မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ဘုရားသခင့် စိတ်တော်ကို ရွှင်လန်းစေနိုင်

သင်သည် ဘုရားသခင့် စိတ်တော်ကို ရွှင်လန်းစေနိုင်

သင်သည် ဘုရားသခင့် စိတ်တော်​ကို ရွှင်လန်း​စေနိုင်

ဘုရားသခင်​၏ စိတ်နှလုံး​ကို ကျွန်ုပ်​တို့​အမှန်တကယ်​ပင် ရွှင်လန်း​စေနိုင် သို့​မဟုတ် ထိခိုက်​စေနိုင်​ပါသလော။ ဘုရားသခင်​၌ ပျော်ရွှင်​နိုင်စွမ်း​ရှိသလော။ အချို့​က ဘုရားသခင်​ဟူသည် စွမ်းအား​တစ်ခုမျှသာ​ဖြစ်သည်ဟု ယူမှတ်​ကြ​၏။ ထိုသို့​ဆိုလျှင် ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်သော စွမ်းအား​တစ်ခု​သည် ရွှင်လန်း​အားရ​နိုင်​မည်​လော။ ဖြစ်​နိုင်​မည်​မဟုတ်ပါ။ သို့​ဖြစ်၍ ဘုရားသခင်​အကြောင်း သမ္မာကျမ်းစာ မည်သို့​ဖော်ပြ​သည်ကို သုံးသပ်ကြည့်​ပါ။

“ဘုရားသခင်​သည် ... ဝိညာဉ်​ဖြစ်​တော်​မူ​၏” ဟု​ယေရှု​ခရစ်​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၄:၂၄) ဝိညာဉ်​သတ္တဝါ​တစ်ပါး​၏ အသက်တာသည် လူသား​အသက်တာ​နှင့် လုံးဝ​မတူ​ပါ။ ၎င်းကို လူ့​မျက်စိဖြင့် မမြင်နိုင်​သော်လည်း ဝိညာဉ်​သတ္တဝါ​တစ်ပါး​တွင် ကိုယ်ခန္ဓာ​ရှိပါ​သည်၊ ယင်းက ‘ဝိညာဉ်​ကိုယ်ခန္ဓာ​ဖြစ်၏။’ (၁ ကောရိန္သု ၁၅:၄၄; ယောဟန် ၁:၁၈) ဥပစာစကား​အသုံးပြု​ကာ သမ္မာကျမ်းစာ​က ဘုရားသခင်​၌ မျက်စိ၊ နား၊ လက် စ​သည်​တို့​ရှိသည်​ဟူ၍ပင် ဖော်ပြ​ထား​၏။ * ဘုရားသခင်​၌ ယေဟောဝါ​ဟူသော နာမည်​လည်း ရှိ​တော်​မူ​၏။ (ဆာလံ ၈၃:၁၈က​ဘ) သို့​ဖြစ်သော​ကြောင့် သမ္မာ​ကျမ်းစာ​ပါ​ဘုရားသခင်​သည် ဝိညာဉ်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​တော်​မူ​သည်။ (ဟေဗြဲ ၉:၂၄) ကိုယ်တော်​သည် “အသက်ရှင်​သော​ဘုရား[သခင်]၊ ... ထာဝရ​ဘုရင်​ဖြစ်​တော်​မူ​၏။”—ယေရမိ ၁၀:၁၀

ယေဟောဝါ​သည် အမှန်တကယ်​ပင်​အသက်ရှင်​သော ပုဂ္ဂိုလ်​တစ်ပါး ဖြစ်သော​ကြောင့် ကိုယ်တော့်​တွင် စဉ်းစား​တွေးခေါ်​နိုင်စွမ်း၊ ပြုမူ​လုပ်ဆောင်​နိုင်စွမ်း​ရှိ​တော်​မူ​၏။ ကိုယ်တော်​သည် အရည်အချင်း​အမျိုးမျိုး၊ ခံစားမှု​အမျိုးမျိုး​ရှိပြီး ကြိုက်​နှစ်သက်ရာ​များနှင့် မကြိုက်​သည့်​အရာများ​ရှိကြောင်း ဖော်ပြ​တော်​မူ​၏။ ကိုယ်တော်​နှစ်သက်ရာ​များနှင့် မနှစ်သက်​ရာ​များ​ကို သမ္မာကျမ်းစာ​တွင် မြောက်မြားစွာ ဖော်ပြ​ထား​သည်။ အမှန်​မှာ လူ့​လက်​ဖြစ်​ဘုရားသခင်​များနှင့် ရုပ်ပုံများ​သည် ၎င်းတို့ကို​ပြုလုပ်​ဖန်တီးသူ​တို့၏ စရိုက်​လက္ခဏာများ​နှင့် အရည်အချင်းများ​ကို ပုံဖော်​ရုံ​မျှ​ဖြစ်သည်၊ အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင် ယေဟောဝါ​မူ​ကား ကိုယ်တော်တိုင် စတင်​ဖြစ်ပေါ်​စေသော စိတ်​လှုပ်ရှားမှုများ​ကို လူ​တို့​တွင် ထည့်သွင်း​ပေး​တော်​မူ​သော အရှင်ဖြစ်​၏။—ကမ္ဘာဦး ၁:၂၇; ဟေရှာယ ၄၄:၇-၁၁

