာလံ ၇၁:၁၇၊ ၁၈; ယောလ ၁:၂၊ ၃) ဤသို့​သက်သေခံဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၆။ ‘ယေဟောဝါ​သည် ဖြောင့်မတ်​တော်​မူ​၏​ဟု ဖော်ပြခြင်း’ သည်​အရေးကြီးကြောင်း အဘယ်​ကျမ်းစာ​ပုံ​နမူနာ​က သရုပ်ဖော်​သနည်း။

၁၆ ဣသရေလ​ခေါင်းဆောင် ယောရှု​သည် “အသက်ကြီး​၍​အိုမင်း” သောအခါ ဘုရားသခင်​၏​ဖြောင့်မတ်​သော​လုပ်ရပ်များ​ကို ပြန်သတိရ​စေရန် “ဣသရေလ​အမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိ​သော​သူများ​နှင့်​တကွ အမျိုးသား​အပေါင်း​တို့ကို​ခေါ်” ခဲ့​သည်။ သူ​ဤသို့​ဆို​သည်– “သင်တို့၏​ဘုရားသခင် ... သည် သင်တို့​အဖို့​မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ မယုတ်​မ​လျော့၊ အကုန်အစင်​ပြည့်စုံ ... ကြ​၏။” (ယောရှု ၂၃:၁၊ ၂၊ ၁၄) အဆိုပါ​စကား​များ​က လူ​တို့အား တစ်ခဏမျှ တည်ကြည်​စေ​ခဲ့​သည်။ သို့သော် ယောရှု​သေ​ပြီး​နောက် “ထာဝရ​ဘုရား[သခင်]ကိုလည်း​ကောင်း၊ ဣသရေလ​အမျိုး​အဖို့​ပြု​တော်​မူ​သော အမှုတို့​ကိုလည်း​ကောင်း မသိသော​နောင်​ကာလ​အမျိုးသား​တို့သည် ပေါ်လာ​ကြ​၏။ ထို​ကာလ​အခါ ဣသရေလ​အမျိုးသား​တို့သည် ထာဝရ​ဘုရား[သခင်]ရှေ့တော်၌ [မကောင်းမှု]ပြု​၍ ဗာလ​ဘုရား​တို့ကို ဝတ်ပြု​ကြ​၏။”—တရားသူကြီး ၂:၈-၁၁

၁၇။ ယေဟောဝါ​သည် မျက်မှောက်ခေတ်တွင် မိမိ၏​လူမျိုးတော်​နှင့် မည်သို့​ဆက်ဆံ​ခဲ့ပြီ​နည်း။