ယေဟောဝါ​သည် “ပျော်ရွှင်သော​ဘုရားသခင်” အမှန်ပင်​ဖြစ်​တော်​မူ​၏။ (၁ တိမောသေ ၁:၁၁) ကိုယ်တော်​၏​ဖန်ဆင်း​ခြင်း လက်ရာတော်​များ​ကြောင့် ကိုယ်တော်​ရွှင်လန်း​အားရ​သည်​သာမက ရည်ရွယ်တော်မူချက် ပြီးမြောက်​အောင်မြင်မှု​၌ နှစ်ထောင်း​အားရ​တော်​မူ​၏။ ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ ဤသို့​ကြေညာ​သည်– “ငါ့​အလိုရှိ​သမျှ​ကို ငါ​ပြည့်စုံ​စေမည်၊ ... ငါသည် နှုတ်ထွက်​အတိုင်း​ပြု​မည်။ ကြံ​သည်​အတိုင်း​စီရင်​မည်။” (ဟေရှာယ ၄၆:၉-၁၁) ဆာလံဆရာ ဤသို့​သီဆို​ခဲ့​၏– “ထာဝရ​ဘုရား[သခင်]သည် မိမိ​အမှုတော်​တို့​တွင် ဝမ်းမြောက်​တော်​မူ​၏။” (ဆာလံ ၁၀၄:၃၁) သို့သော် ဘုရားသခင်​အား ရွှင်လန်း​အားရ​စေသည့် အခြား​အကြောင်း​တစ်ခု​ရှိသေး​သည်။ ကိုယ်တော် ဤသို့​မိန့်တော်မူ၏– “ငါ့​သား ပညာရှိ​လော့၊ ... ငါ့​စိတ်​ကို ရွှင်လန်း​စေ​လော့။” (သု. ၂၇:၁၁) ထိုစကား​က အဘယ်အရာကို​ဆိုလို​ကြောင်း စဉ်းစား​ကြည့်​ပါ၊ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​စိတ်တော်​ကို ရွှင်လန်း​စေနိုင်​၏!

ဘုရားသခင့်​စိတ်တော် ရွှင်လန်း​ရန် ကျွန်ုပ်​တို့​လုပ်ဆောင်​နိုင်​ပုံ

အိမ်ထောင်ဦးစီး​ဖြစ်သူ​နောဧ​သည် ယေဟောဝါ​၏​စိတ်နှလုံး​ကို မည်သို့​ရွှင်လန်း​စေ​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ နောဧ​သည် “ထာဝရ​ဘုရား[သခင်]စိတ်တော်နှင့် တွေ့သော​သူ​ဖြစ်​သတည်း၊” အကြောင်း​မှာ “[နောဧ​သည်] မိမိ​အမျိုး​၌ စုံလင်သော​သူ​ဖြစ်၏။” ထို​ခေတ်​က လူဆိုးများ​နှင့် လား​လား​မျှ​မတူ၊ နောဧ​၏​ယုံကြည်ခြင်း​နှင့် နာခံမှု​ကြောင့် သူသည် ဘုရားသခင့်​မျက်နှာသာ​ရ​သဖြင့် ‘နောဧ​သည် ဘုရားသခင်​နှင့်အတူ သွားလာ​၏’ ဟု​ဆိုနိုင်​သည်။ (ကမ္ဘာဦး ၆:၆၊ ၈၊ ၉၊ ၂၂) “နောဧ​သည် ... ယုံကြည်ခြင်း​အားဖြင့် ကြောက်ရွံ့​သော​စိတ်​ရှိ၍ မိမိ​အိမ်သူအိမ်သား​တို့ကို​ကယ်တင်ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ​၏။” (ဟေဗြဲ ၁၁:၇) ယေဟောဝါ​သည် နောဧ​ကို နှစ်သက်​သဘောကျ​သဖြင့် လူ့​သမိုင်း​၏ ကသောင်းကနင်း​နိုင်သော ထို​ကာလ​တစ်လျှောက် သူနှင့်​သူ၏​မိသားစုကို ကယ်တင်ခြင်း​ဖြင့် ကောင်းချီး​ပေး​တော်​မူ​ခဲ့​သည်။

ဘိုးဘေး​အာဗြဟံ​သည်လည်း ယေဟောဝါ​၏ စိတ်တော်​ကို အကင်းပါး​စွာ​သိရှိ​ခဲ့​သည်။ ဘုရားသခင်​၏​တွေးခေါ်ပုံ​ကို သူ​ကောင်းစွာ​သိရှိ​ထား​ကြောင်း သောဒုံ​နှင့် ဂေါမောရ​မြို့​၏ အကျင့်​ယိုယွင်း​ဖောက်ပြန်မှု​ကြောင့် ထို​မြို့​တို့ကို​ဖျက်ဆီး​တော့​မည်​ဟု ယေဟောဝါ သူ့​အား​အသိပေးခဲ့​ချိန်​တွင် အထင်အရှား​ပေါ်လွင်​သည်။ ဖြောင့်မတ်​သော​သူကို မတရားသော​သူနှင့် ရော​ဖျက်ဆီး​ရန် ဘုရားသခင်​တွေးတော​လိမ့်​မည်​မဟုတ်​ဟု ပြော​နိုင်​သည်​အထိ ယေဟောဝါ​အား အာဗြဟံ ကောင်းစွာ​သိကျွမ်း​၏။ (ကမ္ဘာဦး ၁၈:၁၇-၃၃) ထို့နောက် နှစ်​အတန်ကြာ​ကုန်လွန်​လေ​သော် အာဗြဟံ​သည် “သေခြင်း​မှ​ထမြောက်​စေခြင်း​ငှာ ဘုရားသခင် တတ်နိုင်​တော်​မူ​သည်ကို ... အောက်မေ့” သဖြင့် ဘုရားသခင့်​ညွှန်ကြားချက်​ကို​နာခံ​ကာ “ဣဇာက်​ကို ပူဇော်” ခဲ့​သည်။ (ဟေဗြဲ ၁၁:၁၇-၁၉; ကမ္ဘာဦး ၂၂:၁-၁၈) အာဗြဟံ​သည် ဘုရားသခင်​၏​စိတ်တော်​ကို ကောင်းစွာ​သိ​ပြီး ခိုင်မာ​သော​ယုံကြည်ခြင်း​နှင့် နာခံမှု အပြည့်​ရှိသောကြောင့် သူ့ကို “‘ဘုရားသခင်​၏​အဆွေ’ ဟူ၍ ခေါ်ဝေါ်” ခဲ့​ကြသည်။—ယာကုပ် ၂:၂၃

ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ရန် ကြိုးစား​ခဲ့​သူ အခြား​တစ်ဦး​မှာ ရှေး​ဣသရေလ​နိုင်ငံ​၏​မင်း ဒါဝိဒ်​ဖြစ်သည်။ သူနှင့်​ပတ်သက်​၍ ယေဟောဝါ ဤသို့​မိန့်တော်မူ​ခဲ့​၏– “စိတ်နှလုံး​၌​ညီညွတ်​သည်​ဖြစ်၍ ငါ့​အလိုကို​ပြည့်စုံ​စေ​မည့်​သူ၊ ယေရှဲ​၏​သား​ဒါဝိဒ်​ကို ငါ​တွေ့ရ​ပြီ။” (တမန်​တော် ၁၃:၂၂) လူ့​ဘီလူးကြီး​ဂေါလျတ်​နှင့် မ​ရင်ဆိုင်​မီ ဒါဝိဒ်​သည် ဘုရားသခင်​အပေါ် လုံးလုံးလျားလျား​ယုံကြည်​ကိုးစားမှု​ဖြင့် ဘုရင်​ရှောလု​ကို ဤသို့​ပြော​ခဲ့​၏– “ခြင်္သေ့​လက်၊ ဝံ​လက်​မှ ကျွန်တော်​ကို ကယ်နုတ်​တော်​မူ​သော ထာဝရ​ဘုရား[သခင်]သည် ထို​ဖိလိတ္တိ​လူ​လက်​မှ ကယ်နုတ်​တော်​မူ​လိမ့်​မည်။” ယေဟောဝါ​အား ဒါဝိဒ်​ယုံကြည်​ကိုးစားခြင်း​ကြောင့် ဂေါလျတ်​ကို သတ်ပစ်​နိုင်​သည့်​ကောင်းချီး ရခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၇:၃၇၊ ၄၅-၅၄) ဒါဝိဒ်​သည် မိမိ၏​လုပ်ဆောင်မှုများ​သာမက ‘ပြော​သော​စကား​များ၊ စိတ်နှလုံး​အကြံအစည်​များ​ကို​ပါ ယေဟောဝါ​ရှေ့တော်၌ နှစ်သက်ဖွယ်​ဖြစ်’ စေ​လို​ခဲ့​သည်။—ဆာလံ ၁၉:၁၄