၁၇ မျက်မှောက်ခေတ်​ခရစ်ယာန်​အသင်းတော်​၏ တည်ကြည်မှု​သည် ဘုရားသခင့်​သက်ကြီးရွယ်အို​ကျေးကျွန်​များ​၏ သက်သေ​ထွက်ဆိုချက်​အပေါ် မူ​မတည်​ပါ။ သို့​တိုင် ဤ​နောက်ဆုံး​ကာလ​တွင် မိမိ၏​လူမျိုးတော်​အတွက် ယေဟောဝါ​ပြု​တော်​မူ​လျက်​ရှိသော “အမှု​ကြီး” များ​အကြောင်းကို ကျွန်ုပ်​တို့​ကိုယ်တွေ့ ကြားသိ​ရသောအခါ ကိုယ်တော်​နှင့် ကိုယ်တော့်​ကတိတော်​များ​ကို တိုး၍​ယုံကြည်​လာ​ပါ​သည်။ (တရားသူကြီး ၂:၇; ၂ ပေတရု ၁:၁၆-၁၉) အသင်​သည် ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့် နှစ်ပေါင်း​များစွာ​ပေါင်းသင်း​ခဲ့ပြီ​ဖြစ်​လျှင် သင့်​ဒေသ၊ သင့်​နိုင်ငံ​တွင် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ အနည်းငယ်​မျှ​သာ​ရှိခဲ့​သည့်​အချိန် သို့​မဟုတ် ဟောပြောခြင်း​လုပ်ငန်း အပြင်းအထန် အတိုက်အခံ​ကြုံ​ခဲ့​ရချိန်​တို့ကို ပြန်သတိရ​ပေမည်။ နှစ်များ​ကုန်လွန်​လာ​လေ​သော် ယေဟောဝါ​သည် အချို့​သော​အတားအဆီး​များ​ကို ဖယ်ရှားပစ်​ပြီး ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ‘အရှိန်အဟုန်​ဖြင့်​မြှင့်တင်’ ပေး​ကြောင်း တွေ့မြင်​ခဲ့​ပေ​ပြီ။ (ဟေရှာယ ၅၄:၁၇; ၆၀:၂၂) ကျမ်းစာ​အမှန်တရား ပိုမို​ရှင်းလင်း​လာ၍ ဘုရားသခင့်​မျက်မြင်ရ​အဖွဲ့အစည်း​သည် အဆင့်ဆင့်​တိုးတက်​ပြုပြင်​လာ​သည်ကို​လည်း သင်​တွေ့မြင်​ခဲ့ပြီ​ဖြစ်​မည်။ (သု. ၄:၁၈; ဟေရှာယ ၆၀:၁၇) ယေဟောဝါ​၏​ဖြောင့်မတ်​သော​လုပ်ရပ်များနှင့်​ပတ်သက်​၍ သင်၏​တွေ့ကြုံမှု​များ​ကို အခြားသူများ​အား ပြောပြ​ခြင်း​အားဖြင့် အားပေး​တည်ဆောက်​ရန် ကြိုးစား​သလော။ ဤသို့​ပြုလုပ်ခြင်း​သည် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ကို အလွန်​အားတက်စေ​၍ ခွန်အား​ရှိစေသည်​တကား!

၁၈။ (က) ‘ယေဟောဝါ​သည် ဖြောင့်မတ်​တော်​မူ​၏​ဟု ဖော်ပြခြင်း’ ၏​ရေရှည်​အကျိုးကျေးဇူး​ကို ဥပမာ​ပေး​ပါ။ (ခ) ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​ကို အသင်​ကိုယ်တိုင် မည်သို့​ကြုံတွေ့​ဖူး​သနည်း။

၁၈ သင့်ကိုယ်​ရေး​ကိုယ်တာ​ကိစ္စ​တွင် ယေဟောဝါ​၏​မေတ္တာပါ​သော စောင့်ရှောက်မှု၊ လမ်းပြမှု ရရှိခဲ့​ချိန်​များ​၌​ကော။ (ဆာလံ ၃၇:၂၅; မဿဲ ၆:၃၃; ၁ ပေတရု ၅:၇) မာသ​အမည်​ရှိသော သက်ကြီးရွယ်အို​ညီအစ်မ​တစ်ဦး​သည် အခြား​သူများကို ဤသို့​အားပေး​လေ့​ရှိသည်– “ဘာတွေ​ပဲ​ဖြစ်​နေပါ​စေ၊ ယေဟောဝါ​ကို ဘယ်တော့မှ​မစွန့်​ပါ​နဲ့။ သင့်ကို ကိုယ်တော်​ထောက်မပါ​လိမ့်မယ်။” ဤ​အကြံပေး​ချက်​သည် ၁၉၆၀ ပြည့်လွန်​နှစ်​အစောပိုင်း​၌ နှစ်ခြင်း​ခံ​ခဲ့​သော မာသ​၏​ကျမ်းစာ​သင်သား​တစ်ဦး​ဖြစ်သူ တော်​လ်​မီး​နာ​အပေါ် များစွာ​အကျိုး​သက်ရောက်​ခဲ့​သည်။ တော်​လ်​မီး​နာ​က ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​ရဲ့​ခင်ပွန်း​ဆုံး​သွားတော့ ကျွန်မ တော်တော်လေး​စိတ်ဓာတ်ကျ​ခဲ့​တယ်၊ ဒါပေမဲ့ မာသရဲ့​စကား​ကို​သတိ​ရပြီး အစည်းအဝေး​တစ်ခု​မှ မပျက်​ဖို့ ကျွန်မ​စိတ်ပိုင်းဖြတ်​ခဲ့​တာ။ ဆက်လက်​ရပ်တည်​နိုင်​ဖို့ ကျွန်မ​ကို​ယေဟောဝါ တကယ်ပဲ​ခွန်​အားပေးခဲ့တယ်။” တော်​လ်​မီး​နာ​ကိုယ်တိုင် သူ၏​ကျမ်းစာ​သင်သားများ​ကို နှစ်များ​တစ်လျှောက် အလားတူ​အကြံပေး​ခဲ့ပြီ။ အခြား​သူများကို အားပေးခြင်း၊ ယေဟောဝါ​၏​ဖြောင့်မတ်​သော​လုပ်ရပ်များ​ကို ဖော်ပြ​ပြောဆိုခြင်း​အားဖြင့် ယုံကြည်သူချင်း​တို့၏ ယုံကြည်ခြင်းကို များစွာ​တည်ဆောက်​ပေး​နိုင်​ပါ​သည်။