ကျွန်ုပ်​တို့​ကော မည်သို့​နည်း။ ယေဟောဝါ​နှစ်သက်​တော်​မူ​သော​အမှုကို ကျွန်ုပ်​တို့​မည်သို့​ပြု​နိုင်​မည်​နည်း။ ဘုရားသခင်​၏​စိတ်တော်​ကို ကျွန်ုပ်​တို့​ပို​သိမြင်​လာ​လေ ကိုယ်တော်​အား စိတ်​ရွှင်လန်း​စေရန် ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​ရမည်ကို ပို​သဘောပေါက်​လာ​လေ​ဖြစ်​မည်။ သို့​ဖြစ်၍ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ဖတ်ရှု​သည့်​အခါ ဘုရားသခင်​၏ စိတ်တော်​ကို​သိရှိ​ရန် ကြိုးစား​အားထုတ်​ဖို့ အရေးကြီး​သည်၊ သို့​မှ​သာ ကျွန်ုပ်​တို့သည် ‘ယေဟောဝါ​နှင့် ထိုက်လျောက်စွာ​ကျင့်​၍ အရာရာ၌ နှစ်သက်​တော်​မူ​စေခြင်း​ငှာ ပညာ​အမျိုးမျိုး၊ ဝိညာဉ်​ရေး​ဉာဏ်ပညာ​အမျိုးမျိုး​အားဖြင့် တိကျ​မှန်ကန်သော​အသိပညာကို အကုန်အစင်​နားလည်​လာ​မည်’ ဖြစ်သည်။ (ကောလောသဲ ၁:၉၊ ၁၀) အသိပညာက တစ်ဖန် ယုံကြည်ခြင်းကို တိုးပွား​စေ​သည်။ ယင်းသည် အရေးကြီး​၏၊ အကြောင်း​မူ​ကား “ယုံကြည်ခြင်း​မ​ရှိလျှင် ဘုရားသခင်​၏​စိတ်တော်နှင့် မ​တွေ့​နိုင်” ပါ။ (ဟေဗြဲ ၁၁:၆) မှန်ပါသည်၊ ခိုင်ခံ့​သော​ယုံကြည်ခြင်း​ရှိ​ရန် ကြိုးစား​အားထုတ်ခြင်း၊ ကျွန်ုပ်​တို့၏ အသက်တာကို ယေဟောဝါ​၏​အလိုတော်နှင့် ကိုက်ညီ​စေခြင်း​အားဖြင့် ကိုယ်တော်​၏​စိတ်တော်​ကို ရွှင်လန်း​စေနိုင်​သည်။ တစ်ချိန်တည်း​တွင် ယေဟောဝါ​၏​စိတ်တော် မ​နာ​စေရန် ကျွန်ုပ်​တို့​ဂရုစိုက်​ကြ​ရမည်။

ဘုရားသခင်​အား စိတ်​မ​နာ​စေ​နှင့်

ယေဟောဝါ​၏​စိတ်တော် နာ​ခြင်း​နှင့်​ပတ်သက်​သည့် ပုံ​ဥပမာတစ်ခု​ကို နောဧ​ခေတ်​မှတ်တမ်း​တွင် တွေ့ရှိ​ရသည်။ ထို​အချိန်​က “မြေကြီး​သည် [မကောင်းမှု]နှင့် ပြည့်စုံ​လေ​၏။ ဘုရားသခင်​သည် မြေကြီးကို​ကြည့်ရှု​သောအခါ ပုပ်စပ်​လျက်​ရှိသည်​ကို မြင်တော်မူ​၏။ အကြောင်း​မူ​ကား မြေကြီး​ပေါ်မှာ လူအပေါင်း​တို့သည် ဖောက်ပြန်​ခြင်း​သို့​ရောက်​ကြပြီ။” ဖောက်ပြန်​ပြီး မကောင်းမှု​နှင့်​ပြည့်နေ​သည်ကို ဘုရားသခင် တွေ့မြင်​သောအခါ မည်သို့​ခံစား​ခဲ့​ရသနည်း။ “မြေကြီး​ပေါ်မှာ လူကို​ဖန်ဆင်း​တော်​မူ​သည်ကို နောင်တ​ရ​၍ နှလုံးတော်​ပူပန် [“နာကျင်၊” က​ဘ] လျက်​ရှိ​တော်​မူ​၏” ဟု​သမ္မာကျမ်းစာ​က​ဖော်ပြ​၏။ (ကမ္ဘာဦး ၆:၅၊ ၆၊ ၁၁၊ ၁၂) လူတို့၏​အကျင့်အကြံ​သည် အလွန်​ဆိုးညစ်သော​ကြောင့် ဘုရားသခင်​နောင်တ​ရ၊ ဝမ်းနည်း​တော်​မူ​ခဲ့​သည်၊ ရေလွှမ်းမိုး​ဘေး​မတိုင်မီ ဆိုးသွမ်း​သော​လူများ​နှင့်​ပတ်သက်​၍ ကိုယ်တော်​၏​သဘောထား ပြောင်းလဲ​သွား​သည်​အထိ ဖြစ်​ခဲ့​သည်။ ဆိုးသွမ်းမှု​ကို ဘုရားသခင် မနှစ်သက်​သောကြောင့် လူသား​တို့၏​ဖန်ဆင်း​ရှင်​အဖြစ်​မှ သူတို့ကို​ဖျက်ဆီး​သူ​အဖြစ်သို့ ကိုယ်တော်​၏​သဘောထား ပြောင်းလဲ​ခဲ့​သည်။

ယေဟောဝါ​၏​လူမျိုး​ဖြစ်သော ရှေး​ဣသရေလ​လူမျိုး​သည် ကိုယ်တော်​၏​စိတ်တော်​ကို မထောက်ထား၊ မေတ္တာပါ​ညွှန်ကြားချက်​များ​ကို ထပ်ခါတလဲ လျစ်လျူရှု​ကြ​သည့်​အတွက်​လည်း ကိုယ်တော်​စိတ်နာ​ခဲ့​သည်။ ဆာလံဆရာ ဤသို့​မြည်တမ်း​ခဲ့​၏– “သူတို့သည် ကိုယ်တော်​ကို တော​၌​ပုန်ကန်​၍ လူဆိတ်ညံ​ရာ​အရပ်၌ စိတ်တော်​နာ​ဖွယ်​သော​အကြောင်းကို ကြိမ်ဖန်​များစွာ ပြု​ကြ​ပါ​သည်​တကား! ဘုရားသခင်​ကို အဖ​န်​ဖန်​စုံစမ်း​၍ ဣသရေလ​အမျိုး​၌ သန့်ရှင်း​တော်​မူ​သော​ဘုရား[သခင်]ကို ဆန့်ကျင်ဘက်​ပြု​ကြ​ပါ​သည်။” သို့​တိုင် “ကိုယ်တော်​မူ​ကား [ကြင်နာ]စိတ်​ရှိ၍ သူတို့ကို​မဖျက်ဆီး​ဘဲ အပြစ်လွှတ်​တော်​မူ​၏။ ကြိမ်ဖန်​များစွာ​စိတ်တော်ပြေ​၍ အမျက်တော်ကို နှိုးဆော်​တော်​မ​မူ။” (ဆာလံ ၇၈:၃၈-၄၁) ပုန်ကန်​သော ဣသရေလ​လူမျိုး​သည် သူတို့​ခံထိုက်​သည့် အပြစ်​၏​အကျိုးဆက်ကို ခံစား​နေရ​ချိန်​တွင်​ပင် “သူတို့​ခံရ​သမျှ [ဆင်းရဲခြင်း] ကို [ဘုရားသခင်] ကိုယ်တော်တိုင်​ခံ​ရာ ရောက်တော်မူ​၍” ဟု​သမ္မာကျမ်းစာ​ဆို​၏။—ဟေရှာယ ၆၃:၉သ​မ။

ဘုရားသခင်​သည် သူတို့ကို သနား​ကြင်နာ​ကြောင်း အထောက်အထား​များစွာ​တွေ့ရှိ​ကြ​ရ​သော်လည်း ဣသရေလ​လူမျိုး​သည် “ဘုရားသခင်​၏​တမန်​တို့ကို​သရော်​၍ စကားတော်​ကို​မထီမဲ့မြင်​ပြုလျက် ပရောဖက်​တို့ကို ပြောင်လှောင်​သောကြောင့် ထာဝရ​ဘုရား[သခင်]၏​အမျက်တော် မငြိမ်း​နိုင်အောင် မိမိ​လူမျိုးအပေါ်​သို့​ရောက်” ခဲ့​သည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၆သမ္မာ) လည်ပင်း​ခိုင်မာ​စွာ သူတို့​ပုန်ကန်​လျက်​နေကြ​သောကြောင့် နောက်ဆုံး​တွင် “သန့်ရှင်းသော​ဝိညာဉ်​တော်​ကို [စိတ်]နာ​စေ” သဖြင့် ယေဟောဝါ​၏​မျက်နှာသာတော် ဆုံးရှုံး​ခဲ့​ရလေ​သည်။ (ဟေရှာယ ၆၃:၁၀) ရလဒ်​ကား အဘယ်နည်း။ သူတို့ကို ဘုရားသခင်​ကာကွယ်​မပေး​တော့​သဖြင့် ဗာဗုလုန်​လူမျိုးများ​က ယုဒ​နိုင်ငံ​ကို​သိမ်းပိုက်​အနိုင်​ယူပြီး ယေရုရှလင်​မြို့ကို ဝင်ရောက်​ဖျက်ဆီး​ချိန်​တွင် သူတို့​အပေါ် ဘေးဆိုး​ဆိုက်​ခဲ့​လေ​သည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁) လူတို့သည် ရွံရှာဖွယ် အပြစ်ရှိ​သော​ဘဝ​လမ်းစဉ်​ကို ရွေးချယ်​လုပ်ဆောင်ခြင်းဖြင့် ဖန်ဆင်း​ရှင်​၏​စိတ်တော်​ကို ထိခိုက်​စေ​ကြ​ခြင်း​သည် ဝမ်းနည်းစရာပင်!