တည်ကြည်သော​သက်ကြီးရွယ်အို​များ​ကို ယေဟောဝါ​တန်ဖိုး​ထား

၁၉၊ ၂၀။ (က) ယေဟောဝါ​သည် သက်ကြီးရွယ်အို​ကျေးကျွန်​များ​၏ လုပ်ဆောင်မှုများ​ကို မည်သို့​ရှုမြင်​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း သုံးသပ်ကြ​မည်​နည်း။

၁၉ ကျေးဇူး​တင်​စိတ်​ကင်းမဲ့​သော မျက်မှောက်ခေတ်​လောကသည် သက်ကြီးရွယ်အို​များ​ကို ထည့်​မစဉ်း​စား​ကြ​ချေ။ (၂ တိမောသေ ၃:၁၊ ၂) သူတို့​အကြောင်း ထည့်​စဉ်းစား​လျှင်​လည်း များသောအားဖြင့် အတိတ်​က သူတို့၏​ဖြစ်မြောက်မှု​များနှင့်​ပတ်သက်​သည်၊ ယခု သူတို့​လုပ်ဆောင်နေ​ရာ​ကို သတိ​ရလေ့​မရှိ​ချေ။ သမ္မာကျမ်းစာ​က​မူ ဤသို့​ဆို​၏– “သင်တို့​လုပ်ဆောင်​သော​အလုပ်​မှ​စ၍ သန့်ရှင်းသူ​တို့ကို အထက်​က​လုပ်ကျွေး​သည်​သာမက ယခု​ပင်​လုပ်ကျွေး​ခြင်း​အမှုကို​လည်းကောင်း၊ ထိုသို့​ပြုသော​အားဖြင့် နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကိုလည်း​ကောင်း ဘုရားသခင်​သည်​မေ့လျော့​ရအောင် မတရားသော​အရှင်ဖြစ်​တော်​မူ​သည်မဟုတ်။” (ဟေဗြဲ ၆:၁၀သမ္မာ) မှန်ပါသည်၊ ယေဟောဝါ​ဘုရားသခင်​သည် အတိတ်​က သင်​ပြုလုပ်​ခဲ့​ရာ​များ​ကို သတိရ​ရုံ​မ​က ကိုယ်တော်​၏​လုပ်ငန်းတော်​၌ သင်​ဆက်လက်​ပြုလုပ်​နေရာ​တို့​ကြောင့်​လည်း သင့်ကို တန်ဖိုး​ထား​တော်​မူ​သည်။ မှန်​ပါ​၏၊ ကိုယ်တော်​သည် တည်ကြည်မှု​ရှိသော သက်ကြီးရွယ်အို​များ​ကို သီးပွင့်​ဖြစ်ထွန်း​သူများ၊ ဝိညာဉ်ရေးတွင် ကျန်းမာ​သန်စွမ်း​ပြီး စိတ်​ထက်သန်​သော​ခရစ်ယာန်​များ​အဖြစ်​ယူမှတ်​ရာ ကိုယ်တော်​၏​တန်ခိုးတော်​ကို ထင်ရှားစေ​သော သက်ရှိ​လူသား​သက်သေ​များ​အဖြစ် သူတို့ကို ကိုယ်တော်​ရှုမြင်တော်မူ​၏။—ဖိလိပ္ပိ ၄:၁၃