ဘုရားသခင်​သည် မဖြောင့်မတ်​သော​အမူအကျင့်​ကြောင့် စိတ်​အလွန်​နာ​တတ်​ကြောင်း သမ္မာကျမ်းစာ​က ရှင်းလင်း​ပြတ်သား​စွာ​ဖော်ပြ​သည်။ (ဆာလံ ၇၈:၄၁) ဘုရားသခင်​စက်ဆုပ်​ရွံရှာ​သည့်​အရာများ​တွင် မာနကြီး​ခြင်း၊ လိမ်လည်​ခြင်း၊ လူ့​အသက်​သတ်​ခြင်း၊ မှော်အတတ်​လိုက်စားခြင်း၊ ဗေဒင်​ဟောခြင်း၊ ဘိုးဘေး​ကိုးကွယ်​ခြင်း၊ အကျင့်​ယိုယွင်းခြင်း၊ လိင်​တူ​ဆက်ဆံခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​ခြင်း၊ သွေး​နီး​လွန်း​သူ​ချင်း အိမ်ထောင်ပြုခြင်း၊ ဆင်းရဲသား​များ​ကို ဖိနှိပ်ခြင်း​တို့ ပါဝင်​သည်။—ဝတ်ပြုရာ ၁၈:၉-၂၉; ၁၉:၂၉; တရားဟောရာ ၁၈:၉-၁၂; သု. ၆:၁၆-၁၉; ယေရမိ ၇:၅-၇; မာလခိ ၂:၁၄-၁၆

ရုပ်ပုံ​ကိုးကွယ်​ခြင်း​ကို ယေဟောဝါ မည်သို့​ယူမှတ်​သနည်း။ ထွက်မြောက်ရာ ၂၀:၄၊ ၅ က​ဤသို့​ဆို​သည်– “အထက်​မိုးကောင်းကင်​၌​လည်းကောင်း၊ အောက်​အရပ်​မြေကြီးပေါ်​၌​လည်းကောင်း၊ မြေကြီး​အောက်​ရေ​ထဲ​၌​လည်းကောင်း ရှိသော​အရာ​နှင့် ပုံသဏ္ဌာန်​တူ ... ကို ကိုယ်​အဖို့​မ​လုပ်​နှင့်။ ဦး​မချ ဝတ်မပြု​နှင့်။” အဘယ်ကြောင့်​နည်း။ ယင်း​တို့ကို “ထာဝရ​ဘုရား[သခင်]သည် စက်ဆုပ်​ရွံရှာ​တော်​မူ” သောကြောင့်​ဖြစ်သည်။ (တရားဟောရာ ၇:၂၅၊ ၂၆) တမန်​တော်​ယောဟန်​က “ချစ်​သားတို့ ရုပ်[ပုံ]ကို ကြ​ဉ်​ရှောင်​ကြလော့” ဟု​သတိပေး​ခဲ့​သည်။ (၁ ယောဟန် ၅:၂၁) ထို့​ပြင် ပေါလု​က “ငါ့​ချစ်သူ​တို့၊ ရုပ်[ပုံ]ကိုးကွယ်​ခြင်း​အမှုကို ကြ​ဉ်​ရှောင်​ကြလော့” ဟု​ရေးသားခဲ့​သည်။—၁ ကောရိန္သု ၁၀:၁၄

ဘုရားသခင့် မျက်နှာသာ​ရ​ရန် ကြိုးစား​ပါ

“ဖြောင့်မတ်​သော​သူတို့မူကား [ဘုရားသခင်]နှင့် မိတ်သဟာယ​ဖွဲ့​ရသော​အခွင့်​ရှိကြ​၏။” “ဖြောင့်သော​လမ်း​သို့​လိုက်​သော​သူတို့ကို [ကိုယ်တော်] နှစ်သက်​တော်​မူ​၏။” (သု. ၃:၃၂; ၁၁:၂၀) ဘုရားသခင်​၏​ဖြောင့်မတ်​သော စိတ်တော်​ကို ခေါင်းမာ​မာ​နှင့် လျစ်လျူရှု​နေ​မည်၊ ဆက်​တော်လှန်​နေ​မည်​ဆိုလျှင်​ကား ကိုယ်တော်​၏​အမျက်​ကို မကြာမီ​ခံစား​ကြ​ရ​လိမ့်​မည်။ (၂ သက်သာလောနိတ် ၁:၆-၁၀) ကိုယ်တော်​သည် ယနေ့ နေရာအနှံ့​တွေ့​နေရ​သော ဆိုးသွမ်းမှု​အားလုံး​ကို မကြာမီ အဆုံးတိုင်​စေ​တော့​မည်။—ဆာလံ ၃၇:၉-၁၁; ဇေဖနိ ၂:၂၊ ၃

သို့သော် ယေဟောဝါ​သည် “အဘယ်သူမျှ​မပျက်စီး​ဘဲ ရှိသမျှ​တို့သည် နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ” ကြောင်း သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​ထား​၏။ (၂ ပေတရု ၃:၉) ပြုပြင်​ပြောင်းလဲ​၍​မရသူ​ဖြစ်​လို​သူတို့ကို မနှစ်သက်​ကြောင်း ကိုယ်တော်​ဖော်ပြ​ရသည်​ထက် ကိုယ်တော်​အား​ချစ်​မြတ်နိုးသော ဖြောင့်မတ်​သူများကို နှစ်သက်​မြတ်နိုး​ကြောင်း​ဖော်ပြ​ရန် ပို​၍​နှစ်သက်​တော်​မူ​၏။ ယေဟောဝါ​သည် ‘ဆိုးသော​သူ အသေခံ​ခြင်း​အမှုကို နှစ်သက်​သည်မဟုတ်။ ဆိုးသော​သူသည် မိမိ​ဆိုးသော​လမ်း​မှ​လွှဲ​၍ အသက်ရှင်ခြင်း​အမှုကို​သာ နှစ်သက်​၏။’—ယေဇကျေလ ၃၃:၁၁

ထို့​ကြောင့် မည်သူမျှ ယေဟောဝါ​၏​အမျက်တော်ကို​ခံရ​သူ ဖြစ်စရာ​မလိုပါ။ ‘ယေဟောဝါ​သည် အလွန်​သနားစုံမက်​တော်​မူ​၏။’ (ယာကုပ် ၅:၁၁) ဘုရားသခင်​သည် “သင်တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သောကြောင့်” ကိုယ်တော်​အား အပြည့်အဝ​ယုံကြည်​စိတ်ချ​စွာ​ဖြင့် သင်တို့၏ “စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော်၌​အပ်နှံ” နိုင်​ပါ​သည်။ (၁ပေတရု ၅:၇) ဘုရားသခင်​အား စိတ်နှလုံး​ရွှင်လန်း​စေ​သူများ​သည် ကိုယ်တော်​၏​မျက်နှာသာ​ရ ကိုယ်တော့်​မိတ်ဆွေများ​ဖြစ်ခွင့်​ရှိကြောင်း ယုံကြည်​စိတ်ချ​ပါ။ သို့​ဖြစ်၍ “သခင်​ဘုရား​နှစ်သက်​တော်​မူ​သော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​ကြ” ရန် ယခင်​က​ထက် ယခု ပို​၍​အရေးတကြီး​လိုအပ်​နေသည်။—ဧဖက် ၅:၁၀

မခံစားထိုက်သော​ကြင်နာ​မှု​အားဖြင့် ဘုရားသခင်​သည် ကိုယ်တော်​၏ မွန်မြတ်​သည့်​အရည်အသွေးများနှင့် စိတ်တော်​ကို ဖော်ပြ​ခဲ့​ခြင်း​သည် အလွန်​ကောင်း​လိုက်​လေ​ခြင်း! အသင်​သည်လည်း ကိုယ်တော်​၏​စိတ်နှလုံး​ကို ရွှင်လန်း​စေနိုင်​၏။ ထို့​ကြောင့် ဘုရားသခင့်​စိတ်တော်​ကို သင်​ရွှင်လန်း​စေ​လို​ပါ​က သင့်​ဒေသ​ရှိ ယေဟောဝါသက်သေ​များနှင့် ဆက်သွယ်​ပါ​ဟု ကျွန်ုပ်​တို့​တိုက်တွန်း​လို​သည်။ ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ရန် သူတို့​ကြိုးစား​အားထုတ်​ခဲ့​ရာ​တွင် လက်တွေ့ကျ​ပြီး လုပ်ဆောင်​နိုင်​သည်​ကား အဘယ်အရာ​များ​ဖြစ်​ကြောင်း သူတို့​ဝမ်းသာ​အားရ ဖော်ပြ​လို​ကြ​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 “သမ္မာကျမ်းစာ​က ဘုရားသခင်​ကို လူ့​အသွင်​ဖြင့် အဘယ်ကြောင့်​ဖော်ပြ​သနည်း” ခေါင်းစဉ်​ရှိ လေးထောင့်ကွက်​ကို​ရှု။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

သမ္မာကျမ်းစာ​က ဘုရားသခင်​ကို လူ့​အသွင်​ဖြင့် အဘယ်ကြောင့်​ဖော်ပြ​သနည်း

‘ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်​မူ’ သောကြောင့် ကိုယ်တော်​အား ပကတိ​မျက်စိဖြင့် မမြင်နိုင်​ပါ။ (ယောဟန် ၄:၂၄) ထို့​ကြောင့် ဘုရားသခင်​၏ တန်ခိုး​ကြီးမားမှု၊ ဂုဏ်​ကျက်သရေ​ကြီးမြင့်မှု​နှင့် စီရင်တော်မူချက်​များ​ကို ကျွန်ုပ်​တို့ သဘောပေါက်​နားလည်စေ​ရန် သမ္မာကျမ်းစာ​က ဘုရားသခင်​ကို ဥပမာ​အလင်္ကာ၊ ရူပ​က​အလင်္ကာ​နှင့် လူ့​အသွင်​ကဲ့သို့​သော ဥပစာ​အသုံးအနှုန်း​တို့​ဖြင့် ဖော်ပြ​ထား​သည်။ ဘုရားသခင်​၏ ဝိညာဉ်​ခန္ဓာ​သည် မည်သို့​မည်​ပုံ​ရှိသည်​ကို ကျွန်ုပ်​တို့​မသိ​ရ​သော်လည်း သမ္မာကျမ်းစာ​က ဘုရားသခင်​တွင် မျက်စိ၊ နားရွက်၊ လက်၊ လက်ရုံး၊ လက်ချောင်း၊ ခြေထောက်​နှင့် နှလုံး​တို့​ရှိသည့်​ပုံစံ​မျိုး​ဖြင့် ဖော်ပြ​ထားခြင်း​ဖြစ်သည်။—ကမ္ဘာဦး ၈:၂၁; ထွက်မြောက်ရာ ၃:၂၀; ၃၁:၁၈; ယောဘ ၄၀:၉; ဆာလံ ၁၈:၉; ၃၄:၁၅