၂၀ ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ရှိ ကျွန်ုပ်​တို့၏​သက်ကြီးရွယ်အို​များ​ကို ယေဟောဝါ​ရှုမြင်​သကဲ့သို့ သင်​ရှုမြင်ပါ​သလော။ ထိုသို့​ရှုမြင်ပါ​က သူတို့ကို သင်​မေတ္တာပြ​ပါ​လိမ့်​မည်။ (၁ ယောဟန် ၃:၁၈) သူတို့၏​လိုအပ်ချက်​များ​ကို မေတ္တာပါပါ ဖြည့်စွက်​ပေး​နိုင်​သည့် လက်တွေ့ကျ​နည်းလမ်း​အချို့​ကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​ပါ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 စွန်ပလွံ​သီး​တစ်တွဲ​လျှင် အသီး​တစ်ထောင်​မျှ​ရှိ​နိုင်​ပြီး ၁၈ ပေါင် သို့​မဟုတ် ထို့​ထက်မက အလေးချိန်​ရှိသည်။ စာရေး​ဆရာ​တစ်ဦး​က “အသီးသီး​သော[စွန်ပလွံ]ပင်​တစ်ပင်​သည် ယင်း​၏​သက်တမ်း​တစ်လျှောက်​တွင် နှစ်​တန်၊ သုံး​တန်​မျှ​သော​အသီးများ​ကို ယင်း​၏​ပိုင်ရှင်​များ​အတွက် သီး​ပေး​ပေ​လိမ့်​မည်” ဟု​ခန့်မှန်း​သည်။

သင့်​အဖြေ​များ​ကား အဘယ်နည်း

သက်ကြီးရွယ်အို​များ မည်သို့ ‘အသီး,သီး’ ကြ​သနည်း။

သက်ကြီးရွယ်အို​ခရစ်ယာန်​များ​၏ ဝိညာဉ်​ခွန်အား​သည် အဘယ်ကြောင့် အဖိုးတန်​သော​အရာ​ဖြစ်သနည်း။

‘ယေဟောဝါ​သည် ဖြောင့်မတ်​တော်​မူ​၏’ ဟု သက်ကြီးရွယ်အို​များ မည်သို့ ‘ဖော်ပြ’ နိုင်​သနည်း။

ယေဟောဝါ​သည် မိမိ၏​သက်တမ်းကြာ​ကျေးကျွန်​များ​ကို အဘယ်ကြောင့်​တန်ဖိုး​ထား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

ယုံကြည်ခြင်း၌ သူတို့​ဆက်လက်​ကျန်း​ခံ့​နေကြ​ပုံ

ယုံကြည်ခြင်း၌​ကျန်း​ခံ့​နေပြီး ဝိညာဉ်​ခွန်အား ဆက်​ရှိနေ​ရန် သက်တမ်းကြာ​ခရစ်ယာန်​များ​ကို အဘယ်အရာက ကူညီ​ပေး​ခဲ့ပြီ​နည်း။ အချို့ ဤသို့​ပြောပြ​ကြသည်–