ထိုသို့​ရုပ်လုံးဖော်​ရေးသား​ထားခြင်း​ကြောင့် ဘုရားသခင်​၏ ဝိညာဉ်​ခန္ဓာ​တွင် လူ့​ကိုယ်​အင်္ဂါများ​ရှိသည်​ဟု မဆိုလို​ပါ။ ဘုရားသခင်​ကို လူ​အသွင်​ဖြင့်​ဖော်ပြခြင်း​ကြောင့် စာသား​အတိုင်း ယူမှတ်​ရမည်​မဟုတ်ပါ။ ယင်း​သို့​ဖော်ပြခြင်း​က ဘုရားသခင်​အား လူ​တို့ ပို​နားလည်စေ​ရန်​သာ​ဖြစ်သည်။ ထို​ကဲ့သို့​သော ဥပစာ​အသုံးအနှုန်း​များ​မ​သုံးပါ​က ဘုရားသခင်​ကို လူသား​တို့ နားလည်​သဘောပေါက်​ရန် ခဲယဉ်း​လိမ့်​မည်၊ လုံးလုံး​ပင်​နားမလည်​နိုင်​ဘဲ ဖြစ်​ပေ​လိမ့်​မည်။ ထိုသို့​ဆို​သောကြောင့် ယေဟောဝါ​ဘုရားသခင်​၏ ကိုယ်​ရည်​ကိုယ်​သွေး​ကို လူ​တို့​ကြံဖန်​ဖော်ပြ​ထား​သည်​ဟု မဆိုလို​ပါ။ လူသည် ဘုရားသခင်​၏ ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံရ​သည်​ဟု သမ္မာကျမ်းစာ​က ရှင်းရှင်းလင်းလင်း​ဖော်ပြ​ထား​သည်၊ လူ့​ပုံသဏ္ဌာန်​နှင့်​အညီ ဘုရားသခင် ဖြစ်လာ​ခြင်း​မဟုတ်ပါ။ (ကမ္ဘာဦး ၁:၂၇) ကျမ်း​ရေးသူ​များ​ကို “ဘုရားသခင်​မှုတ်သွင်း​တော်​မူ” သောကြောင့် ဘုရားသခင်​၏​ကိုယ်​ရည်​ကိုယ်​သွေး​ကို သူတို့​ရေးသား​ဖော်ပြ​ရာ​တွင် အမှန်​မှာ ဘုရားသခင်​ကိုယ်တော်တိုင် ဖော်ပြ​သော​အရည်အချင်းများ​ကို ပြန်​ဖော်ပြ​ကြ​ခြင်း​သာ​ဖြစ်သည်၊ ကိုယ်တော်​သည် ထို​အရည်အသွေးများ​ကို အတိုင်းအတာ​တစ်ခု​အထိ လူ​တို့​တွင် ထည့်သွင်း​ပေး​ထား​သည်။ (၂တိ​မော​သေ ၃:၁၆၊ ၁၇) ထို့​ကြောင့် ဘုရားသခင်​၌ လူ​၏​အရည်အသွေးများ ရှိနေခြင်း​မဟုတ်ဘဲ အမှန်​မှာ ဘုရားသခင်​၏​အရည်အသွေးများ​ကို လူ​တို့​ရရှိ​ထားခြင်း​ဖြစ်သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

နောဧ​သည် ဘုရားသခင့်​ရှေ့ မျက်နှာသာ​ရခဲ့

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အာဗြဟံ​၏​စိတ်ထား​သည် ဘုရားသခင်​၏​စိတ်တော်နှင့် တူညီ​ခဲ့

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် ယေဟောဝါ​အပေါ် အပြည့်အဝ​ယုံကြည်​ကိုးစား​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင်သည် သမ္မာကျမ်းစာ​ကို​ဖတ်ရှု​သည်​နှင့်​အမျှ ဘုရားသခင့်​စိတ်တော်​ကို ရွှင်လန်း​စေ​တတ်လာ​မည်

[Picture Credit Line on page 4]

Courtesy of Anglo-Australian Observatory, photograph by David Malin