“ယေဟောဝါ​နဲ့ ကျွန်မ​တို့​ရဲ့​ဆက်ဆံ​ရေး​ကို အာရုံစိုက်​စေ​တဲ့ ကျမ်းချက်​တွေ​ဖတ်​တာ​က တော်​တော်​အရေးပါ​တယ်။ ဆာလံ ၂၃ နဲ့ ၉၁ ကို ကျွန်မ ည​တိုင်း​နီးပါး ရွတ်ဆို​တယ်။”—ဩ​လ​စ်ဖ်၊ ၁၉၃၀ ပြည့်နှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“နှစ်ခြင်း​ဟောပြောချက်​တိုင်း​ကို မပျက်​မ​ကွက် တက်ရောက်​ပြီး ကျွန်တော့်​အတွက် ဟော​နေတာ​လို့​ယူမှတ်​ပြီး အသေအချာ​နားထောင်တယ်။ ကျွန်တော့်​ကိုယ်ကို​ဆက်ကပ်​အပ်နှံ​ထား​တယ်လို့ ပီပီပြင်ပြင် အမြဲ​သတိရ​နေတာ​က ဆက်​တည်ကြည်​နိုင်​ဖို့ အရေးပါတဲ့​ခြေလှမ်း​ပဲ။”—ဟယ်ရီ၊ ၁၉၄၆ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“နေ့စဉ်​ဆုတောင်း​ဖို့ အရေးကြီးတယ်၊ ယေဟောဝါ​ရဲ့​အကူအညီ၊ ကာကွယ်​မှု​နဲ့ ကောင်းချီး​ကို အမြဲတမ်း တောင်းခံ​ပြီး ‘သွား​လေ​ရာ​ရာ​မှာ ကိုယ်တော်​ကို​မျက်မှောက်ပြု’ ဖို့​လိုတယ်။” (သု. ၃:၅၊ ၆)—အန်တိုနီယို၊ ၁၉၅၁ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“နှစ်တွေ ဒီလောက်​ကြာပြီးနောက် ယေဟောဝါ​အမှုတော်ကို အခုထိ တည်တည်​ကြည်​ကြည် ထမ်းဆောင်​နေကြ​သူတွေရဲ့ တွေ့ကြုံမှု​တွေ​ကို နားထောင်တဲ့​အခါ ကိုယ်တော့်​အပေါ် ဆက်​ပြီး​တည်ကြည်​ဖို့ ကျွန်မ​ရဲ့​စိတ်​ဆုံးဖြတ်ချက်​ကို အားသစ်လောင်း​ပေး​တယ်။”—ဂျို​အဲ​န်း၊ ၁၉၅၄ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“ကိုယ့်​ကိုယ်ကို သိပ်​အထင်မကြီး​ဖို့ အရေးကြီးတယ်။ ကျွန်မ​တို့​မှာ​ရှိတာ​တွေ​က ဘုရားသခင်​ရဲ့​မခံစားထိုက်​တဲ့​ကြင်နာ​မှု​ကြောင့်​ပဲ။ ဒီလို​အမြင်မျိုး ရှိ​ထား​တာ​က အဆုံးတိုင်အောင် ခံနိုင်ရည်​ရှိဖို့လို​အပ်​တဲ့ ဝိညာဉ်​အာဟာရ​အတွက် မှန်ကန်​တဲ့​လမ်းညွှန်မှုကို အမြဲ​မျှော်ကိုး​စေပါ​တယ်။”—အာလီးန်၊ ၁၉၅၄ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

သက်ကြီးရွယ်အို​များသည် အဖိုးတန်​ဘုရားသခင့်​နိုင်ငံတော်​အသီးများ သီးပွင့်​ကြ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

သက်ကြီးရွယ်အို​များ​၏ ဝိညာဉ်​ခွန်အား​သည် အဖိုးတန်